← Chapters

အပိုင်း (၂၀)

Vol. 2 Ch. 20

အပိုင်း (၂၀)

Vol. 2 Ch. 20

ပေါ်ရန်၏ ခန္ဓာကိုယ်သည် ပုံမှန်အားဖြင့် အခြေအနေကောင်းမွန်နေတတ်သည်။ ဆေးသောက်ပြီးနောက် ပို၍ကောင်းလာခဲ့သည်။ မနေ့က ကျင်းရှီသည် သူမ ဒီကိုထပ်လာမည်ဟု ပြောခဲ့သည်ကို တစ်ဖန်ပြန်တွေးရင်း သူသည် ရည်ရွယ်ချက်ရှိရှိနှင့် ရေနွေးဖြင့် မွှေးကြိုင်နေအောင် ရေချိုးလိုက်ပြီး နေမကောင်းချင်ယောင်ဆောင်ဖို့ ကြံစည်ထားသည်။

ညနေပိုင်းသို့ရောက်လာချိန်တွင် ပေါ်ရန်သည် တံခါးခေါက်သံကို ကြားလိုက်ရသည်။

သူသည် ပျင်းရိပျင်းတွဲ ခြေလှမ်းများဖြင့် လျှောက်လာကာ တံခါးကိုဖွင့်ပြီး ကောင်မလေး၏ လည်ပင်းကို ပွေ့ဖက်ရန် အဆင်သင့်ဖြစ်နေသည်။ သို့သော် သူအံ့သြသွားသည်မှာ ရှန်ဖျင်ချွမ်၏ အမြင်ကတ်စရာ မျက်နှာကြီးသည် သူ့ရှေ့တွင် ပေါ်လာသည်။

ရှန်ဖျင်ချွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရင်ဘတ်ကို မတ်မတ်ထားကာ သူ့ကို ကွပ်မျက်တော့မည့် အစိုးရဘက်တော်သားတစ်ယောက်လို စူးရှစွာ ကြည့်နေသည်။

ပေါ်ရန်က သူ့နှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။ ပေါ်ရန်သည် တံခါးဝမှာ သေချာမတ်တတ်ရပ်လိုက်ပြီး မေးလိုက်သည်။ “မင်းဘာလို့ဒီကိုလာတာလဲ”

ရှန်ဖျင်ချွမ်က ရွှင်လန်းမှုမရှိပဲ ပြုံးပြပြီး “မင်းဖအေကို တွေ့လိုက်ရတော့ အံ့သြသွားလား။ မထင်ထားဘူးမလား”

ပေါ်ရန်က တံခါးကို တန်းပိတ်လိုက်မိချင်သည်။

ထိုအချိန်တွင် ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ နောက်ကွယ်မှ သူမ၏ ခေါင်းလေး ပြူထွက်လာသည်။

သူမသည် အဖြူရောင် ဂွမ်းကပ်အင်္ကျီကို ဝတ်ထားပြီး လက်ထဲတွင် ဂရုတစိုက်နှင့် ပန်းသီးအနီတစ်လုံးကို ကိုင်ထားရင်း ဝှေ့ယမ်းပြလိုက်သည်။ သူမက ပေါ်ရန်ကို ပြုံးပြပြီး “စီနီယာ၊ မယ်ရီးခရစ္စမတ်ပါ။ နေကောင်းသွားပြီလား”

သူမကိုမြင်လိုက်ရတော့ ပေါ်ရန်၏ မျက်နှာမှာ နူးညံ့ပျော့ပျောင်းသွားသည်။ တံခါးကိုဖွင့်လိုက်ပြီး သူတို့နှစ်ယောက်ကို ဝင်ခွင့်ပြုလိုက်သည်။

အခန်းမှာ နွေးသင့်သလောက် နွေးနေသည်။ ကျင်းရှီဝင်လာပြီးနောက်တွင် သူမသည် ဂွမ်းကပ်အင်္ကျီကို ချွတ်လိုက်ပြီး အတွင်းဘက်တွင် ပေါ့ပါးသော အမွေးပွ ဆွယ်တာအင်္ကျီ ဝတ်ထားသည်။ ထိုကိုယ်ကြပ် ဆွယ်တာအင်္ကျီသည် သူမ၏ သေးငယ်သော အဖူးအပွင့်လို ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ပေါ်လွင်စေသည်။

သူမကို အဝတ်များကို ပွပွဝတ်တတ်လေ့ရှိသည်ကို မြင်ဖူးပြီး သူမ ခါးလေးမှာ မိန်းမသားတစ်ယောက်၏ ဆွဲဆောင်မှုလည်း ရှိလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ပေါ်ရန်သည် မျက်ခုံးပင့်ကာ အင်္ကျီကိုယူကာ စင်ပေါ်၌ ချိတ်ဆွဲလိုက်သည်။

“ကျေးဇူးပါစီနီယာ” ကျင်းရှီက သူ့ကို ရှင်းပြလိုက်သည်။ “ရှန်ဖျင်ချွမ်က ရှင်နေမကောင်းမှန်း သိသွားတော့ ကျွန်မနဲ့အတူလိုက်ကြည့်မယ်ဆိုရင် အတင်းပြောနေလို့ ခေါ်လာလိုက်တာ”

“ကျေးဇူးပဲ” ဟုပေါ်ရန်သည် မဖိတ်ခေါ်ထားသော သူ့ကို အလွန်ပင် လာကြည့်ချင်နေသော ဧည့်သည်မျက်နှာကို ကြည့်တောင် မကြည့်ပဲ “ကိုယ့်အိမ်လိုပဲ သဘောထားပါ” ဟူ၍သာ ပြောလိုက်သည်။

ရှန်ဖျင်ချွမ်က သူနှင့် ကျင်းရှီကြားမှာ ရပ်နေပြီး ပေါ်ရန်ကို ခေါင်းအစခြေအဆုံး ကြည့်နေသည်။ “ညီမလေးက မင်း လမ်းတောင် မလျှောက်နိုင်ဘူးလို့ ပြောတယ်။ ဒါပေမယ့် မင်းကို ကြည့်ရတာ တော်တော် အားရှိနေပုံပဲ”

ပေါ်ရန်က ဆိုဖာပေါ် မှီပြီး “ဆေးသောက်လိုက်လို့ သက်သာလာတာ” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ရှန်ဖျင်ချွမ်က လှောင်ပြောင်ရင်း “ငါ့ညီမလေးကို မြင်လိုက်ရတော့ မင်းဘာသာ အလိုလို နေပြန်ကောင်းလာတာမလား”

ပေါ်ရန်က မျက်ခုံးပင့်လိုက်ပြီး “အဓိကကတော့ ငါက အသက်ငယ်သေးတယ်၊ ပြီးတော့ မကြာခဏ လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ မင်းတို့အဖိုးအိုတွေလို ကျောက်ကပ်အားနည်းပြီး ခါးနာနေတဲ့ဟာမျိုး မဟုတ်ဘူး အဲ့လိုလူစားမျိုးတွေက ကျန်းမာရေး တော်တော်ချို့တဲ့တဲ့ဟာတွေ၊ မင်းတို့ ဖြည့်စွက်စာ အာဟာရတွေ စားဖို့လိုတယ်နော်၊ ငါ့အခန်းဖော်က ပင်လယ်ပက်ကျိဆေးလုံးတွေ ရောင်းတယ်။ မင်းလိုအပ်ရင် ငါ့ကိုပြောလိုက်”

ရှန်ဖျင်ချွမ် - ...

သေစမ်း၊ ပင်လယ်ပက်ကျိဆေးလုံးတွေတဲ့လား!

အကယ်၍ သူသာ နေမကောင်းတဲ့လူ မဟုတ်ပါက ရှန်ဖျင်ချွမ်သည် သူ့ကို ထိုးပစ်လိုက်မည်ဖြစ်သည်။

ဒီကောင် ဘယ်လိုများ ငါ့ကို ဒေါသထွက်အောင် လုပ်ပြီး မထင်မဲ့မြင်စကားတွေ ပြောနေတာလဲ။

သို့သော်လည်း သူ့ညီမငယ်လေးက သူ့ကို ဂရုစိုက်ပေးဖို့ အလွန်စိတ်အားထက်သန်နေသည်။

ရှန်ဖျင်ချွမ်သည် ရုတ်တရက်ထပြီး ကျင်းရှီကို ဆွဲခေါ်ကာ ထွက်သွားဖို့ လုပ်နေသည်။

“အစ်ကို၊ ကျွန်မတို့ စီနီယာနဲ့ ခရစ္စမတ်ကို အတူတူဖြတ်သန်းမယ်လို့ ကတိပေးထားတယ်လေ”

“မင်းမြင်လား၊ သူလုံးဝမဖျားဘူး။ သူဟန်ဆောင်နေတာ ရှင်းနေတာပဲ!”

ကျင်းရှီက နောက်ပြန်လှည့်ကြည့်လိုက်သည်။ ပေါ်ရန်သည် ထိုအခွင့်အရေးကို အမိအရယူရန် ဆိုဖာပေါ်တွင် လှဲလျောင်းပြလိုက်သည်။ “အိုး အားနည်းလာသလိုပဲ”

“တွေ့လား၊ အစ်ကို စီနီယာကို မူးလဲအောင် လုပ်လိုက်ပြီ!”

“သေစမ်း၊ မင်း အဲ့ဒါကို တကယ်ယုံနေတာလား!”

ရှန်ဖျင်ချွမ်က တစ်စုံတစ်ယောက်ကို ထိုးပစ်ချင်နေသည်။

ကျင်းရှီက ရှန်ဖျင်ချွမ်၏ လက်ကို ခါချလိုက်ပြီး “အစ်ကို ပြန်ချင်ရင် ကိုယ့်ဘာသာ ပြန်သွားလို့ရတယ်၊ ကျွန်မကတော့ စီနီယာနဲ့ ခရစ္စမတ်ကို အတူတူဖြတ်သန်းမှာ”

ပေါ်ရန်သည် မျက်လုံးများကို အားပျော့စွာ ဖွင့်လိုက်ပြီး ရှန်ဖျင်ချွမ်ကို ပြောလိုက်သည်။ “မင်းထွက်သွားချင်ရင် သွားလို့ရတယ်နော်၊ ဒီနေရာကနေ ညာဖက်ကွေ့လိုက်ရင် နံပါတ် ၃၀၄ ဘတ်စ်ကားမှတ်တိုင်က လမ်းဘေးမှာ ရှိတယ်၊ ကောင်းကောင်း လျှောက်သွားလိုက်နော်”

ရှန်ဖျင်ချွမ်က သူ့ညီမကို တစ်ယောက်တည်း ဘယ်လို ထားခဲ့နိုင်မည်နည်း။ သူသည် ခဏလောက် ငြီးတွားလိုက်သည် “ငါမသွားဘူး”

တကယ်တမ်းတော့ ကျင်းရှီက ပေါ်ရန်ဖျားနေသည့် ဤရက်ပိုင်းအတွင်း ကောင်းကောင်း စားမဝင်ရဘူးဟူ၍ တွေးနေခဲ့သည်။ ထို့ကြောင့် သူမသည် ဟင်းချက်ပေးရန် ပါဝင်ပစ္စည်းများဝယ်ရန် စူပါမားကတ်သို့သွားခဲ့ပြီး ခရစ္စမတ်ကို အတူတူဖြတ်သန်းချင်ခဲ့သည်။

ကျင်းရှီက မုန်လာဥနီများကို ဓားဖြင့်လှီးနေသည်ကိုမြင်လိုက်ရာ ရှန်ဖျင်ချွမ်က ခေါင်းယမ်းပြီး မီးဖိုချောင်ထဲက သူမကို ထွက်သွားခိုင်းလိုက်သည်။

ကျင်းရှီ၏ အမေသည် လွန်ခဲ့သောနှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီး သူမကို ရှန်မိသားစုတွင် ထားခဲ့သည်။ ရှန်ဖျင်ချွမ်၏ အဖေဖြစ်သူ ရှန်ရှိရှန်းက အလုပ်များနှင့်ရှုပ်နေခဲ့သည်။ အကြီးဆုံးအစ်ကို အနေနှင့် ရှန်ဖျင်ချွမ်သည် သေသေချာချာ မဟုတ်သော်လည်း ကျင်းရှီကို လက်တွေ့ကျကျ ပြုစုပျိုးထောင်ခဲ့သည်။

သူ၏ ဟင်းချက်လက်ရာမှာ စားဖို့ခဲယဉ်းလှသည်။ ရှန်ဖျင်ချွမ်၏ ဆိုးသွမ်းလှသော ဟင်းချက်လက်ရာကို နှစ်ပေါင်းများစွာ စားခဲ့ပြီးနောက် ခန္ဓာကိုယ်ပုံပျက်သွားခြင်းမရှိသည်ကို အံ့ဖွယ်တစ်ခုအဖြစ် ကျင်းရှီသည် စိတ်ထဲကအမြဲခံစားမိသည်။

ကျင်းရှီက ရှန်ဖျင်ချွမ်ကို စိုးရိမ်တကြီးကြည့်ရင်း “အစ်ကို စီနီယာပေါ်ကို အဆိပ်ခတ်သတ်ရင် အစ်ကိုနဲ့ ကျွန်မ သေခန်းပြတ်ပဲ”

ရှန်ဖျင်ချွမ်က ပန်းပွင့်လေးများ စီခြယ်ထားသော အေပရွန်ကို အေးအေးဆေးဆေး ၀တ်လိုက်ပြီး “စိတ်မပူပါနဲ့၊ ဗီလိန်တွေက အနှစ်တစ်ထောင် အသက်ရှင်ကြတယ်၊ သူ ဒီလောက်လွယ်လွယ်နဲ့ မသေပါဘူး” ဟုပြောလိုက်သည်။

ကျင်းရှီသည် မီးဖိုချောင်မှ ထွက်လာပြီး ဆိုဖာပေါ်တွင် ထိုင်နေသော ပေါ်ရန်ကို တွေ့လိုက်သည်။ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းနေပြီး ဒူးပေါ် တံတောင်ဆစ်ထောက်ထားကာ ပန်းသီးတစ်လုံးကို အခွံ့ခွာနေသည်။

သူသည် မီးခိုးရောင်ဖျော့ဖျော့ ဆွယ်တာအင်္ကျီကို ၀တ်ထားပြီး အိမ်မှာနေအေးအေးဆေးဆေးနေသည့်ပုံစံမျိုး ပေါ့ပေါ့ပါးပါး ၀တ်ထားသည်။ နွေးထွေးသော အဝါရောင် မျက်နှာကျက် မီးရောင်အောက်တွင် သူမကို သူနဲ့ ပိုရင်းနှီးလာသလိုမျိုးကို ခံစားရစေသည်။

သူ့အသားအရည်ကလည်း ဖြူစင်ပြီး ကြည်လင်တောက်ပနေကာ သူ့မျက်နှာမှာ သွေးမရှိပဲ အားပျော့နေသည့် အလှတရားကို ပိုတိုးလာစေသည်။

သူသည် ဓားကို ဖျတ်လက်စွာကိုင်ကာ ပန်းသီးအရေခွံကို အလွှာလိုက် ခွာပစ်နေသည်။

ကျင်းရှီသည် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ပန်းသီးအခွံကို ကောက်ကိုင်လိုက်ပြီး “တော်လိုက်တာ” ဟုသက်ပြင်းချရင်း ပြောနေသည်။

ပေါ်ရန်သည် ပန်းသီးတစ်စိတ်ကို လှီးလိုက်ပြီး သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူက ပြုံးပြီး သူမကို လှမ်းကြည့်ကာ “မင်းရဲ့ စီနီယာက ဘာမဆို လုပ်တတ်တယ်လေ။ နောက်ဆို အနာဂတ်မှာ မင်းပိုသိလာလိမ့်မယ်”

ရှန်ဖျင်ချွမ်က မီးဖိုချောင်ထဲကနေ လှမ်းကြည့်လိုက်ပြီး “ငါ့ညီမကို ညစ်ညစ်ပတ်ပတ်တွေ လျှောက်ပြောမနေနဲ့!”

ပေါ်ရန်မှာ “မင်း ငါ့ကို လုပ်ရဲရင် လုပ်ကြည့်လေ” ဟူသော အကြည့်မျိုးဖြင့် ပြန်ကြည့်လိုက်သည်။

ရှန်ဖျင်ချွမ်က ဒေါသတကြီးနှင့် “ငါ မင်းကို အဆိပ်ခတ်သတ်ပစ်မယ်”

ကျင်းရှီသည် ပေါ်ရန်လက်ထဲမှ ပန်းသီးဖြူဖြူကို စိုက်ကြည့်ကာ တံတွေးမျိုချလိုက်ပြီး “စီနီယာ၊ ကျွန်မလည်းစားချင်တယ်”

ပေါ်ရန်သည် သူမအတွက် ပန်းသီးတစ်စိတ်ကို လှီးပေးလိုက်သည်။

ကျင်းရှီက ထိုပန်းသီးစိတ်ကို လှမ်းယူနေသည်။ ပေါ်ရန်က ပြောလိုက်သည်။ “မင်းလက်တွေ ညစ်ပတ်နေတယ်။ ပါးစပ်ဟလိုက်”

ထို့နောက် ကျင်းရှီက ပြောစကားနားထောင်စွာနှင့် ပါးစပ်ကိုဟပြီး ပေါ်ရန်က ပန်းသီးကို ခွံကျွေးလိုက်သည်။

ဘာကြောင့်မှန်းမသိပေမယ့် နေမကောင်းတဲ့သူအတွက် ဝယ်လာခဲ့သော ထိုပန်းသီးသည် အထူးသဖြင့် ချိုမြိန်ပြီး အရည်ရွှမ်းနေသည်။

နှစ်ယောက်သား ဆိုဖာပေါ်တွင် ထိုင်ကာ ပန်းသီးများကို အူတိုင်အထိသာကျန်အောင် စားပစ်လိုက်ကြသည်။

ရှန်ဖျင်ချွမ်သည် မီးဖိုချောင်မှ မကျေမနပ် လှမ်းကြည့်နေလေသည်။ သူသည် ကျင်းရှီအတွက် ပန်းသီးများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အခွံခွာကာ လှီးပေးခဲ့ပေမယ့် တစ်ဝက်လောက် ခွာပြီးသည်နှင့် သူမသည် ဆက်မစားပဲ ထားခဲ့လေ့ရှိသည်။ ယခုတွင်မူ သူမသည် အခြားသူ ပန်းသီးအခွံခွာပေးပြီး ခွံကျွေးနေသည်ကို ခံတွင်းတွေ့စွာ စားနေသည်။

သူမသည် ကျေးဇူးကန်းသော မျက်လုံးဖြူဖြူနှင့် ဝံပုလွေမလေးသာဖြစ်သည်။

သူသည် အိုးပေါ်ကို ယောင်းမနှင့် ခေါက်လိုက်ပြီး “ဟေ့! မင်းတို့ နှစ်ယောက် ထိုင်တာ အရမ်းနီးနေတယ်! ညီမလေး သူနဲ့ ခပ်ဝေးဝေးမှာနေ။ သူ့ဆီက ရောဂါပိုးတွေ ကူးလိမ့်မယ် သတိထားဦး...”

ပေါ်ရန် - “ဒီကောင် တော်တော်ရှုပ်တာပဲ”

ကျင်းရှီက အလျင်အမြန် ပြောလိုက်သည်။ “သူက အဲ့လိုပဲ၊ ဒါပေမယ့် သူက တကယ် သဘောကောင်းတယ်၊ ဒီတစ်ခေါက် ရှင့်ကို သူတွေ့ချင်တယ်ဆိုပြီး သူကပဲဦးဆောင်လို့ လာဖြစ်သွားတာ”

ပေါ်ရန်၏ နှုတ်ခမ်းဖျားတွင် ပြုံးယောင်သမ်းသွားသည်။ ရှန်ဖျင်ချွမ်က ဒီကိုလာဖို့ ဦးဆောင်ခဲ့သည်မှာ သူ့ကို တွေ့ချင်သောကြောင့် မဟုတ်ဟု သူယုံကြည်ထားသည်။ အုပ်ထိန်းသူတစ်ယောက်၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းဖြစ်သည်။

ရှန်ဖျင်ချွမ်သည် သူ့ညီမလေးကို တန်ဖိုးထားသည်။ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်လင့်ကစား ဘားတစ်ခု၌ တစ်စုံတစ်ယောက်၏ ခေါင်းကို ပုလင်းဖြင့် ရိုက်ခွဲရဲကြောင်းကို ပေါ်ရန် သိထားလျက် ရှန်ဖျင်ချွမ်သည် ကျင်းရှီကို သူ့ညီမအရင်းတစ်ယောက်လို ဂရုစိုက်ကြောင်း သိလိုက်ရသည်။ ဤအချက်တစ်ချက်ကြောင့် ပေါ်ရန်သည် ရှန်ဖျင်ချွမ်အပေါ် အကောင်းမြင်လာခဲ့သည်။

ရှန်ဖျင်ချွမ်သည် အားသွန်ခွန်စိုက်လုပ်ထားပြီး အလွယ်တကူ စားသောက်နိုင်သော ဟင်းပွဲများကို စားပွဲအပြည့် ချက်ထားပေးသည်။ အရသာမှာ စား၍ရနိုင်သော အရသာလောက် ဖြစ်နေသည်။

အစက စားချင်စိတ် သိပ်မရှိသော်လည်း ကျင်းရှီက သူ့ပန်းကန်ထဲမှာ ထမင်းထည့်ပေးနေသောကြောင့် ထမင်းနောက်တစ်ပန်းကန် ထပ်စားလိုက်သည်။

ရှန်ဖျင်ချွမ်သည် အလွန်မနာလိုဖြစ်မိသည်။ သူ့ညီမလေးက သူ့ကို ဒီလိုမျိုး အရင်က တစ်ခါမှ မလုပ်ဖူးပေးချေ။

ရှန်ဖျင်ချွမ်၏ မနာလိုဖြစ်နေသော မျက်နှာကို မြင်လိုက်သောအခါ ပေါ်ရန်က သူ့ကို ကြက်ခြေထောက်တစ်ချောင်း ထည့်ပေးလိုက်သည်။ “ဆရာရှန်၊ ဧည့်ဝတ်သိပ်မကျေတဲ့အတွက် တောင်းပန်ပါတယ်”

“ဟွန့်”

ထမင်းစားနေစဉ် ရှန်ဖျင်ချွမ်သည် ပေါ်ရန်၏ နေရာကို မျက်စိနှင့် ဟိုကြည့်သည်ကြည့် လှည့်ပတ်ကြည့်နေခဲ့သည်။ အိမ်မှာ အလွန်ကျယ်ပြီး အိပ်ခန်းလေးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါသည်။ သို့သော်လည်း လူများမရှိခြင်းကြောင့် ခြောက်ကပ်နေသလို ခံစားရသည်။

“မင်းမိဘတွေ ဘယ်မှာလဲ၊ မင်းနေမကောင်းဖြစ်တာတောင် အိမ်မှာ တစ်ယောက်တည်းထားခဲ့သေးတယ်နော် မင်းကို သိပ်ဂရုမစိုက်သလိုပဲ။ ကြည့်ရတာ မင်း ငယ်ငယ်ကတည်းက မေတ္တာငတ်ခဲ့တော့ မင်းဦးနှောက်လည်း ကယ်လ်စီယမ် ချို့တဲ့နေပုံရတယ်” ဟု ရှန်ဖျင်ချွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဒါဟာ ရွဲ့တဲ့တဲ့ ပြောခဲ့သော မှတ်ချက်တစ်ခုဟုဆိုပေမယ့် ကျင်းရှီက သူ့ကို စားပွဲအောက်ကနေ ချက်ချင်း ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ ရှန်ဖျင်ချွမ် နာကျင်စွာ တုန်တက်သွားသည်။

သေစမ်း၊ ဒီဟာမလေးကတော့ ငါ့ကို မညှာမတာနဲ့!

ကျင်းရှီက သူ့ကို စူးရှစွာ စိုက်ကြည့်နေသည်။ ပြောစရာစကားမရှိရင် ဘာတစ်လုံးမှမပြောနဲ့!

ပေါ်ရန်သည် သူ့စိတ်ထဲတွင် ဘာမှမဖြစ်သွားပေ။ “သူတို့က နံရံပေါ်မှာ” ဟုတည်ငြိမ်စွာ ပြောလိုက်သည်။

ရှန်ဖျင်ချွမ်သည် မော့ကြည့်လိုက်ရာ နံရံပေါ်မှာ အဖြူအမည်းဓါတ်ပုံနှစ်ပုံ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။

ဓာတ်ပုံထဲက သူ့မိဘများသည် အလွန်ငယ်သေးပြီး အပြုံးလှလှလေးများနှင့် အထူးသဖြင့် သူ့အမေက အလှဆုံးပြုံးထားသည်။ ပြုံးလိုက်သောအခါ သူမ၏ မျက်လုံးထောင့်များသည် ပေါ်ရန်နှင့် တူနေသည်။

ရှန်ဖျင်ချွမ်က ပါးစပ်ပိတ်လိုက်ပြီး လည်ချောင်းထဲတွင် တစ်ခုခု ဆို့နင်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ဟင်းပွဲများကို စားလိုက်သောအခါ အလွန်စိတ်မသက်မသာဖြစ်မှုကြောင့် အရသာမရှိဖြစ်သွားသည်။

ကျင်းရှီသည် သူမ၏ မိုက်မဲသောအစ်ကိုကြောင့် စိတ်တိုနေခဲ့သည်။ ထိုကြီးမားလှသော ပုံတူရုပ်ပုံများကို သူမတွေ့ခဲ့ပေ။ သူသည် တစ်စုံတစ်ယောက်၏ ဒဏ်ရာကို ရူးသွပ်စွာ သွားဆွလိုက်သလို ဖြစ်နေသည်။ သူကို ကူညီရမည့်အတိုင်းအတာထက် ကျော်လွန်သွားလေသည်။

သူမသည် သူ့ကို လျစ်လျူရှုပြီး တစ်ခုခုအတွက် ပြန်လုပ်ပေးရန် ကြိုးစားနေသလိုမျိုးဖြင့် ပေါ်ရန်၏ ပန်းကန်လုံးထဲသို့ အစားအစာများ ဆက်တိုက်ထည့်ပေးနေခဲ့သည်။

ပေါ်ရန်၏ အကြည့်များ နူးညံ့သွားသည်။ သူမ ထည့်ပေးသမျှကို လက်ခံပေးနေသည်။

ထမင်းစားပြီးနောက် သူတို့မောင်နှမနှစ်ယောက်သည် အိမ်ပြန်ရန် ထိုနေရာကနေ အလျင်စလို မထွက်သွားပဲ ပေါ်ရန်နှင့်အတူ တီဗွီကြည့်ရန် ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။

စောစောက သူ့အမှားကြောင့် ရှန်ဖျင်ချွမ်သည် နောင်တရနေပြီး ရုပ်ရည်ကြည့်ကောင်းသော ကောင်လေးတစ်ယောက်လို ဆိုဖာပေါ်တွင် ဒူးထောက်ကာ ငြိမ်သက်စွာ ပွေ့ဖက်ပေးလိုက်သည်။

ယနေ့သည် ခရစ်စမတ်အကြိုနေ့ဖြစ်သည်။ မြို့လယ်ခေါင်ရှိ အဓိကနေရာများ အားလုံးတွင် ခရစ္စမတ်အတွက် ပျော်ပွဲရွှင်ပွဲများ လုပ်နေကြပြီး ပတ်ဝန်းကျင်အခြေအနေသည် အလွန်ကောင်းမွန်နေသည်။ ကျင်းရှီနှင့် ရှန်ဖျင်ချွမ်တို့သည် နှစ်တိုင်း ခရစ္စမတ်နေ့တွင် ပျော်ပွဲရွှင်ပွဲများ ပါဝင်ဆင်နွှဲကြပြီး အရသာရှိစွာ အတူတူစားသောက်ကြသည်။

ယခုတွင် ပေါ်ရန် ဖျားနေပြီဆိုသောကြောင့် လေအေးများတိုက်နေသည့် အပြင်ကို သွား၍မရသည်မှာ အသိသာပင်ဖြစ်သည်။ ထို့ကြောင့် ကျင်းရှီနှင့် ရှန်ဖျင်ချွမ်တို့သည် တီဗွီကြည့်ရင်း ဆိုဖာပေါ်တွင် ပေါ်ရန်ကို သူတို့နှစ်ယောက်အလယ်တွင် ထားပြီး ထိုင်နေကြသည်။

ကျင်းရှီသည် “Black Christmas” ရုပ်ရှင်ကို ကြည့်ချင်နေချိန်တွင် ရှန်ဖျင်ချွမ်သည် ဂိမ်းဆော့ပြသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ချင်နေသည်။ သူတို့နှစ်ယောက်က တီဗွီရီမုအတွက် ရန်ဖြစ်လုနီးပါး ဖြစ်နေကြသည်။

သူတို့ကြားထဲမှာ ညှပ်ပြီးထိုင်နေရသော ပေါ်ရန်သည် ပဲလှော်ကြားဆားညှပ်သလို ဖြစ်နေသည်။

ငယ်ငယ်ကတည်းက တစ်ကိုယ်တည်းနေခဲ့သည့် ပေါ်ရန်အတွက် ဒီလို သာယာလှသော မိသားစုအငွေ့အသက်ကို သူ မေ့ပျောက်ခဲ့သည်မှာ ကြာပါပြီ။

နှစ်ယောက်သား ရန်ဖြစ်နေကြသည်ကို ကြည့်ပြီး ပေါ်ရန်ဟာ အိမ်မှာ သောင်းကျန်းတတ်နေသည့် မိသားစုဘဝလေးကို စိတ်ကူးယဉ်နိုင်လုနီးပါး ဖြစ်ခဲ့ရသည်။ ထိုအရာကို တွေးကြည့်လိုက်ရာ တော်တော် နွေးထွေးသည့် အသိုက်အမြုံလေး ဖြစ်နေမည်မှာ အမှန်ပင်။

ကျင်းရှီသည် ရှန်ဖျင်ချွမ်ကို အနိုင်မယူနိုင်သေးပဲ ဒေါသအရမ်းထွက်ကာ သူမ၏မျက်နှာလေး နီရဲလာခဲ့သည်။ သူမသည် အဆုံးစွန်သော လက်နက်ကို ထုတ်လိုက်သည် -

သူမ၏ပထွေးဖြစ်သူ ရှန်ရှိရှန်းအား ရှန်ဖျင်ချွမ်၏ အကြမ်းဖက်မှုကို ပြောပြဖို့ဖြစ်သည်။

မကြာခင်မှာပဲ ရှန်ဖျင်ချွမ်၏ ဖုန်းမြည်လာသည်။ ဖုန်းစပီကာကနေ ရှန်ရှိရှန်း၏ ကြမ်းတမ်းပြီး ဆယ်မိုင်အကွာကနေတောင် ကြားနိုင်သည့် ရှန်ရှိရှန်း၏ ကြမ်းတမ်းကျယ်လောင်သော အသံ ထွက်လာသည်။

“မင်းညီမကို ရီမုတ်ပြန်ပေးလိုက်စမ်း။ မင်းအသက်ဘယ်လောက်ရှိနေပြီလဲ မင်းညီမကို အလျှော့ပေးရမှန်း မသိသေးဘူးလား! ငါအိမ်ပြန်ရောက်ပြီး တီဗွီကို ရိုက်ခွဲပစ်တော့မှ မင်းနားလည်မှာလား! မင်းခြေထောက်တွေ မကျိုးမချင်း ရိုက်ကျိုးပစ်မယ်!”

ရီမုတ်သည် ကျင်းရှီ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကျင်းရှီသည် "Black Christmas" ကို ပြောင်းကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် သူမ ငိုက်မျဉ်းလာသည်။

ဤနေရာမှာ ပေါ်ရန်အိမ်ဖြစ်နေမှန်းကို ရုတ်တရက် သတိရသွားသည်။

သူမ ဘေးနားက ပေါ်ရန်ကို လှမ်းကြည့်လိုက်သည်။ သူလည်း အိပ်ပျော်သွားသည့်ပုံပေါက်နေသည်။ သူ့ခေါင်းသည် ပျော့ပျောင်းသော ဆိုဖာကျောမှီကို မှီကာ လက်နှစ်ဖက်မှာ ပေါ့ပေါ့ပါးပါးနှင့် သဘာဝအတိုင်း တွဲလောင်းကျနေသည်။

သူ၏ ခပ်ဖွာဖွာဖြစ်နေသော နက်မှောင်သော ဆံပင်များက သူ၏ နူးညံ့သော မျက်တောင်များအပေါ် လိုက်ကာချထားသလို ဟိုတစ်စ သည်တစ်စနှင့် ကာထားသည်- သူ အိပ်ပျော်သွားသည်ကို သတိထားမိရန်မှာ ခက်ခဲလှသည်။

ဖျားနေသည့်သူများအဖို့ ပိုအိပ်လွယ်သည်။

ကျင်းရှီမှာ တိတ်တဆိတ်နှင့် ရှန်ဖျင်ချွမ်အား လက်ဟန်ခြေဟန်ပြကာ အခန်းထဲဝင်သွားပြီး စောင်တစ်ထည်ကို သွားယူပြီးနောက် ပေါ်ရန်ကို ညင်သာစွာ ချုံပေးလိုက်သည်။ ထို့နောက် တီဗွီကို ပိတ်လိုက်သည်။

“သွားကြမယ်”

ကျင်းရှီ ထွက်သွားဖို့ ပြင်နေတုန်းမှာ ပေါ်ရန်က ရုတ်တရက် လက်လှမ်းလိုက်ပြီး သူမ၏ လက်သန်းလေးကို ဆုပ်ကိုင်လိုက်သည်။

သူမက ခေါင်းငုံ့ကာ “ကျွန်မကြောင့် နိုးသွားတာလား” ဟုညင်သာစွာပြောလိုက်သည်။

ပေါ်ရန်သည် ကျဉ်းမြောင်းသော သူ၏ဇာမဏီမျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူ၏ နက်မှောင်လှသော မျက်လုံးအိမ်ထဲတွင် အလင်းတန်းများ ထွက်ပေါ်လာသလိုပင်။ သူ့အသံက အနည်းငယ် အက်နေသည့်ပုံစံဖြင့် “ငါ အိပ်နေတာ မဟုတ်ဘူး”

“ကျွန်မတို့ အိမ်ပြန်ကြတော့မလို့”

“ခဏစောင့်”

ပေါ်ရန်သည် စောင်ကိုဖယ်ကာ ကြမ်းပြင်ပေါ် ခြေချနင်းလိုက်ပြီး သူ့အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ကျင်းရှီနှင့် ရှန်ဖျင်ချွမ်တို့သည် ထိုနေရာတွင် ရပ်နေကြပြီး ဘာဖြစ်သွားမှန်း နားမလည်နိုင်ပဲ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်နေကြသည်။

သိပ်မကြာခင်မှာပဲ ပေါ်ရန်က သူ့လက်ထဲမှာ ပန်းရောင်သားမွေးလည်စည်းပုဝါတစ်ထည်ကို ကိုင်ထားရင်း ထွက်လာသည်။ သူက ကျင်းရှီထံသို့သွားပြီး ထိုလည်စည်းပုဝါကို သူမ၏လည်တိုင်တွင် ပတ်ပေးလိုက်သည်။

သူမ၏ နှုတ်ခမ်းပါးလေးကို ဖုံးသွားရန် လည်စည်းပုဝါ၏ အမွေးပွထောင့်လေးများကို ဖြည်းဖြည်းချင်း ဆွဲလိုက်သည့် အချိန်တိုင်း သူ၏ အပြုအမူများသည် နူးညံ့သိမ်မွေ့သွားသည်။

ကျင်းရှီ၏ ဖြူစင်သော အသားအရေသည် ယခုအခါ လည်စည်းပုဝါအတွင်း၌ သပ်သပ်ရပ်ရပ် ရှိနေပြီး သူမ၏ တောက်ပသော ခိုမျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။

“စီနီယာ...”

“ဒါက ခရစ္စမတ်လက်ဆောင်ပါ” ပေါ်ရန်၏ မျက်လုံးများတွင် ပြုံးယောင်သမ်းသွားကာ တိတ်တဆိတ် ပြုံးလိုက်ပြီး “မင်းငါ့ကို လာတွေ့လို့ အရမ်းပျော်မိတယ်”

**

သူတို့သည် ထိုအိမ်ရာဝန်းထဲက ထွက်လာပြီးသည်နှင့် ရှန်ဖျင်ချွမ်က ကျင်းရှီ၏ အမွေးပွလည်စည်းပုဝါကို မကျေနပ်သည့် မျက်နှာထားနှင့် လက်ဖြင့် ပွတ်ကြည့်နေသည်။ “ဒါက ဘယ်လိုလုပ်ပြီး မင်းကို နွေးစေမှာလဲ”

“အသာလုပ်စမ်းပါ အစ်ကို အမွေးတွေကို လိုက်ဆွဲထုတ်နေတယ်!” ကျင်းရှီသည် ချက်ချင်း ဘေးသို့ နေရာပြောင်းလိုက်ပြီး သူမ၏အမွေးပွပုဝါလေးကို ညင်သာစွာ ပြန်ပြင်နေသည်။

“ကြည့်ပါဦး ဒါလေးကို အဖြစ်သည်းနေတာ”

“အစ်ကို နားမလည်ပါဘူး ကျွန်မ ဒီပုံစံကို ကြိုက်တယ်” ကျင်းရှီက “ဒါလေးက အစ်ကို့ရဲ့ အနီရောင် သိုးမွေးပုဝါကြီးထက် ပိုလှတယ်”

ရှန်ဖျင်ချွမ်သည် သူ့လက်ကို ကျင်းရှီ၏ပခုံးပေါ် တင်လိုက်ပြီး စည်ကားလှသော လမ်းတစ်လျှောက် လျှောက်သွားနေသည်။ “ပေါ်ရန်က ဘယ်လိုကောင်လဲမသိပါဘူးကွာ၊ မတော်တရော် ပလေးဘွိုင်းတစ်ကောင်ပဲ ဖြစ်ရမယ်၊ ကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကို ရဖို့ ဘယ်လိုလက်ဆောင်ပေးရမယ်ဆိုတာ သူသိနေတယ်။ ဒါပေမယ့် အဲ့ဒါမျိုးက လှပေမယ့် အသုံးမဝင်ပါဘူး”

ကျင်းရှီသည် သူ၏ သွေးနားထင်ရောက်နေသော စကားများကို နားမထောင်ပဲ သူမ၏ အမွေးပွကော်လာကို ပွတ်သပ်နေသည်။ သူမ လှည့်ကြည့်လိုက်သောအခါ လက်ဆောင်များစွာနှင့် အလှဆင်ထားသော မှန်ဘောင်ထဲမှာ လှပစွာ အလှဆင်ထားသည့် ခရစ္စမတ်သစ်ပင်ကို တွေ့လိုက်ရသည်။

“ရှန်ဖျင်ချွမ်၊ အတူတူ ဓာတ်ပုံရိုက်ရအောင်” ကျင်းရှီသည် ခရစ္စမတ်သစ်ပင်နောက်ခံထဲပြီး သူမဖုန်းကိုထုတ်ကာ လှပသောကင်မရာ filter ကိုဖွင့်လိုက်သည်။

“လည်စည်းပုဝါအသစ်ရတာ ကြွားမလို့မလား ကျစ်”

“အိုး ရှူး၊ ဖုန်းကိုယူလိုက် ပြီးရင် ကျွန်မ အနောက်မှာရပ်လိုက်မယ်” ကျင်းရှီသည် ရှန်ဖျင်ချွမ်ထံသို့ သူမဖုန်းကို ပေးလိုက်သည်။

ရှန်ဖျင်ချွမ်သည် ဖုန်းစခရင်ကို ကြည့်လိုက်သည်။ “ဟေး ငါ့မျက်နှာက ဘာလို့ ဒီလောက် ကြည်လင်ပြတ်သားနေတာလဲ၊ တစ်ခုခုတော့မှားနေပြီ!”

ကျင်းရှီက ရယ်မောပြီး မျက်နှာကို ဘလင်းဘလင်းဖြစ်သွားစေသော filter ကို ပိတ်လိုက်သည်။

ရှန်ဖျင်ချွမ်က “မင်းတို့ မိန်းကလေးတွေက ကိုယ့်ရဲ့ အစစ်အမှန်ကို လက်မခံနိုင်ကြဘူး” ဟု မထီမဲ့မြင် ပြောဆိုလိုက်သည်။

ကျင်းရှီက အကြံကြီးစွာနှင့် ပြန်ပြောလိုက်သည်။ “ကျွန်မရဲ့ အလှတရားက ကျွန်မကိုယ်တိုင်ပါပဲနော်!”

ရှန်ဖျင်ချွမ်နှင့် လက်တွဲပြီး ကျင်းရှီသည် ချစ်စရာကိုယ်ဟန်အနေအထားများဖြင့် ဓါတ်ပုံအချို့ကို ရိုက်ခဲ့ကြသည်။ ရှန်ဖျင်ချွမ်သည် ကျောင်းသားကောင်စီကလို သူ၏ ထုံးစံအတိုင်း တင်းမာသော အမူအရာနှင့် အနည်းငယ် ရယ်မောသော အမူအရာများကိုသာ လုပ်ပြခဲ့သည်။

ကျင်းရှီသည် ဆိုရှယ်မီဒီယာပေါ်တွင် ခရစ္စမတ်သစ်ပင်နှင့် ဆယ်လ်ဖီပုံနှစ်ပုံကို “အစ်ကိုကို နို့နှစ်ပုလင်းလျှော့စျေးနဲ့ ရောင်းမယ်” ဟူသော စာတန်းဖြင့် ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။

ထို့နောက် သူမက ရှန်ဖျင်ချွမ်အား “ကြည့်ပါဦး၊ ဒီလောက် စျေးသက်သက်သာသာနဲ့ ရောင်းတာတောင် ဘယ်သူမှ မလိုချင်ဘူးတဲ့”

ထိုအရာကို ပြန်ခြေပဖို့ရန်အတွက် ရှန်ဖျင်ချွမ်သည် သူမ၏ဓာတ်ပုံကို ခိုးယူလိုက်ကာ လက်တုံ့ပြန်သည့်အနေဖြင့် “ညီမလေးကို အလကားပေးမယ်၊ ဘယ်သူ လိုချင်လဲ”

နှစ်မိနစ်အကြာတွင် ပေါ်ရန်က “ငါလိုချင်တယ်” ဟု မှတ်ချက်ပေးလိုက်သည်။

All Chapters