← Chapters

အခန်း (၅၈၁-၅၈၂)

Vol. 59 Ch. 581-582

အခန်း (၅၈၁-၅၈၂)

Vol. 59 Ch. 581-582

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၁ + ၅၈၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လီတောက်ယွဲ့၏ မျက်နှာလေးသည် အနည်းငယ် ဖြူဖျော့နေသော်လည်း ဤအရာကပင် သူမ၏ လှပသော မျက်နှာလေးကို ပို၍ သနားကရုဏာ သက်ဖွယ် ဖြစ်စေလေသည်။

သူမသည် တုပိုင်အား ကြည့်လိုက်ပြီး ပြုံးပြလိုက်၏။

တုပိုင်ကလည်း သူမကို ပြန်လည် ပြုံးပြလိုက်သည်။

တုပိုင်သည် ယန်လုံနန်းတော် ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ခါးကိုကိုင်းညွှတ်ကာ အရိုအသေပြုလိုက်လေသည်။

"နှုတ်ဆက်ပါတယ် နယ်စားမင်းလီ"

တာ့နင်အင်ပါယာ၏ အမြင်အရ လီရူဟိုင် တည်ထောင်ထားသော တာ့ယန်တိုင်းပြည်ဆိုသည်မှာ တရားမဝင်သော အစိုးရတစ်ရပ်သာ ဖြစ်ပြီး ၊ တာ့နင်အင်ပါယာ၏ အမတ်တစ်ဦးဖြစ်သော တုပိုင်အနေဖြင့် လီရူဟိုင်အား ဘုရင်တစ်ပါးအဖြစ် အသိအမှတ်ပြုမည် မဟုတ်ပေ။

လီရူဟိုင်၏ တိုက်ခိုက်လိုစိတ်များ အနည်းငယ် လျော့ကျသွားပြီး မေးလိုက်သည်။ "ဘာလဲ... တန်းပြီး မတိုက်ခိုက်ဘဲ အရင် စကားပြောကြမလို့လား"

တုပိုင်က ပြောလိုက်သည်။ "ဟုတ်တယ်... ငါ စကားပြောချင်တယ်"

တာ့ယန်ဘုရင် လီရူဟိုင်က ပြန်ပြောလိုက်သည်။ "ဒါဆိုလည်း ပြောကြတာပေါ့"

တုပိုင်က မေးလိုက်၏။ "နယ်စားမင်းလီ... ခင်ဗျား ဘာလို့ ဒီရွေးချယ်မှုကို လုပ်ခဲ့တာလဲ"

လီရူဟိုင်က ပြန်ဖြေသည်။ "တုပိုင်... ငါ့မှာ ရွေးချယ်စရာ ရှိသေးလို့လား"

မှန်ပေသည်။ လီရူဟိုင်တွင် ရွေးချယ်စရာ လုံးဝ မရှိတော့သလောက်ပင်။ တာ့ယန်တိုင်းပြည်သည် အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သော်လည်း ယင်း၏ ပျက်စီးခြင်းကလည်း ရုတ်တရက် ဆန်လွန်းလှသည်။

ပုန်ကန်မှု စတင်ပြီးနောက် သူသည် ကွမ်ရှီးပြည်နယ်၏ တစ်ဝက် ၊ ယူနန်ပြည်နယ် တစ်ခုလုံးနှင့် ကွေ့ကျိုးပြည်နယ် တစ်ခုလုံးကို နှစ်ဝက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သည်အင်အား ၄ သိန်း၊ ၅ သိန်းအထိ တိုးချဲ့နိုင်ခဲ့သည်။

သို့သော် ဤကဲ့သို့ လျင်မြန်သော တိုးချဲ့မှုသည် ပုံမှန်မဟုတ်ချေ။ စိချွမ်းပြည်နယ်ကို မသိမ်းပိုက်နိုင်မီအချိန်ထိ တာ့ယန်တိုင်းပြည်သည် မပြည့်စုံသေးဘဲ ၊ ယခင်တိုက်ပွဲများမှ ရလဒ်များကို အပြည့်အဝ အသုံးချနိုင်ခြင်း မရှိသေးပေ။

အမှန်တကယ်တွင် နယ်စားမင်းလီ၏ စစ်သည် ၁ သိန်းနီးပါး ချေမှုန်းခံလိုက်ရချိန်၌ တာ့ယန်တိုင်းပြည်၏ အုတ်မြစ်တစ်ဝက်ခန့် ပျက်စီးသွားခဲ့ပြီးဖြစ်ကာ ဖန်းမိသားစု၏ ထောက်ပံ့မှုဖြင့်သာ တာ့ယန်တိုင်းပြည်၏ အရှိန်အဝါကို အတင်းအကြပ် ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က လီရူဟိုင်၏ စစ်သည် ၃ သိန်း ချေမှုန်းခံလိုက်ရချိန်တွင်တော့ တာ့ယန်တိုင်းပြည်၏ အုတ်မြစ်သည် လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

တုပိုင်အနေဖြင့် တာ့ယန်နန်းတော်ကို သိမ်းပိုက်ပြီး တာ့ယန်တိုင်းပြည်ကို ဖျက်ဆီးပစ်ရန်မှာ အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စတစ်ခုသာ ဖြစ်တော့သည်။

"တုပိုင်... မင်း ကမ္ဘာ့အင်အားကြီး သုံးဦးအကြောင်းကို သိလား" လီရူဟိုင်က မေးလိုက်သည်။

တုပိုင်က ဖြေလိုက်၏။ "အနောက်ကမ္ဘာ ၊ မီးနတ်ဘုရားဘာသာ ကမ္ဘာ နဲ့ အရှေ့ဘက်ကမ္ဘာတို့ မဟုတ်လား"

