မင်္ဂလာဦးည၊ မက်မွန်ပွင့်ဝိညာဉ်ခန္ဓာ(၁)။
Vol. 41 Ch. 451
ယခုတစ်ကြိမ် ဝူကျိမဟာမိတ်အဖွဲ့၏ ဝိညာဉ်သန္ဓေသားအစည်းအဝေးသည်လည်း တစ်ရက်တိုင်တိုင် ကြာမြင့်ခဲ့လေသည်။
အခြေခံအားဖြင့် အစည်းအဝေး၏ အကြောင်းအရာများသည် အသေးစိတ်အချက်အလက်များကို ပြည့်စုံအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။
မကြာမီအချိန်အတွင်း ကမ္ဘာပေါင်းစပ်ခြင်းနှင့် ပတ်သက်သောကိစ္စရပ်သည် ဝူကျိမဟာမိတ်အဖွဲ့ ပင်လယ်ဒေသနေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့လေသည်။
ကျင့်ကြံသူအများအပြား သိရှိသွားကြတော့၏။
သဘာဝကျကျပင် ကျိုးစွေ့နှင့် သခင်မမက်မွန်ပွင့်တို့ လက်ထပ်တော့မည့် အတင်းအဖျင်းသတင်းသည်လည်း လေပြင်းမုန်တိုင်းတစ်ခုအလား ချန်လန်ပင်လယ်ဒေသအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ သခင်မမက်မွန်ပွင့်၏ ကျော်ကြားမှုသည် အလွန်ကြီးမားလွန်းလှသည်။
ချန်လန်ပင်လယ်ဒေသ၏ နံပါတ်တစ်အလှပဂေးဟူသော ဂုဏ်သတင်းသည်လည်း နေရာအနှံ့ ပျံ့နှံ့နေပြီး ဖြစ်သည်။
ဤကဲ့သို့သော ပြိုင်ဘက်ကင်းအလှပဂေးက အမျိုးသားတစ်ဦးနှင့် လက်ထပ်လိုက်ခြင်းသည် ပေါက်ကွဲသွားစေနိုင်သော သတင်းကြီးတစ်ခု ဖြစ်ပေသည်။
ကမ္ဘာပေါင်းစပ်ခြင်းကိစ္စပင်လျှင် ဤကဲ့သို့သော အတင်းအဖျင်းသတင်းရှေ့တွင် လမ်းဖယ်ပေးလိုက်ရသည်။
"မဖြစ်နိုင်တာ... တကယ်ကြီးလား... သခင်မမက်မွန်ပွင့်က တကယ်ပဲ အိမ်ထောင်ပြုတော့မှာလား... နောက်နေတာလားကွာ... ဒီလို ပြိုင်ဘက်ကင်းအလှပဂေးနဲ့ ဘယ်ယောက်ျားက ထိုက်တန်လို့လဲ..."
သခင်မမက်မွန်ပွင့်ကို မြတ်နိုးသူများမှာ မိဘများ ဆုံးပါးသွားသကဲ့သို့ ဖြစ်နေကြသည်။ သူတို့သည် ဤကဲ့သို့သော ဆိုးရွားသည့်သတင်းကို လက်မခံနိုင်ကြဘဲ ရင်ထဲတွင် ဓားနှင့်မွှန်းခံရသကဲ့သို့ ခံစားနေကြရသည်။
အကယ်၍ သတင်းအမှန်ဖြစ်ကြောင်း ထပ်ခါတလဲလဲ အတည်မပြုခဲ့ပါက၊ သူတို့သည် ကောလာဟလလွှင့်သူများကို သွားရောက်သတ်ဖြတ်ချင်နေကြပေလိမ့်မည်။
"ဒီကိစ္စက တကယ်ပဲ အမှန်ပါ... ဝူကျိမဟာမိတ်အဖွဲ့က တာအိုလက်တွဲဖော် အခမ်းအနားသတင်းကို ကြေညာလိုက်ပြီ... ကျင့်ကြံသူရောင်းရင်း အများကြီးကိုတောင် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားတယ်..."
"သခင်မမက်မွန်ပွင့်ရဲ့ မျက်နှာသာပေးမှုကို ရရှိတဲ့အမျိုးသားက ဘယ်လိုနောက်ခံမျိုး ရှိလို့လဲ..."
"ကြားတာတော့ တစ်ကိုယ်တော်ကျင့်ကြံသူပဲတဲ့... ဘယ်ဝိညာဉ်သန္ဓေသားဂိုဏ်းကမှ မဟုတ်ဘူး... ဝေးလံခေါင်ဖျားတဲ့ ပင်လယ်ပြင်ဒေသ အင်မော်တယ်ရှားကျွန်းက လာတာတဲ့... ဒါပေမဲ့ ဒီလူက ပါရမီထူးချွန်ပြီး အသက်တစ်ရာမှာတင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းအောင်မြင်သွားပြီတဲ့..."
"အရမ်း ပိုလွန်းအားကြီးတယ်... အသက်တစ်ရာနဲ့ ဝိညာဉ်သန္ဓေသားဖွဲ့စည်းတာ ဟုတ်ရဲ့လားကွာ... ရှေးဟောင်းခေတ် ကျင့်ကြံခြင်းလောကမှာတောင် ဒီလိုလုပ်နိုင်တဲ့သူ ဘယ်နှယောက်မှ မရှိဘူး... ဒါက နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှင်ပဲ..."
"ဟုတ်တယ်... ဒီကိစ္စက အမှန်ပဲ... ငါ ထပ်ခါထပ်ခါကို အတည်ပြုပြီးပြီ... အဲ့ဒီအမျိုးသားနာမည်က ကျိုးစွေ့တဲ့... အမြဲတမ်း နေထိုင်မှုပုံစံ ရိုးရှင်းပြီး ဘယ်သူမှ သူ့နာမည်ကို သိပ်မကြားဖူးကြဘူး... ဝိညာဉ်သန္ဓေသားအဆင့် တက်လှမ်းမှသာ လူတွေရှေ့ ရောက်လာတာ..."
"ငါ သူ့ရဲ့ ဖြတ်သန်းမှုကို စစ်ဆေးကြည့်ဖူးတယ်... (၂၄)နှစ်မှာ အခြေတည်အဆင့်၊ (၅၄)နှစ်မှာ ရွှေအမြုတေအဆင့်၊ အသက်တစ်ရာမှာ ဝိညာဉ်သန္ဓေသားအဆင့် ရောက်ခဲ့တာ... ကောင်းကင်ဘုံက ချီးမြှောက်တဲ့ ပါရမီရှင်လို့ ပြောလို့ရတယ်... ဒီလောက်တောင် ထူးချွန်တဲ့ ပါရမီရှင်က ဝိညာဉ်သန္ဓေသား မဖွဲ့စည်းခင်အထိ ဘယ်သူမှ မသိကြဘူးဆိုတော့... ဒီလူက တော်တော်လေး လျှို့ဝှက်တတ်ပြီး မာနမကြီးဘူးဆိုတာ သိသာတယ်... လျှော့တွက်လို့မရတဲ့ အရမ်းကိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ..."
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား ဆွေးနွေးငြင်းခုံနေကြသည်။
သူတို့သည် ကျိုးစွေ့၏ သတင်းအချက်အလက်များကို ချက်ချင်းပင် စုံစမ်းစစ်ဆေးခဲ့ကြသည်။
သို့သော် ကျိုးစွေ့၏ သတင်းအချက်အလက်များကို ပိုမို သိရှိလာလေ၊ ဤပြိုင်ဘက်ကင်းပါရမီရှင်အပေါ် ပိုမို တုန်လှုပ်လာရလေ ဖြစ်သည်။
ဤလူသည် မြင့်မားသော ပါရမီရှိရုံသာမက၊ သည်းခံခြင်းတရား ကြီးမားသော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး မည်သည့်အခါမှ မာနထောင်လွှားခြင်း မရှိခဲ့ပေ။
လူအများ သူ့နာမည်ကို သိရှိချိန်တွင်မူ ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအချိန်တွင် ထိုကဲ့သို့သော ပါရမီရှင်ကို သတ်ဖြတ်လိုလျှင်ပင် အချိန်နှောင်းသွားခဲ့ချေပြီ။
"ပြီးတော့ ငါကြားတာက ဒီကျိုးစွေ့မှာ ဇနီးမယားတွေ ရှိတယ်တဲ့... တာအိုလက်တွဲဖော် ဆယ်ယောက်ကျော် ပိုင်ဆိုင်ထားပြီး အဲ့ဒီအထဲမှာ တစ်ယောက်က ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူ ဖြစ်ပြီးတော့ ကျန်တဲ့သူတွေက ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူတွေတဲ့... တော်တော်လေး ရှုပ်ပွေတဲ့လူပဲ..."
"မဖြစ်နိုင်တာ... သခင်မမက်မွန်ပွင့်က အိမ်ထောင်ရှိတဲ့လူကို လက်ထပ်ဖို့နေနေသာ တစ်ချက်လောက်တောင် လှည့်ကြည့်မှာ မဟုတ်ဘူးလေ..."
"ဒီကောင်စုတ်က ဘာကို အားကိုးပြီးတော့ အဆင့်မြင့် အမျိုးသမီးကျင့်ကြံသူတွေ အများကြီးကို လက်ထပ်နိုင်ရတာလဲ... ဝိညာဉ်သန္ဓေသား တာအိုလက်တွဲဖော်တောင် ရှိသေးတယ်..."
"ကြားတာတော့ ဒီလူက ရုပ်ရည်ချောမောပြီး... အိပ်ရာထက်မှာ စွမ်းဆောင်ရည်ကောင်းလို့ သခင်မမက်မွန်ပွင့် သဘောကျပြီး ရုန်းမထွက်နိုင် ဖြစ်သွားတာတဲ့..."
"ဒီလူက ဒီလောက်များတဲ့ အဆင့်မြင့် အမျိုးသမီးကျင့်ကြံသူတွေကို နာခံအောင် လုပ်နိုင်ပြီး... တစ်လင်တည်း အတူပေါင်းသင်းဖို့ လက်ခံစေနိုင်တာ တကယ်ကို မယုံနိုင်စရာပဲ... ဘယ်လိုများ လုပ်လိုက်တာလဲ..."
"မတတ်နိုင်ဘူးလေ... ဒီလူက ရုပ်ရည်ချောမောတဲ့အပြင်... မိန်းမတွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်ပညာရပ် အမျိုးမျိုးကို ကျွမ်းကျင်သလို နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှင်လည်း ဖြစ်နေတာကိုး... ဘယ်အမျိုးသမီးကျင့်ကြံသူက ဒီလိုယောက်ျားမျိုးကို မကြိုက်ဘဲ နေမှာလဲ..."
"သေစမ်းကွာ... ငါလည်း မိန်းမတွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်ပညာရပ်တွေကို သွားကျင့်ကြံပြီး ဝိညာဉ်သန္ဓေသား တာအိုလက်တွဲဖော် ရှာတွေ့မလားလို့ ကြိုးစားကြည့်ရမယ်..."
"အိပ်မက် မမက်စမ်းပါနဲ့... ဒါက ပါရမီလိုတယ်ကွ... မင်းဟာက အပူချိန်တိုင်းကိရိယာလို ထည့်လိုက်တာနဲ့ ပြီးသွားတာ... ဘယ်လို လေ့ကျင့်လေ့ကျင့် အသုံးဝင်မှာ မဟုတ်ဘူး..."
"ခွေးကောင်တွေ... ငါ့ပါရမီက ကောင်းပါတယ်ကွ... မင်းတို့က သက်သက်မနာလိုဖြစ်နေကြတာ..."
