အခန်း (၅၈၉-၅၉၀)
Vol. 59 Ch. 589-590
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၉ + ၅၉၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
နှစ်နာရီ ကြာပြီးနောက် ပိုင်ဆယ်မြို့ပြင်ရှိ စစ်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်လေ၏။ ဆိုရလျှင် ဤစစ်ပွဲသည် အနောက်တောင်ဘက် စစ်မြေပြင်တွင် တုပိုင် ဆင်နွှဲခဲ့သော စစ်မှန်သည့် အကြီးစား စစ်ပွဲကြီး ဖြစ်သည်။
ယခင်က ဖူကျိုးမြို့ကို တိုက်ခိုက်စဉ်က ဖြစ်စေ ၊ အက်စ်၏ စစ်တပ်နှင့် ရင်ဆိုင်စဉ်က ဖြစ်စေ ၊ နောက်ဆုံး လီရူဟိုင်၏ စစ်သည် ၃ သိန်းနှင့် ရင်ဆိုင်စဉ်က ဖြစ်စေ... အမြောက်များ သို့မဟုတ် ဖျက်ဆီးခြင်းမြှားများကို အသုံးပြုခဲ့ရသဖြင့် စစ်တပ်နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်ရသော တိုက်ပွဲများမှာ အလွန် ရှားပါးခဲ့သည်။
ယနေ့ တိုက်ပွဲတွင်မူ အမြောက် မပါသလို ဖျက်ဆီးခြင်းမြှားများသည်လည်း မကျန်တော့ချေ။ ကျန်ရှိနေသည်မှာ သံမဏိနှင့် သွေးတို့ဖြင့် လွှမ်းမိုးထားသော စစ်တပ်နှစ်ခု၏ တိုက်ပွဲသာ ဖြစ်သည်။ တုပိုင် နောက်ထပ်တစ်ကြိမ် အကြီးအကျယ် အောင်ပွဲရလိုက်သည်။
ရွှမ်ချန်နယ်စားမင်း၏ စစ်သည် ၄ သောင်းတွင် ၁ သောင်းကျော် ခေါင်းဖြတ် အသတ်ခံလိုက်ရပြီး ကျန်ရှိသော ၂ သောင်းကျော်မှာ တစ်ယောက်မကျန် အားလုံး ဒူးထောက် လက်နက်ချခဲ့ကြလေ၏။
ဖန်းမိသားစု၏ လက်ရွေးစင် စစ်သည် ၂ သောင်းမှာမူ ၁ သောင်းကျော် သေဆုံးဒဏ်ရာရခဲ့ပြီး ကျန်ရှိသော ထောင်ချီသည့် စစ်သည်များသည်လည်း အလားတူ လက်နက်ချ အညံ့ခံခဲ့ကြသည်။
မှန်လေ၏။ ထူးဆန်းစွာပင် ဖန်းမိသားစု၏ လက်ရွေးစင် စစ်တပ်လည်း လက်နက်ချခဲ့လေသည်။ သို့သော် သူတို့သည် ဂုဏ်သိက္ခာမဲ့စွာ လက်နက်ချခြင်းမျိုး မဟုတ်ဘဲ အလွန် ကျွမ်းကျင်ပိုင်နိုင်သော ပုံစံဖြင့် လက်နက်ချခြင်း ဖြစ်သည်။
ကျွမ်းကျင်ပိုင်နိုင်သော လက်နက်ချခြင်း ဆိုသည်မှာ လက်နက်ကို ချ ၊ သံချပ်ကာကို ဖြုတ် ၊ လက်နှစ်ဖက်ကို မြှောက်ထားသော်လည်း ဒူးမထောက်သလို တောင်ပန်ခြင်းလည်း မပြုပေ။ သူတို့၏ သခင်က လာရောက် ရွေးယူမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။
ရွှမ်ချန်နယ်စားမင်း လုကျန့် ၊ တုပိုင်၏ တန်ဖိုးမဲ့သော ဦးလေးခြောက်ဖြစ်သူ တုကျန့် ၊ ကွမ်ရှီးဘုရင်ခံ တုကျန်း၏ တမန်တော်... ဤလူနှစ်ယောက်သည် အလွန် ကောက်ကျစ်စဉ်းလဲသူများ ဖြစ်ကြပြီး စစ်ပွဲ၏ ဖရိုဖရဲ အခြေအနေကြားမှ ထွက်ပြေးသွားလိုက်နိုင်သေးသည်။
ယခုအချိန်၌ လီကျန့်သည် မြင်းတပ် ၂ ထောင်ကို ဦးဆောင်ပြီး လိုက်လံ ဖမ်းဆီးနေပြီ ဖြစ်သည်။ တုပိုင်သည် ဧရာမ ဝံပုလွေကြီးကို စီးနင်းလျက် မြို့ပြင်ရှိ ကျယ်ပြောလှသော ကွင်းပြင်ကြီးထဲတွင် လှည့်လည်သွားလာနေ၏။
မြေပြင်အနှံ့တွင် အလောင်းများနှင့် သွေးများ ပြည့်နှက်နေလျက်ရှိသည်။ ရွှမ်ချန်နယ်စားမင်း၏ စစ်သည် ၂ သောင်းကျော်သည် မြေပြင်ပေါ်တွင် ညီညာစွာ ဒူးထောက်နေကြ၏။ ဖန်းအုပ်စု၏ လက်ရွေးစင် စစ်သည် ၁ သောင်းကျော်သည်လည်း ခေါင်းကို လက်ဖြင့် အုပ်လျက် မြေပြင်ပေါ်တွင် ထိုင်ချနေကြသည်။
မိုမိသားစု ဓားပြဟောင်း ၁ သောင်းမှာမူ မြို့ပြင်သို့ မောင်းထုတ်ခံထားရပြီး မြေပြင်ပေါ်တွင် ညီညာစွာ ဒူးထောက်နေကြသည်။
စုစုပေါင်း သုံ့ပန်း ၅ သောင်းနီးပါးရှိသည်။ ထိုအချိန်တွင် တုပိုင်၏ ဘေးပတ်လည်ရှိ စစ်တပ်သည် လူ ၄ သောင်းကျော်သာ ကျန်ရှိတော့သည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
