← Chapters

အခန်း (၅၈၅-၅၈၆)

Vol. 59 Ch. 585-586

အခန်း (၅၈၅-၅၈၆)

Vol. 59 Ch. 585-586

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၅ + ၈၅၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

မိဖုရားလီသည်ပင်လျှင် သူမ၏ ခင်ပွန်းသည် သေဆုံးချိန်၌ မျက်လုံးထဲတွင် ဖြစ်ပေါ်နေသော အကြည့်ကို နားလည်လိုက်၏။

“ငါ လီရူဟိုင်က... ရာဇပလ္လင် ပျက်စီးသွားပြီ ဆိုပေမဲ့လည်း... နန်းတော်ထဲမှာ... ရာဇပလ္လင်ပေါ်မှာပဲ သေဆုံးခဲ့ရတာပဲ”

တစ်ရက်မျှ ဧကရာဇ်ဖြစ်ခဲ့လျှင်ပင် တစ်သက်လုံး ဧကရာဇ်ဖြစ်ပင်ဖြစ်၏။ ထိုအချိန်တွင် မိဖုရားလီသည် တုပိုင်ကို သတိရလိုက်သည်။ တုပိုင် အမှောင်ဒြပ်စင်ကို သောက်လိုက်သည့် အခိုက်အတန့်က ပြိုင်ဘက်ကင်းသော မြင်ကွင်းအာရုံတစ်ခုကို ယူဆောင်လာခဲ့သည်။

သုံးမီတာ ၊ လေးမီတာခန့် မြင့်မားသော ဘီလူးကြီးတစ်ကောင်။ အမှောင်စွမ်းအင်များ ဖုံးလွှမ်းနေပြီး အမှောင်ဘုရင်တစ်ပါးကဲ့သို့ပင်။ ထိုစွမ်းအားမျိုးက အသက်ရှူကျပ်လောက်ပေသည်။

မိဖုရားလီသည် လှည့်ကြည့်လိုက်ရာ ဘီလူးကြီးကဲ့သို့ ဖြစ်နေသော တုပိုင် ၊ အမှောင်ဘုရင်ကဲ့သို့ ဖြစ်နေသော တုပိုင်ကို တွေ့လိုက်ရလေသည်။

“ဘုန်းးး”

မျက်စိတစ်မှိတ်အတွင်း၌ပင် တုပိုင် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ထို့နောက် ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လျင်မြန်စွာ ပြိုလဲကျုံ့ဝင်သွားလေပြီး မကြာမီမှာပင် မူလတုပိုင်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားရ၏။ သူသည် ပိန်ပါးသွယ်လျကာ အားနည်းနေပုံပင် ပေါက်နေသည်။ တုပိုင်သည် အလွန် ချောမောခန့်ညားသော လူငယ်လေးတစ်ဦး ဖြစ်သည်။

ထို့အပြင် သူ၏ မျက်လုံးများက တင်းတင်းပိတ်ထားပြီး သတိလစ်မေ့မြောနေသည်။ သူ၏ လက်ထဲမှ နဂါးသတ်ဓားသည်လည်း မြေပြင်ပေါ်သို့ လွတ်ကျနေလေ၏။

ထိုအချိန်၌ မိဖုရားလီသည် တုပိုင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး သူမ၏ ခင်ပွန်းဖြစ်သူအတွက် အလွယ်တကူ လက်စားချေနိုင်ပေသည်။

**--**--**--**--**--**--**--**

အချိန် မည်မျှ ကြာညောင်းသွားသည်မသိ။ တုပိုင် မျက်လုံးများကို ဖွင့်လိုက်ပြီး နိုးလာသည်။ သူသည် တာ့ယန်နန်းတော်တွင်းရှိ ခမ်းနားထည်ဝါသော ကုတင်တစ်ခုပေါ်တွင် လဲလျောင်းနေခြင်း ဖြစ်သည်။ ရွှေရောင် ခြင်ထောင်ပါးစကို ဖြတ်ကျော်၍ လူအချို့ မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို သူ မြင်လိုက်ရသည်။

တုပိုင် ထလိုက်လေသည်။

“သခင်လေးကို ဂါရဝပြုပါတယ်”

မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူအချို့က တညီတညွတ်တည်း ပြောလိုက်ကြသည်။.အပြင်ဘက်တွင် လူနှစ်ယောက် ရပ်နေသည်။ တစ်ယောက်မှာ မြို့စားမင်းလေးကျီ၏ ဇနီး ဖူဟုန်လင်း ၊ ဖူဟုန်ပင်း၏ ညီမ ဖြစ်ပြီး ကျန်တစ်ယောက်မှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် လင်းမိသားစုမှ မြို့စားမင်းလေး လင်းကျွယ်ချန် ဖြစ်သည်။

ခြင်ထောင်စကို ဖယ်လိုက်သောအခါ တုပိုင်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူများကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ မျက်နှာတစ်ဝက်ကို မျက်နှာဖုံးတပ်ထားသော အမျိုးသမီးတစ်ဦး ၊ တာ့ယန်တိုင်းပြည်၏ ယခင်မင်းသား လီကျန့် ၊ ဟုန်ဟယ်ကုန်သည်အဖွဲ့ ဥက္ကဋ္ဌ လီရူကျစ် ၊ ထျန်တောက်အဖွဲ့ ခေါင်းဆောင် ၊ တာ့ယန်တိုင်းပြည်၏ ယခင်နယ်စားမင်း လီတောက်အန်း ၊ တာ့ယန်တိုင်းပြည်၏ ယခင်မင်းသမီး လီလင်းယွီတို့ ဖြစ်ကြသည်။

