အခန်း (၅၉၇-၅၉၈)
Vol. 60 Ch. 597-598
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၇ + ၅၉၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဤသည်မှာ ဧကရာဇ်၏ ကြိုတင်ကာကွယ်မှု စီမံကိန်းတစ်ခုပင် ဖြစ်သည်။ ထိုရာထူးကို ရရှိပြီးနောက် တုပိုင်၌ အရပ်ဘက်အရာရှိများကို စုံစမ်းစစ်ဆေးခွင့် အာဏာရှိလာသည်။
ယခု တုပိုင်သည် အနောက်တောင်ပိုင်းကို တာဝန်ယူလိုက်ပြီ ဖြစ်သည့်အတွက် သူသည် ကွမ်ရှီး လီကျင်းဌာနအသစ်ကို ချက်ချင်း ဖွဲ့စည်းလိုက်သည်။ အပြာရောင်နဂါးဂိုဏ်းမှ ဆရာသခင်ကျီချင်းကျူ၏ ဒုတိယတပည့် ရှဲ့ဝူတောက်မှာ လီကျင်းဌာန၏ တပ်ရင်းမှူး ဖြစ်လာခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ကွမ်ရှီးပြည်နယ်အတွင်း၌ လီကျင်းဌာနရုံး နှစ်ခု ရှိနေပြီ ဖြစ်သည်။ တစ်ခုမှာ ကွမ်ရှီးဘုရင်ခံ၏ အမိန့်ကို နာခံပြီး ၊ အခြားတစ်ခုမှာ တုပိုင်၏ အမိန့်ကို နာခံသည်။
“ကွမ်ရှီးဘုရင်ခံတုကျန်း... ခင်ဗျားရဲ့ ဇနီးသည် သခင်မကျန်းက စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို မှောင်ခိုကူးတာ ၊ လာဘ်ပေးလာဘ်ယူ လုပ်တာတွေနဲ့ ပတ်သက်ပြီး သံသယရှိနေပါတယ်။ လီကျင်းဌာန ရေတပ်ဗိုလ်ချုပ် နယ်စားမင်းတုပိုင်ရဲ့ အမိန့်အရ... ကျုပ်က သူ့ကို တရားဝင် ဖမ်းဆီးလိုက်ပြီ” ရှဲ့ဝူတောက်က အေးစက်စွာ ပြောလိုက်သည်။ “လာကြစမ်း... ဘုရင်ခံရဲ့ ဇနီးသည် ကျန်းကို ဖမ်းလိုက်ကြ”
ချက်ချင်းပင် စစ်သည်တစ်ဒါဇင်ကျော် ရှေ့တက်လာပြီး တုကျန်း၏ ဇနီးသည် ကျန်းကို ဖမ်းဆီးလိုက်ကြသည်။
ကွမ်ရှီးဘုရင်ခံ တုကျန်း၏ ဇနီးသည် ကျန်း အံ့သြသွားပြီး မထီမဲ့မြင် ပြုံးလိုက်သည်။ “တုပိုင်ဆိုတဲ့ ခွေးကုန်းကုန်းကောင်လေး ဦးနှောက်ပျက်သွားပြီလား။ ဒါက ကွေ့လင်အိမ်တော် ၊ ဖန်းမိသားစုရဲ့ နယ်မြေ၊ ပြီးတော့ ဒါက ဘုရင်ခံရုံးတော်။ သူက ဒီနေရာထိ လူလွှတ်ပြီး ငါ့ကို လာဖမ်းခိုင်းတယ် ဟုတ်လား”
ထို့နောက် သခင်မကျန်းက အေးစက်စွာ ပြောလိုက်သည်။ “လာကြစမ်း... တုပိုင်ရဲ့ ခွေးတွေကို အကုန် သတ်ပစ်ကြ”
ချက်ချင်းပင် ရာချီသော သိုင်းသမားများ ပြေးဝင်လာပြီး တုပိုင်ဘက်တော်သား လီကျင်းဌာန စစ်သည်များအားလုံးကို ဝိုင်းထားလိုက်ကြသည်။
တပ်ရင်းမှူး ရှဲ့ဝူတောက်က ကွမ်ရှီးဘုရင်ခံ တုကျန်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ကျုပ်ရဲ့ သခင် တုပိုင်က မေးခိုင်းလိုက်ပါတယ်။ ကွမ်ရှီးဘုရင်ခံ တုကျန်း... ခင်ဗျားက ကျုပ် အမှုစစ်ဆေးတာကို တားဆီးချင်တာ သေချာလား။ ခင်ဗျားရဲ့ မိန်းမကို မဖမ်းဆီးအောင် တားဆီးချင်တာ သေချာလား။ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကိုယ့်ဘာသာ တာဝန်ယူရလိမ့်မယ်နော်”
နောက်ဆက်တွဲ အကျိုးဆက်များကို မိမိဘာသာ တာဝန်ယူရလိမ့်မည်။ ကွမ်ရှီးဘုရင်ခံ တုကျန်းသည် တစ်ခါမျှ မကြုံဖူးလောက်အောင် အရှက်ခွဲခံရခြင်းနှင့် စိန်ခေါ်ခံရခြင်းကို ခံစားလိုက်ရသည်။
တုပိုင်သည် လူအနည်းငယ်မျှသာ စေလွှတ်လိုက်သည်။ လီကျင်းဌာန ဝတ်စုံများ ဝတ်ဆင်ထားပြီး သူ့ရှေ့မှောက်တွင်ပင် ၊ ကွမ်ရှီးဘုရင်ခံရုံးတော်မှ လူများအားလုံး၏ ရှေ့မှောက်တွင်ပင် သူ့ဇနီးသည်ကို ဖမ်းခေါ်သွားလိုနေသည်။ အကယ်၍ သူ့ဇနီးသည် ကျန်း အဖမ်းခံလိုက်ရပါက ကွမ်ရှီးဘုရင်ခံ တုကျန်း၌ မျက်နှာပြစရာ ရှိတော့မည် မဟုတ်ချေ။