ခဏအကြာတွင် လျင်မြန်သော မြင်းခွာသံများ ထွက်ပေါ်လာကာ မြင်းတပ်တစ်ဖွဲ့ အမြန် ရောက်ရှိလာလေသည်။ မီတာ ဆယ်ချီသာ လိုတော့ချိန်တွင် လီကျန့်သည် မြင်းပေါ်မှ ဆင်းကာ ဒူးထောက်လျက် လျှောက်တင်လိုက်၏။ “ဒီငယ်သားက အရည်အချင်း မရှိလို့ ရွှမ်ချန်နယ်စားမင်း လုကျန့် ကိုပဲ ဖမ်းမိပြီး တုကျန့်ကို လွတ်သွားစေခဲ့ပါတယ်။ သခင်လေး စီရင်ချက်ချပါ”
တာ့ယန်တိုင်းပြည်၏ ယခင် အိမ်ရှေ့စံမင်းသားသည် တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
သူ ဦးဆောင်သော မြင်းတပ် ၃ ထောင်ကျော်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ မြင်းတပ်လောက် မစွမ်းဆောင်နိုင်ပေ။ သို့သော် ခုနက တိုက်ပွဲတွင် သူ၏ စွမ်းဆောင်ရည်သည် ဖူဟုန်ပင်းနှင့်ပင် ယှဉ်နိုင်ခဲ့သည်။ သူ၏ မြင်းတပ် ၃ ထောင်ကျော်တွင် သုံးပုံတစ်ပုံကျော် သေဆုံးဒဏ်ရာရခဲ့သည်။
စစ်ပွဲ ပြီးသည်နှင့် သူသည် ချက်ချင်းပင် တပ်ကို ဦးဆောင်ပြီး ရွှမ်ချန်နယ်စားမင်း လုကျန့်ကို လိုက်လံ ဖမ်းဆီးခဲ့သည်။
ရလာဒ်သည်လည်း တကယ်ပင် ဖမ်းဆီးရမိခဲ့လေသည်။
တုကျန့် လွတ်မြောက်သွားရခြင်းမှာ ရွှမ်ချန်နယ်စားမင်း နှင့် တုကျန့် နှစ်ယောက်ကြားတွင် တစ်ယောက်ကိုသာ ရွေးချယ် ဖမ်းဆီးနိုင်မည့် အခြေအနေ ဖြစ်နေသောကြောင့် ဖြစ်ပြီး လီကျန့်သည် ရွှမ်ချန်နယ်စားမင်း လုကျန့်ကို ရွေးချယ်ခဲ့သည်။
တုပိုင်သည် ရှေ့သို့ တိုးလာသည်။ “ကျေးဇူးပါပဲ”
လီကျန့်သည် ချက်ချင်းပင် နဖူးကို မြေကြီးနှင့် ထိသည်အထိ ဦးခိုက်လိုက်ပြီး အလေးအမြတ် အပြုဆုံး အမူအရာကို ပြသလိုက်သည်။
တုပိုင်က လီတောက်အန်းနှင့် လီလင်းယွီ တို့ကို ပြောလိုက်သည်။ “မင်းတို့ စစ်သူကြီးကို တွဲထူပေးလိုက်ကြ”
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
လီကျန့်သည် လီတောက်အန်းနှင့် လီလင်းယွီတို့ လာရောက် တွဲထူပေးသည်ကို မစောင့်ရဲဘဲ အတင်း ကုန်းထလိုက်ပြီး ခါးကို ကိုင်းလျက် မလှုပ်မယှက် ရပ်နေလိုက်သည်။
ရွှမ်ချန်နယ်စားမင်း လုကျန့်သည် စစ်သားလေးတစ်ယောက်၏ အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ၏ ခံ့ညားထည်ဝါသော မုတ်ဆိတ်မွေးများကို ကိုယ်တိုင် ရိတ်ထားသည်။
မုတ်ဆိတ်ရိတ် ဝတ်ရုံစွန့်ပြီး ထွက်ပြေးသည့် လှည့်ကွက်ကို သုံးခဲ့သော်လည်း ကံဆိုးစွာပင် လီကျန့်၏ အရှင်ဖမ်းခြင်းကို ခံလိုက်ရလေသည်။
လုကျန့်၏ မျက်နှာက တစ်ချက်မျှ တွန့်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အနောက်ပိုင်းနယ်စားမင်း... လီမိသားစု ပုန်ကန်မှုကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီး မသေနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ အနောက်တောင်ပိုင်းရဲ့ အရှင်သခင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်”
ထို့နောက် လုကျန့်သည် ချဲ့ကားလွန်းသော အမူအရာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။ “ကျွန်တော် ရွှမ်ချန်နယ်စားမင်း လုကျန့်က အရှင်မင်းကြီးဆီ လျှောက်တင်ပြီး တုပိုင်ရဲ့ ရာထူးကို တိုးပေးဖို့ အဆိုပြုပါ့မယ်။ နောက်ဆိုရင် လုကျန့်က တုပိုင်ရဲ့ မျက်နှာကိုပဲ ကြည့်ပြီး နေပါ့မယ်”
တုပိုင် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “လုကျန့်... ခင်ဗျားက လက်နက်ချချင်တာလား”
ရွှမ်ချန်နယ်စားမင်း လုကျန့်က ပြုံးပြီး ပြောလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ်က အတူတူပဲ အရှင်မင်းကြီးရဲ့ သစ္စာခံ အမတ်တွေလေ။ ဘယ်လိုလုပ် လက်နက်ချစရာ လိုမှာလဲ။ ကျုပ်က နယ်စားမင်းတုပိုင်ရဲ့ စိတ်ဓာတ်ကို လေးစားလို့ ခေါင်းဆောင်အဖြစ် တင်မြှောက်ချင်တာပါ”