"ဟုတ်တယ်" လီရူဟိုင်က ပြောလိုက်သည်။ "ဒါတွေက ကမ္ဘာ့အင်အားကြီး သုံးဦးပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းကတော့ အရှေ့ဘက်ကမ္ဘာဆိုတာ တာ့နင်အင်ပါယာ လွှမ်းမိုးထားတဲ့ အရှေ့အာရှ ကမ္ဘာတစ်ခုလုံးပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကစပြီး အနောက်ကမ္ဘာရဲ့ ယဉ်ကျေးမှုတွေ ပြန်လည်နိုးထလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မီးနတ်ဘုရားဘာသာရဲ့ ယဉ်ကျေးမှုတွေကလည်း ပြန်လည်နိုးထလာပြီး အင်အားကြီးလာခဲ့ပေမဲ့ တာ့နင်အင်ပါယာကတော့ ဆက်လက်ပြီး ယိုယွင်းပျက်စီးလာခဲ့တယ်"

ဤအချက်ကို တုပိုင် ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။

မီးနတ်ဘုရားဘာသာ ကမ္ဘာ ကြီးထွားလာခြင်းသည်ပင်လျှင် အိပ်မက်စနစ်၏ ယခင်စနစ်ရှင်ကြောင့် ဖြစ်ပေသည်။

လီရူဟိုင်က ဆက်ပြောသည်။ "တာ့နင်အင်ပါယာ ယိုယွင်းပျက်စီးနေပေမဲ့ ကမ္ဘာ့အင်အားကြီး သုံးဦးကတော့ ရှိနေဆဲပဲ။ ဒါပေမဲ့ အရှေ့ဘက်ကမ္ဘာရဲ့ အရှင်သခင်က တာ့နင်အင်ပါယာ မဟုတ်တော့ဘူး။ အရှေ့ဘက် ပြည်ထောင်စုလို့ ခေါ်တဲ့ ပင်လယ်ရပ်ခြား အင်ပါယာ ဖြစ်သွားပြီ"

"အရှေ့ဘက် ပြည်ထောင်စု ဟုတ်လား" တုပိုင် အံ့အားသင့်သွားရသည်။

ဤနာမည်ကို သူပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး နာမည်ကလည်း အလွန်ဆန်းကြယ်ကာ ရှေးဆန်ခြင်း မရှိလှပေ။

လီရူဟိုင်က ရှင်းပြသည်။ "အရှေ့ဘက် ပြည်ထောင်စု ဆိုတာ မင်းသိထားတဲ့ ဖန်းမိသားစု အင်ပါယာပဲ။ သူတို့က ကွာဗာကျွန်းစု ၊ လူဇွန်းကျွန်းစု ၊ မလ္လာယုကျွန်းစုတွေနဲ့ ဝေးလံခေါင်သီတဲ့ တိုက်ကြီးအချို့ကိုပါ သိမ်းပိုက်ထားပြီးပြီ။ အခုဆိုရင် အရှေ့ဘက်အင်ပါယာ ၊ ယိုးဒယား ၊ လာအို ၊ မြန်မာ ၊ ငုယင်တို့ရဲ့ အန်နမ်နိုင်ငံ စတာတွေက အရှေ့ဘက် ပြည်ထောင်စုထဲကို ဝင်ရောက်ပူးပေါင်းနေကြပြီ။ လူဦးရေအရ တာ့နင်အင်ပါယာလောက် မများပေမဲ့ နယ်မြေအကျယ်အဝန်းကတော့ ကျော်လွန်သွားပြီ"

အခြေအနေက အမှန်တကယ်ပင် ဆိုးရွားလှသည်။ မြန်မာသည်ပင် ပါဝင်သွားပြီလော။ ထိုလျို့ဝှက်ဆန်းကြယ်သည့် မြန်မာနိုင်ငံသည်ပင် ပြည်ထောင်စုထဲသို့ ပူးပေါင်းသွားပြီလော။

ဤဖန်းမိသားစုသည် ပင်လယ်ရပ်ခြား အင်ပါယာတစ်ခု ဖြစ်သည်။ တိတိကျကျ ပြောရလျှင် အရှေ့ဘက် ပြည်ထောင်စု၏ အရှင်သခင်က ဘယ်သူနည်း။

အလွန်ပင် အံ့မခန်း စွမ်းအားကြီးလှပေသည်။ နိုင်ငံအနည်းငယ်မှလွဲ၍ အရှေ့တောင်အာရှ တစ်ခုလုံးနီးပါးကို ပေါင်းစည်းထားပြီး သြစတြေးလျကိုလည်း သိမ်းပိုက်ထားလောက်သည်။ အမေရိကတိုက်ဘက်သို့ ခြေချပြီးပြီလား ဆိုသည်ကိုတော့ မသိရချေ။

လီရူဟိုင်က ဆက်ပြောသည်။ "မင်း သိထားသင့်တာက လီဝမ်ဟွေ့ ကွမ်ရှီးပြည်နယ်က အကျင့်ပျက်အရာရှိတွေကို သတ်ဖြတ်လိုက်ပြီးတဲ့နောက် ငါတို့ လီမိသားစုက ပင်လယ်ထွက်ပေါက် ပိတ်ဆို့ခံလိုက်ရတယ်။ ကုန်သွယ်ခွင့်တွေ ဆုံးရှုံးလိုက်ရပြီး နောက်ဆုံးမှာ တာ့ယန်တိုင်းပြည်ရဲ့ ရေကြောင်းကုန်သွယ်ရေး အာဏာအားလုံးကို ဖန်းမိသားစုဆီ လွှဲပြောင်းပေးလိုက်ရတယ်။ ဖန်းမိသားစုက ပင်လယ်ရပ်ခြား အင်ပါယာတစ်ခုပဲ။ အရှေ့ဘက် ပြည်ထောင်စုရဲ့ ရေတပ်က ဘယ်လောက်တောင် အင်အားကြီးမားလဲဆိုတာ မင်းသိမှာ မဟုတ်ဘူး။ သူတို့က ကမ္ဘာ့ရေကြောင်း အင်အားကြီး သုံးဦးထဲက တစ်ခုပဲ"