သို့သော် သူ တားဆီးလိုက်လျှင် ၊ တုပိုင် စေလွှတ်လိုက်သော လူများကို ရိုက်နှက်၊ သတ်ဖြတ်လိုက်လျှင် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ အမှန်စင်စစ် တုကျန်း၏ ဘေး၌ သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့ အမြဲရှိသည်။
ကွမ်ရှီးဘုရင်ခံရုံးတော် တစ်ခုတည်းမှာပင် စစ်သည်ထောင်ချီ ရှိသည်။ တုပိုင် စေလွှတ်လိုက်သော စစ်သည်အနည်းငယ်ကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်သည်။
သို့သော် သတ်ဖြတ်ပြီးနောက် မည်သို့ ဆက်ဖြစ်မည်နည်း။
သုံးရက်မကြာမီတွင် တုပိုင်၏ စစ်တပ်ကြီး မြို့ရှေ့ ရောက်ရှိလာပြီး ပုန်ကန်မှု ခေါင်းစဉ်ဖြင့် တုကျန်းကို ဖမ်းဆီးပေလိမ့်မည်။
တုပိုင်၌ ဧကရာဇ်ကိုယ်စားပြုဓား ရှိသည်။ ပြည်နယ်သုံးခု၏ စစ်ရေးအာဏာ ရှိသည်။ ထို့အပြင် သူသည် လီကျင်းဌာန၏ ရေတပ်စစ်သူကြီးလည်း ဖြစ်သေးသည်။
အရေးအကြီးဆုံး အချက်မှာ ဧကရာဇ်သည် တုပိုင်ကို အမြဲတမ်း ကျောထောက်နောက်ခံ ပေးမည့် သဘောထား ပြသထားသည်။ ထိုသို့ဆိုလျှင် တုပိုင်ပြုလုပ်သည့် အရာမှန်သမျှသည် နိုင်ငံတော် ဥပဒေနှင့် ညီညွတ်သွားပေလိမ့်မည်။
ထို့အပြင် တုပိုင်၌ အမိန့်တော် တစ်စောင်လည်း ရှိသေးသည်။ ကွမ်ရှီးမှ အနောက်တောင်ပိုင်း တစ်ခုလုံးမှ အရပ်ဘက်အရာရှိများ လီမိသားစုနှင့် ပူးပေါင်းကြံစည်သည်ကို အသေးစိတ် စုံစမ်းစစ်ဆေးရန် ၊ လိုအပ်သလို အရေးယူရန် ဧကရာဇ်က အမိန့်ပေးထားသည်။
ထို့ကြောင့် ယခုအချိန်တွင် တုပိုင်ကို တားဆီးရန် ၊ သူ့ကို သတ်ဖြတ်ပစ်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ထိုအရာမှာ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သည် သိန်းချီ ကမ်းတက်လာပြီး တုပိုင်ကို တိုက်ရိုက် ချေမှုန်းပစ်လိုက်ရန်ပင်။
သို့သော် ပင်လယ်ရပ်ခြား အရှေ့ဘက် ပြည်ထောင်စု၌ ကိုယ်ပိုင် မဟာဗျူဟာ ဖြန့်ကျက်မှုများ ရှိသည်။ တစ်နေရာ လှုပ်ရှားလိုက်လျှင် တစ်ကိုယ်လုံး ထိခိုက်သွားနိုင်သည်။ သခင်လေး၏ စစ်တုရင်ကွက်မှာ ထိုအဆင့်ထိ မရောက်ရှိသေးချေ။
ထို့ကြောင့် တုကျန်း၏ မျက်နှာမှာ ခံစားချက် ကင်းမဲ့နေပြီး မလှုပ်မယှက် ဖြစ်နေသည်။ သူ့ဇနီးသည် သခင်မကျန်းက အော်ပြောလိုက်သည်။ “ဘာလုပ်နေကြတာလဲ။ လက်စွမ်းပြပြီး တုပိုင်ရဲ့ ခွေးတွေကို သတ်ပစ်လိုက်ကြလေ”
သိုင်းသမား ရာပေါင်းများစွာသည် ကွမ်ရှီးဘုရင်ခံ တုကျန်းကို ကြည့်လိုက်ကြသည်။
သို့သော် တုကျန်းမှာ မလှုပ်မယှက် ဖြစ်နေဆဲပင်။
သခင်မကျန်း သတိထားမိသွားပြီး သူ့ယောကျာ်းကို မယုံနိုင်စွာ ကြည့်ကာ ပြောလိုက်သည်။ “တုကျန်း... ရှင် ဘာသဘောလဲ။ ရှင့်မိန်းမ အဖမ်းခံရတော့မယ်လေ။ ရှင်က မသိချင်ယောင် ဆောင်နေတုန်းပဲလား”
တုကျန်းမှာ ခံစားချက် ကင်းမဲ့နေဆဲပင်။
ထိုအချိန်ကျမှ သခင်မကျန်း အမှန်တကယ် နားလည်သွားသည်။ သူ့ယောကျာ်းက တကယ်ပင် သူမကို သေစေလိုနေခြင်း ၊ တုပိုင် ဖမ်းသွားသည်ကို ခွင့်ပြုလိုက်ခြင်းပင်။
သခင်မကျန်း သူမ၏ မျက်လုံးကိုသူမ လုံးဝ မယုံနိုင်အောင် ဖြစ်သွားရသည်။ ဤသည်မှာ သူမအပေါ် ကြင်နာတတ်သော ယောကျာ်းလော။ ပုံမှန်ဆိုလျှင် သူမကို ဂရုစိုက်သော ၊ ချစ်ခင်သော ၊ သူမပြောသမျှ အကုန် နားထောင်ခဲ့သော ယောကျာ်းလော။ ယနေ့ကျမှ အဘယ်ကြောင့် ဤမျှလောက် ရက်စက်ရသနည်း။
“တုကျန်း... ရှင်... ရှင် ဘာသဘောလဲ” သခင်မကျန်း မျက်ရည်များ ကျလာပြီး ပြောလိုက်သည်။ “ရှင်... ရှင်က ကျွန်မကို တုပိုင်ဆိုတဲ့ တိရစ္ဆာန်ကောင် ဖမ်းသွားတာကို ဒီတိုင်း ကြည့်နေတော့မလို့လား” ကွမ်ရှီးဘုရင်ခံ တုကျန်းက ကျောခိုင်းလိုက်ပြီး မလှုပ်မယှက် ရပ်နေလိုက်သည်။
သခင်မကျန်း၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး ချက်ချင်း မျှော်လင့်ချက်မဲ့သွားကာ လုံးဝ အေးစက်သွားရသည်။
“တုကျန်း... ရှင်က ဟန်ဆောင်ကောင်းတဲ့ လူယုတ်မာပဲ။ ရှင် ကောင်းကောင်း မသေရစေနဲ့ ၊ ရှင် ကောင်းကောင်း မသေရစေနဲ့...” သခင်မကျန်း နာကျင်စွာ အော်ဟစ်လိုက်သည်။
ကျီချင်း၏ ဒုတိယတပည့် ရှဲ့ဝူတောက်က ရှေ့တက်လာပြီး သခင်မကျန်းကို ဖမ်းချုပ်ကာ သံခြေချင်း ခတ်လိုက်သည်။
“ငါ့ကို မထိနဲ့... နင့်ရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ ငါ့ကို မထိနဲ့...” သခင်မကျန်း စူးရှစွာ အော်လိုက်သည်။
သူမ၌လည်း သိုင်းပညာ ရှိသည်။
ရှဲ့ဝူတောက်က ဘာမှ မပြောဘဲ ရှေ့တက်လာပြီး သူမ၏ လက်မောင်းရိုး နှစ်ဖက်ကို ဖြုတ်ချလိုက်သည်။
“ဘုန်း...” ထူထဲလေးလံသော သံချည်နှောင်ကြိုးကြီးက သူမ၏ လည်ပင်းပေါ် ကျရောက်လာပြီး ၊ ခြေထောက်များတွင်လည်း သံခြေချင်း ခတ်လိုက်သည်။
“သွား...” ရှဲ့ဝူတောက်က သခင်မကျန်း၏ ကျောကို ကန်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ခင်ဗျားဘာသာ မသွားရင် ခြေဖဝါးကြောတွေကို ဖြတ်ပစ်လိုက်မယ်”
အံ့သြတကြီး ကြည့်နေကြသော မျက်လုံးပေါင်း များစွာ၏ ရှေ့မှောက်တွင်ပင် ကွမ်ရှီးဘုရင်ခံ တုကျန်း၏ ဇနီးသည်မှာ သံခြေချင်း သံကြိုးများဖြင့် ဘုရင်ခံရုံးတော်ထဲမှ ထွက်ခွာသွားရသည်။
ရှဲ့ဝူတောက်က ဦးညွှတ်ပြီး ပြောလိုက်သည်။ “ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးပါပဲ ဘုရင်ခံတုကျန်း”
တုကျန်းက ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ ရေတပ်စစ်သူကြီးတုပိုင်ကို ကျုပ်အစား နှုတ်ဆက်စကား ပြောပေးပါဦး”
ဘုရင်ခံရုံးတော်ထဲမှ ထွက်လာပြီးနောက် မရေမတွက်နိုင်သော လက်ညှိုးထိုး ဝေဖန်မှုများကို ကြုံတွေ့ရသည်။
လူအများအပြားက သခင်မကျန်း၏ သံကြိုးများကို လက်ညှိုးထိုးပြနေကြသည်။
“ဘုရားရေ... ဒါ ဘုရင်ခံကတော် မဟုတ်လား။ ဘာလို့ အဖမ်းခံရတာလဲ”
“ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ”
သူ၏ဇနီးသည် အဖမ်းခံရပြီးနောက် တုကျန်းမှာ ဆက်နေရန် စိတ်ကူးမရှိတော့ချေ။ သိုင်းသမား ထောင်ပေါင်းများစွာ၏ အစောင့်အရှောက်ဖြင့် ဝူကျိုးမြို့ကို အရင်သွား ၊ ပြီးနောက် ကွမ်ကျိုးမြို့ကို တိုက်ရိုက်သွားပြီး ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်း၏ ခန်းမဆောင်ထဲ ဝင်ရောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကွမ်တုံ၌ အရှေ့ဘက် ပြည်ထောင်စု၏ တပ်စွဲထားသော စစ်သည် သောင်းချီ ရှိသောကြောင့် ဖြစ်သည်။
**--**--**--**--**--**--**--**
“ဘုန်း ဘုန်း ဘုန်း...”
၁၂ ပေါင်အမြောက် ၄၀ နှင့်အတူ ဖူဟုန်ပင်း၏ စစ်သည် ၅ သောင်းကျော်မှာ သိပ်မြန်မြန် မသွားနိုင်ချေ။ ကိုးရက်ကြာပြီးနောက် ပိုင်ဆယ်မြို့မှနေ၍ နန်နင်းသို့ ဝင်ရောက်လာသည်။ နောက်ထပ် ငါးရက်ကြာသောအခါ ချင်ကျိုးသို့ ရောက်သည်။ နောက်ထပ် လေးရက်ကြာသောအခါ နောက်ဆုံး၌ လျန်ကျိုးမြို့သို့ ရောက်ရှိလာပြီး မြို့ကို ဝိုင်းရံထားလိုက်သည်။
