← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 60 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 60 Ch. 599-600

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၉ + ၆၀၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကိုယ်လုပ်တော်လေး မျက်မှောင်ကြုတ်လိုက်၏။ ဤစကားများကို သူမ ကြားခဲ့ရသည်မှာ အကြိမ်ပေါင်း ဒါဇင်နှင့်ချီနေပြီဖြစ်သည်။

“ဒါ့အပြင်... တုပိုင်ဆိုတဲ့ ဒီခွေးကုန်းကုန်းက အမိန့်တော်မရဘဲ စိချွမ်းကို စစ်တပ်လွှတ်ပြီး တိုက်ခိုက်ရဲတယ်။ ဒါက ပုန်ကန်မှုပဲ။ ငါ ဧကရာဇ်ဆီ စာရေးမယ်။ တခြား စစ်ဘုရင်ကြီးတွေဆီ အကြောင်းကြားမယ်။ ငါတို့အားလုံး ပေါင်းပြီး သူ့ကို ချေမှုန်းပစ်မယ်”

ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေ၏။

“သူက ဘာကောင်မို့လို့လဲ။ နန်းတော်ထဲမှာ ဧကရာဇ်ဆီ အသနားခံစာ တင်ရမယ့်အစား နယ်စပ်မြို့လေးရဲ့ တပ်မှူး ဖြစ်လာတဲ့ အသက် ၂၀ မပြည့်သေးတဲ့ မိန်းမစိုးကောင်လေးကလေ... ဘာလို့လဲ။ ဒီလိုကောင်မျိုးက အခုတ်ခံပြီး သေသင့်တာ။ ငါ တခြား နယ်စားမင်းတွေကို စည်းရုံးမယ်။ ကျန့်ပေနယ်စားမင်းကို စည်းရုံးမယ်။ ရွှမ်ဟွာနယ်စားမင်းကို စည်းရုံးမယ်။ ပြီးရင် ဒီနွားသိုးပေါက်စလေးကို သတ်ဖို့အတွက် စစ်စရိတ် ငွေတုံး တစ်သန်း သုံးပစ်မယ်”

သူသည် ကြောက်လန့်နေသလို ဒေါသလည်း ထွက်နေ၏။

လှပသော ကိုယ်လုပ်တော်လေး၏ မျက်နှာထားမှာ လေးနက်သွားပြီး ပြောလိုက်သည်။ “သခင်ကြီး... ရှင် တုပိုင်ဆီသွားပြီး ဒူးထောက် အပြစ်ဝန်ခံတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တုပိုင် စိချွမ်းထဲ ဝင်လာဖို့ အကြောင်းပြချက် ပေးလိုက်သလို မဖြစ်စေချင်ဘူးလေ။ သူက လီမိသားစုကို သိမ်းပိုက်ပြီးနောက် ကွေ့ကျိုးနဲ့ ယူနန်ကိုပါ ရထားပြီးပြီ။ ကွမ်ရှီး အပါအဝင် ပြည်နယ်သုံးခုလုံး သူ့လက်ထဲ ရောက်နေပြီ။ လက်တစ်ဖက်က ဟူနန်ထဲ ရောက်နေပြီ။ အခု စိချွမ်းထဲ ဝင်လာတော့မယ်။ သူ ဒီလို နယ်မြေချဲ့ထွင်လာတာကို ကျွန်မတို့ လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ အကျိုးစီးပွားအတွက် ရှင် တုပိုင်ဆီ သွားပြီး ဒူးထောက် တောင်းပန်လိုက်ပါ”

ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် အံ့အားသင့်သွားပြီး စူးရှစွာ ပြောလိုက်သည်။ “နင်... မိန်းမ... နင်က ပုန်ကန်ချင်တာလား”

ထို့နောက် ကျန်းဝမ်ကျောက်က ရုတ်တရက် ပါးရိုက်လိုက်၏။ သို့သော် သူကသာ ယိုင်နဲ့သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားလေသည်။ လှပသော ကိုယ်လုပ်တော်လေးက ရှေ့တက်လာပြီး သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ကလေးဖြင့် ကျန်းဝမ်ကျောက်၏ လည်ပင်းကို ဖွဖွလေး ရိုက်လိုက်၏။

ရုတ်တရက်... ကျန့်ကော်နယ်စားမင်း၏ တစ်ကိုယ်လုံး လှုပ်ရှား၍ မရတော့ချေ။ သူ မြင်နိုင်သည် ၊ ကြားနိုင်သည် ၊ သို့သော် လုံးဝ လှုပ်ရှား၍ မရတော့ပေ။ သူ၏ ကိုယ်လုပ်တော်လေးက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေ၏။

“မင်း... မင်းက ဖန်းမိသားစုကပဲ... မင်းမှာ သိုင်းပညာ ရှိတယ်...” ကျန်းဝမ်ကျောက် စကားမပြောနိုင်တော့သော်လည်း မျက်လုံးများဖြင့် ဖော်ပြနေ၏။

ကိုယ်လုပ်တော်လေးက နူးညံ့စွာ ပြုံးပြီး ပြောလိုက်သည်။ “ကျွန်မက အမြဲတမ်း သခင်ကြီးရဲ့ မိန်းမ ပါပဲရှင်”

ထို့နောက် သူမသည် ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်ကို ပွေ့ချီပြီး မြင်းလှည်းပေါ် တင်လိုက်သည်။ ကျန်းဝမ်ကျောက်ကို မြင်းလှည်း၏ လျှို့ဝှက်အခန်းထဲ ထည့်ပြီးနောက် ချန်တူးမြို့မှ ထွက်ခွာကာ တုပိုင်၏ စစ်တပ်စခန်းချရာဆီသို့ ဒုန်းစိုင်း မောင်းနှင်သွားတော့သည်။

**--**--**--**--**--**--**--**

နှစ်ရက်ကြာပြီးနောက် တုပိုင်၏ ရှေ့မှောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဒူးထောက်နေကြ၏။

အမျိုးသမီးမှာ ကျက်သရေရှိပြီး လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ကွမ်ရှီးဘုရင်ခံ တုကျန်း၏ ဇနီးသည် ၊ တုပိုင်၏ အဒေါ်ဟု သတ်မှတ်၍ ရသူ ဖြစ်သည်။

ကျန်တစ်ယောက်မှာ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ဖြစ်သည်။ ဤလူသည် တုပိုင်၏ တမန်တော်ကို ဒဏ်ရာရစေခဲ့သည် ၊ တုပိုင်၏ ရွှေတုံး တစ်သောင်းကို မျိုချခဲ့သည် ၊ တုပိုင်၏ စာဖြင့် ဖင်သုတ်ပစ်ခဲ့သည် ၊ ထို့အပြင် တုပိုင်၏ တမန်တော်ကို ဒုတိယအကြိမ် ထပ်မံ သင်းကွပ်ခဲ့သည်။ တုပိုင်ကို မရေမတွက်နိုင်အောင် ဆဲဆို စော်ကားခဲ့သည်။ တာ့နင်အင်ပါယာ၏ စစ်သူကြီးများသည် တုပိုင်ကို တိုက်ခိုက်ရန်အတွက် ငွေတုံး တစ်သန်း အကုန်ခံရန်ပင် ဝန်မလေးကြချေ။

ယခုမူ... ဤခေါင်းမာသော စစ်သူကြီးကို တုပိုင်ထံသို့ ပါဆယ်ထုပ်ပိုးပြီး ပို့လိုက်ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ အနောက်တောင်ပိုင်း တိုက်ပွဲတစ်ခုလုံး ယာယီအားဖြင့် လုံးဝ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဖန်းအုပ်စုက လုံးဝ အလျှော့ပေးလိုက်ပြီး လက်နက်ချလိုက်ခြင်း ဖြစ်သည်။

အကယ်၍ မည်သည့်အမှားအယွင်းမှ မရှိပါက ဖန်းအုပ်စုသည် သုံးရက်အတွင်း မြို့တော်အား ပိတ်ဆို့မှုကို ရုပ်သိမ်းပေးလိမ့်မည်။ ဤနေရာမှ ကိစ္စများ ပြီးပြတ်သွားပါက သူ မြို့တော်သို့ ဝင်ရောက်ရမည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်၌ ကြီးမားသော အံ့အားသင့်ဖွယ်ရာ တစ်ခု ရှိနေသောကြောင့်လော ၊ သို့မဟုတ် သူ မမျှော်လင့်ထားသော အရာတစ်ခုက သူ့ကို စောင့်ကြိုနေသောကြောင့်လော။

“တုပိုင်... မင်း ဘာလို့ ငါ့ကို ဖမ်းတာလဲ” ကွမ်ရှီးဘုရင်ခံ တုကျန်း၏ ဇနီး သခင်မကျန်းက မေးလိုက်၏။

တုပိုင်က ထိုအမျိုးသမီးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

“အဒေါ်လေး...” တုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်တော်တို့ မတွေ့ရတာ တစ်နှစ်ကျော်ပြီ နော်”

“ငါက တုမိသားစုရဲ့ သခင်မ ၊ ဖူယန်နယ်စားမင်းအိမ်တော်ရဲ့ သမီး” သခင်မကျန်းက အေးစက်စွာ ပြောလိုက်သည်။ “မင်း ငါ့ကို ချက်ချင်း လွှတ်ပေး။ မင်းရဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် ငါ့ကို ဖမ်းခွင့် မရှိဘူး”

တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ ဥပဒေအရ ဆိုရင်တော့ ကျွန်တော်လို နယ်စပ်မြို့တပ်မှူးက ခင်ဗျားကို ဖမ်းဆီးခွင့် မရှိပါဘူး။ ဒါပေမဲ့ စည်းမျဉ်းတွေကို... ခင်ဗျားတို့က စပြီး ချိုးဖောက်ခဲ့တာလေ”

“စည်းမျဉ်းတွေအရ ခင်ဗျားမှာ ဘုရင်ခံကျန်းရန်မင်ကို သတ်ပစ်ဖို့ အာဏာ ရှိသလား။ ကွေ့မင်းသားရဲ့ ခြေထောက်တွေကို ရိုက်ချိုးဖို့ ရှိသလား။ ခင်ဗျားမှာ ကွေ့မင်းသားကို သတ်ပစ်ဖို့ အာဏာ ရှိသလား”

“နိုင်သူက ဘုရင် ၊ ရှုံးသူက သူပုန်ပဲလေ။ ဘာပြောစရာ ရှိသေးလို့လဲ” သခင်မကျန်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “နိုင်သူက ဘုရင် ၊ ရှုံးသူက သူပုန်ဆိုတာကို ခင်ဗျားက ကျွန်တော့်ကို ပြောပြနေတာလား။ ဒါဆိုရင် အခု ကျွန်တော်က ဘုရင်၊ ခင်ဗျားက သူပုန် ဖြစ်သွားပြီပေါ့”

သခင်မကျန်းက လှောင်ပြုံး ပြုံးလိုက်သည်။ “ရေတွင်းထဲက ဖားသူငယ် ၊ မိုးကောင်းကင်ကို မော့ကြည့်နေတဲ့ ကောင်လေး... မင်းက ဖန်းမိသားစု ဘယ်လောက် အင်အားကြီးလဲ ဆိုတာ မသိဘူး။ မင်းရဲ့ နိုင်ပွဲက ယာယီပဲ။ ငါတို့ရဲ့ စစ်တပ်ကြီး တာ့နင်အင်ပါယာပေါ် ခြေချလိုက်တာနဲ့ မင်းမာ မြေမြှုပ်စရာ နေရာတောင် ရှိမှာ မဟုတ်ဘူး”

တုပိုင် ပြုံးပြီး ပြောလိုက်သည်။ “အဒေါ်လေး... ဘယ်အချိန် ရှိနေပြီလဲ။ ခင်ဗျားက အကျဉ်းသား ဖြစ်နေပြီလေ။ အခုထိ ခေါင်းမာနေတုန်းပဲလား။ ဖူယန်နယ်စားမင်းအိမ်တော်က သမီးအဖြစ် ဟန်ဆောင်နေတုန်းပဲလား”

တုပိုင်၏ စကားကို ကြားသောအခါ သခင်မကျန်း မေးစေ့ကို မော့လိုက်သည်။ သူမ၏ စိတ်နေသဘောထားက အမြဲတမ်း ပြင်းထန်ခဲ့သည်။ ဖူယန်နယ်စားမင်းအိမ်တော်မှာ ကျဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သဘောတရားအရ ပြောရလျှင် သူမ တုမိသားစုသို့ ဝင်ရောက်ခြင်းမှာ အိမ်ထောင်ရေးအရ အဆင့်အတန်း မြင့်တက်လာခြင်း ဖြစ်သည်။ သူမသည် နယ်စားမင်းအိမ်တော်မှ သခင်မလေးအသွင် အမြဲ ဖမ်းနေတတ်ပြီး မည်သူ့ကိုမျှ အရှုံးမပေးခဲ့ချေ။

“တုပိုင်... မင်း ဘာဆိုလိုချင်လဲ ငါ သိပါတယ်” သခင်မကျန်းက လှောင်ပြုံးဖြင့် ပြောလိုက်သည်။ “အရင်တုန်းက မင်းက တုမိသားစုထဲက ကုန်းကုန်းခွေးတစ်ကောင် ၊ လူတိုင်း အနိုင်ကျင့်တာ ခံရတယ် ၊ လူတိုင်းရဲ့ အထင်သေးတာကို ခံရတယ်။ အခု မင်းက ကြီးပွားလာပြီလို့ ခံစားရပြီး တုမိသားစုဝင်တွေ ရှေ့မှာ ကြွားချင်နေတာမလား။ ငါ့ကို ဒူးထောက် တောင်းပန်ခိုင်းချင်တာ ၊ မင်းကို လွှတ်ပေးဖို့ တောင်းဆိုတာကို မြင်ချင်နေတာမလား။ ငါ မင်းကို ပြောလိုက်မယ်... အိပ်မက်သာ မက်နေလိုက်။ အခုချိန်ထိ မင်းက ငါ့မျက်လုံးထဲမှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလို အမှိုက်ကောင် ခွေးကုန်းကုန်းပဲ။ တုမိသားစုက ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိတဲ့ကောင်ပဲ”

တုပိုင်က ခိုကိုးရာမဲ့စွာ ပြုံးလိုက်သည်။ “တကယ်တော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ခင်ဗျားကို ဖမ်းလိုက်ရတဲ့ အကြောင်းရင်းက တုကျန်းရဲ့ တုံ့ပြန်မှုကို စမ်းသပ်ချင်လို့ ၊ ပြီးတော့ ဖန်းမိသားစုရဲ့ သဘောထားအမှန်ကို စမ်းသပ်ချင်လို့ပါ။ ဒါပေမဲ့ အဒေါ်လေးက ကျွန်တော့်ကို တမင် ဒေါသထွက်အောင် လုပ်နေမှတော့ ခင်ဗျားသေဖို့ အကြောင်း ဖန်လာတာပေါ့။ ကျွန်တော် ဖြည့်ဆည်းပေးရတာပေါ့”

ထို့နောက် တုပိုင်က ခက်ထန်စွာ ပြောလိုက်သည်။ “ကျန်းမျိုးနွယ်... ခင်ဗျားက အင်ပါယာရဲ့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းတွေကို မှောင်ခိုကူးတဲ့အထဲမှာ ပါဝင်ပတ်သက်နေတယ်။ ရေကြောင်းကုန်သည်အဖွဲ့ အများအပြားမှာ ရှယ်ယာတွေ ယူထားတယ်။ တချို့ ကုန်သည်တွေက သဘောမတူရင် ခင်ဗျားရဲ့ အာဏာကို သုံးပြီး ထောင်ချတယ် ၊ သူတို့ရဲ့ သင်္ဘောတွေကို သိမ်းယူတယ်။ ဒီကိစ္စတွေ ရှိတယ်မလား”

သခင်မကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြန်ဖြေရန်ပင် ဝန်လေးနေပုံရ၏။

“ယူလာခဲ့” တုပိုင်က ထူထဲသော ဖိုင်တွဲတစ်တွဲကို ယူလိုက်သည်။

ထိုအထဲတွင် သခင်မကျန်းက ရေကြောင်းကုန်သည်အဖွဲ့များတွင် ရှယ်ယာ မည်မျှ ပိုင်ဆိုင်ကြောင်း ၊ အင်ပါယာက ပိတ်ပင်ထားသော ကုန်ပစ္စည်း မည်မျှကို မှောင်ခိုကူးခဲ့ကြောင်း ရှင်းလင်းစွာ ရေးသားထားသည်။

ဤသည်များသာ မကသေး ၊ လာဘ်ပေးလာဘ်ယူ လုပ်ခြင်း ၊ သူတစ်ပါး၏ သင်္ဘောများကို အတင်းအဓမ္မ သိမ်းယူခြင်း စသည့် အမှုတွဲများလည်း ပါဝင်သည်။

အရာအားလုံးသည် သက်သေ အထောက်အထား ခိုင်လုံနေ၏။.ဖိုင်တွဲကို မြင်လိုက်ရသောအခါ သခင်မကျန်း ကြောင်သွားသည်။ တုပိုင်က သူမကို ဂုဏ်ပြချင်၍ ဖမ်းခေါ်လာသည်ဟု ထင်ခဲ့သော်လည်း လုပ်ထုံးလုပ်နည်း အားလုံး ပြည့်စုံနေပြီး သက်သေအထောက်အထားများလည်း အလွန် ပြည့်စုံနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

“အဒေါ်လေး... ခင်ဗျားရဲ့ အပြစ်က ကြီးမလား ၊ ငယ်မလား ဆိုတာ ခင်ဗျားအပေါ် မူတည်တယ်” တုပိုင်က ပြောလိုက်သည်။ “အပြစ်ကြီးရင် ကြိုးပေးခံရမယ်။ အပြစ်ပေါ့ရင် အရာရှိသုံး ပြည့်တန်ဆာအဖြစ် အဆင့်လျှော့ချခံရမယ်”

ထိုစကား ကြားလိုက်ရသည်နှင့် သခင်မကျန်း၏ မျက်နှာ ပျက်သွား၏။

“တစ်ခု ရွေးလိုက်” တုပိုင်က ပြောလိုက်သည်။ “အဒေါ်လေး... အရာရှိသုံး ပြည့်တန်ဆာ လုပ်မလား ၊ ကြိုးပေးခံမလား”

“မင်း... မင်း လုပ်ရဲလို့လား...” သခင်မကျန်း စူးရှစွာ အော်ဟစ်လိုက်၏။

တုပိုင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ “သခင်မတုကို ခရီးပို့ပေးလိုက်ကြ”

ချက်ချင်းပင် လီကျင်းဌာန စစ်သည်တစ်ဦး ရှေ့တက်လာပြီး ကြိုးကွင်းကို သခင်မကျန်း၏ လည်ပင်းတွင် စွပ်ကာ ရုတ်တရက် ဆွဲတင်လိုက်၏။

“အွတ်... အား...”

သခင်မကျန်း ရုန်းကန်နေရကာ မျက်နှာတစ်ခုလုံး နီရဲလာပြီး နာကျင်စွာ အော်ဟစ်နေ၏။ ဤနေရာသို့ လာစဥ်က သူမကိုယ်သူမ အမြဲ သတိပေးခဲ့သည်။ တုပိုင်ရဲ့ ရှေ့မှာ ဘယ်တော့မှ အရှိန်အဝါ ကျမသွားစေရဘူး၊ သူ့ကို ဘယ်တော့မှ ဂုဏ်ယူခွင့် မပေးဘူး၊ သေရရင်တောင် မကြောက်ဘူး ဟူ၍ ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ သေခြင်းတရား ရောက်လာသောအခါ သူမ ကြောက်လန့်တကြား တုန်ရီနေမိသည်။ သူမ၏ သတ္တိနှင့် အရှိန်အဝါများ အားလုံး ပျောက်ကွယ်သွား၏။ သခင်မကျန်း တုပိုင်ကို အသည်းအသန် တောင်းပန်တိုးလျှိုးစွာ ကြည့်လိုက်ပြီး လက်ကို အသည်းအသန် ဝှေ့ယမ်းကာ စကားပြောစရာ ရှိကြောင်း ပြသလိုက်သည်။

တုပိုင်က လက်မြှောက်လိုက်၏။ စစ်သည်က ကြိုးကို လျှော့ပေးလိုက်ရာ သခင်မကျန်း ပါးစပ်ဟပြီး လေကို အငမ်းမရ ရှူရှိုက်လိုက်သည်။ သေရွာပြန် ခံစားချက်က အလွန် တန်ဖိုးရှိလှ၏။

“တုပိုင်... မလုပ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့...” သခင်မကျန်း တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “ရွေးလိုက်... ကြိုးပေးခံမလား ၊ အရာရှိသုံး ပြည့်တန်ဆာ လုပ်မလား”

သခင်မကျန်း၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ပြောလိုက်သည်။ “ငါ... ငါ မသေချင်ဘူး”

အရာရှိသုံး ပြည့်တန်ဆာ လုပ်မည် ဆိုသော စကားကို သူမ တကယ် မပြောထွက်ချေ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် နယ်စားမင်းအိမ်တော်၏ သခင်မလေးဖြစ်၏။ ထို့အပြင် တုမိသားစု၏ ချွေးမလည်းဖြစ်​သေးသည်။

တုပိုင်က ပြောလိုက်သည်။ “ရှင်းရှင်း ပြော... ကြိုးပေးခံမလား ၊ အရာရှိသုံး ပြည့်တန်ဆာ လုပ်မလား။ တခြား အာပေါင်အာရင်းတွေ လာမပြောနဲ့”

သခင်မကျန်းမှာ ရှက်လွန်း၍ သေချင်စိတ် ပေါက်သွားပြီး တုန်ရီစွာဖြင့် ပြောလိုက်သည်။ “ငါ... ငါ အရာရှိသုံး ပြည့်တန်ဆာ လုပ်ပါ့မယ်”

ထိုစကား ပြောပြီးနောက် သူမ လုံးဝ ပြိုလဲသွားပြီး သူမ၏ ဂုဏ်သိက္ခာ စည်းမျဉ်းကို နင်းချေလိုက်ရတော့သည်။

တုပိုင် ပြုံးပြီး ပြောလိုက်သည်။ “ကြည့်စမ်း... ခင်ဗျားက သိပ်လည်း မာန်မကြီးပါဘူး။ ခင်ဗျားမှာ ကျောရိုး လုံးဝ မရှိဘူးပဲ။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အခါ ပြည့်တန်ဆာ ဖြစ်ဖို့တောင် ရွေးချယ်တယ်ပေါ့”

သခင်မကျန်းမှာ မြေကြီးကွဲအက်ပြီး ဝင်ပုန်းစရာ နေရာ ရှိမလားဟု မျှော်လင့်နေမိသည်။

“မလိုတော့ပါဘူး” တုပိုင်က ပြောလိုက်သည်။ “ဒီနေရာက မြို့တော် မဟုတ်ဘူး။ ပြီးတော့ အရာရှိသုံး ပြည့်တန်ဆာ ဆိုတာလည်း မရှိဘူး။ ခရီးဆက်ကြတာပေါ့”

ထို့နောက် စစ်သည်က သခင်မကျန်း၏ လည်ပင်းကို ကြိုးကွင်း ထပ်စွပ်လိုက်ပြီး ရုတ်တရက် ဆွဲတင်လိုက်ပြန်သည်။ ဤတစ်ကြိမ်အတွက်မူ လုံးဝ မလွှတ်ပေးတော့ချေ။

သခင်မကျန်း မည်မျှပင် ရုန်းကန်ပါစေ ၊ မည်မျှပင် ခြေတွေလက်တွေ ကန်ကျောက်ပါစေ ၊ လွှတ်မပေးတော့ချေ။

တုပိုင်သည် မူလက သခင်မကျန်း၏ အကြည့်များ အလွန် နာကျည်းနေလိမ့်မည်ဟု ထင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်က သူမကို သတ်ရုံသာမက မသတ်ခင် သူမ၏ ဂုဏ်သိက္ခာကိုပါ လုံးဝ နင်းချေလိုက်သောကြောင့် ဖြစ်သည်။

သို့သော် မဟုတ်ခဲ့ပေ။ သခင်မကျန်း တုပိုင်ကို ကြည့်နေသော မျက်လုံးများထဲတွင် အသနားခံခြင်းနှင့် ကြောက်ရွံ့ခြင်းများသာ ပြည့်နှက်နေသည်။

သေဆုံးသွားသည် အထိ သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် သူမ၌ မုန်းတီးရဲသော သတ္တိပင် မရှိတော့ချေ။ ထိုမြင်ကွင်းကို ဘေးနားရှိ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် အစအဆုံး မြင်တွေ့လိုက်ရသည်။

သူ တုပိုင်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူ တုပိုင်ကို အော်ဆဲချင်သည် ၊ မောက်မာပြချင်သည် ၊ သတ္တိရှိပြီး မကြောက်မရွံ့ ဟန်ဆောင်ပြချင်သည်။ သို့သော် နောက်ဆုံးတွင် သူ ပြောလိုက်သည်က ဤသို့ ဖြစ်သည်။

“တုပိုင်... မင်း ငါ့ကို ပြန်လွှတ်ပေးလိုက်ပါ။ ငါ ကတိပေးတယ်... ငွေတွေကို နှစ်ဆ ပြန်ပေးပါ့မယ်” ကျန်းဝမ်ကျောက်က ပြောလိုက်သည်။ “ပြီးတော့ အနာဂတ်မှာ မင်းရဲ့ စစ်ရေးကိစ္စတွေကို ငါ ပူးပေါင်းဆောင်ရွက်ပါ့မယ်”

စကားလုံးများ အရဆိုလျှင် သူ့ကိုယ်သူ အဆင့်အတန်း တစ်ခု၌ ထားရှိနေသေးသည်။ တုပိုင်က သူ့ကို လစ်လျူရှုလိုက်သည်။

ကျန်းဝမ်ကျောက်၏ မျက်နှာ တုန်ရီသွားပြီး ပြောလိုက်သည်။ “တုပိုင်... ငါသေသွားရင် မင်းအတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ ငါ့စစ်တပ်တွေ အကုန်လုံး ဖန်းမိသားစု လက်ထဲ ရောက်ကုန်လိမ့်မယ်။ မင်းသာ လုံလောက်အောင် ပါးနပ်တယ် ဆိုရင် ငါ့ကို စစ်တုတ် အချက် ၃၀ ရိုက်ပြီး ပြန်လွှတ်ပေးလိုက်သင့်တယ်။ ဒီလိုဆိုရင် မင်းအတွက်လည်း မျက်နှာပန်းလှတာပေါ့”

တုပိုင်က သူ့ကို ဆက်ပြီး လစ်လျူရှုထားဆဲပင်။

ကျန်းဝမ်ကျောက် သက်ပြင်းချပြီး ပြောလိုက်သည်။ “တုပိုင်... မင်းရှေ့မှာ ဒူးထောက်ပြီး အသနားခံ ၊ အပြစ်ဝန်ခံ ၊ ငိုယိုတောင်းပန်တာမျိုးကို မြင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက အင်ပါယာရဲ့ အကြီးအကဲတစ်ယောက်၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကတောင် ငါ့ကို အစ်ကို လို့ ခေါ်တာကွ”

တုပိုင် မည်သည့် စကားမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားလိုက်သည်။ စစ်သည်အချို့က ကျန်းဝမ်ကျောက်ကို ဆွဲခေါ်ပြီး နေရာတစ်ခုဆီ သွားလိုက်ကြ၏။

“ဘယ်ခေါ်သွားမလို့လဲ”

“ငါတို့ ဘယ်သွားမလို့လဲ”

စစ်သည်တစ်ယောက်က ငေါက်လိုက်သည်။ “ပါးစပ်ပိတ်ထားစမ်း”

ကျန်းဝမ်ကျောက် စတင် ရုန်းကန်လာပြီး အသည်းအသန် အားသုံးလိုက်သည်။ သူ၏ သိုင်းပညာက မဟာဆရာသခင်တစ်ပိုင်း အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်၍ အလွန် မြင့်မားသည်။.သို့သော် အသုံးမဝင်တော့ချေ။ ကိုယ်လုပ်တော်မလေး ခတ်လိုက်သော အဆိပ်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲပြီး အားပျော့နေကာ ဘာအားမှ မရှိတော့ချေ။

မကြာမီ လိုရာခရီးသို့ ရောက်ရှိသွားသည်။ ကျန်းဝမ်ကျောက် အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။ ဤသည်မှာ တုပိုင်၏ တမန်တော် အလောင်းပင်။ သူ့လက်ချက်ဖြင့် သင်းကွပ်ခံရပြီးနောက် ပိုင်ဆယ်မြို့သို့ ပြန်မရောက်ခင် လမ်းမှာတင် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

ထိုအလောင်း၏ ရှေ့တွင် ခေါင်းဖြတ်စက် တစ်ခု ရှိနေ၏။

“မင်း ငါ့ကို မသတ်ရဘူး... မင်း ငါ့ကို မသတ်ရဘူး... ငါက အင်ပါယာရဲ့ နယ်စားမင်းနော်။ ဧကရာဇ်ရဲ့ အမိန့်တော် မပါဘဲ မင်း ငါ့ကို သတ်ခွင့် မရှိဘူး”

“သွား... တပ်မှူးတုကို သွားပြောလိုက်... ငါ့ကို မသတ်ပါနဲ့ ၊ ငါ့ကို မသတ်ပါနဲ့လို့။ ငါ့ကို သတ်ရင် သူ ပုန်ကန်ရာ ကျသွားလိမ့်မယ်”

“တပ်မှူးတု... ငါ့ကို မသတ်ပါနဲ့ ၊ ငါ့ကို မသတ်ပါနဲ့”

“တပ်မှူးတု... ငါမှားမှန်း ငါ သိပါပြီ၊ ငါ မှားပါတယ်။ နောက်နောင် ငါ ခင်ဗျားကိုပဲ အလုပ်အကျွေးပြုပါ့မယ် ၊ ငါ့ရဲ့ စစ်သည် ၈ သောင်းက ခင်ဗျားရဲ့ အမိန့်ကိုပဲ နာခံပါ့မယ်...”

“ငါ မှားပါတယ်... ငါ မှားပါတယ်...”

ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် အူလိုက်သည်းလိုက် အော်ဟစ်ပြီး အသည်းအသန် ရုန်းကန်နေသော်လည်း သူ့ခေါင်းကို ခေါင်းဖြတ်စက်အောက်သို့ အတင်းအဓမ္မ ထိုးထည့်လိုက်ကြသည်။

ဓားမြှောက်ပြီး ခုတ်ချလိုက်၏။ သေမင်းဓားစက် လည်ပတ်သွားပြီးနောက် ကျန်းဝမ်ကျောက်၏ ခေါင်း ပြတ်ကျသွားလေသည်။ မသေခင်အချိန်ထိ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများနှင့် အသက်ရှင်ချင်သော ဆန္ဒများ ပြည့်နှက်နေဆဲပင်။

“သူရဲကောင်းဟန်ဆောင်နေတဲ့ လူကြောက်နှစ်ကောင်... သူတို့က သေမှာ မကြောက်သလို ဟန်ဆောင်ကြတယ် ၊ သူတို့ကိုယ်သူတို့တောင် သေမှာ မကြောက်ဘူးလို့ ထင်နေကြတယ်။ နှိုင်းယှဉ်ကြည့်လိုက်ရင်... လီရူဟိုင်ကမှ တကယ့် သူရဲကောင်း စစ်စစ်ပဲ” တုပိုင် တွေးလိုက်မိ၏။

**--**--**--**--**--**--**--**

မြို့တော်၌ ဝန်ကြီးချုပ်ဟောင်း ဖန်းကျိုးနှင့် တုဟွေးတို့သည် ကျယ်ပြန့်သော တူးမြောင်းကြီးကို ကြည့်နေကြသည်။

“သခင်လေးရဲ့ အမိန့် ရောက်လာပြီ” ဖန်းကျိုးက ပြောလိုက်သည်။

တုဟွေးက မေးလိုက်၏။ “သူ ငါတို့ကို ဆူသလား”

ဖန်းကျိုးက ပြောလိုက်သည်။ “မဆူပါဘူး။ ဒါပေမဲ့ စိတ်ပျက်တယ်တဲ့။ စာလုံး ၈ လုံး ရေးထားတယ်။ မပြတ်သားရင် ထိခိုက်မယ်တဲ့”

တုဟွေး ဒူးထောက်လိုက်ပြီး အရှေ့ဘက်ကို ဦးခိုက်ကာ ပြောလိုက်သည်။ “ကျွန်တော်မျိုး အရှင်သခင်ရဲ့ ညွှန်ကြားချက်ကို နာခံပါ့မယ်”

ဖန်းကျိုး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူလည်း ဒူးထောက်ကာ ပြောလိုက်သည်။ “ကျွန်တော်မျိုး အရှင်သခင်ရဲ့ သွန်သင်ချက်ကို နာခံပါ့မယ်”

“နန်းတော်ထဲ ဝင်ကြစို့” ထို့နောက် သူတို့နှစ်ယောက် ဧကရာဇ်နှင့် တွေ့ဆုံရန် ထပ်မံ ဝင်ရောက်သွားကြ၏။

“နန်ကျင်းကို တွဲဖက်မြို့တော်အဖြစ် သတ်မှတ်ပြီး ၊ နန်ကျင်းမှာ ဝန်ကြီးဌာန ၆ ခု ဖွဲ့စည်းပေးဖို့ အရှင်မင်းမြတ်ကို တိုက်တွန်းလိုပါတယ်” တုဟွေးက ပြောလိုက်သည်။ “အစိုးရအဖွဲ့ အပြင် ၊ မြို့တော်ရဲ့ အစိတ်အပိုင်းတချို့နဲ့ နန်ကျင်းမှာလည်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပါတယ်”

ဝန်ကြီးချုပ်ဟောင်း ဖန်းကျိုးက ပြောလိုက်သည်။ “ဂျာချင်အင်ပါယာက ဂျိုဆွန်း ဘုရင့်မြို့တော်ကို သိမ်းပိုက်တော့မယ်လို့ ကြားပါတယ်။ ဂျိုဆွန်းတိုင်းပြည် ကျဆုံးသွားတာနဲ့ ဂျိုဆွန်းဘုရင်က ချက်ချင်း လက်နက်ချပါလိမ့်မယ်။ ပြီးရင် ဂျာချင်အင်ပါယာက ကျွန်တော်တို့ကို အစွမ်းကုန် တိုက်ခိုက်လာပါလိမ့်မယ်။ တာ့နင်အင်ပါယာရဲ့ မြောက်ဘက်ပိုင်းကို ကြိုတင်ကာကွယ်ဖို့အတွက် နန်ကျင်းဝန်ကြီးဌာန ၆ ခုနဲ့ တခြား အင်ပါယာ လုပ်ငန်းဆောင်တာ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ပြုဖို့ တောင်းဆိုပါတယ်”

တုဟွေးက ပြောလိုက်သည်။ “ဒီနေ့က စပြီး ရေလမ်းခရီးက ရိက္ခာတွေနဲ့ ပင်လယ်လမ်းက ရိက္ခာတွေကို ခွဲဝေပို့ဆောင်ပါလိမ့်မယ်။ ငွေတုံး ၂၅ သန်းကိုလည်း မြို့တော်ကို ပို့ပေးပါလိမ့်မယ်”

တကယ်တော့ ဧကရာဇ် ခွင့်ပြုသည် ဖြစ်စေ ၊ မပြုသည် ဖြစ်စေ သိပ်အဓိပ္ပာယ် မရှိတော့ချေ။ ဧကရာဇ် ခွင့်ပြုသည်ဖြစ်စေ ၊ မပြုသည်ဖြစ်စေ ဤကိစ္စက လက်တွေ့ ဖြစ်လာတော့မည်။ တုဟွေးတွင် ဤအကြံပြုချက်ကို လုပ်ပိုင်ခွင့် မရှိပေ။ ဤသည်မှာ သခင်လေး၏ ဆန္ဒသာ ဖြစ်သည်။

ဆိုလိုသည်မှာ ဖန်းမိသားစုသည် တာ့နင်အင်ပါယာ မြောက်ဘက်ပိုင်းမှ လုံးဝ ဆုတ်ခွာသွားပြီး ကျန်းနန် ၊ ဖူကျန့် နှင့် ကွမ်တုံ ပြည်နယ်များကို အပြည့်အဝ စီမံခန့်ခွဲတော့မည် ဖြစ်သည်။

ဧကရာဇ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။ “ခွင့်ပြုလိုက်တယ်...”

ဖန်းကျိုး ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ အရှင်မင်းမြတ် ကျန်းမာပါစေ”

တုဟွေးက ဘာမှ မပြောဘဲ လက်ကိုသာ ယှက်လိုက်ပြီး လှည့်ထွက်သွားတော့သည်။ အိမ်ရှေ့စံ၏ လက်များမှာ အင်္ကျီလက်စထဲတွင် တုန်ရီနေ၏။ အခုနက ဖြစ်ပျက်သွားသည်မှာ အလွန် ငြိမ်းချမ်းသယောင် ရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုကို ဆိုလိုနေသည်။ ထိုအရာမှာ အင်ပါယာကြီး တကယ်ကို လုံးဝ ကွဲပြားသွားပြီ ဆိုသည့် အချက်ပင်။

ဤသည်မှာ မင်မင်းဆက် မပျက်သုဉ်းမီ နန်ကျင်းတွင် တောင်ပိုင်းမင်ကို တည်ထောင်လိုက်သကဲ့သို့ပင် ဖြစ်သည်။ ဧကရာဇ် သက်ပြင်းချလိုက်သည်။ “အိမ်ရှေ့စံ... မင်း နားလည်လား”

အိမ်ရှေ့စံက ပြောလိုက်သည်။ “နားလည်ပါတယ် ခမည်းတော်။ သူတို့ မြောက်ပိုင်းကနေ လုံးဝ ဆုတ်ခွာသွားပြီ။ အဲဒါက... သူတို့က မြောက်ပိုင်းတစ်ခုလုံးကို သွေးချောင်းစီးစေချင်တာ။ ဂျာချင်အင်ပါယာကို သုံးပြီး ကျွန်တော်တို့ တာ့နင်အင်ပါယာကို လုံးဝ ချေမှုန်းပစ်စေချင်တာ။ ပြီးရင် ယန်မင်းသားက နန်ကျင်းမှာ ထီးနန်းဆက်ခံပြီး ဧကရာဇ် လုပ်လိမ့်မယ်”

ဧကရာဇ်က ပြောလိုက်သည်။ “ကြည့်နေလိုက်... နယ်စားမင်း ယွမ်ထိန်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ရအောင်။ တကယ်လို့ ယွမ်ထိန်က လဝက်အတွင်း ငါ့ကို မတိုက်ခိုက်ဘူး ဆိုရင် တစ်ဖက်က သခင်လေးက ဒီဆုံးဖြတ်ချက်ကို မချရသေးဘူးလို့ ဆိုလိုတာပဲ။ တကယ်လို့ ယွမ်ထိန် ငါ့ကို လာတွေ့တယ် ဆိုရင်တော့... ဆိုလိုတာက ဒီရည်မှန်းချက်ကို အောင်မြင်ဖို့အတွက် သူတို့က ယွမ်ထိန်ကိုတောင် လုံးဝ စွန့်လွှတ်လိုက်ပြီ ဆိုတဲ့ သဘောပဲ”

အိမ်ရှေ့စံ၏ မျက်နှာ ရှုံ့မဲ့သွား၏။

ဧကရာဇ် သက်ပြင်းချလိုက်သည်။ “ပြင်ဆင်ထားလိုက်... တုပိုင် မြို့တော်ကို လာတော့မယ်”

**--**--**--**--**--**--**--**

တုပိုင်က ပြတ်ပြတ်သားသား စစ်တပ်လွှတ်ခဲ့သလို၊ ပြတ်ပြတ်သားသားပင် ပြန်ဆုတ်ခွာခဲ့သည်။ တစ်ရက်လေးတောင် နှောင့်နှေးမနေဘဲ သူ့စစ်သည် ၇ သောင်းလုံး စိချွမ်းမှ ဆုတ်ခွာခဲ့၏။ ထို့နောက် စစ်သည် ၂ သောင်းက ကွေ့ရန်အိမ်တော်တွင် တပ်စွဲသည်။ စစ်သည် ၅ သောင်းက ကျန့်ရှီးမြို့ သို့ ဆုတ်ခွာသွားသည်။

သို့သော် လီကျန့်၏ စစ်သည် ၂ သောင်းမှာ ဟူနန်မှ လုံးဝ ဆုတ်ခွာသွားခြင်း မရှိဘဲ ကွမ်ရှီးနှင့် ဟူနန် နယ်စပ်ရှိ ယုံကျိုးစီရင်စုတွင် တပ်စွဲထားလိုက်သည်။

လီကျန့် အရေးပေါ် စာတစ်စောင် လက်ခံရရှိ၏။

သူသည် သူ့လက်အောက်ရှိ စစ်သူကြီးနှစ်ဦးကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ တစ်ဦးမှာ စစ်ဆင်ရေးစစ်သူကြီး ရာထူးရထားသော လီတောက်အန်း ဖြစ်ပြီး ၊ နောက်တစ်ဦးမှာ တုပိုင်၏ လူရင်းဖြစ်သော ပြောက်ကျားတပ်မှူး လီဝေ ဖြစ်သည်။ လီဝေသည် လီကျန့်၏ စစ်တပ်ထဲတွင် မြှုပ်နှံထားသော သံမှိုတစ်ချောင်း ဖြစ်သည်။