“မလိုပါဘူး”
တုပိုင်သည် မြှားတိုတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ရွှမ်ချန်နယ်စားမင်း လုကျန့်၏ ပေါင်ကြားထဲသို့ ထိုးထည့်ကာ ပေါ့ပါးစွာ လှီးဖြတ်လိုက်သည်။
“အ့... အားးးး”
ချက်ချင်းပင် သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
ရွှမ်ချန်နယ်စားမင်း လုကျန့်သည်လည်း ပြီးပြည့်စုံသော မိန်းမစိုးတစ်ယောက် ဖြစ်သွားရသည်။ တုပိုင်သည် ဂွေးဖြတ်ဝါသနာရှင်ပြီး ရှမ့်လန်ကဲ့သို့ စိတ္တဇအဆင့်မရောက်သေးသော်လည်း သိပ်မဝေးတော့ချေ။
“ရွှမ်ချန်နယ်စားမင်း လုကျန့်ကို လင်းချီအရှင်လတ်လတ် အသားလွှာသည့်နည်းဖြင့် သတ်စေ”
“စစ်မှန်တဲ့ လင်းချီ ပြစ်ဒဏ်... သုံးရက်အတွင်း အသားလွှာ တစ်ထောင် လွှာရမယ်။ အသားလွှာတစ်ထောင် မပြည့်ခင် သူ့ကို သေခွင့်မပေးရဘူး”
ထို့နောက် တုပိုင် ပြောလိုက်သည်။ “ခိုစာ ပို့ပြီး တစ်ကမ္ဘာလုံးကို ကြေညာလိုက်... ငါ တုပိုင် စစ်ပွဲကို နိုင်ပြီ။ အနောက်တောင်ပိုင်း ပုန်ကန်မှု အားလုံးကို အမြစ်ပြတ် ချေမှုန်းလိုက်ပြီလို့ အရှင်မင်းကြီးကို လျှောက်တင်လိုက်”
“မင်းတို့ကို ကုလို့ရတဲ့ ဆေး ရှိသေးတယ်လို့ ငါ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ မှားသွားတယ်”
“ငါ တော်တော်လေး မှားသွားတယ်”
“မိုစော်ဘွား သေဆုံးသွားတဲ့ အချိန်ကတည်းက မင်းတို့က ပျက်စီးသွားပြီ။ ငွေအတွက်နဲ့ မိစ္ဆာအဆီဘိန်းတွေ စိုက်ပျိုးတဲ့ အချိန်ကတည်းက မင်းတို့ ပျက်စီးသွားပြီ”
“မင်းတို့ ဓားပြ ဖြစ်သွားတဲ့ အချိန်ကတည်းက မင်းတို့ကို ကုစားဖို့ နည်းလမ်း မရှိတော့ဘူး”
တုပိုင်သည် မြေပြင်ပေါ်တွင် ပြည့်ကျပ်နေအောင် ဒူးထောက်နေကြသည့် မိုမိသားစု တပ်သားဟောင်း ၁ သောင်းကျော်ကို ခက်ထန်စွာဖြင့် ကြည့်လိုက်၏။
ဤလူများကို ပြုပြင်ဖို့ ခက်ခဲကြောင်း ၊ စစ်မြေပြင်မှာ အသုံးမဝင်နိုင်ကြောင်း သူ သိသည်။ သို့သော် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်နှင့် မီးနတ်ဘုရား စစ်တပ်တို့၏ လွှမ်းမိုးမှုအောက်တွင် အပြောင်းအလဲ အချို့ ရှိလာနိုင်ပြီး လက်ရွေးစင် တပ်ဖွဲ့တစ်ခု ဖြစ်လာနိုင်မည်ဟု သူ မျှော်လင့်ခဲ့မိသည်။
သို့သော် ဤခွေးသတောင်းစားများသည် စစ်မြေပြင်တွင် ထွက်ပြေးခဲ့ကြသည်။ အကြိမ်ကြိမ် နောက်ဆုတ် ပြေးခဲ့ကြ၏။
လီဝမ်ဟွေ့သည် ဤလူများကို စစ်မြေပြင်မှ ဖယ်ရှားလိုက်သဖြင့် စစ်သည် ၁ သောင်းကျော် လျော့နည်းသွားသော်လည်း တိုက်ပွဲက ပို၍ လွယ်ကူသွားခဲ့လေသည်။
ဤအကောင်များသည် စစ်မြေပြင်တွင် မည်သည့်အကျိုးမှ မပြုခဲ့သလို တုပိုင်၏ ရှေ့မှောက်တွင် မြေးလေးများကဲ့သို့ လိမ္မာပြခဲ့ကြသည်။ သို့သော် တုပိုင် သေဆုံးပြီဟု ထင်မှတ်လိုက်သည်နှင့် သူတို့၏ ရွံရှာဖွယ်ကောင်းသော မျိုးရိုးဗီဇ ၊ ယုတ်မာမှုများကို ထုတ်ပြလာကြလေ၏။
သူတို့သည် ဒဏ်ရာရ စစ်သည်များကို သတ်ဖြတ်ပြီး ဖန်းအုပ်စုထံ ခေါင်းနှင့်လဲကာ ဆုကြေးတောင်းရန် ကြံစည်ခဲ့ကြသည်။ အရပ်သား ရပ်ကွက်များကို မီးရှို့ ၊ လူသတ် ၊ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြသည်။
ဤလူစုကား လူဖြစ်ဖို့ မတန်တော့ပေ။ ဆယ်နှစ်နီးပါး ဓားပြဘဝက သူတို့ကို တိရစ္ဆာန်တွေအဖြစ် လျှော့ချပစ်လိုက်ပြီ ဖြစ်လေ၏။
တုပိုင်၏ ဆူပူကြိမ်းမောင်းသံကို ကြားသောအခါ လူ ၁ သောင်းကျော်သည် ငိုကြွေးကာ အသည်းအသန် ဦးခိုက်နေကြသည်။ ကြည့်လိုက်လျှင် အလွန် လိမ္မာဟန် ၊ အလွန် သနားစဖွယ်ဟန် ပေါက်နေသည်။