တုပိုင်က ပြောလိုက်သည်။ "ငါ နားလည်ပါပြီ။ တာ့ယန်တိုင်းပြည် ဆိုတာ ဖန်းမိသားစုရဲ့ ပင်လယ်ရပ်ခြား အင်ပါယာနဲ့ မီးနတ်ဘုရားဘာသာတို့ ကြားက ညှိနှိုင်းမှုနဲ့ အပေးအယူလုပ်မှုရဲ့ ရလဒ်တစ်ခုပဲ"

လီရူဟိုင် သက်ပြင်းချလိုက်သည်။ "ဟုတ်တယ်။ နယ်စားတုပိုင်က တကယ်ပဲ ဉာဏ်ပညာအမြင်နဲ့ ပြည့်စုံတာပဲ။ မီးနတ်ဘုရားဘာသာက အရမ်းအင်အားကြီးပြီး ရည်မှန်းချက်ကြီးမားတယ်။ သူတို့က အရှေ့ဘက်ကမ္ဘာထဲ ဝင်ရောက်ပြီး ကျူးကျော်ဖို့ အမြဲဆန္ဒရှိနေတယ်။ ဒါပေမဲ့ ဖန်းမိသားစု ဦးဆောင်တဲ့ ပင်လယ်ရပ်ခြား အင်ပါယာက အရှေ့ဘက်ကမ္ဘာ တစ်ခုလုံးကို သူတို့ရဲ့ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားတယ်။ ဒါကြောင့် ငါ့ရဲ့ တာ့ယန်တိုင်းပြည် ပေါ်ပေါက်လာပြီး အင်အားကြီးနှစ်ခုကြားက ကြားခံနယ်မြေ ဖြစ်လာခဲ့တာပေါ့"

တာ့ယန်တိုင်းပြည်သည် အရှေ့ဘက်ကမ္ဘာ၏ နိုင်ငံတစ်ခုဟု ဆိုနိုင်သလို ၊ တရုတ်ဆန်သော မီးနတ်ဘုရားဘာသာ နိုင်ငံတစ်ခုဟုလည်း ဆိုနိုင်ပေသည်။

တုပိုင်က ပြောလိုက်သည်။ "ဒါပေမဲ့ ယေဘုယျ ပြောရရင် ကမ္ဘာ့အင်အားကြီး သုံးဦးဆိုတာ နာမည်အရတော့ အနောက်ကမ္ဘာ ၊ မီးနတ်ဘုရားဘာသာ ကမ္ဘာနဲ့ တာ့နင်အင်ပါယာ ဦးဆောင်တဲ့ အရှေ့ဘက်ကမ္ဘာပဲ ဖြစ်နေတုန်းပဲ။ တာ့နင်အင်ပါယာက ကောင်းကင်ဘုံ တိုင်းပြည်ဖြစ်သလို ရာစုနှစ်ပေါင်းများစွာ အရှေ့ဘက်ကမ္ဘာရဲ့ အချုပ်အခြာအာဏာပိုင် အင်ပါယာ ဖြစ်ခဲ့တယ်။ ဖန်းမိသားစု ဦးဆောင်တဲ့ ပင်လယ်ရပ်ခြား အင်ပါယာ ၊ တိတိကျကျ ပြောရရင် အရှေ့ဘက် ပြည်ထောင်စုက တာ့နင်အင်ပါယာကို မသိမ်းပိုက်နိုင်သရွေ့ အရှေ့ဘက်ကမ္ဘာရဲ့ ခေါင်းဆောင်အစစ်အမှန် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ မီးနတ်ဘုရားဘာသာ ကမ္ဘာနဲ့ အနောက်ကမ္ဘာတို့လို အဆင့်အတန်းမျိုးကိုလည်း အမှန်တကယ် ရရှိလာနိုင်မှာ မဟုတ်ဘူး"

လီရူဟိုင်က ထောက်ခံလိုက်သည်။ "မှန်တယ်"

တုပိုင်က ဆက်ပြောသည်။ "ဒါပေမဲ့ ဒီပင်လယ်ရပ်ခြား အင်ပါယာက ရေကြောင်းကုန်သွယ်ရေးနဲ့ စတင်ခဲ့တာဆိုတော့ ရေတပ်က အားကောင်းပြီး ကုန်းတပ်က အားနည်းတယ်။ ဒါကြောင့် သူတို့မှာ အလွန်စွမ်းအားကြီးတဲ့ ရေတပ်အင်အား ရှိပေမဲ့ စစ်သင်္ဘောတွေက ကုန်းပေါ် တက်မလာနိုင်ဘူး။ သူတို့ရဲ့ ကြည်းတပ်အင်အားက ရေတပ်လောက် အားမကောင်းတဲ့အတွက် အရှေ့ဘက်ကမ္ဘာ တစ်ခုလုံးကို တိုက်ရိုက် ဝင်ရောက်ရှင်းလင်းဖို့ မဖြစ်နိုင်ဘူး"

လီရူဟိုင်က ပြောလိုက်သည်။ "ဟုတ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြည်းတပ်ကလည်း လျင်မြန်စွာ တိုးချဲ့ပြီး ဖွံ့ဖြိုးလာနေတယ်။ အထူးသဖြင့် သူတို့ရဲ့ စစ်တပ်အသစ်က ဟိုးအရင်က မိစ္ဆာသွေးစစ်တပ်ထက် ပိုပြီး သန်မာတယ်။ အဲဒီစစ်တပ်ကို ဖမ်းဆီးခံထားရတဲ့ ကျွန်တွေနဲ့ ဖွဲ့စည်းထားတာ။ အလွန်စွမ်းအားကြီးပြီး နာကျင်မှုကို မသိသလို ကြောက်ရွံ့မှုကိုလည်း မသိကြဘူး။ ဒီဝှက်ဖဲစစ်တပ်သာ ပြီးပြည့်စုံသွားရင် ဖန်းမိသားစု ပင်လယ်ရပ်ခြား အင်ပါယာရဲ့ စစ်တပ်က အရှေ့ဘက်ကမ္ဘာ တစ်ခုလုံးကို ရှင်းလင်းပစ်ဖို့ လုံလောက်သွားလိမ့်မယ်"

