အခန်း (၅၉၃-၅၉၄)
Vol. 60 Ch. 593-594
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၃ + ၅၉၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကွမ်ရှီးဘုရင်ခံ တုကျန်းက ပြောလိုက်သည်။ “ယွမ်အိုကြီး... ဒီကိစ္စက ငါတို့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်တော့ဘူး။ သခင်လေးရဲ့ မဟာဗျူဟာက အရှေ့အာရှတစ်ခွင်လုံး လီပေါင်း သောင်းချီ ကျယ်ပြန့်တယ်။ မဟာဗျူဟာ ရည်မှန်းချက်တွေကို ဦးစားပေး သတ်မှတ်ထားပြီးသား။ စစ်တုရင်ပွဲ အားလုံးကိုလည်း ကြိုတင် စီစဉ်ထားပြီးသား။ တစ်နေရာလေး လှုပ်ရှားလိုက်တာနဲ့ တစ်ကိုယ်လုံး ထိခိုက်သွားနိုင်တယ်။ အခြေအနေ တစ်ရပ်လုံး ရှုပ်ထွေးသွားနိုင်တယ်”
“အခု လောလောဆယ် မြို့တော်က စေ့စပ်ဆွေးနွေးမှုကို စောင့်ကြည့်ကြတာပေါ့။ ဖန်းကျိုးနဲ့ တုဟွေးတို့က ဧကရာဇ်နဲ့ ဘယ်လို ဆွေးနွေးမလဲဆိုတာ စောင့်ကြည့်ရမယ်” ကွမ်ရှီးဘုရင်ခံ တုကျန်းက အံကြိတ်ပြီး ပြောလိုက်သည်။ “တုပိုင်... ဒီကောင်စုတ်လေးက ငါတို့ဘက်က အခြေအနေ တစ်ရပ်လုံးအတွက်ရော ၊ မင်းနဲ့ ငါ့ရဲ့ အနာဂတ်အတွက်ပါ အရမ်းဆိုးတယ်။ သူ ဘာလို့ စောစောစီးစီး မသေတာလဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူ ပြည်နှင်ဒဏ် ခံရတုန်းက ငါ ဘာလို့ လူလွှတ်ပြီး လမ်းမှာတင် အပြတ်ရှင်းဖို့ မစဉ်းစားမိခဲ့ပါလိမ့်”
ယွမ်ထျန်ကျောက်က ပြောလိုက်သည်။ “ကွမ်ရှီးက ဒီကစားပွဲက မင်းနဲ့ ငါ့အတွက် အမည်းစက် ဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ သခင်လေးက အရှေ့အာရှတစ်ခွင်လုံးကို ပေါင်းစည်းပြီး အကြီးမားဆုံး အင်ပါယာကြီး တည်ထောင်တဲ့အခါ မင်းက အမတ်ချုပ်ကြီးနေရာ ဝင်ချင်မယ် ၊ ငါက စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးကွပ်ကဲမှု နေရာကို ဝင်ချင်မယ်။ အဲဒီအချိန်ကျရင် ဒီအမည်းစက်က နိုင်ငံရေး ရန်သူတွေ ငါတို့ ကိုင်တွယ်ဖို့ လက်နက် ဖြစ်လာလိမ့်မယ်”
တုကျန်းက ပြောလိုက်သည်။ “ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ။ ဒါကြောင့် ဒီကောင်လေး ဘာလို့ မသေတာလဲလို့ မေးနေတာပေါ့”
**--**--**--**--**--**--**--**
ထျန်ကျင်းရှိ အိမ်တော်ကြီး တစ်ခုအတွင်း။
လက်ထဲမှ လျှို့ဝှက်စာကို ဖတ်ပြီးနောက် အမတ်ချုပ်ဟောင်း ဖန်းကျိုးသည် တစ်ကိုယ်လုံး တုန်ရီနေပြီး ရုတ်တရက် နှစ်အနည်းငယ်မျှ ပိုအိုစာသွားသကဲ့သို့ ဖြစ်နေသည်။
“ဟူး... ဟူး...”
