အပိုင်း (၁၈)
Vol. 2 Ch. 18
မစ်လ်တီးပူပူနွေးနွေး နှစ်ခွက်ကို ယူပြီးနောက် ကျင်းရှီသည် ပေါ်ရန်အား တစ်ခွက်ပေးလိုက်ကာ ပြတင်းပေါက်နားရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
ကောင်းကင်သည် မှောင်စပြုလာပြီဖြစ်၍ လမ်းမီးတိုင်များ ထွန်းလင်းလာကာ ဆောင်းဦး၏ အေးမြသောလေနုအေးကို ယူဆောင်လာခဲ့သည်။
ပေါ်ရန်သည် ပါးစပ်ထဲတွင်ပိုက်ကို ကိုက်ထားပြီး စားပွဲပေါ် မှီထိုင်ကာ “ဘာလို့ ငါ့ကိုမစ်လ်တီးသောက်ဖို့ ခေါ်လာတာလဲ” ဟုမေးလိုက်သည်။
“ဘာလို့လဲဆိုရင်” ကျင်းရှီက ပြန်ဖြေလိုက်သည်။
ကျင်းရှီသည် သူမ၏ခွက်ထဲက ဘာဘယ်များကိုရှာရန် ကြိုးပမ်းနေခဲ့ပြီး ပိုက်ကို သေချာနေရာ ချထားကာ ထိုဘာဘယ်များကို ဂရုတစိုက် စုပ်နေသည်။ ထို့နောက် အံသွားများဖြင့် ကြိတ်ဝါးကာ ကျေနပ်သည့်အမူအရာမျိုး သူမမျက်နှာတွင် ပေါ်လာသည်။
“အရာရာတိုင်းမှာ အကြောင်းပြချက်ဆိုတာ အမြဲရှိတယ်” ပေါ်ရန်က သူမကိုကြည့်ရင်း ချိုမြိန်မှုမှာ သူ့လျှာပေါ် ပျော်ဝင်ကျကာ ထိုကိစ္စကို အလွှတ်မပေးပေ။ “ဒါဆို ဘာလို့လဲ?”
ပြတင်းပေါက် အပြင်ဖက်တွင် မြူမှုန်ပါးပါးလေးများ ပေါ်လာခဲ့သည်။
ကျင်းရှီသည် မြူခိုးငွေ့များကို ရှူရှိုက်လိုက်ပြီး ပတ်ဝန်းကျင်ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ “ရာသီဥတုအေးလာတဲ့အခါကျရင် ဘာဘယ်တီး ပူပူလေး တစ်ခွက်သောက်လိုက်ရတာက ပျော်ရွှင်မှုတစ်ခုပဲ။ စီနီယာလည်း ဒီလိုပျော်ရွှင်မှုကို ခံစားမိမှာပါ”
ပျော်ရွှင်မှု။
ဒါဟာ ကြုံတောင့်ကြုံခဲ အရာတစ်ခုပင်ဖြစ်သည်။ မူးယစ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးမှုတွင် သူ့မိဘများ အသတ်ခံလိုက်ရသည့် နေ့မှစ၍ သူတို့၏ အလောင်းများကို ရှာမတွေ့တော့ပဲ ပေါ်ရန်သည် ပျော်ရွှင်မှုဆိုသည်မှာ မည်သို့ပုံသဏ္ဍာန်ရှိသည်ကို တစ်ခါမှ မတွေးဖူးချေ။
သူ့အကြည့်များက လက်သည်းဆိုးနီ အောက်ခံဆိုးထားသည့်အလွှာတွင် ကြည်လင်သောအရောင်နှင့် လခြမ်းပုံသဏ္ဍာန်ရှိသည့် သူမ၏ရောင်စုံလက်သည်းများ လှပစွာရှိနေသော လက်ချောင်းလေးများက ဘာဘယ်တီးခွက်ကို ကိုင်ထားနေသည့်အပေါ်သို့ ရောက်သွားလေသည်။