တုပိုင်က မေးလိုက်၏။ "ဒါပေမဲ့ အခုကြည့်ရတာ အရှေ့ဘက် ပြည်ထောင်စုရဲ့ အရှင်သခင်က တာ့နင်အင်ပါယာကို ဖျက်ဆီးချင်ပုံ မရဘူး။ အဲဒီအစား တာ့နင်အင်ပါယာ နေရာမှာ အစားဝင်ယူချင်နေပုံရတယ်။ ဘာဖြစ်လို့လဲ"

လီရူဟိုင်က ဖြေသည်။ "တာ့နင်အင်ပါယာရဲ့ အခွံက အရမ်းတန်ဖိုးရှိလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်... ပိုပြီး အရေးကြီးတဲ့ အကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်တယ်"

တုပိုင်က ပြောလိုက်သည်။ "နယ်စားမင်းလီရဲ့ ရင်ထဲက အကြီးမားဆုံး နာကျင်မှုက သူက စစ်တုရင် ကစားသမား ဖြစ်နေပြီး ၊ ခင်ဗျားကတော့ စစ်တုရင်နယ်ရုပ် ဖြစ်နေလို့မလား"

လီရူဟိုင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝန်ခံလိုက်သည်။ "ဟုတ်တယ်။ သူက ကစားသမား ၊ ငါက နယ်ရုပ်ပဲ။ ငါက အချိန်မတိုင်ခင် ပုန်ကန်ခဲ့ပြီး တာ့ယန်တိုင်းပြည်ကို တည်ထောင်ခဲ့တယ်။ ငါ နန်းတက်တဲ့ နေ့ရက်ကိုတောင် ငါကိုယ်တိုင် ဆုံးဖြတ်ခွင့် မရခဲ့ဘူး။ ငါနန်းတက်တုန်းက နိုင်ငံအသီးသီးက သံတမန်တွေ လာရောက်ပြီး သက်သေပြု ဂုဏ်ပြုပေးခဲ့ကြတာကို မင်းသိလား။ တာ့နင်အင်ပါယာရဲ့ ဧကရာဇ်တောင်မှ အရေးကြီးကိစ္စတွေအတွက် သံတမန်အများကြီး လာရောက်တာမျိုး မရှိနိုင်ဘူး။ ဒါပေမဲ့ ဒီနိုင်ငံတွေရဲ့ နောက်ကွယ်က အရှင်သခင်တွေက မီးနတ်ဘုရားဘာသာနဲ့ အရှေ့ဘက် ပြည်ထောင်စုပဲ"

"အရင်တုန်းက ငါ့မှာ အလွန်စွမ်းအားကြီးတဲ့ အင်အားရှိတယ်လို့ ထင်ခဲ့ဖူးတယ်။ စစ်သည် သိန်းချီ ပိုင်ဆိုင်ထားပြီး စစ်တုရင် ကစားသမား ဖြစ်လာနိုင်မယ်လို့ ထင်ခဲ့တယ်။" လီရူဟိုင်က ဆက်ပြောသည်။ "ငါ မီးနတ်ဘုရားဘာသာကို တိုက်ခိုက်ခဲ့သလို ဖန်းမိသားစု ပင်လယ်ရပ်ခြား အင်ပါယာကိုလည်း တိုက်ခိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ငါ အကြီးအကျယ် နာကျင်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ မီးနတ်ဘုရားဘာသာက စေလွှတ်လိုက်တဲ့ အမြင့်ဆုံး သံတမန်က အက်စ်ပဲ ရှိတယ်။ သူ့ရဲ့ ရာထူးကို မင်းသိလား"

တုပိုင်က ဖြေသည်။ "ငါ မသိဘူး"

လီရူဟိုင်က ပြောလိုက်သည်။ "သူက ပါရှန်းအင်ပါယာရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်ပဲ ရှိတယ်။ ပင်လယ်ရပ်ခြား အင်ပါယာက ငါ့ဆီ စေလွှတ်လိုက်တဲ့ အမြင့်ဆုံး သံတမန်က ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်းပဲ။ ငါက ကွမ်တုံနဲ့ ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းကိုတောင် မတွေ့ခဲ့ရဘူး"

ထိုသည်က အမှန်တကယ်ပင် ကြီးမားသော စော်ကားမှုတစ်ခု ဖြစ်သည်။.လီရူဟိုင်က မည်သို့ပင်ဆိုစေကာမူ တာ့ယန်ဘုရင်တစ်ပါး ဖြစ်သည်။ သို့သော် မီးနတ်ဘုရားဘာသာ ဖြစ်စေ ၊ အရှေ့ဘက် ပြည်ထောင်စု ဖြစ်စေ ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး အဆင့်လောက်ကိုသာ စေလွှတ်ခဲ့သည်။ သူတို့၏ မျက်လုံးထဲတွင် လီရူဟိုင်သည် အဆင့်မြင့်အရာရှိလောက်နှင့်သာ တန်သည်ဟု သတ်မှတ်ထားပုံ ရသည်။

ထို့အပြင် လီမိသားစုသည် ဆား ၊ ဖယောင်းပုဆိုး နှင့် လျှို့ဝှက်ရွှေ ကုန်သွယ်မှုအပေါ် လုံးဝ မှီခိုနေရသော်လည်း ဤကုန်သွယ်မှုအားလုံးသည် ဖန်းမိသားစု၏ လက်ထဲတွင် ရှိနေသည်။

လီရူဟိုင်က ပြောလိုက်သည်။ "သိုင်းပညာရှင် လေးယောက်နဲ့ သေရေးရှင်ရေး တိုက်ပွဲမှာ အကယ်၍ ငါနိုင်ခဲ့ရင်... ငါ စိချွမ်းကို သိမ်းပိုက်ပြီးတာနဲ့ စစ်ပွဲကို ရပ်ဆိုင်းလိုက်မယ်။ ပြီးရင် တံခါးပိတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်။ တာ့နင်အင်ပါယာနဲ့ ဆက်ဆံရေးကိုတောင် လျှော့ချမယ်။ မီးနတ်ဘုရားဘာသာနဲ့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ပြီး နယ်ရုပ်ဘဝကနေ ကစားသမားဘဝကို အမြန်ဆုံး ရောက်အောင် ကြိုးစားမယ်။"

