အခန်း (၇၇)
Vol. 8 Ch. 77
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၇၇)
ချန်ဖျင်တိုက်ပွဲတွင် ကျောက်စစ်တပ်မှ စစ်သည်လေးသိန်းကျော်ကို ဖမ်းမိခဲ့သည်။ သူတို့ကို ဘာလို့ပြန်မဖွဲ့စည်းခဲ့တာလဲ။ သူတို့ကို ဘာလို့ကွပ်မျက်ခဲ့တာလဲ။ အဓိကမှာ လက်နက်များကို ပြန်လည်ဖွဲ့စည်း၍ မရနိုင်သကဲ့သို့ ကိုယ့်အတွက် အသုံးချနိုင်ခြင်းလည်း မရှိသောကြောင့်ဖြစ်သည်။
" စိတ်ချပါ အုပ်ချုပ်သူမုန့်။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ပြောလိုက်သည်။ " ကျွန်တော် နားလည်ပါတယ်။ "
" စစ်သူကြီးလီ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။ " စစ်ပွဲက ခုမှပြီးတာ။ နန်းတွင်းက ဆုလာဘ်တွေကလည်း ရောက်နေပြီ။ ခင်ဗျား အခုသွားပြီး စစ်တပ်ကို ပြန်လည်ဖွဲ့စည်းတာ အကောင်းဆုံးပဲ။ "
" ကောင်းပါပြီ။ " လီထန်က ခေါင်းညိမ့်လိုက်သည်။
ဟန်နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်သည်များစွာ၏ အသက်ကို ပေးဆပ်ခဲ့ရသည်။ ဒဏ်ရာရရှိမှုနှင့် မသန်မစွမ်းဖြစ်မှုများကြောင့် စစ်သည်များစွာက တပ်မှနုတ်ထွက်ပြီး အိမ်ပြန်ကြရပေလိမ့်မည်။
ကျဆုံးသွားသော အရာရှိများ၏ နေရာလပ်များကို စွမ်းဆောင်မှုပြုခဲ့သော စစ်သည်များမှ ပြန်လည်ဖြည့်တင်းရမည်ဖြစ်ပြီး တပ်ဖွဲ့အသီးသီးကို တိုက်ပွဲဝင်ရန် အသင့်ဖြစ်အောင် ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။
တစ်ရက်ကြာပြီးနောက် စခန်း၏ ခန်းမတစ်ခုတွင် ကျောက်ဖုန်းက ပင်မနေရာတွင် ထိုင်နေပြီး တပ်မှူးငါးယောက်နှင့် တပ်မမှူးဆယ်ယောက်တို့က မတ်တပ်ရပ်နေကြသည်။ တပ်မှူးငါးယောက်အနက် ကျောက်ဖုန်းက ကျန်းဟန်နှင့် အရင်းနှီးဆုံးဖြစ်ပြီး နောက်တစ်ယောက်မှာ ချန်တောက်ဖြစ်သည်။
ချန်တောက်က ယခင်က ကျောက်ဖုန်း၏ အထက်လူကြီးဖြစ်ခဲ့သော်လည်း ယခုအခါ ကျောက်ဖုန်း၏ လက်အောက်ငယ်သားဖြစ်နေပြီဖြစ်သည်။ ဖြစ်နိုင်သည်မှာ အခြေအနေက ချန်တောက်အတွက် စိတ်ပျက်စရာကောင်းနေနိုင်သော်လည်း သူဘာမှမတတ်နိုင်ပေ။
တပ်မမှူးဆယ်ယောက်အနက် ကျောက်ဖုန်းက လျိုဝူအပါအဝင် လေးယောက်နှင့် ရင်းနှီးပေသည်။ လျိုဝူက ယခင် သူနှင့် ရာထူးတူခဲ့သူဖြစ်သည်။
" စစ်သူကြီးကို အရိုအသေပေးပါတယ်။ " အားလုံးက တညီတညွှတ်တည်း ဦးညွှတ်လိုက်ကြသည်။
" အားလုံးပဲ ထိုက်ကြပါဦး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သူကြီးကျောက်။ " သူတို့အားလုံးက ရာထူးအလိုက် ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။
" တစ်ရက်ကြာ ပြင်ဆင်ပြီးတဲ့နောက်မှာ ငါ့ရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ဖွဲ့ငါးခုကို စစ်တပ်တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းပြီးသွားပြီ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" တပ်ဖွဲ့တစ်ခုစီမှာ အခု စစ်သည်အင်အား ၇၄၀၀ ဝန်းကျင်ရှိတယ်။ လောလောဆယ် လူအင်အားနည်းနေသေးလို့ စစ်တပ်ဖွဲ့သည်းပုံကလည်း မပြည့်စုံသေးဘူး။ ဒါပေမယ့် ဒီပြဿနာက နှစ်သစ်ကူးလို့ လူသစ်တွေ ရောက်လာရင် ပြေလည်သွားလိမ့်မယ်။ "
" စစ်သူကြီး " ကျန်းဟန်က ပြုံး၍ ပြောလိုက်သည်။ " အခု စစ်ပွဲက ပြီးသွားပြီဆိုတော့ လူအင်အားနည်းတာက သိပ်စိုးရိမ်စရာမရှိပါဘူး။ ဝေမြို့ကို ဘယ်တော့လောက် ထွက်ကြမလဲ။ "
" တပ်မှူးတို့ရော ဘယ်အချိန်ထွက်ရင် အကောင်းဆုံး ဖြစ်မယ်ထင်လဲ။ " ကျောက်ဖုန်းက ကိုယ်တိုင်မဆုံးဖြတ်ဘဲ အားလုံးကို မေးလိုက်သည်။
" အားလုံးက စစ်သးကြီးအမိန့်အတိုင်းပါပဲ။ " တပ်မှူးအားလုံးက ပြန်ဖြေလိုက်သည်။
" စစ်တပ်ကို ရွှေ့ပြောင်းဖို့က အချိန်နဲ့ ရိက္ခာတွေ လိုအပ်တယ်။ ရှင်းကျန်းကနေ ဝေမြို့ကို သွားဖို့ မြင်းတပ်အတွက်ဆို ငါးရက်ကြာမြင့်တယ်။ ငါတို့ စစ်တပ်တစ်ခုလုံး စခန်းရုပ်ပြီး ချီတက်ဖို့ဆိုရင်တော့ လဝက်လောက်ကြာလိမ့်မယ်။ "
" ပြီးတော့ လက်နက်ချစစ်သည်သုံးသောင်းပါ ငါတို့နဲ့အတူ လိုက်လာမှာဆိုတော့ ခရီးစဉ်က ပိုပြီးကြာလိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့ မနက်ဖြန် ထွက်ကြတာပေါ့။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" စစ်သူကြီးကျောက် " တပ်မှူးတစ်ယောက်က မတ်တပ်ရပ်ပြီး လေးနက်စွာ ပြောလိုက်သည်။ " လက်နက်ချစစ်သည်တွေကို ပြန်လည်ဖွဲ့စည်းတဲ့ကိစ္စကို ပြန်စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ စစ်တပ်အင်အားက လူငါးသောင်းတောင်မပြည့်ပါဘူး။ တကယ်လို့ ဒီလူသူံးသောင်းသာ ပုန်ကန်ကြမယ်ဆိုရင် အကျိုးဆက်က မှန်းဆလို့တောင် မရပါဘူး။ "
" ဝေမြို့မှာ သူတို့က ထိန်းချုပ်ထားနိုင်ရင်တောင် နောက်ဆက်တွဲ ပြန်လည်ဖွဲ့စည်းမှုတွေက ကြီးမားတဲ့ ဆူပူလှုပ်ရှားမှုတွေ ဖြစ်လာနိုင်ပါတယ်။ "
" ကျွန်တော်လည်း အဲ့ဒါကို ထောက်ခံပါတယ်။ " အခြားတပ်မှူးတစ်ယောက်ကလည်း ပြောလိုက်သည်။
" လက်နက်ချစစ်သည်တွေဆီက လာနိုင်တဲ့ အန္တရာယ်ကို ကျွန်တော်တို့တင်မကဘူး။ တစ်နိုင်ငံလုံး သိကြပါတယ်။ "
" ကျွန်တော်လည်း အတူတူပါပဲ။ "
ကျန်းဟန်မှလွဲ၍ တပ်မှူးလေးယောက်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ သူတို့၏ အမြင်တွင်သာမက စစ်တပ်တစ်ခုလုံး၏ အမြင်တွင် ကျောက်ဖုန်း၏ လက်နက်ချစစ်သည်များကို ပြန်လည်ဖွဲ့စည်းမည့် အစီအစဉ်က မိုက်မဲသောလုပ်ရပ်ပြီး အပိုဒုက္ခရှာခြင်းသာ ဖြစ်သည်။
သူ၏ ရှေ့မှ လူလေးယောက်ကို ကြည့်ပြီး ကျောက်ဖုန်းက အနည်းငယ် ပြုံးလိုက်သည်။ " တပ်မှူးချန် ဒီတပ်မှူးသုံးယောက်ကို မိတ်ဆက်ပေးပါဦး။ "