သတိပြုရမည်မှာ ဤမျက်နှာတစ်ဝက်ကို မျက်နှာဖုံးတပ်ထားသော အမျိုးသမီးသည် လီရူဟိုင်၏ မူလဇနီး ၊ တာ့ယန်တိုင်းပြည်၏ ယခင်မိဖုရားလီ ဖြစ်ပေသည်။

သူမသည် တုပိုင်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သော်လည်း မသတ်ဖြတ်ခဲ့ချေ။ သူမ၏ မိသားစုကို လီမိသားစုက ဖျက်ဆီးခဲ့စဉ်ကလည်း သူမ လက်စားမချေခဲ့ပေ။ ယခု သူမ၏ ခင်ပွန်း လီရူဟိုင် တုပိုင်လက်ချက်ဖြင့် သေဆုံးသွားချိန်တွင်လည်း လီရူဟိုင်သည် သူမ အချစ်ဆုံးလူ ၊ သူမဘဝ၏ အရာအားလုံး ဖြစ်သော်လည်း သူမ လက်စားမချေခဲ့ပေ။ ဤကဲ့သို့သော အာဏာကစားပွဲတွင် အနိုင်ရသူက ရှင်သန်ပြီး ရှုံးနိမ့်သူက သေဆုံးရသည်မှာ သဘာဝပင် ဖြစ်သည်။

ထို့အပြင် တုပိုင်သည် လီမိသားစုကို တရားမျှတစွာ ၊ မည်သည့် ပူးပေါင်းကြံစည်မှု ၊ ယုတ်မာမှုမျှ မပါဘဲ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

လီရူဟိုင်သည် ဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးသောကြောင့် လက်နက်ချ၍ မရပေ။ သို့သော် လီမိသားစုကတော့ ဆက်လက် ရှင်သန်လိုသည်။ သူမ၏ ခင်ပွန်း လီရူဟိုင်က တုပိုင်ထံ ခိုလှုံရန် ရွေးချယ်ခဲ့သောအခါ မိဖုရားလီသည် ခင်ပွန်းသည်၏ ဆန္ဒကို လုံးဝ နာခံရုံသာ ရှိတော့သည်။

တုပိုင် ကုတင်ပေါ်မှ ထလိုက်သည်။

နန်းတော်တစ်ခုလုံးသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သိုင်းသမားများ၏ လက်ထဲသို့ လုံးဝ ကျရောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ တာ့ယန်ဘုရင့်မြို့တော် တစ်ခုလုံးသည်လည်း တုပိုင်၏ လက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သည်။

မိဖုရားလီသည် နောက်ဆုံးကျန်ရစ်သော စစ်သည် တစ်သိန်းနီးပါးကို ဦးဆောင်ကာ ခြွင်းချက်မရှိ လုံးဝ လက်နက်ချခဲ့လေသည်။

ယခင်မိဖုရားလီသည် ရွှေရောင်ဓားတစ်လက်ကို ကိုင်မြှောက်ထားရင်း ပြောလိုက်သည်။

“သခင်လေး... ရှင် ဒီနေရာမှာ ရှိတဲ့ ကျွန်မတို့အားလုံးကို သတ်ပစ်နိုင်ပါတယ်။ ကျွန်မကို သတ်နိုင်တယ်... လီကျန့်ကို သတ်နိုင်တယ်... လီရူကျစ်ကို သတ်နိုင်တယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး လီမိသားစုရဲ့ သွေးသားမျိုးဆက်ကိုတော့ ချန်ထားပေးပါ။ မျိုးဆက်မပြတ်ပါစေနဲ့”

ချက်ချင်းပင် အနောက်ဘက်ရှိ နူးညံ့သိမ်မွေ့သော အမျိုးသမီးများက သူတို့လက်ထဲမှ ကလေးငယ်များကို မြှောက်ပြလိုက်ကြသည်။ ထိုကလေးများသည် လီကျန့်၏ သားများ ဖြစ်ကြပြီး စုစုပေါင်း သုံးယောက် ရှိသည်။ အကြီးဆုံးက သုံးနှစ်သားအရွယ်ဖြစ်ပြီး အငယ်ဆုံးက လပိုင်းသာ ရှိသေးသည်။

ထို့နောက် မိဖုရားလီသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရွှေရောင်ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်ထားရင်း တုပိုင်၏ စီရင်ချက်ကို စောင့်ဆိုင်းနေလေသည်။

တုပိုင် ညာဘက်သို့ လှည့်ကြည့်လိုက်ရာ စင်ပေါ်တွင် တင်ထားသော နဂါးသတ်ဓားကို တွေ့လိုက်ရသည်။

သူ လျှောက်သွားပြီး နဂါးသတ်ဓားကို ယူကာ ဓားကို ဆွဲထုတ်လိုက်သည်။ မိဖုရားလီ၏ ရှေ့သို့ ရောက်လာပြီး လီကျန့်၏ ရှေ့သို့ ရောက်လာသည်။ ဓားကို လီကျန့်၏ လည်ပင်းပေါ် တင်လိုက်ပြီး သူ တွေဝေသွားသည်။