"ဒါပေမဲ့ ငါ သေသွားခဲ့ရင်တော့ အရာအားလုံး ရပ်တန့်သွားမှာပေါ့"

လီရူဟိုင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောသည်။ "ငါ သေလို့ရပေမဲ့ ငါ့ရဲ့ လီမိသားစုကတော့ ပျက်စီးလို့ မဖြစ်ဘူး။ ဆက်လက် ရှင်သန်ရမယ်။ ဒါကြောင့် ငါ့မှာ ရွေးချယ်စရာ သုံးလမ်း ရှိတယ်။ ပထမ လီမိသားစုကို မီးနတ်ဘုရားဘာသာဆီ ပို့မယ်။ ဒုတိယ အရှေ့ဘက် ပြည်ထောင်စုဆီ ပို့မယ်။ တတိယ... မင်းဆီမှာ ခိုလှုံခိုင်းမယ်"

တုပိုင်က ပြောလိုက်သည်။ "တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ငါက အရှေ့ဘက် ပြည်ထောင်စုနဲ့ မီးနတ်ဘုရားဘာသာတို့လို အဆင့်အတန်းမျိုး ရောက်နေပြီလား"

လီရူဟိုင်က ပြောလိုက်သည်။ "ငါ ကံတရားကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ လီဝမ်ဝမ်ကလည်း မယုံချင်ခဲ့ဘူး။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ လက်တွေ့တရားတစ်ခုက မင်းဟာ ကံတရားရဲ့ သားတော် ဖြစ်တယ်လို့ ငါ့ကို အမြဲ ပြောနေခဲ့တယ်။ လီဝမ်ဝမ်က အလွန် ရှုပ်ထွေးတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့ဖူးတယ်။ အိပ်မက်ထဲမှာ ရလဒ်ပေါင်းများစွာ ရှိတယ်။ သူ့ရဲ့ အိပ်မက်ထဲမှာ မင်းက ခဏတာ ချေမှုန်းခံရလိမ့်မယ်။ ပြီးရင် မင်းက ကမ္ဘာ့အရှင်သခင် ဖြစ်လာပြီး ဘေးဒုက္ခတွေကို ကယ်တင်လိမ့်မယ်။ ပြီးရင် မင်းက သူ့ကို သတ်လိမ့်မယ်။ ပြီးတော့ သူက မင်းကို လက်ထပ်ပြီး ဇနီးသည် ဖြစ်လာလိမ့်မယ်။ သူ ဒီအိပ်မက်ကို နေ့တိုင်း မက်နေတာ"

မဆန်းတော့ပေ။ လီဝမ်ဝမ် ငရဲမီးတောက် လောင်ကျွမ်းခံရချိန်တုန်းက သူမသည် အသိစိတ်လွတ်ကာ တုပိုင်ကို ယောင်္ကျားလာကယ်ပါဟု အော်ဟစ်ခဲ့ခြင်း ဖြစ်ပေသည်။

လီရူဟိုင်က ဆက်ပြောသည်။ "မင်းရဲ့ နောက်ကွယ်မှာ အလွန် ဆန်းကြယ်ပြီး စွမ်းအားကြီးတဲ့ အင်အားစုတစ်ခု ရှိနေတာ ငါသိတယ်။ လီဝမ်ဝမ်ရဲ့ ဆရာ ၊ မီးနတ်ဘုရားဘာသာရဲ့ ဒုတိယဂိုဏ်းချုပ်ဟောင်း ၊ မီးနတ်ဘုရားဘာသာ ကြီးထွားလာမှုရဲ့ နံပါတ်တစ် သူရဲကောင်းကြီး လိုမျိုးပေါ့။ ဒါပေမဲ့ ငါအမြဲတမ်း တွေးခဲ့တာက သူက မီးနတ်ဘုရားဘာသာ တစ်ခုလုံးကို ကြီးထွားအောင် လုပ်ပေးခဲ့ပြီး အနောက်ကမ္ဘာရဲ့ ကျူးကျော်မှုကို အောင်မြင်စွာ တားဆီးပေးခဲ့ပေမဲ့... နောက်ဆုံးမှာ သူ့ရဲ့ ဇာတ်သိမ်းက မလှပခဲ့ဘူး။ သူက လမ်းလျှောက်နေတဲ့ လူသေကောင် ဖြစ်လာခဲ့ပြီး သူ့ရဲ့ သိုင်းပညာ အတော်များများကိုလည်း ငါ စုပ်ယူခဲ့တယ်။ မင်းက ကံတရားရဲ့ သားတော်ဆိုတာ မပြောင်းလဲဘူးဆိုရင် ဘယ်လိုလုပ်မလဲ"

မှန်ပေသည်။ ထိုသူသည် ယခင်စနစ်ရှင် ဖြစ်ပြီး ၊ တုပိုင်သည်လည်း စနစ်ရှင် ဖြစ်သည်။

သို့သော် အနည်းငယ် ကွာခြားသည်မှာ ယခင်စနစ်ရှင်သည် စနစ်၏ ရုပ်သေးရုပ် တစ်ဝက်သာ ဖြစ်ပြီး နောက်ဆုံးတွင် ချေမှုန်းခံလိုက်ရသည်။ တုပိုင်ကတော့... အိပ်မက်စနစ်၏ သခင်တစ်ဝက် ဖြစ်သည်ဟု ယူဆရပေမည်။