သက်ပြင်းများ တစ်ချက်ပြီးတစ်ချက် မှုတ်ထုတ်နေသည်။
ဆန့်ကျင်ဘက်တွင် ထိုင်နေသော တုဟွေး၏ မျက်နှာသည်လည်း မကောင်းလှပေ။
“တုဟွေး... မင်း တကယ့် သားကောင်းတစ်ယောက် မွေးထားတာပဲ” ဖန်းကျိုး ကဲ့ရဲ့လှောင်ပြောင်လိုက်သည်။
တုဟွေး၏ ချောမောသော မျက်နှာသည် တွန့်သွားသည်။ သူသည် အမြဲတမ်း တည်ငြိမ်နေခဲ့သော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
“သူ မွေးပြီး မကြာခင်မှာပဲ သူ့မှာ ဝှေးစေ့နှစ်လုံး မပါလာတာကို ငါ သိခဲ့တယ်။ အဲဒီတုန်းက ငါ မသိချင်ယောင်ဆောင်ပြီး ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ဘူး” တုဟွေးက အသံတိမ်ဝင်စွာ ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက သူ့ကို ရေနစ်သတ်မလား ၊ လည်ပင်းညှစ်သတ်မလား ငါ စဉ်းစားခဲ့သေးတယ်။ အဲဒီတုန်းကသာ သတ်လိုက်ရင် သူ့ကို မွေးစားခဲ့တဲ့ အောက်တန်းစား အပျိုတော်ကလွဲပြီး ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ကျီမင်းကျစ်ကလည်း သူ့ကို ဘယ်တုန်းကမှ ပွေ့ဖက်တာ မဟုတ်ဘူး။ ငါ... ငါ ဘာလို့ ဒီတိရစ္ဆာန်ကောင်ကို လည်ပင်းညှစ် မသတ်ခဲ့မိပါလိမ့်”
တုဟွေးသည် တစ်ခါမျှ ဤမျှလောက်အထိ မှိုင်တွေ မနေခဲ့ဖူးပေ။ သို့သော် ယနေ့ သူ မထိန်းနိုင်တော့ပေ။
ဖန်းကျိုးက ပြောလိုက်သည်။ “သခင်လေးဆီမှာ အမတ်အဖွဲ့ နှစ်ဖွဲ့ ရှိတယ်။ တစ်ဖွဲ့က အရှေ့ဘက် ပြည်ထောင်စုမှာ သခင်လေး နယ်မြေချဲ့ထွင်ဖို့ ကူညီပေးတယ်။ နောက်တစ်ဖွဲ့က တာ့နင်အင်ပါယာထဲမှာ တာ့နင်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြိုးစားနေတယ်။ ဒီတစ်ခါ တုပိုင်က အကြီးအကျယ် နိုင်သွားပြီ။ တာ့နင်အင်ပါယာထဲက အမတ်အဖွဲ့ ကံဆိုးတော့မယ်။ စောင့်ကြည့်နေလိုက်... မင်း ကံဆိုးတော့မယ်”
တုဟွေး၏ မျက်နှာ ထပ်မံ တွန့်သွားပြန်သည်။
သူသည် ငယ်ရွယ်သေး၏။ သူ့၏ တစ်ခုတည်းသော ရည်မှန်းချက်သည် အနာဂတ် အရှေ့ဘက်အင်ပါယာကြီး၏ အမတ်ချုပ်ကြီး ဖြစ်လာရန် ဖြစ်၏။
သူသည် သခင်လေးအတွက် တာ့နင်အင်ပါယာကို ရယူပေးရန် ကြိုးစားခဲ့သည်။ ရလဒ်အနေဖြင့် ယခုတစ်ခါ အကြီးအကျယ် ကျရှုံးခဲ့ရပြီး သူ့သားအရင်းလက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
“ပေမင်ဓားဂိုဏ်းက ဘယ်လို ဖြစ်တာလဲ” ဖန်းကျိုးက အက်ကွဲသောအသံဖြင့် မေးလိုက်သည်။ “တုပိုင်ကို သတ်ချင်တဲ့ အင်အားစုတွေ ဒီလောက် အများကြီး ရှိတာကို... ဘာလို့ နီရှန် တစ်ယောက်တည်းက တားဆီးနိုင်ခဲ့တာလဲ။ အဲဒီ နီရှန် ဆိုတဲ့ ကောင်မလေးကရော ဘာထွက်လုပ်တာလဲ။ တုပိုင် သေတာ ရှင်တာက သူ့အတွက် ဘာအရေးပါလို့လဲ”
“တုပိုင်က ဘယ်လို နိုင်သွားတာလဲ။ သူ ဘယ်လို နိုင်သွားတာလဲ” အမတ်ချုပ်ဟောင်း ဖန်းကျိုး တုန်ရီနေသည်။ “ငါတို့ မရေမတွက်နိုင်အောင် တွက်ချက်ခဲ့ပြီးသားလေ။ သူ နိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ သူ ဘယ်လို လုပ်လိုက်တာလဲ”
“မြို့တော်ကို သွားပြီး ဧကရာဇ်နဲ့ စကားပြောရအောင်” တုဟွေးက ပြောလိုက်သည်။ “စစ်မြေပြင်မှာ မရနိုင်ခဲ့တာတွေကို ဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ရနိုင်မလား ကြည့်ကြတာပေါ့”
**--**--**--**--**--**--**--**
နောက်တစ်နေ့တွင် ဖန်းကျိုးနှင့် တုဟွေးတို့သည် မြို့တော်သို့ သွားရောက်ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းရာတွင် ရိုးသားမှုကို ပြသရန်အတွက် သူတို့သည် ဆန်အိတ်ပေါင်း တစ်သန်းကို မြို့တော်သို့ တိုက်ရိုက် သယ်ဆောင်လာခဲ့ကြသည်။
ဤရိက္ခာပမာဏသည် တစ်ရက်နှစ်ရက်စာလောက်သာ ခံမည် ဖြစ်သည်။ နန်းတော်ထဲတွင် တုဟွေးနှင့် ဖန်းကျိုးတို့သည် လအနည်းငယ်ကြာပြီးနောက် ဧကရာဇ်ကို ပြန်လည် တွေ့ဆုံခဲ့ကြသည်။
