အခန်း (၇၉)
Vol. 8 Ch. 79
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၇၉)
" ဟန်ရှီ " ကျောက်ဖုန်းက ဟန်ရှီဘက်သို့ လှည့်လိုက်သည်။
" ပြောပါ အရှင်။ " ဟန်ရှီက ဦးညွှတ်ပြီး ပြောလိုက်သည်။
" မင်း ဝေမြို့အကြောင်းကို သိလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ကျွန်တော်မျိုး ဟန်ဘုရင်နဲ့အတူ ဝေမြို့ကို တစ်ခါရောက်ဖူးပါတယ်။ " ဟန်ရှီက ပြန်ဖြေလိုက်သည်။
" ဝေမြို့မှာ လျို့ဝှက်တဲ့နေရာတွေရှိလား။ လူသူနဲ့ဝေးတဲ့ နေရာမျိုးဆို ပိုကောင်းတယ်။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အရှင် အဲ့လိုနေရာတွေက ရှာရတာလွယ်ပါတယ်။ " ဟန်ရှီက ချက်ချင်း ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ " အဲ့လိုလျို့ဝှက်နေရာအချို့ကို ရှာထားလိုက်။ ငါ့ရဲ့ စစ်သည်တွေအတွက် လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုမယ်။ "
" အမိန့်အတိုင်းပါ။ " ဟန်ရှီက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။
" အရှင် " ကျန်းဟန်က အနည်းငယ် တွန့်ဆုတ်လျက် ပြောလိုက်သည်။ " မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ။ "
" ပြောပါ။ " ကျောက်ဖုန်းက ကျန်းဟန်ကို ကြည့်လိုက်သည်။
" အခု အရှင်က လက်ထောက်စစ်သူကြီးအဖြစ် ရာထူးတိုးသွားပြီ။ အမြင့်ဆုံးရာထူးမဟုတ်ပေမယ့် စစ်တပ်ထဲမှာ ကြီးမားတဲ့ ဂုဏ်သိက္ခါနဲ့ အာဏာရှိတဲ့နေရာတစ်ခုပါ။ ဘာလို့ သေမင်းတမန် စစ်သည်တွေကို စုဆောင်းဖို့လိုတာလဲ။ ဒါက ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ။ "
" တကယ်လို့ နန်းတွင်းက သိသွားရင် အရှင်အတွက် ပြဿနာရှိနိုင်ပါတယ်။ " ကျန်းဟန်က စိုးရိမ်စွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ အခြားသူများ၏ အမူအရာများကလည်း လေးနက်သွားကြသည်။ စစ်သည်များကို ပြုစုပျိုးထောင်ခြင်းက အရာရှိတစ်ယောက်အတွက် ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သည်။ ၎င်းက သီးခြားဥပဒေမရှိသော်လည်း သိရှိသွားလျှင် ပုန်ကန်မည်ဟု သံသယဝင်ခံရပေလိမ့်မည်။
ကျောက်ဖုန်း တစ်ယောက်တည်းသာ ထိုသို့ လုပ်နေခြင်းမဟုတ်ဘဲ တစ်ပြည်လုံးရှိ အင်အားကြီးသူများတွင်လည်း ကိုယ်ပိုင်တပ်ဖွဲ့များကို ထားရှိကြသည်။ သေမင်းတမန်စစ်သည်များကို နောက်လိုက်များဟုလည်း ခေါ်ကြသည်။
ချင်နိုင်ငံ၏ နောက်လိုက်များခေတ်က လွီပုဝေလက်ထပ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး သူက သူ၏ အိမ်တွင် နောက်လိုက်သုံးထောင်ကို ထားရှိခဲ့သည်။
ထိုဖြစ်ရပ်များပြီးနောက် ချင်ဘုရင်က ချင်အရာရှိများ နောက်လိုက်များ မွေးမြူခြင်းကို တားမြစ်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းကို တွေ့ရှိလျှင် ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။
" ငါက အနာဂတ်အတွက် သေမင်းတမန်စစ်သည်တွေကို ပျိုးထောင်နေတာပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ " ဒါ့အပြင် ငါစလုပ်လိုက်တာနဲ့ သူတို့ရဲ့ သစ္စာရှိမှုကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ သတင်းပေါက်ကြားမှာကို စိုးရိမ်စရာမလိုဘူး။ "
" ငါမင်းတို့ရဲ့ စိတ်ရင်းအမှန်ကိုလည်း မြင်နိုင်တယ်။ "
ဤကမ္ဘာတွင် အနာဂတ်၌ မည်သည်ဖြစ်လာမည်ကို မည်သူမှမသိကြပေ။ သို့သော် ကျောက်ဖုန်းက အရင်ဘဝမှ သမိုင်းဗဟုသုတကြောင့် မည်သည်ဖြစ်လာမည်ကို သိနေသည်။
" သူတို့ရဲ့ သစ္စာရှိမှုကို သိနိုင်တာလား။ " အားလုံးက ထိုစကား၏ အဓိပ္ပါယ်ကို နားလည်သွားကြသည်။
သစ္စာရှိမှုကို သိနိုင်တာ ဘယ်လိုစွမ်းအားမျိုးလဲ။ သို့သော် ကျောက်ဖုန်းက သူတို့ကို ပေးခဲ့သော ကျင့်စဉ်နှင့် အရာဝတ္တထုများကို လေထဲမှ ထုတ်ယူနိုင်သော စွမ်းရည်များကို သတိရသွားကြပြီး စိတ်ထဲတွင် ကြောက်ရွံ့ ရိုသေမှုများ ပြည့်နှက်သွားကြသည်။
" နားလည်ပါပြီ အရှင်။ " ကျန်းဟန်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ဒီကိစ္စတွေကို ဒီမှာပဲထားလိုက်ကြစို့။ မင်းတို့ ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြ။ "
" ဟုတ်ကဲ့ပါ အရှင်။ " အားလုံးက အရိုအသေပေးပြီး ဖြည်းညင်းစွာ ထွက်ခွာသွားကြသည်။
အားလုံးထွက်သွားပြီးသောအခါ ကျောက်ဖုန်းက ခန်းမ၏ ဝင်ပေါက်သို့ လျှောက်သွားသည်။ ညအချိန်သို့ ရောက်နေပြီး ကောင်းကင်ယံတွင် တောက်ပသော လမင်းကြီးက ငွေရောင်အလင်းများကို ဖြာကျစေသည်။
" ဒီနေ့က အမေ့မွေးနေ့ပဲ။ အမေနဲ့ ညီမလေး ဘယ်လိုနေကြမလဲ သိချင်မိတယ်။ ငါအိမ်ကနေ ထွက်လာတာ ၁၁လနီးပါး ရှိပြီ။ အရင်က ထောက်ပို့တပ်မှာ နေပြီး နှစ်နှစ်ပြည့်ရင် အိမ်ပြန်ရမယ် ထင်ခဲ့တာ။ လက်ထောက်စစ်သူကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့ဘူး။ "
" အမေနဲ့ ညီမလေး သိရင် ယုံမှာတောင်မဟုတ်ဘူး။ သူတို့ကိုတွေ့ဖို့ ဘယ်တော့လောက် အိမ်ပြန်ရမလဲမသိဘူး။ ငါ မွေးကတည်းက အမေ့မွေးနေ့ကို မကျင်းပပေးနိုင်တာ ပထမဆုံး အကြိမ်ပဲ။ " ကျောက်ဖုန်းက လမင်းကြီးကို ကြည့်ပြီး ယခုအချိန်တွင် သူ၏ အမေနှင့် ညီမလေးတို့ကလည်း လမင်းကြီးကို ကြည့်နေနိုင်သည်ဟု တွေးမိလိုက်သည်။
ရှကျေးရွာ။ လရောင်အောက်တွင် ကျောက်ကတော်နှင့် ကျောက်ရင်တို့က ရှေ့တွင် ထိုင်နေကြသည်။ ကျောက်ကတော်က အဝတ်အစားများကို ဖာထေးနေပြီး ကျောက်ရင်က ဆေးမြစ်များ ကြိတ်နေသည်။
" အမေ " ကျောက်ရင်က သူမအမေကို ကြည့်ပြီး ပြောလိုက်သည်။ " ချုပ်စရာရှိတာတွေ သမီးနောက်မှ ချုပ်ပေးမယ်။ အမေအထဲဝင်ပြီး နားတော့လေ။ ဒီနေ့က အမေ့မွေးနေ့ပဲ။ "
" ဒီည အမေအတွက် သမီးလက်စွမ်းပြထားတယ်။ အကိုလက်ရာလောက် မကောင်းရင်တောင် မဆိုးပါဘူး။ အခုတော့ အိပ်ပြီး ကောင်းကောင်း အနားယူလိုက်ပါတော့။ "
" ကောင်းပါပြီ ကောင်းပါပြီ။ " ကျောက်ကတော်က အဝတ်များကို ချပြီး သမီးဖြစ်သူကို ပြုံး၍ ကြည့်လိုက်သည်။
" သမီးလေးရင်အာက လိမ္မာတာ အမေသိပါတယ်။ ဒါပေမယ့် အမေအိပ်လို့မရဘူး ဖြစ်နေတယ်။ "
" အမေက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ အခုက အရမ်းလည်း နောက်ကျနေပြီ။ အမေသာ အနားမယူရင် အမေ့ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး။ " ကျောက်ရင်က စိုးရိမ်စွာ ပြောလိုက်သည်။
" အမေ အဲ့လောက်လည်း မပျော့သေးပါဘူး။ " ကျောက်ကတော်က ပြုံးပြီး ကောင်းကင်မှ လမင်းကြီးကို ကြည့်လိုက်သည်။
" အမေ သမီးအကိုအကြောင်း တွေးမိလို့ပါ။ သမီးတို့မောင်နှမနှစ်ယောက်က အသက် ၁၆နှစ် ပြည့်ပြီးတာ မကြာသေးဘူး။ အမေက သမီးတို့ မွေးနေ့ကို အမြဲလုပ်ပေးခဲ့သလို သမီးအကိုကလည်း အမေ့မွေးနေ့ကျရင် အမေပျော်အောင် နည်းအမျိုးမျုးနဲ့ လုပ်ပေးနေကျပဲ။ ဒါပေမယ့် ဒီနှစ်မှာတော့ သူက အမေ့ဘေးမှာ မရှိဘူး။ " သူမက လွမ်းဆွတ်မှု၊ စိုးရိမ်မှုများဖြင့် ပြောလိုက်သည်။
" အမေ " ကျောင်ရင်က ပြုံး၍ ပြောလိုက်သည်။ " နောက်ထပ်တစ်နှစ်ကြာရင် အကိုပြန်လာတာ့မှာပဲ။ အဲ့ကျရင် သမီးတို့မိသားစုအားလုံး အတူတူပြန်နေရတော့မှာပါ။ "
" အေးပါကွယ် " ကျောက်ကတော်က မျှော်လင့်ချက်များနှင့် ပြောလိုက်သည်။ " သမီအကို ပြန်လာရင် အမတို့ မိသားစု ထာဝရ အတူတူနေသွားကြမယ်။
သူတို့စကားပြောနေကြစဉ် အပြင်မှ လူရိပ်တစ်ခု ချဉ်းကပ်လာသည်။ ကျောက်ရင်က ကြည့်လိုက်ပြီး ချက်ချင်း လှမ်းခေါ်လိုက်သည်။ " အဘိုးဝူ ဒီလောက်နောက်ကျနေမှ ဘာလို့လာခဲ့တာလဲ။ "
" မင်းတို့ပဲ ငါ့ကို ကျောက်ဖုန်းအကြောင်း မေးထားကြတာမဟုတ်လား။ စစ်တပ်ထဲကအသိတစ်ယောက်ဆီကနေ စာတစ်စာင် ရောက်လာတယ်။ အဲ့ဒီထဲမှာ ကျောက်ဖုန်းနာမည်ပါလာလို့ သူပဲလားဆိုတာကတော့ ငါမသေချာဘူး။ " ရွာလူကြီးဝူက တွန်ဆုတ်စွာ ပြောလိုက်သည်။ ယနေ့က ကျောက်ကတော်၏ မွေးနေ့ဖြစ်သောကြောင့် သူက တစ်ခုခုပြောသင့်မပြောသင့် စဉ်းစားနေခြင်း ဖြစ်သည်။
" အဘိုးဝူ အထဲကို ဝင်ပါဦး။ " ကျောက်ရင်က ခြံဝင်းတံခါးကို ဖွင့်ပေးလိုက်သည်။
" ရွာလူကြီး ပြောစရာရှိတာ ပြောပါ။ ရပါတယ်။ " ကျောက်ကတော်က ရွာလူကြီး၏ အမူအရာကို သတိထားမိလိုက်သည်။
" အမှန်တိုင်း ပြောရရင် ဒါက သတင်းကောင်းပါ။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။ " ထောက်ပို့တပ်ဖွဲ့မှာရှိတဲ့ ကျောက်ဖုန်းက ကြီးမားတဲ့ စွမ်းဆောင်မှုတွေကို ပြုလုပ်ခဲ့တယ်။ သူက ဟန်နိုင်ငံရဲ့ စစ်သူကြီးတစ်ယောက်ကို သတ်ခဲ့ပြီး အခု ထောက်ပို့တပ်ဖွဲ့တစ်ခုလုံးမှာ သူ့နာမည်က ကျော်ကြားနေပြီ။ "
" ပြီးတော့ရော။ " ကျောက်ကတော်က လျင်မြန်စွာ မေးလိုက်သည်။
" ဟန်စစ်သူကြီးတစ်ယောက်ကို သတ်တာက ကြီးမားတဲ့ ကိစ္စလေ။ ဒါကြောင့် အဲ့ဒီကျောက်ဖုန်းက ပင်မတပ်ဖွဲ့ဆီ ပြောင်းရွှေ့ခံလိုက်ရတယ်။ " ရွာလူကြီးဝူက ကျောက်ကတော်၏ စိုးရိမ်မှုကို မြင်ပြီး ရှင်းပြလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ကတော်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူမ၏ မျက်နှာက ဖြူလျော့သွားသည်။
" ပင်မတပ်ဖွဲ့...ပင်မတပ်ဖွဲ့...ဆိုလိုတာက ဖုန်းအာက ရှေ့တန်းကို သွားရတော့မှာပေါ့။ အဲ့ဒါ တကယ်ပဲ ဖုန်းအာမဟုတ်လောက်ပါဘူး။ "
" ကျောက်ကတော်ရယ် အရမ်မစိုးရိမ်ပါနဲ့။ " ရွာလူကြီးဝူက အမြန်နှစ်သိမ့်လိုက်ရသည်။ " ဒါက နာမည်တူတာလည်း ဖြစ်နိုင်တာပဲ။ ကျောက်ဖုန်းဆိုတဲ့ကောင်လေး မဟုတ်လောက်ပါဘူး။ "
" အမေ အဘိုးဝူ ပြောတာမှန်တယ်။ " ကျောက်ရင်ကလည်း ချက်ချင်း ဝင်ပြောလိုက်သည်။ " အကိုရဲ့ စွမ်းရည်နဲ့ဆို ဟန်စစ်သူကြီးတစ်ယောက်ကို သတ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အဲ့ဒါက နာမည်တူတဲ့ အခြားတစ်ယောက်ဖြစ်ရမယ်။ စစ်တပ်ထဲမှာ လူပေါင်းသိန်းချီရှိတာ နာမည်တူတာ ပုံမှန်ပါပဲ။ "
" ရင်အာ ပြောတာမှန်တယ်။ နာမည်တူတဲ့လူတွေ အရမ်းများတယ်။ အဲ့ဒါက သူမဟုတ်လောက်ပါဘူး။ ကျောက်ကတော် အရမ်းမစိုးရိမ်နဲ့။ ပြီးတော့ အခြေအနေကို ကြည့်ရတာ မကြာခင် စစ်ပွဲပြီးတော့မှာပဲ။ ဟန်စစ်သူကြီးတောင် အသတ်ခံလိုက်ရပြီ။ " ရွာလူကြီးဝူက ပြုံး၍ ပြောလိုက်သည်။
" စစ်ပွဲပြီးသွားရင် စစ်တပ်က စာတွေ ရောက်လာတော့မှာပါ။ ပြီးတော့ ကျောက်ဖုန်းရဲ့ လစာငွေလည်း မထုတ်ရသေးဘူးမဟုတ်လား။ စစ်ပွဲပြီးရင် အဲ့ဒါတွေကို ထုတ်ပေးမှာပဲ။ အဲ့ဒိအချိန်ကျရင် ဘာဖြစ်နေလဲဆိုတာ သိရမှာပေါ့။ "
" အဘိုးဝူပြောတာမှန်တယ်။ " ကျောက်ရင်ကလည်း ချက်ချင်း ထောက်ခံလိုက်သည်။ " သမီးတို့ အိမ်မှာပဲ သတင်းစောင့်နေကြတာပေါ့။ "
" နားလည်ပါပြီ။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်သော်လည်း သူမ၏ အမူအရာက စိုးရိမ်နေဆဲ ဖြစ်သည်။