အပိုင်း (၁၉)
Vol. 2 Ch. 19
ကျင့်ချီ - “တစ်ချို့လူတွေမှာလေ မက်မွန်ပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် အဆုံးမသတ်ပဲ ပွင့်နေသလို အရမ်းကို စမ်းတွေပွင့်နေတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာ ဘယ်လိုဖြစ်လို့ပါလိမ့်”
ရှုချောင်းယန် - “ဒါက ကုသိုလ်ကံပဲ”
ရှားယိုက ပြောလိုက်သည်။ “ရုပ်ဆိုးတဲ့လူထက် ပျင်းတဲ့ ယောက်ျားတွေက ပိုဆိုးတယ်၊ မင်းတို့နှစ်ယောက်လည်း သပ်သပ်ရပ်ရပ် နေသင့်တယ်၊ မင်းတို့ကို သဘောကျနေတဲ့ မိန်းကလေးတွေလည်း ရှိလာမှာသေချာတယ်”
ရှုချောင်းယန် - “မင်းမှာ နှာခေါင်းစည်းတွေ ရှိသေးလား၊ ငါတစ်ခုလောက် သုံးမယ်”
ရှားယိုက ပြောလိုက်သည်။ “ရှိတာပေါ့၊ တစ်ခုကို ယွမ်တစ်ရာ”
ရှုချေောင်းယန် - “မင်းကွာ၊ ငါ့ကို ဓါးပြတိုက်နေတာလား!”
ရှားယို - “စကားပြောတာကြီးကလည်း မယဉ်ကျေးလိုက်တာ”
ကျင့်ချီ - “အဲ့ဒါလည်း ပိုကောင်းသွားတာပဲ၊ သူ့ကို နောက်ဆုံးတစ်ခေါက် ဖွင့်ပြောခဲ့တဲ့ ကောင်မလေးတုန်းကဆိုရင် အဲ့ကောင်မလေးရဲ့ ရေမွှေးအနံ့အရမ်းပြင်းလွန်းလို့ သူလမ်းပေါ်မှာတင် အန်ချပစ်တာ၊ စဉ်းသာစဉ်းစားကြည့်တော့ အဲ့ကောင်မလေး ဘယ်လောက်တောင် စိတ်ဒဏ်ရာ ရသွားမလဲဆိုတာ”
ကျင်းရှီက စိတ်ဝင်တစား မေးလိုက်သည်။ “ဒါဆို သူ ငြင်းလိုက်တာလား”
ကျင့်ချီ - “အသေအချာပဲလေ...”
ထိုအချိန်တွင် ကောင်လေးသုံးယောက်သည် တစ်ပြိုင်နက်တည်း ခေါင်းကိုလှည့်ကြည့်ကာ ကျင်းရှီကို စိုက်ကြည့်လိုက်သည်။ “ဘုရားရေ! မင်း ဒီကို ဘယ်တုန်းက ရောက်နေတာလဲ”
ကျင်းရှီက အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ခတ်ပြီး “တံခါးပွင့်နေလို့ အဲ့ဒါနဲ့ ကျွန်မလည်း...”
ရှုချောင်းယန်သည် အောက်ထပ်က အဖြစ်အပျက်ကို မကြည့်မိစေရန် ကျင်းရှီကို အမြန်ဆွဲလိုက်သည်။
“ကျင်းရှီလေးက သူ့အစ်ကို ပို့လိုက်တဲ့ နွားနို့ကို လာယူတာပဲ၊ လာလာ ငါ မင်းအတွက် နွေးပြီးပြီ”
ရှုချောင်းယန်သည် ဇလုံအနီကြီးတစ်လုံးမှ ပူနွေးနေသော နွားနို့အထုပ်ကို ထုတ်ကာ ကျင်းရှီအား ပေးလိုက်သည်။
“ကျေးဇူးပါ နည်းပြရှု။ ဒီနွားနို့ဖိုး ကျွန်မပေးပါရစေ”
“မလိုပါဘူး၊ မင်းအစ်ကိုက အဲ့ဒါတွေအကုန်လုံး ပို့ထားပေးတာ၊ ငါတို့တွေက မိသားစုလိုဖြစ်နေပါပြီ၊ ပေးစရာမလိုဘူး”
“အိုး ကျေးဇူးတင်ပါတယ် နည်းပြရှု” ကျင်းရှီက လှည့်ထွက်သွားသည်။
ကျင့်ချီက သူမကို လှမ်းခေါ်လိုက်သည်။ “ကျင်းရှီလေးရေ၊ မင်းအစ်ကိုပေါ်ရန်ကတော့ တော်တော်စွန်နေပြီဟေ့”
ကျင်းရှီက နွားနို့အထုပ်ကို ဖွဖွလေးကိုက်ဖွင့်ရင်း “သိပါတယ်” ဟုပြောလိုက်သည်။
သူမ ထွက်သွားပြီးနောက် ရှုချောင်းယန်က ကျင့်ချီကို “သူခုနက ပြောသွားတာ ဘာသဘောလဲ”
ကျင့်ချီက “ဒါက တော်လှန်ရေး အောင်မြင်တော့မယ်ဆိုတဲ့ သဘောပဲ၊ ရဲဘော်ပေါ်ရန်ကတော့ ဆက်ပြီး အသေကြိုးစားဖို့ လိုသေးတယ်”
...
ရဲဘော်ပေါ်ရန်သည် ပစ္စည်းတစ်ခုခုဝယ်ရန် ကျောင်းအပြင်ဘက်ရှိ စက်ပစ္စည်းဆိုင်သို့ သွားရန် တံခါးကနေ အမြန်ထွက်လာခဲ့သည်။ သူသည် စင်များကြားတွင် ပစ္စည်းအမှတ်တံဆိပ်များကို ဂရုတစိုက် နှိုင်းယှဉ်ကြည့်ကာ အသေးငယ်ဆုံး လျှပ်စစ်ဆံပင်လေမှုတ်စက်ကို ဝယ်ယူခဲ့ပြီး ၎င်းသည် ကျောင်းအဆောင်များတွင် အသုံးပြုရန် ခွင့်ပြုထားသော မော်ဒယ်ဖြစ်ကြောင်းကို ဆိုင်ပိုင်ရှင်ထံ ထပ်ခါတလဲလဲ အတည်ပြုနေခဲ့သည်။
ည ၁၁ နာရီတွင် အခန်း ၄၁၀ တံခါးတွင် တံခါးခေါက်သံကြားရသောကြောင့် လင်းလောက တံခါးဖွင့်ပြီးနောက် အပြင်ဘက်တွင် လူမရှိ၊ တံခါးလက်ကိုင်တွင် ပလတ်စတစ်အိတ်တစ်လုံးသာ ချိတ်ဆွဲထားကြောင်း တွေ့ရလေသည်။
“ဟေ၊ ဒီအချိန်ကြီးမှ ဘယ်သူများဖြစ်နိုင်မလဲ၊ နာမည်မချန်ထားပဲ ငါတို့ကို ဆံပင်ခြောက်စက်လေး ပေးပြီး ကုသိုလ်ကောင်းမှုတွေလုပ်နေတာ”
“အချိန်ကိုက်ပဲ” ကျင်းရှီကပြောလိုက်သည်။ “ငါ့ဆံပင်တွေလည်း စိုနေတာနဲ့ အတော်ပဲ”
သူမသည် ထိုဘူးလေးကို စိတ်ဝင်တစားနှင့် ဖွင့်ကြည့်လိုက်ပြီး ဆံပင်လေမှုတ်စက်ကို ထုတ်လိုက်သည်။ အတွင်းတွင် မှတ်စုတိုစာရွက်တစ်ခုက ကပ်ထားသည်။ ၎င်းပေါ်တွင် ဘာမှ သိပ်မရေးထားပဲ အိပ်ပျော်နေသော ရွှေဝါရောင်ကြောင်၏ ပုံကို ဟိုခြစ်သည်ခြစ် ရိုးရှင်းစွာ ရေးဆွဲထားသော ပုံလေးမျှသာ ဖြစ်သည်။
လင်းလောက ကျင်းရှီကို မေးလိုက်သည်။ “ဒါကို ဘယ်သူပို့လိုက်တာလဲ”
ကျင်းရှီက တွန့်ဆုတ်စွာဖြင့် “ငါ...ငါလည်းမသိဘူး၊ ဘာမှလည်းရေးမထားဘူး”
သူမသည် ထိုမှတ်စုတိုလေးကို လုံလုံခြုံခြုံနှင့် သိမ်းထားနိုင်ရန်အတွက် စာအုပ်တစ်အုပ်၏ စာမျက်နှာများကြားတွင် ဂရုတစိုက် ကပ်ထားလိုက်သည်။
**
နှစ်ရက်သုံးရက်လောက်ကြာသောအခါ ကျင်းရှီက ပေါ်ရန်ကို သိပ်မတွေ့တော့ပေ။ ရှုချောင်းယန်ကို မေးကြည့်တော့မှသာ ပေါ်ရန်သည် အိမ်ပြန်သွားကြောင်းကို သိရှိခဲ့ရပြီး အကြောင်းရင်းမသိရသေးပေ။
သူမသည် သူ့ကို ထိုအကြောင်းအရင်းကို မေးသင့်သလား။
သူငယ်ချင်းကောင်း တစ်ယောက်အနေနှင့် စိုးရိမ်ပူပန်မှုကို ဖော်ပြတာက ပုံမှန်ပင်ဖြစ်သည်။ သူမသည် မက်ဆေ့ဂျ်ပို့ရန် စာစရိုက်လိုက်သည်—
“စီနီယာပေါ်ရန်၊ ရှင့်ကို ဒီရက်ပိုင်း ကျောင်းမှာ သိပ်မတွေ့ဖြစ်ဘူးနော် တစ်ခုခုများ ဖြစ်နေလို့လား”
သို့သော် သူမသည် ထိုစာကို မပို့ခင် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့သည်။
အတန်းထဲတွင် လင်းလောသည် သူမအပေါ်မှ မိုးပြီး ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ “အိုး~~”
ကျင်းရှီက သူမကို မျက်ထိုးကြည့်လိုက်ပြီး “သူများဖုန်းစခရင်ကို ခိုးကြည့်တာက ရှက်ဖို့ကောင်းတယ်နော်!”
လင်းလောက ရယ်မောရင်း ပြောလိုက်သည်။ “နင်လေ အတန်းချိန် တစ်ဝက်စာလောက်ကြာအောင် ဒီစာကြောင်းလေးတွေကို ရေးလိုက်ဖျက်လိုက် လုပ်နေတာ။ ကျင်းရှီလေးရေ၊ နင်ဘယ်တုန်းကတည်းက ဒီလို ဝှေ့လည်ကြောင်ပတ် ပြောတတ်သွားတာလဲ၊ အာ ဟုတ်သားပဲ သူ့ဆီသွားပြီး တိုက်ရိုက်မေးကြည့်ရမယ်”
“သူက ငါ့အပေါ် အရမ်းသဘောကောင်းတယ်၊ အဲ့တော့ သူအခုဘယ်မှာလဲလို့ မေးကြည့်တာက ပုံမှန်ပဲလေ” ကျင်းရှီက စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။
လင်းလော - “ငါက ဒါ ပုံမှန်မဟုတ်ဘူးလို့ မပြောပါဘူး၊ ငါလည်းပဲ စီနီယာ ဘယ်ရောက်နေလဲဆိုတာ စိတ်ပူမိတယ်”
ချူးကျောက်က လှည့်ကြည့်လိုက်ရာ “ငါလည်း စိတ်ပူတယ်၊ တစ်ယောက်တိုးလာပြီပေါ့”
သူတို့၏ အခန်းဖော်အသစ် ချူးထန်ကလည်း “ငါလည်း စိတ်ပူပါတယ်”
ထို့ကြောင့် ကျင်းရှီထံမှ ရရှိသော စာမှာ ပေါ်ရန်ကို ထိုသို့ပြောနေသည်။
“စီနီယာပေါ်ရန်၊ ရှင့်ကို ဒီရက်ပိုင်း ကျောင်းမှာ သိပ်မတွေ့ဖြစ်ဘူးနော်၊ အခန်း ၄၁၀က လူတွေက ရှင် ဘယ်ရောက်နေလဲဆိုပြီး အရမ်းစိတ်ပူနေကြတာ။ တစ်ခုခု ဖြစ်နေလို့လား၊ အခန်း ၄၁၀က လူတွေကို ရှင် အဲ့အကြောင်း ပြောပြနိုင်ရင် ကောင်းမယ်”
သူ၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် ပြုံးယောင်သမ်းသွားပြီး သူသိမ်းထားသမျှ ခွန်အားများဖြင့် ဆိုဖာဆီ ထော့နဲ့ထော့နဲ့သွားပြီး ဆိုဖာပေါ်တွင် လှဲလိုက်ကာ ချိုင်းကြားမှ သာမိုမီတာကို ထုတ်ကြည့်လိုက်ရာ ၃၈.၃ဒီဂရီဖြစ်နေသည်။
သူမဖုန်းက အသံမြည်လာပြီး ကျင်းရှီတို့အားလုံးကို စိတ်လှုပ်ရှားသွားစေသည်။ “သူ စာပြန်လာတယ်၊ သူ စာပြန်လာတယ်”
ပေါ်ရန် ပို့လိုက်သည့်ပုံမှာ သာမိုမီတာပုံဖြစ်သည်။ ကျင်းရှီသည် ဖုန်းကို အချိန်အကြာကြီး ဘေးတိုက်ကြည့်နေရင်း “သူဖျားနေတယ်” ဟုပြောလိုက်သည်။
ထို့အပြင် ပေါ်ရန်က screenshot တစ်ခု ရိုက်ပို့ခဲ့သည်။ baidu baike ဟူ၍ဖြစ်သည်။ ၎င်းမှာ ၃၈.၅ ဒီဂရီအောက် အဖျားကို အဆင့်နိမ့်၊ ၃၈.၅-၃၉ ဒီဂရီအထိကို အလယ်အလတ်၊ ၃၉ ဒီဂရီ အထက်ကို အဖျားတက်သည်ဟုဆိုလိုသည်။
baidu ထိပ်ပိုင်းကို ကြည့်လိုက်ရာ လင်းလောက ကြောင်တောင်တောင်ဖြစ်သွားသည်။ “နင်ရဲ့စီနီယာကြီးက နင့်ရဲ့ခပ်တုံးတုံး ဦးနှောက်လေးက သူနေမကောင်းတာကို နားမလည်မှာစိုးနေတယ်”
ကျင်းရှီ - ...
အဲ့လောက်ထိ လိုလို့လား။
မည်သို့ပင်ဆိုစေကာမူ သူနေမကောင်းကြောင်း ရှင်းရှင်းလင်းလင်း ပြောပြထားသည်။ ထို့ကြောင့် သူ့ကို ဆေးရုံမှာ သွားကြည့်ဖို့ လိုသလား။
ဤကိစ္စနှင့် ပတ်သက်၍ ကျင်းရှီသည် ချစ်လှစွာသော၊ အားကိုးရသော၊ ယုံကြည်စိတ်ချရဆုံးသော နည်းပြဆရာရှုနှင့် တိုင်ပင်ခဲ့သည်။
ရှုချောင်းယန်သည် စစ်ဝတ်စုံအပြည့် ၀တ်ထားသည်။ သူသည် ဘားခိုတန်းများနား ရပ်နေပြီး မျက်မှောင်ကြုတ်ကာ ထိုဘားတန်းများကို တွဲလောင်းခိုကာ ဆွဲနေသည်။
“ဒါက ပြဿနာ နည်းနည်းရှိတယ်၊ မင်းရဲ့ စီနီယာပေါ်ရန်မှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတယ်။ ဆေးရုံတင်စရာ မလိုဘူး၊ ဆေးသောက်ပြီး အိမ်မှာ နှစ်ရက်လောက် အိပ်လိုက်ရင် သူ ပြန်နေကောင်းလာပြီး ထပြီးတော့တောင်ခုန်နိုင်မှာ သေချာတယ်”
“အဲ့ဒါဆိုလည်း တော်သေးတာပေါ့” ကျင်းရှီသည် အနည်းငယ် သက်သာရာရသွားသည်။
“ဒါပေမယ့်...” ရှုချောင်းယန်က လေသံကို ပြောင်းလိုက်သည်။ “မင်းရဲ့စီနီယာပေါ်ရန်က သူ့ကို အိမ်မှာ ပြုစုပေးမယ့်သူ မရှိဘူး။ နေမကောင်းတဲ့အချိန် တစ်ယောက်တည်း ဖြစ်နေတာ တော်တော် သနားစရာကောင်းတယ်”
“သူ့အိမ်မှာ ဘယ်သူမှမရှိဘူး?”
“ဟုတ်တယ်၊ ပေါ်ရန်က ငယ်ငယ်ကတည်းက အကြီးအကဲပေါ်နဲ့ အတူနေခဲ့တာ၊ အထက်တန်းကျောင်းလည်း တက်ရော အဲ့ကနေ ထွက်လာပြီးတော့ အခု တစ်ယောက်တည်း နေနေတယ်လေ”
“ဒါဆို သူနေမကောင်းရင် သူ့ကို စောင့်ရှောက်ပေးမယ့်သူမရှိဘူးပေါ့”
ရှုချောင်းယန်က တည်ငြိမ်စွာနှင့် ခေါင်းညိမ့်ပြလိုက်သည်။
ကျင်းရှီ ခဏလောက်စဉ်းစားလိုက်ပြီး ရှုချောင်းယန်ကို မေးလိုက်သည်။ “သူ့လိပ်စာပေးလို့ရမလား”
ရှုချောင်းယန်က ပေါ်ရန်၏ အိမ်လိပ်စာကို ကျင်းရှီးအား ပို့ပေးလိုက်ပြီး သက်ပြင်းချရင်း ပေါ်ရန်ကို chat ကနေ လှမ်းပြောနေသည်။ “ငါ့တပည့်လေးရဲ့ ဦးနှောက်က သိပ်အလုပ်မလုပ်ပေမယ့် သူ့ရဲ့ ကြင်နာတတ်မှုက အစစ်အမှန်ပဲ။ ဒီရက်ပိုင်း မင်းဒီမှာမရှိတုန်း သူက ငါတို့ကျောင်းဝင်းထဲက ခွေးလေခွေးလွင့်တွေနဲ့ ကြောင်လေးတွေကို ဂရုတစိုက် စောင့်ရှောက်ပေးနေတာ”
ယခုအချိန်တွင် ပေါ်ရန်သည် သူ၏ ဖုန်းစခရင်ကို ထိရန် လက်ချောင်းများတွင် လုံလောက်သော ခွန်အားအနည်းငယ်သာ ကျန်ရှိတော့သည်။ သူသည် အတိုကောက်များကို တိုက်ရိုက် စာစီရိုက်ခဲ့သည် - “sytswnpybsnnpy”
ရှုချောင်းယန် - “လူ့စကားပြောစမ်းပါ”
ပေါ်ရန် - “wnpyrmxstxdy”
ရှုချောင်းယန် - ......
အဲ့စာလုံးများကို ဘယ်သူနားလည်နိုင်မှာလဲ!
သူသည် ကျင့်ချီကို ပေါ်ရန်၏ လျှို့ဝှက်ဆန်းကြယ်သော စာလုံးများကို ဘာသာပြန်ခိုင်းလိုက်သည်။ “ကြည့်စမ်းပါဦး၊ ဒီကောင် ငါ့ကို တစ်မျိုးတစ်ဖုံနဲ့ ထပ်ပြီး စော်ကားနေတာလား”
ကျင့်ချီသည် ကွန်ဒုံးတစ်ပါကင်ကို ရောင်းရင်း အဆောင်အခန်းများကို လှည့်ပတ်လိုက်ကြည့်နေသည်။ ထိုစာအတိုကောက်များကို ကြည့်လိုက်ရာ ပထမစာကြောင်းက “ဒါဆို သူက ငါ့ကောင်မလေးပဲ၊ မင်းကောင်မလေး မဟုတ်ဘူး” ဟုညည်းတွားလိုက်သည်။
“ဒုတိယစာကြောင်းကရော ဘာလဲ”
“ငါ့ကောင်မလေးက လှတယ်၊ ကြင်နာတတ်တယ်၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ”
ရှုချောင်းယန် - “ကြည့်စမ်း... ဒီကောင် ဘယ်လောက်တောင် မိုးမမြင်လေမမြင်ဖြစ်နေတာလဲဆိုတာ... ငါ့ကျောင်းသူလေးက ဘယ်တုန်းက သူ့ကောင်မလေးဖြစ်သွားရတာလဲ”
ကျင့်ချီက ရယ်မောပြီး အဓိပ္ပါယ်ရှိစွာ ပခုံးတွန့်ပြလိုက်သည်။ “ဒီကောင်ဖျားပြီး နေမကောင်းဖြစ်နေတာ၊ နည်းနည်း ‘ထင်ယောင်ထင်မှား’ ဖြစ်ခွင့်ပေးလိုက်စမ်းပါ”
ရှုချောင်းယန်က ထိုအကြောင်းကို ပို၍တွေးလေ တစ်စုံတစ်ခုက အခြေအနေမဟန်တော့မှန်း ပို၍ ခံစားရလေဖြစ်သည်။ “မဖြစ်ဘူး၊ ငါ့တပည့်မလေးကို သွားပြောရမယ်၊ သူ ဒီမြေခွေးအိုရဲ့ ထောင်ချောက်ထဲ ခုန်ဆင်းနေတာကို ငါဒီအတိုင်း ကြည့်နေလို့မရဘူး!”
ကျင့်ချီက ရှုချောင်းယန်ပုခုံးကို တင်းတင်းကြပ်ကြပ် ဖိချလိုက်သည်။ “တကယ်လို့ စီနီယာပေါ်ရဲ့ အစီအစဉ်တွေကို ဖျက်ရင် နောက်သုံးနှစ်လောက်ထိ သူ့ရဲ့ အေးစက်တဲ့ အကြည့်စူးစူးတွေနဲ့ လှည့်ကွက်လေးတွေကို မင်းရင်ဆိုင်ရလိမ့်မယ်နော်”
ရှုချောင်းယန်က အနည်းငယ် တုန်လှုပ်သွားသည်၊ ဟုတ်ပါသည် သူကကြောက်တတ်သည်။
ဦးတည်ရာမရှိသော စစ်ပြန်တစ်ယောက်ကဲ့သို့ ကျင်းရှီသည် ရှုချောင်းယန်ပေးလိုက်သော လိပ်စာကို အခြေခံ၍ မနက်ခင်းတွင် ထွက်လာခဲ့သည်။ သူမသည် ဘတ်စ်ကားတစ်တန် ရထားတစ်တန်နှင့် အကြိမ်ကြိမ်ပြောင်းစီးကာ ကြိမ်ဖန်များစွာ မှားစီးမိနေခဲ့သေးသည်။ အခက်အခဲ အတားအဆီးများကြားကနေ တောတောင် မြစ်ချောင်းများကို ကျော်ဖြတ်ပြီး နောက်ဆုံးတော့ ပေါ်ရန်၏ တိုက်ခန်းသို့ ရောက်သွားခဲ့သည်။
သူမ၏လက်ထဲတွင် လေးလံသော သစ်သီးအိတ်တစ်လုံးကို ကိုင်ထားကာ သူမ၏ပုခုံးများ ပြုတ်ထွက်တော့မတတ် ခံစားနေရသည်။
သူမသည် တကယ်ကို မိုက်မဲလွန်းသည်။ အစကတည်းက ယခုလိုဖြစ်မည်ဟု ကြိုမြင်ခဲ့လျှင် ထိုဒုက္ခများကို ခံစားစရာမလိုပဲ တက္ကစီကို တိုက်ရိုက်စီးလာ၍ ရနိုင်ပေသည်။
လိပ်စာအတိုင်း လာလိုက်ရာ ကျင်းရှီသည် ဓာတ်လှေကားကို စီးကာ အနီရောင်ရင့်ရင့် လုံခြုံရေးတံခါးရှေ့တွင် ရပ်လိုက်ပြီး အခန်းယူနစ်နံပါတ်ကို သေချာစစ်ဆေးနေသည်။
မှန်ပါသည်။ ဤအခန်းပဲ ဖြစ်ပါသည်။
သူမ တံခါးခေါက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် နှေးတိနှေးတုံ့နှင့် အားမရှိသော ခြေသံများ အခန်းတွင်းမှ ထွက်ပေါ်လာသည်။
‘ကျွီ’ ဟူသော အသံနှင့်အတူ တံခါးပွင့်လာသည်။
“စီနီယာပေါ်ရန်၊ ရှင် ဘယ်လိုနေနေလဲဆိုတာ ကျွန်မလာကြည့်တာ၊ ပြီးတော့ မြန်မြန် နေပြန်ကောင်းပါစေလို့ ဆုတောင်း...”
ကျင်းရှီသည် သူမ၏ စကားများမဆုံးခင်မှာပင် ထိုလူက သူမပေါ်သို့ လှဲချလိုက်သည်။ သူ့လက်များက သူမပုခုံးနှစ်ဖက်ကို ရစ်ပတ်ထားပြီး သူ့ခေါင်းက သူမကျောပေါ် အားအင်များ ကုန်ခန်းသွားသလို မှီချလိုက်သည်။ သူ့တစ်ကိုယ်လုံး၏ အလေးချိန်ဖြင့် သူမကို ဖိထားသလို ဖြစ်နေသည်။
သူသည် အားနည်းစွာ ပြောလိုက်သည်။ “တံခါးဖွင့်ပေးလိုက်ရုံနဲ့... အားတွေ မရှိတော့သလိုပဲ။ ငါအခု အရမ်းအားနည်းနေတယ်”
ကျင်းရှီ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ သူ့ကို ဘေးတစ်စောင်းမှ လှမ်းကြည့်လိုက်ရာ သူ၏ နားရွက်များသည် နီမြန်းနေပြီး ဆံပင်များ ရှုပ်ပွနေသည်။ သူ့အသက်ရှုထုတ်သည့်လေကြောင့် အတော်လေးကို နေရခက်သွားစေသည်။ ပူပြီး စိုစွတ်နေသည့် သူမလည်တိုင်လေးကို ထိမိပြီး ယားကျိကျိ ဖြစ်စေသည်။
သူမသည် သူ့ဆီကနေ နူးညံ့နေပြီး အားအင်မဲ့နေသော ရနံ့ကိုတောင် အနံ့ရနေခဲ့သည်။
“စီနီယာပေါ်ရန်၊ ရှင် ကောင်းကောင်း မတ်တပ်ရပ်လို့ရလား”
“ငါအရမ်းအားနည်းနေတယ်”
“အိုး ဘုရားရေ...”
ကျင်းရှီသည် သူ့ခန္ဓာကိုယ်ကို မတ်တပ်ကူရပ်ပေးရန် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရပြီး အခန်းထဲသို့ ခေါ်သွားကာ အခန်းတံခါးကို ပိတ်လိုက်သည်။
“ရှင်က အလေးကြီးပဲ စီနီယာရေ”
မျက်လုံးများကိုမှိတ်ထားရင်း ပေါ်ရန်သည် ရေဘဝဲတစ်ကောင်လို သူမကို အတင်းဖက်တွယ်ထားပြီး သူ့အသံမှာ ပျော့ပျောင်းနေကာ အားအင်မရှိသော်လည်း အသံအက်အက်ကြီးနှင့် နိမ့်ပြောသည်။ “အားမရှိဘူး၊ ငါ့ကို အိပ်ရာထဲခေါ်သွား”
ကျင်းရှီသည် အားတက်သရောနှင့် သူ့ကို ဆိုဖာပေါ် လှဲချလိုက်သည်။
“စီနီယာ၊ ရှင် ဘယ်လိုတောင် အဲ့လောက်ထိဖျားသွားတာလဲ”
ကျင်းရှီသည် သူ့ နဖူးကို စမ်းကြည့်လိုက်ပြီး သူ့ကိုယ်အပူချိန်မှာ တကယ်ကို မြင့်နေသည်။ “ရှင် ဆေးရုံးသွားပြီးပြီလား”
“ဆေးရလာတယ်” ပေါ်ရန်က လက်ကိုဆန့်ကာ ကော်ဖီစားပွဲကို ညွှန်ပြလိုက်သည်။
ကျင်းရှီသည် သူ၏အိတ်ကပ်များ စစ်ကြည့်ရာ ဆေးစာတွင် ရေးထားသော ဆေးပမာဏနှင့် ညွှန်ကြားချက်များကို ကြည့်လိုက်သည်။ သို့သော် သူမ ဆေးလုံးများကို ရေတွက်ကြည့်ရာ သိပ်သောက်မထားပေ။
သူမသည် လေးနက်စွား မေးလိုက်သည်။ “စီနီယာ ဆေးမသောက်ထားဘူးလား”
ပေါ်ရန်၏ မျက်လုံးများသည် မျဉ်းကြောင်းများလို ကျဉ်းမြောင်းသွားကာ မျက်တောင်များ ထူထဲနက်မှောင်နေသော်လည်း သူ့မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ အသက်ရှုမဝသလိုနှင့် အားမရှိစွာ ပြောလိုက်သည်။ “အားနည်းနေတော့ ဘာရေးလို့ရေးထားမှန်း မဖတ်နိုင်ဘူး၊ အဲ့တော့ ဒီအတိုင်း ဆေးတစ်လုံးနှစ်လုံးကို လျှောက်သောက်လိုက်တယ်”
ကျင်းရှီသည် သူ့ကို အပြစ်တင်ဖို့ မတတ်နိုင်ချေ။ သူမသည် ဆေးထုပ်များအားလုံးကို သပ်သပ်ရပ်ရပ် ထုတ်ထားပြီး ဆေးစာအတိုင်း သောက်ရမည့်ဆေးများကို အကြိမ်ရေအလိုက် ခွဲထားသည်။ သူမသည် ရေသန့်စက်မှ ရေနွေးပူပူလေးကိုလည်း ယူလာလိုက်သည်။
“စီနီယာ ဆေးသောက်ချိန်ရောက်ပြီ”
ပေါ်ရန်၏ နှုတ်ခမ်းများမှာ အနည်းငယ် ဟသွားသည်။ သူမသည် စိတ်ရှည်ရှည်ဖြင့် ဆေးပြားများကို ပါးစပ်ထဲသို့ တစ်လုံးပြီးတစ်လုံး တိုက်နေပြီးနောက် သူ့မေးစေ့ကို အနည်းငယ်စောင်းပေးကာ ဇွန်းဖြင့် ရေနွေးနွေးလေး တိုက်လိုက်သည်။
သူ၏ လည်စေ့သည် မျိုချလိုက်သောအခါ အနည်းငယ်လှုပ်သွားသည်။
“မျိုချလိုက်ပြီလား စီနီယာ”
“မဟုတ်ဘူး၊ ငါ့လည်ချောင်းထဲမှာ တစ်နေတယ်”
ပေါ်ရန်က သူမကို မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်သည်။ “ကျင်းရှီ၊ ရေနည်းနည်းလောက် တိုက်ပါဦး”
ကျင်းရှီသည် သူ့ခေါင်းကို ညင်သာစွာ မော့ပေးလိုက်ပြီး ရေကို ဂရုတစိုက် တိုက်ကာ တစ်ကြိမ်လျှင် တစ်ငုံနှုန်းဖြင့် ရေမသီးအောင် တိုက်ပေးနေသည်။ သူမသည် ကြောင်အုပ်စုများထဲရှိ နေမကောင်းဖြစ်နေသော ကြောင်ကလေးကို ပြုစုစောင့်ရှောက်ရတာထက် သူမက ပိုသတိထားလုပ်ပေးနေသည်။
ဆေးသောက်ပြီးနောက် ပေါ်ရန်သည် ကျင်းရှီ၏ ပေါင်ပေါ် ခေါင်းကို တင်လိုက်ပြီး မှိန်းနေသည်။
အဒေါ်ငယ်လေးသည် ယခုအချိန်တွင် သူ့ကို အမှန်တကယ် ကြင်နာယုယနေပြီး သူ့ကို မတွန်းထုတ်ရက်ပေ။
သူမသည် ကြင်နာတတ်သည်။ ကျောင်းက ကြောင်များ နေမကောင်းသည့်အခါ တစ်ညလုံး စိုးရိပ်နေတတ်ပြီး အိပ်မပျော်ပေ။ ယခုတွင်မူ လူတစ်ယောက် ဆိုသောကြောင့်...။
“စီနီယာ ရှင် တော်တော် ဖျားနေတာပဲ၊ အဲ့ဒါကို မိသားစုကို ဘာလို့ မပြောပြတာလဲ”
ပေါ်ရန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကာ သူမကို နူးနူးညံ့ညံ့ စူးစိုက်ကြည့်လိုက်သည်။ “ငါ့အဘိုးက ဒီနှစ်ဆို ခုနစ်ဆယ့်ခြောက်နှစ်ရှိပြီ။ သူ့ကို လာခိုင်းပြီး ငါ့ကိုပြုစုဖို့ မပြောရက်ဘူးလေ”
ကျင်းရှီက ထပ်မေးလိုက်သည်။ “တခြားဆွေမျိုးတွဆိုရင်ရော ဘယ်လိုလဲ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ဝမ်းကွဲတွေရော?”
“သူတို့အားလုံးမှာ သူတို့ကိစ္စကိုယ်စီနဲ့။ အခုက နေထိုင်မကောင်းဖြစ်ရုံပါပဲ” ဟု သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်ကာလှဲလိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “လဲမကျမချင်း ကိုယ့်ဘာသာကိုယ် လုပ်နိုင်တယ်၊ အဲ့ဒါကြောင့် ဘာလို့ တခြားသူတွေကို အနှောင့်အယှက်ပေးရမှာလဲ”
ဘာပဲဖြစ်ဖြစ် အဆုံးတွင် သူတို့က သူ၏မိသားစုဝင်များ မဟုတ်ပေ။
ကျင်းရှီသည် သူမ၏ စီနီယာပေါ်ရန်မှာ ရည်းစားတစ်ယောက် လိုအပ်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ အနည်းဆုံး သူဖျားနေချိန်တွင် သူ့ကို စောင့်ရှောက်ပေးမယ့်သူတစ်ယောက် ရှိနေမည်ဖြစ်သောကြောင့် ဤနေရာတွင် ယခုလိုမျိုး စွန့်ပစ်ခံထားရမည် မဟုတ်ချေ။
ဤအကြောင်းကို သူမ ပိုတွေးလေလေ ပိုသနားလေလေဖြစ်လာသည်။ ကျင်းရှီ၏ မျက်လုံးများ နီရဲလာသည်။
“ကျင်းရှီ မင်းဘာတွေတွေးနေတာလဲ” သူက အားပျော့စွာ မေးလိုက်သည်။
“ရှင် အရမ်းဖျားနေတာတောင် ကျွန်မဘာတွေတွေးနေလဲဆိုတာကို ဂရုစိုက်နေသေးတယ်”
ကျင်းရှီက ထိုစကားပြောပြီးနောက် သူမ မထိန်းနိုင်တော့ပဲ မျက်ရည်တစ်စက်သည် သူ့မျက်တောင်များပေါ်သို့ ကျသွားလေသည်။
သူသည် ပေါ့ပေါ့ပါးပါး မျက်တောင်ခတ်လိုက်သည်။ သူ့မျက်တောင်များကို စိုစွတ်စေသော မျက်ရည်တစ်စက်။ သူ၏ အားနည်းပြီး ယိမ်းယိုင်ချည့်နဲ့နေသော အခြေအနေတွင်တောင် သူ့နှလုံးသားကိုလည်း နူးညံ့ပျော့ပျောင်းသွားစေသည်။
...
ကျင်းရှီ ထွက်သွားပြီးနောက် ပေါ်ရန်သည် ဆိုဖာပေါ်မှ ထထိုင်ကာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
WeChat ဂရုတွင် ရှုချောင်းယန်က သူ့ကို အကြိမ်နှစ်ဆယ်ထက်မနည်း tag ခဲ့သည်။
ရှုချောင်းယန် - “ငါ့ကျောင်းသူလေး အခုထိ သူ့အဆောင်ကို ပြန်မရောက်သေးဘူးကွ! မင်းဘာလုပ်လိုက်တာလဲ၊ ငါသတိပေးနေတယ်နော် - မင်း လာရှုပ်မယ်မကြံနဲ့!”
ပေါ်ရန် - “သူပြန်သွားပြီ။ အောက်ထပ်ထိ လိုက်ပို့ပြီး တက္ကစီပေါ်တင်ပေးလိုက်တယ် သူပြန်ရောက်ရင် ငါ့ကိုပြောပြဦး”
ရှုချောင်းယန် - “ယို့၊ မင်းလက်ထဲရောက်လာတဲ့ သိုးကလေးကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်နိုင်တာပဲ။ မဆိုးပါဘူး!”
အချိန်အတော်ကြာ ရပ်သွားပြီးနောက် ပေါ်ရန်က “ငါ သူ့ကို လက်ထပ်ချင်တယ်” ဟုပြောလိုက်သည်။
ရှုချောင်းယန်က ဖုန်းကိုငုံ့ကြည့်ပြီး ကျင့်ချီကို မေးလိုက်သည်။ “ဘာသာပြန်လူသားရေ၊ ဒီကောင် ငါ့ကို ထပ်ပြီး ကျိန်ဆဲနေတာ မဟုတ်ဘူးလား?”
ကျင့်ချီသည် ဂဏန်းပေါင်းစက်ဖြင့် တစ်နေ့တာ ၀င်ငွေများကို တွက်ချက်နေသည်။ သူက ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး “မင်းရဲ့သခင်ကြီးပေါ်က ဒီဘဝမှာ သူ့ရဲ့ပထမဆုံး လူတွေပြောနေကျစကားလုံးတွေကို ပြောလိုက်တာပဲ”
ရှုချောင်းယန် - “သူ ဘာပြောလိုက်တာလဲ”
ကျင့်ချီ - “သူပြောတာက ငါသူ့ကိုလက်ထပ်ချင်တယ်တဲ့”