“သခင်ကြီးတုပိုင်... နောက်ဆုံးအကြိမ်အဖြစ် ကျွန်တော်တို့ကို ခွင့်လွှတ်ပါ”
“သခင်ကြီးတုပိုင်... ကျွန်တော်တို့ မျက်လုံးတိမ်ဖုံးပြီး လောဘစိတ်မွှန်သွားလို့ပါ”
“သခင်ကြီးတုပိုင်... သူများတွေ မြှောက်ပေးလို့ ပါသွားတာပါ။ ကျွန်တော့်စိတ်ပါလို့ လုပ်တာ လုံးဝ မဟုတ်ပါဘူးဗျာ”
“သခင်ကြီး... သက်ညှာပေးပါ။ နောက်ဆိုရင် သေချာပေါက် ရဲရဲရင့်ရင့် တိုက်ပါ့မယ်။ သခင်ကြီးအတွက် ရေထဲဆင်းဆိုဆင်း မီးထဲခုန်ဆိုခုန်ပါ့မယ်”
မိုမိသားစုဟောင်း လူအုပ်ကြီးက ရင်ဘတ်ကို ထုလိုက် ၊ သစ္စာဆိုလိုက် ၊ ဦးခိုက်လိုက် လုပ်နေကြသည်။
အတိုချုပ် ပြောရလျှင် သူတို့ မှားသွားပါပြီ ၊ တုပိုင် ခွင့်လွှတ်ပါ ၊ နောက်ဆိုရင် ပြင်ပါ့မယ် ဆိုပြီး ပြောနေကြခြင်းသာဖြစ်၏။
လူသားများကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်။ တစ်ဖက်က အလွန် ယုတ်မာသော်လည်း အခြားတစ်ဖက်က အလွန် တရားမျှတပြီး မြင့်မြတ်သည်။
မိုမိသားစု ဓားပြဟောင်း တိရစ္ဆာန်အုပ်စုသည် ဒဏ်ရာရ စစ်သည်စခန်းကို သွားရောက်ကာ ခေါင်းဖြတ်ရန် ကြံစည်ခဲ့သော်လည်း ဒဏ်ရာရ စစ်သည် ရာဂဏန်းလောက်က သူတို့ ထောင်ပေါင်းများစွာကို ပြန်လည် တိုက်ခိုက်ကာ မောင်းထုတ်ခဲ့သည်။ ထို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ဒဏ်ရာရ အရန်စစ်သည်ရာပေါင်းများစွာသည် ဤတိရစ္ဆာန်များကို ချေမှုန်းရုံသာမက သံချပ်ကာများ ဝတ်ဆင်ပြီး အရပ်သားများကို ကယ်တင်ရန် ထွက်သွားခဲ့ကြသေးသည်။
ထိုကဲ့သို့သော စစ်တပ်မျိုးက လူတိုင်းကို စိတ်လှုပ်ရှားစေသည်။ တုပိုင်သည် မြေပြင်အပြည့် ဒူးထောက်နေသော မိုမိသားစု ဓားပြဟောင်းများကို နောက်ထပ်တစ်ကြိမ် ကြည့်လိုက်သည်။
“တစ်ယောက်မကျန် အကုန်သတ်ပစ်ကြ” တုပိုင် အမိန့်ပေးလိုက်သည်။
ရုတ်တရက် အောက်ဘက်တွင် သရဲတစ္ဆေများ ငိုကြွေးသလို ၊ ဝံပုလွေများ အော်ဟစ်သလို အသံများ ထွက်ပေါ်လာသည်။ ထို့နောက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည် ၂ ထောင် ဝင်ရောက်လာပြီး စနစ်တကျ တန်းစီလိုက်ကြလေ၏။
“ရွှပ်... ရွှပ်... ရွှပ်... ရွှပ်...”
ခေါင်းဖြတ် သတ်ဖြတ်နေချိန်မှာပင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်တော် ၂ ထောင်သည် စနစ်တကျဖြင့် ရှိနေကြသည်။
ဤမိုမိသားစု တပ်သားဟောင်းများ အုပ်စုသည် တကယ်ကို ကယ်တင်၍ မရတော့ပေ။ ယခင်က အလွန် ရက်စက်ကြမ်းကြုတ်ခဲ့ကြသော်လည်း ယခု ခေါင်းဖြတ်ခံရချိန်တွင်မူ မြေပြင်ပေါ်၌ ဒူးထောက်ပြီး တုန်ရီကာ ငိုကြွေးနေကြသည်။ မည်သူမျှ ပြန်မခုခံရဲကြပေ။ အလွန် အသုံးမကျပြီး သွေးမရှိကြပေ။
ဓားမြှောက်လိုက် ၊ ချလိုက်။ ဓားမြှောက်လိုက် ၊ ချလိုက်... ဤသို့ဖြင့် မိုမိသားစု တပ်သားဟောင်း ၁ သောင်းကျော်လုံးသည် တစ်ယောက်မကျန် သေဆုံးသွားကြလေတော့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မလှမ်းမကမ်းတွင် ရှိနေသော ရွှမ်ချန်နယ်စားမင်း၏ သုံ့ပန်း ၂ သောင်းကျော်သည် လုံးဝ တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာများသည် စက္ကူတစ်ရွက်ကဲ့သို့ကို ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ရီနေကြသည်။
လူ ၁ သောင်းကျော်သည် သူတို့ရှေ့မှောက်၌ ကွပ်မြက်ခံလိုက်ရသည်။ ဖန်းမိသားစု စစ်တပ်မှ သုံ့ပန်း ၁ သောင်း၏ မျက်နှာများသည်လည်း အကြီးအကျယ် ပျက်ယွင်းသွားကြလေ၏။
တုပိုင်က ပြောလိုက်သည်။ “လီကျန့်... ဒီသုံ့ပန်း ၃ သောင်းကို ဘယ်လို လုပ်သင့်တယ်လို့ ထင်သလဲ”
လီကျန့်သည် ကိုးဆယ်ဒီဂရီနီးပါး ကိုင်းညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်တော့်မှာ အကြံတစ်ခု ရှိပါတယ်။ ရွှမ်ချန်နယ်စားမင်းရဲ့ သုံ့ပန်း ၂ သောင်းထဲမှာ တချို့က စစ်ထဲဝင်တာ မကြာသေးပါဘူး။ စစ်သားဆိုးတွေရဲ့ အငွေ့အသက်တွေ မကူးစက်သေးပါဘူး။ ကယ်တင်လို့ ရပါသေးတယ်။ ငယ်ရွယ်ပြီး ရိုးသားတဲ့သူ တချို့ကို ရွေးထုတ်ပြီး သခင်ကြီးရဲ့ စစ်တပ်ထဲကို ထည့်လို့ ရပါတယ်။ ကယ်လို့ မရတဲ့ စစ်သားဟောင်းတွေနဲ့ ဖန်းမိသားစုရဲ့ သုံ့ပန်း ၁ သောင်းကိုတော့ စစ်တပ်ထဲ ထည့်လို့ မရပါဘူး သခင်ကြီး။ ငါးခုန်းမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ပါလိမ့်မယ် သခင်ကြီး”
တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ မင်းတို့ တာ့ယန်တိုင်းပြည် နယ်မြေချဲ့ထွင်တုန်းက စစ်သားတွေ အများကြီး လိုအပ်တော့ အမှိုက်တွေကိုပါ ကောက်ထည့်ခဲ့တာပဲ မဟုတ်လား။ ဒါကြောင့်လည်း စစ်သည် ၅ သိန်းအထိ ချက်ချင်း များလာတာလေ”
လီကျန့်က ပြောလိုက်သည်။ “ကျွန်တော့် လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်က တရားမျှတမှု မရှိတဲ့အတွက် အင်အားပြဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အရင်းခံကတည်းက ယိုယွင်းနေတဲ့ စစ်တပ် ၊ ယိုယွင်းနေတဲ့ အစိုးရပါ။ ဒါပေမဲ့ သခင်ကြီးက မတူပါဘူး။ သခင်ကြီးရဲ့ စစ်တပ်က အကောင်းဆုံး အခြေခံအုတ်မြစ် ရှိပါတယ်။ ပြီးတော့ သခင်ကြီးမှာ တရားမျှတမှု ရှိပါတယ်။ သခင်ကြီးအနေနဲ့ လက်ရွေးစင် စစ်သည် မူဝါဒကို အပြည့်အဝ ကျင့်သုံးနိုင်ပြီး သခင်ကြီးရဲ့ ကြီးကျယ်တဲ့ လမ်းကြောင်းကို အရင်းခံကနေ မှန်ကန်နေအောင် လုပ်လို့ ရပါတယ်”
တုပိုင်က မေးလိုက်၏။ “ဖန်းမိသားစုရဲ့ သုံ့ပန်း ၁ သောင်းက အရမ်းတော်တဲ့ လက်ရွေးစင် ဖြစ်တယ်လို့ ပြောလို့ရတယ် ၊ ဘာလို့ သုံးလို့ မရတာလဲ”
လီကျန့်က ရိုသေစွာပြန်ဖြေသည်။ “ဘာလို့လဲဆိုတော့ သူတို့က သခင်ကြီးအပေါ် သစ္စာမရှိနိုင်လို့ပါ။ ပင်လယ်ရပ်ခြားက ဖန်းမိသားစုရဲ့ အရှေ့ဘက် ပြည်ထောင်စုက အရမ်း အားကောင်းလွန်းပါတယ်။ သခင်ကြီးက အရှေ့ဘက် ပြည်ထောင်စုထက် ပိုမစွမ်းဆောင်နိုင်သရွေ့ ဒီသုံ့ပန်းအုပ်စုက သခင်ကြီးအပေါ် သစ္စာရှိမှာ မဟုတ်ပါဘူး”
တုပိုင်က မေးလိုက်သည်။ “ဒါဆို သူတို့ကို ဘယ်လို လုပ်သင့်တယ်လို့ မင်း ထင်လဲ”
လီကျန့်က ပြောလိုက်သည်။ “ပခုံးရိုးတွေကို ဖောက် ၊ ခြေချင်းခတ် ၊ သတ္တုတွင်း တူးခိုင်း ၊ ဆားတွင်း တူးခိုင်းပြီး သခင်ကြီးရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်အတွက် သေတဲ့အထိ အလုပ်လုပ်ခိုင်းရပါမယ်”
တုပိုင်က ပြောလိုက်သည်။ “အော်... ငါ မှတ်မိပြီ။ မင်းဆီမှာ လျှို့ဝှက် ရွှေတွင်းတွေ ၊ သံတွင်းတွေ ၊ ဆားတွင်းတွေ အများကြီး ရှိတာပဲ”
လီကျန့် ချက်ချင်း ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “အဲဒါတွေက သခင်ကြီး ပိုင်ဆိုင်တဲ့ လျှို့ဝှက် ရွှေတွင်းတွေ ၊ သံတွင်းတွေ ၊ ဆားတွင်းတွေပါ။ ကျွန်တော် လီမိသားစုနဲ့ ဘာမှ မဆိုင်တော့ပါဘူး”
တုပိုင် လီကျန့်ကို ကြည့်လိုက်သည်။ ဤကျွန်လေးသည် အတော်လေးကို အလိုက်သိလှသည်။ လီရူဟိုင်တစ်ယောက် လီကျန့်အား ထိုမျှလောက် မျက်နှာသာပေးခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ထိုအချိန်တွင် မင်းသမီးယွီကျိန်း လျှောက်လာပြီး လီကျန့်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် လီကျန့်သည် မင်းသမီးယွီကျိန်း၏ အိပ်မက်ဆိုးများထဲမှ တစ်ခုဟု သတ်မှတ်နိုင်သည်။