သတ်သင့်သလော။

လီမိသားစု၏ နောက်ဆုံး လက်နက်ချမှုသည် အလွန် မျှော်လင့်မထားသော အရာပင်။ မိဖုရားလီသည် တုပိုင်ကို သေချာပေါက် သတ်နိုင်ခဲ့သော်လည်း ထိုသို့ မလုပ်ဘဲ ခြွင်းချက်မရှိ လက်နက်ချခဲ့ကာ သူမ၏ အသက်ရှင်ခွင့် ၊ သေဆုံးခွင့် အာဏာကို တုပိုင်လက်ထဲသို့ ထိုးအပ်လိုက်သည်။

‘ဒါက လီမိသားစုရဲ့ ရှင်သန်ရပ်တည်ရေး ဒဿနများလား’

တုပိုင်သည် ဤလှည့်ကွက်များဖြင့် အလိမ်ခံရမည် မဟုတ်ပေ။ လီမိသားစု၏ သမိုင်းကြောင်းကို ခိုလှုံခြင်း နှင့် သစ္စာဖောက်ခြင်းဟူသော စကားလုံးနှစ်လုံးဖြင့် အနှစ်ချုပ်နိုင်ကြောင်း သူ ကောင်းကောင်း သိသည်။

သခင်က အားကြီးနေချိန်တွင် ကိုယ့်ကိုယ်ကိုယ် ရောင်းစားပြီး အသစ္စာအရှိဆုံး နောက်လိုက်ခွေး ဖြစ်လာတတ်ကြသည်။ သခင်က အားနည်းသွားချိန်တွင် သစ္စာဖောက်ကာ အလွန် ရက်စက်တတ်ကြသည်။

ဤအချိန်တွင် တုပိုင်၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်သော စကားလုံး တစ်လုံးတည်းသာ ရှိသည်။ အကျိုးအမြတ်... လီမိသားစု တစ်ခုလုံးကို သတ်ပစ်တာက ပိုအကျိုးရှိမည်လား သို့မဟုတ် သူတို့ကို ချန်ထားတာက ပိုအကျိုးရှိမည်လား။

နာရီဝက်ခန့် ကြာပြီးနောက် တုပိုင် ဓားကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။

“မိဖုရားလီ... လီကျန့်... ငါ မင်းတို့ဆီကနေ တစ်ခုပဲ တောင်းဆိုမယ်”

“ဟုတ်ကဲ့ပါ”

မိဖုရားလီနှင့် လီကျန့်တို့ ဦးခိုက်လိုက်ကြသည်။

တုပိုင်က ပြောလိုက်သည်။ “ငါသေပြီဆိုတာ ရာနှုန်းပြည့် သေချာမှ မင်းတို့ ငါ့ကို ထပ်ပြီး သစ္စာဖောက်ရင် ဘယ်လိုလဲ”

မိဖုရားလီနှင့် လီကျန့်တို့ ဦးခိုက်လိုက်ကြပြန်သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

တုပိုင်က မေးလိုက်သည်။ “ငါ သတိလစ်နေတာ ဘယ်လောက် ကြာသွားပြီလဲ”

မြို့စားမင်းလေးကျီ၏ ဇနီး ဖူဟုန်လင်းက ဖြေလိုက်သည်။

“ခြောက်နာရီပါ”

ကံကောင်းစွာပင် ဤအချိန်ကာလသည် တုပိုင် ထင်ထားသည်ထက် များစွာ တိုတောင်းနေသည်။

အမှောင်ဒြပ်စင်ကို သောက်လိုက်ခြင်းက အလွန် ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း သူ ရာနှုန်းပြည့် သေချာနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျီယင်ယင်သည် လုံးဝ အိပ်စက်ခြင်း အခြေအနေသို့ ရောက်သွားပြီး သူမ၏ အသက်စွမ်းအားများစွာ ကုန်ခမ်းသွားခဲ့ရသည်။

တုပိုင်က သူ ရက်ပေါင်းများစွာ ၊ ညပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာပင် သတိလစ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

“နီရှန်... လီတောက်ယွဲ့... ကျီလန်ထင်းရော ဘယ်မှာလဲ”

တုပိုင် မေးလိုက်သည်။

ဖူဟုန်လင်းက ပြောလိုက်သည်။

“လီတောက်ယွဲ့နဲ့ နီရှန်က သတိလစ်နေတုန်းပါပဲ။ ကျီလန်ထင်းကတော့ ဒဏ်ရာ အနည်းဆုံးမို့လို့ နိုးလာပါပြီ။ သူက လီတောက်ယွဲ့နဲ့ နီရှန်ကို ခေါ်ပြီး ပေမင်ဓားဂိုဏ်းဆီ သွားပါပြီ။ နီရှန်ရဲ့ ဒဏ်ရာက အရမ်း ပြင်းထန်ပါတယ်။ သခင်လေးကို ပြောပေးဖို့ သူ မှာသွားပါတယ်... ပေမင်ဓားဂိုဏ်းကို အမြန်ဆုံး လိုက်လာခဲ့ပါတဲ့။ အခြေအနေက အရမ်း စိုးရိမ်ရပါတယ်တဲ့”

ထိုအချိန်တွင် လီရူဟိုင်၏ ဇနီး မိဖုရားလီက ပြောလိုက်သည်။

“သခင်လေး... အရင် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့က စော်ဘွားခေါင်းဆောင်တွေ အားလုံးကို ကျွန်မ ဖမ်းဆီးထားပါတယ်။ သူတို့ကို စစ်သူကြီးဖူဟုန်လင်းဆီ လွှဲပေးထားပါတယ်။ ကျွန်မခင်ပွန်း လီရူဟိုင် ရှုံးနိမ့်သွားတုန်းက ဒီစော်ဘွားတွေက ဖန်းမိသားစုနဲ့ လျှို့ဝှက် ဆက်သွယ်ခဲ့ကြတာပါ။ ဘယ်လို စီရင်မလဲ ဆိုတာ ဆုံးဖြတ်ပေးပါ”

တုပိုင်အနေဖြင့် ခွေးအချို့ ထပ်မံမွေးမြူထားပြီး လီမိသားစုနှင့် အပြန်အလှန် ကိုက်ခိုင်းထားသင့်သည်ဟု တွေးမိ၏။ သို့သော် သူ စိတ်မဝင်စားပေ။

“အကုန် သတ်ပစ်” တုပိုင် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ဖူဟုန်လင်းက ကျယ်လောင်စွာ ပြောလိုက်သည်။ “သခင်လေး အမိန့်ရှိတယ်... အရင် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့က စော်ဘွားတွေ အားလုံးကို သတ်ပစ်ရမယ်”

ရုတ်တရက် အပြင်ဘက်တွင် သရဲတစ္ဆေများ ငိုကြွေးအော်ဟစ်သံများ ထွက်ပေါ်လာသည်။ “သခင်လေးတုပိုင် အသက်ချမ်းသာပေးပါ... သခင်လေးတုပိုင် အသက်ချမ်းသာပေးပါ...”

“ကျွန်တော်တို့ လက်နက်ချပါ့မယ်... သခင်လေးတုပိုင်ဆီမှာ လက်နက်ချပါ့မယ်”

“လီမိသားစု... မင်းတို့ ကောင်းကောင်း မသေရစေနဲ့... မင်းတို့ ကောင်းကောင်း မသေရစေနဲ့...”

“ရွှီးးး ရွှီးးး”

အပြင်ဘက်မှ စစ်သည်များသည် ဓားကို မြှောက်လိုက် ၊ ချလိုက် လုပ်လိုက်ကြသည်။ ချက်ချင်းပင် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့မှ စော်ဘွားများ အားလုံး ၊ ယခင် တာ့ယန်တိုင်းပြည်၏ နယ်စားမင်းများနှင့် မြို့စားမင်းများ အားလုံး ခေါင်းဖြတ်ခံလိုက်ရလေ၏။

တုပိုင် နန်းတော်ထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။ အပြင်ဘက်တွင် ညရောက်လုနီးပါး အချိန်ကိုရောက်နေ၏ နန်းတော်ထဲမှ တာ့ယန်တိုင်းပြည် အလံများ အားလုံးကို ဖြုတ်ချထားလိုက်ပြီ ဖြစ်သည်။ တာ့ယန်ဘုရင့်မြို့တော် အတွင်းရှိ လီမိသားစုနှင့် တာ့ယန်တိုင်းပြည်၏ အလံများ ၊ အမှတ်အသားများနှင့် တံဆိပ်များ အားလုံး လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထိုနေရာများတွင် တာ့နင်အင်ပါယာ၏ နဂါးအလံတော်နှင့် တုပိုင်၏ အနောက်ပိုင်းနယ်စားအလံများ အစားထိုး နေရာယူထားလေသည်။

အပြင်ဘက် ရင်ပြင်ရှိ မြေပြင်ပေါ်တွင် သွေးများနှင့် လူခေါင်းများ ပြန့်ကျဲနေသည်။ ထောင်ချီသော လူခေါင်းများပင်။ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့မှ စော်ဘွားများသာမက သူတို့၏ မိသားစုဝင်များ အားလုံးပါ ခေါင်းဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

အတိုချုပ် ပြောရလျှင် လီမိသားစုမှလွဲ၍ တာ့ယန်တိုင်းပြည် ပုန်ကန်မှုတွင် ပါဝင်ခဲ့သော အဖွဲ့ဝင်များ အားလုံး အားလုံး ခေါင်းဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

ပြီးခဲ့သော အကြိမ်က လီမိသားစုသည် မိုမိသားစုကို သစ္စာဖောက်ခဲ့သည်။ ယခုတစ်ကြိမ်တွင် လီမိသားစုသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို ထပ်မံ သစ္စာဖောက်လိုက်ပြန်သည်။ အရေးကြီးသော အချိန်တွင် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ တစ်ခုလုံးကို တုပိုင်ထံ ရောင်းစားလိုက်ခြင်း ဖြစ်သည်။

အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် ဤမိသားစုက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်။

သို့သော် အနည်းဆုံးတော့ လောလောဆယ်တွင် လီမိသားစု၏ ပုန်ကန်မှု လုံးဝ ချုပ်ငြိမ်းသွားပြီ ဖြစ်သည်။ အားမာန်အပြည့်နှင့် ရူးသွပ်စွာ ထွက်ပေါ်လာခဲ့သော တာ့ယန်တိုင်းပြည်သည် လုံးဝ ပျက်စီးသွားပြီဟု သတ်မှတ်နိုင်၏။

အစမှ အဆုံးထိ ဤတာ့ယန်တိုင်းပြည်သည် နှစ်ဝက်ကျော် ၊ ရက်ပေါင်း ၂၀၀ အောက်သာ ခံခဲ့သည်။

စစ်မှန်သော ကြွယ်ဝချမ်းသာမှုသည် ကြီးကျယ်ခမ်းနားသလို သေဆုံးပျက်စီးမှုသည်လည်း ရုတ်တရက် ဆန်လွန်းလှသည်။ လီမိသားစုအတွက် ဤရက်ပေါင်း ၂၀၀ သည် အိပ်မက်တစ်ခုလို ဖြစ်နေပေလိမ့်မည်။ တုပိုင်အတွက်လည်း ဤအရာအားလုံးသည် အိပ်မက်တစ်ခုလိုပင်။