“အရှင်မင်းကြီး... မတွေ့ရတာ လအနည်းငယ်ပဲ ရှိသေးတယ် ၊ ဘာလို့ ဒီလောက် ပိန်သွားရတာလဲ...” ဖန်းကျိုး ငိုကြွေးလိုက်သည်။ “အရှင်မင်းကြီး... ကျန်းမာရေး ဂရုစိုက်ပါဦး”
ဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး ဆန်ပြုတ်ကို တစ်ဇွန်းချင်း သောက်ရင်း အမတ်ချုပ်ဟောင်း ဖန်းကျိုး၏ သရုပ်ဆောင်မှုကို အေးစက်စွာ ကြည့်နေလေ၏။
တုဟွေး ရှေ့သို့ တက်လာပြီး ပြောလိုက်သည်။ “တုပိုင်က ရွှမ်ချန်နယ်စားမင်း လုကျန့်ကို ခွင့်ပြုချက်မရှိဘဲ သတ်လိုက်တယ်လို့ ကြားပါတယ်။ အရှင်မင်းကြီးရဲ့ အမိန့်တော် ပါရဲ့လား မသိဘူး။ ရွှမ်ချန်နယ်စားမင်းက အပြစ်ရှိတယ် ဆိုပေမဲ့ သူက မြင့်မြတ်တဲ့ မှူးမတ်တစ်ယောက်လေ။ ဧကရာဇ်ရဲ့ အမိန့်မပါဘဲ တုပိုင်က ဒီလိုလုပ်တာ အရမ်း မောက်မာလွန်းပြီး ကိုယ့်သဘောနဲ့ကိုယ် စီရင်လွန်းရာ ကျပါတယ်”
ဧကရာဇ်သည် မင်းသမီးနင်းရွှဲ့ဘက်သို့ လှည့်ပြီး မေးလိုက်သည်။ “တုပိုင်ဆီမှာ အမိန့်တော် ရှိသလား”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ရှိပါတယ်။ သမီးတော် နောက်ဆုံးအကြိမ် တုပိုင်ဆီ အမိန့်တော် သွားပို့တုန်းက ရှန်ဖန်းပေါင်ကျန့်ကို ပေးခဲ့ပါတယ်။ အမိန့်တော်ထဲမှာလည်း ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။ အနောက်တောင်ပိုင်း စစ်ပွဲနဲ့ ပတ်သက်ရင် တုပိုင် တစ်ယောက်တည်း ဆုံးဖြတ်ခွင့် ရှိတယ် ၊ လိုအပ်သလို စီရင်ခွင့် ရှိတယ် ဆိုပြီး ရေးထားပါတယ်”
ဧကရာဇ်က ပြောလိုက်သည်။ “တုဟွေး... အမိန့်တော် ရှိတယ်။ ဒါကြောင့် တုပိုင်က ရွှမ်ချန်နယ်စားမင်း လုကျန့်ကို လင်းချီနဲ့ သတ်ဖြတ်တာက နိုင်ငံတော် ဥပဒေနဲ့ ညီညွတ်တယ်”
တုဟွေးက ပြောလိုက်သည်။ “လီမိသားစုက ပုန်ကန်တဲ့ မှူးမတ်တွေ ဖြစ်ပြီး လီကျန့်က ရုပ်သေးရုပ်တာ့ယန်တိုင်းပြည်ရဲ့ မင်းသားတောင် ဖြစ်နေပါတယ်။ ဒါပေမဲ့ တုပိုင်က သူ့ရဲ့ လက်နက်ချ အညံ့ခံမှုကို တိတ်တဆိတ် လက်ခံခဲ့တာက သိပ်မသင့်တော်ပါဘူး။ ဒီတစ်ခါ စစ်သည် ၁ သိန်းခွဲလုံး တုပိုင်ကို သစ္စာခံခဲ့ကြတယ်။ နန်းတွင်း ဥပဒေအရဆိုရင် လီကျန့်က ပုန်ကန်မှု ခေါင်းဆောင် ဖြစ်တဲ့အတွက် လင်းချီနဲ့ သတ်ဖြတ်ရမှာပါ”
ဧကရာဇ်က ပြောလိုက်သည်။ “ဟုတ်တယ်... နည်းနည်းတော့ မှားနေတယ်။ ယွမ်ကျူး... အမိန့်တော် ထုတ်ပြန်ပြီး လီကျန့်ကို ပြစ်တင်ရှုတ်ချလိုက်။ သူ့ရဲ့ ရာထူးတွေ ၊ ဘွဲ့ထူးတွေ အကုန် ရုပ်သိမ်းလိုက်။ သူ့ကို ဝမ်ရှန်း စစ်ဗိုလ်အဆင့် ပေးပြီး ပိုင်ဆယ်တိုက်ပွဲမှာ တာဝန်ထမ်းဆောင်စေ။ သူ့ရဲ့ အပြစ်တွေကို ကုစားဖို့ အခွင့်အရေး ပေးလိုက်” ထို့နောက် ဧကရာဇ်သည် တုဟွေးကို ပြောလိုက်သည်။ “ကဲ... ပြီးပြီ”
ဖန်းကျိုးနှင့် တုဟွေး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဧကရာဇ်သည် အရမ်း တင်းမာလွန်းနေလေ၏။ ဤဆွေးနွေးပွဲက လွယ်ကူလိမ့်မည် မဟုတ်ချေ။
တုဟွေးက ဆက်ပြောလိုက်သည်။ “မြို့တော်က ပြည်သူ သန်းချီဟာ အစာငတ်ပြီး သောင်းချီ သေဆုံးကုန်ပြီလို့ ကြားပါတယ်။ ရေကြောင်းသယ်ယူပို့ဆောင်ရေးသာ ချောမွေ့မှု မရှိရင် ၊ ရိက္ခာတွေ အမြောက်အမြား မြို့တော်ထဲ မဝင်လာရင် နောက်ထပ် ၁ သိန်း ၊ သိန်းချီပြီး ငတ်သေကုန်ကြပါလိမ့်မယ်”
ဧကရာဇ် တိတ်ဆိတ်နေလျက်ရှိနေသည်။
တုဟွေးက ဆက်ပြောသည်။ “ပြီးတော့ ဆောင်းဦးရာသီမှာ အရှင်မင်းကြီး စေလွှတ်လိုက်တဲ့ မိန်းမစိုးတပ်ဖွဲ့တွေ ၊ ဒေသအသီးသီးက ဗျူရိုတွေ ၊ သတ္တုတွင်းဌာန ၊ ဆားသယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ လျန်ဟွိုင်းဆားခွန်တွေ အားလုံးက တူးမြောင်းပေါ်မှာ ပိတ်မိပြီး မြို့တော်ကို ဝင်လာဖို့ စောင့်ဆိုင်းနေကြပါတယ်။ စုစုပေါင်း...”