နှစ်ပေါင်းများစွာ လီကျန့်သည် မင်းသမီးယွီကျိန်းကို သူ၏မယားအဖြစ် သတ်မှတ်ထားခဲ့သည်။ အစမှ အဆုံးထိ လီကျန့်သည် မယားငယ်များသာ ယူခဲ့ပြီး တရားဝင် ဇနီးသည် လုံးဝ မယူခဲ့ပေ။ အကြောင်းမှာ မင်းသမီးယွီကျိန်းကို ဇနီးအဖြစ် လက်ထပ်ယူရမည်ဟု သူ ကြေညာထားခဲ့သောကြောင့် ဖြစ်သည်။
သေချာပေါက် ကျန်းနန်နယ်စားမင်း ဆုန်ချွဲက မင်းသမီးယွီကျိန်းကို လီကျန့်နှင့် ပေးစားရန် ဆန္ဒမရှိပေ။ သို့သော် ငြင်းဆန်ခြင်းလည်းမရှိဘဲ မင်းသမီးယွီကျိန်း၏ လက်ထပ်ပွဲကို တိုက်ရိုက် ရွှေ့ဆိုင်းထားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် တာ့နင်အင်ပါယာ၏ အထက်တန်းလွှာများ အမြင်တွင် မင်းသမီးယွီကျိန်းနှင့် လီကျန့်ကြားတွင် လက်ထပ်ရန် ကတိကဝတ် ရှိနေသည်ဟု ယူဆသောကြောင့် ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က မင်းသမီးယွီကျိန်း လီကျန့်နှင့် တွေ့ဖူးသည်။ ထိုအချိန်က လီကျန့်၏ မျက်နှာတွင် ရည်မှန်းချက်ကြီးသော ၊ လွှမ်းမိုးလိုစိတ် ပြင်းထန်သော အမူအရာမျိုး ရှိခဲ့၏။
သို့သော် ယခုမူ လီကျန့်သည် မျက်လုံးကို စောင်းပင် မကြည့်ပေ။ မင်းသမီးယွီကျိန်း မရှိသကဲ့သို့ ၊ သူ့မျက်လုံးထဲတွင် တုပိုင် တစ်ယောက်သာ ရှိသကဲ့သို့ ပြုမူနေသည်။
“ဒါ မင်းသမီးယွီကျိန်းလေ” တုပိုင်က ပြောလိုက်သည်။
လီကျန့်သည် အလွန် စည်းစနစ်ကျပြီး မာန်မာန မရှိ ၊ နှိမ့်ချခြင်းလည်း မရှိဘဲ ပြောလိုက်သည်။ “နိမ့်ကျတဲ့လီကျန့်က... မင်းသမီးယွီကျိန်းကို ဂါရဝပြုပါတယ်”
**--**--**--**--**--**--**--**
“အား... အား...”
“တုပိုင်... မင်း ငါ့ကို သတ်လို့မရဘူး။ မင်း ငါ့ကို သတ်လို့မရဘူး။ ငါက အင်ပါယာရဲ့ နယ်စားမင်းပဲ။ ဧကရာဇ်ရဲ့ အမိန့်မပါဘဲ မင်း ငါ့ကို သတ်လို့ မရဘူး...”
တုပိုင်သည် ရွှမ်ချန်နယ်စားမင်း လုကျန့်ကို အဝတ်အစားများ အကုန် ချွတ်ပစ်စေလိုက်သည်။ မည်သို့ပင်ဖြစ်စေ နွေအကုန် ဆောင်းဦးပေါက် ဖြစ်သဖြင့် အေးခဲမည့် အပူချိန် မဟုတ်ပေ။
ထို့နောက် လူတစ်ကိုယ်လုံးကို ငါးဖမ်းပိုက်ကဲ့သို့ ပိုက်ကွန်ဖြင့် ချည်နှောင်လိုက်သည်။ လုကျန့်သည် လူတစ်ကိုယ်လုံး ဝက်ဖြူကြီးတစ်ကောင်လို လူတိုင်းရှေ့တွင် ချည်နှောင်ခံထားရလေသည်။
ဤခေတ်မှ လူများသည် မသိနားမလည် ဖြစ်နေသေးသလား မပြောတတ် ၊ ခေါင်းဖြတ်သတ်သည်ကို ကြည့်ရခြင်းနှင့် လင်းချီခေါ် အရှင်လတ်လတ် အသားလွှာသတ်သည်ကို ကြည့်ရတာကို အရသာခံ ကြည့်ရှုတတ်ကြသည်။
ထိုအချိန်တွင် တုပိုင်၏ အရာရှိများလည်း အများအပြား ထွက်လာကြသည်။ ကျွမ်းကျင်သော သားသတ်သမားများလည်း ပါလာပြီး လင်းချီ မွမ်းမံမှု လက်ရာက အလွန် ကောင်းမွန်သည်။
ထို့အပြင် ဘေးတွင် ဂျင်ဆင်းဟင်းရည် တစ်အိုး တည်ထားပြီး ရွှမ်ချန်နယ်စားမင်း လုကျန့်ကို အချိန်မရွေး တိုက်ကျွေးရန် အဆင်သင့် ပြင်ထားသည်။
အတိုချုပ် ပြောရလျှင် အသားလွှာတစ်ထောင် မပြည့်ခင် ဤလူကို အသေခံ၍ မဖြစ်ပေ။
“အားးးး”
ပထမဆုံး ဓားချက် လှီးလိုက်သောအခါ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် သနားစဖွယ် အော်ဟစ်လိုက်ရသည်။
“သခင်ကြီးတုပိုင်... ဘိုးဘိုးတုပိုင်... ခွင့်လွှတ်ပါ... ခွင့်လွှတ်ပါ...”
“ဘိုးဘိုးတုပိုင်... ကျွန်တော်လည်း မိန်းမစိုး ဖြစ်နေပါပြီ။ သခင်ကြီးဘေးမှာ အခိုင်းအစေအဖြစ် နေပါရစေ။ ကျွန်တော့်ကို မသတ်ပါနဲ့... မသတ်ပါနဲ့...”
ရွှမ်ချန်နယ်စားမင်း လုကျန့်သည် အသည်းအသန် အော်ဟစ်နေလေသည်။ ပိုင်ဆယ်မြို့မှ စစ်သည်များ၏ မိသားစုဝင်များသည် သရေစာများ စားလျက် ၊ ဖရဲစေ့များ ဝါးလျက် ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းတွင် မြို့ရိုး၏ အခြားတစ်ဖက် ကွင်းပြင်တွင်လည်း ရေတွက်မရနိုင်သော သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်နေလေ၏။ ကျီရှီရှောင် ၊ လီဝမ်ဟွေ့ ၊ လီလင်းယွီ နှင့် လင်းချီနျန် တို့သည် စစ်သည်များကို ရွေးချယ်နေကြသည်။
ငယ်ရွယ်သူ ၊ ရိုးသားသူ ၊ ကျေးလက်ဒေသမှ မွေးဖွားသူများကို ဦးစွာ ရွေးထုတ်ပြီး တုပိုင် ကွပ်ကဲမှုအောက်ရှိ တတိယတပ်မတော်ထဲသို့ ထည့်သွင်းလိုက်သည်။
ကျန်ရှိသော စစ်သည်များ အတွက်မူ ရဲရဲနီနေသော သံပူဖြင့် မျက်နှာပေါ်သို့ တိုက်ရိုက် ကပ်လိုက်၏။
ချက်ချင်းပင် ‘ကျွန်’ ဟူသော စာလုံးသည် မျက်နှာတစ်ဝက်ကို ဖုံးလွှမ်းသွားရသည်။ ချွန်ထက်သော သံချိတ်ကြီးများက ပခုံးရိုးကို ထိုးဖောက်သွားလေ၏။ ထို့နောက် ကြိုးများနှင့် ခြေချင်းများ တပ်ဆင်လိုက်သည်။ လူတစ်ရာကို တစ်တွဲ ချည်နှောင်ကာ တိရစ္ဆာန်များကဲ့သို့ သံသတ္တုတွင်းများ ၊ လျှို့ဝှက် ရွှေတွင်းများနှင့် ဆားတွင်းများဆီသို့ မောင်းထုတ်ပြီး သတ္တုတွင်းလုပ်သားများ ဖြစ်စေလိုက်သည်။
ဖန်းမိသားစု စစ်တပ်မှ သုံ့ပန်း ၁ သောင်းသည် အမြဲတမ်း အလွန် မာန်မာနကြီးခဲ့ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အရှေ့ဘက် ပြည်ထောင်စုမှ စစ်သည်များ ဖြစ်ကြပြီး အလွန် အားကောင်းသော ကျောထောက်နောက်ခံ ရှိသောကြောင့် သူတို့ကို မည်သူမျှ ရန်မစရဲပေ။ တုပိုင်က သူတို့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးလိမ့်မည်ဟု ထင်နေကြသည်။
သို့သော် တုပိုင်က ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ သူတို့ကို လက်နက်ချစေလိုသည့် ဆန္ဒ လုံးဝ မရှိပေ။ ထိုအစား သူတို့၏ အဝတ်များကို ချွတ်ပစ်ပြီး ရဲရဲနီနေသော သံပူဖြင့် မျက်နှာပေါ်သို့ တိုက်ရိုက် ကပ်လိုက်သည်။
“အားးးး”
အရှေ့ဘက် ပြည်ထောင်စုမှ စစ်သည်များသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
နာကျင်လွန်း၍ မဟုတ်ဘဲ သူတို့၏ မျက်နှာပေါ်တွင် ကျွန်စာလုံး ရိုက်နှိပ်ခံလိုက်ရပြီးနောက် ပြန်ဖျက်၍ မရတော့သလို သူတို့ ရင်ထဲမှ မာန်မာနများလည်း လုံးဝ ကျိုးပျက်သွားသောကြောင့် ဖြစ်သည်။
ဖန်းအုပ်စုမှ သုံ့ပန်းများစွာသည် အရှက်ခွဲမခံလိုကြဘဲ တိုက်ရိုက် အကြမ်းဖက် ခုခံကြသည်။ သို့သော် သူတို့တွင် သံချပ်ကာ မရှိ ၊ လက်နက် မရှိပေ။ ပုန်ကန်သူ အားလုံးအတွက်မူ အသွေးအပျက်ဆုံးနှင့် အကြမ်းကြုတ်ဆုံး အရှက်ခွဲမှုကသာ စောင့်ကြိုနေလေသည်။
ပုန်ကန်သူ အားလုံးကို အရှင်လတ်လတ် မီးရှို့သတ်ပြီး အလောင်းများကို လမ်းတစ်လျှောက် ချိတ်ဆွဲကာ နေလှန်းထားလိုက်သည်။
နောက်ဆုံးတော့ သူတို့သည် အာဏာရှင်ကဲ့သို့သော ရန်သူမျိုးနှင့် တွေ့ဆုံခဲ့ရပြီ ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။
လမ်းတစ်လျှောက်လုံးတွင် သွေးများ ၊ မျက်ရည်များနှင့် အရိုးများကို တွေ့နေရသည်။ သုံ့ပန်း သောင်းချီတို့သည် အဝတ်ဗလာဖြင့် ခြေချင်းခတ်ခံထားရကာ ကြိုးများဖြင့် တပ်ဖွဲ့လိုက် ချည်နှောင်ခြင်း ခံထားရပြီး သတ္တုတွင်း အသီးသီးသို့ မောင်းနှင်ခြင်း ခံနေကြရသည်။
ဤသည်ကား စစ်ပွဲပင်။ စစ်မြေပြင်၌ စာနာထောက်ထားမှု ရှိပါသလော။ အဖြေကား မရှိချေ။ အဖြေမရှိခြင်းမဟုတ်ဘဲ အဖြေမှာ မရှိချင်းဖြစ်သည်။ အဲ..။
ဝမ်းနည်းစရာကောင်းသည်မှာ ဤသည်ကား နွေဦးနှင့် ဆောင်းဦး ခေတ်ကာလ မဟုတ်သကဲ့သို့ ခေတ်သစ် ကမ္ဘာလည်း မဟုတ်ပေ။ ဤသည်ကား ၁၈ ရာစုပင်ဖြစ်၏။
အနိုင်ရသူနှင့် ရှုံးနိမ့်သူသာ ပဓာန ဖြစ်သည်။
ထိုညတွင် တုပိုင်သည် ဧရာမဝံပုလွေမြင်းတပ်ကို ဦးဆောင်ကာ ထွက်ခွာခဲ့ပြီး တာ့လုံခံတပ်သို့ သွားရောက်ခဲ့သည်။ မီးနတ်ဘုရား စစ်တပ်မှ အကြီးအကဲ လေးဦးလည်း တုပိုင်နှင့် အတူ လိုက်ပါလာကြသည်။
တာ့လုံခံတပ်တွင် သုံ့ပန်း ၄ သောင်း ၅ သောင်းခန့် ရှိနေသေးသည်။ ထိုနေ့က တုပိုင် ရူးသွပ်သွားပြီး ဖျက်ဆီးခြင်းမြှားများကို ပစ်လွှတ်ခဲ့ရာ ကမ္ဘာပျက်သကဲ့သို့ ငရဲပန်းပွင့်များ ပွင့်လန်းခဲ့၏။
ရလာဒ်အနေဖြင့် လီမိသားစု စစ်သည် ၂ သိန်းကျော် လုံးဝနီးပါး သေဆုံးခဲ့ရပြီး ကျန်ရှိသော ၄ သောင်း ၅ သောင်းခန့်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသက်ရှင်ခွင့် ရရန် နတ်ဘုရားတုပိုင်အား တောင်းပန်နေခဲ့ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က တုပိုင် တာ့လုံခံတပ်မှ ထွက်ခွာစဉ်က လီမိသားစု သုံ့ပန်း ၄ သောင်းကျော်ကို တာ့လုံခံတပ်တွင် နေရစ်ခဲ့ရန် ၊ မထွက်ခွာရန် အမိန့်ပေးခဲ့ပြီး ၃ ရက်စာ အစာရေစာသာ ပေးခဲ့၏။
ယခု ၇ ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်လေ၏။ အကယ်၍ သုံ့ပန်း ၄ သောင်းကျော် ရှိနေသေးလျှင် သူတို့သည် တုပိုင်ကို ရင်ထဲကနေ အပြည့်အဝ ကြောက်ရွံ့ရိုသေနေပြီး တုပိုင်ကို ဘုရားသခင်ကဲ့သို့ သတ်မှတ်ထားပြီ ဖြစ်ကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။
သို့မဟုတ်ပါက သူတို့ အချိန်မရွေး ထွက်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို မည်သူမျှ စောင့်ကြပ်မနေသောကြောင့် ဖြစ်သည်။
ထို့အပြင် သူတို့သည် အစာပြတ်လပ်နေသည်မှာ ၄ ရက် ရှိပြီဖြစ်၏။ အကယ်၍ ရင်ထဲမှ နာခံမှုနှင့် ကြောက်ရွံ့မှုသာ မရှိပါက အစာရှာရန် သေချာပေါက် ထွက်ပြေးကြပေလိမ့်မည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
တုပိုင်သည် မီးနတ်ဘုရား စစ်တပ်မှ အကြီးအကဲ လေးဦးနှင့်အတူ ဧရာမ ဝံပုလွေ ရာပေါင်းများစွာကို ဦးဆောင်ကာ တာ့လုံခံတပ်ထဲသို့ ဝင်ရောက်လာသည်။
ရုတ်တရက် စိမ်းဖန့်ဖန့် မျက်လုံး သောင်းချီကို တွေ့လိုက်ရသည်။ လူ ၄ သောင်း ၅ သောင်းခန့်သည် ငတ်မွတ်ပြီး ကုန်ခမ်းနေကြပြီဖြစ်၏။
သို့သော် သူတို့သည် တာ့လုံခံတပ်ထဲတွင် တကယ်ကို မလှုပ်မယှက် ထိုင်နေကြသည်။ အစာပြတ်နေသည်မှာ ၄ ရက် ရှိပြီး စောင့်ကြပ်သူ မရှိသော်လည်း မည်သူမျှ ထွက်မသွားကြပေ။
မဟုတ်သေးချေ။ ထွက်သွားသည့်သူ ရှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မြေပြင်ပေါ်တွင် လတ်လတ်ဆတ်ဆတ် အလောင်း ထောင်ပေါင်းများစွာ လဲလျောင်းနေသောကြောင့် ဖြစ်သည်။
ဤလူများသည် ဗိုက်ဆာလွန်းသဖြင့် ထွက်ခွာရန် ပြင်ဆင်ခဲ့ရာမှ ကျန်ရှိသော သောင်းချီသော လူများ၏ ဝိုင်းဝန်း သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်က သူတို့ကို ဤနေရာတွင် ငြိမ်ငြိမ်နေရန် ၊ မလှုပ်ရှားရန် ၊ တစ်ယောက်ယောက် ထွက်သွားပါက တုပိုင်၏ အမိန့်ကို ဖီဆန်ခြင်းပင် ဟူ၍ ပြောကြားခဲ့သောကြောင့် ဖြစ်သည်။
တုပိုင်ကား မည်သူနည်း။ သူသည် ငရဲပန်းပွင့်များကို လွှတ်ကာ လူသိန်းချီကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခဲ့သည့် နတ်ဘုရားတစ်ပါးပင်။
ထို့ကြောင့် သူတို့၏အမြင်တွင် တစ်စုံတစ်ယောက်က တုပိုင်၏ အမိန့်ကို ဖောက်ဖျက်လိုက်လျှင် လူတိုင်း အသတ်ခံရလိမ့်မည်ဟု ယူဆသဖြင့် ထွက်ပြေးမည့်သူများကို ဝိုင်းဝန်း သတ်ဖြတ်ပစ်လိုက်ကြခြင်း ဖြစ်သည်။
တုပိုင် သူ့ဘေးနားရှိ မီးနတ်ဘုရား စစ်တပ်မှ အကြီးအကဲ လေးဦးကို ကြည့်ပြီး ပြောလိုက်သည်။ “ဒီလူတွေကို ခင်ဗျားတို့ မီးနတ်ဘုရား စစ်တပ်ရဲ့ တပ်သားသစ်တွေအဖြစ် ယူမယ်ဆိုရင်ရော ဘယ်လိုလဲ”
တုပိုင်၏ ဒုတိယတပ်မတော်ဖြစ်သော မီးနတ်ဘုရား စစ်တပ်မှ အကြီးအကဲ လေးဦး၏ မျက်လုံးများ အရောင်တောက်သွားကြလေသည်။
ဤသည်ကား အလွန် ကောင်းမွန်ပေသည်။ ဤလူ ၄ သောင်း ၅ သောင်းသည် အကောင်းဆုံး စစ်သည် အရင်းအမြစ်များပင်ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၉ + ၅၉၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team