" ကျွန်တော်က ကျောက်ထို့ပါ။ "
" ကျွန်တော်က ဝူယွဲ့ပါ။ "
" ကျွန်တော်က ချီရှန်းပါ။ "
ချန်တောက်မပြောမီ တပ်မှူးသုံးယောက်က သူတို့ကို သူတို့ မိတ်ဆက်လိုက်ကြသည်။
" ကျောက်ထောလား။ " ထိုနာမည်ကို ကြားသောအခါ ကျောက်ဖုန်း၏ အကြည့်က တပ်မှူးကျောက်ထို့ပေါ်သို့ ကျရောက်သွားပြီး သူ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုပေါ်လာသည်။
နန်းယွဲ့၏ ဘုရင်ဝူဖြစ်လာမည့် ကျောက်ထို့။ ချင်မင်းဆက်၏ စစ်အင်အားငါးသိန်းရှိသော စစ်တပ်ကို ထိန်းချုပ်ပြီး ကိုယ်ပိုင်နယ်မြေတည်ထောင်ခဲ့သည့် စစ်ဘုရင်၊ ချင်ခေတ်မှ ဟန်ခေတ်ထိ အသက်ရှည်ခဲ့သော ကျောက်ထို့ပင်ဖြစ်သည်။
" ဒီလူက လျို့ဝှက်ပြီး အလွန်ထက်မြက်တယ်။ ချင်မင်းဆက်ရဲ့ နောက်ဆုံးအချိန်တွေမှာ မင်းဆက်ပြိုလဲတော့မယ့် အခြေအနေရောက်နေတာတောင် ကျောက်ထို့က ဘေးက ဒီအတိုင်း ထိုင်ကြည့်နေခဲ့တာပဲ။ ချင်ပြိုလဲပြီးတဲ့နောက်မှာ သူ့ရဲ့ ကိုယ်ပိုင်နယ်မြေကို တည်ထောင်ခဲ့တယ်။ "
" နန်းယွဲ့ရဲ့ ဘုရင်ဝူ၊ ပိုင်ယွဲ့ဒေသရဲ့ စောင့်ရှောက်သူ။ ဒါက တကယ်ကောင်းမွန်တဲ့ တာဝန်တစ်ခုပဲ။ ချင်ပ နိုင်ငံခြောက်ခုကို သိမ်းပိုက်ပြီးရင် ပိုင်ယွဲ့ဒေသကိာ တာဝန်ချပေးဖို့ ငါတောင်းဆိုရမယ်။ အဲ့ဒီနောက်မှာ ရှန်းကျိုးရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာတာကို ချင်မင်းဆက် ပြိုလဲသွားတဲ့အထိ စောင့်ကြည့်နေရုံပဲ။ "
" အဲ့ဒီနောက်မှာ စစ်တပ်ကို မြောက်ဘက်ကို ဦးဆောင်ပြီး ရှန်းကျိုးကို သိမ်းပိုက်နိုင်လိမ့်မယ်။ " ကျောက်ထို့၏ နာမည်ကို ကြားသောအခါ ကျောက်ဖုန်းက အနာဂတ်အစီအစဉ်တစ်ခုပင် ရေးဆွဲလိုက်သည်။
" တပ်မှူးတို့ ထောက်ပြတဲ့ အချက်တွေက တကယ်ပဲ ကျိုးကြောင်းဆီလျော်ပါတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ တပ်မှူးများက သူ့ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်ကြသော်လည်း ကျောက်ဖုန်း၏ လေသံက ပြောင်းလဲသွားသည်။
" လက်နက်ချစစ်သည်တွေကို ပြန်ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူး။ သူတို့က ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်။ ငါတို့ကို ပြန်ပုန်ကန်ကြလိမ့်မယ်လို့ လူတိုင်းက ထင်နေကြတယ်။ ဒါပေမယ့် ငါကတော့ အဲ့လိုမယုံကြည်ဘူး။ "
" ငါတို့ ဖမ်းမိထားတဲ့ ဟန်စစ်သည်တွေက အရင်တုန်းက တခြားနိုင်ငံက စစ်သည်တွေနဲ့ မတူဘူး။ အရင်တုန်းက လက်နက်ချစစ်သည်တွေမှာ သူတို့ပြန်သွားဖို့ မိခင်နိုင်ငံတွေ ရှိနေကြတယ်။ သူ့တို့ရဲ့ သစ္စာရှိမှုနဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့ နေရာပေါ့။ ဒါကြောင့် သူတို့က ငါတို့ ချင်နိုင်ငံအတွက် စိတ်ရင်းနဲ့ အမှုထမ်းမှာမဟုတ်တာ သဘာဝပဲ။ "
