အခန်း (၅၉၅-၅၉၆)
Vol. 60 Ch. 595-596
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၅ + ၅၉၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
လွန်ခဲ့သော ဆယ်နှစ်အတွင်း ဧကရာဇ်၏ ဘွဲ့ထူးပေးအပ်မှုများကို လက်တစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်သော်လည်း တုပိုင်မှာမူ တစ်နှစ်မပြည့်မီ အချိန်အတွင်း မြို့စားအဆင့်မှ နယ်စားအဆင့်ထိ တိုးမြှင့်ခံခဲ့ရသည်။ သာမန် တပ်ရင်းမှူးအဆင့်မှ စစ်သူကြီးအဆင့်ထိ တိုးမြှင့်ခံခဲ့ရသည်။
ယခု တုပိုင်သည် ပြိုင်ဘက်ကင်းသော ကုသိုလ်ထူးကို ပြုခဲ့ပြီးဖြစ်ရာ နယ်စားမင်းကြီးအဖြစ် ခန့်အပ်သင့်ပြီး ကျန့်ရှီမြို့တော်၏ ဘုရင်ခံအဖြစ် ခန့်အပ်သင့်ပေသည်။
ထိုသို့မဟုတ်ပါက ကျန့်ကော်နယ်စားမင်းကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။ ကွမ်ရှီးရေတပ်စစ်သူကြီး ယွမ်ထျန်ကျောက်ကို မည်သို့ ဖိနှိပ်ထားနိုင်မည်နည်း။
ယခင်က ဧကရာဇ်သည် ဘွဲ့ထူးနှင့် ရာထူးများကို ရက်ရောစွာ ပေးအပ်ခဲ့သော်လည်း ယခုတစ်ကြိမ် တုပိုင် ကုသိုလ်ထူး ပြုခဲ့ချိန်တွင်မူ အဘယ်ကြောင့် ကပ်စေးနည်းနေရသနည်း။
ထို့ကြောင့် ဧကရာဇ်၌ အလွန် ထူးခြားသော စီမံကိန်းများ ရှိနေမည်မှာ သေချာပြီး ဤစီမံကိန်းသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားနိုင်ပေသည်။
ဒုတိယ အမိန့်တော်ကို ကြည့်ပြီးနောက် တုပိုင်သည် အလွန်အံ့သြသွားပြီးနောက် သူပို၍ သေချာသွားသည်။ ဧကရာဇ်၌ အထူးစီမံကိန်းများ ရှိနေသည်။
ဒုတိယ လျှို့ဝှက်အမိန့်တော်ကို ဧကရာဇ်ကိုယ်တိုင် ရေးသားထားပြီး ဧကရာဇ်မှလွဲ၍ မည်သူမျှ မဖတ်ရှုရသေးပေ။
“တုပိုင်... အနောက်တောင်ပိုင်း ကိစ္စပြီးရင် မြို့တော်ကို လာခဲ့ပါ”
ဤလျှို့ဝှက်စာသည် ရိုးရှင်းသော်လည်း အလွန် လျှို့ဝှက်နက်နဲသော အငွေ့အသက်ကို ထုတ်ဖော်ပြသနေသည်။
အမိန့်တော်အတွင်း၌ ထည့်သွင်းရေးသား၍ မရနိုင်သော အရာများ ရှိနေသလော။ သို့တည်းမဟုတ် လူယုံလွှတ်၍ ပြောကြားခိုင်း၍ မရနိုင်သလော။ တုပိုင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုနေသလော။
မည်သည့်ကိစ္စကြောင့်နည်း။ ဤမျှလောက်ပင် အရေးကြီးနေသလော။ ဤမျှလောက်ပင် လျှို့ဝှက်နေသလော။
ထို့နောက် ယွင်ဖုန်းသည် တတိယ အမိန့်တော်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ဒီအမိန့်တော်က လီကျန့်အတွက်ပါ။ အမတ်မင်းတုပိုင် ကိုယ်တိုင် လီကျန့်ကို ဖတ်ပြပေးပါလို့ တောင်းဆိုထားပါတယ်”
တုပိုင်က ပြောလိုက်သည်။ “ကောင်းပြီ”
**--**--**--**--**--**--**--**
လူတစ်ယောက်သည် တုပိုင်၏ ရှေ့မှောက်တွင် ဒူးထောက်နေသည်။ ဤလူသည် လီကျန့်၏ ဂိုဏ်းတူအစ်ကိုဟောင်း ၊ နိမ့်ကျသည့်မိသားစုမှ သားတစ်ယောက် ဖြစ်သည်။ သူသည် တုပိုင်က လီကျန့်ကို သစ္စာဖောက်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ လွှဲပြောင်းပေးကာ မြို့တော်သို့ ပို့ဆောင်ပြီး သေဒဏ်ပေးတော့မည်ဟု သတင်းလာပို့သူ ဖြစ်သည်။
လီကျန့်သည် သွေးထိုးမှုကို နားမယောင်ဘဲ သူ့ကို သွေးထိုးရန် လာရောက်သူကို ဖမ်းဆီးပြီး တုပိုင်ထံ ပို့ဆောင်ကာ သူ၏ သမာဓိနှင့် သစ္စာရှိမှုကို ပြသခဲ့သည်။
“သွား... လီကျန့်ကို ခေါ်ခဲ့” တုပိုင် ပြောလိုက်သည်။