လျန်ကျိုးမြို့ထဲတွင် ယွမ်ထျန်ကျောက်၏ စစ်သည် ၃ သောင်းက အပြည့်အဝ နေရာယူထားသည်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လက်ရွေးစင် စစ်သည်များက မြို့ရိုးပေါ်တွင် သံမှိုစွဲထားသကဲ့သို့ မတ်မတ်ရပ်နေကြသည်။
ရှက်စရာကောင်းလိုက်ပါဘိ... ဤ လျန်ကျိုးမြို့မှာ မူလက ကျန်းနန်နယ်စားမင်း၏ ပိုင်နက်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ကျန်းနန်နယ်စားမင်းအိမ်တော်သည် ယွမ်ထျန်ကျောက်၏ နေအိမ် ဖြစ်နေသည်။
ဖူဟုန်ပင်း အမိန့်ပေးလိုက်သည်။ “အမြောက်တပ် နေရာယူမယ်”
ထို့နောက် မီးနတ်ဘုရားဘာသာဝင် ဘီလူးကြီးများက ၁၂ ပေါင်အမြောက် ၄၀ ကို မြို့ရိုးနှင့် မီတာ ၅၀၀ အကွာခန့်တွင် နေရာချလိုက်ကြသည်။
အမြောက်တပ်သား တစ်ရာကျော်က စမ်းသပ်ပစ်ခတ်ရန်နှင့် အမြောက်ထောင့်ချိုး ချိန်ညှိရန် စတင်လုပ်ဆောင်ကြသည်။
ချိန်ညှိပြီးနောက် နောက်ဆုံး ယမ်းမှုန့်နှင့် အမြောက်ဆန်များကို စစ်ဆေးကြသည်။ ယွမ်ထျန်ကျောက်သည် မြို့ရိုးပေါ်တွင် ရုပ်တုတစ်ခုပမာ မလှုပ်မယှက် ရပ်နေသည်။
သူ အတိတ်ကို ပြန်တွေးနေသည်။ လွန်ခဲ့သော နှစ်က သူ စစ်တပ်ကို ဦးဆောင်ပြီး ကွမ်ရှီးထဲ ဝင်ရောက်လာခဲ့စဉ်က ဧကရာဇ်ကို အကျပ်ကိုင်ပြီး ကွမ်ရှီးရေတပ်စစ်သူကြီး ရာထူး တောင်းယူခဲ့သည်။
သူကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ကွမ်ရှီးထဲမှ မိန်းမစိုး စစ်သည်များကို အကုန် သတ်ဖြတ်ပစ်ခဲ့သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်များကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ခဲ့သည်။
ကျန်းနန်နယ်စားမင်း၏ သားကြီး၏ ခြေလက်ကြောများကို ဖြတ်ပစ်ခဲ့သည် ၊ ကွေ့မင်းသား၏ ခြေထောက်များကို ဖြတ်ပစ်ခဲ့သည် ၊ တုပိုင်ထံမှ ရွှေတုံး ၄ သိန်း လုယူခဲ့သည်... ကွမ်ရှီးတွင်ဆိုလျှင် ယွမ်ထျန်ကျောက်က ဧကရာဇ်ပင်။ ထိုစဉ်က မည်မျှ ပျော်ရွှင်ဖွယ်ကောင်းခဲ့သနည်း။ ယခုမူ ကံကြမ္မာက တစ်လှည့်စီ ဖြစ်သွားပြီလော။
လောလောဆယ် သူသည် မြို့စောင့်နေသူ ၊ ထို့အပြင် သူ့နောက်တွင် အရှေ့ဘက် ပြည်ထောင်စု၏ အားကောင်းသော ရေတပ်ကြီး ရှိနေသည်။
သို့သော် သူ့လက်ထဲတွင် သခင်လေး၏ လျှို့ဝှက်အမိန့်တော် ရှိနေသည်။ ရှင်းရှင်းလင်းလင်း ရေးသားထားသည်။
“ထွက်သွား”
တုပိုင်က ဤအခြေအနေကို သေချာပေါက် မြင်ပြီးသားဖြစ်၍ သူကိုယ်တိုင် မလာဘဲ ဖူဟုန်ပင်းကို လွှတ်လိုက်ခြင်း ဖြစ်ပေမည်။
“ဖူဟုန်ပင်း... တုပိုင်ကို ပြောလိုက်ပါ။ တစ်နေ့ ငါ ပြန်လာခဲ့မယ်လို့” ယွမ်ထျန်ကျောက်က အေးစက်စွာ ကြုံးဝါးလိုက်သည်။ “ဒါပေမဲ့ ငါ ပြန်လာတဲ့အချိန်ကျရင် စစ်သည် ၃ သောင်းနဲ့ မဟုတ်ဘူး၊ ၅ သောင်းနဲ့ မဟုတ်ဘူး။ ၁ သိန်း ၊ ၂ သိန်း ၊ ၃ သိန်းနဲ့ လာမှာ။ အဲဒီအချိန်ကျရင် အရှေ့တိုင်း မြေပြင်တစ်ခုလုံးမှာ သူ ရပ်တည်စရာ နေရာ ရှိတော့မှာ မဟုတ်ဘူး။ သူက အပိုင်းပိုင်း အစစ ဖြစ်သွားဖို့ ကံပါလာပြီးသား။ ဘာလို့လဲဆိုတော့ ဘယ်သူမှ သမိုင်းရဲ့ ဘီးကို တားဆီးလို့ မရသလို ၊ ဘယ်သူမှ အရှေ့ဘက် ပြည်ထောင်စုရဲ့ ကံကြမ္မာကို တားဆီးလို့ မရဘူး”
“ဆုတ်မယ်...”