“ဖူဟုန်လင်း... မင်းက စစ်သည် တစ်သောင်းခွဲကို ဦးဆောင်ပြီး ဝမ်ရှန်းမြို့ကို စောင့်ကြပ်ပါ။ လီမိသားစုရဲ့ လက်နက်ချလာတဲ့ စစ်တပ်ကို ပြန်လည် ဖွဲ့စည်းပါ”

တုပိုင် အမိန့်ပေးလိုက်သည်။ “မိဖုရားလီ... ခင်ဗျားက ဒီမှာ နေခဲ့ပြီး စစ်တပ် ပြန်လည်ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်ဖူဟုန်လင်းကို ကူညီပေးပါ”

မိဖုရားလီက ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ”

ဖူဟုန်လင်းရော ၊ မြို့စားမင်းလေး လင်းကျွယ်ချန်ပါ တစ်ကိုယ်တည်း လှုပ်ရှားဖူးသူများ မဟုတ်ကြပေ။ တုပိုင်၏ အမိန့်သည် အတော်လေး အန္တရာယ်များလှသည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ မြို့စားကျီ လည်း မရှိသလို ဖူဟုန်ပင်းလည်း မရှိပေ။

တုပိုင်က ဆက်ပြောလိုက်သည်။ “လီကျန့်... လီတောက်အန်း... မင်းတို့နှစ်ယောက် မင်းတို့စစ်တပ်ကို ဦးဆောင်ပြီး ငါနဲ့ လိုက်ခဲ့။ ပိုင်ဆယ်မြို့ကို အမြန်သွား ကူညီကြမယ်။ ဒီစစ်ပွဲကို အပြီးသတ်ပြီး ရွှမ်ချန်နယ်စားမင်း လုကျန့် ဆိုတဲ့ လေလုံးထွားတဲ့ လူပြက်ကောင်ကို ချေမှုန်းကြမယ်”

လီကျန့်နှင့် လီတောက်အန်းတို့ ဦးခိုက်လိုက်ကြသည်။

“အမိန့်တော်အတိုင်းပါ သခင်လေး”

နာရီဝက် ကြာပြီးနောက် တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးနင်းကာ ဝံပုလွေတပ်သား ၃၀၀ ၊ မြင်းတပ် ၄၀၀၀ ကို ဦးဆောင်ပြီး လျှပ်စီးကဲ့သို့ ယခင် တာ့ယန်ဘုရင့်မြို့တော်မှ ပြေးထွက်သွားလေသည်။

လမ်းတစ်လျှောက်တွင် လက်နက်ချထားသော လီမိသားစု စစ်တပ်များစွာကို တွေ့ရသည်။ သူတို့အားလုံး လက်နက်ဖြုတ်သိမ်းထားပြီး သံချပ်ကာများ ချွတ်ထားကာ စနစ်တကျ တန်းစီလျက် ပြန်လည်ဖွဲ့စည်းခံရမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

ညမှောင်နေသော်လည်း တုပိုင်သည် မြင်းတပ် ထောင်ပေါင်းများစွာကို ဦးဆောင်ကာ ပိုင်ဆယ်မြို့ဆီသို့ ရူးသွပ်စွာ ဒုန်းဆိုင်း နှင်နေလေသည်။

ပိုင်ဆယ်မြို့တိုက်ပွဲသည် ၇ ရက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဒုတိယနေ့တွင် လီဝမ်ဟွေ့နှင့် ကျီရှီရှောင် တို့ နှစ်ယောက်စလုံး တတိယနေ့အထိ ဆက်ထိန်းထားရန် ခက်ခဲမည်ဟု ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ပိုင်ဆယ်မြို့တွင် စစ်သည် လေးသောင်း ရှိသော်လည်း မိုမိသားစု တပ်သားဟောင်း တစ်သောင်းခွဲမှ လက်နက်ချလာသော သူပုန်များသည် အသုံးမဝင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့ စိတ်ဓာတ်ကျသွားသည်နှင့် ခံစစ်စည်းကို ဖောက်ထွက်ပြေးကြသည်။

တတိယနေ့တွင် လီဝမ်ဟွေ့နှင့် မြို့စား ကျီရှီရှောင် တို့သည် အံ့သြဖွယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။ ထိုအရာမှာ မိုမိသားစုဝင် တစ်သောင်းကျော်ကို မြို့ရိုးပေါ်မှ မောင်းချလိုက်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် မြို့ကို အမှန်တကယ် ကာကွယ်နေသူမှာ လူ နှစ်သောင်းခန့်သာ ကျန်တော့သည်။

ရွှမ်ချန်နယ်စားမင်း၏ စစ်တပ်က တိုက်ခိုက်လေ များလေ ဖြစ်နေပြီး လီဝမ်ဟွေ့နှင့် မြို့စား ကျီရှီရှောင် ၏ စစ်တပ်က တိုက်ခိုက်လေ နည်းလေ ဖြစ်နေသည်။ သူတို့က မူလက ၄ ရက်လောက်တောင် ခံနိုင်ဖို့ ခက်လိမ့်မယ်လို့ ထင်ထားခဲ့ကြပေမဲ့ ၇ ရက်အထိ တောင့်ခံနိုင်လိမ့်မယ်လို့ ထင်မထားခဲ့မိကြပေ။

သို့သော် လက်ရှိအချိန်တွင် သူတို့ တကယ် မထိန်းနိုင်တော့ပေ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရန်စစ်သည် ၂ သောင်းသည် ထက်ဝက်ကျော် သေဆုံးဒဏ်ရာရနေပြီ ဖြစ်သည်။ နောက်ထပ် တတိယတပ်မဟာ ၅ ထောင် ၊ ၆ ထောင်ခန့်သည်လည်း ထက်ဝက်ကျော် သေဆုံးဒဏ်ရာရနေပြီ ဖြစ်၏။

လက်ရှိအချိန်တွင် မြို့စောင့်တပ် အင်အားသည် ၁ သောင်းအောက်သာ ကျန်တော့ပြီး ၇ ရက်ကြာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် လူတိုင်း ပင်ပန်းနွမ်းနယ်နေကြကာ လူတိုင်း အနည်းနှင့်အများ ဒဏ်ရာရထားကြသည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်ဘက်တွင်လည်း သေဆုံးမှု များပြားသည်။ သူ့စစ်သည် ၇ သောင်းတွင် ၄ သောင်းသာ ကျန်တော့ပြီး ကျန် ၃ သောင်းမှာ သေဆုံးကုန်ပြီ ဖြစ်သည်။ သို့သော် ဖန်းအုပ်စုက သူ့ကို လက်ရွေးစင် ၂ သောင်းဖြင့် ကူညီပံ့ပိုးပေးထားသည်။ ထို့ကြောင့် သူ့လက်ထဲတွင် စစ်သည် ၆ သောင်း ကျန်ရှိနေသေးသည်။

ပိုင်ဆယ်မြို့ရိုးပေါ်ရှိ ပစ္စည်းများ အားလုံး ကုန်ခမ်းသွားပြန်ပြီ။ သစ်တုံးကြီးများ ၊ ကျောက်တုံးများ ၊ ရေနံဆီများနှင့် မြှားများပင် အားလုံး ကုန်ခမ်းသွားပြီ ဖြစ်သည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရန်စစ်သည် ၂ သောင်းသည် တကယ်ကို အံ့သြစရာ ကောင်းလှသည်။ သူတို့သည် အလွန် ငယ်ရွယ်ကြသော်လည်း ယခုအချိန်ထိ သွားကို တင်းတင်းစည်းပြီး တောင့်ခံထားကြသည်။

ကံကောင်းစွာပင် လီဝမ်ဟွေ့နှင့် မြို့စား ကျီရှီရှောင် တို့သည် မိုမိသားစု တပ်သားဟောင်းများကို မြို့ရိုးပေါ်မှ မောင်းထုတ်လိုက်ခြင်းမှာ မှန်ကန်ခဲ့သည်။ သို့မဟုတ်ပါက ပိုင်ဆယ်မြို့ ကျိုးပျက်သွားသည်မှာ ကြာပြီ ဖြစ်သည်။

**--**--**--**--**--**--**--**

ပိုင်ဆယ်မြို့တိုက်ပွဲ၏ အဋ္ဌမမြောက်နေ့ နံနက်ခင်း။

“ဒီနေ့က နောက်ဆုံးရက်ပဲ”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ပြောလိုက်သည်။

“ဒီနေ့ ပိုင်ဆယ်မြို့ ကျတော့မယ်။ အဲဒီထဲမှာ တုပိုင်ရဲ့ ငွေတုံး ၅ သန်း ရှိတယ်။ တွေးလိုက်တာနဲ့ သွားရည်ကျစရာပဲကွာ”

တုပိုင်၏ တန်ဖိုးမရှိသော ဦးလေးတုကျန့်က ပြောလိုက်သည်။

“ခင်ဗျားကို သွားရည်ကျစေတာ ငွေတုံး ၅ သန်းတည်းလား”

“မင်းသမီးယွီကျိန်း လား...”

ရွှမ်ချန်နယ်စားမင်း လုကျန့်က မျက်နှာမဲ့၍ ပြောလိုက်သည်။ “သူ့ကိုတော့ ထိဖို့ မလွယ်ဘူး”

တုကျန့်က ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်၏။

“ကျုပ် ၊ ခင်ဗျားကို သတင်းတစ်ခု ပြောပြနိုင်တယ်။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲက... ပြီးခါနီးပြီ”

ရွှမ်ချန်နယ်စားမင်းကလည်း ထူးဆန်းစွာ ပြုံး၍ မေးလိုက်သည်။ “ဒါဆို မင်းသမီးယွီကျိန်းကို ထိလို့ ရပြီလား”

တုကျန့်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “ဧကရာဇ်တောင် သွားတော့မှာ... နယ်စားမင်းသမီး တစ်ပါးလောက်က ဘာစာရင်း ဝင်မှာလဲ”

ရွှမ်ချန်နယ်စားမင်းက ပြောလိုက်သည်။ “အချိန် နီးနေပြီ။ ဒီနေ့ အပြတ်ဖြတ်မယ်။ စစ်သည် ၆ သောင်းက နေရာအနှံ့ကနေ တိုက်ခိုက်လိမ့်မယ်။ ငါ ကြည့်ချင်သေးတယ်။ လီဝမ်ဟွေ့လက်ထဲမှာ စစ်သည် ၁ သောင်းတောင် မပြည့်တော့ဘူး။ ပစ္စည်းတွေလည်း ကုန်နေပြီ။ မြို့ကို ဘယ်လို ကာကွယ်မလဲ”

တုကျန့်က ပြောလိုက်သည်။ “စစ်ပွဲ စဖြစ်တာနဲ့ မြို့ထဲမှာ အံ့သြစရာတွေ ဖြစ်လာနိုင်တယ်”

ရွှမ်ချန်နယ်စားမင်း လုကျန့်က မေးလိုက်သည်။ “မြို့ထဲက မိုမိသားစု တပ်သားဟောင်းတွေ ပုန်ကန်မယ်လို့ ပြောချင်တာလား။ မင်း လူလွှတ်ပြီး ဆက်သွယ်ပြီးပြီလား”

တုကျန့်က ပြောလိုက်သည်။ “မိုမိသားစု ပိုင်ဆယ်မြို့ကို အုပ်ချုပ်တုန်းက လျှို့ဝှက်လမ်းတွေက တကယ်ကို များလွန်းတယ်။ တချို့ လျှို့ဝှက်လမ်းတွေကို တုပိုင်တောင် မသိဘူး။ ဒါပေမဲ့ မိုမိသားစု တပ်သားဟောင်း တချို့က သိတယ်။ ညက တစ်ယောက် လျှို့ဝှက် ထွက်လာပြီး ပြောတယ်... သူတို့က အမှောင်ကို စွန့်ပြီး အလင်းကို ခိုဝင်ချင်ပါတယ်တဲ့”

“အတွင်းအပြင် ညှပ်တိုက်မယ် ပေါ့”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဒီနေ့ တစ်နာရီမပြည့်ခင် စစ်ပွဲကို အဆုံးသတ်နိုင်ပြီ။ ပိုင်ဆယ်မြို့ ကျတော့မယ်။ ဒါနဲ့... တုပိုင်ဆီက သတင်း ဘာကြားသေးလဲ”

တုကျန့်က ပြောလိုက်သည်။ “နောက်ဆုံးရတဲ့ သတင်းအရ တုပိုင်က တာ့လုံခံတပ်မှာ တိုက်ပွဲဝင်ဖို့ ရွေးချယ်လိုက်တယ်။ လီရူဟိုင်က စစ်သည် ၃ သိန်းနဲ့ တုပိုင်ရဲ့ လူ ၄ သောင်းကျော်ကို တိုက်ခိုက်နေပြီ”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “တာ့လုံခံတပ် ဟုတ်လား။ ၁၀ နှစ်လောက် စွန့်ပစ်ထားတဲ့ စစ်တန်းလျား ၊ မြို့ရိုးတောင် ပြိုတော့မယ့် တာ့လုံခံတပ်ကြီးလား။ တုပိုင်က လူ ၄ သောင်းကျော်နဲ့ လီရူဟိုင်ရဲ့ ၃ သိန်းကို တိုက်မယ် ဟုတ်လား။ သူ... သူ ရူးနေလား။ ဦးနှောက် ပျက်သွားပြီလား”

တုကျန့်က ပြောလိုက်သည်။ “ဒါကြောင့် ဒီအချိန်ဆို တုပိုင် သေလောက်ပြီ။ ငါတို့ ပိုင်ဆယ်မြို့ကို အမြန် သိမ်းရမယ်။ ဘာလို့လဲဆိုတော့ မကြာခင် ငါတို့ လီရူဟိုင်နဲ့ ရင်ဆိုင်ရတော့မှာ”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ပြောလိုက်သည်။ “တစ်နာရီပဲ... တစ်နာရီအတွင်း ပိုင်ဆယ်မြို့ကို သိမ်းမယ်”

ထိုအခိုက် ခန္ဓာကိုယ် အဝတ်ဗလာနှင့် ချောမောသော အမျိုးသားတစ်ဦးကို ဆွဲထုတ်လာသည်။ မျက်နှာပေါ်တွင် ရိုးရှင်းသော အသွင်ဖျက်မှု ပြုလုပ်ထားပြီး သူ့မျက်နှာသည် တုပိုင်နှင့် ၅ ၊ ၆ ပုံခန့် တူနေသည်။

ထို့အပြင် သူသည် အလွန် စေ့စပ်သေချာစွာ သင်းကွပ်ခံထားရပြီး ပေါင်ကြား၌ မည်သည့်အရာမျှ ကျန်ရှိမနေတော့ချေ။ သူ့လည်ပင်းတွင် ကြိုးကွင်း စွပ်ထားပြီး ရွှမ်ချန်နယ်စားမင်း လုကျန့်က ခွေးတစ်ကောင်လို ဆွဲထားသည်။ သူ့ရင်ဘတ်နှင့် တင်ပါးပေါ်တွင် တုပိုင်ဟူသော စာလုံးနှစ်လုံးကို အသီးသီး ရေးသားထားသည်။

သူသည် ရွှမ်ချန်နယ်စားမင်း ဝယ်ယူထားသော ယုန်သူငယ် ဖြစ်သည်။ မျက်နှာကို မိတ်ကပ်မြို့တော်က ယုန်ဆရာသခင် ပြောင်းလဲပေးထားခြင်း ဖြစ်သည်။

သူ့ကို ခွေးတစ်ကောင်လို ဆွဲထုတ်လာပြီး လီဝမ်ဟွေ့ ၊ မြို့စား ကျီရှီရှောင် ၊ မင်းသမီးယွီကျိန်းနှင့် အခြားသူများ၏ ရှေ့တွင် ထွက်ပေါ်လာစေသည်။ ပိုင်ဆယ်မြို့ရှိ မြို့စောင့်တပ်သားများ အားလုံး၏ ရှေ့တွင် ထွက်ပေါ်လာစေသည်။

