← Chapters

အခန်း (၅၉၁-၅၉၂)

Vol. 60 Ch. 591-592

အခန်း (၅၉၁-၅၉၂)

Vol. 60 Ch. 591-592

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၁ + ၅၉၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

အဘယ်ကြောင့်ဆိုသော် သူတို့သည် တုပိုင်ကို ယုံကြည်ကြသည် ၊ ကြောက်ရွံ့ကြသည် ၊ ရူးသွပ်စွာ ကိုးကွယ်ကြသည်။ အတိုချုပ်ဆိုရသော် သူတို့ကို ဦးနှောက်ဆေးစရာပင် မလိုတော့ချေ။ လေ့ကျင့်ပေးလိုက်သည်နှင့် သူတို့သည် အလွန်တော်သည့် လက်ရွေးစင် မီးနတ်ဘုရား စစ်သည်များ ဖြစ်လာကြပေလိမ့်မည်။

တုပိုင်သည် ငတ်မွတ်ခေါင်းပါးကာ သေလုမြောပါး ဖြစ်နေသော သုံ့ပန်း ၄ သောင်း ၅ သောင်းခန့်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းတို့ကောင်တွေ... ငါ့အပေါ် သစ္စာရှိဖို့ ဆန္ဒရှိကြလား"

ထို သုံ့ပန်း ၄ သောင်း ၅ သောင်း၏ မျက်လုံးများ အရောင်တောက်သွားကြပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ အလွန်အမင်း စိတ်သက်သာရာ ရသွားကြလေသည်။ သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး ဦးခိုက်ကာ ပြောလိုက်ကြသည်။

"ရှိပါတယ်... အရှင်သခင်ကို ဂါရဝပြုပါတယ်"

"အရှင်သခင် သက်တော်ရာကျော် ရှည်ပါစေ"

"မီးနတ်ဘုရား သက်တော်ရာကျော် ရှည်ပါစေ"

"မီးနတ်ဘုရား သက်တော်ရာကျော် ရှည်ပါစေ"

လက်ရှိအချိန်မှစ၍ တုပိုင်၏ မီးနတ်ဘုရားစစ်တပ်သည် အင်အား ၇ သောင်းအထိ တိုးချဲ့ဖွဲ့စည်းလိုက်နိုင်ပြီ ဖြစ်သည်။ ဤလူ ၄ သောင်း ၅ သောင်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အားမကောင်းသေးသော်လည်း သူတို့သည် တုပိုင်ကို ယုံကြည်ကြသည်။ ကြောက်ရွံ့ကြသည်။ ထိုအချက်ကပင် လုံလောက်နေပြီ ဖြစ်သည်။

မကြာမီ အနာဂတ်တွင် သူတို့သည် ထိပ်သီးလက်ရွေးစင် ၊ အယူသည်းဆုံးသော မီးနတ်ဘုရား စစ်တပ်ကြီး ဖြစ်လာကြပေလိမ့်မည်။

**--**--**--**--**--**--**--**

ရွေးချယ်မှုများ ပြုလုပ်ပြီးနောက် လီဝမ်ဟွေ့ ၊ မြို့စားမင်း ကျီရှီရှောင် ၊ လီလင်းနှင့် အခြားသူများသည် ရွှမ်ချန်နယ်စားမင်း၏ သုံ့ပန်းများထဲမှ ၇ ထောင်ကို ရွေးထုတ်လိုက်ပြီး တတိယတပ်မတော်ထဲသို့ ပေါင်းထည့်လိုက်သည်။

သို့သော် ထိုသို့ ပေါင်းထည့်လိုက်သည့်တိုင် တတိယတပ်မတော်တွင် လူအင်အား ၁ သောင်း ၁ ထောင်သာ ရှိသေးသည်။

မူလက တတိယတပ်မတော်တွင် ပါဝင်ခဲ့သော မိုမိသားစု တပ်သားဟောင်း ၁ သောင်း ၅ ထောင်မှာ သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် ပိုင်ဆယ်တိုက်ပွဲအတွင်း တတိယတပ်မတော်မှ အခြားသော စစ်သည် ၆ ထောင်ခန့်မှာလည်း သေဆုံးဒဏ်ရာရခဲ့ကြသေးသည်။

တုပိုင်၏ ပထမတပ်မတော်ဖြစ်သော ပြိုင်ဘက်ကင်း မြေအောက်မြို့တော် တပ်မတော်တွင်မူ လူအင်အား ၅ သောင်းအထိ ရှိနေသည်။ အရန်စစ်သည် ၂ သောင်းတွင် ထက်ဝက်ကျော် ထိခိုက်ဒဏ်ရာရခဲ့သော်လည်း သူတို့၏ သံချပ်ကာများမှာ အလွန်ကောင်းမွန်သောကြောင့် ထိုထိခိုက်ဒဏ်ရာရသူ ၁ သောင်းထဲမှ ၇ ထောင်ကျော်သည် ဒဏ်ရာများသက်သာလာပြီးနောက် တပ်ဖွဲ့ထဲသို့ ပြန်လည် ဝင်ရောက်နိုင်လာကြသည်။

ဒုတိယတပ်မတော် ဖြစ်သော မီးနတ်ဘုရားစစ်တပ်မှာမူ လူအင်အား ၇ သောင်းအထိ တိုးချဲ့ဖွဲ့စည်းထားသည်။

တတိယတပ်မတော်တွင် လူ ၁ သောင်း ၁ ထောင်သာ ရှိနေခြင်းမှာ သေချာပေါက် မလုံလောက်ပေ။ ထို့ကြောင့် တုပိုင်သည် လီကျန့်ကို သွားရောက် ရှာဖွေလိုက်သည်။

"လီကျန့်... ငါ့ရဲ့ တတိယတပ်မတော်မှာ အသေအပျောက် အရမ်းများလွန်းတယ်။ အခုဆိုရင် လူ ၁ သောင်း ၁ ထောင်ပဲ ကျန်တော့တယ်။ မင်းရဲ့ လီမိသားစုဘက်က နောက်ဆုံးမှာ စစ်သည် ဘယ်နှယောက် လက်နက်ချခဲ့လဲ"

"အရှင်သခင်ကို လျှောက်တင်ပါတယ်... စုစုပေါင်း ၉ သောင်း ၁ ထောင်ပါ" လီကျန့်က ပြောလိုက်သည်။ "ကျွန်တော်က လီမိသားစုနဲ့ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ရဲ့ နောက်ဆုံးကျန်ရှိတဲ့ ခေါင်းဆောင်ပါ"