အမိန့်ပေးလိုက်သည်နှင့် ယွမ်ထျန်ကျောက်၏ စစ်သည် ၃ သောင်းမှာ လျင်မြန်စွာဖြင့် စည်းစနစ်ကျစွာ ဆုတ်ခွာကြသည်။ သူတို့သည် မြို့ရိုးပေါ်မှ ဆင်းသက်ပြီး တောင်ဘက်တံခါးမှနေ၍ မြို့ပြင် ထွက်ခွာသွားကြကာ ဆိပ်ကမ်းဆီသို့ အမြန်ဆုံး သွားကြသည်။
“စစ်တပ် အသင့်အနေအထားနဲ့ စောင့်နေ” ဖူဟုန်ပင်းက ပြောလိုက်သည်။
ထို့နောက် သူက ဝံပုလွေမြင်းစီးတပ်သား ၁၀၀ ကို ဦးဆောင်ပြီး ဆိပ်ကမ်းဆီ သွားလိုက်သည်။ လျန်ကျိုးဆိပ်ကမ်း အပြင်ဘက် ပင်လယ်ပြင်တွင် ကြီးမားသော သင်္ဘောကြီးများမှာ တောင်ကြီးများပမာ ရှိနေသည်။
စစ်သင်္ဘောတိုင်းတွင် အမြောက်များက မည်းမည်းသည်းသည်း ပြည့်နှက်နေသည်။ အမြောက်တိုင်းက ဖူဟုန်ပင်း ယူလာသော အမြောက်လောက် ကြီးမားသည်။ ဤကဲ့သို့သော စစ်သင်္ဘောကြီး တစ်စင်းတည်းမှာပင် ထိုကဲ့သို့သော အမြောက်မျိုး အလက် ၈၀ ပါရှိသည်။
ဟုတ်သည်။ အလက် ၈၀။ စစ်သင်္ဘော တစ်စင်းတည်းမှာပင် ၁၂ ပေါင်အမြောက် အလက် ၈၀ ပါရှိသည်။
ထို့အပြင် လျန်ကျိုးဆိပ်ကမ်း အပြင်ဘက်တွင် ဤကဲ့သို့သော ကြီးမားသည့် စစ်သင်္ဘောကြီး ၄ စင်း ရှိသည်။
လက်ရှိအချိန်တွင်မူ ဖူဟုန်ပင်းက တုပိုင် ပြောခဲ့သော စကားကို အမှန်တကယ် ခံစားလိုက်ရသည်။
မျက်စိဖွင့်ပြီး ကမ္ဘာကြီးကို ကြည့်လိုက်စမ်းပါ။ နည်းပညာ ယဉ်ကျေးမှု၏ ကွာဟချက်ကို ခံစားလိုက်စမ်းပါ။
လက်ရှိအချိန်တွင် ဖူဟုန်ပင်း အမှန်တကယ် မွန်းကြပ်သကဲ့သို့ ခံစားလိုက်ရသည်။.မီးနတ်ဘုရား စစ်သေနာပတိချုပ်က အမြောက် ၂၀၀ ယူဆောင်လာမှန်း သိရှိသွားပြီးနောက် အရှေ့ဘက် ပြည်ထောင်စုက နောက်ဆုံးတွင် ရဲရဲတင်းတင်းပင် သူတို့၏ အားကောင်းသော စစ်သင်္ဘောကြီးများကို တာ့နင်အင်ပါယာ၏ ဆိပ်ကမ်းတွင် လာပြထားလိုက်တော့သည်။
ရည်ရွယ်ချက်မှာ ရန်သူများကို မွန်းကြပ်သွားစေရန် ၊ မျှော်လင့်ချက်မဲ့သွားသော အင်အားကို ခံစားစေရန်ပင်။
ယွမ်ထျန်ကျောက်၏ စစ်တပ်က သပ်သပ်ရပ်ရပ်ဖြင့် သင်္ဘောပေါ် တက်သွားကြသည်။ တစ်နာရီခွဲခန့် ကြာပြီးနောက် ယွမ်ထျန်ကျောက်၏ စစ်သည် ၃ သောင်းမှာ သင်္ဘောပေါ် တက်၍ ပြီးသွားသည်။
ထို့နောက် ဥသြသံ ထွက်ပေါ်လာသည်။ ကြီးမားသော စစ်သင်္ဘောကြီး ၄ စင်းက ဆိပ်ကမ်းမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြတော့သည်။
သူတို့သည် အရှေ့တောင်ဘက်ကို ဦးတည်ပြီး ဝေးရာသို့ ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် ဖူဟုန်ပင်း၏ မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားကြသည်။
ဤအချိန်တွင် ဖူဟုန်ပင်းက ကျေးဇူးတင်ချင်လာသည်။
စစ်သင်္ဘောများမှာ ကုန်းပေါ်သို့ တက်မလာနိုင်သောကြောင့် ကျေးဇူးတင်မိသွားသည်။ သို့သော် ဤကဲ့သို့သော စစ်သင်္ဘောမျိုး ရှိနေသရွေ့ အန်နမ်နိုင်ငံနှင့် တာ့နင်အင်ပါယာတို့သည် ဤဒေသတွင် ရေကြောင်းအာဏာ လုံးဝ ဆုံးရှုံးသွားပေလိမ့်မည်။
မည်သို့သော ရေကြောင်းကုန်သွယ်မှုမျိုးမဆို လုံးဝ ပိတ်ဆို့ခံရလိမ့်မည်။ ဖူဟုန်ပင်း စစ်တပ်ဆီ ပြန်ရောက်ပြီးနောက် ပထမတပ်မတော်ကို တပ်ခွဲရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
လူ ၂ သောင်းက လျန်ကျိုးမြို့တွင် ကျန်ရစ်မည်။ စစ်သည် ၂ သောင်းက ဝူကျိုးသို့ သွားမည်။ စစ်သည် ၁ သောင်းက ကွေ့လင်သို့ သွားမည်။
တုကျန်းက ကွေ့လင်မှနေ၍ ထွက်ပြေးသွားပြီး ၊ ယွမ်ထျန်ကျောက်က စစ်တပ်ကို ဦးဆောင်ပြီး ပင်လယ်ရပ်ခြားသို့ ဆုတ်ခွာသွားပြီ ဖြစ်သည့်အတွက် ကွေ့လင် ၊ လျန်ကျိုး ၊ နန်နင်း ၊ လျူကျိုး ၊ ဝူကျိုး စသည့် အဓိက မြို့ကြီးများကို သိမ်းပိုက်လိုက်နိုင်ခြင်းသည် တုပိုင်၏ စစ်တပ်က ကွမ်ရှီးပြည်နယ် တစ်ခုလုံးကို လုံးဝ အောင်နိုင်သွားပြီ ဆိုသည်ကို ကိုယ်စားပြုနေသည်။
လက်ရှိအချိန်တွင် ဖန်းမိသားစု၏ အင်အားစုများသည် ကွမ်ရှီးပြည်နယ်မှ လုံးဝ ဆုတ်ခွာသွားပြီး ကွမ်တုံပြည်နယ်တွင် သူတို့၏ ကုန်းတွင်းတပ်ဖွဲ့ အားလုံးကို စုစည်းထားလိုက်ကြသည်။
**--**--**--**--**--**--**--**
လီကျန့်၏ စစ်တပ် ဟူနန်ထဲ ဝင်ရောက်လာပြီးနောက် မည်သည့်ခုခံမှုမှ မတွေ့ရပေ။ စစ်တပ်က အလွန် အင်အားကြီးမားလွန်း၍ ဒေသခံ မြို့ကြီးများက မြို့တော်ကို ကယ်တင်ရန်အတွက် လမ်းဖွင့်ပေးရသည်မှာ မလွဲမသွေပင်ဟု ကြေညာလိုက်ကြသည်။
ဒေသခံ အစိုးရနှင့် ဒေသခံ သူဌေးများက ရိက္ခာနှင့် ငွေများ ပေးပြီး လီကျန့်ကို ပြောကြသည်။ “ဗိုလ်ချုပ်... စစ်ရေးက အရေးကြီးတယ်။ ချက်ချင်း ရှေ့ဆက်သွားလိုက်ပါ။ ကျွန်တော်တို့ ဟူနန်မှာ ဘာပြဿနာမှ မရှိပါဘူး။ အခု ဟူပေထဲ ဝင်သွားလို့ ရပါပြီ။ အဲဒီက မြို့တော်နဲ့ ပိုနီးပါတယ်”
လီကျန့်ကမူ စစ်သည်များ ပင်ပန်းနေပြီ ၊ မင်းတို့က မြို့တော်အထိ ခရီးမိုင် ထောင်ချီ သွားရမည်။ မြို့တော်ကို ရိက္ခာပို့ရန်အတွက် မင်းတို့ပေးသော ရိက္ခာမှာ မလုံလောက် ၊ ထို့အပြင် မြင်းလှည်းများ၊ နွားလှည်းများ အများကြီး လိုအပ်သေးသည်ဟု ပြောသည်။
ထို့ကြောင့် လီကျန့်၏ စစ်သည် ၂ သောင်းသည် ဒေသခံ အစိုးရနှင့် သူဌေးများထံမှနေ၍ အသည်းအသန် ရှာဖွေ သိမ်းယူကြတော့သည်။ မြင်းလှည်းများ၊ နွားလှည်းများ၊ ရိက္ခာများ စသည်ဖြင့် အတင်းအဓ္ဓမ သိမ်းယူကြ၏။
“ငါတို့က ကိုယ်ကျိုးအတွက် ယူတာ မဟုတ်ဘူး၊ ဧကရာဇ်မင်းမြတ်ဆီ ပို့ပေးဖို့ ယူတာ။ မဟုတ်ရင် မြို့တော်က လူတွေ အများကြီး ငတ်သေကုန်လိမ့်မယ်။”
တာ့ယန်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသားဟောင်း လီကျန့်မှာမူ အမှိုက်ကောက်ဆရာကြီးပင်။ မြို့တစ်မြို့ ရောက်တိုင်း မြေကြီးကို သုံးပေလောက်အထိ တူးပြီး ရှာဖွေသိမ်းယူတော့သည်။ သူဌေးကြီးများ အကုန်လုံး ဒုက္ခရောက်ကုန်ကြသည်။
ထို့အပြင် ပြည်သူများ၏ စိတ်နှလုံးကို ဝယ်ယူရန်အတွက် လီကျန့်က ရှာဖွေသိမ်းယူထားသော ရိက္ခာနှင့် ပစ္စည်းများထဲမှ ၂၀ ရာခိုင်နှုန်းကို ဒေသခံ ဆင်းရဲသားများကို အလကား ဝေပေးလိုက်သည်။
ထို့အပြင်... လီကျန့်၏ စစ်သည် ၂ သောင်း ရောက်ရှိလေရာ နေရာတိုင်း၌ စစ်သည်နှင့် ပြည်သူ ငါးနှင့်ရေပမာ ချစ်ခင်ရင်းနှီးကြောင်း ပြသကြသည်။
ပြည်သူအတွက် ရေငုပ်ပေးသည် ၊ နေကောင်းကျန်းမာရဲ့လား မေးမြန်းသည် ၊ နယ်ခံလူမိုက်များကို အပြစ်ပေးသည်။ လယ်သမားများ အလုပ်ရှုပ်နေသော အချိန်ဆိုလျှင် စစ်သည်များကို စပါးကူရိတ်ခိုင်းသည်။ ပြီးလျှင် ပိုက်ဆံ တစ်ပြားမှ မယူ ၊ ရေတစ်ခွက် ၊ ဆန်ပြုတ်တစ်ခွက်မျှပင် မသောက်ချေ။
ရလဒ်အနေဖြင့် ဟူနန်တွင် တုပိုင်နှင့် လီကျန့်၏ နာမည်ဂုဏ်သတင်းမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားသည်။
သူဌေးများ၏ မျက်လုံးထဲတွင် တုပိုင်က မိစ္ဆာကောင် ၊ သူ့ကို အရေခွံခွာ အကြောထုတ်ချင်နေကြသည်။ ဆင်းရဲသားများ၏ မျက်လုံးထဲတွင်မူ တုပိုင်က သက်ရှိ ဘုရားလောင်း ဖြစ်လာပြန်သည်။
တုပိုင်နှင့် ဆန့်ကျင်ဘက်အနေဖြင့် သူ့လက်အောက်ရှိ လီကျန့်နှင့် လီဝမ်ဟွေ့တို့ အကုန်လုံးမှာ ပြည်သူများ၏ စိတ်နှလုံးကို ဝယ်ယူသည့်နေရာတွင် ဆရာကြီးများချည်းပင်။
လီကျန့်၏ စစ်တပ် ရောက်လေရာ နေရာတိုင်း၌ မရေမတွက်နိုင်သော ပြည်သူများက အမှန်တကယ် လိုလားထောက်ခံကြသည်။
ဖူကျိုးတွင် တုပိုင်၏ အော်ဟစ်သတ်ဖြတ်မှုများနှင့် လုံးဝ မတူညီချေ။ လီကျန့်သည် တုပိုင်နှင့် မတူပေ။ သူသည် လူထုကြားထဲ မကြာခဏ ဆင်းပြီး လယ်လုပ်ငန်းခွင် ဝင်ကူလုပ်ပေးတတ်သည်။
လဝက်ကျော်ခန့် အတွင်းမှာပင် ဟူနန်တွင် လီကျန့်၏ စစ်တပ် ဂုဏ်သတင်းက ထိုးတက်သွားပြီး မရေမတွက်နိုင်သော ဆင်းရဲသားများက လီကျန့် စစ်တပ်ကို ဦးဆောင်လာရန် မျှော်လင့်နေကြသည်။
အတိုချုပ်ဆိုရသော် လီကျန့်၏ စစ်တပ်မှာ ဟူနန်တွင် အခြေချမည့် ပုံစံမျိုး လုံးဝ ပြသနေသည်။
ဤသည်မှာ ဖန်းအုပ်စုကို ရူးမတတ် လှုံ့ဆော်လိုက်သကဲ့သို့ပင်။ ဟူနန်ပြည်နယ်မှ မြို့အသီးသီး ၊ ဘုရင်ခံများဆီမှ စာများသည် တစ်နေ့ သုံးစောင်နှုန်းဖြင့် မြို့တော်နှင့် ထျန်ကျင်းဆီ ပျံသန်းရောက်ရှိလာပြီး ဖန်းကျိုးနှင့် တုဟွေးတို့၏ စားပွဲပေါ် ရောက်လာသည်။
မြန်မြန်လုပ်ပါ၊ လီကျန့်၏ စစ်တပ်ကို ချက်ချင်း ထွက်သွားခိုင်းပါ။ သို့မဟုတ်ပါက နောက်ထပ် ခြောက်လ၊ တစ်နှစ်ခန့် နေလျှင် ဟူနန်တစ်ခုလုံး တုပိုင်၏ ကမ္ဘာ ဖြစ်သွားလိမ့်မည်။
**--**--**--**--**--**--**--**
တုပိုင်၏ မီးနတ်ဘုရား စစ်တပ်သည် အင်အား ၇ သောင်း အပြည့်ဖြင့် အမြောက် ၃၀ တပ်ဆင်ထားပြီး မြောက်ဘက်ကို ဦးတည်ချီတက်လာသည်။ ဆယ်ရက်ကျော် ကြာပြီးနောက် ကွေ့ရန်သို့ ရောက်ရှိလာသည်။ ကွေ့ရန်တွင် တုပိုင်က ကွေ့ကျိုးပြည်နယ်မှ မင်းမှုထမ်းများ အားလုံးနှင့် တွေ့ဆုံခဲ့သည်။ ထိုအထဲတွင် ရှက်စရာကောင်းသော ကွေ့ကျိုး အုပ်ချုပ်ရေးမှူးလည်း ပါဝင်သည်။
အဘယ်ကြောင့်ဆိုသော် အရင်တုန်းက သူသည် တာ့နင်အင်ပါယာ၏ အရာရှိ ဖြစ်ခဲ့ပြီး ပြီးနောက် လီမိသားစုထံ လက်နက်ချခဲ့သည်။ ယခုမူ တာ့နင်အင်ပါယာထံ ပြန်လည် လက်နက်ချသည်။ သို့မဟုတ် အရှင်သခင်တုပိုင်ထံ လက်နက်ချသည်ဟု ပြောရပေမည်။
တုပိုင်သည်ကွေ့ရန်တွင် တစ်ရက်နေပြီး ရာထူးကြီးသည့် ကောင်များ ဒါဇင်ခန့် သတ်လိုက်သည်။ တိုက်ပွဲနှစ်ပွဲနှင့် ကွေ့ကျိုးပြည်နယ်မှ အရာရှိများကို သတ်ဖြတ်လိုက်သောအခါ သူတို့၏ ဝိညာဉ်များ လွင့်ပျောက်ကုန်ကြသည်။
ကြက်သွန်ဖြူထောင်းသကဲ့သို့ ခေါင်းနှင့် ကြမ်းပြင် ဆောင့်ပြီး ဦးခိုက်ကြသည်။ ဧကရာဇ်မင်းမြတ်အပေါ် သစ္စာရှိပါ့မည် ၊ အင်ပါယာအပေါ် သစ္စာရှိပါ့မည် ၊ အရှင်သခင်တုပိုင်အပေါ် သစ္စာရှိပါ့မည် ဆိုပြီး ကျိန်ဆိုကြသည်။
ထို့နောက် စစ်တပ်က မြောက်ဘက်သို့ ဆက်လက် ချီတက်သည်။ ဆယ်ရက်ကျော် လမ်းလျှောက်ပြီးနောက် ဇွန်ယီသို့ ရောက်ရှိလာသည်။ တစ်ရက် နားပြီးနောက် မြောက်ဘက်သို့ ဆက်သွားသည်။
လေးရက်အကြာတွင်မူ တုပိုင် ဦးဆောင်သော စစ်တပ်သည် စိချွမ်းနယ်မြေထဲသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီဖြစ်လေ၏။ ဤခရီးစဉ်မှာ တစ်လနီးပါး ကြာမြင့်ခဲ့သည်။
လူတိုင်းသည် တုပိုင် ဟန်ဆောင်နေသည်လော ၊ စိချွမ်းထဲ အမှန်တကယ် ဝင်လာမည်လော ဆိုသည်ကို စောင့်ကြည့်နေကြသည်။ ရလဒ်အနေဖြင့် တုပိုင်သည် တုံဆိုင်းမနေဘဲ စစ်တပ်ကို ဦးဆောင်ပြီး မြို့တော်ထဲ တိုက်ရိုက် ဝင်ရောက်လာသည်။ ချက်ချင်းဆိုသလို စိချွမ်းဘုရင်ခံ ရူးမတတ် ဖြစ်သွားသည်။
“ဒါ... ဒါ ဘာသဘောလဲ။”
ဤတစ်လအတွင်း သူသည် ဧကရာဇ်ထံ အသနားခံစာ တစ်ဒါဇင်ခန့် ပေးပို့ခဲ့သည်။ တစ်ရက်ကို သုံးစောင်နှုန်းဖြင့် ပေးပို့ခဲ့သည်။ တစ်ရက်မှ မပျက်ပေ။ သူသည် ဧကရာဇ်ကို တုပိုင်၏ ခြေလှမ်းများကို တားဆီးပေးရန် တောင်းဆိုခဲ့သော်လည်း အရာအားလုံးသည် အချည်းနှီးသာ ဖြစ်ခဲ့သည်။
ဖန်းကျိုးနှင့် တုဟွေးထံ လျှို့ဝှက်စာပေါင်း ဒါဇင်နှင့်ချီ ရေးခဲ့သော်လည်း မည်သူမျှ အကြောင်းမပြန်လာချေ။
စိချွမ်း၏ စစ်ရေးကိစ္စများကိုမူ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်က အဆုံးအဖြတ် ပေးသည်မှာ မှန်သော်လည်း အစိုးရပိုင်း ကိစ္စများကိုမူ စိချွမ်းဘုရင်ခံက အဆုံးအဖြတ် ပေးရသည် မဟုတ်ပါလော။
တုပိုင်၏ စစ်တပ် စိချွမ်းထဲ ဝင်လာပြီး ၊ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် စစ်ရှုံးသွားပြီ ဆိုလျှင်ပင် နတ်ဆိုးကို ပင့်ဖိတ်ရန် လွယ်ကူသော်လည်း ပြန်ပို့ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသော စာပေါင်း ဒါဇင်နှင့်ချီပြီး တုပိုင်ထံ ပေးပို့ခဲ့သည်။ သူသည် အခြေအနေများ အများကြီး ကမ်းလှမ်းခဲ့သော်လည်း တုပိုင်က အကြောင်းပြန်မကြားချေ။
တုပိုင်က စိချွမ်းဘုရင်ခံ၏ စာကို မီးထဲ ထပ်ပစ်ထည့်လိုက်ပြန်သည်။
“ဟားဟား...” တုပိုင်က ပေါ့ပါးစွာ ပြုံးပြီး ပြောလိုက်သည်။ “ကျုပ်ရဲ့ အခြေအနေက အရမ်း ရိုးရှင်းပါတယ်။ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်က ကျုပ်ရဲ့ တမန်တော်ကို သင်းကွပ်ရဲတယ် ၊ ကျုပ်ရဲ့ စစ်မိန့်ကို ဖီဆန်ရဲတယ် ၊ ဒါကြောင့် သူသေရမယ်။ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်ကို ကျုပ်လက်ထဲအပ်လိုက်တာနဲ့ ကျုပ် ချက်ချင်း ပြန်ဆုတ်ပေးမယ် ၊ ကျုပ်က ပုန်ကန်ချင်တာ မဟုတ်ဘူး...”
စကားမဆုံးသေးမီမှာပင် တုပိုင်၏ မျက်လုံးများ မည်းမှောင်သွားပြီး တစ်ကိုယ်လုံး အဆုံးမဲ့ တွင်းနက်ကြီးထဲ ပြုတ်ကျသွားသကဲ့သို့ ဖြစ်သွားသည်။ ခဏအကြာတွင် သတိလစ်သွားလေ၏။
ဘေးနားတွင် ရှိနေသော ကျီပြောင်ပြောင်က ပထမဆုံးအကြိမ် ပြေးဝင်လာပြီး တံခါးများ အကုန်ပိတ်ထားကြောင်း သေချာအောင် လုပ်လိုက်သည်။ ပြီးနောက် တုပိုင်ကို ကုတင်ပေါ် ပွေ့တင်ပြီး လူနှစ်ယောက် ဖက်အိပ်နေသယောင် ဟန်ဆောင်လိုက်သည်။
တုပိုင် ဤကဲ့သို့ ရုတ်တရက် သတိမေ့လဲသွားခြင်းမှာ ငါးကြိမ်မြောက်ဖြစ်နေပြီဖြစ်သည်။
သူ အမှောင်ဒြပ်စင်ကို သောက်သုံးပြီး လီရူဟိုင်ကို သတ်ပြီးသည့် နောက်ပိုင်း ဤကဲ့သို့ သတိမေ့လဲခြင်းများ ဖြစ်လာခြင်းဖြစ်သည်။ တစ်ခါမျှ ကြိုတင်သတိပေးချက် မရှိဘဲ ချက်ချင်း သတိလစ်သွားတတ်သည်။ ထို့အပြင် သတိလစ်သည့် အချိန်သည်လည်း တစ်ဖြည်းဖြည်း ပိုကြာလာသည်။
နောက်တစ်နေ့ မနက် ကိုးနာရီခန့် ရောက်မှ တုပိုင် ပြန်နိုးလာသည်။
**--**--**--**--**--**--**--**
ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်က ဓားကို ဆွဲထုတ်ပြီး အခန်းထဲမှ ပစ္စည်းများ အကုန်လုံးကို ခုတ်ထစ် ဖျက်ဆီးပစ်လိုက်သည်။ စိချွမ်းဘုရင်ခံ၏ စာကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
“အိပ်မက် မက်နေလိုက်... ငါ့ကို တုပိုင်ဆိုတဲ့ ခွေးကုန်းကုန်းဆီ ဒူးထောက် တောင်းပန်ခိုင်းတာလား... သူ့ရဲ့ နွေဦးဆောင်းဦး အိပ်မက်တွေကို မက်နေခိုင်းလိုက်”
“သူ့မှာ စစ်သည် ၇ သောင်း ရှိတယ်။ ငါ့မှာ ချန်တူးမြို့ကြီး ရှိတယ်။ ငါ့မှာ စစ်သည် ၈ သောင်း ရှိတယ်။ ငါ့မှာ ပြည်သူ သိန်းချီ ရှိတယ်။ တိုက်မယ်ဆိုရင် ငါက သူ့ကို ကြောက်ရမှာလား”
ချောမောလှပသော ကိုယ်လုပ်တော်လေးသည် လက်ဖက်ရည်တစ်ခွက် ယူလာပြီး နူးညံ့စွာ ပြောလိုက်သည်။ “သခင်ကြီး... တုပိုင်က လီရူဟိုင်ရဲ့ စစ်သည် သိန်းချီကိုတောင် အနိုင်တိုက်ခဲ့တာနော်”
ကျန့်ကော်နယ်စားမင်းက ဒေါသတကြီး ပြောလိုက်သည်။ “မင်းက ငါ ရှုံးမယ်လို့ ပြောချင်တာလား။ ငါ အင်ပါယာအနှံ့ ခြေဆန့်နေတုန်းက တုပိုင်ဆိုတဲ့ ခွေးကုန်းကုန်းက သူ့အဖေ ဝှေးစေ့ထဲမှာတောင် မရှိသေးဘူး။ ဝှေးစေ့တောင် မပါတဲ့ကောင်က ငါ့ကို လာတောင်းပန်ခိုင်းနေတယ်... အိပ်မက်သာ မက်နေလိုက်”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၇ + ၅၉၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team