ကျင့်ကြံသူအများအပြားသည် အလွန်တရာ စိတ်ပျက်အားလျော့နေကြသော်လည်း မည်သို့မျှ မတတ်နိုင်ကြပေ။
သခင်မမက်မွန်ပွင့် အိမ်ထောင်ပြုသွားမည်ကို မလိုလားကြသော်လည်း၊ ဤသည်မှာ သခင်မမက်မွန်ပွင့်၏ ဆုံးဖြတ်ချက် ဖြစ်ပြီး ဝူကျိတာအိုအရှင်၏ သဘောတူညီချက်လည်း ရရှိထားရာ အခြားသူများအနေဖြင့် ကန့်ကွက်ရန် မဖြစ်နိုင်ပေ။
…………
ရက်အနည်းငယ် ကြာပြီးနောက်...။
ကျိုးစွေ့နှင့် သခင်မမက်မွန်ပွင့်တို့၏ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပခဲ့ရာ အရှိန်အဝါ ကြီးမားလှပြီး ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား တက်ရောက်ခဲ့ကြသည်။
သဘာဝကျကျပင် လင်းယာကျူနှင့် အခြားတာအိုလက်တွဲဖော်များကလည်း ဤကိစ္စကို မငြင်းဆန်ခဲ့ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝမ်းပန်းတသာပင် ကြိုဆိုခဲ့ကြသည်။
သူမတို့သည် သခင်မမက်မွန်ပွင့်နှင့် ဤကိစ္စကို ကြိုတင်ဆွေးနွေးထားပြီး ဖြစ်သည်၊ ကျိုးစွေ့သည်သာ ဘာမှမသိရဘဲ ကျန်ရစ်ခဲ့ခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လင်းယာကျူနှင့် အခြားသူများအတွက် သူမတို့၏ ယောက်ျားက သခင်မမက်မွန်ပွင့်ကို လက်ထပ်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးသည် အလွန်ကြီးမားလွန်းလှသည်။
အလှပဂေးတစ်ဦးကို လက်ထပ်ရုံ သက်သက်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဝူကျိမဟာမိတ်အဖွဲ့ဟူသော ကြီးမားသည့် အဖွဲ့အစည်းကြီးကို ရရှိလိုက်ခြင်းလည်း ဖြစ်သည်။
အနာဂတ်တွင် သူမတို့သည် ဝူကျိမဟာမိတ်အဖွဲ့၏ စစ်မှန်သော အာဏာပိုင်များ ဖြစ်လာပေလိမ့်မည်။
ဝူကျိတာအိုအရှင် သက်တမ်းကုန်ဆုံးသွားသောအခါ ဝူကျိမဟာမိတ်အဖွဲ့သည် သူမတို့ ပိုင်ဆိုင်ရာ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် သခင်မမက်မွန်ပွင့်ကို လက်ထပ်ခြင်းသည် အဘယ်ကြောင့် မပျော်ရွှင်ရဘဲ ရှိပါမည်နည်း။
မင်္ဂလာဧည့်ခံပွဲသည် အလွန် စည်ကားလှသည်။
အင်အားစု အသီးသီးမှ ပုဂ္ဂိုလ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ကောင်းကင်ဓားဂိုဏ်း၊ မြူနှင်းနန်းတော်၊ ဆည်းဆာဂိုဏ်း စသည်တို့မှ ဂိုဏ်းအကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။
သခင်မမက်မွန်ပွင့်ကို မြတ်နိုးသူအများအပြားသည် မနာလိုဝန်တိုဖြစ်ကာ ကျိုးစွေ့ကို မကျေမနပ် ဖြစ်နေကြသော်လည်း၊ ဝူကျိတာအိုအရှင်နှင့် အခြားသူများ၏ ရှေ့မှောက်တွင် ရိုင်းစိုင်းရဲခြင်း မရှိကြသဖြင့် မင်္ဂလာဧည့်ခံပွဲ အခမ်းအနားသည် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် ကျိုးစွေ့နှင့် သခင်မမက်မွန်ပွင့်တို့သည် မင်္ဂလာခန်းမဆောင်ထဲသို့ ဝင်ရောက်သွားကြသည်။
"တောင်းပန်ပါတယ် ယောက်ျား..."
"ဒီည ကျွန်မရဲ့ အပျိုစင်ဘဝကို ပေးအပ်လို့ မရသေးဘူး..."
သခင်မမက်မွန်ပွင့်သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အလှကို ဖော်ပြနေကာ၊ မျက်နှာလေး နီရဲနေပြီး အလွန်လှပနေသည်။ လောကတွင် ပြိုင်ဘက်ကင်းသော အလှပဂေးတစ်ဦး ဖြစ်ပြီး မည်သည့်အမျိုးသားမဆို သူမ၏ ခြေရင်းတွင် ဝပ်ဆင်းသွားစေနိုင်သည်။
သူမသည် ကျိုးစွေ့ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။
"ဟမ်... ဘာဖြစ်လို့လဲ..."
ကျိုးစွေ့သည် ရင်ထဲမှ ဆန္ဒကို အောင့်အီးပြီး စိတ်ရှည်လက်ရှည် မေးလိုက်သည်။
ပါးစပ်နားရောက်နေသော အသားတုံးက ပြန်လွတ်သွားတော့မည်ကို မည်သူ သည်းခံနိုင်ပါမည်နည်း။
"ကျွန်မမှာ အထူးခန္ဓာကိုယ် ရှိနေလို့ပါ... အဲဒါက 'မက်မွန်ပွင့်ဝိညာဉ်ခန္ဓာ' ပါ..."
"ဒီခန္ဓာကိုယ်က ကျွန်မရဲ့ ကျင့်ကြံခြင်းအရှိန်ကို အရမ်းမြန်ဆန်စေတဲ့အပြင်... မွေးရာပါ ဆွဲဆောင်မှုစွမ်းအား ပါလာတယ်..."
"လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းက တခြားကျင့်ကြံသူတွေကို ညှို့ဓာတ်နဲ့ဖမ်းစားနိုင်ပြီး ရုန်းထွက်လို့ မရအောင် ဖြစ်သွားစေတယ်..."
"ဒါပေမဲ့ ပိုကြောက်စရာကောင်းတာက... အမျိုးသားနဲ့ အတူနေရင် အမျိုးသားဆီက အနှစ်သာရတွေကို စုပ်ယူပြီး ကိုယ့်ခန္ဓာကိုယ်ကို သန်မာအောင် လုပ်မိတတ်တယ်..."
"ဒါကြောင့်ပဲ ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်မက အပျိုစင်ဘဝကို ထိန်းသိမ်းထားပြီး ဘယ်အမျိုးသားနဲ့မှ မပတ်သက်ခဲ့တာ..."
"ကျင့်ကြံခြင်းသက်သက် ဆိုရင်တော့ စိတ်ရှိတဲ့အတိုင်း လွှတ်ထားပြီး မက်မွန်ပွင့်ဝိညာဉ်ခန္ဓာကို အသုံးပြုပြီးတော့ အမျိုးသားကျင့်ကြံသူ အများအပြားရဲ့ အနှစ်သာရကို စုပ်ယူနိုင်ပါတယ်..."
"ဒါပေမဲ့ ဒီလိုလုပ်ရင် မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားပြီးတော့ ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး..."
"အဲဒီအခါကျရင် မက်မွန်ပွင့်ဝိညာဉ်ခန္ဓာရဲ့ တန်ပြန်သက်ရောက်မှုကို ခံရလိမ့်မယ်..."
"အတိတ်တုန်းက ကျွန်မအမေလည်း ဒီလိုခန္ဓာကိုယ် ပိုင်ဆိုင်ခဲ့တာ... ရလဒ်အနေနဲ့ စိတ်အလိုလိုက်လွန်းမိပြီး မက်မွန်ပွင့်ဝိညာဉ်ခန္ဓာရဲ့ တန်ပြန်သက်ရောက်မှုကြောင့် သေဆုံးသွားခဲ့ရတယ်... နောက်ဆုံးတော့ မက်မွန်ပင်တစ်ပင်အဖြစ် ပြောင်းလဲပြီး မက်မွန်ပွင့်ကျွန်းပေါ်မှာ စိုက်ပျိုးထားရတယ်..."
သခင်မမက်မွန်ပွင့်သည် သူမ၏ ခန္ဓာကိုယ်မှ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ပြောပြလိုက်သည်။
"မက်မွန်ပွင့်ဝိညာဉ်ခန္ဓာ ဟုတ်လား... လောကကြီးမှာ ဒီလိုခန္ဓာကိုယ်မျိုး ရှိသေးတာလား..."
"လောကကြီးမှာ မဖြစ်နိုင်တာမရှိသလို၊ အံ့ဖွယ်တွေ များလှပါ့လား..."
ကျိုးစွေ့ အံ့သြတကြီး ရေရွတ်လိုက်မိတော့သည်။