အပိုင်း (၁၆)
Vol. 2 Ch. 16
ပေါ်ရန်ကဲ့သို့ တည်ငြိမ်ပြီး စဉ်းစားဆင်ခြင်တတ်သော ဉာဏ်ကြီးရှင်တစ်ဦး၏ နောက်တွင် ကြောက်လန့်၍ တုန်ရီနေသော ခပ်တုံးတုံး ငကြောက်တစ်သိုက်က သူနှင့်အတူ လိုက်ပါလာသည်မှာ တကယ့်ကို သည်းမခံနိုင်ဖြစ်ရသည်။
ရှေးဦးစွာ ရှုချောင်းယန်သည် သရဲယောင်ဆောင်သူအား ရယ်မောအောင် လုပ်နိုင်ခဲ့သော်လည်း ကျန်ဇာတ်ကွက်အတွက် သနားစရာ သရဲလေးသည် ရှက်စရာအလွန်ကောင်းစွာနှင့် ဆက်လက် သရုပ်ဆောင်ခဲ့ရသည်။
နောက်ပိုင်းတွင် သူတို့သည် ထိတ်လန့်စရာ ဇာတ်ကွက်အချို့ကို စတင်လိုက်နိုင်သောအခါ ဤကြောက်လန့်နေသော ကြောင်လေးများအုပ်စုသည် လူတစ်ယောက်တည်းကသာ လိုက်လံဖြေရှင်းပြီး ကစားနေသည်ကို ထိုင်ကြည့်သည်မှာ အလွန်ဆိုးသွမ်းသော အဖွဲ့သားများဖြစ်ကြောင်း လက်ခံသွားပြီး တစ်ဖွဲ့လုံး တညီတညွတ်တည်း ကစားရန် စိတ်အားထက်သန်လာပါသည်။
ရှုချောင်းယန်တောင် မျက်ရည်သွားသည်အထိ ကြောက်လန့်နေခဲ့သည်။
စောင့်ကြည့်ရေးအခန်းမှ ဝန်ထမ်းများသည်လည်း သူတို့အတွက် ဇာတ်ကြောင်းကို ကျော်ဖြတ်နိုင်စေရန် လွယ်ကူစွာ လုပ်ပေးရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
အဆုံးတွင် သူတို့သည် ကစားပွဲကို ဖြေရှင်းထုတ်နိုင်ခဲ့သည်။
ထိုဝင်္ကပါထဲမှ ထွက်လာပြီးနောက် အားလုံးက ဆိုဖာပေါ်တွင် ထိုင်ကာ အနားယူကြသည်။ ဝန်ထမ်းများက ဇာတ်လမ်း အပြည့်အစုံနှင့် သူတို့အတွက် လုပ်ပေးထားသော ဇာတ်ကွက်များအကြောင်း ရှင်းပြပေးပြီး “ဒီကိုယ်လူချောလေးက တစ်ချိန်လုံး တည်ငြိမ်လွန်းနေတယ်၊ ရှင် လုံးဝ မကြောက်ဘူးလား” ဟုပေါ်ရန်ကို ပြောလိုက်သည်။
“အဲ့လိုမဟုတ်ပါဘူး ကျွန်တော်အရမ်းကြောက်နေခဲ့တာ” ပေါ်ရန်က ဆိုဖာနောက်ကျောကို မှီပြီး ဖုန်းကို လက်ချောင်းထိပ်လေးများနှင့် ပွတ်နေကာ သူ့ဘေးနားရှိ တုန်ရီနေဆဲဖြစ်သော ကျင်းရှီကို ကြည့်လိုက်ပြီး “ဒီကြက်သားတုံးလေးက ကျွန်တော်နား တစ်ချိန်လုံး ကပ်နေပေးလို့ ကျေးဇူးတင်ရမယ် ကျွန်တော့်ကို တစ်ချိန်လုံး သတ္တိတွေ အများကြီးပေးနေခဲ့တာလေ”
ကျင်းရှီသည် အလွန်ထိတ်လန့်သွားသဖြင့် သူမ၏ လိပ်ပြာလွှင့်သွားမတတ် ဖြစ်နေသည်။ သို့သော် ပေါ်ရန်ပြောနေသည်ကိုကြားပြီး သူမမှာ အတော်လေးကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့သည်ဟု ထင်ပြီး ကစားပွဲပြီးမြောက်အောင်မြင်သွားရန် ပေါ်ရန် သဲလွန်စရှာဖို့ ကူညီပေးနိုင်ခဲ့သည်...။ ဟိုငကြောက် နည်းပြဆရာလို တစ်ခုခုလှုပ်သွားတိုင်း ကြောက်လန့်ပြီး ထအော်တတ်သော လူစားမျိုး မဟုတ်ခဲ့ပေ။
ရုံးခန်းမှ ထွက်လာပြီးနောက် ရှုချောင်းယန်သည် သစ်ပင်တစ်ပင်ကို မှီ၍ အသက်ပြင်းပြင်း ရှူနေသည်သည်။ နောက်ဆက်တွဲအကျိုးဆက်များက တော်တော်ပြင်းထန်ပုံရသည်။
ချူးကျောက်က သူ့ကျောကို ညင်သာစွာ ပုတ်ပေးနေသည်။ “ကျေးဇူးပါ ဆရာရှု၊ ရှင်က တကယ်ကို အံ့သြစရာပါပဲ”
“ဟုတ်တယ်မလား... ငါက အဲ့လိုဖြစ်ခဲ့တယ်မဟုတ်လား”
ချီးမွှမ်းခံရပြီးနောက် ရှုချောင်းယန်၏ အခြေအနေသည် အနည်းငယ် သက်သာလာပြီး “မင်းတို့ နောက်တစ်ခါ ထပ်ကစားချင်ရင် ... နည်းပြရှုကို ခေါ်လိုက်လို့ရတယ်နော်”
ပေါ်ရန်သည် ဓါတ်မီးတိုင်ကို မှီ၍ နှုတ်ခမ်းပေါ်မှ အပြုံးမပျက်။ “ခုနက လျှို့ဝှက်ခန်းထဲမှာ စားပွဲခြေထောက်ကို အသေဖက်ထားပြီး ဆူညံပူညံလုပ်နေတဲ့သူက တစ်သက်လုံး ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလုပ်နေပြီးတော့များ၊ နောက်ပြီး သူ့ကို ဒီကို နောက်တစ်ခါ ခေါ်လာမဲ့သူကို ခွေးမသားဆိုပြီး ဆဲနေခဲ့သေးတယ်လေ”
ရှုချောင်းယန်က ပြန်ပြောလိုက်သည်။ “ဒီ... မင်းနဲ့ မင်းပါးစပ်ပေါက်ကြီးကတော့”
ပေါ်ရန်က သူ့ပုခုံးပေါ် ပုတ်လိုက်ပြီး “ဒါပေမယ့် မင်းက အုပ်ထိန်းသူ သူရဲကောင်းတစ်ယောက်အနေနဲ့ မင်းရဲ့ အခန်းကဏ္ဍကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လေ”
ကစားပွဲ၏နောက်ဆုံးအဆင့်တွင် အကြီးဆုံးမကောင်းဆိုးဝါး ဝိညာဉ် ယောင်ဆောင်ထားသူက လူများကိုဆွဲဖို့လာသောအခါ ချူးကျောက်သည် စာသင်ခန်းနောက်တွင် ပတ်ပြေးနေပြီး မိလုနီးပါးဖြစ်သွားခဲ့သည်။
သို့သော် ရှုချောင်းယန်သည် အလွန်ကြောက်တတ်သော်လည်း သူ့ကျောင်းသူကို အဆုံးစွန်မှောင်မိုက်နေသော လျှောက်လမ်းသို့ မကောင်းဆိုးဝါး၏ ဆွဲခေါ်သွားခြင်းကို မြင်လိုက်ရသောအခါတွင် နည်းပြဆရာအဖြစ် တာဝန်သိစိတ်က တဟုန်းဟုန်း တောက်လောင်လာသည်။ တစ်တောက်လျှေောက်လုံး အော်ဟစ်နေသော်လည်း မကြောက်မရွံ့နဲ့ ရှေ့သို့ တိုးလာခဲ့သည်။
အဆုံးတွင် သူသည် ထိုမကောင်းဆိုးဝါးယောင်ဆောင်သူ၏လက်မှ ချူးကျောက်ကို ပြန်လည်ဆွဲယူနိုင်ခဲ့ပြီး ကောင်မလေး၏ ခေါင်းကို သူ့ရင်ခွင်ထဲ ထည့်ထားကာ “မင်းရဲ့ဆရာ ဒီမှာရှိတယ်၊ မင်းကိုဘယ်သူမှ ဒုက္ခပေးလို့မရတော့ဘူး။ လုပ်မဲ့ကောင်ကတော့ သေမှာပဲ!”
နောက်ဆုံးတစ်ခေါက်တွင် ချူးကျောက်သည် သူမကို ချီလာစဉ် သူ့အဝတ်အစားများနှင့် လုံး၀ကို ပတ်ထားခဲ့သည်။
တကယ်တမ်းတော့ ချူးကျောက်က သူမကို မကောင်းဆိုးဝါးယောင် ဆောင်ထားသူက ဖမ်းလိုက်သောအခါ သူမဘာသာ ထိုမျှမကြောက်လန့်ပေ။ အကြောင်းမှာ ထိန်းချုပ်ခန်းကနေ အသံတစ်ခု ကြားလိုက်ရသောကြောင့်ဖြစ်သည်။ “မကောင်းဆိုးဝါးရေ၊ ကစားသမားတွေကို မထိခိုက်စေနဲ့”
ထို့ကြောင့် သူမသည် သူမ နဂိုပုံစံမဟုတ်သည့်အတိုင်း ဆွဲခေါ်ခံရသောအခါတွင် တစ်ချိန်လုံး အလိုက်သင့် နေပေးခဲ့သည်။
တစ်ဖက်တွင် ရှုချောင်းယန်သည် သူ့ကိုယ်သူ သူ၏အခန်းကဏ္ဍတွင် အပြည့်အ၀ နစ်မြုပ်ထားပြီး စေ့စေ့စပ်စပ် သရုပ်ဆောင်နေလေသည်။ ချူးကျေောက်ကြောင့်သာ သူ့ကိုမတားလျှင် သူသည် ထိုအယောင်ဆောင်သမားကို စတင်ရိုက်နှက်နိုင်သည်။
ဇာတ်လမ်းဇာတ်ကွက်များကို စိတ်အားထက်သန်စွာ ဆွေးနွေးပြီးနောက် အချိန်မှာ ည ၁၀နာရီ ၃၀မိနစ်ရှိလေပြီဖြစ်သည်။ ရှုချောင်းယန်က ဤနေရာအထိ မောင်းလာပြီး အားလုံးကို အိမ်ပြန်ပို့ဖို့ ပြင်ဆင်နေသည်။
သို့သော် ယခုအချိန်တွင် သူကားမောင်းပို့မည်ကို မည်သူမှ မစီးရဲပေ။ သူသည် ထိတ်လန့်နေဆဲဖြစ်ပြီး စိတ်နှင့်လူနှင့် မကပ်ဖြစ်နေသည်။ သူ့ကို ယခုမောင်းခွင့်ပေးလိုက်ခြင်းက အရူးတစ်ယောက်လို အရှိန်နှင့် မောင်းသွားနိုင်သည်။
သူတို့ချင်းဆွေးနွေးပြီးနောက် ပေါ်ရန်ကို ကားမောင်းခွင့်ပေးပြီး အားလုံးကို အိမ်ပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
ကားထဲတွင် ကျင်းရှီတစ်ယောက်ပဲ ကျန်တော့သည်။ သူမသည် ပြတင်းပေါက်ကို မှီ၍ မှုန်ရီရီမြင်နေရသော သစ်ပင်များနှင့် လမ်းမီးတိုင်များကို ကားက အရှိန်ပြင်းစွာ ဖြတ်သွားတိုင်း ငေးကြည့်နေမိသည်။ သူမ၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပုံရသည်။
ပေါ်ရန်သည် နောက်ကြည့်မှန်မှတဆင့် သူမကို ကြည့်နေသည်။ သူမသည် ကားနောက်ထိုင်ခုံထောင့်တွင် ကွေးကွေးလေး ထိုင်နေကာ သူမ၏ မျက်ခွံများ ဖြည်းညင်းစွာ ပိတ်သွားလေသည်။ သူမ နိုးကြားအောင် မနေနိုင်တော့ပေ။
ဤည၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ နှစ်ထပ်ကွမ်း ရင်ဆိုင်ပြီးသောအခါ ပေါ်ရန်တောင်မှ နည်းနည်း ပင်ပန်းသလို ခံစားလာရသည်။ ဒီကောင်မလေးကို အနှောင့်အယှက်မပေးပဲ တစ်ယောက်တည်း လွှတ်ထားလိုက်မည်။
သူသည် ကားထဲမှ သီချင်းသံကို လှမ်းပိတ်လိုက်သည်။ ကားက တိတ်ဆိတ်သွားပြီး ကျင်းရှီ၏ ညင်သာသော ဟောက်သံ၊ ငိုက်မျဉ်းနေသော သတ္တဝါလေးတစ်ကောင်လို ညင်သာသော ဟောက်သံများကို အသံပြုနေသကဲ့သို့ ကြားနေရသည်။
မကြာမီ ကားသည် ကျင်းရှီနေသော အိမ်ရာဝန်း၏ အဝင်ဝတွင် ရပ်သွားလေသည်။ ပေါ်ရန်သည် သူမက ဘာမှ တုံ့ပြန်မှုမရှိပဲ အိပ်ပျော်သွားဟန်တူသည်ဟု တွေ့လိုက်ရသည်။ သူသည် ကားပေါ်မှ ဆင်းကာ ကားနောက်ခန်းထဲသို့ ဝင်လိုက်သည်။
ဤမျှ နောက်ကျနေပြီဖြစ်သော အချိန်တွင် ညသည် နက်သထက် နက်လာသည်။ မိန်းကလေး၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် ကွက်ကွက်ကွင်းကွင်းနှင့် ကြည်လင်မြင်နေရပြီး သူမ၏ မျက်တောင်ရှည်များသည် သူမ၏ မျက်ခွံပေါ် ရှိနေသော စုတ်တံသေးသေးလေးများကဲ့သို့ ရှည်လျားစွာမြင်နေရသည်။
ပေါ်ရန်သည် ထိုဗလာကျင်းဖြစ်နေသောအိမ်သို့ ပြန်သွားရန် ဝန်လေးနေသဖြင့် သူမကို ချက်ချင်းမနှိုးပဲ တိတ်တဆိတ် အတူရှိနေပေးခဲ့သည်။ စက္ကန့်တိုင်းက အဖိုးတန်သည်ဟု ခံစားနေရသည်။
မကြာခင်မှာပဲ ရှန်ဖျင်ချွမ်၏ ထူးခြားပြောင်မြောက်သော မျက်နှာချွန်ချွန်က ကားပြတင်းပေါက်မှာ ပေါ်လာခဲ့သည်။
သူသည် ကားမှန်ကို သုတ်လိုက်ပြီး မည်းနက်နေသော ကားမှန်ပေါ် သူ့မျက်နှာကို ဖိပြီး ကပ်ကြည့်ကာ “ဟေး မင်းတို့ အဲ့ဒါဘာလုပ်နေတာလဲ?!”
ကျင်းရှီသည် သူ့အသံကြောင့် လန့်နိုးလာပြီး မပီမသ ညည်းညူသံလေး ထွက်လိုက်သည်။ ပေါ်ရန်သည် ပြတင်းပေါက်မှန်ကို ဖြည်းညင်းစွာ ချလိုက်ပြီး အနည်းငယ် စိတ်ဆိုးသွားဟန်ဖြင့် “အဲ့ဒီတုတ်က ဘာလုပ်ဖို့လဲ”
အစင်းကြား ညဝတ်အင်္ကျီကို ဝတ်ထားသည့် ရှန်ဖျင်ချွမ်သည် ကားထဲသို့ ဟိုကြည့်သည်ကြည့် ကြည့်နေသည်။ အထဲတွင် ကျင်းရှီနှင့် ပေါ်ရန်တို့ နှစ်ယောက်တည်းသာ ကားနောက်ထိုင်ခုံမှာ ထိုင်နေကြသည်။ “ဒရိုက်ဘာက ဘယ်မှာလဲ” ဟုမမေးပဲ မနေနိုင်ချေ။
ပေါ်ရန် - “မသိဘူး”
ရှန်ဖျင်ချွမ်သည် မျက်မှောင်ကြုတ်ကာ ကားတံခါးကိုဖွင့်လိုက်ပြီး ကျင်းရှီကို သူ့နောက်သို့ ဆွဲခေါ်ထုတ်လိုက်သည်။ ပေါ်ရန်ကို လက်ညှိုးထိုးပြီး “မင်းက လူယုတ်မာ၊ လူမိုက်” ဟုပြောလိုက်သည်။
ပေါ်ရန်သည် ပေါ့ပေါ့တန်တန် သူ့လက်များကို မြှောက်ကာ အပြစ်ကင်းသည့်ပုံစံဖြင့် ကြည့်နေသည်။
ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ အနောက်မှ ချောင်းကြည့်ကာ “စီနီယာ ကျောင်းနေဖက်ကြီးရေ၊ ကားကို ဂရုတစိုက်မောင်းပါနော်”
“အွန် ကျောင်းမှာပြန်တွေ့ကြမယ်”
ပေါ်ရန်သည် ကားပေါ်မှ ဆင်းကာ ဒရိုင်ဘာနေရာမှ တံခါးနားတွင် ရပ်နေသည်။ သူက သူမကို သတိပေးလိုက်သည်။ “ကျန်းကျန်းမာမာနေနော်၊ စောစောအိပ်၊ စောစောထ၊ ပြီးရင် ငါ့ကိုလည်း အချိန်မီလေး စဉ်းစားပေးဖို့ မမေ့နဲ့နော်”
ကျင်းရှီသည် အနည်းငယ် လန့်သွားသော်လည်း သူ့နှုတ်ခမ်းထောင့်များက အပြုံးမပျက်ပေ။ “အချိန်တန်ရင် ငါ့ကို အခြေအနေတွေ သတင်းပို့ဦး”
“နားလည်ပါပြီ”
“မင်းတို့နှစ်ယောက် စကားကြောက မပြတ်သေးဘူးပဲ” ရှန်ဖျင်ချွမ်က စိတ်မရှည်စွာ ဝင်နှောင့်ယှက်လိုက်ပြီး “ငါ့ညီမငယ်လေးကို အိမ်မှာ စောင့်ကြည့်နေမယ်။ ပေါ်ရန်၊ မင်း ဒီအတွက် စိတ်မပူနဲ့၊ အခုသွားတော့၊ ရှုးရှုး”
သူက ကျင်းရှီကို သူမတို့အိမ်ဆီ လိုက်ပို့ပေးခဲ့သည်။
အိမ်ရာဝန်း ဝင်ပေါက်ကိုဖြတ်သွားပြီးနောက် ကျင်းရှီသည် ပေါ်ရန်ကို နောက်တစ်ကြိမ် မလှည့်ကြည့်ပဲ မနေနိုင်ပေ။ သူသည် ဓါတ်မီးရောင်အောက်မှာ ရပ်နေတုန်းဖြစ်ပြီး သူ့အရိပ်က ရှည်ရှည်ကြီးဖြစ်နေကာ အထီးကျန်နေသလိုပင်။
ကျင်းရှီသည် ပေါ်ရန်မှာ နှစ်အတော်ကြာ ရေခဲရေထဲတွင် နှစ်မြုပ်နေသကဲ့သို့ အထီးကျန်နေသည်ကို ဖော်မပြပဲ သူ့နားတွင် အထီးကျန်သည့် အရိပ်အယောင်များ ရှိနေသည်ကို အမြဲလိုလို ခံစားမိနေသည်။
ဘာကြောင့် ဒီလိုခံစားရတာလဲ? ကျင်းရှီသည် နားမလည်နိုင်ဖြစ်နေပြီး အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။
အိမ်ပြန်ရောက်ကြသောအခါ အဆောင်အခန်းနံပါတ် ၄၀၉ ဂရုချက်တ်မှာ သက်ဝင်လှုပ်ရှားနေသည်။
ကျင့်ချီ - “ ညီကိုတို့ အိပ်ရာထပြီး ပါတီလုပ်လိုက်ရအောင်!”
ရှုချောင်းယန်က အားပျက်နေသော အီမိုဂျီပုံကို ပို့လိုက်သည် - “ဘာစကားမှ မပြောချင်တော့ဘူး”
ကျင့်ချီ - “သွားကစားပြီးပြီလား”
ရှုချောင်းယန် - “ကျစ်၊ မင်းပါးစပ်ကို သတိထား။ ဒီနေ့ လျှို့ဝှက်ခန်းထဲမှာ အပြစ်ကင်းစင်တဲ့ ပျိုမေလေးတွေကို မကောင်းဆိုးဝါးလက်ထဲကနေ သတ္တိရှိရှိ ဉာဏ်ပညာရှိရှိနဲ့ ငါတစ်ယောက်တည်း ရဲရဲရင့်ရင့် ကယ်ခဲ့တယ်!”
ပေါ်ရန်က သူ့အကြောင်းကို မညှာမတာ ဖော်ထုတ်လိုက်သည်။ “ကောင်မလေးကို အသေဖက်ထားပြီးတော့ အမေ တနေတာလေ၊ အဲ့ဒါကို သတ္တိရှိရှိ ကယ်ခဲ့တယ်တဲ့လား။ မင်းဟာသတွေ ပြောနေတာလား”
ရှုချောင်းယန် - “အရှက်မရှိ ကောင်မလေးရဲ့လက်ကို ကိုင်ထားပြီး မင်းပဲအရမ်းကြောက်နေတာလေ မင်းကများ ငါ့ကို လှောင်သေးတယ် :)”
ကျင့်ချီ - “ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ငါလွတ်သွားပြီ ထင်တယ်”
ရှုချောင်းယန် - “တစ်နှစ်တာ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆုကို ပေါ်ရန်ကလွဲပြီး ဘယ်သူမှမရနိုင်ပါဘူးခင်ဗျာ”
ပေါ်ရန် – “ဦးညွတ်နေသည့်အီမိုဂျီ”
ခုနစ်ရက်တာ အမျိုးသားနေ့အားလပ်ရက် ပြီးဆုံးသွားခဲ့ပြီ။ ကျင်းရှီသည် သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး သွက်လက်တက်ကြွစွာဖြင့် ကျောင်းပြန်တက်ခဲ့သည်။
အမျိုးသားနေ့အားလပ်ရက် အပြီးတွင် ကျောင်းမှ အတန်းများ စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အတန်းတက်ရသည့်ဝန်သည် အရမ်းမကြီးလေးပဲ သင်ယူမှုတာဝန်များကို အတော်လေး ဖြေလျှော့ပေးထားသည်။ ကျင်းရှီလည်း အသင်းအဖွဲ့ အနည်းအကျဉ်းတွင် ပါဝင်ခဲ့သည်။
သို့သော်လည်း အသင်းအဖွဲ့အများစုသည် အမျိုးအစားအလိုက် တလက်လက် အရောင်များထွက်နေကြပြီး လူသစ်စုဆောင်းရေးပွဲများတွင်သာ ပေါ်လာကြပြီး ကျန်အချိန်များတွင် ပျောက်ကွယ်သွားကြသည်။
ကျင်းရှီသည်ပင် သူမ ပါဝင်ခဲ့သည့်အသင်းများကို မေ့သွားခဲ့သည်။
“ရာပေါင်းများစွာသော အသင်းအဖွဲ့ ပြိုင်ပွဲ” များ အပြည့်အ၀ လှုပ်ရှားနေသကဲ့သို့ “မြောင်မြောင်အဖွဲ့” အတွက် လူသစ်စုဆောင်းရေး ပိုစတာများနှင့် နဖူးစည်းစာတန်းများသည် လမ်းတစ်ဖက်ရှိ ယောကျ်ားလေးအဆောင်အခန်း ၄၀၉၏ တံခါးဝတွင် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကျင်းရှီသည် ကျောက်သင်ပုန်းများ၊ ရေချိုးခန်းတံခါးများနှင့် လှေကားထစ်များပေါ်တွင် မြောင်မြောင်အဖွဲ့အတွက် ကြော်ငြာအသေးစားများကိုလည်း တွေ့ခဲ့ရသည်။
ကြော်ငြာအသေးစားများ၏ အနုပညာစတိုင်သည် ထူးခြားဆန်းသစ်လှသည်။ မကြာခဏဆိုသလို “CET 4/6 စာမေးပွဲအတွက် အစားထိုးဖြေပေးမည့်သူများ” နှင့် “နောက်ဆုံးစာမေးပွဲများအတွက် အမိုက်ဆုံး ခိုးချဖို့စာရွက်များ” တို့နှင့် အတူတွဲတင်လေ့ရှိသည်မှာ ဇွဲလုံ့လဖြင့် ရုန်းကန်နေခြင်းကို ခံစားရလေသည်။
ကျင်းရှီသည် နောက်ပိုင်းတွင် ကျောင်းသားကောင်စီမှ စီနီယာတစ်ဦးအား မေးမြန်းခဲ့ရာ ကျောင်းဝင်းအတွင်း ကျောင်းသားကောင်စီမှ အသိအမှတ်မပြုသော “အရိုင်းဆန်သော” အဖွဲ့များစွာလည်း ရှိကြောင်း တွေ့ရှိခဲ့သည်။ မြောင်မြောင်အဖွဲ့သည် ၎င်းတို့ထဲမှ တစ်ဖွဲ့ဖြစ်သည်။
ဤအရိုင်းဆန်သောကလပ်များသည် “ရာပေါင်းများစွာသော အသင်းအဖွဲ့ ပြိုင်ပွဲ” တွင် ပါဝင်ရန် အရည်အချင်းမပြည့်မီသောကြောင့် အဖွဲ့ဝင်များကိုသာ လျှို့ဝှက်ခေါ်ယူနိုင်ခဲ့သည်။
ဆောင်းဦးရဲ့ နေရောင်က မွန်းတည့်ချိန်မှာ အလွန်ကောင်းပါသည်။ နေသာသော ဝရန်တာတွင် ပေါ်ရန်သည် ပန်းချီကားထောင်သည့် သစ်သားဘောင်တစ်ခုကို နေရာချထားကာ ၎င်းတို့၏ အဆောင်အဆောက်အဦအောက်ရှိ ရွှေရောင်တောက်နေသော ကမ္ဘာဦးပင်သစ်ရွက်များကို ကြည့်ပြီး ဂရုတစိုက် ပန်းချီဆွဲကာ ခြယ်သနေခဲ့သည်။
ကျင့်ချီသည် သက်ပြင်းချကာ ရောင်စုံ ပုံနှိပ် စာရွက်များကို ကိုင်ထားပြီး “ဒီနှစ်အတွက်လည်း အဖွဲ့ဝင်အသစ်တစ်ယောက်လောက်တောင် မခေါ်နိုင်ခဲ့ပြန်ဘူး။ အမျိုးသားနေ့ မတိုင်ခင်ကတည်းက အသင်းတော်တော်များများက လူပြည့်နေပြီ။ ဒရာမာအဖွဲ့ဆိုရင် လူတစ်ရာကျော်လောက် ခေါ်ထားပြီးပြီ။ ငါတို့ရဲ့ မြောင်မြောင်အဖွဲ့မှာ ငါတို့ညီအစ်ကိုတွေပဲ ရှိသေးတယ်”
ရှုချောင်းယန်သည် အိပ်စင်အပေါ်ထပ်တွင် ထိုင်နေပြီး အိပ်ရာအစွန်းမှ ဆံပင်ဘုတ်သိုက်ဖြင့် ခြေထောက်များကို လှုပ်ခါနေရင်း “ငါတို့အဖွဲ့ရဲ့ ပရိုမိုးရှင်းနေရာချတဲ့အခါမှာ ပြဿနာတွေရှိနေတယ်လို့ ကိုယ်တိုင်ကိုယ်ကျ ခံစားမိတယ်။ မင်းက လက်တဝါးစာ လက်ကမ်းစာစောင်တွေကို လူတွေ သတိမထားမိတဲ့နေရာတွေမှာ လိုက်ကပ်တယ်၊ သိပ်မသိတဲ့လူတွေကတော့ တစ်ချက်ကြည့်လိုက်ရင် ဘာအစွမ်းအစမှ မရှိတဲ့ ကြော်ညာစာဆိုပြီး ဘယ်သူက ပါဝင်ရဲမှာလဲ”
ကျင့်ချီက ပြန်ပြောလိုက်သည်။ “ဘယ်လိုလုပ်ပြီး ဒါက ငါ့အမှား ဖြစ်ရမှာလဲ။ ငါတို့က တရားဝင်အဖွဲ့လည်း မဟုတ်ဘူး၊ အဖွဲ့သားအသစ်ကို ပေါ်ပေါ်တင်တင် ခေါ်လို့လည်းမရဘူး”
ရှုချောင်းယန်သည် သူ့အိပ်စင်ပေါ်မှ ခုန်ဆင်းကာ ကျင့်ချီ၏ ပုခုံးကို ပုတ်လိုက်ပြီး “ဒီနှစ် ထပ်လျှောက်ကြ ရအောင်၊ သူတို့တွေ အတည်ပြုပေးမှာပါ”
ကျင့်ချီက ပေါ်ရန်ကို ကြည့်လိုက်သည်။ “ပေါ်ရန်၊ မြောင်မြောင်အဖွဲ့ရဲ့အတွင်းရေးမှူးရေ၊ တစ်ခုခုပြောပါဦး”
ပေါ်ရန်က စာရွက်ပေါ် ရွှေစုတ်ချက်ကို ရေးဆွဲလိုက်ပြီး တိုးတိုးလေး ရေရွတ်နေသည်။ “လူသစ်စုဆောင်းတာကို ဒီနှုန်းထားနဲ့ပဲ ဆက်လုပ်သွား၊ ကိစ္စတွေက သူ့ဟာသူ ဖြစ်လာပါစေ”
ကျင့်ချီ - “ဒါဆို မင်းလည်း ဘာလို့ ဒီအတိုင်း ပန်းချီအသင်းကနေထွက်ပြီး ငါ့ မြောင်မြောင်အဖွဲ့ထဲ ဝင်လာရတာလဲ”
ပေါ်ရန် - “ဘာလို့ဆို ပန်းချီအသင်းက ငါ့ကို အတွင်းရေးမှူးဖြစ်ခွင့် မပေးလို့”
ကျင့်ချီ - ....
မင်းရဲ့ အာဏာကို မက်မောမှုက နည်းနည်းတော့ များနေပုံရတယ်။
ခဏနေအကြာတွင် တံခါးလာခေါက်သံကြားလိုက်ရသည်။ “တစ်ဆိတ်လောက်ပါ၊ ဒါက မြောင်မြောင်အဖွဲ့ရဲ့ လူသစ်စုဆောင်းတဲ့နေရာလား”
ကျင့်ချီသည် ချက်ချင်းထကာ တံခါးကို အမြန်ဖွင့်လိုက်သည်။
ကျင်းရှီနှင့် ချူးကျောက်တို့သည် အပြင်ဖက်တွင် ရပ်နေကာ “မြောင်မြောင်အဖွဲ့?”
“ဟုတ်တယ်၊ ဟုတ်တယ် ညီမလေးတို့ရေ အမြန်ဝင်လာခဲ့!”
ပေါ်ယန်က သူ့ဆေးသုတ်တံကို ချလိုက်ပြီး ကျင်းရှီကို လေးနက်စွာ စိုက်ကြည့်နေသည်။ သူမသည် စိမ်းနုရောင် ဂါဝန်ပလိန်းကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်ကို သွယ်လျသောကျစ်ဆံမြီးအဖြစ် ကျစ်ထားကာ အမြင်သစ်လွင်ပြီး ချစ်စရာကောင်းနေသည်။
ကျင်းရှီနှင့် ချူးကျောက်တို့ မိန်းကလေးနှစ်ယောက်သည် အဆောင်ထဲသို့ ၀င်လာသည်။ ကျင့်ချီက သူထိုင်နေသည့် ထိုင်ခုံကို သူတို့အတွက် ဖယ်ပေးလိုက်သည်။ ရှုချောင်းယန်က သူတို့အတွက် ရေနွေးတစ်ခွက်စီ ပေးရန် စက္ကူခွက်ထဲသို့ ရေနွေးများ လောင်းထည့်နေသည်။
“မင်းတို့ ကောင်မလေးတွေ ငါတို့ အဖွဲ့အကြောင်း ဘယ်လိုသိလာတာလဲ”
ကျင်းရှီသည် ရေနွေးတစ်ငုံသောက်လိုက်ပြီး အိတ်ထဲမှ ထူထဲသော လိပ်စာကပ်အပုံလိုက်ကို ထုတ်ပြလိုက်သည်။ ၎င်းတို့ပေါ်တွင် နားရွက်ခေါက်ထားသော ဆက်စီ ကြောင်ခြေထောက်ပုံကို ရေးဆွဲထားသည်။
“ဆက်စီကြောင်ရိုင်းလေး၊ ဆွဲဆောင်မှုရှိတဲ့ တောကြောင်လေး၊ ဖြူစင်တဲ့ ကြောင်ကျောင်းသား၊ ကြူတတ်တဲ့ ကြောင်...မြောင်မြောင်အဖွဲ့က မင်းရဲ့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမယ်။ စိတ်ဝင်စားရင် 13872XXXXXX ကို ဆက်သွယ်ပါ”
ကျင်းရှီက ရိုးသားစွာပြောခဲ့သည်။ “စီနီယာတို့၊ မြောင်မြောင်အဖွဲ့ အကြောင်းစုံစမ်းဖို့လာခဲ့တာပါ၊ ဒါပေမယ့်... နောက်ဆို ကျွန်မတို့အဆောင်တံခါးအောက်မှာ ပရိုမိုးရှင်းစာရွက်တွေကို လာမချထားပါနဲ့နော်”
“အိုး...” ကျင့်ချီက သူ့နောက်ကျောကို ကုတ်လိုက်သည်။ “အင်း...”
ပေါ်ရန်က ကျင့်ချီကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ “ပရိုမိုးရှင်း လက်ကမ်းစာစောင်တွေ တွေ့ကရာ လျှောက်မပစ်နဲ့လို့ မင်းတို့ကို ပြောထားတယ် မဟုတ်ဘူးလား ကောင်မလေးတွေ အခန်းအောက်မှာ လိုက်ချသေးတယ် မင်းတို့ အရှက်မရှိဘူးလား”
ကျင့်ချီ - “ဟေး၊ ရဲဘော်ပေါ် မင်းဆွဲထားတဲ့ လိပ်စာကတ်တွေ မဟုတ်ဘူးလား”
ကျင်းရှီသည် သူမ၏ လက်များကို အကြိမ်ကြိမ် ဝှေ့ယမ်းပြလိုက်သည်။ “ရပါတယ်ရှင့်၊ ကျွန်မ ရှင်တို့ကို အပြစ်တင်ဖို့ မဆိုလိုပါဘူး။ ကတ်တွေ အရမ်းများနေတယ် ဒါပေမဲ့ အဲ့ဒီပေါ်မှာ ဆွဲထားတဲ့ ကြောင်လေးတွေက ချစ်ဖို့ကောင်းလို့ စွန့်ပစ်ရမှာ စိတ်မကောင်းဖြစ်မိလို့ ရှင်တို့ဆီ ပြန်ပေးဖို့ လာခဲ့တာပါ”
ချူးကျောက်က မေးလိုက်သည်။ “မြောင်မြောင်အဖွဲ့ဆိုတာ ဘယ်လိုမျိုးလဲ”
ကျင့်ချီသည် အဖွဲ့ဝင်အသစ်များ ခေါ်ယူရန် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်ခံမည်မဟုတ်ပေ။ “ငါတို့ အဖွဲ့ကို ထောင်ထားတာ မကြာသေးဘူး ဆိုတော့ လူ သိပ်မသိကြဘူး။ အခု လောလောဆယ်မှာ ယုံကြည်ရတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ ရှိတယ်၊ လက်ထောက် အတွင်းရေးမှူးပေါ်ရန်၊ အဲ့ဒီဝရန်တာမှာ ခပ်တည်တည်နဲ့ ပန်းချီဆွဲနေတာလေ၊ ပြီးတော့ လူမှုဆက်ဆံရေးဝန်ကြီး ရှုချောင်းယန် - သူကတော့ မင်းတို့အဆောင်အောက်မှာ အဲ့စာရွက်တွေကို အများကြီးလာချထားတဲ့သူပဲ”
ကျင်းရှီက အဆုံးထိပြောပြနေသည်ကို စောင့်နေတုန်းပဲဖြစ်သည်။ သို့သော် ဒီလောက်ပဲ ပြောပြနိုင်သည်။ အဖွဲ့တစ်ခုလုံးမှာ အခုထိ လူ သုံးယောက်ပဲ ရှိသေးသည်။
ကျင့်ချီက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး ဆက်ပြောနေသည်။ “ကျောင်းအဖွဲ့အများစုတွေက ကျောင်းသားလှုပ်ရှားမှုတွေကို အဓိကထားပေမယ့် ငါတို့ရဲ့အဖွဲ့ကတော့ ကျောင်းဝင်းတဝိုက်က ကြောင်လေးတွေနဲ့ ခွေးလေခွေးလွင့်တွေကို အဓိကထားတယ်”
သူသည် အံဆွဲထဲမှ ဓာတ်ပုံတစ်ဒါဇင်ခန့်ကို ထုတ်ယူလိုက်သည်။ “ဒါတွေက ငါတို့ကျောင်းဝင်းထဲမှာ လက်ရှိနေထိုင်နေတဲ့ ခွေးလေခွေးလွင့်တွေပဲ။ ငါတို့ရဲ့ အဓိကအလုပ်က ဒီတိရစ္ဆာန်တွေကို ကာကွယ်ဖို့၊ အတတ်နိုင်ဆုံး ဂရုစိုက်ပြီး အန္တရာယ်မဖြစ်အောင် ထိန်းသိမ်းဖို့ မင်းတို့ရောဘယ်လိုထင်လဲ”
ကျင်းရှီက ချူးကျောက်ကိုကြည့်လိုက်သည်။ “တော်တော်ကောင်းမယ်ထင်တယ်”
ပေါ်ရန်က သူ့ပုံဆွဲဘုတ်ပြားကို ဖယ်လိုက်ပြီး လမ်းလျှောက်၍ ဝင်လာသည်။ သူက ကျင်းရှီကို “မ၀င်ခင် သေချာစဉ်းစား။ ဒီလို အခြေခံလူတန်းစားအသင်းမျိုးက အကျင့်စာရိတ္တအမှတ် ပေးနိုင်မှာ မဟုတ်ဘူး”
ကျင့်ချီက ပေါ်ရန်ကို မျက်စိမှိတ်ပြလိုက်ပြီး “ရဲဘော်ပေါ်၊ မင်း ဒီလိုသဘောထားနဲ့ လူတွေကို ဘယ်လိုလမ်းပြနေတာလဲ”
ကျင်းရှီ - “ကျွန်မတို့ စိတ်ဆုံးဖြတ်ပြီးသွားပါပြီ၊ မြောင်မြောင်အဖွဲ့ကို ဝင်ချင်တယ်၊ အကျင့်စာရိတ္တ အမှတ်တွေ မရလည်း ကိစ္စမရှိဘူး”
ချူးကျောက်က ခေါင်းညိမ့်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် တခြားအဖွဲ့တွေလည်း ဘာအမှတ်မှ မပေးဘူး၊ ပြီးတော့ အသင်းဝင်ကြေး ဒေါ်လာ ၂၀ လောက်တောင် ပေးရတယ်”
ထိုစကားကိုကြားပြီး ကျင့်ချီမှာ အရမ်းပျော်သွားသည်။ ရှုချောင်းယန်ကို အမြန်ခေါ်လိုက်သည်။ “လူမှုဆက်ဆံရေး၀န်ကြီးရေ၊ ကောင်မလေးတွေရေးဖြည့်ဖို့ ဝင်ခွင့်ဖောင်တွေကို မြန်မြန်ယူလာ!”
ရှုချောင်းယန် ပခုံးတွန့်လိုက်သည်။ “ငါတို့လို ဗရမ်းဗတာ အဖွဲ့အတွက်က ဘာဝင်ခွင့်ဖောင်တွေ ရှိနေလို့လဲ”
“ရှိတယ်၊ ရဲဘော်ပေါ်က လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သူတို့ကိုယ်တိုင် ဆွဲခဲ့တာ”
ပေါ်ရန်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “မနေ့တနေ့က အိမ်သာက အိမ်သာသုံးစက္ကူတွေ ကုန်သွားတော့ မင်းရဲ့ လူမှုဆက်ဆံရေးဝန်ကြီးက အရေးပေါ်သုံးဖို့ ဝင်ခွင့်ဖောင်တွေ ယူသွားတယ်”
ကျင့်ချီ - ......
ပါးစပ်ပိတ်ထားစမ်း၊ ပါးစပ်ပိတ်ထား၊ မင်းတို့ ပြောနေတာတွေ ရပ်လိုက်တော့။
ပေါ်ရန်သည် မိန်းကလေးနှစ်ယောက်အတွက် ဝင်ခွင့်ဖောင်များကို ရေးဆွဲကာ သူတို့၏ အမည်များ၊ ကောလိပ်များနှင့် အဆက်အသွယ် အချက်အလက်များကို လှပသော လက်ရေးလှဖြင့် ရေးမှတ်ပြီး ထောင့်များတွင် ရိုးရှင်းသော ချစ်စရာကြောင်ကလေးများကိုပင် ထည့်သွင်းရေးဆွဲခဲ့သည်။
ကျင်းရှီနှင့် ချူးကျောက်တို့က စားပွဲပေါ်ကို ကိုယ်ကို ကိုင်းညွတ်ပြီး ဖောင်များကို ကျင့်ချီဆီ မအပ်ခင် သေသေချာချာ ဖြည့်ပေးနေသည်။
ကျင့်ချီ - “ဂုဏ်ယူပါတယ်၊ မင်းတို့က အခု မြောင်မြောင်အဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင်ဖြစ်သွားပါပြီ။ လာပါ၊ ငါတို့အဖွဲ့ဝင်သစ်တွေကို စကားနည်းနည်းပြောရအောင် ရဲဘော်ပေါ်”
ကျင်းရှီနှင့် ချူးကျောက်တို့သည် ပေါ်ရန်ကို မျှော်တလင့်တကြီး ကြည့်နေကြသည်။
ပေါ်ရန်၏ နက်မှောင်သော ဇာမဏီမျက်လုံး တစ်စုံသည် ကျင်းရှီကို အနည်းငယ် စွဲစွဲမြဲမြဲ ကြည့်နေမိသည်။ သူက ပြောလိုက်သည်။ “မင်းတို့ မြောင်မြောင်အဖွဲ့ထဲ ၀င်ဖို့ရွေးချယ်လိုက်ရင် အနည်းဆုံးတော့ စာသင်နှစ်တစ်နှစ်လောက်အထိ အဖွဲ့ထဲမှာ နေပေးမယ်လို့ ကတိကဝတ်ပြုနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်၊ လမ်းတစ်ဝက်လောက်မှာ မရပ်လိုက်ပါနဲ့။ ဒါက စေတနာ့ဝန်ထမ်း ပရဟိတအသင်းပဲဖြစ်တယ်။ မင်းတို့ ထင်ထားသလောက်တော့ စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ဘူး၊ ငါတို့ဆီမှာ အခုက အဖွဲ့သားတွေ နည်းပါးနေတော့ အလုပ်က တော်တော်တော့ များလိမ့်မယ်၊ အဲ့တော့ မင်းတို့ စိတ်ကို ပြင်ဆင်ထားဖို့ မျှော်လင့်မိပါတယ်”
ကျင့်ချီက ချောင်းဟန့်ပြပြန်သည်။ “ဘာလို့ ဒီလို မှိင်တွေသွားအောင် ပြောလိုက်ရတာလဲ။ ငါတို့ အဖွဲ့က အရမ်းပျော်ဖို့ကောင်းတုန်းပဲလေ၊ ဥပမာ အပြင်ထွက်ပြီး လေ့လာရေးခရီးတွေကို ပုံမှန်စီစဉ်ပေးနေကျလေ”
ရှုချောင်းယန် - “ဟမ်? ငါတို့မှာ အဲ့လိုလေ့လာရေး လှုပ်ရှားမှုတွေ ရှိတာလား၊ ဘာလို့ ဒီကလူမှုဆက်ဆံရေးဝန်ကြီးက မသိရတာလဲ”
ကျင့်ချီက သူ့ကို စိုက်ကြည့်နေသည်။ “အရင်က မရှိခဲ့ဘူး၊ အခုမှ ငါတို့ လုပ်မလို့၊ ဘာလဲ၊ အဲ့ဒါကိုခွင့်မပြုဘူးလား”
ချူးကျောက်မှာ တစ်ခုခုလုပ်စရာရှိသည့်အတွက် စောစော ထွက်သွားခဲ့သည်။ ကျင်းရှီက နောက်မှာကျန်နေခဲ့၍ ကျင့်ချီ၏ အဖွဲ့အလုပ်ကို ဂရုတစိုက် နားထောင်နေသည်။ အချိန်မှာ နောက်ကျလာပြီးဖြစ်သောကြောင့် ထွက်သွားဖို့ ထလိုက်ရာ ပေါ်ရန်က သူ့ဆေးသုတ်တံကို ချလိုက်ပြီး “မှောင်နေပြီ၊ မလုံခြုံဘူး။ ငါပြန်လိုက်ပို့ပေးမယ် ရဲဘော်”
ကျင့်ချီ - ......
အကြောင်းမှာ သူမဟာ အဆောက်အဦးရဲ့ တစ်ဖက်မှာ နေသည်။ သို့သော် ဘေးကင်းရေးအကြောင်းပြောနေသည့်တစ်ယောက်ကသာ အန္တရာယ်အရှိဆုံးအရာဖြစ်သည်။
ပေါ်ရန်သည် အဆောင်အခန်းတံခါးကိုပိတ်ပြီးနောက် ကိုယ်ကိုလှည့်ကာ ကျင်းရှီကို နံရံပေါ်သို့တွန်းလိုက်ပြီး သူမ၏ ပခုံးပေါ်လက်တင်လိုက်သည်။ မျက်လုံးများ မှုန်ကုပ်ကုပ်နှင့် “မင်း ခွေးတွေကို အရမ်းကြောက်တာကို ငါမှတ်မိတယ်” ဟုညင်သာစွာ ပြောလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် ပန်းခြံအတွင်းရှိ ချုံပုတ်များတွင် ခွေးစာများ ချထားခဲ့ကာ ခွေးလေခွေးလွင့်များစွာကို အစာလာစားအောင် လုပ်နေခဲ့သည်။ ကျင်းရှီက ထိုနေရာနားက ဖြတ်သွားပြီး သူတို့ကို မြင်သော်လည်း သူတို့နားမချဉ်းကပ်ရဲပေ။
"မင်းဘာလို့ ငါတို့ အဖွဲ့ထဲဝင်လာတာလဲ”
သူမပုခုံးပေါ်ရှိ သူ့လက်၏ အလေးချိန်ကို သူမ ခံစားနေရသည်။ မပေါ့ပေ။ သူမ၏အဝတ်အစားများမှတစ်ဆင့် သူမ၏အရေပြားပေါ်ရှိ သူ့လက်ဖဝါးမှ နွေးထွေးမှုကို ခံစားလိုက်ရပြီး အလိုအလျောက် အနည်းငယ်တုန်လှုပ်သွားကာ နှလုံးခုန်သံများ မြန်လာသည်။
“ကျွန်မ ခွေးမကြောက်ပါဘူး” သူမ၏ နားရွက်များ လျင်မြန်စွာ နီမြန်းလာသဖြင့် အကြည့်လွှဲလိုက်လေသည်။
သူမကို ငုံ့ငုံ့ကြည့်ရင်း သူ့နှုတ်ခမ်းပါးလေးထောင့်က အနည်းငယ် ကွေးညွတ်သွားသည်။ “တကယ်လား?”
“ကောင်းပြီ ကျွန်မ ခွေးတွေကို အရမ်းကြောက်တယ်” ကျင်းရှီ သက်ပြင်းချပြီး ဝန်ခံခဲ့သည်။ “ဒါပေမယ့် ရှင်တို့တွေ အဖွဲ့သားမရှိတော့ အရမ်းစိတ်ညစ်နေကြတယ်လို့ ကြားမိလို့”
“ငါတို့ အဖွဲ့သားအင်အား အရမ်းနည်းနေတယ်” ဟုပေါ်ရန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “အစတုန်းက အတန်းဖော်တွေ အများကြီးရှိပေမယ့် တစ်ပတ်၊ တစ်လတောင် မခံနိုင်ကြဘူး။ နောက်ဆုံးတော့ ငါတို့ သုံးယောက်ပဲ အဆောင်ထဲမှာ ကျန်ခဲ့တယ်၊ ဒါက လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး”
သူမ၏ ခိုမျက်လုံးလေးများသည် သတ္တိရှိရှိ တောက်ပနေသည်။ “ရှင်တောင် လုပ်နိုင်သေးတာပဲ ကျွန်မလည်း လုပ်နိုင်မှာပါ”
ပေါ်ရန်၏ မျက်လုံးထောင့်များသည် သူမနှင့် နီးကပ်စွာ စိုက်ကြည့်ရင်း အနည်းငယ် ကြွတက်လာသည်။ သူ၏ ပူနွေးစိုစွတ်သော အသက်ရှုသံများက သူမ၏နားများကို တိုက်မိလေသည်။
“မင်းကို ကြည့်ရတာ ငါ့ကို တော်တော်လေး သဘောကျနေပုံပဲ”
ပေါ်ရန်ကို ကြည့်ရင်း ကျင်းရှီ၏ အသက်ရှုသံများ မြန်လာသည်။ သူ့မျက်လုံးများသည် ကြည်လင်ပြတ်သားပြီး တည်ကြည်စွာ တောက်ပနေသည်။ ကျင်းရှီက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တော့သည်။ “ဟုတ်တယ်!”