“ဒူးထောက်လိုက်”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ အဝတ်ဗလာနှင့် ယုန်သူငယ် သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ငိုကြွေးလိုက်သည်။

“ငါ့နာမည် တုပိုင် ပါ။ ငါက ဖင်ရောင်းစားတဲ့ ကုန်းကုန်းတစ်ယောက်ပါ။ မင်းတို့ကို လက်နက်ချဖို့ အမိန့်ပေးပါတယ်”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဝမ်ဟွေ့၊ မင်းသမီးယွီကျိန်းနှင့် အခြားသူများ ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွားကြသည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ ကြာပွတ်က ရုတ်တရက် ရိုက်ချလိုက်သည်။ “ဖင်ကုန်းလိုက်စမ်း”

ယုန်သူငယ် က ညည်းတွားငိုကြွေးလိုက်သည်။ “ငါ့နာမည် တုပိုင် ပါ။ ငါက ဖင်ရောင်းစားတဲ့ မိန်းမစိုးတစ်ယောက်ပါ။ မင်းတို့ကို လက်နက်ချဖို့... အရှုံးပေးဖို့ အမိန့်ပေးပါတယ်”

ရွှမ်ချန်နယ်စားမင်း လုကျန့်သည် မြို့ရိုးပေါ်ရှိ လီဝမ်ဟွေ့ကို မော့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“လီဝမ်ဟွေ့ ဆိုတဲ့ ခွေးကောင်... မင်းကို သတင်းကောင်း တစ်ခု ပြောပြမယ်။ တုပိုင် သေသွားပြီ။ သူ လီရူဟိုင် လက်ချက်နဲ့ သေသွားပြီ။ မင်းလည်း သူ့နောက် လိုက်သွားသင့်တယ်”

ထို့နောက် လုကျန့်က ကြမ်းတမ်းစွာ အမိန့်ပေးလိုက်ပြီး အော်ဟစ်လိုက်သည်။ “မြို့ကို ဖျက်ဆီးကြ... တုပိုင်ရဲ့ မိန်းမစိုးစစ်တပ်ကို သတ်ကြ... ငွေတွေ လုကြ... မိန်းမတွေ လုကြဟေ့...”

ရုတ်တရက် သူ့စစ်တပ် ၆ သောင်းသည် အဖွဲ့ ၄ ဖွဲ့ခွဲကာ ပိုင်ဆယ်မြို့၏ မြို့ရိုး ၄ ဖက်ဆီသို့ ပြေးဝင်သွားကြသည်။

တစ်ချိန်တည်းတွင် ပိုင်ဆယ်မြို့ အတွင်း၌ မိုမိသားစုဝင်ဟောင်း တစ်သောင်းကျော်သည် သစ်သားတုတ်များ ၊ သံတုတ်များကို ကိုင်ဆောင်ကာ ရုန်းရင်းဆန်ခတ် စုရုံးနေကြသည်။

“တုပိုင် ဆိုတဲ့ လာဘ်ကောင်လေးက ငါတို့ကို လူလို့ မသတ်မှတ်ဘူး။ ငါတို့ အပေါင်းအသင်းတွေကို ဝက်တွေ ခွေးတွေလို သတ်ဖြတ်တယ်။”

“အခု တုပိုင် သွားပြီ။ ငါတို့ အမှောင်ကို စွန့်ပြီး အလင်းကို ခိုဝင်ရမယ်။ ဖန်းမိသားစုဆီ ခိုလှုံရမယ်”

“ငါတို့ ကောင်းမှုကုသိုလ် ပြရမယ်။ အပြင်ကို ပြေးထွက်ပြီး မြို့ထဲက လူတွေကို အကုန် သတ်ပစ်ကြ”

“ပုန်ကန်ကြဟေ့... တုပိုင်ရဲ့ မိန်းမစိုး ခွေးစစ်တပ်ကို နောက်ကျောကနေ ဓားနဲ့ထိုးပြီး အသေကောင် ဖြစ်အောင် လုပ်ပစ်ကြ”

ချက်ချင်းပင် လက်နက်ဖြုတ်သိမ်းခံထားရသော မိုမိသားစု တပ်သားဟောင်း တစ်သောင်းကျော်သည် တဝေါဝေါ အော်ဟစ်လျက် ပြေးထွက်သွားကြသည်။

တစ်ချိန်တည်းတွင် တုပိုင် ဦးဆောင်သော မြင်းတပ် ၅ ထောင်နှင့် ဖူဟုန်ပင်း၏ စစ်တပ် ၂ သောင်းကျော် ပေါင်းဆုံမိသွားကြသည်။

တုပိုင်သည် မနားမနေ ချီတက်လာခဲ့ပြီး ပိုင်ဆယ်မြို့နှင့် မိုင် ၁၀၀ ကျော် အကွာတွင် ဖူဟုန်ပင်း၏ တပ်ဖွဲ့ကို မီသွားခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် စစ်သည် ၃ သောင်းကို ဦးဆောင်ကာ ပိုင်ဆယ်မြို့ဆီသို့... ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်တပ် နောက်ကျောဘက်ဆီသို့ ဦးတည်နေလေ၏။

မြေငလျင် လှုပ်သကဲ့သို့ မြင်းခွာသံများ ဆူညံစွာဖြင့် ထွက်ပေါ်လာ၏။

‘လုကျန့်... လေလုံးထွားတဲ့ လူပြက်ကောင်’

‘မင်းရဲ့ ဇာတ်သိမ်းခန်း ရောက်ပြီ’

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၅ + ၅၈၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters