← Chapters

အခန်း (၇၆)

Vol. 8 Ch. 76

အခန်း (၇၆)

Vol. 8 Ch. 76

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၇၆)

" စစ်တပ်အတွင်း ရန်သူကို သတ်ဖြတ်ခဲ့တဲ့ စွမ်းဆောင်မှုအားလုံးကို စစ်တပ်စွမ်းဆောင်မှုစနစ်နဲ့အညီ ဆုလာဘ်တွေ ချီးမြှင့်ပေးသွားမယ်။ " ခွေ့ဖုက ကျယ်လောင်စွာ ဖတ်လိုက်သည်။

၎င်းကို ကြားသောအခါ ခန်းမအတွင်းရှိ အရာရှိအားလုံးနီးပါးက ဆုလာဘ်များရရှိကြသောကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ရာထူးနှင့်ဘွဲ့ထူးတစ်ဆင့် တက်တိုင်း နှစ်စဉ်လစာက အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်သည်။ ၎င်းက ကြီးမားသော အကျိုးအမြတ်ပင်ဖြစ်သည်။

" ချင်ဘုရင်က မြို့ကို ချိုးဖျက်နိုင်တဲ့ စွမ်းဆောင်မှုအားလုံးနီးပါးကို ငါ့ဆီ ပေးလိုက်တဲ့ပုံပဲ။ ချန်တောက်တောင် ဘွဲ့ထူးနှစ်ဆင့် တိုးသွားပေမယ့် လက်ထောက်စစ်သူကြီး ဖြစ်မလာခဲ့ဘူး။ ငါ့ရဲ့ အထက်လူကြီးတွေက အခု ငါ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်ကုန်ပြီ။ "

" ကျန်းဟန်နဲ့ အခြားသူတွေ...သူတို့ငါးယောက်က ငါ့နောက်ကနေ တိုက်ခိုက်ခဲ့ကြတာဆိုတော့ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခံရတာပဲ။ " ကျောက်ဖုန်းက ခွေ့ဖု၏ ကြေညာချက်ကို နားထောင်ရင်း မှတ်သားထားလိုက်သည်။

သူ၏ လက်အောက်ငယ်သားငါးယောက်လုံးက ကြီးမားသော ဆုလာဘ်များကို ရရှိခဲ့ကြသည်။ ကျန်းဟန်တစ်ယောက်တည်းကပင် ယခု စစ်သည်တစ်သောင်းကို ကွပ်ကဲရတော့မည်ဖြစ်သည်။ ကျန်လေးယောက်ကလည်း တစ်ယောက်လျှင် စစ်သည်ငါးထောင်စီ ကွပ်ကဲရမည်ဖြစ်ပြီး စုစုပေါင်းစစ်သည် သုံးသောင်းရှိမည်ဖြစ်သည်။

" ကျွန်တော်မျိုးတို့ အရှင်မင်းကြီးရဲ့ ကရုဏာတော်ကို ကျေးဇူးတင်ပါတယ်။ " ခန်းမအတွင်းမှ အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ရေရွတ်လိုက်ကြသည်။

" စစ်သူကြီးကျောက် မင်းအစောက ဝေမြို့ကို ဘယ်တပ်ရင်းငါးခုကို ခေါ်သွားရမလဲလို့မေးတယ်နော်။ " လီထန်က ကျောက်ဖုန်းကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

" ဒီလိုလုပ်ရင်ဘယ်လိုလဲ။ မင်း ပင်မစစ်တပ်ထဲက ကြိုက်တာက်ု ရွေးချယ်နိုင်တယ်။ "

" ကျွန်တော်ရဲ့ အရင်တပ်ဖွဲ့ကို့တော့ ဆက်ထားပါမယ်။ ကျန်တဲ့ လေးခုအတွက်တော့ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီးမှပဲ ရွေးချယ်ပါတော့မယ်။ " ကျောက်ဖုန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

" စစ်သူကြီးကျောက်ပြောတာ ကောင်းတယ်။ " လီထန်က သဘောတူလိုက်သည်။ " ဟန်နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ငါတို့စစ်တပ်ကလည်း အထိနာခဲ့တယ်။ "

" ဒီစစ်ပွဲတစ်ခုတည်းမှာတင် ငါတို့တပ်ဖွဲ့က လူပေါင်းနှစ်သောင်းကျော် ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒီဆုံးရှုံးမှုကို လူသစ်တွေနဲ့ ပြန်ဖြည့်ပြီး တပ်ဖွဲ့တွေကို ပြန်ဖွဲ့စည်းဖို့က နောက်နှစ်လောက်မှဖြစ်နိုင်လိမ့်မယ်။ " လက်ထောက်စစ်သူကြီး စွန်းထင်က ပြောလိုက်သည်။

" ဒါပေမယ့် လက်နက်ချတဲ့ စစ်သည်တွေ အများကြီးရှိတယ်မဟုတ်လား။ " ကျောက်ဖုန်းက အံ့ဩသွားသည်။

" ပြီးခဲ့တဲ့ စစ်ပွဲမှာ ငါတို့စစ်တပ်က လက်နက်ချစစ်သည်ငါးသောင်းနီးပါးကို ဖမ်းမိခဲ့တယ်။ အရေအတွက်က များတာတော့ အမှန်ပဲ။ ဒါပေမယ့် သူတို့က ကျွန်တွေထက်မပိုဘူး။ သူတို့ကို ရှေ့တန်းကနေ အသေခံဖို့လောက်ပဲ သင့်တော်တယ်။ စနစ်တကျ စစ်တပ်တစ်ခုအနေနဲ့ ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူး။ " လီထန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဒါဆို အဲ့ဒီလက်နက်ချစစ်သည်တွေကို တပ်ဖွဲ့အသစ်တွေအနေနဲ့ မဖွဲ့စည်းဘူးပေါ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" လက်နက်ချစစ်သည်တွေကို လူသစ်စုဆောင်းတာနဲ့ သူတို့ကို အပြစ်သားတပ်ရင်းတွေအဖြစ် ဖွဲ့စည်းတာတွေက ချင်နိုင်ငံက လုပ်နေကျ မဟုတ်ဘူးလား။ သမိုင်းအရဆိုရင် ချင်က နိုင်ငံခြောက်ခုကို သိမ်းပိုက်တဲ့အခါ ဖမ်းမိတဲ့စစ်သည်တွေက မရေးပါတဲ့ အင်အားစုတွေဖြစ်ခဲ့တယ်။ "

" ချင်နိုင်ငံရဲ့ နောက်ဆုံးအချိန်တွေမှာတောင် ကျန်းဟန်ရဲ့ အပြစ်သားတပ်ရင်းတွေက ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိခဲ့ကြတယ်။ ဒါပေမယ့် လီထန်ရဲ့ တုန့်ပြန်မှုကို ကြည့်ရတာ ဒီလို လုပ်လေ့လုပ်ထ မရှိဘူးထင်တယ်။ "

" လက်နက်ချစစ်သည်တွေကို ဖွဲ့စည်းဖို့လား။ " ကျောက်ဖုန်း၏ စကားကို ကြားသောအခါ လီထန်က အံ့အားသင့်သွားသည်။ ခန်းမအတွင်းရှိ အခြားသူများကလည်း မှင်သက်သွားကြပြီး မရယ်ဘဲမနေနိုင်ဖြစ်သွားကြသည်။

" စစ်သူကြီးကျောက် " စွန်းထင်က ပြုံး၍ ပြောလိုက်သည်။ " မင်းက အဲ့ဒီလူတွေအကြောင်း သိပ်မသိသေးဘူးထင်တယ်။ ပြန်လည်ဖွဲ့စည်းထားတဲ့ စစ်သည်တွေက တိုက်ပွဲအလယ်မှာ ပုန်ကန်တာ ဒါမှမဟုတ် ဘက်ပြောင်းသွားတာမျိုးတွေက ဖြစ်နေကျပဲ။ "

" လက်နက်ချစစ်သည်တွေကို ကျွန်အဖြစ်ပဲအဆင့်ချနိုင်တယ်။ သူတို့ကို လမ်းမကြီးတွေနဲ့ မဟာတံတိုင်းကြီး တည်ဆောက်တဲ့နေရာမှာ ခိုင်းစေတာ ဒါမှမဟုတ် မြို့သိမ်းတိုက်ပွဲတွေမှာ အသေခံစစ်သားအဖြစ် သုံးတာပဲရှိတယ်။ စနစ်တကျ စစ်တပ်အနေနဲ့ ဖွဲ့စည်းဖို့က ချင်နိုင်ငံမှာ အဲ့လိုထုံးစံမရှိဘူး။ "

" ဒါဆို ဟန်က လက်နက်ချခဲ့တဲ့ စစ်သည်အားလုံးကို ကျွန်အဖြစ် အဆင့်ချလိုက်တော့မှာလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ယင်ချွမ်းခရိုင်က အခုမှ ငြိမ်းချမ်းစပြုတာ။ " မုန့်ယိက ပြောလိုက်သည်။ " သူတို့ကို အရင်ဆုံး လမ်းမကြီးတည်ဆောက်တဲ့ နေရာနဲ့ မြို့ရိုးတွေ ပြုပြင်တဲ့နေရာမှာ ခိုင်းစေမယ်။ အဲ့ဒီနောက်မှာ သူတို့ကို မြောက်ဘက်နယ်စပ်ဆီ ပို့လိုက်မှာပါ။ "

ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ သူက ခဏစဉ်းစားပြီးနောက် ထိုသူနှစ်ယောက်ကို ပြောလိုက်သည်။ " အုပ်ချုပ်သူမုန့်၊ စစ်သူကြီးလီ ကျွန်တော်မှာ အကြံတစ်ခုရှိပါတယ်။ "

" အဲ့ဒီလက်နက်ချစစ်သည်တွေကို တိုက်ပွဲဝင်တပ်ဖွဲ့တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော်ကို ကြိုးစားခွင့်ပေးနိုင်မလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

ထိုစကားကြောင့် လီထန်နှင့် မုန့်ယိတို့က အံ့ဩမှု၊ နားမလည်မှုများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" စစ်သူကြီးကျောက် " လီထန်က ရှင်းပြလိုက်သည်။ " အရင်တုန်းက ချင်ရော အခြနိုင်ငံတွေကရော လက်နက်ချစစ်သည်တွေကို တပ်ဖွဲ့အဖြစ် ဖွဲ့စည်းဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီတပ်ဖွဲ့အသစ်တွေက မကြာခဏ ပုန်ကန်တတ်တယ်။ တိုက်ပွဲအလယ်မှာ ငါတို့ကို ပြန်တိုက်ခိုက်တာ ဒါမှမဟုတ် စခန်းထဲမှာ ဆူပူမှုလုပ်တာမျိုးတွေက အရမ်းအန္တရာယ်များတယ်။ အဲ့ဒါကြောင့်လည်း အဲ့လိုလုပ်ဖို့ မစဉ်းစားကြတော့တာပဲ။ "

" ဒါပေမယ့် ဟန်စစ်တပ်မှာ ထိပ်တန်းစစ်သည်တွေ အများကြီးရှိတယ်။ သူတို့ကို ချင်အတွက် တိုက်ခိုက်ခိုင်းရင် ကျွန်တော်တို့ရဲ့ စစ်သည်တွေ ထိခိုက်ကျဆုံးတာကို လျှော့ချနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျွန်တော်ကို လက်နက်ချစစ်သည်နှစ်သောင်းလောက်ပဲပေးပါ။ ကျွန်တော်အောင်မြင်ခဲ့ရင် သူတို့က ချင်နိုင်ငံရဲ့ စစ်အင်အားအတွက် တကယ့်ရတနာတွေ ဖြစ်လာလိမ့်မယ်။ "

အပြစ်သားတပ်ဖွဲ့ကို အသုံးပြုသည့် ဗျူဟာက ချင်နိုင်ငံတွင် မလွဲမသွေ ကျော်ကြားလာမည်ကို ကျောက်ဖုန်းက သိထားသည်။ ၎င်းကို သူက အရင်ဆုံး အဆိုပြုလိုက်သောကြောင့် အပြစ်သားတပ်ဖွဲ့မှ အောင်မြင်မှုများ ရလာသောအခါ သူက ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်လာပေလိမ့်မည်။

ကျောက်ဖုန်းက စိတ်အားထက်သန်နေသည်ကို မြင်သောအခါ လီထန်နှင့် မုန့်ယိတို့က အံ့အားသင့်သွားကြသည်။ ခန်းမထဲမှ အခြားအရာရှိများကလည်း အံ့ဩနေကြသည်။ လက်နက်ချတပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းခြင်းက အလွန်ခက်ခဲပြီး သူတို့ကို တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုအဖြစ် လေ့ကျင့်ပေးရန် မဖြစ်နိုင်ဟု လူတိုင်းက သိထားကြသည်။

" စစ်သူကြီးကျောက် မင်း အတည်ပြောနေတာလား။ " မုန့်ယိက အံ့ဩစွာ မေးလိုက်သည်။

" ကျွန်တော်အတည်ပြောနေတာပါ အုပ်ချုပ်သူမုန့်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" လက်နက်ချစစ်သည်တွေကို ပြန်လည်ဖွဲ့စည်းတာသာ အလုပ်ဖြစ်ခဲ့ရင် ချင်နိုင်ငံအနေနဲ့ နောက်ထပ်စစ်ပွဲတွေမှာ လူသစ်တွေကို အဆက်မပြတ် ရရှိနိုင်လိမ့်မယ်။ ဒီကိစ္စက စမ်းသပ်ကြည့်သင့်တဲ့အရာပဲ။ "

" ဒီအခြေအနေရဲ့ လေးနက်မှုကို မင်းသိလား။ " လီထန်က လေးနက်စွာ ပြောလိုက်သည်။ " တကယ်လို့ လက်နက်ချတပ်ဖွဲ့တွေမှာ ပုန်ကန်မှုသာ ဖြစ်ခဲ့ရင် စခန်းထဲမှာ ဆူပူမှုတွေ ဖြစ်ခဲ့ရင် ဒါက ကြီးလေးတဲ့ ပစ်မှုပဲ။ "

" ကျွန်တော် စစ်ဘက်ဆိုင်ရာ ကတိဝန်ခံချက်ပေးဖို့ အဆင်သင့်ပါပဲ။ ကျွန်တော်ဦးဆောင်ဖို့ လက်နက်ချစစ်သည်နှစ်သောင်းပေးပါ။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။ " တကယ်လို့ ပုန်ကန်မှု၊ စခန်းထဲမှာ ဆူပူမှုဖြစ်ခဲ့ရင် တာဝန်အားလုံးကို ကျွန်တော်ယူပါမယ်။ "

" အခြားသူတွေအတွက် ဒီလက်နက်ချစစ်သည်တွေက ကိုင်တွယ်ရခက်ခဲပေမယ့် သမိုင်းကို သိတဲ့ ငါ့အတွက်တော့ သူတို့ကို ကောင်းကောင်းလေ့ကျင့်ပေးပြီး စနစ်တကျ ပြန်လည်ဖွဲ့စည်းနိုင်ရင် သူတို့က ချင်အတွက် တိုက်ခိုက်ပေးနိုင်ပါတယ်။ ပိုအရေးကြီးတာက သူတို့ထဲကနေ ငါ့ရဲ့ ကိုယ်ပိုင်စစ်သည်တွေကိုလည်း တိတ်တဆိတ် စုဆောင်းနိုင်လိမ့်မယ်။ "

ကျောက်ဖုန်းက အလွန်ပြတ်သားနေဆဲ ဖြစ်သည်ကို မြင်သောအခါ လီထန်က မုန့်ယိဘက်သို့ ကူကယ်ရာမဲ့သော အမူအရာနှင့် ကြည့်လိုက်သည်။

" စစ်သူကြီးလီ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။ " တကယ်တော့ စစ်သူကြီးကျောက်မှာ လက်နက်ချစစ်သည်တွေကို ပြောင်းလဲပြီး တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်း တကယ်ရှိလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်။ သူ့ကို အခွင့်အရေးတစ်ခု ပေးကြည့်ရင် မကောင်းဘူးလား။ "

" ဒါပေမယ့် ဒီကိစ္စကို အရှင်မင်းကြီးဆီ အရင်မတင်ပြသင့်ဘူးလား။ " လီထန်က တွန့်ဆုတ်နေဆဲ ဖြစ်သည်။

" ကျုပ် ယင်ချွမ်းကို လာကတည်းက အရှင်မင်းကြီးက ညွှန်ကြားချက်တွေ ပေးပြီးသားပါ။ " မုန့်ယိက ပြောလိုက်သည်။ " အရှင်မင်းကြီးက လက်နက်ချစစ်သည်တွေကို ကျုပ်လက်အောက်များ ထားပြီး သင့်တော်သလို အသုံးချဖို့ ခွင့်ပြုထားတယ်။ စစ်သူကြီးကျောက်က ဆန္ဒရှိနေမှတော့ သူ့ကို စမ်းကြည့်ခိုင်းလိုက်ပါ။ အဆင်မပြေတော့ စစ်အင်အားနဲ့ပဲ နှိမ်နင်းလိုက်တာပေါ့။ ဒီကိစ္စအတွက်တော့ စစ်သူကြီးလီကိုယ်စား ကျုပ်ပဲဆုံးဖြတ်ချက်ချပေးပါမယ်။ "

မုန့်ယိက ကျောက်ဖုန်းကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ " စစ်သူကြီးကျောက်ကို လက်နက်ချစစ်သည်သုံးသောင်းပေးမယ်။ မင်း သူတို့ကို ဘယ်လိုပဲလေ့ကျင့်ပေးပေး၊ ဘယ်လိုပဲပြန်လည်ဖွဲ့စည်းဖွဲ့စည်း စစ်သူကြီးလီက ကြားဝင်စွက်ဖက်မှာမဟုတ်ဘူး။ ဒါပေမယ့် စစ်သူကြီးကျောက်အနေနဲ့ ချန်ဖျင်တိုက်ပွဲအကြောင်းကိုတော့ သတိရစေချင်တယ်။ "

All Chapters