ခဏအကြာတွင် လီကျန့်သည် တုပိုင်၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်သည်။ တုပိုင်သည် အမိန့်တော်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ကောင်းကင်ဘုံအလိုအရ ဧကရာဇ်မင်းမြတ် အမိန့်တော်... လီမိသားစု၏ မျိုးရိုးစဉ်ဆက် နယ်စားမင်းဘွဲ့ကို ရုပ်သိမ်းသည်။ လီမိသားစု၏ မျိုးရိုးစဉ်ဆက် ဝမ်ရှန်း ငြိမ်းချမ်းရေးမင်းကြီးရာထူးကို ရုပ်သိမ်းသည်။ လီကျန့်အား ဟုန်ဟယ်တပ်ရင်းမှူးအဖြစ် ခန့်အပ်ပြီး ကျန့်ရှီမြို့တော် ရေတပ်စစ်သူကြီး တုပိုင်၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်စေသည်။ အပြစ်များကို ကုစားပြီး ကုသိုလ်ယူစေ။ ဤအမိန့်ကို နာခံစေ”
ထိုအချိန်က ဧကရာဇ်သည် စိတ်လောနေသဖြင့် ဝမ်ရှန်းတပ်ရင်းမှူးဟု ရေးသားခဲ့သည်။ နောက်ပိုင်းတွင် မသင့်တော်ဟု ယူဆပြီး ဟုန်ဟယ်တပ်ရင်းမှူးဟု ပြောင်းလဲခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်းမြို့ကို ကျန့်ရှီမြို့ဟု ပြောင်းလဲသတ်မှတ်လိုက်ပြီး တုပိုင်ကို ကျန့်ရှီမြို့တော် ရေတပ်စစ်သူကြီးအဖြစ် ခန့်အပ်လိုက်သောကြောင့် လီကျန့်သည် ဝမ်ရှန်းတပ်ရင်းမှူး ဖြစ်လာ၍ မရတော့ပေ။
လီကျန့်သည် တုန်ရီသွားပြီးနောက် မြေပြင်ပေါ်တွင် ဦးခိုက်ကာ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။ “ကျွန်တော်မျိုး... အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ရှိပါတယ်”
တုပိုင်က ပြောလိုက်သည်။
“ဖန်းမိသားစုက ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ပိတ်ဆို့ထားတုန်းပဲ။ ရိက္ခာတွေ ၊ အခွန်ငွေတွေ အများကြီးကို ထိန်းသိမ်းထားတယ်။ စုစုပေါင်း ငွေတုံး ၂၅ သန်း ရှိတယ်။ ဧကရာဇ်က မင်းကို မြို့တော်ခေါ်ပြီး သေဒဏ်ပေးမယ်ဆိုရင် ပိတ်ဆို့မှုတွေကို ချက်ချင်း ဖယ်ရှားပေးမယ်လို့ သူတို့က ကမ်းလှမ်းထားတယ်။ ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက မြို့တော်က လျှို့ဝှက်စာတစ်စောင် ရပြီးပြီ။ လီကျန့်... မင်းရဲ့ ခေါင်းက တော်တော် တန်ဖိုးရှိတာပဲ”
လီကျန့်က ဦးခိုက်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုးရဲ့ ခေါင်းက တန်ဖိုးရှိတာ မဟုတ်ပါဘူး။ သခင်ကြီးရဲ့ လက်ထဲက အာဏာက တန်ဖိုးရှိတာပါ။ ဖန်းမိသားစုရဲ့ လုပ်ရပ်က အရှင်မင်းကြီးနဲ့ အရှင်သခင်ကြားကို သွေးခွဲချင်ရုံ သက်သက်ပါပဲ”
တုပိုင်က ပြောလိုက်သည်။ “အခု ဖန်းအုပ်စုက နေ့တိုင်း မြို့တော်ကို ရိက္ခာ နည်းနည်းစီ ပို့ပေးနေတယ်။ ပိတ်ဆို့မှုကို မဖယ်ရှားချင်သေးပေမဲ့ မြို့တော်က လူတွေကိုလည်း အစာငတ်ပြီး သေမသွားစေချင်ဘူး။ မင်း ဘယ်လို ထင်သလဲ”
လီကျန့်က ပြောလိုက်သည်။ “မြို့တော်က သန်းချီတဲ့ ပြည်သူတွေက ဖန်းမိသားစုရဲ့ အရေးအကြီးဆုံး ဓားစာခံတွေလေ။ သူတို့ သေကုန်ရင် ဓားစာခံတွေက တန်ဖိုးမရှိတော့ဘူးပေါ့”
တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ ဖန်းအုပ်စုက ရေကြောင်းလမ်းကို အမြဲတမ်း ပိတ်ဆို့ထားရင် ပြဿနာကြီး ဖြစ်နေဦးမှာပဲ။ ဘယ်လို ဖြေရှင်းမလဲ”
လီကျန့်က ပြောလိုက်သည်။ “အရမ်း ရိုးရှင်းပါတယ်။ အရှင်သခင်က အရှင်မင်းကြီးအတွက် ရိက္ခာစုဆောင်းမယ်။ အနောက်တောင်ပိုင်းကနေ မြို့တော်အထိ ရိက္ခာလမ်းကြောင်း ဖွင့်မယ်လို့ ကြေညာလိုက်ရုံပါပဲ။ ပြီးရင် အရှင်မင်းကြီးအတွက် ရိက္ခာစုဆောင်းဖို့နဲ့ လမ်းဖွင့်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟူနန် နဲ့ ဟူပေ ဘက်ကို စစ်သည်တွေ စေလွှတ်လိုက်ရင် ဖန်းအုပ်စုက ပိတ်ဆို့မှုကို ချက်ချင်း ဖယ်ရှားပေးပါလိမ့်မယ်”
ယနေ့ခေတ်တွင် မြို့တော်၌ လူဦးရေ တစ်သန်းကျော် ရှိနေရာ ကုန်းလမ်းမှတဆင့် ရိက္ခာပို့ဆောင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ မဖြစ်နိုင်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ကုန်ကျစရိတ် အလွန်များပြားလွန်းခြင်း ဖြစ်သည်။ ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ်မှာ အဆမတန် ကွာခြားလှသည်။
ထို့ကြောင့် အရှင်မင်းကြီးအတွက် ရိက္ခာစုဆောင်းခြင်းနှင့် အနောက်တောင်ပိုင်းမှ မြို့တော်သို့ ရိက္ခာလမ်းကြောင်း ဖွင့်လှစ်ခြင်းတို့သည် တုပိုင် စစ်သည်စေလွှတ်ရန် အကြောင်းပြချက် သက်သက်သာ ဖြစ်သည်။
တုပိုင်၏ နယ်မြေချဲ့ထွင်လာမှုကို တားဆီးရန်အတွက် ဖန်းအုပ်စုသည် ပိတ်ဆို့မှုကို လိမ္မာစွာ ဖယ်ရှားပေးရလိမ့်မည်။
ဤအချက်ကို လီကျန့်က ရှင်းရှင်းလင်းလင်း မြင်သလို ဧကရာဇ်ကလည်း ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့် သူသည် ဖန်းမိသားစုနှင့် မည်သည့်အခါမျှ စေ့စပ်ဆွေးနွေးခြင်း မပြုခဲ့ပေ။
ဖန်းမိသားစုက လီကျန့်၏ ခေါင်းကို အသုံးပြုပြီး ရေကြောင်းလမ်း ပြန်ဖွင့်ပေးမည်ဟု ကမ်းလှမ်းခြင်းသည် နောက်ဆုံး မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုသာ ဖြစ်သည်။
အကယ်၍ ဉာဏ်ရည်နိမ့်ပါးသော ဧကရာဇ်သာဆိုပါက အမှန်တကယ် အလိမ်ခံလိုက်ရမည်မှာ သေချာသည်။
ဖန်းအုပ်စုက ရိက္ခာအနည်းငယ်ဖြင့် မြို့တော်မှ ပြည်သူများကို အသက်ဆက်ထားပေးပြီး ဧကရာဇ်ကို ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းသည် မလိုအပ်ဘဲ ပိုလုပ်သော အလုပ်သာ ဖြစ်သည်။
သို့သော် အိမ်ရှေ့စံ၏ လျှို့ဝှက်စာမှာ မည်သည့်အဓိပ္ပာယ်နည်း။
ဖန်းမိသားစုက လီကျန့်ကို သတ်ခိုင်းခြင်းသည် မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဧကရာဇ် မြင်နိုင်သလို အလွန် ဉာဏ်ကောင်းသည့် အိမ်ရှေ့စံလည်း ပိုမို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့် သူသည် ဤလျှို့ဝှက်စာကို ရေးသားခဲ့သနည်း။
**--**--**--**--**--**--**--**
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်၏ စိတ်အခြေအနေသည် မကြာသေးမီက အလွန် ရှုပ်ထွေးပြီး အလွန် ဆိုးရွားနေသည်။
တုပိုင်... ထို ကုန်းကုန်းကောင်လေးက အမှန်တကယ် အနိုင်ရသွားခဲ့သလော။ သူ၌ စစ်သည် ၉ သောင်းသာ ရှိသည် မဟုတ်ပါလော။ လီမိသားစု၏ စစ်သည် ၄ သိန်း ၊ ရွှမ်ချန်နယ်စားမင်းနှင့် ယွမ်ထျန်ကျောက်တို့၏ စစ်သည် ၁ သိန်း ၂ သောင်းကို ရင်ဆိုင်ပြီး... အမှန်တကယ် အနိုင်ရသွားခဲ့သလော။ မည်သို့ အနိုင်ရသွားသနည်း။
လီရူဟိုင်သည် ဝက်လော။ သေချာသည်ကား လီရူဟိုင်သည် ဝက်တစ်ကောင် မဟုတ်ချေ။ ကျားလည်းမဟုတ်သလို နဂါးကြီးတစ်ကောင်ဖြစ်သည်။ ဤသည်မှာ တုပိုင် အလွန်တော်ကြောင်း သက်သေပြနေခြင်းပင်။
အမှန်စင်စစ် ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ပျော်ရွှင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် လီရူဟိုင် ပျက်စီးသွားပြီ ဖြစ်၍ စိချွမ်းကို လာတိုက်မည့်သူ မရှိတော့ချေ။ တုပိုင် မည်မျှပင် တော်နေပါစေ ထိုကောင်သည် ဧကရာဇ်အပေါ် သစ္စာရှိတဲ့ မှူးမတ်တစ်ဦးသာဖြစ်၏။ အကြောင်းမဲ့သက်သက် စိချွမ်းကို စစ်တပ်လွှတ်ရန် မဖြစ်နိုင်ပေ။ ထိုအရာက ပုန်ကန်မှု ဖြစ်သွားပေမည်။
သို့သော် ထို ကုန်းကုန်းကောင်လေးက ပြိုင်ဘက်ကင်း ကုသိုလ်ထူး ရယူလိုက်ပြီး အနောက်တောင်ပိုင်း၏ အရှင်သခင် ဖြစ်လာသည်ကို ကျန့်ကော်နယ်စားမင်း လုံးဝ မကျေနပ်ပေ။
“ယွမ်ထျန်ကျောက် ၊ လီရူဟိုင်... မင်းတို့ကောင်တွေက ဝက်တွေလား။ ဝှေးစေ့မပါတဲ့ ကောင်လေးတစ်ယောက်ကိုတောင် မသတ်နိုင်ဘူးလား”
ဤရက်ပိုင်းအတွင်း ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် နှုတ်မှ အထွက်ဆုံး စကားမှာ ဤသည်ပင် ဖြစ်သည်။
ကိုယ်လုပ်တော်လေးက နူးညံ့စွာ ပြောလိုက်သည်။ “သခင်ကြီး... တုပိုင်က အရင်တုန်းက ရွှေတုံး ၁ သောင်း လက်ဆောင်ပို့ဖူးတယ်မလား။ ဒီတစ်ခါ သူက အကြီးအကျယ် နိုင်ထားတော့ သူ့ရဲ့ အသက် ၂၀ ပြည့် မွေးနေ့လည်း ရောက်တော့မှာဆိုတော့... ကျွန်မတို့ဘက်က ရွှေတုံး ၁ သောင်း... မဟုတ်ဘူး ၊ ရွှေတုံး ၂ သောင်းကို မွေးနေ့လက်ဆောင်အဖြစ် ပြန်ပေးပြီး နှစ်ဖက်ဆက်ဆံရေး ပြေလည်အောင် လုပ်ရင် မကောင်းဘူးလား”
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အိပ်မက် မက်နေလိုက်... အိပ်မက် မက်နေလိုက်။ သူ ဘယ်လောက်ပဲ တော်နေပါစေ... ငါ့ခေါင်းပေါ် လာတက်ခွလို့ မရဘူး။ ငါ အင်ပါယာအနှံ့ ခြေဆန့်နေတုန်းက သူက သူ့အဖေ ဝှေးစေ့ထဲမှာတောင် မရှိသေးဘူး။ ဝှေးစေ့မပါတဲ့ကောင်... မင်းက ငါ့ကို သူ့ဖားခိုင်းချင်နေတာလား။ အိပ်မက်သာ မက်နေလိုက်”
ကိုယ်လုပ်တော်လေးက ပြောလိုက်သည်။ “ကျွန်မတို့ လျှို့ဝှက်စာ တစ်စောင် ရထားပါတယ်။ ဧကရာဇ်က ကျန့်ရှီမြို့တော်အသစ် တည်ထောင်မယ်တဲ့။ တုပိုင်က ပြည်နယ် ၃ ခုကို ကြီးကြပ်ပြီး ပြည်နယ် ၅ ခုကို ထိန်းချုပ်မယ်တဲ့။ အဲဒါဆိုရင် စိချွမ်းရဲ့ စစ်ရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခွင့် ရသွားမှာပေါ့”
“သူ လုပ်ရဲလို့လား” ကျန်းဝမ်ကျောက် အော်ဟစ်လိုက်သည်။ “အခုခေတ်မှာ ဘယ်သူက ဧကရာဇ်ရဲ့ အမိန့်ကို ဂရုစိုက်လို့လဲ။ အိမ်သာသုံး စက္ကူလောက်တောင် တန်ဖိုးမရှိဘူး။ စိချွမ်းက ငါ့နယ်မြေပဲ။ ဘယ်သူပဲ ဝင်လာလာ ငါ ပိုင်းပစ်မယ်။ လီရူဟိုင်ရဲ့ လက်ပဲ ဖြစ်ဖြစ် ၊ တုပိုင်ပဲ ဖြစ်ဖြစ်... သူက ဝှေးစေ့မရှိတဲ့အပြင် လက်ပါ ပြတ်မသွားအောင် သတိထားနေပါစေလို့ ပြောလိုက်”
ကိုယ်လုပ်တော်လေး မျက်မှောင်ကြုတ်လိုက်သည်။ တုပိုင်က လီမိသားစု၏ စစ်သည် သိန်းချီကိုပင် အနိုင်တိုက်နိုင်ခဲ့ရာ... စစ်သည် ၈ သောင်းခန့်ကို ထည့်ပြောနေစရာ လိုသလော။
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် သေချာပေါက် နားလည်သည်။ သို့သော် တုပိုင်သည် စိချွမ်းသို့ စစ်သည်လွှတ်ရဲမည် မဟုတ်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။ ထိုအရာမှာ ပုန်ကန်မှုနှင့် အတူတူပင်။
လီရူဟိုင်က ပုန်ကန်သူ ဖြစ်သည်။ ကျန်းဝမ်ကျောက်က ပုန်ကန်သူ မဟုတ်ပေ။ တုပိုင်ထံ၌ သူ့အား လာရောက်တိုက်ခိုက်ရန် အခွင့်အာဏာမရှိချေ။
ထို့အပြင် တုပိုင်သည် သစ္စာရှိ မှူးမတ် ဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ စစ်သည် စေလွှတ်၍မရပေ။ စေလွှတ်ပါက ထိုသည်မှာ ပုန်ကန်မှုပင်။
ထိုအချိန်၌ အပြင်ဘက်မှ ကျန်းဝမ်ကျောက်၏ လူယုံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“နယ်စားမင်း... တုပိုင်ရဲ့ တမန်တော်က လာရောက် တွေ့ဆုံခွင့်တောင်းနေပါတယ်”
ကျန်းဝမ်ကျောက်က စူးရှစွာ ပြောလိုက်သည်။ “မတွေ့ဘူး”
ကိုယ်လုပ်တော်လေးက အလျင်အမြန် ပြောလိုက်သည်။ “သခင်ကြီး... တွေ့လိုက်ပါ။ သူ ဘာပြောမလဲ နားထောင်ကြည့်ပါ။ ဘာရည်ရွယ်ချက် ရှိလဲဆိုတာ သိရတာပေါ့”
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်၏ မျက်နှာ တွန့်သွားပြီး ပြောလိုက်သည်။ “ဒါဆိုရင် ဝင်ခွင့်ပေးလိုက်။ ဒီမိန်းမစိုးလေး ဘာရည်ရွယ်ချက် ရှိလဲ ကြည့်ကြတာပေါ့”
ခေတ္တမျှကြာသော် တုပိုင်၏ တမန်တော် ရောက်ရှိလာလေသည်။
“ကျန့်ရှီမြို့တော် ရေတပ်စစ်သူကြီး ၊ ကျန့်ရှီနယ်စား တုပိုင်၏ စစ်မိန့်... မြို့တော် ပိတ်ဆို့ခံထားရသည် ၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး ရပ်တန့်နေသည်။ ကျန့်ရှီမြို့တော်တွင် အရှင်မင်းကြီးအတွက် ရိက္ခာလမ်းကြောင်း ဖွင့်ပေးရန် တာဝန်နှင့် ဝတ္တရား ရှိသည်။ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်အား ၁၀ ရက်အတွင်း ကျန့်ရှီမြို့တော်သို့ လာရောက်၍ စစ်ရေးအစည်းအဝေး တက်ရောက်ရန် အမိန့်ပေးသည်။ သတ်မှတ်ချိန်အတွင်း မရောက်ပါက စစ်ဥပဒေအရ စီရင်မည်”
ထိုစကား ကြားသည်နှင့် ကျန်းဝမ်ကျောက်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။
တုပိုင်သည် ဘာအကောင်နည်း။ သူကျန်းဝမ်ကျောက်သည် နန်းတွင်း၏ ဂုဏ်သရေရှိ မှူးမတ် ၊ မျိုးရိုးစဉ်ဆက် နယ်စားမင်း ဖြစ်သည်။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲပင်လျှင် သူ့ကို အစ်ကိုကြီးဟု လေးလေးစားစား ခေါ်ဝေါ်ရသည်။ တုပိုင်ကဲ့သို့ တက်သစ်စ ကုန်းကုန်းလေးက သူ့ရှေ့တွင် ဆရာကြီး လာလုပ်ရဲသလော။
ရုတ်တရက် ကျန်းဝမ်ကျောက် အေးစက်စွာ မေးလိုက်သည်။ “စစ်ဥပဒေအရ အရေးယူမယ်ဆိုတာ ဘာသဘောလဲ”
တုပိုင်၏ တမန်တော်က ပြောလိုက်သည်။ “ကျန့်ရှီနယ်စားမင်း ၊ အမတ်မင်းတုပိုင်ရဲ့ အမိန့်အရ... တစ်ရက် နောက်ကျရင် တုတ်ဒဏ် ၃၀။ နှစ်ရက် နောက်ကျရင် တုတ်ဒဏ် ၁၀၀။ သုံးရက် နောက်ကျရင် ခေါင်းဖြတ်သတ်မယ်”
“ဟားဟားဟားဟား...” ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်သွားသည်။
ဆယ်စုနှစ်များစွာအတွင်း သူ ဤမျှ ဒေါသမထွက်ဖူးပေ။ ဧကရာဇ်ပင်လျှင် သူ့ကို ဤမျှ ဒေါသထွက်အောင် မလုပ်နိုင်ခဲ့ချေ။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲပင်လျှင် သူ့ကို လေးလေးစားစား ဆက်ဆံရသည်။ ဖန်းအုပ်စုပင်လျှင် အင်အားကြီးသော်လည်း သူ့ကို ငွေများ လာပေးပြီး ဖားရသည်။
ယခု အသက် ၂၀ မပြည့်သေးသော တုပိုင် ၊ ကုန်းကုန်းလေးက သူ့ကို အစည်းအဝေး လာတက်ရန် အမိန့်ပေးရုံမကဘဲ မလာလျှင် စစ်ဥပဒေဖြင့် အရေးယူမည်ဟူလော။
တုတ်ဒဏ် ၃၀၊ တုတ်ဒဏ် ၁၀၀၊ ခေါင်းဖြတ်သတ်မည် ဟုတ်ပါသလော။ ဒေါသအိုးပေါက်ကွဲနေသော ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်သည် တုပိုင်၏ တမန်တော်ကို ပါးရိုက်ချလိုက်သည်။
“သခင်ကြီး... မလုပ်ပါနဲ့ ၊ မလုပ်ပါနဲ့...” သူ၏ ချောမောလှပသော ကိုယ်လုပ်တော်လေးက အသည်းအသန် ပြေးဝင်လာပြီး တားဆီးလိုက်သည်။
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ဒေါသ မပြေသေးပေ။ သူသည် မြှားတိုတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး တုပိုင်၏ တမန်တော်အနားသို့ သွားကာ ပေါင်ကြားကို ရက်စက်စွာ ဖြတ်လိုက်သည်။ တုပိုင်၏ တမန်တော်ကို အရှင်လတ်လတ် သင်းကွပ်ပစ်လိုက်ပြီး ဖြတ်လိုက်သော အစိတ်အပိုင်းကို တမန်တော်၏ မျက်နှာပေါ်သို့ ပစ်ပေါက်လိုက်သည်။
“ပြန်သွားပြီး တုပိုင်ကို ပြောလိုက်... ဒါ ငါ့ရဲ့ အဖြေပဲ” ကျန်းဝမ်ကျောက် ဟိန်းဟောက်လိုက်သည်။
ရုတ်တရက် တုပိုင်၏ တမန်တော်သည် နာကျင်လွန်းသဖြင့် သတိလစ်သွားသည်။
“ပြန်သယ်သွားပြီး တုပိုင်ကို ပြလိုက်။ ဒါ ငါ့ရဲ့ အဖြေပဲ” ကျန်းဝမ်ကျောက် အော်ဟစ်လိုက်သည်။
စစ်သည်နှစ်ယောက် ဝင်လာပြီး နာကျင်၍ သတိလစ်နေသော တုပိုင်၏ တမန်တော်ကို ထမ်းထုတ်သွားကြသည်။
တစ်နာရီခွဲခန့် ကြာပြီးနောက် ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် တဖြည်းဖြည်း စိတ်ငြိမ်သွားပြီး ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ စတင်လာသည်။
ချောမောလှပသော ကိုယ်လုပ်တော်လေး၏ မျက်နှာမှာမူ သေလူကဲ့သို့ ဖြူဖျော့နေပြီ ဖြစ်သည်။
ကျန့်ကော်နယ်စားမင်းက ပြုံးပြီး ပြောလိုက်သည်။ “ဘာတွေ စိတ်ပူနေတာလဲ။ တုပိုင်က သစ္စာရှိ မှူးမတ် မဟုတ်ဘူးလား။ သူက စစ်တပ်ကို ဦးဆောင်ပြီး စိချွမ်းထဲ ဝင်လာပြီး ငါ့ကို တိုက်ရဲလို့လား။ အဲဒါက ပုန်ကန်မှုနဲ့ အတူတူပဲ။ သူ လုပ်ရဲလို့လား”
**--**--**--**--**--**--**--**
လျန်ကျိုးအိမ်တော်။
ကွမ်ရှီးရေတပ်စစ်သူကြီး ယွမ်ထျန်ကျောက်၏ အိမ်တော်သို့လည်း တုပိုင်၏ တမန်တော် ရောက်ရှိလာသည်။
“ကျန့်ရှီမြို့တော် ရေတပ်စစ်သူကြီး ၊ ကျန့်ရှီနယ်စားမင်း ၊ တုပိုင်၏ စစ်မိန့်... မြို့တော် ပိတ်ဆို့ခံထားရသည် ၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး ရပ်တန့်နေသည်။ ကျန့်ရှီမြို့တော်တွင် အရှင်မင်းကြီးအတွက် ရိက္ခာလမ်းကြောင်း ဖွင့်ပေးရန် တာဝန်နှင့် ဝတ္တရား ရှိသည်။ ကွမ်ရှီးရေတပ်စစ်သူကြီး ယွမ်ထျန်ကျောက်အား ၁၀ ရက်အတွင်း ကျန့်ရှီမြို့တော်သို့ လာရောက်၍ စစ်ရေးအစည်းအဝေး တက်ရောက်ရန် အမိန့်ပေးသည်။ သတ်မှတ်ချိန်အတွင်း မရောက်ပါက စစ်ဥပဒေအရ စီရင်မည်”
ထိုစကားများကို ယွမ်ထျန်ကျောက် ကြားလိုက်ရသောအခါ တုန်လှုပ်သွားပြီး မျက်နှာထားက အေးစက်သွားသည်။
တမန်တော်က ဆက်ပြောသည်။ “အမတ်မင်းတုပိုင်ရဲ့ အမိန့်အရ... တစ်ရက် နောက်ကျရင် တုတ်ဒဏ် ၃၀။ နှစ်ရက် နောက်ကျရင် တုတ်ဒဏ် ၁၀၀။ သုံးရက် နောက်ကျရင် ခေါင်းဖြတ်သတ်မယ်”
ရုတ်တရက် ယွမ်ထျန်ကျောက် သည်းမခံနိုင်တော့ပေ။
စစ်ဓားကို ဆွဲထုတ်လိုက်ပြီး တုပိုင်၏ တမန်တော် လည်ပင်းကို ခုတ်ပိုင်းချလိုက်သည်။
“ရွှပ်”
ချက်ချင်းပင် တုပိုင်၏ တမန်တော် ခေါင်းပြတ်ကျသွားသည်။ ခေါင်းဖြတ်ပြီးသည်အထိ ယွမ်ထျန်ကျောက်၏ ခန္ဓာကိုယ်က တုန်ရီနေဆဲ ဖြစ်သည်။
သူ ဟိန်းဟောက်လိုက်သည်။ “သခင်လေးဆီ ချက်ချင်း စာပို့လိုက်။ အရှေ့ဘက် ပြည်ထောင်စုရဲ့ ပင်မတပ်ဖွဲ့တွေ ကမ်းတက်ပြီး တုပိုင်ဆိုတဲ့ ကုန်းကုန်းခွေးရဲ့ စစ်တပ်ကို ချေမှုန်းပေးဖို့ ပြောလိုက်...”
ခဏအကြာတွင် ကွမ်ရှီးဘုရင်ခံ တုကျန်း ထွက်လာပြီး သွေးအိုင်ထဲတွင် လဲနေသော တုပိုင်၏ တမန်တော်ကို ကြည့်လိုက်သည်။
“မထင်မှတ်ထားဘူး... အဆိပ်ပြင်းတဲ့ မြွေ တုပိုင်က ဒီလောက် ရက်စက်လိမ့်မယ်လို့။ သူက လီမိသားစုဆိုတဲ့ သားကောင်ကြီးကို မျိုချပြီးတာနဲ့ သူ့အစွယ်တွေကို ထုတ်ပြီး နေရာတိုင်းကို လိုက်ကိုက်ဖို့ အဆင်သင့် ဖြစ်နေပါရောလား”
**--**--**--**--**--**--**--**
တုပိုင်၏ ရှေ့မှောက်၌ အလောင်းနှစ်လောင်း ရှိနေသည်။
အားလုံးသည် သူ စေလွှတ်ခဲ့သော တမန်တော်များ ဖြစ်ကြသည်။ တစ်ယောက်သည် ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်၏ အရှင်လတ်လတ် သင်းကွပ်ခြင်း ခံရပြီး နာကျင်စွာ သေဆုံးသွားရသည်။ နောက်တစ်ယောက်သည် ယွမ်ထျန်ကျောက်၏ ခေါင်းဖြတ် သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
“ကောင်းတယ်... အရမ်း ကောင်းတယ်”
တုပိုင်သည် အေးစက်စွာ ပြောလိုက်သည်။
“ကျန်းဝမ်ကျောက် ၊ ယွမ်ထျန်ကျောက်... သူခိုးနှစ်ကောင်က ငါ့လူကိုသတ်ရဲတယ်ပေါ့။ သူတို့က ပုန်ကန်မှုမှာ ပါဝင်ပတ်သက်နေကြပြီ”
ထို့နောက် အမိန့်ပေးလိုက်သည်။
“အမိန့်ပေးလိုက်... ဖူဟုန်ပင်းကို ပထမတပ်မတော် ဦးဆောင်စေပြီး လျန်ကျိုးအိမ်တော်ဆီ ချီတက်စေ။ ယွမ်ထျန်ကျောက်ရဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်စေ”
“ငါကိုယ်တိုင် ဒုတိယတပ်မတော်ကို ဦးဆောင်ပြီး ပုန်ကန်သူ ကျန်းဝမ်ကျောက်ကို ချေမှုန်းမယ်”
“လီကျန့်ကို စစ်သည် ၂ သောင်း ဦးဆောင်စေပြီး ဟူနန်ဘက်ကို မြောက်တက်စေ။ အရှင်မင်းကြီးအတွက် ရိက္ခာလမ်းကြောင်းဖွင့် ၊ ရိက္ခာစုဆောင်းပြီး မြို့တော်ကို ကယ်တင်စေ”
ရက်အနည်းငယ် ကြာပြီးနောက်။
တုပိုင်၏ စစ်သည် ၁ သိန်း ၄ သောင်းသည် တပ်ဖွဲ့ ၃ ဖွဲ့ခွဲကာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက်သွားကြသည်။
တစ်ဖွဲ့သည် ယွမ်ထျန်ကျောက်အား တိုက်ခိုက်ရန်ဖြစ်ပြီယ တစ်ဖွဲ့က ကျန်းဝမ်ကျောက်ကို တိုက်ခိုက်မည်။ နောက်ဆုံး တစ်ဖွဲ့သည် ဟူနန်ဘက်သို့ ချီတတ်သွားလေ၏။
မျက်တောင်တစ်ခတ်အတွင်း ကမ္ဘာကြီး တုန်လှုပ်သွားရသည်။ ဤသည်မှာ ကမ္ဘာကြီးကို စွန့်စားခန်း ဖွင့်လိုက်ခြင်းပင်။ တုပိုင်သည် လီမိသားစုဟူသော ဘီလူးကြီးကို မျိုချပြီးသည်နှင့် ရူးသွပ်စွာ နယ်မြေချဲ့ထွင်ရန် မစောင့်နိုင်တော့သလော။
တုပိုင်၏ ရည်ရွယ်ချက်ကား မည်သည်နည်း။ ဤသည်မှာ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်နေခြင်း မဟုတ်ပါလော။
**--**--**--**--**--**--**--**
မြို့တော် နန်းတော်အတွင်း။
ဖန်းကျိုး ဦးခိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“အရှင်မင်းကြီး... တုပိုင်က ပုန်ကန်တော့မယ်။ သူ ပုန်ကန်တော့မယ်”
တုဟွေးက ဝင်ပြောလိုက်သည်။
“ဆင်ကို မျိုချင်တဲ့ မြွေလိုပဲ... စိတ်မကြီးပါနဲ့။ အရှင်မင်းကြီးက သူ့ကို ကျန့်ရှီရေတပ်စစ်သူကြီး ခန့်လိုက်တာတောင် သူက မကျေနပ်ဘူး။ ဘုရင်ခံ မခန့်လို့ ၊ နယ်စားမင်းကြီး ရာထူး မတိုးပေးလို့ မကျေနပ်ဖြစ်နေတာ။ သူက အင်အားပြနေတာ။ အရှင်မင်းကြီးကို ဖိအားပေးနေတာပါ”
ဖန်းကျိုးသည် ဦးခိုက်လိုက်သည်။ “ကျေးဇူးပြုပြီး အမိန့်တော် ချပေးပါ”
တုဟွေးက ပြောလိုက်သည်။ “ကျေးဇူးပြုပြီး အရှင်မင်းကြီး သူ့ကို ပြစ်တင်ရှုတ်ချပေးပါ”
ပုံမှန်အတိုင်းဆိုလျှင် တုပိုင်၏ လုပ်ရပ်သည် အလွန် ဆိုးရွားသည်။ ဧကရာဇ်၏ အမိန့်မပါဘဲ ဟူနန် နှင့် စိချွမ်း သို့ စစ်သည်များ တိုက်ရိုက် စေလွှတ်ခဲ့သည်။ ပိုမို လေးနက်စွာ ဆိုရလျှင် ဤသည်မှာ ပူးပေါင်းကြံစည်မှုပင် ဖြစ်သည်။
သူ့တွင် ဟူနန် နှင့် စိချွမ်း၏ စစ်ရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခွင့် ရှိသော်လည်း စစ်သည် စေလွှတ်ခွင့် မရှိပေ။ သူ့စီရင်ပိုင်ခွင့်သည် အနောက်တောင်ပိုင်း ပြည်နယ် ၃ ခုသာ ဖြစ်သည်။
ဧကရာဇ်သည် ရယ်မောပြီး ပြောလိုက်သည်။
“ဖန်းကျိုး ၊ တုဟွေး... ဆိုရိုးစကား ရှိတယ်လေ။ ချစ်ခင်ရသူတွေ နာကျင်ရရင် ရန်သူတွေ ပျော်ရွှင်ရတယ်တဲ့။ အဲဒီတော့ ချစ်ခင်ရသူတွေကို နာကျင်စေပြီး ရန်သူတွေကိုပါ နာကျင်စေတဲ့ ကိစ္စမျိုးရော ရှိတယ်လို့ မင်းတို့ ထင်လား”
တုဟွေး၏ မျက်နှာ ပြောင်းလဲသွားသည်။
ထို့နောက် သူ ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုးတို့ ပြန်ခွင့်ပြုပါဦး”
နန်းတော်ထဲမှ ထွက်လာပြီးနောက် တုဟွေးက အေးစက်စွာ ပြောလိုက်သည်။ “ဒီတိရစ္ဆာန်ကောင်က ငါတို့ကို ပစ်မှတ်ထားနေပြီ”
ဖန်းကျိုးက ပြောလိုက်သည်။ “ဧကရာဇ်က ဘယ်တုန်းက ဒီလောက် ဉာဏ်ကောင်းသွားတာလဲ”
တုဟွေးက ပြောလိုက်သည်။ “ဧကရာဇ်က မတုံးဘူး။ ဒါပေမဲ့ ပြတ်သားမှု မရှိဘူး။ စိတ်နုတယ်”
ဖန်းကျိုးက ပြောလိုက်သည်။ “အရမ်း ထူးဆန်းတယ်။ ဧကရာဇ်က ဘာလို့ တုပိုင်ကို ဘုရင်ခံ ရာထူး မပေးတာလဲ။ ဘာလို့ နယ်စားမင်းကြီး ရာထူး မတိုးပေးတာလဲ။ အစကတော့ ဧကရာဇ်က တုပိုင်ကို ဖိနှိပ်ထားချင်တယ်လို့ ငါ ထင်ခဲ့တာ။ အခုကြည့်ရတာ တခြား အကြံအစည် ရှိပုံရတယ်”
တုဟွေး ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ တခြား အကြံအစည် ရှိတယ်။ အရမ်း ကြောက်စရာကောင်းတဲ့ အကြံအစည်”
ဖန်းကျိုးက ပြောလိုက်သည်။ “ငါတို့ရဲ့ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုက မအောင်မြင်ဘူး။ ဒါပေမဲ့ တုပိုင်က ပြန်ကိုက်လိုက်ပြီ။ ဆုံးဖြတ်ချက် ချရတော့မယ်”
တုဟွေးက ပြောလိုက်သည်။ “နောက်ဆုံးတော့ သခင်လေးဆီ တင်ပြပြီး အမြန်ဆုံး ဆုံးဖြတ်ချက် ချရမယ်။ မဟုတ်ရင်... နောက်ကျသွားမှာ ကြောက်ရတယ်။ တုပိုင်က အဆိပ်ပြင်းတဲ့ မြွေ ဖြစ်လာပြီ။ အသားတစ်ဖတ် အကိုက်ခံလိုက်ရရင် အတုကနေ အစစ် ဖြစ်သွားလိမ့်မယ်။ သူ အသားတုံးကြီးကြီး ကိုက်ဖြတ်ယူသွားမှာကို မခံရစေနဲ့”
**--**--**--**--**--**--**--**
နန်းတော်အတွင်း၌ ဧကရာဇ်က ပြောလိုက်သည်။
“ပြင်ဆင်ထားလော့။ ငါတို့ရဲ့ သူရဲကောင်းကြီး တုပိုင် မကြာခင် မြို့တော်ကို ဝင်လာတော့မယ်။ မင်းသမီးနင်းရွှဲ့ကို သွားပြောလိုက်... ဒီရက်ပိုင်း အနားယူပြီး အားမွေးထားလို့ ပြောလိုက်”
မိန်းမစိုးကြီး ယွမ်ကျူး အံ့သြသွားပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။ “အမိန့်တော်မြတ်အတိုင်းပါ ဘုရား”
**--**--**--**--**--**--**--**
ကွေ့လင်မြို့၊ ဘုရင်ခံရုံးအတွင်း၌ ကွမ်ရှီးဘုရင်ခံ တုကျန်း၏ ဇနီး၊ ဖူယန်နယ်စားမင်းအိမ်တော်မှ သခင်မကျန်း။
သူမ၏ လှပသော မျက်နှာသည် ကြမ်းတမ်းခက်ထန်နေပြီး ဟိန်းဟောက်နေသည်။ တုပိုင်က သူမ၏ သားကို သတ်ခဲ့သဖြင့် သူမသည် တုပိုင်ကို လုံးဝ မုန်းတီးပြီး အရှင်လတ်လတ် အသားစားချင်နေသည်။
“တုကျန်း... ရှင်ပြောတုန်းက ဒီတစ်ခါ တုပိုင် သေချာပေါက် သေမယ်ဆို။ ဘာလို့ မသေတာလဲ။ ဘာလို့လဲ”
“ရှင် သွားဖမ်းပေး... သူ့အရေခွံကို ခွာ ၊ အကြောကို ထုတ်ပြီး ကျွန်မသားအတွက် ကလဲ့စားချေချင်တယ်”
“ကွမ်တုံနဲ့ ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းကို စစ်သည်တွေ လွှတ်ခိုင်းလိုက်။ ဖန်းမိသားစုရဲ့ ပြည်ပအင်ပါယာကို စစ်သည်တွေ လွှတ်ခိုင်းလိုက်။ တုပိုင်ကို ချေမှုန်းပြီး အပိုင်းပိုင်း ဖြတ်ပစ်လိုက်”
“တုပိုင်... နင်က ဝှေးစေ့မပါတဲ့ကောင် ၊ နင်က တိရစ္ဆာန်ကောင်။ ငါနဲ့ နင် ကမ္ဘာရန်သူပဲ။ နင့်ကို မြေမြှုပ်စရာ နေရာမရှိအောင် လုပ်ပစ်မယ်”
သူမ လက်ထဲတွင် အရုပ်တစ်ခု ရှိသည်။ တုပိုင်ပုံစံ ထုလုပ်ထားပြီး အလွန် တူညီပြီး ပေါင်ကြားတွင် နေရာလွတ် ချန်ထားသည်။
ထို့နောက် အပ်တစ်ချောင်းကို ကိုင်ပြီး တုပိုင်အရုပ်ကို အသည်းအသန် ထိုးစိုက်နေလေသည်။
“တုပိုင်... နင်က တိရစ္ဆာန်ကောင်၊ နင်က ကံဆိုးမိုးမှောင်ကျတဲ့ ကောင်... ငါနဲ့ နင် မိုးမမြင်လေမမြင် ရန်သူတွေပဲ”
ထိုအချိန်မှာပင် ဝုန်းခနဲအပြင်တံခါးကို ကန်ဖွင့်လိုက်သံ ကြားလိုက်ရသည်။
ထို့နောက် လီကျင်းဌာနမှ စစ်သည်တစ်ဖွဲ့ ဝင်ရောက်လာသည်။ သို့သော် ဤလီကျင်းဌာန စစ်သည်များသည် အလွန် ထူးဆန်းနေသည်။ ကွမ်ရှီးဘုရင်ခံ တုကျန်းသည် ထိုသူများထဲမှ တစ်ယောက်မှ မသိပေ။
အဘယ်ကြောင့်ဆိုသော် ဤ လီကျင်းဌာန သိုင်းသမားများ ဆိုသည်မှာ တုပိုင်၏ လက်အောက်မှ စစ်သည်များ ဖြစ်ကြသည်။ ခေါင်းဆောင်မှာ အပြာရောင်နဂါးဂိုဏ်းမှ ဆရာသခင်ကျီချင်းကျူ၏ ဒုတိယတပည့် ရှဲ့ဝူတောက် ဖြစ်သည်။
သူသည် အစက ပထမအဆင့် သိုင်းပညာရှင်သာ ဖြစ်သော်လည်း အပြာရောင်နဂါးဂိုဏ်း၏ အပြောင်းအလဲများကြောင့် ဆရာသခင်ကျီချင်းကျူ ဖမ်းဆီးခံရပြီးနောက် စိတ်ထိခိုက်သွားကာ သိုင်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
တစ်နှစ်အတွင်း သူသည် မဟာဆရာသခင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ တုပိုင်၏ ရာထူးများထဲမှ တစ်ခုမှာ လီကျင်းဌာန၏ ညာဘက်ရေတပ်စစ်သူကြီး ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၅ + ၅၉၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team