သူသည် မျက်ခုံးပင့်ကာ သူမလက်ကိုလှမ်းကိုင်လိုက်ပြီး သူလက်ထိပ်များဖြင့် သူမလက်သည်းများကို ညင်သာစွာ ထိလိုက်သည်။ “ဆောင်းတွင်းမှာ ဖီဖီကျင်းလေးတိုက်တဲ့ ဘာဘယ်တီးတစ်ခွက်က ပျော်ရွှင်မှုတစ်ခုပဲ”
ထိုလခြမ်းလေးသည် သူ့နှလုံးသားထဲရှိ ပျော်ရွှင်မှု၏ မူလပုံစံဖြစ်နိုင်သည်။
\*\*
အမျိုးသားနေ့အားလပ်ရက်ရှည်ကြီး ပြီးသွားပြီးနောက် မိန်းကလေးအဆောင်ရှိ အခန်း ၄၁၀နှင့် ယောက်ျားလေးအဆောင်ရှိ အခန်း ၄၀၉ နှစ်ခုစလုံးသည် အခန်းဖော်အသစ်များကို ကြိုဆိုခဲ့ကြသည်။
ချူးထန်ဟုခေါ်သော အရပ်မြင့်မြင့်နှင့် ချောမောသော မိန်းကလေးသည် အခန်း ၄၁၀ သို့ ပြောင်းလာခဲ့သည်။
ဆံပင်တိုတိုနှင့် မျက်ခုံးမွှေးကြားတွင် ကျက်သရေရှိသော လွတ်နေသောနေရာနှင့်အတူ သူမသည် အလွန်ချောမောသောအသွင်အပြင်နှင့် အေးစက်သောကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားသည်။
အခန်း ၄၀၉ တွင် ခေတ်မီပြီး ဖက်ရှင်ကျသော ရှားယိုအမည်ရှိ ကောင်လေးတစ်ယောက် ရောက်ရှိလာခဲ့သည်။ သူသည် လူကြိုက်များသော ဘရန်းအ၀တ်အစားများကို ၀တ်ဆင်ထားပြီး သူ၏ Nike ဖိနပ်တောင် ညအမှောင်ထဲတွင် တောက်ပနေပုံရသည်။
နူးညံ့သိမ်မွေ့သော ကောင်လေး ပြောင်းလာသည်နှင့် တစ်ပြိုင်နက် သူ့အိတ်ထဲမှ စကင်ကဲထုတ်ကုန် ပုလင်းများနှင့် စားပွဲကို အပြည့်နေရာယူလိုက်ပြီး အခန်းတွင်းရှိ အခြားလူများ အားလုံးကို တအံ့တသြ ဖြစ်သွားစေသည်။
သူသည် ဘေးအိမ်က ကောင်မလေးများအတွက်လည်း လက်ဆောင်များ ပေးဖို့ ပြင်ဆင်ထားပြီး Maskတစ်ဘူးဆီပေးကာ ကောင်မလေးများ ရင်ခုန်စိတ်လှုပ်ရှားစွာ အော်ဟစ်သွားကြသည်။ ရက်အနည်းငယ်ကြာသောအခါတွင် သူသည် သူ့ဘေးနားရှိ မိန်းကလေးများနှင့် အလွန်ရင်းနှီးလာပြီး သူနေသော အဆောင်တစ်ထပ်လုံးရှိ ယောက်ျားလေးများအားလုံး၏ ရန်သူဖြစ်လာသည်။
အခန်း ၄၁၀ နှင့် ၄၀၉ ၏အဖွဲ့ဝင်များသည် ယောက်ျားလေးများနှင့် မိန်းကလေးအဆောင်များသို့ အသီးသီးပြောင်းရွှေ့လာသော အဖွဲ့ဝင်အသစ်များသည် သူတို့မျှော်လင့်ထားသည့်အရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်ကို မခံစားနိုင်ကြပေ။
ဒီဇင်ဘာလ အစောပိုင်းတွင် အပူချိန်သည် ကျဆင်းပြီး ပိုအေးလာခဲ့သည်။ မြို့တော်ဘီတွင် ဆောင်းရာသီသည် စိုစွတ်ပြီး အေးစက်နေကာ အဆောင်များတွင် လျှပ်စစ်ပါဝါမြင့်သော လျှပ်စစ်ပစ္စည်းများ အသုံးပြုမှု တိုးလာခဲ့သည်။
ကျောင်းသားသမဂ္ဂနှင့် လုံခြုံရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား အဆောင်များအား အခန်းတိုင်းသို့ သွားရောက်ကြည့်ရှုပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသားအဆောင်များကို အကြီးစား ဝင်ရောက် စစ်ဆေးခြင်းတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
ခါတိုင်းလိုပင် ယောက်ျားလေးများ မုန်းတီးသော ငရှုပ်ကောင် ရှန်ဖျင်ချွမ်က သူ့အဖွဲ့ကို ဦးဆောင်ပြီး လာခဲ့လေသည်။ အခန်း ၄၁၀ သို့ ရောက်သောအခါတွင် အားလုံးက သူ့ညီမငယ်ကိုတော့ အလွတ်ပေးမည်ဟု တွေးကာ အပြင်သို့ ထွက်လာကြသည်။
သို့သော် ထိုသို့မဟုတ်ပေ။
ရှန်ဖျင်ချွမ်သည် သူ့ညီမငယ် ကျင်းရှီအကြောင်း ကောင်းကောင်းသိသည်။ စကားတစ်ခွန်းမှ မပြောပဲ ဝင်သွားကာ သူမ၏ စောင်ကို လှန်လိုက်သောအခါ လျှပ်စစ်စွမ်းအားမြင့် ဆံပင်လေမှုတ်စက်ကို တွေ့ရှိခဲ့သည်။ ထို့နောက် အခန်းကို ပတ်ပတ်လည် လှည့်ကြည့်ကာ သူမ၏ဗီရိုကိုဖွင့်လိုက်ပြီး လျှပ်စစ်ရေနွေးအိုးကို ဆွဲထုတ်လိုက်သည်။ ခြေထောက်ကို အလျင်အမြန် ရမ်းကြည့်လိုက်ရာ သူမ၏ အဝတ်ထည့်သည့်အိတ်ထဲတွင် လျှပ်စစ်ဟော့ပေါ့အိုးကိုပင် ရှာတွေ့ခဲ့သည်။
ကျင်းရှီသည် မျက်ရည်စများနှင့် ခေါင်းငုံ့ကာ ရှန်ဖျင်ချွမ်၏ အင်္ကျီလက်စကို ဆွဲကိုင်ကာ “အစ်ကို...” ဟုသနားစရာအသံလေးနှင့် ခေါ်လိုက်သည်။
ရှန်ဖျင်ချွမ်သည် သူမကို စိတ်အနှောင့်အယှက်ဖြစ်နေသော ပုံစံဖြင့် ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ရှန်ဖျင်ချွမ်ကို သူမက “လူယုတ်မာ” ဟု ခေါ်လေ့ရှိသော်လည်း ယခုတွင်မူ သူမသည် သူ့ကို “အစ်ကို” ဟု လိမ္မာစွာဖြင့် ခေါ်နေသည်။
“ကောင်းပြီ ဆံပင်လေမှုတ်စက်က ထားလိုက်တော့၊ ဒါပေမယ့် ဒီအိုးက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ၊ ကျောင်းသူသုံးယောက်တောင်ရှိတာကို ကျောင်းကန်တင်းဆိုင်မှာ သွားစားလို့မရဘူးလား” ဟုအနည်းငယ် ဒေါသထွက်ကာ ငြီးတွားလိုက်သည်။
“အဲ့လိုတော့ မဟုတ်ပါဘူး... နွေးတာ ... နွားနို့တွေကို ပူအောင်ပြန်နွေးဖို့ပါ”
“အစ်ကို၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပါ။ ကျွန်မအမှားလုပ်မိမှန်း ကျွန်မသိပါတယ်” ဟုတိုးတိုးလေး တောင်းပန်ခဲ့သည်။
သူက တခြားအရာများကို အလျှောပေးနိုင်ပေမယ့် ကျင်းရှီကတော့ သူ့ညီမလေးဖြစ်နေသည်။ သူသည် ကိုယ်ပိုင်ခံစားချက်များဖြင့် ဆုံးဖြတ်၍မရနိုင်ပေ။ မဟုတ်လျှင် ထိုသို့ပြုလုပ်လိုက်ခြင်းအားဖြင့် နောက်ဆက်တွဲကိစ္စများကို တွေးတောင် မတွေးကြည့်ရဲသလောက်ပင်။
သူသည် ကျင်းရှီဆီမှ ထိုပစ္စည်းအားလုံးကို သိမ်းဆည်းခဲ့ပြီး ထွက်သွားခါနီးတွင် ရှန်ဖျင်ချွမ်က “မင်းဝယ်ထားတဲ့ တားမြစ်လျှပ်စစ်ပစ္စည်းတွေ ဘယ်လောက်ပဲ များနေပါစေ ငါကတော့ သိမ်းရမှာပဲ။ မင်း ထပ်ပြီး ပြသာနာရှာရင် ငါ ဦးလေရှန်ကို ပြောပြလိုက်ပြီး မင်းကို ထောက်ပံ့နေတဲ့စရိတ်တွေကို ဖြတ်ခိုင်းလိုက်မယ်!”
ကူကယ်ရာမဲ့ဖြစ်နေပြီး အခြေအနေကို နောက်ပြန်လှည့်ဖို့ လမ်းစမရှိတော့သဖြင့် ကျင်းရှီက သူ့အင်္ကျီလက်စကို လွှတ်ချလိုက်ပြီး သူ့ကို လျစ်လျူရှုကာ မျက်နှာလွှဲလိုက်သည်။
မိန်းကလေးအဆောင်ကို ရှာဖွေပြီးနောက် ရှန်ဖျင်ချွမ်သည် အနီးနားရှိ ယောကျ်ားလေးအဆောင် အခန်း ၄၀၉ သို့ တန်းဝင်လိုက်သည်။
ကျင့်ချီနှင့် ရှုချောင်းယန်တို့သည် အဆောင်အခန်းအစောင့်နှစ်ယောက်အဖြစ်၊ ရှုချောင်းယန်သည် ကျောက်စိမ်းဧကရာဇ်ကို သူကိုယ်တိုင် ကြိုဆိုနေသကဲ့သို့ အပေါက်ဝတွင် မတ်တတ်ရပ်ကာ ခေါင်းညိမ့်ပြီး ဦးညွှတ်လျက် “ဆရာရှန်၊ ဆရာ ပင်ပန်းသွားပါပြီ။ ကျေးဇူးပြုပြီး ဝင်လာပါ၊ ဆရာရှန်၊ ကျေးဇူးပြုပြီး ကြိုက်သလောက် လိုက်ရှာလို့ရပါတယ်”
ရှန်ဖျင်ချွမ်က သူတို့ကို မသင်္ကာစွာ စိုက်ကြည့်ပြီး အခန်းထဲသို့ ဝင်သွားသည်။
ပေါ်ရန်သည် ကြည့်ကောင်းလှသော လက်နှစ်ဖက်ဖြင့် ပုံကြမ်းစာအုပ်တစ်အုပ်ကို ကိုင်ကာ စာကြည့်စားပွဲတွင်ထိုင်ကာ ပုံကြမ်းရေးဆွဲနေသည်။
ရှန်ဖျင်ချွမ်မှာ ပိုပြီးသိချင်လာပြီး ပေါ်ရန် အနားသို့ တိုးလာကာ ရှန်ဖျင်ချွမ်၏ အင်္ကျီလက်ကို ဆွဲကိုင်ရင်း ငိုနေသည့် ကျင်းရှီ၏ ပုံတူကို ပေါ်ရန်တစ်ယောက် ရေးဆွဲနေကြောင်း သိလိုက်ရသည်။
ပေါ်ရန်သည် ထိုပုံကို ဆုတ်ဖြဲလိုက်ပြီး ရှန်ဖျင်ချွမ်၏ ရင်ဘတ်ပေါ်သို့ ပုတ်ပြီး ပေးလိုက်သည်။ “ဆရာရှန်၊ မင်းက ပိုပြီးတော်ကြောင်း ကောင်းကြောင်းပြဖို့ ကိုယ့်မိသားစုကိုတောင် စတေးနေတာပဲ။ မင်းကို ငါလေးစားပြီး အရိုအသေတောင် ပေးချင်လာပြီ”
ရှန်ဖျင်ချွမ်သည် ဤလူမှာ သူ့ကို လှောင်ပြောင်နေမှန်း သိပြီး ထိုပုံကို ဆွဲဖြဲပစ်တော့မည်။ သို့သော်လည်း ပုံကြမ်းထဲတွင် ကျင်းရှီ၏ သရုပ်ဖော်ပုံသည် မယုံနိုင်လောက်အောင် ချစ်စရာကောင်းပြီး သူမ၏ မျက်လုံးများနှင့် မျက်ခုံးများကို သိသိသာသာ တိကျစွာ ရေးဆွဲထားသည်။
သူ့ကိုယ်တိုင် ထိုပုံကို ဖျက်ဆီးပစ်ရန် အနည်းငယ် ဝန်လေးလာသည်ကို သူသိလိုက်သည်။ သူသည် ထိုပုံကြမ်းကို သေသေသပ်သပ်ခေါက်ပြီး အိတ်ကပ်ထဲထည့်ကာ ချောင်းဟန့်ပစ်လိုက်သည်။ “ယောက်ျားလေးအဆောင်တွေက ဘေးနားက မိန်းကလေးအဆောင်တွေထက်တောင် ပိုသပ်ရပ်နေပါလား”
ကျင့်ချီ - “ကျွန်တော်တို့ အမျိုးသား ကာကွယ်ရေး အကယ်ဒမီ အဆောင်မှာ တားမြစ်ထားတဲ့ အရာတွေ ရှိမှာ မဟုတ်ဘူး။ ဆရာရှန် ကျေးဇူးပြုပြီး ဆရာကိုယ့်တိုင် ရှာပါ တစ်ခုခု တွေ့ရင် ကျွန်တော် တာဝန်ယူပါ့မယ်”
ရှန်ဖျင်ချွမ်သည် ဤစကားလုံးများကို အကြိမ်ပေါင်း ရှစ်ရာကျော်ကြားဖူးခဲ့ပြီး စက္ကန့်ပိုင်းမျှပင် မယုံခဲ့ပေ။ ဒီကောင်များက လည်လွန်းသည်။ ရေချိုးခန်းရှိဗီဒိုလို နေရာများကိုတောင် လိုက်ရှာဖို့ စိတ်မကူးပဲ သူတို့တစ်ဦးစီ၏ ကုတင်အောက်ကို စစ်ဆေးဖို့ တည့်တည့်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ရှာဖွေတွေ့ရှိခဲ့သည်။
ကုတင်တစ်ခုအောက်တွင် ရှာလကာရည်ပုလင်းများစွာကို တွေ့ရှိခဲ့သည်။
CIA အထူးအေးဂျင့်တစ်ဦးလိုလေသံဖြင့် ရှန်ဖျင်ချွမ်သည် ရှာလကာရည်ပုလင်းများကို သူတို့ရှေ့မှာ ချပြလိုက်သည်။ “ပြောပါဦး ဒီရှာလကာရည်တွေက ဘာအတွက်လဲ၊ မင်းတို့ အရက် ခိုးသောက်နေတာလား”
ပေါ်ရန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “ငါ့မှာ ဒီလိုအကျင့်တွေမရှိဘူး၊ ဒါပေမယ့် အဲ့ဟာတွေအပေါ်မှာ စတစ်ကာတွေရှိတယ်။ မင်းဘာသာ ရှာကြည့်”
အမှန်ပင်ဖြစ်သည်။ ရှာလကာရည်ပုလင်းများ၏ နောက်ဘက်တွင် အညွှန်းများပါရှိသည်။ သပ်သပ်ရပ်ရပ်ရေးထားသော စာလုံးများစွာပါရှိသည် - ခြေထောက်စိမ်ရန် ဟုရေးထားသည်။
ရှန်ဖျင်ချွမ် - ...
သေစမ်း၊ခြေထောက်စိမ်ရတယ်လို့ကွာ!
သို့သော် သူတို့တွင် ခိုင်လုံသောအကြောင်းပြချက်တစ်ခုရှိ၍ ရှန်ဖျင်ချွမ်သည် သူတို့အား အပြစ်ရှာရန် အကြောင်းပြချက်မရှိတော့ပေ။
ထိုနေရာကို ထပ်မံရှာဖွေသော်လည်း ဘာမှမတွေ့ပေ။ သူထွက်သွားသည်နှင့် သူသည် သူတို့အား စိတ်ပျက်စွာဖြင့် ကြည့်ကာ ငြီးတွားလိုက်သည်။ “မင်းတို့ခြေထောက် စိမ်တဲ့အခါ ဇီရာကို နည်းနည်းဖြန်းဖို့ မမေ့နဲ့”
ကျင့်ချီက ရယ်မောပြီး “သေချာတာပေါ့ ဂရုစိုက်သွားပါဦး ဆရာကြီးရှန်!”
...
ကျင်းရှီသည် သူမ၏ဆံပင်လေမှုတ်စက်ကို သိမ်းဆည်းခံထားရသောကြောင့် ညဘက်တွင် သူမဆံပင်ကို ခြောက်သွားစေရန်အတွက် လျှောက်လမ်းသို့သွားရသည်။
မျက်နှာချင်းဆိုင်ဖက် အဆောင် အခန်းတံခါးပွင့်လာပြီး ရှုချောင်းယန်က အတွင်းခံဘောင်းဘီကိုဝတ်ကာ စားပွဲပေါ်တွင်ထိုင်ပြီး ခြေထောက်အမွှေးရိတ်နေသည်။ ကျင်းရှီ၏ နက်မှောင်သော သမင်မျက်လုံးများကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားသည်။
သူ ထိတ်လန့်တုန်လှုပ်သွားပြီး ရင်ဘတ်ကို အမြန်ဖုံးကာ “ဟေး! မင်းတို့ကို တံခါးဖွင့်ဖို့ ဘယ်သူက ပြောလဲ။ တံခါးပိတ်လိုက်၊ ပိတ်လိုက်စမ်း! ငါ အဝတ်မဝတ်ထားဘူးကွ” ဟုကျယ်လောင်စွာ အော်လိုက်သည်။
ပေါ်ရန် ထွက်လာရာ ကျင်းရှီမှာ ဇိမ်ကျလှသော ဆောင်းတွင်းညဝတ်အင်္ကျီကို ဝတ်ထားပြီး သူမ၏ ပုခုံးထက်မှာ အနည်းငယ်စိုစွတ်နေသော ဆံပင်လေးများနှင့် လျှောက်လမ်းဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ရာ သူမမျက်နှာမှာ ပိုသေးသွားယောင်ပေါ်နေသည်။
နှစ်ယောက်သား တိတ်ဆိတ်စွာ ခဏမျှ အကြည့်ချင်းစုံသွားကြသည်။ ကျင်းရှီက ခေါင်းကိုဆက်ငုံ့ထားပြီး ဦးလေးရှန်ကို တိုင်ကြားရန် စာပို့နေကာ ပေါ်ရန်က သူမဆီ လှည့်လာပြီး လျှောက်လမ်းအတိုင်း လျှောက်လာခဲ့သည်။
သူ့ခြေသံများ အသံတိုးဝင်သွားသောအခါ ကျင်းရှီက မော့ကြည့်လိုက်ရာ ပေါ်ရန်ကို သူမအနောက်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အနက်ရောင် ဘောင်းဘီရှည်ကြီးသည် သူ၏ခြေထောက်များကို ရှည်လျားဖြောင့်စင်းစေကာ သူ၏အောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးကို ဖြောင့်ဖြောင့်ကြီးနှင့် အရပ်ရှည်သော ရုပ်ပုံသဏ္ဍာန်ကြောင့် မြင်သူတိုင်း မနာလိုဖြစ်စေသည်။
ကျင်းရှီသည် သူမ၏ ခြေတံတိုတိုလေးများကို ငုံ့ကြည့်ရင်း သက်ပြင်းကို တိုးတိုးလေးချလိုက်သည်။
ပေါ်ရန်သည် လှေကားထောင့်သို့ရောက်သောအခါ သူမကိုပြန်ကြည့်လိုက်ကာ “ငါ့အခန်းမှာ နွားနို့ပူပူရှိတယ်၊ မင်းရဲ့နည်းပြရှုကို မင်းအတွက် လုပ်ခိုင်းထားတယ်၊ ပူပူလေးဖြစ်အောင် နွှေးခိုင်းထားလိုက်တယ်”
ကျင်းရှီက “ဟင်?” ဟုသူမ တစ်ခုခုပြောခါနီးတွင် ပေါ်ရန်သည် နောက်လှည့်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
အေးတိအေးစက်နိုင်လိုက်တာ၊ ပြောရလျှင် တခြားသူများကို စကားဆုံးအောင် ပြောခွင့်မပေးချေ။
ကျင်းရှီသည် လျှေောက်လမ်းတွင် မိနစ်အနည်းငယ်ကြာ ရပ်ပြီးနောက် မျက်နှာချင်းဆိုင်ဖက်အခြမ်းရှိ အဆောင်အခန်းတံခါးကို ခေါက်လိုက်သည်။ တံခါးကို ကောင်းစွာမပိတ်ထားသောကြောင့် သူမခေါက်လိုက်သည်နှင့် ပွင့်သွားသည်။
ထိုအခန်းထဲမှာ ဘယ်သူမှ မရှိသည်ကို မြင်လိုက်ရာ စပ်စုချင်စိတ်ဖြင့် ဝင်လာလိုက်သည်။ လသာဆောင်တွင် ယောက်ျားလေးတစ်စု စည်ကားစွာ စုနေကြပြီး အောက်ထပ်တွင် ဖြစ်ပျက်နေသည့် အရာတစ်ခုကို ငုံ့ကြည့်နေသည်။
သူမက ဝင်လာပြီး ငုံ့ကြည့်ရင်း ခေါင်းနှင့် လည်ပင်းကို ပြူတစ်ပြူတစ်လုပ်နေသည်။
အဆောင်အောက်တွင် ပေါ်ရန်သည် ဓါတ်မီးတိုင်ကို မှီကာ သံမဏိမီးခြစ်ကို ဆော့ကစားနေကာ အနည်းငယ် ဂရုမစိုက်သည့်ပုံစံဖြင့် အေးအေးဆေးဆေးနေပြနေသည်။
သူ့ရှေ့တွင် အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နှင့် ချစ်စဖွယ်ကောင်းသည့် မိန်းမလှလေးတစ်ယောက် ရပ်နေသည်။
သူမ၏ စိတ်ရင်းမှန်ဖြင့် ချစ်ကြောင်း ဖွင့်ပြောမှုကို ရင်ဆိုင်ရင်း ပေါ်ရန်သည် ရင်တောင်မခုန်ပဲ ငြိမ်သက်နေခဲ့သည်။
“ငါလုပ်စရာရှိသေးလို့ အရင်သွားလိုက်ဦးမယ်”
“ပေါ်ရန်!” ထိုကောင်မလေးက “ကျွန်မ ရှင့်ကိုအရမ်းသဘောကျတယ်။ ကျေးဇူးပြု၍ ကျွန်မကိုအခွင့်အရေးတစ်ခါတော့ပေးပါ”
ပေါ်ရန်သည် သူ့မျက်လုံးထောင့်တွင် ပလေးတတ်သောသဘောနှင့် ယုံကြည်၍မရသော အရိပ်အယောင်ကို အရိပ်အမြွက်ပြကာ ပြုံးလိုက်သည်။
“ငါ မင်းကို ကောင်းကောင်းမသိဘူး၊ အဲ့တော့ ဘာလို့ မင်းကို အခွင့်အရေးပေးရမှာလဲ”