" ဒါပေမယ့် အခုအခြေအနေက မတူဘူး။ ဟန်နိုင်ငံက ပျက်စီးသွားပြီ။ ဟန်နယ်မြေက ငါတို့ ချင်နိုင်ငံရဲ့ ယင်ချွမ်းခရိုင်ဖြစ်သွားပြီ။ ဟန်လူမျိုး သန်းပေါင်းများစွာကလည်း ငါတို့ ချင်နိုင်ငံရဲ့ ပြည်သူပြည်သားတွေ ဖြစ်လာပြီ။ အဲ့ဒီလက်နက်ချစစ်သည်တွေရဲ့ မိသားစုတွေက အခုဆို ချင်လူမျိုးတွေ ဖြစ်သွားပြီ။ တကယ်လို့ သူတို့က တိုက်ပွဲအတွင်းမှာ ပုန်ကန်ရဲရင် ချင်နိုင်ငံရဲ့ ဥပဒေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပြစ်ဒဏ်ခံရလိမ့်မယ်။ "
" တပ်မှူးတို့ ဒီလိုပြန်လည်ဖွဲ့စည်းတာက ချင်နိုင်ငံရဲ့ အနာဂတ် စစ်အင်အားနဲ့ သက်ဆိုင်တယ်။ ငါတို့ရဲ့ ရည်မှန်ချက်က ကမ္ဘာကြီးကို သိမ်းပိုက်ပြီး စည်းလုံးညီညွှတ်အောင် လုပ်ဖို့ပဲ။ ချင်က အင်အားကြီးတယ်ဆိုပေမယ့် တိုက်ပွဲတိုင်းမှာ ပိုပြီး အင်အားကြီးလာအောင် တခြားနိုင်ငံတွေရဲ့ အင်အားကိုလည်း ငါတို့ စုပ်ယူရမယ်။ "
" လက်နက်ချ စစ်သည်တွေကို ငါတို့ စစ်တပ်ထဲ ပြန်လည်ဖွဲ့စည်းတာက ဆန်းသစ်တဲ့ ခြေလှမ်းပဲ။ ငါကျောက်ဖုန်းအနေနဲ့ အာမခံတယ်။ တကယ်လို့ ထိန်းချုပ်မရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရင် တာဝန်အားလုံးကို ငါယူမယ်။ မင်းတို့ကို မထိခိုက်စေရဘူး။ "
" ဒါပေမယ့် ဒီလိုပြန်ဖွဲ့ထားတဲ့ လက်နက်ချစစ်သည်တွေက သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို သက်သေပြနိုင်ခဲ့ရင်တော့ မင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ပါတယ်။ ဒါက မင်းတို့အားလုံးအတွက် စုပေါင်းအောင်မြင်မှု ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
သူ၏ စကားများကို ကြားသောအခါ ခန်းမအတွင်းမှ တပ်မှူးများက တိတ်ဆိတ်သွားကြသည်။ ဟန်လူမျိုးများက ချင်လူမျိုးများ ဖြစ်သွားကြပြီ၊ လက်နက်ချစစ်သည်များ၏ မိသားစုများကလည်း ချင်လူမျိုးများ ဖြစ်သွားကြပြီ။ သူတို့၏ မိခင်နိုင်ငံက ပျောက်ကွယ်သွားပြီ။
" စစ်သူကြီးရဲ့ အကြောင်းပြချက်က ခိုင်လုံပါတယ်။ " ကျန်းဟန်က ချက်ချင်း ဦးညွှတ်လိုက်သည်။ " ကျွန်တော် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။ "
" ကျွန်တော်တို့လည်း အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပါမယ်။ " ကျောက်ဖုန်း၏ လက်အောက်ငယ်သားများက ချက်ချင်း ပြောဆိုလိုက်ကြသည်။
ကျောက်ဖုန်း၏ စကားများက ထိုအဆင့်ထိ ရောက်သွားပြီး ဆက်လက်ဖျောင့်ဖျနေလျှင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူ၏ စကားများကလည်း တပ်မှူးများကို အမှန်တကယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။
" ကျွန်တော်တို့ စစ်သူကြီးရဲ့ အမိန့်ကို နာခံဖို့ အဆင်သင့်ပါပဲ။ " ခန်းမအတွင်းမှ တပ်မှူးများကလည်းပြောလိုက်ကြသည်။