အပိုင်း (၁၇)
Vol. 2 Ch. 17
“မင်းကို ကြည့်ရတာ ငါ့ကို တော်တော်လေး သဘောကျနေပုံပဲ”
“ဟုတ်တယ်”
ပေါ်ရန်နှင့် ကျင်းရှီတို့ပြောနေသည်ကို ရှုချောင်းယန်နှင့် ကျင့်ချီတို့က ကြားသွားသည်။ ပေါ်ရန်၏ အံ့သြဖွယ် အရှက်မရှိခြင်းကို တွေ့သွားလေသည်။
“ဒါပေမယ့် မင်းက အရမ်းငယ်သေးတယ်” ပေါ်ရန်က ဖျတ်ခနဲ ပြုံးကာ ပြောပြီး ကျင်းရှီ၏ ခေါင်းကို ပုတ်လိုက်ပြီးနောက် သူ့လက်ကို သူ့ရင်ဘတ်ပေါ်တင်လိုက်သည်။
“ဒီလိုအရွယ်သေးသေလေးနဲ့တော့ ငါတို့တွေ မလိုက်ဖက်ဘူး” ဟုသူက ဆက်ပြောသည်။
ဇဝေဇဝါဖြစ်နေပြီး ကျင်းရှီက မေးလိုက်သည်။ "မလိုက်ဖက်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ”
ပေါ်ရန်သည် မျက်ခုံးပင့်ကာ သူ၏ နက်မှောင်တောက်ပသော မျက်လုံးများထဲတွင် ပြောင်ချောချော်လုပ်နေသာ အရိပ်အယောင်များနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားမှုကို အလေးပေးဖော်ပြနေပုံများကို တွေ့နေရသည်။
ရှုချောင်းယန်သည် ဒေါသတကြီးဖြင့် လက်သီးများကို ဆုပ်ထားပြီး အံကြိတ်ထားသည်။ “ဒါက လွန်လွန်းတယ်၊ ငါ့ရဲ့ ချစ်စရာ ကျောင်းသူလေးကို မင်းမလို့ ဒီလိုစကားတွေ ပြောပြီး ဘာလို့ လိုက်နှောင့်ယှက်နေတာလဲ”
ကျင်းရှီက အသက်ပြင်းပြင်းရှူလိုက်သည်။ “အရွယ်အစား” ဟုထပ်ခါတလဲလဲ ပြောနေသည်။
ပေါင်ရန်က ထိုအကြောင်းအရာကို ဆက်မပြောတော့ဘူးဟု ဆုံးဖြတ်လိုက်ပြီး “မင်း ငါ့ကို ဘယ်လောက် သဘောကျလဲ” ဟုမေးလိုက်သည်။
“အင်း... ရှင်က ကျွန်မ အပေါ် ကောင်းပေးတယ် စီနီယာ” ကျင်းရှီက ပြန်ဖြေလိုက်သည်။
နံရံကို မှီ၍ ပေါ်ရန်က သူ့လက်ကို သူမပုခုံးပေါ်တင်ထားသည်။ သူ့နှုတ်ခမ်းပါးလွှာမှာ အနည်းငယ် ကွေးတက်သွားသည်နှင့်အတူ နက်မှောင်သော မျက်လုံးများက သူမကို စူးစိုက်ကြည့်ရင်း စနောက်ချင်သည့်အပြုံးများဖြင့် ပြည့်နှက်နေသည်။
“မင်းရဲ့ ဒီကစီနီယာက မင်းပေါ် အခုထက်ပိုကောင်းပေးရမလား” သူ့လေသံက အနည်းငယ် ပျော့ပျောင်းပြီး ဆွဲဆောင်မှုရှိကာ တိုးတိုးလေးပြောနေသည်။ “မင်းကို မြတ်နိုးဖို့၊ မင်းကိုချစ်ဖို့၊ မင်းကို အရာအားလုံးပေး...”
ကျင်းရှီ၏ နက်မှောင်သော မျက်လုံးများ တစ်ချက်မှိတ်သွားသည်။
“မလိုပါဘူး စီနီယာ၊ ရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ခံစားချက်က နည်းပြရှုနဲ့ ချူးကျောက်တို့အပေါ်ထားတာနဲ့ အတူတူပဲ။ ရှင်တို့အားလုံးက ကျွန်မရဲ့သူငယ်ချင်းတွေပဲလေ”
ပေါ်ရန်သည် သူမဆီမှ ထိုစကားလုံးများကို မကြားခင် သူမကို နမ်းတော့မလို လုပ်နေသည်။ ထို့နောက် သူ့လှုပ်ရှားမှုများလည်း ရပ်တန့်သွားပြီး သူမပုခုံးပေါ်ကနေ သူ့လက်ကို ဖယ်လိုက်ပြီး “မင်းငါ့ကို နောက်နေတာလား” ဟူသော မျက်နှာအမူအရာမျိုး ဖြစ်သွားသည်။
“သူတို့နဲ့အတူတူပဲ?”
“ဟုတ်တယ်လေ”
ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ကျင်းရှီသည် သူ့လက်အောက်မှ လွတ်ထွက်သွားပြီး သူနှင့်ခြေလှမ်းအနည်းငယ်အကွာ၊ ဘေးကင်းနေမည့် အကွာအဝေးလောက်တွင် သွားရပ်နေသည်။ သူမက လှည့်ကြည့်ကာ “စီနီယာ၊ ရှင်က လူကို တော်တော် လှည့်စားတတ်တာပဲ” ဟုပြောလိုက်သည်။
“ဟမ်?”
“အဲ့ဒါကြောင့် ရှင့်လိုလူမျိုးကို မိန်းကလေးတွေ အများကြီးကြိုက်ကြတာ မဆန်းဘူး။ ကျွန်မဖြင့် ခုနက ရင်ခုန်သွားတာပဲ”
ထို့သို့ပြောဆိုပြီးနောက် သူမသည် သူမ၏ အဆောင်အခန်းထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်ကာ သေသေချာချာ သော့ခတ်လိုက်သည်။
ပေါ်ရန်သည် ဘယ်သူမှမရှိသော လျှေောက်လမ်းအဆုံးတွင် အိတ်ကပ်များထဲ လက်နှစ်ဖက်ထည့်ကာ ရပ်နေပြီး ဖြတ်သန်းတိုက်ခတ်လာသော အေးစက်သောလေပြင်းကို ငမိုက်သားတစ်ကောင်အနေဖြင့် ခံစားနေလေသည်။
ဤအရိပ်အမြွက်များနှင့် သဲလွန်စများကို သိမြင်ရပြီးနောက် သူသည် ထိုအရာမှာ သေချာသောအရာဖြစ်သည်ဟု ထင်ခဲ့သော်လည်း သူသည် လူဆိုးအဖြစ်သာ အဆုံးသတ်လုနီးပါးဖြစ်ခဲ့သည်။
ခပ်တည်တည်မျက်နှာဖြင့် အဆောင်သို့ပြန်လာသောအခါ ရှုချောင်းယန်က “မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားလား၊ မင်းက မျက်လုံးစုံမှိတ်ပြီး သူများကို လှည့်စားချင်တာပဲသိတာ၊ အခုတော့ သူ မင်းကို လူယုတ်မာ တစ်ယောက်လို့ မြင်သွားပြီမလား။ အဲ့လို ဘာမှမရှင်းပြနိုင်လောက်အောင် အထင်လွဲခံလိုက်ရတာ ဘယ်လိုခံစားရလဲ”
သူ၏ နောက်ဆုံးကျန်ရစ်သော ယောက်ျားသိက္ခာကို ထိန်းသိမ်းရင်း ပေါ်ရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ငါပြောပါတယ် သူက ငယ်သေးတယ်လို့၊ အဲ့လို ကလေးသာသာ ကောင်မလေးက ဘာနားလည်မှာလဲ”
“ဒီနေ့ခေတ် မိန်းကလေးတွေကို လျှော့မတွက်လိုက်နဲ့၊ သူတို့က ကြောက်စရာကောင်းတယ်” ဟုကျင့်ချီက ပြောလိုက်သည်။ “သူတို့က အများကြီး နားလည်တယ်၊ ထုတ်မပြတာပဲ ရှိတာ”
...
ထိုညတွင် ကျင်းရှီသည် ခေါင်းငိုက်စိုက်ချကာ သူမဆံပင်ရှည်များ ကျို့တို့ကျဲတဲ တွဲလောင်းကျနေပြီး အိပ်စင် အောက်ထပ်ရှိ လင်းလောကို မေးလိုက်သည်။ “စီနီယာပေါ်ရန်က ငါတို့တွေ ခန္ဓာကိုယ်အရွယ်အစား မလိုက်ဖက်ဘူးလို့ ပြောတယ်။ သူ ဒီအတိုင်းကြွားလုံးထုတ်နေတာလို့ နင်ထင်လား”
လင်းလောက သူမဖတ်နေသည့်မဂ္ဂဇင်းကို ချလိုက်ပြီး ဇောက်ထိုးဖြစ်နေသော သူမကို ကြည့်လိုက်သည်။ “ငါဘယ်လိုလုပ်သိမလဲ၊ ဒါပေမယ့် နင်သိချင်နေရင် သူ့အတွင်းခံဘောင်းဘီလှန်းတဲ့အခါကျ ကိုယ့်ဘာသာသွားကြည့်”
ချူးကျောက် - “အတွင်းခံဘောင်းဘီကို ကြည့်ပြီး တကယ့်အရွယ်အစားအစစ်အမှန်ကို မှန်းကြည့်လို့ရမှာ မဟုတ်ဘူး။ ယောကျ်ားတိုင်းမှာ သူတို့ကိုယ်ပိုင် ကြီးကျယ်ခမ်းနားမှုဆိုတာ ရှိတယ်”
လင်းလောက ပြန်ဖြေလိုက်သည်။ “ဝေါင်း၊ နင် တော်တော်သိတာပဲ”
ချူးကျောက်က မျက်မှန်ကို တွန်းတင်လိုက်ပြီး “စာအုပ်တွေထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေအိမ်ကြီးလိုဟာတွေ ရှိတယ်လေ” ဟုလေးနက်စွာ ပြောလိုက်သည်။
ကျင်းရှီက ကုတင်စွန်းတွင် ခဏလောက်လှဲနေပြီး “ဘာပဲဖြစ်ဖြစ်၊ သူက ငါ့ကို လျှော့တွက်တယ်။ အဲ့ဒါကြောင့်နဲ့တော့ ငါလက်မခံနိုင်ဘူး။ အရပ်ပုတာနဲ့ပဲ နက်နဲတဲ့မိန်းမဖြစ်ဖို့ မထိုက်တန်တော့ဘူးလို့ ဆိုလိုတာလား”
လင်းလော - ...
အမလေး “နက်နဲ”တဲ့ မိန်းမဆိုပဲ။ သူမ၏အခန်းဖော်မှာ ဘယ်လိုတောင် နှာထလှသော နတ်ဆိုးမျိုးပါလိမ့်။
\*\*
နေ့ခင်းပိုင်း အတန်းများပြီးသွားသောအခါ ပေါ်ရန်က စာသင်ခန်းထဲက ထွက်လာရာ ကျင်းရှီမှာ ကျောပိုးအိတ်လေးကို ကျောပေါ်တွင် လွယ်ထားလျက် ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
သူမ၏ဆံပင်များမှာ နားရွက်နောက်ကနေ လွင့်ပျံနေပြီး သူမ၏ချစ်စရာကောင်းသော နားရွက်လေးများက အမြဲတမ်းလိုလို ပန်းနုရောင်ဖြစ်နေကာ လူအများကို ဘဝင်ခိုက်စေသည်။
ပထမတော့ ပေါ်ရန်က သူ့ကိုမြင်တိုင်း သူမနားရွက်များ နီသွားတတ်သည်ဟု ထင်ခဲ့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ သူမနားရွက်များဟာ ဘာအကြောင်းပြချက်မှမရှိပဲ နီရဲနေတတ်ပြီး ထိုအရာမှာ သူနှင့် ဘာမှမသက်ဆိုင်ဟု တဖြည်းဖြည်းသိလာခဲ့သည်။
သူကိုယ်တိုင်ကသာ စိတ်ထင်နေခြင်းဖြစ်သည်။ ကိုယ်ဘာသာ ကယောင်ကတမ်း ဖြစ်ခြင်းအတွက် ယခုလို ဆက်ဆံခံလိုက်ရခြင်းမှာ တန်ပါသည်။
ကျင်းရှီသည် ရှန်ဖျင်ချွမ်နှင့် စာအပြန်အလှန်ပို့ရင်းငြင်းခုံနေခဲ့ပြီး ဖုန်းကိုခေါင်းငုံ့ကြည့်နေခဲ့သည်။ ရှန်ဖျင်ချွမ်က သူမ၏ဓာတ်ပုံများကို ခိုးယူပြီး သူ့ကိုယ်ပိုင်အောင်မြင်မှုဟု ဆိုရှယ်မီဒီယာမှာ တင်ထားသော ကြောင့် ငြင်းခုံနေရခြင်းဖြစ်သည်။
ဥပမာအားဖြင့် သူမသည် အစားအသောက်ဓာတ်ပုံများကို ဂရုတစိုက်စီစဉ်ပြီးတင်ပါက ရှန်ဖျင်ချွမ်သည် ၎င်းတို့ကို ခိုးယူကာ သူ၏ဆိုရှယ်မီဒီယာပေါ်တွင် တင်မည်ဖြစ်ပြီး သူမကို သိသူများကလည်း “ချစ်စရာလေးက ပိုလှလာပြီ” ဟုချီးကျူးသွားမည်ဖြစ်သည်။
ရှန်ဖျင်ချွမ်က “ဘာလို့အဲ့လိုဖြစ်လာလဲဆိုရင် သူ့မှာ ရုပ်အရမ်းချောတဲ့ အစ်ကိုတစ်ယောက်ရှိလို့ပဲ” ဟု ပြန်ဖြေတတ်သည်။
ကျင်းရှီက “ကျွန်မမျိုးရိုးဗီဇနဲ့ အစ်ကိုနဲ့က ဘာဆိုင်လို့လဲ” မေးခွန်းထုတ်လေ့ရှိသည်။
သူမ၏ဖခင် ရှန်ရှိရှန်းက “အရိုင်းအစိုင်းကောင်၊ လူအာရုံစိုက်လာအောင် လုပ်တာ ရပ်လိုက်စမ်း၊ အဓိကကတော့ သမီးရဲ့ ဒီကဖေဖေလေးက ကောင်းကောင်းမွန် ပြုစုပျိုးထောင်ခဲ့လို့ပဲ”
ကျင်းရှီ - “ချစ်တယ် \[အနမ်းအီမိုဂျီ\]”
ရှန်ဖျင်ချွမ် - ...
'ဟုတ်ပါတယ်၊ အဖေတို့သာ တစ်မိသားစုတည်း၊ သားကတော့ အရိုင်းအစိုင်းကောင်ပါ'
ပေါ်ရန်လည်း ရှန်ဖျင်ချွမ်၏ ဆိုရှယ်မီဒီယာပိုစ့်များကို တွေ့နေရသည်။ သူသည် ထိုဓာတ်ပုံများကို သိမ်းဆည်းထားပြီး ကျင်းရှီကို အမြဲစောင့်ကြည့်နေတတ်သည်။
“ကျင်းရှီ မင်း ဘယ်သွားမလို့လဲ”
ကျင်းရှီ လှည့်ကြည့်လိုက်ရာ ပေါ်ရန်ကို တွေ့လိုက်သည်။ ဒေါသတကြီးနှင့် ပြန်ဖြေလိုက်သည်။ “ရှန်ဖျင်ချွမ်ကို သွားရှာပြီး ရန်ဖြစ်ဖို့ စီးပွားရေးနှင့် စီမံခန့်ခွဲရေးကျောင်းကို သွားမလို့”
“တစ်ခုခုလုပ်ဖို့ အရင်ဆုံး ငါနဲ့အဖော်လိုက်ခဲ့”
“ဘာကြီးလဲ”
ပေါ်ရန်က သဲ့သဲ့လေးပြုံးပြပြီး မျက်ခုံးပင့်လိုက်သည်။ “ဟိုရောက်ရင် မင်းတွေ့လိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူမလက်ကောက်ဝတ်ကို ဆွဲကိုင်ကာ စာသင်ဆောင်မှ ထွက်သွားလိုက်သည်။
ကျင်းရှီသည် သူမ၏ လက်ကောက်ဝတ်ကို ကိုင်ထားသော ချောမောလှပသော လက်တစ်စုံကို ငုံ့ကြည့်လိုက်သည်။ သူမ၏အိတ်ကပ်ထဲမှ ဖုန်းသည် ဆက်တုန်ခါနေကာ ရှန်ဖျင်ချွမ်သည် သူမနှင့် ငြင်းခုံနေဆဲဖြစ်သည်။ ကျင်းရှီက ပြန်ခံပြောဖို့ မစောင့်နိုင်တော့ပဲ “စီနီယာ၊ ကျွန်မက ကလေးမဟုတ်ဘူး” ဟုပြောလိုက်သည်။
“ဟမ်?”
“ရှင် ကျွန်မလက်ကို ကိုင်ထားစရာ မလိုပါဘူး။ ပြီးတော့ ကျွန်မလဲသွားမှာလဲ မဟုတ်ပဲနဲ့”
ပေါ်ရန်က သူမကို လွှတ်ပေးလိုက်သည်။
လက်နှစ်ဖက်စလုံးကို လွတ်လပ်သွားသောအခါ ကျင်းရှီသည် သူမ၏ဖုန်းကို အမြန်ထုတ်လိုက်ပြီး ရှန်ဖျင်ချွမ်ကို အမြန်စာပို့ကာ နောင်တွင် တစ်ယောက်သင်္ချိုင်းဂူရှေ့တွင် တစ်ယောက်က ကခုန်မည်စသဖြင့် ပေါက်ကရ အစီအစဉ်များကို ဆွေးနွေးကာ တောက်လျှောက် ငြင်းခုံနေကြသည်။
ပေါ်ရန်က ကျင်းရှီကို အိမ်မွေးတိရစ္ဆာန် ဆေးရုံတစ်ရုံ၏ ဝင်ပေါက်ဆီခေါ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ကျင်းရှီက သူမ၏ဖုန်းကို လက်ကချလိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုခဲ့သည်။
သူနာပြုဆရာမတစ်ယောက်က ရွှေဝါရောင်ကြောင်တစ်ကောင်ကို သယ်လာပြီး ပေါ်ရန်ကို ပြောလိုက်သည်။
“ခွဲစိတ်တာ အောင်မြင်သွားပါပြီ။ ငွေရှင်းပြီးရင် ကြောင်လေးကို အိမ်ပြန်ခေါ်သွားလို့ရပြီနော်” ဟုပေါ်ရန်ကို ပြောလိုက်သည်။
“ကျေးဇူးပါ”
ပေါ်ရန်သည် ရွှေဝါရောင်ကြောင်ကို လှမ်းယူလိုက်ကာ သူ့ပုခုံးပေါ်တွင် နာခံစွာ တွယ်ကပ်နေသည်ကို သူတကယ်သဘောကျပုံရသည်။
ကျင်းရှီက စိတ်လှုပ်ရှားစွာနှင့် “ပေါ်ရန်၊ ဒါ ရှင့်ကြောင်လေးလား”
ကြောင်လေးကို သူမရှေ့သို့ ညင်သာစွာ ခေါ်လာရင်း ပေါ်ရန်၏ မျက်လုံးများသည် သနားညှာတာမှုဖြင့် ပြည့်နှက်နေသည်။ “ဒါက ငါ့ကြောင်မဟုတ်ဘူး၊ ငါတို့ကျောင်းက ပိုင်ရှင်မဲ့ကြောင်လေးတစ်ကောင်ပဲ။ မင်း ကိုင်ချင်လား”
ကျင်းရှီက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိမ့်ပြပြီး ပေါ်ရန် လက်ထဲက ကြောင်လေးကို ဂရုတစိုက်နှင့် ပွေ့ဖက်လိုက်သည်။ ရွှေဝါရောင်ကြောင်လေးက ကျင်းရှီ၏လက်လေးကို ပွတ်သပ်လိုက်သည်။ “အရမ်းချစ်စရာကောင်းလိုက်တာ!”
“ဒဏ်ရာကို မထိမိစေနဲ့နော်”
“ဒဏ်ရာက ဘယ်မှာလဲ”
“အဲ့ဒါက ... သူ့ရဲ့ 'ဥ' ကို ဖယ်လိုက်တာ”
“အိုး”
ငွေရှင်းပြီးနောက် ပေါ်ရန်က ကြောင်ကိုထည့်သွားပြီး လွယ်၍ရသော ဆေးတောင့်ပုံစံ ကျောပိုးအိတ်ထဲ ကြောင်ကလေးကို ထည့်ကာ သူ့နောက်ကျောမှာ ထမ်းထားလိုက်သည်။
ကြောင်ကလေးသည် ထိုအိတ်၏ မှန်ပြတင်းပေါက်လိုနေရာမှ ရံဖန်ရံခါ ချောင်းကြည့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။
အရပ် ၁.၈၇ မီတာမြင့်သော ပေါ်ရန်သည် ထိုအိတ်ကို သူ့နောက်ကျောတွင် ထမ်းထားကာ နှစ်ယောက်သား လမ်းပေါ်လျှောက်လာကြသည်မှာ လူအများ၏ အာရုံကို ဖမ်းစားမိနေသည်။
ကျောင်းဝန်းထဲရောက်သောအခါ မိန်းကလေးများသည် လမ်းလျှောက်နေရာမှ ရပ်ပြီး သူ့ကို မလှည့်ကြည့်ပဲ မနေနိုင်ကြပဲ အချို့မှာ ဓာတ်ပုံရိုက်ရန် ဖုန်းများကိုပင် ထုတ်ကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
“ပေါ်ရန်က ချစ်စရာကြီး!”
“ကြောင်မွေးချင်လိုက်တာ”
“ငါကတော့ ပေါ်ရန်ကို ခေါ်သာမွေးထားလိုက်ချင်တယ်”
ကျင်းရှီက ပေါ်ရန်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။ “စီနီယာပေါ်ရန်၊ မြောင်မြောင်အဖွဲ့မှာ နေ့တိုင်း ဘာလုပ်ရလဲ”
သူတို့နှစ်ယောက် လမ်းလျှောက်လာရင်းနှင့် “တော်တော် ငြီးငွေ့ဖို့ကောင်းတယ်။ ကြောင်တွေကို ပုံမှန်အစာကျွေးတယ်၊ အကျင့်ဆိုးတွေ ပြင်ပေးတယ်၊ ကျောင်းကနေ ခွေးလေခွေးလွင့်နှင့် ကြောင်တွေကို သင်းဖို့အတွက် အိမ်မွေးတိရစ္ဆာန်ဆေးရုံကို ခေါ်သွားပေးတယ်”
ကျင်းရှီက ဆူပုတ်ပြီး ပြောလိုက်သည်။ “သင်းပေးတယ်? အဲ့ဒါက တော်တော် ရက်စက်တယ်မဟုတ်ဘူးလား၊ ကျွန်မပြောချင်တာက သူတို့လည်း အဲ့လိုမျိုးလုပ်တာကို လိုချင်မှာမဟုတ်ဘူးလေ”
“ဒါပေါ့”
“ဒါဆိုဘာလို့လုပ်တာလဲ”
ပေါ်ရန်၏ အသံမှာ လေးနက်သွားသည်။ “မျိုးပွားတာကို ထိန်းလိုက်တာက သူတို့တွေ အသေများတာကို ကာကွယ်လိုက်သလိုပဲ။ သူတို့ရဲ့ကလေးတွေကို သူတို့မထိန်းနိုင်ရင် အစကတည်းက မမွေးတာကမှ ပိုကောင်းဦးမယ်”
ကျင်းရှီသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ပေါ်ရန်၏ အင်္ကျီစကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
“ဘာဖြစ်လို့လဲ?”
"ဘာမှမဖြစ်ပါဘူး”
ကျင်းရှီမှာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ပေါ်ရန်သည် ကျောင်းရှိ လေလွင့်တိရစ္ဆာန်များကို ဘာ့ကြောင့် ပြုစုစောင့်ရှောက်နေသည်ကို သူမ တဖြည်းဖြည်း နားလည်လာသည်။
သူလည်း မိဘမရှိသော ကလေးတစ်ယောက် ဖြစ်ခဲ့သည်။
ကျောင်းရောက်သည့်အခါ ပေါ်ရန်က ရွှေဝါရောင်ကြောင်ကလေးကို ချုံပုတ်ထဲ ပြန်လွှတ်ပေးလိုက်ပြီး ခေါင်းလေးကို ပုတ်လိုက်သည်။ “ကောင်မလေးထားဖို့ မစဉ်းစားနဲ့၊ မင်းမှာ စွမ်းအားတွေက အကန့်အသတ်နဲ့ပဲ ရှိတော့တယ်၊ အဲ့ဒါကြောင့် ခပ်အေးအေးနေတတ်တဲ့ ခန့်ချောကြီးအဖြစ်သာ နေပေတော့”
ကြောင်သည် ပေါ်ရန်၏ လက်ဖဝါးကို ပွတ်သပ်နေကာ အကြိမ်အနည်းငယ် မြောင်ဟု အော်ပြပြီး ထွက်သွားလေသည်။
ထို့နောက်ကျင်းရှီက ပေါ်ရန်ကို မစ်လ်တီးလိုက်တိုက်ခဲ့သည်။
မစ်လ်တီးဆိုင်မှာ တန်းစီစောင့်ဆိုင်းရင်း ကျင်းရှီက “ရှင်ပြောတာကို ကြောင်လေးသာ နားလည်နိုင်ရင် စိတ်ဆိုးသွားလိမ့်မယ်” ဟုပြောလိုက်သည်။
သူမဘေးမှာ ရပ်နေသော ပေါ်ရန်က ပြုံးပြုံးရွှင်ရွှင်နှင့်ပင်။ “ကျောင်းက ကြောင်မတွေအကုန်လုံးက အားဟွမ်ရဲ့ ကောင်မလေးတွေ ဖြစ်ခဲ့ဖူးတယ်။ မင်းရော အဲ့ဒါကို စိတ်ဆိုးစရာလို့ မထင်ဘူးလား”
“အမ်...”
အခုတော့ သူ့ 'ဥ' ပျောက်သွားပြီဖြစ်သောကြောင့် တော်တော်စိတ်ပျက်နေမှာ သေချာသည်။