လီရူဟိုင်က ပြောလိုက်သည်။ "ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက ကံတရား ရှိတယ်ဆိုတာကို ငါ့ကို အတင်းအကြပ် ယုံကြည်စေခဲ့တယ်။ ကွမ်ရှီးပြည်နယ် တစ်ခုလုံးနဲ့ တာ့နင်အင်ပါယာ တစ်ခုလုံး ချေမှုန်းခံရတော့မလို ဖြစ်ခဲ့တယ်။ မင်းလို တပ်ရင်းမှူးလေး တစ်ယောက်က အင်ပါယာရဲ့ အမြင့်ဆုံး အရာရှိ ဖြစ်လာခဲ့တယ်။ မင်းက ပုရွက်ဆိတ်လို ကောင်လေးပဲ ၊ ငါ့လက်ချောင်းတစ်ချောင်းနဲ့ ဖိသတ်လိုက်လို့ ရနိုင်တယ်။ ဒါပေမဲ့ ရလဒ်က မင်းက ရူးသွပ်စွာ ကြီးထွားလာခဲ့တယ်။ စစ်သည် ၁ သိန်းကို ချေမှုန်းခဲ့ရုံသာမက ၊ အက်စ်ရဲ့ မီးနတ်ဘုရားဘာသာ စစ်တပ်ကြီး ရောက်လာတာတောင် မင်းကို အမြောက်တွေ လက်ဆောင်ပေးသလို ဖြစ်သွားခဲ့တယ်။ အရေးကြီးဆုံး ကိစ္စကတော့ မင်းက တခြားကမ္ဘာတစ်ခုက မကြုံစဖူး စွမ်းအင်တွေကို အသုံးပြုပြီး ငါ့ရဲ့ စစ်သည် ၃ သိန်းကို ဖျက်ဆီးပစ်လိုက်တာပဲ။ ဒါက ကံတရား ရှိတယ်ဆိုတာကို ငါ မယုံ ယုံအောင် လုပ်လိုက်တာပဲ"

"အရှေ့ဘက် ပြည်ထောင်စုနဲ့ ယှဉ်ရင် မင်းက အလွန် အားနည်းနေနိုင်တယ်။ ဒါပေမဲ့... မင်းကလည်း စစ်တုရင် ကစားသမား တစ်ယောက်ပဲ" လီရူဟိုင် သက်ပြင်းချလိုက်သည်။ "ငါက အမြဲတမ်း ရူးသွပ်ခဲ့တယ်။ အမြဲတမ်း စွန့်စားရဲခဲ့တယ်။ ဒါဆို ဒီတစ်ကြိမ်လည်း ထပ်ပြီး စွန့်စားလိုက်မယ်။ အကယ်၍ ငါ့အလှည့်ဆိုရင် ၊ ကံတရားရဲ့ သားတော်ဖြစ်တဲ့ မင်းအပေါ်မှာ ငါလောင်းကြေးထပ်မယ်။ ငါ လောင်းကြေးရှုံးရင် လီမိသားစု ပျက်စီးသွားမှာပေါ့။ အကယ်၍ ငါနိုင်ရင်တော့ လီမိသားစုက ကိုယ်ပိုင် ဂုဏ်ကျက်သရေကို ရရှိလာလိမ့်မယ်"

လီမိသားစု၏ အစဉ်အလာက ဘာနည်း။ ခိုလှုံမည် ၊ သစ္စာဖောက်မည်။ သူတို့သည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ရွှေကူမင်းဆက်သို့ ဝင်ရောက်ခိုလှုံခဲ့ပြီး နှစ်ပေါင်းတစ်ရာနီးပါး သစ္စာရှိသော ခွေးများ ဖြစ်ခဲ့ကြသည်။

နောက်ပိုင်းတွင် တာ့နင်အင်ပါယာသို့ ဝင်ရောက်ခိုလှုံခဲ့ပြီး နှစ်ပေါင်းရာချီ သစ္စာရှိသော ခွေးများ ဖြစ်ခဲ့ကြပြန်သည်။

သို့သော် သခင် အားနည်းသွားသောအခါ သူတို့ ချက်ချင်း ပြန်ကိုက်ကြ၏။

လီရူဟိုင်က ပြောလိုက်၏။ "စိတ်မပူပါနဲ့။ သခင် အားမနည်းခင်အထိ ငါ့ရဲ့ လီမိသားစုက အရမ်း သစ္စာရှိပါတယ်။ အသုံးပြုလို့ အကောင်းဆုံး သစ္စာရှိသော ခွေးပါပဲ။ ကိုက်ဆိုရင် ကိုက်မယ့် ခွေးမျိုးပါ။ တာ့နင်အင်ပါယာရဲ့ ပထမဧကရာဇ်က ငါတို့ကို အထင်သေးပြီး ငါတို့လူ ၈၀ ရာခိုင်နှုန်းကို သတ်ဖြတ်ခဲ့တယ် ၊ ငါတို့နယ်မြေ ၈၀ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့တယ်။ ဒါတောင် ငါတို့က အလွန် သစ္စာရှိခဲ့ပါသေးတယ်။ စစ်သူကြီးနင်ယွီ ပုန်ကန်တုန်းက ပထမဧကရာဇ်ရဲ့ သစ္စာရှိသော ခွေးအနေနဲ့ ငါ ချက်ချင်း သွားကိုက်ပေးခဲ့တယ်။ ရလဒ်အနေနဲ့ မိသားစု စစ်တပ်အများစု သေဆုံးခဲ့ရတယ်"