“ငွေတုံး ၁၆ သန်း ၈ သိန်းပါ” ဖန်းကျိုးက ဝင်ပြောသည်။ “ဒါက ပထမအသုတ်ပါ။ ပြီးရင် ကျန်းနန်က အခွန်တွေ လာပါဦးမယ်။ အားလုံးကို ငွေတုံးအဖြစ် ပြောင်းလဲပြီးပြီ။ မြို့တော်ကို သယ်ဖို့ စောင့်နေကြပါတယ်။ ဒီနှစ် အနောက်တောင်ပိုင်းမှာ ရှုပ်ထွေးနေတော့ နယ်စပ်အခွန်တွေ ကောက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဟဲပေ ၊ ဟဲနန် နဲ့ ရှန်တုန်း ပြည်နယ်တွေမှာလည်း မိုးခေါင်ရေရှား ဖြစ်နေတော့ အခွန်တွေ သိပ်ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားပြည်နယ်တွေရဲ့ အခွန်ကတော့ ပုံမှန်အတိုင်း ၊ ဒါမှမဟုတ် ယခင်နှစ်တွေထက်တောင် ပိုများနိုင်ပါတယ်။ ဘာမှ မဖြစ်ရင် ဒီနှစ် နန်းတွင်း ဘဏ္ဍာငွေက ငွေတုံး ၂၅ သန်း ကျော်လွန်သင့်ပါတယ်”
တာ့နင်အင်ပါယာ၏ ဘဏ္ဍာငွေ ဝင်ငွေသည် မင်မင်းဆက် နှောင်းပိုင်းထက် ပိုမိုမြင့်မားရမည်။ အကြောင်းမှာ အရှေ့ဘက် ပြည်ထောင်စု ထွန်းကားလာခြင်း ၊ ရေကြောင်းကုန်သွယ်ရေး စောစီးစွာ ဖွံ့ဖြိုးလာခြင်းနှင့် ငွေအမြောက်အမြား စီးဝင်လာခြင်းတို့ကြောင့် ဖြစ်သည်။
တုဟွေးက ပြောလိုက်သည်။ “မကြာခင် နှစ်ကုန်တော့မယ်။ ရှန်ရှီးနဲ့ လျောင်တုန်းက စစ်သည်လစာတွေ ပေးရတော့မယ်။ တူးမြောင်းပေါ်မှာ ပိတ်မိနေတဲ့ ငွေတုံး ၂၅ သန်းသာ ဝင်မလာနိုင်ရင် အင်ပါယာကြီး ကစဉ့်ကလျား ဖြစ်သွားပါလိမ့်မယ်”
အခြေအနေက အလွန် ရှင်းလင်းနေသည်။ တုဟွေးသည် ငွေတုံး ၂၅ သန်းနှင့် ရိက္ခာများကို အပေးအယူပစ္စည်းအဖြစ် အသုံးပြုလိုခြင်း ဖြစ်သည်။ တိတိကျကျ ပြောရလျှင် မြို့တော်မှ သန်းချီသော ပြည်သူများ၏ အသက်ကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုပြီး ဧကရာဇ်ကို အလျော့ပေးစေလိုခြင်း ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ ဤအခွန်များနှင့် ရိက္ခာများသည် တာ့နင်အင်ပါယာပိုင် ဖြစ်ပြီး ဧကရာဇ်ထံ ပေးအပ်ရမည့် အရာများ ဖြစ်သည်။
ယခင်နှစ်များကဆိုလျှင် အဆင့်ဆင့် ဖြတ်တောက်မှုများ ၊ အဂတိလိုက်စားသူများ၏ ခေါင်းပုံဖြတ်မှုများကြောင့် ဘဏ္ဍာတိုက်ထဲသို့ တကယ်ရောက်ရှိသော ငွေမှာ ၁၀ သန်းကျော်ရုံသာ ရှိသည်။ ဒီနှစ် ဧကရာဇ် အလျော့ပေးလာစေရန်အတွက် ငွေတုံး ၂၅ သန်းအထိ တိုးမြှင့်ပြလိုက်ခြင်း ဖြစ်သည်။
ဤငွေတုံး ၂၅ သန်းဖြင့် ဧကရာဇ်သည် ချက်ချင်း ချမ်းသာသွားနိုင်ပြီး တစ်ခါမျှ မကြုံဖူးလောက်အောင် ချမ်းသာသွားနိုင်သည်။
ဧကရာဇ်က ပြောလိုက်သည်။ “ဒဲ့ပဲ ပြောလိုက်စမ်းပါ... မင်းတို့ ဘာလိုချင်တာလဲ”
တုဟွေးက ပြောလိုက်သည်။ “အမိန့်တော် ထုတ်ပြန်ပေးပါ။ ပုန်ကန်သူ လီကျန့်ကို ဖမ်းဆီးပြီး မြို့တော်ကို ခေါ်လာပါ။ ပြီးရင် အမြန်ဆုံး သေဒဏ်ပေးပါ။ တုပိုင်က နိုင်ငံတော်အတွက် ကြီးမားတဲ့ ကုသိုလ်တွေ လုပ်ခဲ့တဲ့အတွက် မြို့တော်ကို ပြန်လာပြီး ကြီးကြပ်ရေးမှူးချုပ်ရာထူးကို ပြန်လည် ထမ်းဆောင်စေပါ”
လီကျန့်ကို သတ်ခိုင်းခြင်းသည် တုပိုင်၏ ပါးကို ရိုက်လိုက်ခြင်း ဖြစ်ပြီး ဧကရာဇ်နှင့် တုပိုင်ကို လမ်းခွဲစေရန် ဖိအားပေးခြင်း ဖြစ်သည်။
တုပိုင်ကို မြို့တော် ပြန်ခေါ်ပြီး မိန်းမစိုးရာထူး ပြန်ပေးခြင်းသည် သူ့ကို ဘေးမဲ့ပို့ထားလိုက်သလို ဖြစ်စေပြီး အာဏာမဲ့သွားစေရန် ဖြစ်သည်။
တုဟွေး ပြုံးပြီး ပြောလိုက်သည်။ “အနောက်တောင်ပိုင်းက တုပိုင်ရဲ့ စစ်တပ်နဲ့ ပတ်သက်ရင် နှစ်ပိုင်း ခွဲလိုက်လို့ ရပါတယ်။ တစ်ပိုင်းကို ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို ပေးလိုက်ပါ။ မင်းသမီးနင်းရွှဲ့ကိုပါ အနောက်တောင်ပိုင်းကို စောင့်ရှောက်ဖို့ စေလွှတ်လိုက်ရင် အဲဒီဒေသက ထိုက်တောင်ကြီးလို တည်ငြိမ်သွားပါလိမ့်မယ်”
ထိုစကား ထွက်လာသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။
တုဟွေးက ပြောလိုက်သည်။ “ကျွန်တော်မျိုးရဲ့ အကြံပြုချက်တွေ အားလုံးက အရှင်မင်းကြီးအတွက် အကျိုးအရှိဆုံးတွေချည်းပါပဲ။ အရှင်မင်းကြီး သဘောတူလိုက်တာနဲ့ မြို့တော်က သန်းချီတဲ့ ပြည်သူတွေ အသက်ရှင်ခွင့် ရမယ်။ ငွေတုံး ၂၅ သန်းလည်း ဘဏ္ဍာတိုက်ထဲ အဆင်ပြေပြေ ဝင်ရောက်လာမယ်။ အရှင်မင်းကြီး ကိုယ်တိုင်လည်း အနောက်တောင်ပိုင်းက စစ်အာဏာကို ထိန်းချုပ်နိုင်မယ်။ တုပိုင်ကို သဘောကျတယ်ဆိုရင် ကိုယ့်ဘေးနား ခေါ်ထားလိုက်ပေါ့။ သူ အာဏာတွေ ယစ်မူးပြီး စစ်ဘုရင်ကြီး ဖြစ်မလာအောင်လို့လေ”
ထိုစကားသည် တကယ်ကို မှန်ကန်၏။
အနည်းဆုံးတော့ အပေါ်ယံကြည့်လျှင် တုဟွေး၏ အကြံပြုချက်သည် ဧကရာဇ်အတွက် အကျိုးရှိပြီး အပြစ်မရှိပေ။
တုပိုင်၏ စစ်သည် ၂ သိန်းကို ခွဲခြမ်းစိတ်ဖြာပြီးနောက် တစ်ပိုင်းကို ဆုန်ချွဲ ၊ တစ်ပိုင်းကို မင်းသမီးနင်းရွှဲ့ထံ ပေးအပ်လိုက်ခြင်းသည် ဧကရာဇ်၏ ယုံကြည်စိတ်ချရဆုံး သစ္စာရှိ မှူးမတ်များလက်ထဲ ထည့်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ “ငါ သဘောမတူရင်ရော”
တုဟွေးက ပြောလိုက်သည်။ “မြို့တော်က သန်းချီတဲ့ ပြည်သူတွေ အစာပြတ်ပြီး သေဆုံးကုန်ကြပါလိမ့်မယ်။ ရှန်ရှီးနဲ့ လျောင်တုန်းက စစ်တပ်နှစ်ခု လစာမရဘဲ ဖြစ်နေပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဂျာချင်အင်ပါယာနဲ့ မြောက်ပိုင်းတာတာတွေ တိုက်ရိုက် ဝင်ရောက်လာကြလိမ့်မယ်။ တိုင်းပြည် တကယ် ကျဆုံးသွားနိုင်ပါတယ်။ ကျွန်တော်မျိုးရဲ့ အကြံပြုချက်က တုပိုင်ကို ကာကွယ်ပေးတာလည်း ဖြစ်ပါတယ်။ သူက ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးတယ်။ လမ်းမှားရောက်ဖို့ လွယ်တယ်။ သူ့မှာသာ ရည်မှန်းချက်တွေ ရှိလာရင် လီရူဟိုင်ထက် ပိုဆိုးတဲ့ ဘေးအန္တရာယ်ကြီး ဖြစ်လာပါလိမ့်မယ်”
ဧကရာဇ်သည် မျက်လုံးကို မှေးပြီး တုဟွေးကို ကြည့်ကာ ပြောလိုက်သည်။ “မင်းတစ်ခုတော့ သဘောပေါက်ရမယ်။ ငွေတုံး ၂၅ သန်း အခွန်ဆောင်တယ်ဆိုတာ... ငါက စည်းစိမ်ရှင်ကြီး ဖြစ်သွားတာ မဟုတ်ဘူး။ ဒီငွေတွေ ငါ့လက်ထဲ ရောက်လာတာနဲ့ မျက်စိတစ်မှိတ်အတွင်း လျောင်တုန်းကို ပို့ရမယ် ၊ ရှန်ရှီးကို ပို့ရမယ် ၊ နယ်စပ်စစ်တပ်တွေကို ပို့ရမယ်။ ကျန်တာကို သဘာဝဘေး ကယ်ဆယ်ရေးနဲ့ မင်းမှုထမ်းတွေ လစာပေးဖို့ သုံးရမယ်။ ဒါကြောင့် ဒီငွေ ပေးချင်ပေး ၊ မပေးချင်နေ... မင်းသဘောပဲ။ လျောင်တုန်း၊ ရှန်ရှီးနဲ့ နယ်စပ်စစ်တပ်တွေကို မင်းတို့ဘာသာ ရှင်းပြလိုက်ကြ။ ယွမ်ထိန်ရဲ့ စစ်သည်တွေက မင်းတို့ကို ကိုက်သတ်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့။ သူတို့က ငါ့လောက် အနိုင်ကျင့်လို့ လွယ်မှာ မဟုတ်ဘူး” ထိုသည်က အမှန်ပင်ဖြစ်၏။
အခွန်ငွေတွေသည် တာ့နင်အင်ပါယာ၏ စစ်တပ်နှင့် အရာရှိတွေကို ကျွေးမွေးဖို့ ဖြစ်ပြီး ဧကရာဇ်၏ ကိုယ်ကျိုးအတွက် မဟုတ်ပေ။ အကယ်၍ ဤငွေများကို တားဆီးထားလိုက်လျှင် တစ်တိုင်းပြည်လုံးရှိ အရာရှိများနှင့် စစ်တပ်များ၏ စားဝတ်နေရေးကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။
တုဟွေးက ခက်ထန်စွာ ပြောလိုက်သည်။ “မြို့တော်က သန်းချီတဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကရော ဘယ်လိုလုပ်မလဲ”
ဧကရာဇ်က ပြောလိုက်သည်။ “အိမ်ရှေ့စံ... အမိန့်နာခံပါ” အိမ်ရှေ့စံ ချက်ချင်း ဒူးထောက်လိုက်သည်။
ဧကရာဇ်က ပြောလိုက်သည်။ “လီလျန်တင်းကို အမိန့်ပေးလိုက်။ အရှေ့ဘက်ကွပ်ကဲရေးရုံးက ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီး အိမ်ရှေ့စံကို အနောက်တောင်ပိုင်းဆီ ပို့ဆောင်ပေးလိုက်။ ငါ သေသွားရင် အိမ်ရှေ့စံက အနောက်တောင်ပိုင်းမှာ ချက်ချင်း နန်းတက်ရမယ်”
ထိုစကားကိုကြားသောအခါ တုဟွေး မျက်နှာ ပျက်သွားရသည်။
ဤသည်ကား လုံးဝ သေကွင်းသေကွက် လက်နက်ပင် ဖြစ်သလေ၏။
အကယ်၍ ဖန်းမိသားစုသည် မြို့တော်ရှိ သန်းချီသော ပြည်သူများ၏ အသက်ကို ဓားစာခံ ပြုလုပ်ပါက အိမ်ရှေ့စံသည် တုပိုင်၏ ကာကွယ်မှုအောက်၌ တိုက်ရိုက် နန်းတက်လိုက်မည်။
ထိုသို့ဆိုလျှင် တုပိုင်အား “ဧကရာဇ်ကို လက်ကိုင်ပြု၍ မှူးမတ်များအား အမိန့်ပေးခွင့်” အာဏာ အပ်နှင်းလိုက်သကဲ့သို့ ဖြစ်သွားမည်။
ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာပါက ဖန်းအုပ်စုအတွက် အလွန် အကျိုးမရှိ ဖြစ်သွားလိမ့်မည်။ တာရှည်စွာ တိတ်ဆိတ်နေပြီးနောက် တုဟွေးက ပြောလိုက်သည်။
“အရှင်မင်းကြီး... ဒါဆိုရင် ကျွန်တော်တို့မှာ အခြေအနေ တစ်ခုပဲ ရှိတော့တယ်။ လီကျန့်ကို ဖမ်းဆီးပြီး သေဒဏ်ပေးပါ။ အရှင်မင်းကြီးသာ ဒီအမိန့်တော်ကို သဘောတူလိုက်ရင် ရေကြောင်းသယ်ယူပို့ဆောင်ရေး ချက်ချင်း ပွင့်သွားပါလိမ့်မယ်။ ရိက္ခာတွေ ၊ ငွေတွေ အဆက်မပြတ် စီးဆင်းလာပြီး မြို့တော်ထဲ ချက်ချင်း ရောက်လာပါလိမ့်မယ်”
တုဟွေးသည် အလွန် ဉာဏ်များပြီး ယုတ်မာသည်ဟု ဆိုရမည်။ ဧကရာဇ်သည် တုပိုင်အား ပြန်ခေါ်ရန်နှင့် စစ်တပ်ကို ခွဲခြမ်းစိတ်ဖြာရန် လုံးဝ လက်မခံသောကြောင့် သူသည် လီကျန့်ကို ပစ်မှတ်ထားလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ လီကျန့်ကို သတ်ဖြတ်ခြင်းသည် တရားမျှတမှု ရှိသည်။ သို့သော် လီကျန့်ကို အမှန်တကယ် ဖမ်းဆီးပြီး လင်းချီဖြင့် သတ်လိုက်ပါက တုပိုင်ထံ လက်နက်ချထားသော လီမိသားစုဝင်များသည် ချက်ချင်း စိတ်ပျက်ပြီး သစ္စာဖောက်သွားကြလိမ့်မည်။
စစ်သည် ၁ သိန်းနီးပါး သစ္စာဖောက်မည် ၊ မြို့ကြီးအများအပြား သစ္စာဖောက်မည် ၊ ဟုန်ဟယ်ကုန်သည်အဖွဲ့ကြီး သစ္စာဖောက်မည် ၊ မရေမတွက်နိုင်သော သတ္တုတွင်းများ သစ္စာဖောက်သွားလိမ့်ပေမည်။
လီမိသားစု လက်နက်ချခြင်းသည် တုပိုင်အတွက် စစ်သည် ၁ သိန်း ရရှိခြင်းထက် စက်မှုလုပ်ငန်းများ ၊ မြို့ပြများနှင့် အဖွဲ့အစည်းများ ရရှိခြင်းက ပို၍ အရေးပါသည်။
ဤအရာများ အားလုံးသည် တုပိုင်အား ချက်ချင်း အင်အားကြီးလာစေခဲ့ပြီး သူ၏စစ်တပ်ကို အမြစ်တွယ်စေခဲ့သည်။ လီကျန့်ကို သတ်ခြင်းသည် အနောက်တောင်ပိုင်းရှိ တုပိုင်၏ အခြေခံအုတ်မြစ်ကို တူးဖြိုခြင်းပင် ဖြစ်သည်။
**--**--**--**--**--**--**--**
ရက်အနည်းငယ် ကြာပြီးနောက်... ပိုင်ဆယ်မြို့တွင် တုပိုင် လျှို့ဝှက်စာတစ်စောင် လက်ခံရရှိသည်။
စာရေးသူမှာ တုပိုင်နှင့် တစ်ကြိမ်တစ်ခါမျှ မပတ်သက်ဖူးသော အိမ်ရှေ့စံမင်းသားပင် ဖြစ်လေ၏။ စာထဲတွင် အိမ်ရှေ့စံသည် ဖန်းအုပ်စု၏ အခြေအနေများကို ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြထားသည်။ လီကျန့်ကို ဖမ်းဆီးပြီး မြို့တော်တွင် သေဒဏ်ပေးလိုက်ရုံဖြင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး ချက်ချင်း ပွင့်သွားမည် ၊ မြို့တော်မှ သန်းချီသော ပြည်သူများ ချက်ချင်း ကယ်တင်ခံရမည် ၊ အခွန်ငွေ ၂၅ သန်း ချက်ချင်း မြောက်ဘက်သို့ ပို့ဆောင်ပြီး ဘဏ္ဍာတိုက်အတွင်း ရောက်ရှိလာမည်။
တစ်နည်းအားဖြင့် ဆိုရလျှင် လီကျန့် မသေပါက ဖန်းအုပ်စုသည် ရေကြောင်းလမ်းကို ပြန်ဖွင့်ပေးမည် မဟုတ်ဘဲ မြို့တော်မှ သန်းချီသော ပြည်သူများကို ငတ်သေစေမည် ဖြစ်သည်။
တစ်ချိန်တည်းတွင် လီကျန့်၏ အခန်းသို့ လျှို့ဝှက်ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။
တစ်ချိန်က လီကျန့်၏ ဂိုဏ်းတူအစ်ကိုပင် ဖြစ်လေ၏။
“ညီလေး... မင်းမှာ ဘေးအန္တရာယ် ကျရောက်တော့မယ်။ တုပိုင်က ရာထူးတက်ဖို့အတွက် မင်းကို အရှေ့ဘက်ကွပ်ကဲရေးရုံးက လူတွေလက်ထဲ အပ်နှံတော့မယ်။ မကြာခင် မင်းကို မြို့တော်ဆီ ဖမ်းခေါ်သွားပြီး သေဒဏ်ပေးလိမ့်မယ်”
လျှို့ဝှက်ဧည့်သည်က ဆက်ပြောလိုက်သည်။
“အစ်ကိုကြီးက သေဘေးကြားကနေ စွန့်စားပြီး ညီလေးကို လာပြောပြတာ။ ညီလေး... အသေမခံပါနဲ့။ တုပိုင်က မင်းကို သစ္စာဖောက်တော့မယ်”
လီကျန့် ကြားလိုက်ရသောအခါ မျက်နှာပျက်သွားသည်။
ရုတ်တရက် သူသည် ဓားကိုဆွဲထုတ်ကာ လျှို့ဝှက်ဧည့်သည်ကို ခုတ်ပိုင်းလိုက်၏။
“လာကြစမ်း... ဒီလူကို ဖမ်းပြီး သခင်ကြီးဆီ စစ်မေးဖို့ ပို့လိုက်”
လီကျန့်က ဒေါသတကြီး ပြောလိုက်သည်။
“ငါက သခင်ကြီးအပေါ် သစ္စာရှိတယ်။ သခင်ကြီးက ငါ့အပေါ် ကျေးဇူးကြီးမားပြီး ဘဝသစ် ပေးခဲ့တယ်။ ဒီလို လူပြက်ကောင်လေးတွေက သွေးခွဲစကား လာပြောလို့ ရမလား။ ရယ်ချင်စရာကောင်းလိုက်လေ”
**--**--**--**--**--**--**--**
တစ်ချိန်တည်းတွင် ဧကရာဇ်၏ လူယုံတော် မိန်းမစိုး ယွင်ဖုန်းသည် တုပိုင်၏ ရှေ့မှောက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြီး အမိန့်တော် သုံးစောင် ယူဆောင်လာသည်။
ပထမ အမိန့်တော်ကို ဖတ်လိုက်သည်။
“ကောင်းကင်ဘုံအလိုအရ ဧကရာဇ်မင်းမြတ် အမိန့်တော်... ဝမ်ရှန်းမြို့ကို ကျန့်ရှီမြို့အဖြစ် ပြောင်းလဲသတ်မှတ်သည်။ ကျန့်ရှီမြို့သစ် တည်ထောင်သည်။ တုပိုင်အား ကျန့်ရှီရေတပ်စစ်သူကြီးအဖြစ် ခန့်အပ်ပြီး ယူနန်နှင့် ကွေ့ကျိုး ပြည်နယ်နှစ်ခု၏ စစ်ရေးကိစ္စများကို ကြီးကြပ်ကွပ်ကဲစေသည်။ စိချွမ်း ၊ ဟူနန် နှင့် ကွမ်ရှီး ပြည်နယ်သုံးခု၏ စစ်ရေးကိစ္စများကို ထိန်းချုပ်စေသည်”
ယွင်ဖုန်းက ဆက်ပြောလိုက်သည်။
“ဒုတိယတစ်ခုက လျှို့ဝှက်အမိန့်တော်ပါ။ အမတ်မင်းတုပိုင်က ဒီလိုကိစ္စမျိုးတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အမတ်မင်းတုပိုင် တစ်ယောက်တည်းပဲ ကြည့်ခွင့်ရှိပါတယ်”
တုပိုင်သည် ဒုတိယ လျှို့ဝှက်အမိန့်တော်ကို ယူလိုက်ပြီး ဖတ်ကြည့်လိုက်ရာ လုံးဝ အံ့သြသွားသည်။
ဧကရာဇ်၏ ပထမ အမိန့်တော်သည် အလွန် အင်အားကြီးမားသည်။
ခေတ်သစ်ကမ္ဘာမြေ၏ သမိုင်းတွင် မင်မင်းဆက်၌ နယ်စပ်မြို့ ကိုးမြို့ ရှိခဲ့သော်လည်း ဤကမ္ဘာမှ တာ့နင်အင်ပါယာတွင် မရှိပေ။ နယ်စပ်မြို့ ငါးမြို့သာ ရှိပြီး ခရိုင် စစ်တပ်ကြီးငါးခုနှင့် ညီမျှသည်။
ရွှမ်ချန်နယ်စားမင်း လုကျန့်တွင် စစ်သည် ၇ သောင်း ရှိသော်လည်း မည်သည့် နယ်စပ်မြို့ကိုမျှ သီးသန့် ဖွဲ့စည်းနိုင်ခြင်း မရှိပေ။ တာ့ထုံ ၊ ရွှမ်ဖူ နှင့် ထိုက်ယွမ် စစ်တပ်သုံးခု ပေါင်းမှ စစ်သည် ၂ သိန်းနီးပါး ရှိပြီး ရှန်ရှီးမြို့တော်ကို ဖွဲ့စည်းကာ မြောက်ပိုင်းတာတာများကို တွန်းလှန်နိုင်ခဲ့သည်။
လုကျန့်သည် နယ်စားမင်း ဖြစ်သော်လည်း ရှန်ရှီးမြို့တော်၏ ကြီးကြပ်ရေးမှူး မဟုတ်ဘဲ ဒုတိယအဆင့်သာ ဖြစ်သည်။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် လျန်ကျိုးမြို့တော်၏ ဘုရင်ခံ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မိုစော်ဘွားသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ဦးဆောင်ပြီး ပုန်ကန်ခဲ့သဖြင့် နန်းတွင်းက ကွမ်ရှီး ၊ ယူနန် နှင့် ကွေ့ကျိုး ပြည်နယ်သုံးခု၏ စစ်ရေးကို ထိန်းချုပ်ရန် လျန်ကျိုးနယ်စပ်မြို့ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မိုမိသားစု ပျက်စီးသွားပြီးနောက် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့က အထင်လွဲမည်စိုး၍ လျန်ကျိုးနယ်စပ်မြို့ကို ဖျက်သိမ်းလိုက်သည်။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် အနောက်တောင်ပိုင်း၏ စစ်သေနာပတိ ဖြစ်နေဆဲ ဖြစ်သော်လည်း နယ်စပ်မြို့တော် ဘုရင်ခံအဖြစ် တာဝန်မထမ်းဆောင်တော့ပေ။ သူသည် စစ်ဘက်ဆိုင်ရာဝန်ကြီးနှင့် အိမ်ရှေ့စံ၏ ဆရာသခင်ရာထူးများကိုသာ ရယူထားသည်။
ယခု ကျန့်ရှီမြို့တော်ကို အသစ်တည်ထောင်လိုက်ခြင်းသည် တုပိုင်အား အနောက်တောင်ပိုင်း ပြည်နယ်များ၏ နံပါတ်တစ် စစ်ခေါင်းဆောင် ဖြစ်လာစေသည်။ စိချွမ်းမှ ကျန့်ကော်နယ်စားမင်း နှင့် ကွမ်ရှီးမှ ယွမ်ထျန်ကျောက်တို့ နှစ်ဦးစလုံးသည် နာမည်ခံအားဖြင့် တုပိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ဆိုလိုသည်မှာ တုပိုင်သည် ရုတ်တရက် တာ့နင်အင်ပါယာ၏ စစ်ဘက်ဆိုင်ရာ ထိပ်သီးခြောက်ဦးအနက် တစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် ဤပထမ အမိန့်တော်သည် အနည်းငယ် ပုံမှန်မဟုတ်ပေ။
တုပိုင်ကို ကျန့်ရှီမြို့တော်၏ ရေတပ်စစ်သူကြီးအဖြစ် ခန့်အပ်ခြင်း ဖြစ်ပြီး ဘုရင်ခံအဖြစ် ခန့်အပ်ခြင်း မဟုတ်ပေ။ ထို့အပြင် တုပိုင်၏ ဘွဲ့ထူးကို တိုးမြှင့်မပေးခဲ့ပေ။
ဧကရာဇ်သည် သေချာပေါက် ကပ်စေးနည်းသူ မဟုတ်ပေ။ အမှန်တကယ်တော့ ဧကရာဇ်သည် တုပိုင်အပေါ် ဘွဲ့ထူးပေးအပ်ရာတွင် ကြောက်ခမန်းလိလိ ရက်ရောလွန်းသူ ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၃ + ၅၉၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team