တုပိုင်က ပြောလိုက်သည်။ "ဒီလူ ၉ သောင်းကျော်ကို ပြန်လည် ဖွဲ့စည်းရမယ်။ အဲဒီအထဲက ၄ သောင်းကို ကျီရှီရှောင်နဲ့ လီလင်းတို့ရဲ့ တတိယတပ်မတော်ထဲကို ခွဲဝေပေးလိုက်မယ်။ မင်းမှာ ကန့်ကွက်စရာ ရှိလား"

လီကျန့်သည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ "ဒါတွေအားလုံးက အရှင်သခင်ရဲ့ စစ်တပ်ပါပဲ။ အရာအားလုံးကို အရှင်သခင်ကပဲ ဆုံးဖြတ်ပါ"

တုပိုင်က ပြောလိုက်သည်။ "ကောင်းပြီ... ကျန်တဲ့ လူ ၅ သောင်းကိုတော့ စတုတ္ထတပ်မတော်အဖြစ် ဖွဲ့စည်းမယ်။ အဲဒီတပ်ကို မင်းကွပ်ကဲရမယ်"

လီကျန့်သည် ဦးခိုက်လိုက်ပြီး ပြောလိုက်သည်။ "အရှင်သခင်ရဲ့ မဟာကရုဏာတော်ကို ကျေးဇူးတင်ရှိပါတယ်။ စတုတ္ထတပ်မတော်က အရှင်သခင်အတွက် သေသည်အထိ သစ္စာရှိပါ့မယ်"

လက်ရှိအချိန်တွင် တုပိုင်ထံ၌ စစ်တပ် ၄ ခု ရှိလာပြီ ဖြစ်ပြီး စုစုပေါင်း အင်အား ၂ သိန်း ၃ သောင်း ရှိလာပြီ ဖြစ်သည်။

ဤစစ်သည် ၂ သိန်းဖြင့် တုပိုင်သည် အနောက်တောင်ပိုင်း ပြည်နယ်များတွင် လုံးဝ ပြိုင်ဘက်ကင်း ဖြစ်သွား​ပြီဖြစ်သည်။ သူ၏စစ်အင်အားသည် လီမိသားစု၏ အထွတ်အထိပ် အင်အားကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ သူသည် အနောက်တောင်ပိုင်း တစ်ခုလုံး၏ ငြင်းမရနိုင်သော အရှင်သခင်တစ်ပါး ဖြစ်လာလေ၏။

**--**--**--**--**--**--**--**

လီကျန့်၏ အခန်း၌ လီကျန့်သည် မျက်လုံးများကို မှိတ်ကာ တင်ပျဉ်ခွေလျက် ကျင့်ကြံအားထုတ်နေလျက်ရှိသည်။

ထိုအခိုက် ချောမောလှပသော အမျိုးသမီးတစ်ယောက် ဝင်ရောက်လာ၏။ သူမသည် လီကျန့်၏ ဝမ်းကွဲညီမ လီလင်းယွီပင် ဖြစ်လေသည်။

"အစ်ကိုကြီး... ကျွန်မတို့ စစ်တပ်ကို တစ်ဝက်ခွဲလိုက်ပြီလား" လီလင်းယွီက ပြောလိုက်သည်။ "ပြီးတော့ အဲဒါက လီမိသားစုရဲ့ အတော်ဆုံး လက်ရွေးစင် စစ်သည် ၄ သောင်းလေ။ အဲဒါကို ကျီရှီရှောင်နဲ့ လီလင်းတို့ရဲ့ တတိယတပ်မတော်ဆီ ပေးလိုက်တယ်တဲ့လား။ အစ်ကိုကြီး ဦးဆောင်ရမယ့် စတုတ္ထတပ်မတော်က အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့က တပ်သားတွေ အများကြီး ပါနေတာမဟုတ်လား။ ပြီးတော့ တုပိုင်ရဲ့ လူယုံတော် လီဝေကလည်း စတုတ္ထတပ်မတော်ထဲကို တပ်ရင်းမှူးအနေနဲ့ ဝင်လာသေးတယ်တဲ့လား"

လီကျန့်က ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။ "စစ်တပ်က ကိစ္စတွေကို မင်း စပ်စုစရာ မလိုဘူး။ အရှင်သခင်ရဲ့ အမိန့်မပါဘဲနဲ့ ငါက တစ်ခွန်းမှ ဟလို့မရဘူး"

လီလင်းယွီသည် တိုက်ရိုက်ပင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုကြီး... ကျွန်မတို့ လီမိသားစုက လုပ်ပေးသင့်သလောက် လုပ်ပေးခဲ့ပြီးပြီလေ။ အဲဒီတုန်းက ကျွန်မတို့မှာ ပြန်တိုက်ဖို့ အင်အားမရှိတာမှ မဟုတ်တာ။ ကျွန်မတို့က ဖန်းအုပ်စုဆီမှာလည်း သစ္စာမခံခဲ့ဘူး။ မီးနတ်ဘုရားဘာသာဆီမှာလည်း သစ္စာမခံခဲ့ဘူး။ တုပိုင်ဆီမှာပဲ သစ္စာခံဖို့ ရွေးချယ်ခဲ့ကြတာလေ။ ကျွန်မတို့ ဒီလောက်ထိ ပေးဆပ်ခဲ့ပြီးပြီ။ ကျွန်မတို့သာ လက်နက်ချ အညံ့မခံခဲ့ရင် တုပိုင်က အနောက်တောင်ပိုင်း စော်ဘွားနယ်မြေ တစ်ခုလုံးကို ဒီလောက် လွယ်လွယ်ကူကူ ဘယ်ရနိုင်မှာလဲ။ အနောက်တောင်ပိုင်းကို ရှင်းလင်းဖို့ ဒီလောက် လွယ်ပါ့မလား။ ကျွန်မတို့ လီမိသားစုက သူ့အပေါ် ကျေးဇူးရှိရဲ့သားနဲ့ သူက ဘာလို့ ကျွန်မတို့ကို ဒီလို ဆက်ဆံရတာလဲ"

"ပါးစပ်ပိတ်ထားစမ်း" လီကျန့်က အေးစက်စွာ ပြောလိုက်သည်။ "မင်း မသေချင်ရင် ပါးစပ်ပိတ်ထားလိုက်။ မင်းက ပိုတော်လား ၊ ငါ့အဖေက ပိုတော်လား။ ငါတို့ လီမိသားစု လက်နက်ချခဲ့တယ်ဆိုတာ မှန်ပေမဲ့ အခုလက်ရှိ အရှင်သခင်ရဲ့ အင်အားနဲ့ဆိုရင် ငါတို့ကို လက်ခံတယ်ဆိုတာကတင် ကြီးမားတဲ့ အတိုင်းအတာတစ်ခုပဲ။ သူက စစ်သည် ၁ သိန်းလုံးကို ငါ့လက်ထဲ အပ်ပေးမယ်ဆိုရင်တောင် ငါက သေရင်သေပါစေ ၊ လုံးဝ လက်မခံရဲဘူး"

လီလင်းယွီက ပြောလိုက်သည်။ "အစ်ကိုကြီး... ဒီမှာ ကျွန်မတို့ နှစ်ယောက်တည်း ရှိတာပါ။ ဟန်ဆောင်နေစရာ မလိုပါဘူး။ ကျွန်မကို အမှန်အတိုင်း ပြောပြစမ်းပါ။ အစ်ကိုကြီး ဘယ်လို တွေးနေသလဲ"

လီကျန့်သည် လီလင်းယွီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်း ဘာတွေးနေလဲ ငါသိပါတယ်။ မင်းက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သိပ်ပြီး ဉာဏ်ကောင်းလွန်းနေတယ်။ လီလင်းယွီ... ငါ အခု မင်းကို ပြောပြမယ်။ အဖေက သူ့အသက်နဲ့ရင်းပြီး တုပိုင်က ကံတရားရဲ့ အရှင်သခင်ဖြစ်ကြောင်း သက်သေပြခဲ့တယ်။ တုပိုင်က အလွန်အင်အားကြီးမားတဲ့ အမှောင်သခင်အဖြစ် ပြောင်းလဲသွားတာကို အမေ ကိုယ်တိုင် မြင်လိုက်ရတယ်။ ငါ့ရင်ထဲမှာ ဘာရှိလဲ မင်း မေးချင်တာလား။ ဒါဆို ငါ ပြောပြမယ်။ ဒီတစ်ခါ ငါတို့ လီမိသားစု လုံးဝ မျိုးပြုန်းမသွားခဲ့တာကိုပဲ ဘုရားသခင်ကို ငါ အရမ်းကျေးဇူးတင်နေပြီ။ ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ လီမိသားစုကို ပြန်လည် နိုးထစေချင်တယ်။ ငါတို့ ဘိုးဘေးတွေ တစ်ခါမှ မရရှိခဲ့ဖူးတဲ့ ဘုန်းအသရေမျိုးကို ဖန်တီးချင်တယ်။ ငါ အရှင်သခင်နဲ့ နားလည်မှု တစ်ခု ရယူထားပြီးပြီ။ အဲဒါကို မင်း လာမဖျက်ဆီးနဲ့"

"ပြီးတော့ အဒေါ့်ကိုပါ ပြောလိုက်... ဟုန်ဟယ်အဖွဲ့ရဲ့ ငွေကြေးတွေ ၊ ရိက္ခာတွေ ၊ အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေ အားလုံးကို ဘာမှ ချန်မထားဘဲ အရှင်သခင်ဆီ လွှဲပြောင်းပေးလိုက်ပါ။" လီကျန့်က ဆက်ပြောသည်။ "ဒီနေ့ကစပြီး အဒေါ်ရော မင်းရော ငါနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မနေကြနဲ့တော့။ မင်းတို့က အရှင်သခင်ရဲ့ ငွေထုတ်ကြီး ဖြစ်လာတော့မှာ။ စစ်ဘက်အရာရှိတွေနဲ့ ရင်းရင်းနှီးနှီး မပတ်သက်နဲ့"

လီလင်းယွီ၏ မျက်လုံးများ နီရဲလာပြီး မေးလိုက်သည်။ "အစ်ကိုကြီး... အစ်ကိုကြီး ပြောတာတွေက ရိုးသားရဲ့လား"

လီကျန့်က ပြောလိုက်သည်။ "ဟုတ်တယ်။ ငါ ရိုးသားတယ်။ ဒီလောင်းကြေးက အဖေ အသက်နဲ့ရင်းပြီး ရယူခဲ့တာ။ ငါ ဒီအရာကို မြဲမြဲဆုပ်ကိုင်ထားမှာ။ ဘယ်လို အမှားမျိုးမှ အဖြစ်ခံလို့ မရဘူး"

လီလင်းယွီက ပြောလိုက်သည်။ "ဒါဆို ကျွန်မ နားလည်ပါပြီ။ အရှင်သခင်က အင်အား အလုံအလောက် ကြီးမားလာမှပဲ ကျွန်မတို့ လီမိသားစုကို စိတ်ချယုံကြည်နိုင်မှာပေါ့"

လီကျန့်က ပြောလိုက်သည်။ "ငါ ပြောပြီးပြီလေ။ မင်းက အရမ်းဉာဏ်ကောင်းပါတယ်။ ဒီလို ဉာဏ်ကောင်းမှုမျိုးကိုပဲ ဆက်ထိန်းထားပါ။ ကျန်တဲ့ မလိုအပ်တဲ့ ဉာဏ်များတာတွေ ထပ်မလုပ်နဲ့တော့"

လီလင်းယွီက ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွားသည်။

လီကျန့်သည်တော့ မျက်လုံးကိုဆက် မှိတ်ထားလေပြီး ဆက်လက် ကျင့်ကြံနေလိုက်၏။

လီကျန့်သည် ယခင်ကတည်းက အလွန်တော်သူ ဖြစ်သော်လည်း လီရူဟိုင် သေဆုံးပြီးနောက် သူသည် လျင်မြန်စွာ ရင့်ကျက် တည်ငြိမ်လာခဲ့သည်။

'အဖေ... စိတ်ချပါ။ ကျွန်တော် အဖေ စိတ်ပျက်အောင် မလုပ်ပါဘူး။ ကောင်းကင်ဘုံကနေ ကျွန်တော့်ကို စောင့်ကြည့်နေပါ။ ကျွန်တော် သေချာပေါက် လီမိသားစုကို တဖန်ပြန်ပြီး ဘုန်းကြီးအောင် လုပ်ဆောင်ပါ့မယ်။ အရှင်သခင်ရဲ့ ကြီးစိုးလွှမ်းမိုးမှုပုံစံကို အခွင့်ကောင်းယူပြီး လီမိသားစုကို အရှေ့ကမ္ဘာရဲ့ ထိပ်တန်းမိသားစုကြီး ဖြစ်လာစေရပါမယ်'

**--**--**--**--**--**--**--**

လီစစ်ချောင် တစ်ယောက် နောက်ဆုံးတော့ အားလပ်ရက်ရပြီး အိမ်ပြန်ရောက်လာသည်။ ရောက်သည်နှင့် ချက်ချင်းပင် ငွေတုံး ၁၀ တုံး ရှိသော စစ်သည်လစာကို သူ့မိန်းမလက်ထဲ အပ်လိုက်၏။

"ဒီလောက်တောင် များတာလား" သူ့မိန်းမ အံ့သြသွားသည်။

လီစစ်ချောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "ဒါက ဘာပြောစရာ ရှိသေးလို့လဲ။ ဗဟုသုတမရှိတဲ့ မိန်းမ... ငွေကိုပဲ ကြည့်မနေနဲ့။ အနာဂတ်နဲ့ ယှဉ်လိုက်ရင် ဒီငွေက ဘာမှ မဟုတ်ဘူး"

ထို့နောက် လီစစ်ချောင်က လျှို့ဝှက်နက်နဲသော ပုံစံဖြင့် ပြောလိုက်သည်။ "ငါ ဒီတစ်ခါ အကျိုးဆောင်မှတ်တွေ အများကြီး ရခဲ့တယ်။ ငါ ရန်သူ့ခေါင်းတွေ အများကြီး ဖြတ်ခဲ့တယ်။ အဲဒါတွေကို စစ်အကျိုးဆောင်အမှတ်တွေနဲ့ လဲလှယ်လို့ရတယ်။ အထက်လူကြီးတွေ ပြောတာတော့ ငါတို့ရဲ့ ဒုတိယတပ်မတော်ကို အကြီးအကျယ် တိုးချဲ့ဖွဲ့စည်းတော့မယ်တဲ့။ ဒီအခွင့်အရေးကို အသုံးချပြီး ငါ့ရာထူးလည်း ပြောင်းလဲဖို့ လိုနေပြီ။ တိုက်ရိုက်ကြီး တပ်စုမှူးအဆင့်အထိ တိုးမြှင့်ခံရနိုင်တယ်"

"တကယ်လား" သူ့မိန်းမက အံ့သြတကြီး မေးလိုက်သည်။

လီစစ်ချောင်က ပြောလိုက်သည်။ "တိုးတိုးလုပ်စမ်းပါ... အသံကို တိုးတိုးလုပ်စမ်းပါ။ ကိစ္စတွေက အတည်မဖြစ်သေးဘူး။ အပြင်ထွက်ပြီး လိုက်ကြွားမနေနဲ့ဦး"

ထို့နောက် လီစစ်ချောင်သည် ရင်ဘတ်ထဲမှ ပန်းချီကားတစ်ချပ်ကို ဂရုတစိုက် ထုတ်ယူလိုက်ရာ တုပိုင်၏ ပုံတူပန်းချီကား ဖြစ်နေလေသည်။ လီစစ်ချောင်သည် ခပ်တည်တည်ဖြင့်ပင် သူ့အိမ်၏ ခန်းမဆောင် အလယ်တည့်တည့်တွင် တုပိုင်၏ ပုံတူကို ချိတ်ဆွဲလိုက်သည်။

"အောက်ခြေစစ်သည် လီစစ်ချောင်က အရှင်သခင် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်" လီစစ်ချောင်သည် အလွန်ကိုင်းရှိုင်းသော ပုံစံဖြင့် ဒူးထောက်လိုက်သည်။

သူ့မိန်းမနှင့် ဖခင်ဖြစ်သူတို့ပင် ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းသွားကြရသည်။ အရင်တုန်းက လီစစ်ချောင်က တုပိုင်ကို မလေးမစား ပြောနေကျ မဟုတ်ပါလော။

ယခုမူ ဘိုးဘေးများကို ကန်တော့သည်ထက်ပင် ပိုမို၍ လေးစားနေလေ၏။

သူ့မိန်းမက ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။ "ရှင် ရာထူးမက်ပြီး ရူးသွပ်နေတာလား။ အမတ်မင်းတုပိုင်က ဒီလိုအရာမျိုးတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး"

လီစစ်ချောင် အလျင်အမြန် ထလိုက်ပြီး သူ့မိန်းမ၏ ပါးစပ်ကို လှမ်းပိတ်ကာ ပြောလိုက်သည်။

"မိန်းမ... နင်က ဘာသိလို့လဲ။ ငါက အရှင်သခင်ကို ဖားနေတယ်လို့ ထင်နေတာလား။ ငါ ဖားနေတာကို ဘယ်သူမှလည်း မြင်တာမဟုတ်ဘူး။ အလကားပဲလေ။ ငါ နင့်ကို ပြောပြမယ်... ငါတို့ အရှင်သခင်က သာမန်လူ မဟုတ်ဘူး။ နတ်ဘုရား... နတ်ဘုရားကွ။ နတ်ဘုရား လူ့ပြည်ဆင်းလာတာကို သိလား။ ငါ ကိုယ်တိုင် မြင်ခဲ့တာ။ ငါတို့ စစ်သည် သောင်းချီပြီး ကိုယ်တိုင် မြင်ခဲ့ကြတာ"

လီစစ်ချောင်သည် တုပိုင်က ဖျက်ဆီးခြင်းမြှားများကို ရူးသွပ်စွာ ပစ်လွှတ်လိုက်သည်ကို ၊ ငရဲပန်းပွင့်များ ပွင့်လန်းလာသည်ကို၊ လီရူဟိုင်၏ စစ်သည် သိန်းချီကို သတ်ဖြတ်လိုက်သည်ကို တကယ်ပင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

ထိုအချိန်မှစ၍ လီစစ်ချောင်သည် တုပိုင်၏ စစ်တပ်ရှိ အခြားသော စစ်သည်များနည်းတူ တုပိုင်၏ စစ်မှန်သော ကိုးကွယ်သူတစ်ယောက် ဖြစ်လာလေတော့၏။

**--**--**--**--**--**--**--**

နန်းတော်၌ အစားအစာများ လုံးဝ ကုန်ခမ်းနေပြီ ဖြစ်သည်။ စစ်တပ်တွင်ပင် စားစရာ မရှိတော့ချေ။