"ဒါပေမဲ့ ငါ့လီမိသားစုရဲ့ ခိုလှုံမှုကို ရချင်ရင် မင်းက ကံတရားရဲ့ အရှင်သခင် ဆိုတာကို အနည်းဆုံးတော့ သက်သေပြရမယ်" လီရူဟိုင်က ဆက်ပြောသည်။ "ငါ့သိုင်းပညာက အလွန်မြင့်မားပြီး မင်း တုပိုင်ရဲ့ သိုင်းပညာက အရမ်းအားနည်းတယ်။ အကယ်၍ ငါတို့နှစ်ယောက် သေရေးရှင်ရေး တိုက်ခိုက်လို့ မင်းက ငါ့ကို မသတ်နိုင်ဘဲ ၊ ငါက သေသွားခဲ့ရင်... အဲဒါက မင်းဟာ ကံတရားရဲ့ အရှင်သခင် ဆိုတာကို သက်သေပြလိုက်တာပဲ။ အဲဒီအခါကျရင် လီကျန့်က လီမိသားစုကို ဦးဆောင်ပြီး မင်းရဲ့ သစ္စာရှိသော ခွေးအစစ် ဖြစ်လာလိမ့်မယ်။ အကယ်၍ မင်းက ကံတရားရဲ့ အရှင်သခင် မဟုတ်ဘူးဆိုရင်တော့ ငါ့လမ်းကို လာမပိတ်နဲ့တော့"

ပြောပြီးသည်နှင့် လီရူဟိုင်သည် ရာဇပလ္လင်ပေါ်မှ ထလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

"ကောင်းပြီ... စကားပြောလို့ ပြီးပြီ။ တိုက်ပွဲ စမယ်"

**--**--**--**--**--**--**--**

ဤတိုက်ပွဲသည် တုပိုင် ဒီကမ္ဘာသို့ ရောက်ပြီးနောက် မြင်ဖူးသမျှထဲတွင် အမြင့်ဆုံးသော တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။

"သေရေးရှင်ရေး တိုက်ပွဲပဲ။ ငါနိုင်ရင် မင်း တုပိုင်ရဲ့ အလောင်းကို နင်းပြီး အနောက်တောင်ဒေသကို စိုးမိုးမယ်"

"ငါရှုံးရင် မင်းက ငါ့အလောင်းကို နင်းပြီး အနောက်တောင်ဒေသကို စိုးမိုးပေါ့"

"မင်းတို့ အတူတူ လာမလား ၊ တစ်ယောက်ချင်း လာမလား"

"ပေမင်ဓားဂိုဏ်းက မင်းတို့ သုံးယောက် စိတ်ချထားပါ။ ငါ မင်းတို့ကို မသတ်ဘူး။ တုပိုင်ကိုပဲ သတ်မှာ"

ထိုအချိန်၌ လီရူဟိုင်သည် ကမ္ဘာလောကကို အထင်သေးနေသကဲ့သို့ မာန်စွမ်းအားများ တက်ကြွနေလေသည်။

နီရှန်နတ်မိမယ် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "လီတောက်ယွဲ့... အမ အရင်သွားလိုက်"

အဓိပ္ပာယ်က ရှင်းလင်းလှသည်။ လီတောက်ယွဲ့က လီရူဟိုင်၏ အတွင်းအားနှင့် ချီစွမ်းအင်များကို ဖြုန်းတီးပစ်ရန် ဖြစ်သည်။

လီတောက်ယွဲ့သည် တုပိုင်၏ ရှေ့သို့ လျှောက်သွားပြီး သူ့နှုတ်ခမ်းများကို နက်ရှိုင်းစွာ နမ်းလိုက်သည်။ လျှာချင်းထိမိသည်အထိ နက်ရှိုင်းသော အနမ်းမျိုး ဖြစ်သည်။

လီရူဟိုင် ကြောင်အသွားပြီးနောက် အလွန်ရှုပ်ထွေးပြီး ဆန်းကြယ်သော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

အနမ်းပြီးဆုံးသွားသောအခါ လီတောက်ယွဲ့သည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင် အားလုံးကို စုစည်းလိုက်သည်။

"ရွှီးးး"

သူမတစ်ကိုယ်လုံးသည် အမြောက်ဆန်တစ်ချောင်းကဲ့သို့ လီရူဟိုင်ထံသို့ တိုးဝင်တိုက်ခိုက်လိုက်သည်။

"ဘုန်းးး"

အမြောက်ပစ်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။ ခန်းမဆောင် အတွင်းရှိ ဖန်မီးအိမ်များအားလုံး ကွဲကြေသွားကြသည်။ ပြတင်းပေါက်များရှိ ရောင်စုံဖန်များအားလုံး အမှုန့်ဖြစ်သွားကြသည်။

ကြမ်းပြင်ပေါ်ရှိ ရွှေချထားသော အုတ်ချပ်များအားလုံး မြေပြင်မှ ကြွတက်လာပြီး လေထဲတွင်ပင် တစ်စစီ ကွဲကြေသွားကြသည်။ တစ်ချိန်တည်းတွင် လီတောက်ယွဲ့၏ ခန္ဓာကိုယ်သည် စွန်တစ်ကောင်ကဲ့သို့ မီတာတစ်ရာအကွာသို့ လွင့်စဉ်ထွက်သွားပြီး မြေပြင်ပေါ်တွင် သွေးများ အန်ကျကာ မေ့မြောသွားလေသည်။

ရာဇပလ္လင်ပေါ်ရှိ လီရူဟိုင်ကို ကြည့်လိုက်သောအခါ ဘာမှမဖြစ်ဘဲ ဘေးကင်းစွာ ရှိနေသည်ကို တွေ့ရသည်။ သူ့ခြေထောက် အနည်းငယ် ရွေ့သွားရုံသာ ရှိသည်။

မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုက လီရူဟိုင်၏ ခြေလှမ်းကိုသာ ရွေ့သွားစေနိုင်ခဲ့သည်။ သူက ဝတ်ရုံလက်ကို ပေါ့ပါးစွာ ခါလိုက်ပြီး ပြောလိုက်သည်။ "ဒုတိယ တစ်ယောက်"

နင်တောက်ရွှမ် ဇနီးသည်ဘက်မှ တူတော်စပ်သူ ၊ ပေမင်ဓားဂိုဏ်း အကြီးအကဲ ကျီချန်ချို၏ သား ၊ မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ကျီလန်ထင်းသည် ဖြည်းညှင်းစွာ ထွက်လာလေ၏။

သူသည် လှေကားထစ်များကို တစ်ဆင့်ချင်း တက်သွားပြီး ရာဇပလ္လင်သို့ ရောက်ရှိကာ လီရူဟိုင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

ထို့နောက် ကျီလန်ထင်းက လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ လီရူဟိုင်ကလည်း လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ နှစ်ယောက်သား၏ လက်ဝါးများသည် လက်မဝက်ခန့်သာ ကွာဝေးတော့သည်။

နှစ်ယောက်စလုံး အတွင်းအား ရွှမ်းချီစွမ်းအင်များကို စုစည်းလိုက်ကြသည်။

နီရှန်နတ်မိမယ်က လှမ်းပြောလိုက်၏။ "အစ်ကို ကျီလန်ထင်း... အစ်ကိုက နယ်စားမင်းတုပိုင်အပေါ် သဘောထားကွဲလွဲမှုတွေ ရှိတယ်ဆိုတာ ညီမ သိပါတယ်။ ဒါပေမဲ့ ဒါက အရမ်းအရေးကြီးပါတယ်။ သူက ပေမင်ဘိုးဘေးကြီး ဟောကြားခဲ့တဲ့ ကံတရားရဲ့ကြယ်ပွင့်ဆိုတာ သေချာပါတယ်။ ကျေးဇူးပြုပြီး အစွမ်းကုန် ကြိုးစားပေးပါ"

"ငါ သိပါတယ်" ကျီလန်ထင်းက ပေါ့ပါးစွာ ပြောလိုက်သည်။

ကျီလန်ထင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင် အားလုံးကို စုစည်းလိုက်သည်။

သို့သော် လီရူဟိုင်ကတော့ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သူသည် အတွင်းအား အားလုံးကို ကုန်ဆုံးခံ၍ မဖြစ်ပေ။ သို့သော် ကျီလန်ထင်းကို နိုင်အောင် တိုက်ခိုက်ရန်တော့ လိုအပ်သည်။

"ကောင်းပြီ... စလိုက်ကြစို့" လီရူဟိုင်က ပြောလိုက်သည်။

ထို့နောက် ကျီလန်ထင်းနှင့် လီရူဟိုင်တို့၏ လက်ဝါးများသည် ဖြည်းညှင်းစွာ နီးကပ်သွားပြီး ပေါ့ပါးစွာ ထိတွေ့သွားကြသည်။

အလွန်ပင် တင့်တယ်လှပလှပေသည်။ ထိုသည်က သိုင်းပြိုင်ပွဲနှင့် မတူဘဲ စစ်တုရင် ကစားပွဲနှင့် တူနေသည်။

သို့သော် ရလာဒ်ကတော့ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာမြေကြီး ဝင်တိုက်မိသကဲ့သို့ပင်။

"ဘုန်းးးးး"

စွမ်းအားကြီးမားသော အင်အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

"ဘန်းးး ဘန်းးး ဘန်းးး"

ခန်းမဆောင်ကြီး တစ်ခုလုံးနှင့် အလွန်ခိုင်ခံ့သော နန်းတော်နံရံများသည် တစ်လက်မချင်းစီ ကွဲအက်သွားကြသည်။ ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြားများအားလုံး ချက်ချင်း ကွဲကြေကုန်သည်။

ခန်းမဆောင်ကြီး တစ်ခုလုံး၏ အုတ်မြစ်သည် ကျယ်လောင်စွာ မြည်ဟီးလာပြီး ၊ ငလျင်လှုပ်သကဲ့သို့ ခန်းမဆောင် ကြမ်းပြင်ကြီး အက်ကွဲသွားလေတော့၏။

"ဘုန်းးး"

ကျီလန်ထင်းသည် မလှုပ်မယှက် ရပ်နေသည်။ ခဏအကြာတွင် "ဝေါကနဲ..." သွေးများ ရူးသွပ်စွာ ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားလေတော့သည်။ သို့သော် လီရူဟိုင်သည် ခြေလှမ်းတစ်လှမ်းသာ ယိုင်သွားပြီး နှုတ်ခမ်းကို စေ့ထားကာ ဘေးကင်းစွာ ရှိနေဆဲပင်။

ထို့နောက် သူသည် ဝတ်ရုံလက်ကို ပေါ့ပါးစွာ ခါလိုက်သည်။ ကျီလန်ထင်း၏ ခန္ဓာကိုယ်သည် ပေါ့ပါးစွာ လွင့်စင်သွားပြီး မီတာဆယ်ချီဝေးသော မြေပြင်ပေါ်သို့ ကျသွားလေသည်။

"တတိယ တစ်ယောက်" လီရူဟိုင်က ပေါ့ပါးစွာ ပြောလိုက်သည်။

လီရူဟိုင်သည် အလွန်အမင်းကို အစွမ်းထက်လှသည်။ မဟာဆရာသခင်နှစ်ယောက်ကိုပင် အလွယ်တကူ အနိုင်ယူလိုက်၏။ သွေးတစ်စက်နှင့် ချွေးတစ်စက်ပင် မထွက်လာချေ။

နီရှန်နတ်မိမယ် ထွက်လာလေသည်။

လီရူဟိုင်က ပြောလိုက်သည်။ "နီရှန်... ဒီနှစ် မင်းအသက် ၂၈ လား"

နီရှန်က ပြန်ဖြေသည်။ "၂၉ နှစ်ပါ"

လီရူဟိုင်က ပြောလိုက်သည်။ "ဘာလို့ မင်းရဲ့သိုင်းပညာက ဒီလောက် မြင့်မားနေရတာလဲ။ ကျီလန်ထင်းက မင်းလောက် ငယ်ပုံရပေမဲ့ သူက အသက် ၄၀ ကျော်နေပြီ။ မင်းရဲ့ သိုင်းပညာက သူ့ထက်တောင် မြင့်နေသေးတယ်။ မင်းရဲ့အသက်အရွယ်နဲ့ ဒီလောက်မြင့်မားတဲ့ သိုင်းပညာရှိတာ လုံးဝ ပုံမှန် မဟုတ်ဘူး"

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၁ + ၅၈၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters