← Chapters

မွေးစား အဖေ

Vol. 001 Ch. 31

မွေးစား အဖေ

Vol. 001 Ch. 31

ချင်းကျူမြို့ကား အရှေ့ပင်လယ်တွင် တည်ရှိသော ရေများ ဝန်းရံထားသော ကျွန်းစုပေါ်တွင် တည်ထားသော မြို့ဖြစ်သည်။

ကျယ်ပြန့်လှသော ပင်လယ်သမုဒ္ဒရာကြီးပေါ်တွင် အလွန်ကြီးမားသော သင်္ဘောကြီး တစ်စင်း ချင်းကျူမြို့ရှိရာသို့ ရွက်လွှင့်နေသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော လူအများအပြားအား တွေ့ရသည်။ သူတို့ကား မြင်းစစ်သည်များ ဖြစ်ကြသည်။ ထိုအထဲတွင် လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်။ လူငယ်တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်တို့က ကုန်းပတ်ထောင့်တွင် ရပ်နေကြသည်။

လူကြီးမှာ ခန့်ညားပြီး ဂုဏ်သရေရှိသော ပုံစံမျိုးဖြစ်သည်။ သူ၏ဘေးမှ လူငယ်မှာ ချောမောကာ သူ၏မျက်လုံးများက ကောက်ကျစ်မှု အနည်းငယ်အား ခံစားရစေသည်။ အခြားတစ်ဖက်မှ မိန်းကလေးမှာ အေးစက်ကာ မောက်မာသော ပုံဟန်ရှိ၏။ သို့သော်လည်း သူမ၏ ဝတ်စားဆင်ယင်မှုကား ဆွဲဆောင်မှု ရှိသည်ကို တွေ့ရသည်။

"ဒါဆိုရင် ဒီမြို့က ချင်းကျူမြို့ပေါ့...” လူငယ်က အရှေ့အား မျှော်ကြည့်လျက် ပြောလိုက်သည်။

"ဒါ... မှန်တယ်... ချင်းကျူမြို့က အရှေ့ပင်လယ်ရဲ့ ကျွန်းစုမြို့တစ်မြို့ပဲ... ဒါပေမဲ့ အရှေ့ပင်လယ်မှာ ဒီလို မြို့ငယ်လေးတွေ အများကြီး ရှိတာကြောင့် သိပ်မထင်ရှားဘူး... ဒါကြောင့် မင်းက တစ်ခါမှ မကြားဖူးတာ ဖြစ်မယ်...” လူကြီးက ရှင်းပြသည်။

"ဒါမှန်တယ်... ခင်ဗျားကြောင့်သာ မဟုတ်ရင် ဒီကျွန်းမြို့ကို ကျုပ် ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး... သူ့လိုလူက တကယ် ဒီလိုနေရာ သေးသေးလေးက လာတာလား...” လူငယ်က မယုံကြည်နိုင်စွာ မေးလိုက်သည်။ ထိုလူငယ်ကား အမြဲတမ်း မာနကြီးကာ မောက်မာ ရိုင်းစိုင်းသော်လည်း ထိုလူအား ရည်ညွှန်းပြောဆိုသောအခါ ရင်ဘတ်ထဲမှ လှိုက်တက်လာသော ရပ်တန့်မရသော ကြောက်ရွံ့မှုအား ခံစားရ၏။

"ငါတို့ရတဲ့ သတင်းက မှန်မှာပါ... အရှေ့ပင်လယ်ဒေသက သမိုင်းစာအုပ်တွေက ငါတို့ ခက်ခက်ခဲခဲနဲ့ သဲလွန်စတချို့ ရှာတွေ့ထားတာ... ငါတို့မသိနိုင်တဲ့ တစ်ခုတည်းသော အရာက သူက ချင်းကျူမြို့မှာ တစ်ခုခု ချန်ထားခဲ့လား... မချန်ထားခဲ့ဘူးလား... ဆိုတာပဲ...” လူကြီးက ပြောသည်။

"ဒါက အလဟဿ ခရီးတစ်ခု မဖြစ်ဖို့ မျှော်လင့်ရတာပဲ...” နှုတ်ခမ်းများအား ကွေးသွားအောင် ပြုံးပြီး လူငယ်က ပြောလိုက်သည်။ အရှေ့ကောင်းကင်မြေ ဒေသများမှ သမိုင်းဝင် ဒဏ္ဍာရီပုဂ္ဂိုလ်၏ ဇာစ်မြစ်မှာ ဤကျွန်းစု မြို့ငယ်လေးမှ ဖြစ်သည်ကို ယုံနိုင်ရန် ခက်ခဲလှသည်။

ဧကရာဇ် ရီချင်...။ ကောင်းကင်မြေဒေသများ၏ သမိုင်းဝင်လူတစ်ယောက်...။ အရှေ့ဖီးနစ်သခင်နှင့်အတူ ကောင်းကင်မြေဒေသကို နှစ်ပေါင်း သုံးရာကျော် အုပ်ချုပ်ခဲ့သည်။... လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က သူ ရုတ်တရက် သေဆုံးခဲ့သည်... သူ၏ သေဆုံးမှုမှာ ယနေ့အထိ ပဟေဠိဆန်နေတုန်းပင်... မည်သူကမှ သူ၏ သေဆုံးမှုကို စုံစမ်းရန် လုံလောက်သော သတ္တိမရှိခဲ့ကြသလို သူ့နာမည်သည်လည်း တားမြစ်ထားသော အရာတစ်ခု ဖြစ်လာခဲ့သည်... သို့သော်လည်း... အရှေ့ကောင်းကင်ဒေသမှာ ကျန်နေခဲ့သော သဲလွန်စများအရ နောက်ဆုံး သူ ထွက်ခွာသွားခဲ့သော နေရာက ချင်းကျူမြို့ဟု ညွှန်ပြနေကြသည်။

သင်္ဘောကား ကမ်းစပ်နှင့် နီးလာသည်နှင့်အမျှ ပို၍ လျင်မြန်စွာ ရွက်လွှင့်လေလေ ချင်းကျူ မြို့အားလည်း ပို၍ကြည်လင်စွာ မြင်ရလေဖြစ်သည်။ ကမ်းခြေတွင်ကား တာဝန်ရှိ လူအများအပြား ရပ်နေသည်ကို တွေ့ရသည်။ မြို့ဝန်နှင့် မူရွန်မိသားစု၏ ကူးသန်းရောင်းဝယ်ရေး တာဝန်ရှိသူများက လေးစားရိုသေစွာ စောင့်ဆိုင်းနေကြသည်။

***

ချင်းကျူ မြို့သူမြို့သားများမှာကား အလွန်အရေးပါသော သူများက ချင်းကျူမြို့သို့ ရောက်ရှိလာသည်ကို မသိကြပေ။ ရီဖူရှင်းလည်း ထိုသို့ပင်။

ရင်းနှီးကျွမ်းဝင်နေသော လမ်းပေါ်တွင် လျှောက်လှမ်းရင်း ရီဖူရှင်း၏အိမ်မှာ အဝေးမှ လှမ်းမြင်နေရပြီ ဖြစ်သည်။ သူကား သူ၏မိသားစုကို လွမ်းနေပြီဖြစ်သည်။

"ရီဖူရှင်း... ပြန်လာပြီဟေ့...” ပေါင်မုန့်ကင်ရောင်းသော ဆိုင်မှ မိန်းမတစ်ယောက်က အော်လိုက်သည်။

"ဟက်လို... အန်တီရှီ...” ရီဖူရှင်းက နှုတ်ဆက်လိုက်သည်။ ထို့နောက် မနီးမဝေးမှ စစ်တုရင် ကစားနေကြသော အဘိုးအိုနှစ်ယောက်အား လှမ်းနှုတ်ဆက်လိုက်သည်... “အန်ကယ်ဝမ်... အဘိုးယွမ်...”

"ဟေး... ကောင်ကလေး... လင်းမိသားစုက သမီးလည်း အိမ်မှာရှိတယ်... နှစ်သစ်ကူးပြီးသွားရင် သူလည်း အသက်ဆယ့်ငါးနှစ်ပြည့်ပြီ... သူမက တစ်နေ့တခြား လှလာတာပဲဟေ့...” အန်ကယ်ဝမ်က ရယ်မောလျက် ပြန်ပြောလိုက်သည်။

"အန်ကယ်လင်း... ရှာရှန်း ရှိလား...” ရီဖူရှင်းက အန်ကယ်ဝမ်နှင့် အဘိုးယွမ်တို့ စစ်တုရင် ကစားနေရာ နေရာဘေးမှ စားသောက်ဆိုင်မှ ဆိုင်ရှင်အား လှမ်းမေးလိုက်သည်။

"သူ မရှိဘူး... ကောင်လေး... မင်းက အိမ်မပြန်တာ ကြာပြီမလား... မြန်မြန်ပြန်... မြန်မြန်...” အန်ကယ်လင်းက ပြုံးလျက် တိုက်တွန်းလိုက်သည်။ ထို့နောက် သူက အန်ကယ်ဝမ်အား အလိုမကျဟန်ဖြင့် ကြည့်လိုက်သည်။

"ရီဖူရှင်း အိမ်ပြန်လာပြီလား...” စူးရှသော အသံလေးတစ်သံ ဆိုင်အတွင်းမှ ထွက်ပေါ်လာသည်။

"အလုပ်ပြန်သွားလုပ်... ကောင်စုတ်မလေး...” ဆိုင်ရှင်က တိတ်တိတ်လေး ကြိမ်းမောင်းလိုက်သည်။ ရီဖူရှင်းက ပြုံးလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်းလျက် အော်ကာ ထွက်သွားသည်... “ရှာရှန်း... နောက်နေ့ အတူ လျှောက်လည်ရအောင် လာခဲ့မယ်...”

သူ ထွက်သွားပြီးသည်နှင့် အန်ကယ်ဝမ်မှ ဆိုင်ရှင်လင်းအား ပြောလိုက်သည်... “ဟေး... လင်း... ရီဖူရှင်းက ရီမိသားစုရဲ့ သခင်လေးနော်... သူက ခင်ဗျားသမီးနဲ့ လျှောက်လည်မယ်ဆိုရင် ခင်ဗျားက မပျော်သင့်ဘူးလား...”

"ဒီမှာ ... ဒီမိစ္ဆာလေးက ဒီကိစ္စမျိုးတွေကို ဘယ်တုန်းကမှ အလေးထားတာ မဟုတ်ဘူး... ဒီနားက ကောင်မလေး ဘယ်နှယောက်လောက် သူ့စကားတွေအောက်မှာ ကျဆုံးသွားပြီလဲ... ကျုပ်သမီးကို သူ့အနားမှာ ဘယ်နေခွင့်ပေးနိုင်မလဲ...” ဆိုင်ရှင်လင်းက ပြောလိုက်သည်။ သူကား ထိုမိစ္ဆာကလေးနှင့် ချစ်ကြိုက်မည့် ကောင်မလေး၏ အဖေအား သနားမိသည်။

ရီဖူရှင်းက ထိုလမ်းအတိုင်း လျှောက်လာရာ တခြားအိမ်များနှင့် ခြားနားလျက် ကျယ်ဝန်းသော ခြံကျယ်ကြီး တစ်ခြံရှေ့သို့ ရောက်လာသည်။ ထိုခြံ၏ဝင်ပေါက်တွင် “ရီ” စာလုံးအား ရေးထွင်း ထားသည်ကို တွေ့နိုင်သည်။

အဝင်ဝဘေးတွင် လူနှစ်ယောက် မတ်တတ်ရပ်နေသည်။ တံခါးဘေးတွင် ဆံပင်များ ဖြူဖွေးနေသော လူကြီး ရပ်နေသည်။ သူက လမ်းကလေးအား မျှော်ကြည့်နေစဉ် ရီဖူရှင်းအား မြင်လျှင် မျက်ခုံးအား ပင့်လိုက်သည်။

"မွေးစားအဖေ...” ရီဖူရှင်းက ထိုလူကြီးအား နှုတ်ဆက်လိုက်သည်။ သူက ခြံဝင်း၏ဝင်ပေါက်သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်... “ဒီမှာ ဘာလုပ်နေတာလဲ... မွေးစားအဖေ...”

သူ၏မျက်နှာကား အိုမင်းပုံ မရသေးသော်လည်း ဖြူဖွေးနေသော ဆံပင်များနှင့် ရှေ့သို့ အနည်းငယ် ကိုင်းနေသော ကိုယ်ဟန်က သူ့အား အိုမင်းသည့်သွင်ပြင် ဖြစ်နေစေသည်။ သူက ရီဖူရှင်းအား ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်... “ဒီဇင်ဘာကို ရောက်နေပြီလေ... မင်း ရောက်လာတော့မယ် ထင်လို့ ဒီမှာ မင်းကို စောင့်နေတာ... စကားမစပ် ယူချင်းကို မင်းနဲ့အတူ ဘာလို့ မတွေ့တာလဲ...”

"ယူချင်းက တီအန်ယွာတောင်မှာ လေ့ကျင့်နေတယ်...” ရီဖူရှင်းက ရှင်းပြလိုက်သည်။ သူက ထိုအိုမင်းပုံရသော လူကြီးဆီသို့ လျှောက်သွားလိုက်ကာ လက်မောင်းတစ်ဖက်အား ဆုပ်ကိုင်လိုက်သည်...” မွေးစားအဖေ... မွေးစားအဖေရဲ့ ဆံပင်ဖြူတွေ ပိုပိုပြီး များလာတယ်...”

"ဒါက ရပါတယ်... မင်း ကြီးပြင်းလာတာကို ကြည့်ရတာပဲ ဝမ်းသာ ဂုဏ်ယူစရာပဲ...”

"မွေးစားအဖေ... မွေးစားအဖေက အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်ပြီ...” သူ၏မွေးစားအဖေက “ဂုဏ်ယူ”ဟူသော စကားအား သုံးလိုက်သည်ကို မည်သို့ပြောရမည်မှန်း မသိတော့ပေ။

"အဓိပ္ပာယ်မရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ... ငါပြောတာတွေကို တစ်နေ့ မင်း နားလည်လာလိမ့်မယ်...” သူ၏မွေးစားအဖေက ပြောလိုက်သည်။ သူက ပြုံးလျက် ဆက်ပြောလိုက်သည်... “လာ... အခု… အိမ်ထဲဝင်ရအောင်...”

"အင်း... သွားမယ်...” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူ၏ခြေလှမ်းများကား တက်ကြွစွာ အိမ်ထဲသို့ လှမ်းဝင်လာရင်း အိမ်ဝင်းထဲသို့ ရောက်လာသည်...။ ရီဘေချွန်က လှမ်းပြောလိုက်သည်... “ကောင်စုတ်လေး... နောက်ဆုံးမှာ အိမ်ပြန်လာပြီလား... နှစ်ဟောင်းတောင်မှ ကုန်တော့မယ်... မင်း ဘယ်တွေ သွားနေတာလဲ... မိန်းကလေးတွေဆီကိုလား...”

ရီဖူရှင်းကား ပြောစရာစကား မရှိတော့ပေ... “အဖေ... သားအခုမှ ပြန်လာတယ်... အဖေ့မေတ္တာကို နည်းနည်းလေးတောင် မရနိုင်ဘူးလား...”

"ရီဖူရှင်း ... မင်းအဖေကို စိတ်ထဲမထည့်နဲ့ ... အမေ့သားကို တစ်ခါလောက် သေချာ ကြည့်ရအောင်... လာ...” လှပပြီး သိမ်မွေ့သော မိန်းမတစ်ယောက် အိမ်ထဲမှ ထွက်လာသည်။ သူမကား ရီဖူရှင်း၏အမေ ရီယု ဖြစ်သည်။ ရီယုကား ချင်းကျူမြို့ဇာတိ မဟုတ်ဟု ပြောကြသည်။ သူမကား ရီဘေချွန်က အတွေ့အကြုံရှာရန် ခရီးထွက်ရင်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ရီဖူရှင်းအား ကိုယ်ဝန်လွယ်ပြီးမှ သူတို့နှစ်ယောက် ချင်းကျူမြို့သို့ ပြန်ရောက်လာကြခြင်း ဖြစ်သည်။

"အဖေ... ဘယ်လိုလုပ် ကံတွေကောင်းပြီး ဒီလို လှပပြီး ထက်မြက်တဲ့ မိန်းမနဲ့ ဆုံဖြစ်လဲဆိုတာ မသိတော့ဘူး...” ရီဖူရှင်းက သက်ပြင်းချပြီး သူ၏အဖေအား ပြောလိုက်သည်။

"အရိုက်ခံချင် နေပြန်ပြီလား... မင်းအမေလောက်ကောင်းတဲ့ မိန်းမတစ်ယောက် အိမ်ကို ခေါ်လာနိုင်မလား ကြည့်ကြတာပေါ့...” ရီဘေချွန်က သူ့မိန်းမ၏ဘေးသို့ လျှောက်လာပြီး ပြောလိုက်သည်။

"ဒါက အရမ်းလွယ်တဲ့ကိစ္စပဲ... သားက မလုပ်ချင်တာပဲရှိတာ...” ရီဖူရှင်းက အရှက်ကင်းမဲ့စွာ ပြောလိုက်သည်။

"ရီဖူရှင်း ... နင် ကြွားဝါနေပြန်ပြီ...” အပြင်ဘက်မှ လှပသော မိန်းမပျိုတစ်ယောက်က အိမ်ထဲသို့ ဝင်လာရင်း လှမ်းပြောလိုက်သည်။ သူမကား ရီဖူရှင်းထက် အသက်ငယ်ပုံရသည်။ သူမက ရီဖူရှင်းနှင့် သူ၏မိဘတို့၏ရှေ့သို့ လျှောက်လှမ်းလာသည်။ သူမ၏နောက်တွင်ကား တူညီစွာပင် လှပသော မိန်းမတစ်ယောက် ပါလာသည်။ သူမကား ရီဘေချွန်၏ညီမဖြစ်သူ ရီရွန်နှင့် မိန်းကလေးမှာ သူမအမေ၏မျိုးရိုးနာမည်အား ယူထားသည့် ရီရှာကျင်း ဖြစ်သည်။

ထိုလှပသော မိန်းမနှစ်ယောက်၏နောက်တွင် လူနှစ်ယောက် ပါသေးသည်။ လူလတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အသက်ဆယ့်သုံးနှစ်အရွယ် ကောင်လေး တစ်ယောက်အား ဦးဆောင်လျက် ဝင်လာသည်။ သူတို့မှာ ရီဘေချွန်၏ညီ ရီဒွန်လူနှင့် သူ၏သား ရီမို ဖြစ်သည်။

"အန်ကယ်... အန်တီ...” ရီဖူရှင်းက နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ပြုံးနေသော မိန်းကလေးအား ကြည့်ကာ ပြောလိုက်သည်... “ရီရှာကျင်း... နင် အရိုက်ခံချင်နေတာလား...”

ရီရှာကျင်းက သူမ၏အမေ နောက်တွင် ပုန်းလိုက်သည်... “နင်ငါ့ကို အနိုင်ကျင့်ပြန်ပြီ... နင့်အဖေကြည့်နေတာ မမေ့နဲ့...”

အားလုံးက ရယ်မောလိုက်ကြသည်။ ရီမိုက ရှေ့သို့တိုးလာပြီး မေးလိုက်သည်... “ရီဖူရှင်း... မင်းအဖေက ပြောတယ်... မင်းအခု စွမ်းအား အတော်ကောင်းနေပြီဆို... ဒါမှန်လား...”

"ဟုတ်တာပေါ့... ဒါအမှန်ပဲ... ငါက သိုင်းပညာနဲ့ မှော်ပညာတွေကို လေ့လာနေတာ... ပြီးတော့ ကောင်းကင်အဆင့်ကို ရောက်ခါနီးနေပြီ... ကျောင်းတော်က မရေမတွက်နိုင်တဲ့ လူတွေက ငါ့ကို မျှော်ကြည့်ကြရတာ...” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။

ရီမိုက ရီဖူရှင်းအား သဘောမကျသလို ကြည့်ကာ ပြောလိုက်သည်... “ယုံရခက်ပဲ...”

“တူတူပဲ...” ရီရှာကျင်းကလည်း ထောက်ခံလိုက်သည်။

"ရီဖူရှင်း... လိမ်လို့ မဝသေးဘူးလား... မင်းရဲ့မိန်းကလေးကို အိမ်ကို ဘယ်တော့ ခေါ်လာမှာလဲ... မင်းက ဖန်းရှင်းဇွီကို ကြည့်တာ ပိုကောင်းတယ်နော်... သူမက လှလည်းလှတယ်... ပါရမီလည်း ကောင်းတယ်... တော်ကြာ... နောက်တစ်ယောက်နောက်ကို ပါသွားလိမ့်မယ်...” ရီရွန်က နောက်လိုက်သည်။

"ဖန်းရှင်းဇွီ...” ရီဖူရှင်းက စိတ်မသက်မသာဖြင့် ခေါင်းယမ်းလိုက်သည်။ သူ၏အပြုအမူကို ကြည့်ကာ လူတိုင်းက နားလည်လိုက်သည်။ ဖန်းရှင်းဇွီက ရီဖူရှင်းအား ငြင်းလိုက်ပုံရသည်။

"ကောင်းပြီ... အခု မိသားစုဝင်တွေ အကုန်စုံနေပြီဆိုတော့ သွားစားရအောင်...” ရီရွန်က အကြံပေးလိုက်သည်...” လူတိုင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြကာ ညနေစာစားရင် တည်ခင်းထားသော စားပွဲဆီသို့ လျှောက်သွားလိုက်ကြသည်။ သူတို့က အရသာရှိသော အစားအစာများစားရင်း တစ်ယောက်နှင့် တစ်ယောက် စကားပြော စနောက်ရင်း ပျော်ရွှင်စွာ စားသောက် လိုက်ကြသည်။

ညနေစာ စားပြီးနောက် လူတိုင်းက မိမိတို့အိမ်သို့ ကိုယ်စီ ပြန်သွားကြသည်။ ရီဖူရှင်းက သူ့အဖေထံမှ ကု့ချင်းတစ်လက် တောင်းပြီး သူနေထိုင်ရာ နေရာသို့ ပြန်လာခဲ့သည်။ မကြာမီ သူ၏အခန်းတွင် ဂီတ သံစဉ်များ ပျံ့လွင့်လာသည်။ လရောင်အောက်တွင် အရာအားလုံးက ငြိမ်းချမ်းပုံ ပေါ်နေသည်။

နောက်တစ်ရက်တွင် ယူချင်း ပြန်လာလေသည်။ သူကား သိုင်းပညာတွင် ကောင်းကင် အဆင့်ကို ရောက်နေပြီ ဖြစ်သည်။ ရီဖူရှင်းကား ယူချင်းအတွက် အလွန် ဝမ်းသာ ဂုဏ်ယူနေသည်။

မျက်လုံးတစ်မှိတ် အတွင်းတွင်ပင် နှစ်ဟောင်း၏ နောက်ဆုံးရက်သို့ ရောက်လာပြီဖြစ်သည်။ ညရောက်နေပြီ ဖြစ်သော်လည်း ချင်းကျူမြို့ကား မီးရောင်များဖြင့် ထိန်ထိန်ဝါနေသည်။ လမ်းများတွင် မီးပုံးကလေးများ အစီအရီ တွေ့ရပြီး ကောင်းကင်တစ်ခွင်တွင်လည်း မီးရှူး မီးပန်းများ မကြာခဏ တွေ့ရတတ်သည်။

ရီအိမ်တွင် ကု့ချင်းသံများ ထွက်ပေါ်နေသော နေရာတစ်ခုရှိသည်။ လူငယ်တစ်ယောက်က ကု့ချင်းအား ညင်သာစွာ တီးခတ်နေပြီး နောက်လူငယ်တစ်ယောက်ကား မြေပေါ်တွင် သိုင်းကျင့်နေသည်။ သို့သော် ထိုအခိုက်တွင် ယူချင်းက ရီဖူရှင်းအား ကြည့်လိုက်သည်။

တစ်စုံတစ်ခု မူမှန်ပုံမရပေ။ ဂီတသံ ရပ်တန့်သွားပြီး ရီဖူရှင်းက ကောင်းကင်မှ လအား မျှော်ကြည့်လိုက်သည်။ သူကား စိတ်မအေးပေ။

"ရီဖူရှင်း..." ဆံပင်ဖြူနှင့် လူကြီးတစ်ဦးက အပြင်မှဝင်လာကာ ရီဖူရှင်းအား ကြည့်လိုက်သည်... “ဒီသီချင်းက စိတ်ငြိမ်ဖို့လိုတယ်... အခုမင်းက စိတ်မအေးဘူး ဖြစ်နေတယ်... ရှုပ်ထွေးတဲ့စိတ်က ရှုပ်ထွေးတဲ့ စွမ်းဆောင်ရည်ကို ဖြစ်စေတယ်...”

“ကျွန်တော်လည်း ဘာဖြစ်နေလဲ မသိတော့ဘူး...” ရီဖူရှင်းက မချိပြုံး ပြုံးလျက် ပြောလိုက်သည်။

"မင်းရဲ့ ဂီတသံကနေ ငါက ပျော်ရွှင်မှု။ သတိရမှု။ စိတ်ညှိုးငယ်မှုတွေကို ခံစားနေရတယ်... မင်းက တကယ် အရွယ်ရောက်လာပြီပဲ... မိန်းကလေးက ဘယ်သူလဲ...” လူကြီးက အသာအယာ ပြောလိုက်သည်။

"မွေးစားအဖေ...” ရီဖူရှင်း ထိတ်လန့်သွားသည်။ ထို့နောက် ယူချင်းအား ကြည့်လိုက်သည်။ သို့သော် ယူချင်းက သူမဟုတ်ကြောင်း ခေါင်းခါပြသည်။ သူကား ရီဖူရှင်းအကြောင်းကို သူ့အဖေအား မပြောရသေးပေ။

"ဒါဆို... အမှန်တကယ် လွမ်းနေတာပေါ့...” သူ၏မွေးစားအဖေက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းခါလျက် စိတ်မသက်မသာ ပြောလိုက်သည်... “မွေးစားအဖေ... ကျွန်တော် အာရုံစိုက်သင့်တဲ့ အရာတွေ အာရုံမစိုက်မိလို့ မွေးစားအဖေကို စိတ်ပျက်စေမိတယ်...”

"အရူးကလေး... ဒါက အရွယ်ရောက်တဲ့သူတိုင်း သွားရတဲ့ ခရီးပဲ... သမိုင်းထဲက ဘယ်သူက အချစ်နဲ့ ပြဿနာ ကင်းဖူးလဲ... “ဆံပင်ဖြူနှင့် လူကြီးက မေးလိုက်သည်။ သူက ရီဖူရှင်း၏ဘေးနားသို့ ချဉ်းကပ်လာပြီး ဆက်ပြောလိုက်သည်...” ငါက မင်းကို မိန်းကလေးနဲ့ တွေ့တာကို မပြောဘူး... ဒါပေမဲ့... သူမက မင်းအချစ်နဲ့ ထိုက်တန်ဖို့လိုတယ်... မင်းသတိရရမှာက မင်းရဲ့နောက်တစ်ဝက်က တိုင်းပြည် အနာဂတ်မှာ စံပြ အမေဖြစ်ရမယ်...”

ရီဖူရှင်းက လူကြီးအား မော်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူ၏မွေးစားအဖေက သူ့အား ရည်မှန်းချက် မြင့်မြင့်ထားသည်ကို သူသိသည်။ ရီဖူရှင်းအပေါ် သူ၏ရည်မှန်းချက်မှာ အလွန်မြင့်ရကား သူပင် လိုက်မမီပေ။

"မွေးစားအဖေ... ကျွန်တော်က မွေးစားအဖေကို စိတ်ပျက်စေမှာပဲ စိုးရိမ်တယ်...” ရီဖူရှင်းက ငြိမ်သက်စွာပင် ပြောလိုက်သည်။

"မင်းကိုယ်မင်း ယုံကြည်ရမယ်... ငါက မင်းကို ယုံသလိုပေါ့...” လူကြီးက ရီဖူရှင်း၏ ပခုံးအား ပုတ်၍ ပြောလိုက်သည်... “သွားတော့... မင်းရဲ့မိသားစုဝင်တွေ မင်းကို စောင့်နေကြတယ်... ဖန်းမိသားစုက ဧည့်သည်တွေ ရောက်နေတယ်...”

"ကောင်းပြီ... အတူသွားရအောင်... ယူချင်း...” ယူချင်းအား ကြည့်လျက် ရီဖူရှင်းက ပြောလိုက်သည်။

"ယူချင်းက... နေခဲ့ဦး... ငါသူ့ကို ပြောစရာ ရှိသေးတယ်...” လူကြီးက ပြောသည်။

"ကောင်းပြီ... ရီဖူရှင်းက ခေါင်းညိတ်လျက် အဆောင်လေးထဲမှ ထွက်ခွာသွားသည်။ သူထွက်သွားသည်နှင့် အဆောင်ငယ်၏တံခါးအား လေပြင်းတစ်ချက် တိုက်ခတ်သွားက ပိတ်သွားလေသည်...။ လူကြီးက ယူချင်းအား ကြည့်ကာ ပြောလိုက်သည်... “မင်းရဲ့ သက်စောင့်ဝိညာဉ်ကို ပြစမ်း...”

ယူချင်းက မတ်မတ်ရပ်လိုက်ပြီး အာရုံစိုက်လိုက်သည်။ သူ၏မျက်လုံးများက အရောင်များ တောက်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်များက သူ့ကိုယ်မှ လွင့်ထွက်လာ နေကြကာ သဘာဝစွမ်းအင်များက ထိုပတ်ဝန်းကျင်အား အရူးအမူး စီးဆင်း လာနေကြသည်။ သူ၏ကိုယ်တွင် ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်ပေါ်လာပြီး ယူချင်း၏သက်စောင့်ဝိညာဉ် ပေါ်ထွက်လာသည်။ ယခုမူ ယူချင်းကား နတ်ဘုရားနှင့်ပင် တူသည်။

"ဒီလောက်ဆို တော်တော် ကောင်းနေပြီ...” လူကြီးက ခေါင်းညိတ်လိုက်သည်။ ယူချင်းက သူ၏သက်စောင့်ဝိညာဉ်အား ပြန်သိမ်းလိုက်သည်။ သူ၏မျက်လုံးများက ပုံမှန် ပြန်ဖြစ်သွားသည်။

"ယူချင်း... မင်းမှတ်ထားရမှာက ... မင်းက ရီဖူရှင်းအတွက် ကြောက်စရာ အကောင်းဆုံး လက်နက်ဖြစ်ပြီး အခိုင်ခံ့ဆုံး တံတိုင်းဖြစ်နေရမယ်... တစ်နေ့မှာ သမိုင်းစာအုပ်တွေထဲ မင်းနာမည်ကို ရေးရတဲ့နေ့ ရောက်လာလိမ့်မယ်...” ထိုလူကြီးက တိုက်တွန်းလိုက်သည်။ ယူချင်းကား သူ့အဖေ၏စကားများကို အပြည့်အဝ နားမလည်ပေ။ သို့သော် သူသိသော တစ်ခုတည်းသော အရာက သူ၏အဖေက မလုပ်ခိုင်းလျှင်ပင် သူက ရီဖူရှင်းအား ထာဝရ ကာကွယ်သွားမည် ဖြစ်သည်။

***

All Chapters