ဧကရာဇ်မင်းမြတ်သည် ပိန်လှီနေပြီ ဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုကြောင့် သူသည် အလွန်ထူးခြားသော စိတ်အခြေအနေ တစ်ခုသို့ ရောက်ရှိနေလေ၏။ ထိုသည်မှာ ငြိမ်းချမ်းခြင်းပင်ဖြစ်လေ၏။

သို့သော် စစ်မှန်သည့် ငြိမ်းချမ်းခြင်းဟူ၍တော့ မဟုတ်လေဘဲ မျှော်လင့်ချက်ကင်းမဲ့သွားသည့် ငြိမ်းချမ်းခြင်းမျိုးပင် ​ဖြစ်လေ၏။ ဧကရာဇ်၏စိတ်ထဲ၌ အလွန် ဟာလာဟင်းလင်း ဖြစ်နေပြီး တိတ်ဆိတ်နေသည်။

အိမ်ရှေ့စံမင်းသား၏ မျက်နှာသည် စတင် ဖောရောင်လာပြီ ဖြစ်သည်။ သူသည် ဦးခိုက်လိုက်ပြီး ပြောလိုက်သည်။ "ခမည်းတော်... တုပိုင်ဆီက ဘာသတင်းမှ မကြားရပါဘူး။ နောက်ဆုံးရသတင်းအရ ရွှမ်ချန်နယ်စားမင်း လုကျန့်နဲ့ ယွမ်ထျန်ကျောက်တို့ရဲ့ စစ်သည် သိန်းချီက ပိုင်ဆယ်မြို့ကို ဝိုင်းထားပါတယ်။ တုပိုင်က သူ့စစ်တပ်ကို ဦးဆောင်ပြီး လူသူကင်းမဲ့တဲ့ တာ့လုံခံတပ်ဆီကို ဆုတ်ခွာသွားပါတယ်။ အဲဒီမှာ ဘုရင်လီရူဟိုင်က စစ်သည် ၃ သိန်းနဲ့ တာ့လုံခံတပ်ကို ဝိုင်းထားပါတယ်။ ပြန်မပြောကောင်းပေမဲ့... ပိုင်ဆယ်မြို့ ကျဆုံးသွားပြီး တုပိုင်ရဲ့ စစ်တပ်တစ်ခုလုံး ပျက်စီးသွားလောက်ပါပြီ"

ဧကရာဇ်သည် အသံတစ်ချက်မျှ မထွက်သေးပေ။

အိမ်ရှေ့စံက ပြောလိုက်သည်။ "မြို့တော်က သက်ကြီးရွယ်အိုတွေ သေကုန်ကြပါပြီ။ နောက်ရက်အနည်းငယ်နေရင် မြို့တော်က ပြည်သူတွေ အစုလိုက်အပြုံလိုက် သေကုန်ကြပါလိမ့်မယ်"

ဧကရာဇ်သည် တိတ်ဆိတ်နေဆဲပင်။

အိမ်ရှေ့စံက ဆက်ပြောလိုက်သည်။ "ခမည်းတော်က ဖန်းမိသားစုနဲ့ အပေးအယူလုပ်ဖို့ ဆန္ဒမရှိဘူး။ မြို့တော်က သန်းချီတဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ဝန်မလေးဘူး။ ဒါပေမဲ့ သားတစ်ယောက်အနေနဲ့ ခမည်းတော် စတေးခံရတာကို ဘယ်လိုလုပ် ကြည့်ရက်မှာလဲ။ ဒါကြောင့် သားတော် ကိုယ့်သဘောနဲ့ကိုယ် ထျန်ကျင်းဆိပ်ကမ်းကို သွားပြီး ဖန်းကျိုး ၊ တုဟွေး တို့နဲ့ စေ့စပ်ဆွေးနွေးခွင့် ပြုပါ။ သားတော်က အိမ်ရှေ့စံရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒရှိပါတယ်။ သားတော် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပေးဖို့လည်း ဝန်မလေးပါဘူး။ ပြီးရင် ယန်မင်းသားကို ခမည်းတော်ရဲ့ သားအဖြစ် မွေးစားပေးဖို့ တောင်းဆိုပါ့မယ်။ ခမည်းတော် အသေခံလို့ မဖြစ်ပါဘူး။ ဖန်းမိသားစုနဲ့လည်း အပေးအယူ လုပ်လို့မရပါဘူး။ ဒါပေမဲ့ သားတော်က အသေခံလို့ ရပါတယ်"

ဧကရာဇ်သည် ရုတ်တရက် တုန်ရီသွားပြီး မျက်လုံးများ ပွင့်လာကာ ပြောလိုက်သည်။

"အိမ်ရှေ့စံ... ငါ နေရမဲ့ အချိန်ကသိပ်မကျန်တော့ပါဘူး။ ငါ သေသွားရင် မင်း သဘောအတိုင်း လုပ်လို့ရတယ်လို့ ငါ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့... စောင့်ပါဦး။ တုပိုင်ရဲ့ သတင်းကို စောင့်ပါဦး။ ငါ့မှာ အချိန်မရှိတော့တဲ့အထိ စောင့်ပါဦး"

ဧကရာဇ်တွင် စောင့်ဆိုင်းရန် အချိန် မရှိတော့သည့်အချိန်က မည်သည့်အချိန်နည်း။ မြို့တော်မှ ပြည်သူများ အစုလိုက်အပြုံလိုက် ငတ်သေကုန်ကြသည့်အချိန်ပင်ဖြစ်၏။ ထိုအချိန်ရောက်လျှင် ဧကရာဇ်သည် ဆက်စောင့်ရန် အချိန်မရှိတော့ပေ။ မြို့တော်မှ သန်းချီသော ပြည်သူများ အသက်ရှင်သန်ခွင့် ရရှိရန်အတွက် သူ သေပေးရုံသာ ရှိတော့သည်။

လက်ရှိ အခြေအနေသည် အမှန်တကယ်ပင် မျှော်လင့်ချက် မရှိတော့ချေ။ အနောက်တောင်ပိုင်းမှ အခြေအနေသည် လူများကို မျှော်လင့်ချက်မဲ့သွားအောင် ကြောက်ရွံ့စေခဲ့သည်။

စစ်သည် ၅ သိန်းနီးပါးက တုပိုင်ကို တိုက်ခိုက်နေကြရာ နတ်ဘုရားများပင် ဤအခြေအနေကို ကယ်တင်ဖို့ ခဲယဉ်းလှသည်။ ထို့ကြောင့် ဧကရာဇ်သည် အရာအားလုံးကို ကောင်းကင်ဘုံသို့ ပုံအပ်လိုက်ပြီး ကောင်းကင်ဘုံက သူ့ကို သေစေလိုလျှင် သူ သေလိုက်မည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ထိုအခိုက် ရုတ်တရက်ဆိုသလိုပင် အပြင်ဘက်မှ ခပ်သွက်သွ​က် ခြေသံများ ထွက်ပေါ်လာပြီး လီလျန်တင်း ဝင်ရောက်လာသည်။ သူသည် အစာမစားရသည်မှာ ကြာပြီဖြစ်၍ ယိုင်နဲ့နေကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထို့နောက် သူ ပြန်မထတော့ချေ။ မူလက ဆာလောင်၍ ဝါဖျော့နေသော သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။

ဘိုးဘေးလီလျန်တင်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်ဘဲ နှုတ်ခမ်းများ တုန်ရီနေသည်။

"ဂုဏ်ယူပါတယ် အရှင်မင်းကြီး... ဂုဏ်ယူပါတယ်"

"နယ်စားမင်း တုပိုင်က အနောက်တောင်ပိုင်းမှာ အကြီးအကျယ် စစ်နိုင်ခဲ့ပါပြီ။ ရုပ်သေးရုပ်ဘုရင်လီရူဟိုင် သေဆုံးသွားပါပြီ။ လီမိသားစုက လုံးဝ လက်နက်ချ အညံ့ခံလိုက်ပါပြီ။ ရုပ်သေးရုပ်တာ့ယန်တိုင်းပြည်ရဲ့ ပုန်ကန်သူ ဘုရင်အားလုံး နီးပါး ခေါင်းဖြတ် အသတ်ခံလိုက်ရပါပြီ"

"ပုန်ကန်သူ ရွှမ်ချန်နယ်စားမင်း လုကျန့် စစ်ရှုံးသွားခဲ့ပါပြီ။ သူကိုယ်တိုင်လည်း နယ်စားမင်း တုပိုင်ရဲ့ လင်းချီပြစ်ဒဏ် စီရင်ခြင်းကို ခံလိုက်ရပါပြီ"

"အင်ပါယာရဲ့ အနောက်တောင်ပိုင်း ပုန်ကန်မှုတွေ လုံးဝ ငြိမ်းအေးသွားပါပြီ။ အနောက်တောင်ပိုင်း တစ်ခုလုံး အင်ပါယာရဲ့ နယ်မြေထဲကို ပြန်ရောက်ရှိလာပါပြီ"

လီလျန်တင်း၏ စကားကို ကြားပြီးနောက် ဧကရာဇ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး သူ့နားသူပင် မယုံနိုင်သလို ဖြစ်သွားရသည်။ အစာငတ်ထားသောကြောင့် အားနည်းနေသည့် ဧကရာဇ်သည် ချက်ချင်းဆိုသလိုပင် အားအပြည့်ဖြစ်သွားပြီး ပြေးထွက်လာကာ လီလျန်တင်း၏ လက်ထဲမှ လျှို့ဝှက်စာကို ဖြတ်ကတည်း ဆွဲယူလိုက်သည်။

မှန်သည်။ တုပိုင် ရေးလိုက်သော စာပင် ဖြစ်သည်။

အနိုင်ရလေပြီလော။.အနိုင်ရလေပြီ။ အမှန်တကယ် အနိုင်ရရှိသွားခဲ့လေပြီ။ ဧကရာဇ်သည် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး တစ်ကိုယ်လုံး တုန်ရီကာ ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်တော့ပေ။

**--**--**--**--**--**--**--**

ထို့နောက် ဧကရာဇ်သည် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ငိုကြွေးကာ ဦးခိုက်လိုက်သည်။ "ဘိုးဘေးတို့... ဒီတစ်ခါတော့ ဘိုးဘေးတို့ရဲ့ အမွေအနှစ်တွေ ကျွန်တော့်လက်ထဲကနေ မဆုံးရှုံးရတော့ပါဘူး။ အထက်က ဝါဝင်းသော ကောင်းကင်ကြီး ၊ အောက်က ထူထဲသော မြေကမ္ဘာကြီး... ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ တုပိုင်က ကောင်းကင်ကြီးကို ပြောင်းပြန်လှန်ပြီး ကြီးမားတဲ့ ကျေးဇူးကို ပြုခဲ့ပါပြီ"

အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးနင်းရွှဲ့တို့သည်လည်း လုံးဝ ကြောင်အမ်းနေကြသည်။ တုပိုင် တကယ် လုပ်နိုင်ခဲ့တာလား။ သူ... သူ ဘယ်လို လုပ်လိုက်တာလဲ။ သူမတို့ လုံးဝ စဉ်းစားလို့မရအောင် ဖြစ်နေသည်။

အခြေအနေမှာ ကယ်တင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်ခဲ့သည်။ လီရူဟိုင်၏ စစ်သည် ၄ သိန်းနီးပါး ၊ ရွှမ်ချန်နယ်စားမင်းနှင့် ယွမ်ထျန်ကျောက်တို့၏ ပူးပေါင်းတပ် ၁ သိန်း ၂ သောင်း။

တုပိုင်ထံ၌ စစ်သည် ၉ သောင်းနှင့် တပ်သားသစ် ၆ သောင်းခန့်သာ ရှိ၏။ ထိုစစ်ပွဲကို မည်သို့ တိုက်ခိုက်ခဲ့သနည်း။

ဤသည်မှာ အမှန်တကယ်ပင် အံ့ဖွယ် ဖြစ်ပင်တော့သည်။ ဧကရာဇ်မင်းမြတ် မြေပြင်ပေါ်တွင် ဒူးထောက်နေသေးသည်ကို မြင်သောအခါ မင်းသမီးနင်းရွှဲ့လည်း ဧကရာဇ်နှင့်အတူ လိုက်ပါပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

**--**--**--**--**--**--**--**

ယွမ်ထျန်ကျောက်သည်တော့ ထပ်မံ၍ ထွက်ပြေးရပြန်၏။ ယခုတစ်ကြိမ် ပိုင်ဆယ်မြို့ကို တိုက်ခိုက်ခြင်းမှာ ရွှမ်ချန်နယ်စားမင်း လုကျန့် တစ်ယောက်တည်း တစ်ကိုယ်တော်ပွဲ ကပြသွားခြင်း ဖြစ်သည်။

ယွမ်ထျန်ကျောက်၏ စစ်တပ်မှာမူ ဘေးမှ ရပ်ကြည့်နေရုံသာ ရှိခဲ့သည်။ အကယ်၍ ရွှမ်ချန်နယ်စားမင်းက ပိုင်ဆယ်မြို့ကို တကယ် သိမ်းပိုက်နိုင်ခဲ့လျှင် မည်သည့်ရလဒ် ထွက်လာမည်နည်း။

သေချာပေါက် လုကျန့်က သူ့စစ်တပ်ကို ဆုံးရှုံးရမည်။ ယွမ်ထျန်ကျောက်က သူ့စစ်အာဏာကို တိုက်ရိုက် သိမ်းယူလိုက်မည်။ နောက်ဆုံးတော့ ဖန်းအုပ်စုက နယ်စားမင်းဘွဲ့တစ်ခု သုံးပြီး လုကျန့်ကို မြှောက်စားထားလိုက်မည်။ လုကျန့်၌ မည်သည့်အာဏာမှ ရှိတော့မည် မဟုတ်ပေ။

ဖန်းရှဲ့၏ မျက်လုံးထဲတွင် ရွှမ်ချန်နယ်စားမင်း လုကျန့်သည် အစမှအဆုံးထိ အမြောက်စာသက်သက်သာ ဖြစ်ပြီး အသုံးချပြီးသည်နှင့် လွှင့်ပစ်ခံရမည့် အမြောက်စာသာ ဖြစ်သည်။

ကောက်ကျစ်စဉ်းလဲသော ယွမ်ထျန်ကျောက်သည် နောက်ဆုံးအချိန်ထိ ပိုင်ဆယ်မြို့ကို တိုက်ခိုက်ရန် စစ်သည် မစေလွှတ်ခဲ့ပေ။ ထိုအစား တုကျန့်၏ လက်ကို အသုံးပြုပြီး သူ့စစ်တပ်ကို ရွှမ်ချန်နယ်စားမင်း လုကျန့်ထံသို့ ဆက်တိုက် လွှဲပြောင်းပေးခဲ့သည်။

ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။

ပိုင်ဆယ်မြို့ကို သိမ်းပိုက်ပြီး ဧကရာဇ်ကို သစ္စာဖောက်သူသည် နန်းတွင်း အထက်တန်းလွှာ ရွှမ်ချန်နယ်စားမင်းသာ ဖြစ်ရမည်။ ဖန်းမိသားစုနှင့် မသက်ဆိုင်စေရပေ။

ထို့ကြောင့် ဖန်းအုပ်စု၏ အစီအစဉ်ထဲတွင် လုကျန့်၏ အခန်းကဏ္ဍသည် သေလမ်းသို့ ပို့ဆောင်ခံရသည့် အရူးတစ်ယော​က်သာ ဖြစ်လေသည်။

သို့သော် လုကျန့်သည် ငွေတုံး တစ်သန်းနီးပါးနှင့် နယ်စားမင်းဘွဲ့ကြောင့် မျက်စိကန်းခဲ့ရသည်။ အမှန်တကယ် ရရှိမည့် အကျိုးအမြတ်များက သူ့ကို မူးမေ့သွားစေပြီး လုမိသားစုက နှစ်ပေါင်းတစ်ရာတိုင် စုဆောင်းခဲ့သော အခြေခံအုတ်မြစ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်မိသည်။

လုကျန့် စစ်ရှုံးသွားကြောင်း သိလိုက်ရသည်နှင့် တုပိုင်သည် စစ်တပ်ကို ဦးဆောင်ပြီး ပြန်လည် တိုက်ခိုက်လာသည်။

ယွမ်ထျန်ကျောက်သည် သူ့မျက်လုံးသူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။ နေမင်းသည် အနောက်အရပ်မှ ထွက်ပေါ်လာလျှင်ပင် ဤသို့သောကိစ္စမျိုး ဖြစ်ပေါ်လာနိုင်မည် မဟုတ်ချေ။

'တုပိုင်က သေကွင်းသေကွက်နဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးလား။ အခု အသက်ရှင်ရုံတင်မကဘူး... အကြီးအကျယ်ပင် အနိုင်ရရှိလိုက်တယ်လား။'

သို့သော် မည်မျှပင် တုန်လှုပ်ခြောက်ခြားစရာ ကောင်းနေပါစေ... ယွမ်ထျန်ကျောက်သည် စစ်သည် ၃ သောင်းကျော်ကို ဦးဆောင်ပြီး ပထမဦးဆုံး ဆုတ်ခွာခဲ့သည်။ နန်နင်းမြို့သို့ အရင်ဆုံး မရပ်မနား ဆုတ်ခွာသည်။ နန်နင်းမြို့တွင် တစ်ညသာ အိပ်ပြီးနောက် နောက်တစ်နေ့တွင် ဆုတ်ခွာမှုကို အရှိန်မြှင့်တင်ကာ လျန်ကျိုးမြို့သို့ ဆက်လက်ပြီး ဆုတ်ခွာသွားလိုက်သည်။

လျန်ကျိုးမြို့သည် ပင်လယ်နှင့် ကပ်လျက်ရှိပြီး အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်အကာအကွယ်အောက်တွင် ဘေးကင်းမည်ဟု ယွမ်ထျန်ကျောက် ခံစားမိသည်။

ထိုအချိန်တွင် ကွမ်ရှီးဘုရင်ခံ တုကျန်းသည် လျန်ကျိုး အိမ်တော်တွင် သူ့ကို စောင့်ဆိုင်းနေပြီး လျန်ကျိုးဆိပ်ကမ်းရှိ မီးပြတိုက်၏ အမြင့်ဆုံးနေရာတွင် စောင့်ကြိုနေလေသည်။

ယွမ်ထျန်ကျောက် အပေါ်သို့ ရောက်လာသောအခါ တုကျန်းက လျှို့ဝှက်စာတစ်စောင် ပေးလိုက်သည်။

ယွမ်ထျန်ကျောက် ယူကြည့်လိုက်၏။

လီမိသားစု လက်နက်ချခြင်း ၊ စစ်သည် ၁ သိန်းခွဲနီးပါး တုပိုင်အပေါ် သစ္စာခံခြင်းတို့အကြောင်းအား ရေးသားထားသည်။ စာဖတ်ပြီးနောက် ယွမ်ထျန်ကျောက် ယိုင်နဲ့သွားပြီး နာကျင်စွာ မျက်လုံးမှိတ်လိုက်ရသည်။

"သူ... သူ ဘယ်လို လုပ်လိုက်တာလဲ" ယွမ်ထျန်ကျောက် အသံတိမ်ဝင်စွာဖြင့် ပြောလိုက်သည်။ "တာ့လုံခံတပ်က သရဲခြောက်တဲ့ နေရာမျိုး... ဆယ်နှစ်လောက် စွန့်ပစ်ခံထားရတဲ့ စစ်တန်းလျားကြီးလေ။ တုပိုင်ရဲ့ စစ်သည် ၄ သောင်းက လီရူဟိုင်ရဲ့ စစ်သည် ၃ သိန်းကို ရင်ဆိုင်ပြီး... အကြီးအကျယ် နိုင်လိုက်တယ်တဲ့လား။ ဘယ်လို... ဘယ်လို လုပ်လိုက်တာလဲ"

တုကျန်းက ပြောလိုက်သည်။ "မီးနတ်ဘုရား စစ်သေနာပတိချုပ်အက်စ်က စစ်သည် ၅ သောင်းကို ဦးဆောင်ပြီး လီရူဟိုင်ကို ကူညီဖို့ လာခဲ့တယ်။ အမြောက် ၂၀၀ လည်းယူလာခဲ့တယ်။ အဲဒီထဲက အမြောက် ၇၀ က တုပိုင်လက်ထဲ ရောက်သွားတယ်"

ယွမ်ထျန်ကျောက် တုန်လှုပ်စွာ ပြောလိုက်သည်။ "မီးနတ်ဘုရားက တာ့နင်အင်ပါယာထဲကို အမြောက်တွေ ယူလာတယ် ဟုတ်လား။ ငါတို့ အရှေ့ဘက် ပြည်ထောင်စုနဲ့ မီးနတ်ဘုရားတို့ရဲ့ လျှို့ဝှက်သဘောတူညီချက်မှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားလေ။ မီးနတ်ဘုရားက လီရူဟိုင်ကို ကူညီဖို့ စစ်တပ် စေလွှတ်လို့ ရတယ်။ ဒါပေမဲ့ အရေအတွက်က ၁ သိန်းထက် မကျော်ရဘူး။ အထူးသဖြင့် ဘယ်လို အမြောက်မှ မထောက်ပံ့ရဘူး။ အထူး ရေနံဆီတောင် ခွင့်မပြုဘူးလေ"

မှန်သည်။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် လီမိသားစု၏ တာ့ယန်တိုင်းပြည်ကြီး တည်ထောင်နိုင်ခဲ့ခြင်းသည် အရှေ့ဘက် ပြည်ထောင်စုနှင့် မီးနတ်ဘုရားတို့ကြားရှိ လျှို့ဝှက်သဘောတူညီချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။

ယွမ်ထျန်ကျောက်က ဒေါသတကြီး ပြောလိုက်သည်။ "အဲဒီတုန်းက လျှို့ဝှက်သဘောတူညီချက်မှာ ရှင်းရှင်းလင်းလင်း ရေးထားတာလေ။ တာ့နင်အင်ပါယာရဲ့ မြေပေါ်ကို အမြောက်တွေ ယူလာတာ လုံးဝ တားမြစ်ထားတယ်။ ပြီးတော့ တာ့နင်က လူတွေကို ကမ္ဘာကြီးကို မျက်စိဖွင့်ကြည့်ခွင့် လုံးဝ မပေးရဘူး။ မဟုတ်ရင် ငါတို့ အရှေ့ဘက် ပြည်ထောင်စုမှာလည်း အမြောက်တွေ ရှိတာပဲ။ မရေမတွက်နိုင်တဲ့ အမြောက်တွေ ရှိတယ်"

တုကျန်းက ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ငါတို့ ရေတပ်နဲ့ မီးနတ်ဘုရားကမ္ဘာရဲ့ ရေတပ်တို့ အိန္ဒိယသမုဒ္ဒရာထဲမှာ ပဋိပက္ခ အကြီးအကျယ် ဖြစ်ခဲ့ကြတယ်။ နောက်ဆုံးတော့ ရေကြောင်းတိုက်ပွဲအထိ ဖြစ်လာခဲ့တယ်။ အဲဒါကြောင့် အက်စ်က အမြောက် ၂၀၀ ယူပြီး တာ့နင်တိုင်းပြည်ထဲ ဝင်လာခဲ့တာပဲ"

ယွမ်ထျန်ကျောက်က ပြောလိုက်သည်။ "တုပိုင်က အမြောက် ၇၀ ရသွားတယ် ဆိုရင်တောင်... သူက လီရူဟိုင်ရဲ့ စစ်သည် ၃ သိန်းကို လုံးဝ သတ်ဖြတ်လို့ မရနိုင်ဘူးလေ။ သူ ဘယ်လို လုပ်လိုက်တာလဲ"

တုကျန်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဒီကမ္ဘာကြီးက အရမ်းကို ယုတ္တိမရှိ ဖြစ်နေပြီ။ ငါတို့က လီမိသားစုကို ဒီလောက် သန်မာလာအောင် မွေးမြူထားခဲ့ပေမဲ့ နောက်ဆုံးကျတော့ တုပိုင်အတွက် အချောင်သက်သက် ဖြစ်သွားခဲ့တယ်။ အခုဆိုရင် သူက နဂါးတစ်ကောင်လို အင်အားကြီးလာပြီ။ ငါတို့ရဲ့ အင်အားနဲ့ ဖိနှိပ်လို့ မရတော့ဘူး"

ယွမ်ထျန်ကျောက်က ပြောလိုက်သည်။ "ငါတို့ အရှေ့ဘက် ပြည်ထောင်စုရဲ့ အင်အားနဲ့ဆိုရင် ဒီအချိန်မှာ တုပိုင်ကို ချေမှုန်းဖို့ လွယ်ပါသေးတယ်။ ငါတို့ သခင်လေးဆီ ချက်ချင်း စာရေးပြီး အရှေ့ဘက် ပြည်ထောင်စုရဲ့ ပင်မတပ်ဖွဲ့တွေ ချက်ချင်း ကမ်းတက်လာဖို့နဲ့ တုပိုင်ကို လုံးဝ အမြစ်ပြတ် သုတ်သင်ပစ်ဖို့ တောင်းဆိုရမယ်"

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၁ + ၅၉၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters