← Chapters

အပိုင်း (၂၁)

Vol. 2 Ch. 21

အပိုင်း (၂၁)

Vol. 2 Ch. 21

ရှန်ဖျင်ချွမ်သည် ဖြောင့်မှန်ပြီး စည်းကမ်းတင်းကြပ်သော လူတစ်ယောက်ဖြစ်သည်။ မူလတန်းကျောင်းတက်တုန်းက သူ့လက်မောင်းမှာ အနီရောင်ပုဝါငါးထည်နှင့် လည်ပင်းတစ်ဝိုက်မှာ အနီရောင် ပုဝါတစ်ထည်ကို ၀တ်ထားခဲ့ဖူးသည်။ နိုင်ငံတော် အလံအောက်တွင် ရပ်ကာ ရှေ့ဆောင် လူငယ်များနှင့် တင်းမာနေသော မျက်နှာထားသေးသေလေးဖြင့် အလေးပြုနေခဲ့သည်။

သူသည် ဆရာ့လူယုံဖြစ်ခဲ့သည်။ သူ့အတန်းဖော်တွေမှာ အနည်းငယ် မလျော်ကန်မှုများကိုတောင် တွေ့ခဲ့လျှင် အတန်းပြီးသည်နှင့် ဆရာ့ဆီ မပျက်မကွက် သတင်းပို့လေသည်။

ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်လူကြီးဘဝအထိ ရှန်ဖျင်ချွမ်သည် ဆရာများ၏ အမြင်တွင် ငယ်ရွယ်ပြီး ကောင်းမွန်သော ကျောင်းသားကောင်းတစ်ဦးဖြစ်ကာ သူ၏အတန်းဖော်များအမြင်တွင် “စက်ဆုပ်ဖွယ်ကောင်းသောကောင်” “သူလျှို” နှင့် “အနီရောင်ကိုယ်ရံတော်ပေါက်စလေး” ဟူ၍ဖြစ်သည်။ ဆရာတွေက သူ့ကို ပိုသဘောကျလေလေ အတန်းဖော်တွေက သူ့ကို ပိုမုန်းလေလေဖြစ်သည်။

ထို့အတွက်ကြောင့် ရှန်ဖျင်ချွမ်တွင် သူငယ်ချင်းနည်းနည်းသာရှိသည်။ သို့သော် သူ ဂရုမစိုက်ပေ။ သူသည် စည်းမျဉ်းများကို လိုက်နာပြီး မှန်ကန်သောအရာများကို လုပ်ဆောင်နေသည်ဟု ယုံကြည်သည်။

ရှန်ဖျင်ချွမ်တစ်ယောက် တက္ကသိုလ်စတက်စဉ် ရှန်ဖျင်ချွမ်သည် သူ့ဆန္ဒအတိုင်း ကျောင်းသားသမဂ္ဂသို့ ဝင်ရောက်ခဲ့ပြီး ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့သော ကောင်းမွန်သည့် စီမံခန့်ခွဲမှုစွမ်းရည်များက သူ့ကို ကျောင်းသားသမဂ္ဂတွင် ဆက်လက်ရှင်သန်နိုင်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ယခင်ကကဲ့သို့ပင် မုန်းတီးခံရစမြဲဖြစ်နေခဲ့သည်။

ကျင်းရှီ၏ ရှန်ဖျင်ချွမ်အပေါ် မုန်းတီးမှုသည် တခြားသူတွေထက် မနည်းပေ။ နေ့တိုင်း သူနှင့် နည်းအမျိုးမျိုးဖြင့် ရန်ဖြစ်ဖို့ တွေးနေတတ်သည်။

သူ့ကို မုန်းပေမယ့် တစ်ခါတလေ ကန်တင်းဆိုင်မှာ သူတစ်ယောက်တည်း စားနေသည်ကို မြင်လိုက်ရသောအခါ သူ့အတွက် ဝမ်းနည်းမိပြီး ထိုအရာကို ခံနိုင်ရည်မရှိချေ။

ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတန်းမစခင်နဲ့ အတန်းပြီးသွားချိန်တွင် ရှန်ဖျင်ချွမ်ကို မက်ဆေ့ဂျ်ပို့လေ့ရှိသည်။ ရှန်ဖျင်ချွမ်မှာ အတန်းတက်စရာရှိသေးလား၊ အတူတူ ထမင်းစားချင်လား ပြီးတော့ ကန်တင်းသုံးဆိုင်မြောက်မှာ တွေ့ကြမလားစသဖြင့် မက်ဆေ့ဂျ်ပို့လေ့ရှိသည်။

ရှန်ဖျင်ချွမ်က သူမကို စည်းကမ်းတင်းကြပ်စွာဖြင့် သတိပေးတတ်သည်။ “အတန်းထဲမှာ အာရုံစိုက်စမ်း။ ကျောင်းက မဆင်းသေးဘူး၊ စားဖို့က စဉ်းစားနေပြီ၊ မင်းအရမ်းစားနေတာတောင် မင်း အရပ်ရှည်လာတာကို ငါအခုထိ မမြင်ရသေးဘူး။ မင်းကြောင့် ငါတို့မိသားစု ဒေဝါလီခံရတော့မယ်!”

ကျင်းရှီ - ...

ငါအရမ်းပျင်းနေတယ်!

နေ့ခင်းနေ့လည် PE အတန်းချိန်၏ အားလပ်ချိန်၌ ကျင်းရှီသည် ကစားကွင်း၏ ကွင်းထောင့်နားမှာ ရှန်ဖျင်ချွမ်ကို မြင်လိုက်သည်။

ရှန်ဖျင်ချွမ်သည် အဖြူရောင် အားကစားအင်္ကျီကို ၀တ်ထားသည်။ ဘတ်စကတ်ဘောကွင်း၏ ရာဘာအောက်ခံကစားကွင်းအစွန်းတွင် သူတစ်ယောက်တည်း ရပ်နေသည်။

သူ့လက်ထဲမှာ ဘတ်စကတ်ဘောကို ကိုင်ထားပြီး သူ့ဘာသာသူ ခဏကြာအောင် ပုတ်နေသည်။ ထို့နောက် ထိုဘတ်စကတ်ဘောကွင်းများကို မျှော်ကြည့်လိုက်သည်။

ဘတ်စကတ်ဘောကွင်းမှာ ကွင်းလေးကွင်းရှိပြီး ဘတ်စကတ်ဘောထည့်သော ခြင်းပါသည့်တိုင် ရှစ်တိုင်ရှိသည်။

ကောင်လေးများက ဘောလုံးများ လက်ဆင့်ကမ်းပေးနေပြီး ချွေးတွေရွှဲရွှဲနှင့် slam dunks လုပ်နေကြသည်။

(*Slam dunks ဆိုသည်မှာ dunk ဟုလည်း ရိုးရှင်းစွာသိကြပြီး slam dunk သည် ကစားသမားတစ်ဦး လေထဲသို့ခုန်တက်လိုက်သည့်အခါ ဘောလုံးထည့်သည့် ခြင်းတောင်းအပေါ်မှ ဘောလုံးကို လက်တစ်ဖက် သို့မဟုတ် လက်နှစ်ဖက်စလုံးဖြင့် ကောင်းကောင်းထိန်းကာ တစ်ချက်တည်းဖြင့် ထိုခြင်းတောင်းထဲသို့ တိုက်ရိုက် ရိုက်ထည့်လိုက်သည့် ဘတ်စကက်ဘောရိုက်ချက်တစ်မျိုးဖြစ်သည်။)

ရှန်ဖျင်ချွမ်သည် ဘောလုံးကို ပုတ်နေပြီး ထိုကောင်လေးများနား လျှောက်သွားရန် သတ္တိကို ထုတ်လိုက်ပြီး “အတူတူ ကစားမလား” ဟုခပ်တည်တည်နှင့် မပွင့်တပွင့်ပြောလိုက်သည်။

အနက်ရောင်ဂျာစီဝတ်ထားသည့် ကောင်လေးတစ်ချို့က ရှန်ဖျင်ချွမ် သူတို့နား လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည် - “ငါတို့မှာ ကစားဖို့လူရှိပြီးသား”

“အိုး”

ရှန်ဖျင်ချွမ်သည် ခြင်းတောင်းတိုင်အောက်တွင် ရပ်ကာ ဘောလုံးကို ကိုင်ကာ သူတို့ကစားနေသည်ကို ခဏတာ ကြည့်နေလိုက်သည်။ ထို့နောက် သူသည် ဘောလုံးကို ပုတ်နေပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

ရုတ်တရက် သူ့လက်ထဲက ဘောလုံးကို လုယူသွားသည်။ ရှန်ဖျင်ချွမ် လှည့်ကြည့်လိုက်ရာ ကျင်းရှီသည် သူမ၏ သေးငယ်သော လက်မောင်းလေးများ၊ ခြေထောက်လေးများဖြင့် ဘတ်စကက်ဘော ဘောလုံးကို ပုတ်လိုက် ဖမ်းလိုက်နှင့် ခြင်းတောင်းတိုင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သူမသည် ခြင်းတောင်းထဲသို့ ဘောလုံးကို ခပ်ကြမ်းကြမ်း ပစ်ထည့်လိုက်သည်။

ဘတ်စကတ်ဘော ဘောလုံးက ခြင်းတောင်းအနောက်ဖက်က ဘုတ်ပြားနှင့် ထိပြီး ပြန်ကန်ထွက်လာသောအခါ ကျင်းရှီက အော်လိုက်သည်။ “အို ဘုရားရေ၊ ဝင်ခါနီးလေး!”

“နမော်နမဲ့နဲ့” ရှန်ဖျင်ချွမ်က ရယ်လိုက်သည်။ “အဲ့ဒါက အဲ့လိုမျိုး လုပ်ရတာမဟုတ်ဘူး”

“ဘယ်သူက ဘတ်စကတ်ဘောကစားနည်းကိုတောင် မသိရမှာလဲ”

ကျင်းရှီက ထိုစကားပြောပြီးနောက် သူမသည် ဘောလုံးကို ကောက်ယူပြီး ခြင်းတောင်းထဲသို့ ထပ်မံ ပစ်ထည့်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ ဘောလုံးက မြေပြင်ပေါ်မကျခင် ခြင်းတောင်းကွင်းနားကို ပတ်ပတ်လည်ကို လှည့်ပတ်သွားနေခဲ့သည်။

“သင်ပေးမယ်” ရှန်ဖျင်ချွမ်သည် ထိုတိုင်နားသို့ သွားလိုက်ပြီး ဘောလုံးကိုယူကာ ခြေတစ်လှမ်းနှစ်လှမ်း လှမ်းလိုက်ပြီး slam dunks လုပ်ကာ ဘောလုံးကို ခြင်းတောင်းကွင်းထဲသို့ ဖြည်းဖြည်းချင်း ပစ်ထည့်လိုက်သည်။

ရှန်ဖျင်ချွမ်သည် အမြင်ကတ်စရာ ကောင်းပေမယ့်လည်း အထူးသဖြင့် ဘတ်စကတ်ဘောကစားသည့်အခါ ရုပ်ရည်မှာ တကယ်ကို ကြည့်ကောင်းနေသည်။ သူ့တွင် ကြီးကျယ်သော ပုံစံရှိနေခဲ့သည်။

ကျင်းရှီသည် အစက ဘတ်စကတ်ဘောကို သိပ်စိတ်မဝင်စားခဲ့ပေ။ သို့သော် ရှန်ဖျင်ချွမ်နှင့် ကစားပြီးနောက် သူမသည် ဘတ်စကတ်ဘောကစားနည်းကို အလေးအနက်ထားပြီး မသင်ယူခဲ့ပေ။ သူမသည် ဘောလုံးကို ခပ်ကြမ်းကြမ်း ပစ်လိုက်သည်။

ရှန်ဖျင်ချွမ်သည် သူမအတွက် ထိုကစားနည်းမှာ အသုံးမဝင်ဟု ထင်သော်လည်း သူမအတွက် ကစားပုံကစားနည်းများကို ပြသချင်သည့် စိတ်ဓာတ်များ ပြင်းပြနေဆဲဖြစ်သည်။

“ဘောလုံးကို ခြေထောက်ကြားထဲကနေ ကယ်ရီလုပ်သွားတဲ့အခါချိန်ကျရင် မင်းပြေးသွားလို့မရဘူး၊ ဘောလုံးကို ပုတ်ပြီး ယူသွားရမယ်၊ နားလည်လား”

ကျင်းရှီသည် ဘောလုံးကို ကိုင်ပြီး နှစ်ကြိမ်လောက် ပုတ်လိုက်သည်။ ဘောလုံးက လှိမ့်ထွက်သွားသော်လည်း သူမက “ကျွန်မပြေးရင်း အဲ့ဒါကို ရအောင် ကယ်ရီပြမယ်” ဆိုပြီး ခေါင်းမာမာနှင့် ပြောလိုက်သည်။

“Foul!”

“အဲ့တော့ ဘာဖြစ်လဲ”

ရှင်ဖျင်ချွမ်သည် အနည်းငယ် ကူရာကယ်ရာမဲ့သွားသည်။ ဤမိန်းကလေးက ခေါင်းမာပြီး ပြောစကားနားမထောင်တတ်ပေ။ သူလည်း သူမကို လိုက်လျောပေးလိုက်သည်။ ဘောလုံး ပြုတ်ကျသွားသောအခါတွင် သူသည် သူမနောက်ထပ်ပစ်ထည့်ရန် ဘောလုံးကိုပစ်ပေးလိုက်သည်။

ကျင်းရှီ၏ အခန်းဖော်တို့သည် သူတို့နှစ်ယောက် ပျော်ရွှင်စွာ ဘောလုံးကစားနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့လည်း အပျော်သဘောဖြင့် ဝင်ကစားလိုက်ကြသည်။ ရှန်ဖျင်ချွမ်သည် မိန်းကလေးငယ်အချို့ကို ဦးဆောင်ကာ ဆော့ကစားရင်း သူတို့သည် ပျော်ရွှင်စွာ ကစားနေကြသည်။

ရှန်ဖျင်ချွမ်ကို ငြင်းပယ်ခဲ့သော အနက်ရောင် ဂျာစီဝတ်ထားသော ကောင်လေးများသည် ဤမြင်ကွင်းကို အစောပိုင်းကတည်းက ကြည့်နေခဲ့ပြီး အလွန်ပင် အံ့သြသွားခဲ့ကြသည်။

အများအားဖြင့် သူတို့ဘောလုံးကစားကြသည့်အခါ မိန်းကလေးများ လာကြည့်ကြလျှင် သူတို့သည် သေချာပေါက် ကြွားလုံးထုတ်ကာ ကစားပြတတ်ကြသည်။

သို့သော် ယခုတွင်မူ သူတို့ငြင်းလိုက်သော ရှန်ဖျင်ချွမ်ကို မိန်းကလေးများက ဝိုင်းကြည့်ရုံတင်မဟုတ်ပဲ သူနှင့်အတူ ဝင်ရောက်ကစားပေးနေကြသည်။

ထိုအရာက သူတို့ကို နည်းနည်းတော့ မကျေမနပ် ဖြစ်စေသည်။

ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သော “ဘန်း” ဟူသော ပေါက်ကွဲသံသည် ဘတ်စကတ်ဘောခြင်းတောင်း နောက်ကျောဘက်ရှိ ဘုတ်ပြားကို ဘောစကတ်ဘော ဘောလုံးက ပြန်ကန်ထွက်လာသောအခါ ပေါ်ထွက်လာလေသည်။

ဘတ်စကတ်ဘော ဘောလုံးသည် နောက်ပြန်ကန်ပြီး ကျင်းရှီဆီ တည့်တည့် ပြေးဝင်လာသည်။

ရှန်ဖျင်ချွမ်သည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူက ဘတ်စကတ်ဘော ဘောလုံးကို ဖမ်းဖို့ ပြေးထွက်သွားပြီး ချုံပုတ်များထဲ ပစ်ချလိုက်ပြီး ဒေါသတကြီး လှည့်ကြည့်လိုက်၍ “မင်းတို့ ဘာဖြစ်နေတာလဲ!” ဟုအော်ဟစ်ပြောလိုက်သည်။

အနက်ရောင်ဂျာစီဝတ်ထားသော ကောင်လေးများသည် သူတို့ဆီ လျှောက်လာပြီး “မင်း ကောင်မလေးတွေနဲ့ ဘောလုံးကစားတာကရော ဘာဖြစ်နေတာလဲ”

“မင်းနဲ့ဘာဆိုင်လို့လဲ”

အရပ်အရှည်ဆုံးနှင့် အသန်မာဆုံးကောင်လေးက “မင်း ငါတို့ရဲ့ ကစားကွင်းတစ်ဝက်လောက်ကို နေရာယူပြီး ကစားနေတယ်။ အခု ငါတို့တွေ တစ်ကွင်းလုံးကို ပြန်လိုချင်တယ် အမွှေစိန် ရှန်ဖျင်ချွမ်”

သူတို့သည် ယုတ္တိမဲ့လွန်းသဖြင့် ရှန်ဖျင်ချွမ်တို့ကို မောင်းထုတ်ရန် လာနေသည်ကို မြင်လိုက်ရသဖြင့် ကျင်းရှီက “ရှင်က ဒီဘတ်စကတ်ဘောကွင်းကို ဆောက်ထားလို့လား။ ရှင်က ဘာအားကိုးနဲ့ ကျွန်မတို့ကို ထွက်သွားဖို့ ပြောနေတာလဲ”

“မိန်းကလေး၊ ဒါက မင်းနဲ့မဆိုင်ဘူး”

ထိုယောက်ျားလေးများသည် မိန်းကလေးတစ်ယောက်နှင့် ပြိုင်ငြင်းချင်ပုံမပေါ်ပေ။ သူတို့သည် ရှန်ဖျင်ချွမ်ကိုသာ ပစ်မှတ်ထားကြသည်။ “ရှန်ဖျင်ချွမ်၊ မင်းကြည့်ရတာ မိန်းကလေးတစ်ယောက်နဲ့ ကစားရတာကို အရမ်းဂုဏ်ယူနေပုံပဲ။ မင်းရဲ့စကေးကလည်း မိန်းကလေးတွေနဲ့ပဲ ကစားနိုင်တဲ့အဆင့်ပဲရှိတာကိုး”

အနက်ရောင် ဂျာစီဝတ်ထားသောကောင်လေးများက လှောင်ပြောင်လိုက်ကြသည်။

ရှန်ဖျင်ချွမ်သည် ထိုစကားကြောင့် စိတ်တိုသွားပြီး ဒေါသတကြီးနှင့် “အဲ့ဒါဆိုရင် တစ်ပွဲလောက်ကစားလိုက်ရအောင်!”

အနက်ရောင်ဂျာစီဝတ်ထားသည့် ကောင်လေးက အေးစက်စွာ ရယ်မောရင်း “တစ်ပွဲ၊ ငါတို့တွေ လူအများကြီးပဲ။ မင်းရှုံးရင် ငါတို့က မင်းကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တယ်လို့ နောက်မှ ညည်းညူမနေနဲ့”

“မင်းတို့အားလုံးကို ငါတစ်ယောက်တည်း လွယ်လွယ်နဲ့ အနိုင်ယူပြလို့ရတယ်”

အခြေအနေသည် မဟန်တော့မှန်းကိုမြင်လိုက်ရာ ကျင်းရှီက ရှန်ဖျင်ချွမ်၏ ရှပ်အင်္ကျီကို ဆွဲနေသည်။ “ထားလိုက်တော့။ အစ်ကိုတစ်ယောက်တည်း ဘယ်လိုလုပ်ပြီး ကစားနိုင်မှာလဲ”

ထိုအချိန်မှာပဲ ချုံပုတ်ထဲက ဘတ်စကတ်ဘော ဘောလုံးကို တစ်စုံတစ်ယောက်က ကောက်ယူလိုက်သည်။

“ဒီမှာ တစ်ယောက်ရှိတယ်လေ”

ကာမိုပြောက်ကျားစစ် ယူနီဖောင်း ဝတ်ထားသော လူတစ်ချို့ လမ်းလျှောက်လာသည်ကို အားလုံးက နောက်ပြန်လှည့်ကြည့်ကြသည်။

ပေါ်ရန်သည် ခါးတွင် ပေါ့ပေါ့ပါးပါးဖြင့် ထိုအင်္ကျီကို ချည်ထားကာ အလယ်တွင် ရပ်နေပြီး သူ၏ ကြွက်သားများ တင်းမာနေသည့် လက်မောင်းများကို ပေါ်လွင်စေသည်။

သူသည် ဘတ်စကတ်ဘော ဘောလုံးကို လက်ချောင်းများဖြင့် ကျွမ်းကျင်စွာ လှည့်နေသည်။

သူက မေးငေါ့လိုက်ပြီး နက်မှောင်နေသောမျက်လုံးများက အေးစက်သော အကြည့်ဖြင့် ကြည့်နေသည် - “ငါ့သူငယ်ချင်းက မင်းတို့ကို နှောက်ယှက်နေလို့လား”

အနက်ရောင် ဂျာစီဝတ်ထားသော ကောင်လေးများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တတွတ်တွတ်ပြောနေကြသည် -

“အမျိုးသား ကာကွယ်ရေး အကယ်ဒမီက ပေါ်ရန်ပဲ”

“ဘယ်လိုဖြစ်လို့ သူက ရှန်ဖျင်ချွမ်ဖက်ကနေ ရပ်တည်ပေးနေတာလဲ”

အနက်ရောင်ဂျာစီကို ဝတ်ထားသည့် ကောင်လေးက တောက်ခေါက်လိုက်ပြီး မျက်လုံးများကို လှန်ကြည့်ကာ “ဘာအထာလဲကွာ ပေါ်ရန်၊ မင်းက ရှန်ဖျင်ချွမ်လို ရွံစရာကောင်းတဲ့ကောင်ကိုတောင် ကူညီပေးနေပြီလား”

ကျင်းရှီသည် “ရွံစရာကောင်းတဲ့ကောင်” ဟူသော စကားကိုကြားရသည်ကို မုန်းတီးနေသည်။ သူမက သူ့အတွက် ကာပြောပေးလိုက်သည်။ “သူ့ကို မစော်ကားနဲ့!”

“ဝေါင်း မိန်းကလေး မင်းက အရမ်းချစ်စရာကောင်းပေမယ့် မင်းက အဲ့ရွံစရာကောင်းတဲ့ကောင်ရဲ့ ကောင်မလေးဖြစ်နေတယ်ကွယ်။ မင်းမျက်စိကန်းနေတာလားတော့ မသိဘူး”

အနက်ရောင် ဂျာစီဝတ်ထားသောကောင်လေးများက လှောင်ပြောင်ရယ်မောလိုက်ကြသည်။

ကျင်းရှီမှာ ဘာမှမပြောနိုင်ခင်မှာပဲ ပေါ်ရန်၏လက်က သူမပုခုံးပေါ်ရောက်လာပြီး သူမကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။

သူသည် နက်မှောင်တောက်ပနေသော မျက်လုံးများဖြင့် အနက်ရောင်ဂျာစီအင်္ကျီဝတ်ထားသည့် ကောင်လေးကို စိုက်ကြည့်နေသည်။ သူ့အသံက ပျင်းရိပျင်းတွဲနှင့်- “ဒီကောင်မလေးက ငါ့အပိုင်ပဲ။ အဲ့ဒါနဲ့ပက်သက်ပြီး ပြဿနာရှိလား”

ကျင်းရှီက ပေါ်ရန်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထောင့်မှာ ပင့်တက်သွားပြီး သူ့နှုတ်ခမ်းထောင့်တွင် သူမကိုမြူစွယ်နေသော အပြုံးတစ်ခုကို တွေ့လိုက်ရသည်။

“ပေါ်ရန်၊ ဒီကောင်မလေးကို မင်းအပိုင်ဆိုရင် ငါတို့ ညီအကိုတွေ ဘာမှ မပြောလိုဘူး”

အနက်ရောင်ဂျာစီဝတ်ထားသော ကောင်လေးများသည် ပေါ်ရန်ကို မစော်ကားရဲကြကြောင်း အသိသာကြီးပင်။ “ဒီကိစ္စကို မင်းဘယ်လိုရှင်းချင်လဲ”

ပေါ်ရန်က ရှန်ဖျင်ချွမ်ကို ကြည့်လိုက်သည်။ “ငါတို့ ဒီဖက်မှာက ငါ့အစ်ကိုရှန် အပါအဝင် လူငါးယောက်လောက် ရှိတယ်။ မင်းတို့နဲ့ တစ်ပွဲလောက်ယှဉ်ကစားကြရအောင်။ ငါတို့အနိုင်ရရင် ငါ့အစ်ကိုရှန်ကို တောင်းပန်၊ ရှုံးရင် ငါ ပေါ်ရန်က ဒီGym မှာ ဘယ်တော့မှ လာမကစားတော့ဘူး၊ ဘယ်လိုလဲ”

အနက်ရောင်ဂျာစီဝတ်ထားသောကောင်လေးများက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြသည်။ ပေါ်ရန်က ရှန်ဖျင်ချွမ်ကို “အစ်ကို” ဟုတကယ်ခေါ်ခဲ့သည်ကို မယုံနိုင်ကြသေးပေ။

ဘီတက္ကသိုလ်တွင် ပေါ်ရန်က “အစ်ကို” ဟုခေါ်ရလောက်သော အရည်အချင်းပြည့်မှီသည့် လူများ ဘယ်နှများရှိနေလို့လဲ။ ရှန်ဖျင်ချွမ်မှာ ဘာပါရမီနဲ့ အရည်အချင်းတွေများ ရှိနေလို့လဲ။

ပါရမီနှင့် အရည်အချင်းများပြည့်စုံလှသော ရှန်ဖျင်ချွမ်တစ်ယောက် နားမလည်နိုင်ဖြစ်သွားသည်။ ထိုအကြောင်းကို စဉ်းစားကြည့်ပြီးနောက် အဆုံးထိစဉ်းစားကြည့်လိုက်သောအခါ သူသည် သိသိသာသာ မျက်နှာနီရဲသွားသည်။

တကယ်တော့ သူနည်းနည်းရှက်သွားလေသည်။

အနက်ရောင် ဂျာစီဝတ်ထားသော ကောင်လေးများက ပေါ်ရန်ပြောသည်ကို သဘောတူလိုက်ကြသည်။ သဘောမတူ၍ မရပေ။ လူအများ၏ ရှေ့မှောက်တွင် သူတို့ဖက်က အရင်ရန်စခဲ့လေခြင်း ဖြစ်သည်။ ယခုတွင်မူ ရှန်ဖျင်ချွမ်တစ်ယောက် ကျောထောက်နောက်ခံရှိသွားလေပြီ။ ထိုကောင်လေးများ အခုမှ ပြေးထွက်သွားလျှင် သူတို့ကိုယ်တိုင် ဘာဖြစ်သွားမလဲ။ ဒုက္ခရောက်တော့မည့် ပထမဆုံးလက္ခဏာမှာပင် နောက်ပြန်ဆုတ်သွားတတ်သော အနိုင်ကျင့်သူများ ဖြစ်သွားပေမည်။

ပြိုင်ဖက်များသည် အမျိုးသား ကာကွယ်ရေး အကယ်ဒမီမှ ဖြစ်သော်လည်း လေ့ကျင့်ရေး ပြီးခါစဖြစ်နေသောကြောင့် လက်ရှိတွင် အင်အား သိပ်မရှိကြပေ။ တစ်ဖက် ၅ယောက်စီ ယှဉ်ပြိုင်ကစားကြမည့် ဘတ်စကက်ဘောကစားပွဲတွင် သူတို့ သေချာပေါက် ရှုံးမည်မဟုတ်ပေ။

ချူးကျောက်နှင့် လင်းလောတို့သည် တိုင်အနောက်ဖက်တွင် စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ “စီနီယာတို့၊ အစွမ်းကုန် ကြိုးစားကြနော်!”

“အချိုးမပြေတဲ့ ဒီကောင်တွေကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်ပါဦး!”

ပေါ်ရန်က သူ့အကျီကို ချွတ်လိုက်ပြီး ကျင်းရှီ၏ လက်ထဲကို ထည့်ပေးလိုက်ပြီး “ဒါ ခဏကိုင်ထားပေး”

“အိုး”

ကျင်းရှီသည် ပေါ်ရန်၏ အပေါ်ထပ်အင်္ကျီကိုယူကာ ချွေးမငယ်တစ်ယောက်လို လိမ္မာစွာနှင့် သူမရှေ့တွင် သပ်သပ်ရပ်ရပ် ခေါက်ထားလိုက်သည်။

ရှန်ဖျင်ချွမ်မှာ မြေကြီးပေါ်တွင် ဖြစ်သလိုပစ်ချထားသော သူ့အပေါ်ထပ်အင်္ကျီကို တစ်ချက်ကြည့်လိုက်သည်။ သူ့စိတ်အခြေအနေ ရုတ်တရက် အနည်းငယ် ရှုပ်ထွေးသွားသည်။

ရှားယိုသည် ပန်းလေးလို လှပသော ကောင်လေးတစ်ယောက်ဖြစ်သည်။ သူသည် ကောင်မလေးအုပ်စုထဲကို တန်းဝင်သွားပြီး “ပေါ်ရန်၊ ငါမင်းတို့ကို အားပေးနေမယ်။ ဘာစကတ်ဘောသမားတွေ ကြိုးစားထား!”

ပေါ်ရန်က သူ့ကို ကော်လာကနေ ဆွဲကိုင်လိုက်ပြီး “အသုံးမကျတဲ့ မင်းလို လှလှပပကောင်လေးကိုတောင် အလွတ်မပေးနိုင်ဘူး”

ရှားယိုက ကြေကွဲစရာ ငိုကြွေးလိုက်သည် - “ငါ ဘတ်စကတ်ဘော မကစားဖူးဘူး၊ ငါငယ်ငယ်လေးကတည်းက ကြက်တောင်ရိုက်တာနဲ့ ကြိုးခုန်တာလောက်ပဲ ကစားဖူးတာ”

ကစားပွဲက တရားဝင်စတင်ပါပြီ။ ပေါ်ရန်၊ ရှုချောင်းယန်နှင့် အခြားသူများသည် ဘုရင်အဆင့်လောက်ရှိကြသည်။ ရှန်ဖျင်ချွမ်၏ ကစားပုံမှာ သိပ်ပြီး မသားနားချေ။ ရှားယိုမှာ လူသစ်အဆင့်နှင့် သူတို့သည် အနက်ရောင်ဂျာစီဝတ်ထားသော ကောင်လေးများကို အပီအပြင် ဆော်နိုင်ရန် လုံလောက်သည်ထက် ပိုနေသည်။

မိနစ် ၄၀ လောက်ကြာသော ကစားပွဲတစ်ပွဲတွင် သူတို့သည် အနက်ရောင်ဂျာစီဝတ်ထားသည့် ကောင်လေးများကို စုတ်ပြတ်သတ်သွားသည်အထိ ဆော်နိုင်ခဲ့လေသည်။

ထိုကောင်လေးများသည် ဘတ်စကတ်ဘောကစားရာတွင်လည်း တော်သော်လည်း ပေါ်ရန်၏ အဖွဲ့သားများနှင့် ယှဉ်ပါက သူတို့ကို နိုင်ဖို့ အခွင့်အရေးလုံးဝမရှိပေ။ အရှိန်အဟုန်နှင့် သက်လုံအရ အမျိုး သားကာကွယ်ရေးအကယ်ဒမီမှ ဤတောခွေးများကို အမှီမလိုက်နိုင်ကြပေ။

ပွဲတစ်ဝက်လောက်ကြာသောအခါ သူတို့သည် အသည်းအသန်နှင့် ပြင်းထန်စွာ အသက်ရှူနေရပြီး မြေပြင်ပေါ် ပက်လက်လန်ကျသွားသည်။ အဆုံးတွင် ပေါ်ရန်က ၃၄-၁၂ ဖြင့် အမှတ်ရအောင် လုပ်လိုက်ကာ အရှက်ရစေခဲ့သည်။

အဆုံးမှာတော့ ထိုကောင်လေးများက စိတ်ပျက်လက်ပျက်နှင့် တစ်ယောက်ချင်းစီ ရှန်ဖျင်ချွမ်ကို တောင်းပန်ခဲ့ကြသည်။

ရှန်ဖျင်ချွမ်သည် ဆိုရှယ်လစ်ဆက်ခံသူ၏ ကြီးမားသော စိတ်သဘောထားကို ပြသခဲ့ပြီး သူတို့အား အာဃာတမထားပဲ လက်ဝှေ့ယမ်းပြခဲ့သည်။

ကျင်းရှီက ပေါ်ရန်ကို သူ့အပေါ်ထပ်အင်္ကျီကို ပြန်ပေးလိုက်သည် - “စီနီယာ၊ မြန်မြန် ဝတ်လိုက်။ ရှင်အခုမှ နေပြန်ကောင်းလာခါစပဲရှိသေးတယ်။ ပူလိုက် အေးလိုက်နဲ့ ရှင် ထပ်ပြီး ဖျားဦးမယ်”

ပေါ်ရန်သည် သပ်ရပ်စွာ ခေါက်ထားသော အကျီကို ကောက်ဝတ်ရန် တွန့်ဆုတ်နေသည်။ သူက “ငါ အခု နေရတာ ပူနေတယ်၊ အခန်းထဲ ပြန်ရောက်ရင် ဝတ်လိုက်မယ်”

“လိမ်လိမ်မာမာနဲ့ ပြောစကားနားထောင်။ ရှင် ချွေးတွေ ရွှဲနေပြီ၊ လေတိုက်ရင် ရှင် သေချာပေါက် ဖျားလိမ့်မယ်”

ကျင်းရှီသည် ထိုအင်္ကျီကို လုယူကာ ခါလိုက်သည်။ ပေါ်ရန်၏ ပုခုံးထက်တွင် အပေါ်ထပ်အင်္ကျီကို ခြုံပေးရန် သူမသည် ခြေဖျားထောက်လိုက်သည်။ ပေါ်ရန်သည် ထိုအင်္ကျီကို အေးအေးဆေးဆေးနှင့် ဆုပ်ကိုင်လိုက်ပြီး ကျင်းရှီ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်ရန် ငုံ့ကြည့်လိုက်သည်။

လေအေးလေးတိုက်သွားသောကြောင့် သူမနှာခေါင်းလေးမှာ အနည်းငယ်နီသွားသည်။ သူမ၏ ဖွာတာတာ ရှေ့ဆံမြိတ်လေးမှာ သူမ၏ နဖူးကို ဖုံးလွှမ်းသွားသည်။

ပေါ်ရန်က သူမမျက်လုံးများကို ကြည့်ပြီး ပြုံးလိုက်သည်။ “ကျင်းရှီလေးရေ၊ မင်းရဲ့ စီနီယာကို စကားနားထောင်အောင် လုပ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်”

ကျင်းရှီသည် သူမ၏ရှည်လျားပြီး နူးညံ့သော မျက်တောင်များကို လျင်မြန်စွာ ခတ်လိုက်ပြီး “အိုး?”

ရှန်ဖျင်ချွမ်ကို ကြည့်ရင်း ပေါ်ရန်က ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။ “ငါ့ကို 'အစ်ကိုပေါ်ရန်' လို့ခေါ်ကြည့်၊ ပြီးတော့ အဲ့ဒါက အလုပ်ဖြစ်လားဆိုတာ ကြည့်ကြည့်ရအောင်”

All Chapters