“ဦးလေး ၊ စစ်သူကြီးလီဝေ... အရှင်သခင်က ကျွန်တော့်ကို ပြန်ခေါ်နေပြီ” လီကျန့်က ပြောလိုက်သည်။ “စစ်တပ်ကို ခင်ဗျားတို့လက်ထဲ ခဏ အပ်ထားခဲ့မယ်။ ဟူနန်က သာမန် ပြည်သူတွေနဲ့ ဆက်ပြီး ရောနှောနေထိုင်ဖို့ ၊ သူဌေးတွေနဲ့ အိမ်ကြီးအိမ်ကောင်းတွေကို ဆက်ပြီး နှိပ်ကွပ်ဖို့ပဲ သတိရပေးပါ”

“ဟုတ်ကဲ့ပါ” လီတောက်အန်းနှင့် လီဝေတို့ ပြိုင်တူ ပြောလိုက်ကြ၏။

“သခင်လေး... ဘာဖြစ်လို့လဲဟင်” လီတောက်အန်း ညည်းတွားလိုက်သည်။

လီကျန့်က ပြောလိုက်သည်။ “ဦးလေး... ကျွန်တော့်ကို သခင်လေးလို့ မခေါ်ပါနဲ့”

ထို့နောက် လီကျန့်က ဆက်ပြောလိုက်သည်။ “ကျွန်တော် တွက်တာ မမှားဘူးဆိုရင် တကယ့် ဧရာမ အဆုံးအဖြတ် တိုက်ပွဲကြီး ၊ တိုင်းပြည်ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီး မကြာခင် ရောက်လာတော့မယ်။ စစ်မြေပြင်က ကျွန်တော်တို့ အနောက်တောင်ပိုင်းကို မကူးစက်လာဖို့ပဲ မျှော်လင့်ပါတယ်။ ဒါမှ အရှင်သခင်အတွက် အင်အားစုဆောင်းဖို့ အချိန် လုံလောက်မှာလေ”

**--**--**--**--**--**--**--**

တုပိုင်၏ အရေးကြီး စစ်ရေးအစည်းအဝေးကို လျန်ကျိုးစီရင်စုတွင် ကျင်းပရန် ရွေးချယ်လိုက်သည်။ တုပိုင်၏ လက်အောက်ရှိ အဆင့်မြင့် အရာရှိများ အားလုံး တစ်ယောက်မကျန် ရောက်ရှိနေကြ၏။

“ဖန်းမိသားစုက ဒီတစ်ခါ လုံးဝ ဆုတ်ခွာသွားပြီ”

“ရေလမ်းသယ်ယူပို့ဆောင်ရေး ပြန်စပြီ။ ပင်လယ်ရေကြောင်းလည်း ပြန်ပွင့်သွားပြီ”

“ငွေတုံး ၂၅ သန်းနဲ့ မရေမတွက်နိုင်တဲ့ ရိက္ခာတွေကိုလည်း မြို့တော်ကို ပို့လိုက်ပြီ”

“ဖန်းမိသားစုရဲ့ အင်အားစု အားလုံးက မြောက်ပိုင်းကနေ လုံးဝ ဆုတ်ခွာသွားပြီ။ ဖန်းကျိုးနဲ့ တုဟွေးက ယန်မင်းသားကို ခေါ်ပြီး နန်ကျင်းကို သွားကြပြီ။ အဲဒီမှာ နန်ကျင်းဝန်ကြီးဌာန ၆ ခု လိုမျိုး အစိုးရ လုပ်ငန်းဆောင်တာ အဖွဲ့အစည်းတွေ စတင် တည်ဆောက်နေကြပြီ”

“ဂျိုဆွန်း တိုင်းပြည် ပျက်သုဉ်းသွားပြီ။ လက်နက်ချတဲ့ ဂျိုဆွန်းဘုရင် ကြိုးပေး သတ်ဖြတ်ခံလိုက်ရပြီ။ ဂျာချင်အင်ပါယာက အသက် ၆ နှစ်အရွယ် ဂျိုဆွန်းဘုရင်သစ် တစ်ပါးကို နန်းတင်ပေးလိုက်ပြီ”

“မြို့တော်က ကျီးကန်းနက်ဆီက လျှို့ဝှက်စာ အခုပဲ ရောက်လာတယ်။ နယ်စားမင်း ယွမ်ထိန်က မအိပ်မနေ ခရီးနှင်ပြီး မြို့တော်ကို သွားပြီး ဧကရာဇ်နဲ့ သွားတွေ့တယ်။ သူပြန်သွားတဲ့အချိန်မှာ ခေါင်းကွဲပြီး သွေးထွက်တဲ့အထိ ဦးခိုက်ခဲ့တယ်တဲ့။ တစ်ချိန်တည်းမှာပဲ ရွှမ်ဟွာနယ်စားမင်းကလည်း ဧကရာဇ်ကို သွားတွေ့ခဲ့တယ်”

“အနောက်မြောက်ဘက်က ကျွန်းကော် ခန်းနိတ်နိုင်ငံ က မြောက်ပိုင်းတာတာကို ကျူးကျော်နေပြီ။ နိုင်ငံနှစ်ခုလုံးက သူတို့ဟာ ရွှေအင်ပါယာ ရဲ့ တကယ့် ဆက်ခံသူတွေ ဖြစ်ကြောင်း ၊ ရွှေအင်ပါယာရဲ့ ဘုန်းတန်ခိုးရောင်ကို ပြန်လည် တောက်ပစေရမည် ဖြစ်ကြောင်း ကြေညာထားကြတယ်”

“ဒါတွေက တိုက်ဆိုင်မှု မဟုတ်ဘူး။ ဒီသတင်းတွေကို ဆက်စပ်ကြည့်လိုက်ရင် တစ်ခုတည်းသော အချက်ကို သက်သေပြနေတယ်”

“တကယ့် ဧရာမ အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်လာတော့မယ်။ ဒါက တာ့နင်အင်ပါယာရဲ့ကံကြမ္မာ စစ်ပွဲပဲ”

တုပိုင်က လီကျန့်ကို ကြည့်ပြီး မေးလိုက်သည်။ “မင်းရဲ့ ခန့်မှန်းချက်အရ ဒီစစ်ပွဲရဲ့ အတိုင်းအတာက ဘယ်အဆင့်ထိ ရှိမလဲ”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၉၉ + ၆၀၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters