← Chapters

အပိုင်း (၂၂)

Vol. 2 Ch. 22

အပိုင်း (၂၂)

Vol. 2 Ch. 22

မာကျဲ၏ အတန်းတွင် ကျင်းရှီသည် ဘောပင်တစ်ချောင်းကိုကိုင်ကာ စာအုပ်ရှိ အဓိကအချက်များကို ဟိုက်လိုက်တားနေသည်။

လင်းလောက သူမနား ခေါင်းငုံ့လာကာ “မနက်ဖြန် နှစ်သစ်ကူးဆိုတော့ နင်အိမ်ပြန်ဦးမှာလား” ဟု အသံတိုးတိုးဖြင့် မေးလိုက်သည်။

“မပြန်ဘူး၊ ငါ အဆောင်မှာပဲနေပြီး စာမေးပွဲအတွက် စာလုပ်မလို့” ဟုကျင်းရှီက ပြန်ဖြေလိုက်သည်။

“ကောင်းတယ်၊ ချူးကျောက်နဲ့ ထန်ထန်လည်း အိမ်မပြန်ကြဘူးတဲ့။ မနက်ဖြန်ညကျရင် နှစ်သစ်ကူးအကြိုပွဲ မှာပျော်ပါးဖို့ မြို့ထဲကို သွားကြမယ်လေ!” လင်းလောက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျင်းရှီက သူမကို တစ်ချက်ကြည့်လိုက်ပြီး “အားလပ်ရက်မှာ လူစုလူဝေး နေရာတွေကို မသွားဖို့ ကြီးကြပ်ရေးမှူးက သတိပေးထားတယ်မလား? ဒါမှမဟုတ် နင်က အဲ့လိုသတိပေးတာကို နားမထောင်တဲ့ အတန်းခေါင်းဆောင်လို လုပ်မလို့လား”

“သူတို့က ငါတို့ကို မသွားဖို့ပဲ အကြံပေးတာ၊ ငါတို့ကို သွားတာကိုတားဖို့ ကျောင်းဂိတ်တွေမှာ စစ်ဆေးရေးတွေ ချထားတာမဟုတ်ဘူးလေ။ ငါတို့တွေ ခိုးထွက်ပြီး သွားပျော်ကြတာပေါ့” ဟုလင်းလောက ပြောလိုက်သည်။

ချူးကျောက်က လှည့်ပြီးပြောလိုက်သည်။ “မသွားတာက ပိုကောင်းတယ်။ အားလပ်ရက်တွေမှာ အင်တာနက်ပေါ်က နာမည်ကြီးနေရာတွေမှာ လူအရမ်းစည်တယ်၊ ကောက်ညှင်းထုပ်တွေ တစ်ထုပ်နဲ့တစ်ထုပ်ဖိထားသလိုမျိုး လူအပိမခံချင်ဘူး၊ တစ်ချို့လူတွေက ပြီးခဲ့တဲ့ အမျိုးသားနေ့ အားလပ်ရက်မှာ ‘တိုင်’တောင်ကို သွားကြတယ်၊ ဒါပေမယ့် သူတို့ ဘာမှ ကောင်းကောင်း မတွေ့ခဲ့ရဘူး!”

“ဒါဆို ငါတို့ပျော်ဖို့ နင်ဘယ်လို အကြံရလဲ” လင်းလောက မေးလိုက်သည်။

တစ်ခဏလောက်စဉ်းစားပြီးနောက် ချူးကျောက်က “နှစ်သစ်အကြိုနေ့မှာ ငါတို့တွေ တစ်ယောက်မှ အပြင်မထွက်ချင်ဘူးဆိုတော့ မုန့်တွေ ဘီယာတွေဝယ်ပြီး နှစ်သစ်ကူးအကြိုပွဲလုပ်ဖို့ ခန်းမရဲ့ ဟိုဖက်ခြမ်း စီနီယာတွေကို ဖိတ်လိုက်ကြရအောင်”

ကျင်းရှီကလည်း ခေါင်းညိမ့်ကာ သဘောတူလိုက်သည် - “ဒီအကြံ မဆိုးဘူး ကောင်းတယ်”

လင်းလောက လှောင်ပြောင်ပြောဆိုလိုက်သည်။ “အခုတော့ နင် ခန်းမဟိုဖက်ခြမ်းက စီနီယာတွေကို စဉ်းစားမိပြီပေါ့၊ အရမ်းနောက်ကျသွားပြီ၊ အဲ့ဒီ အဖိုးတန် နိုင်ငံတော် ကာကွယ်ရေး ဂေါ်ဖီထုပ်တွေကို တခြားသူတွေက လာကောက်ပြီးသွားပြီ"

“ဘာ? ဘယ်သူတွေကလဲ”

“ဘယ်သူတွေ ဖြစ်ရမှာလဲ။ လျှောက်လမ်းအဆုံးက ပန်းလေးတွေက နှစ်သစ်ကူးအကြိုအတွက် သူတို့နဲ့ ပါတီပွဲလုပ်ဖို့ အစီအစဉ်ဆွဲထားပြီးပြီ”

“သူတို့ သဘောတူလိုက်လား”

လင်းလော - “သူတို့လို အလှပဂေးလေးတွေ လာမေးတာကို သူတို့ သဘောမတူပဲ ဘယ်နေနိုင်မလဲ။ နင့်ရဲ့ နည်းပြဆရာရှုက စိတ်အလှုပ်ရှားဆုံးပဲ။ ဒီနေ့လည်ခင်းတုန်းက အဲ့ကောင်မလေးတွေနဲ့ စကားပြောတဲ့အခါ ကစားကွင်းမှာ ခွေးတစ်ကောင်လို ရယ်နေတာကို မြင်လိုက်တယ်”

ချူးကျောက်က ကျိန်ဆဲလိုက်သည်။ “အဲ့ဝက်ခြေထောက်ကြီးကတော့!”

ကျင်းရှီသည် သူမ၏ ဘောပင်ဖင်ကို ကိုက်လိုက်ပြီး ပြတင်းပေါက်မှ တိတ်တဆိတ် စိုက်ကြည့်နေသည်။ တောင်ဖက်ခြမ်းရှိ စိမ်းလန်းစိုပြေသော သစ်ရွက်များသည် ဆောင်းရာသီတွင်ပင် ရှင်သန်နေသေးသည်။ လေတစ်ချက်တိုက်သွား၍ သစ်ပင်များရှိ သစ်ရွက်များ လှုပ်ခါသွားကြသည်။

မိုးရွာတော့မည့်ပုံဖြစ်နေသည်။

“အာ!” ရုတ်တရက်ဘသူမက အော်ပြောလိုက်သည်။ “ငါ့အဝတ်တွေကို ခေါင်မိုးပေါ်လှန်ထားခဲ့တယ်!”

သူမတစ်ယောက်တည်း ထိတ်လန့်တုန်လှုပ်နေချိန်တွင် သူမ၏ အခန်းဖော်များသည် ငြိမ်သက်စွာ ရှိနေကြသည်။

“ငါပြန်သွားပြီး ငါ့အဝတ်အစားတွေ သွားရုတ်ရမယ်” ကျင်းရှီက စာအုပ်များကို စုထည့်နေပြီး အပြေးအလွှားထွက်သွားဖို့ အသင့်ပြင်ရင်း ကမန်းကတန်း ပြောလိုက်သည်။

လင်းလောက သူမလက်ကို ဆွဲကိုင်လိုက်သည်။ “ငါတို့ မာကျဲဆရာရဲ့ ဒေါသကိုသိတယ်မလား။ နောက်အတန်းအချိန်ရောက်ရင် attendance ကောက်တော့မှာ သေချာတယ်။ နင် အတန်းထဲမှာမရှိရင် နင့်ရဲ့နောက်ဆုံးစာမေးပွဲအမှတ်ကို လျှော့ပစ်လိမ့်မယ်။ ဒီစာသင်နှစ်တစ်လျှောက်လုံး နင် အတန်းတွေ တစ်တန်းမှ မပျက်ပဲ တက်လာခဲ့တာ အခုဒီလိုမျိုးလုပ်လိုက်ရင် ပညာသင်ဆုမရတော့ပဲ နှမြောစရာကြီးဖြစ်သွားမယ်”

“ဒါပေမယ့် ငါ့အဝတ်အစားတွေကို ဒီအတိုင်းထားလို့မရဘူးလေ” ဟုကျင်းရှီက ပြောလိုက်သည်။

ချူးကျောက်က အကြံပေးလိုက်သည်။ “နင်ရဲ့ ဟိုစီနီယာတွေ အဆောင်မှာရှိနေရင် သူတို့ထဲက တစ်ယောက်ယောက်ကို အဝတ်တွေရုတ်ပေးဖို့ ပြောကြည့်ပါလား”

ကျင်းရှီက စဉ်းစားလိုက်ပြီး ပေါ်ရန်ထံ စာတစ်စောင် ပို့လိုက်သည်။

“စီနီယာ ပေါ်ရန်!!!”

လက်ဝှေ့အားကစားရုံတွင် ပေါ်ရန်သည် ပြင်းထန်သော လေ့ကျင့်ခန်းတစ်ခု လုပ်ပြီးသွားကာ ချွေးများဖြင့် စိုရွှဲနေခဲ့သည်။ သူ့အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။

အာမေဋိတ် သင်္ကေတသုံးခုကို မြင်လိုက်ရာ သူ့ပါးစပ်ထောင့်မှာ အနည်းငယ် ပင့်တက်သွားသည်။ “အသေးလေးရှီ” ဆိုပြီး စာပြန်ရိုက်လိုက်သည်။

“စီနီယာ၊ ရှင် အခုအဆောင်မှာလား။ အဆောင်မှာရှိနေရင် ကျွန်မအဝတ်အစားတွေ ကူရုတ်ပေးလို့ရမလား၊ ကျွန်မ အတန်းတက်တုန်းဆိုတော့ အပြင်ထွက်လာလို့ မရဘူးဖြစ်နေတယ်”

ပေါ်ရန်သည် သူ့လက်ဝှေ့လက်အိတ်ကို ပြန်ကြည့်ပြီးနောက် ကြမ်းပြင်ပေါ်တွင် မောပန်းနွမ်းနယ်နေသော သူနှင့် ယှဉ်ပြိုင်ထိုးသည့်လူကို ပြန်ကြည့်လိုက်သည်။

သူက ပြန်ပြောလိုက်သည်။ “အင်း ငါအဆာင်မှာ”

ကျင်းရှီ - “ကျေးဇူးပါ စီနီယာရေ! [ အသနားခံနေသည့် အီမိုဂျီ ] [အသနားခံနေသည့် အီမိုဂျီ ]”

ပေါ်ရန် - “ကျေးဇူးပါ အစ်ကိုပေါ်ရန်လို့ ပြော”

ကျင်းရှီ - “အန်...”

ထို့နောက်တွင်တော့ လင်းလောသည် ခေါင်းကို ထပ်မံ ငုံ့ကြည့်လိုက်ပြီး “သူက နင့်အတွက် အဝတ်အစားတွေကို မိုးရွာကြီးထဲ သွားရုတ်ပေးမလို့ပါလား၊ သူ့ကို 'အစ်ကို' လို့ တစ်ခါလောက် ခေါ်တာက ဘာမှမထိခိုက်သွားပါဘူးဟယ်”

ကျင်းရှီက ဖုန်းကို အမြန်ဖုံးလိုက်သည်။ “ခိုးကြည့်တာက ရှက်စရာကောင်းတယ်နော်!”

...

သူမ တုံ့ဆိုင်းနေသည့် အခိုက်အတန့်တွင် ပေါ်ရန်သည် vest လက်ပြတ်အင်္ကျီကို ချွတ်ထားပြီး ဂျာကင်အကျီတစ်ထည်ကို ဆွဲယူကာ လက်ဝှေ့အတန်းထဲမှ အမြန်ပြေးထွက်လာခဲ့သည်။

“ပေါ်ရန်၊ အတန်းမပြီးသေးဘူး။ မင်းဘယ်ကိုပြေးသွားနေတာလဲ”

“ငါ့ကောင်မလေးအတွက် အဝတ်တွေ လိုက်ရုတ်ပေးမလို့” ပေါ်ရန်သည် မျက်နှာပေါ်တွင် အပြုံးတစ်ချက်နှင့် လက်ဝှေ့အတန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။

ကျင်းရှီက သူ့ကို “အစ်ကိုပေါ်ရန်” ဟု မဝံ့မရဲနှင့် ခေါ်လိုက်သည်။

ရှန်ဖျင်ချွမ်သည် သူမ၏အစ်ကိုဖြစ်ချင်နေသလို ပေါ်ရန်သည်လည်း သူမ၏ အစ်ကိုဖြစ်ချင်နေသည်။ ရှုချောင်းယန်မှာ သူ၏ လုပ်ရည်ကိုင်ရည်သည် ပို၍မြင့်မားလာပြီး ဆရာအဆင့်သို့ တိုက်ရိုက်ခုန်တက်သွားသည်။

ဒီဝက်ခြေထောက်ကြီးများက ဘာကြောင့် ဒီလိုဂိမ်းမျိုးကို ကစားရတာ ကြိုက်ကြတာလဲ။ စိတ်အနှောက်အယှက်ဖြစ်စရာပင်။

ကျင်းရှီကဲ့သို့ နူးညံ့ပြီး ချစ်စရာကောင်းသော ယုန်လေးလို မိန်းကလေးတစ်ယောက်အတွက် ယောက်ျားလေးတွေတင်မဟုတ်ပဲ မိန်းကလေးများကတောင် လှောင်အိမ်ထဲမှာ သော့ခတ်ပြီး ပိုးမွေးသလို မွေးထားချင်ကြသည်ဟု လင်းလောက ပြောလိုက်သည်။ သူတို့သည် သူမကို စိတ်ကြိုက် ပွေ့ဖက်ပြီး ညှစ်ပစ်ချင်ကြသည်။

ကြက်သီးထစရာကြီး!

ကျင်းရှီသည် သူတို့နှင့် ခပ်ဝေးဝေးနေလိုက်ပြီး ခေါင်းငုံ့ကာ “အစ်ကိုပေါ်ရန်၊ ရှင်အဝတ်အစားတွေ ရုတ်ပြီးပြီလား၊ သူများဟာတွေနဲ့ ရောနေပြီလား၊ ကျွန်မလှမ်းထားတာက နည်းနည်းများလို့”

ပေါ်ရန် - “ငါအဝတ်တွေ တွေ့နေရပြီ။ ခေါင်မိုးပေါ်မှာ အဲ့လောက်အများကြီး မရှိပါဘူး၊ အကုန်လုံးက မင်းဟာတွေပဲ”

ကျင်းရှီက သက်ပြင်းတစ်ချက်ချကာ ချစ်စရာကောင်းသော ယုန်လေးက ကျေးဇူးတင်စွာဖြင့် ခေါင်းညိမ့်နေသည့် အီမိုဂျီ ကို ပို့လိုက်သည်။ “ကျေးဇူးတင်ပါတယ်”

ပေါ်ရန်က အသံဖိုင်မက်ဆေ့ခ်ျပို့လိုက်သည်။ ထိုအသံဖိုင်ထဲတွင် လေက ပြင်းထန်စွာ တိုက်နေပြီး ပေါ်ရန်၏ အသံမှာ ဆွဲဆောင်မှုရှိစွာဖြင့် “ငါစစ်ကြည့်ဦးမယ်၊ ဆွယ်တာနှစ်ထည် မီးခိုးရောင်နဲ့ အဖြူရောင် ပြီးတော့ ငါပေးထားတဲ့ လည်စည်းပုဝါ”

ကျင်းရှီ - “ဟုတ်တယ် ဟုတ်တယ်”

သူစကားပြောနေသေးသည်ကို စခရင်ပေါ်မှာ သတိပြုမိပေမယ့် အသံဖိုင်ကို အကြာကြီးမဟုတ်ပေ။

ခဏအကြာတွင် ပေါ်ရန်က နောက်ဆုံးတွင် “ပြီးတော့ ပန်းရောင်…” ဟု မက်ဆေ့ဂျ်တစ်စောင် ပေးပို့ခဲ့သည်။

ဘယ်ပန်းရောင်လဲ? ဘယ်တစ်ခုလဲ?

ကျင်းရှီက ထိုအရာကို တွေးပြီး သဘောပေါက်သွားကာ ဖုန်းကို အမြန်နှိပ်လိုက်သည်။

“သေပြီ!”

သူမသည် ပန်းရောင်ဘရာစီယာကိုလည်း လှမ်းထားခဲ့သည်။

ခဏကြာသည့်အခါ ပြတင်းပေါက် အပြင်ဖက်မှာ မိုးဖွဲဖွဲလေး ကျလာသည်တယ်။ စိမ်းလန်းစိုပြေသော သစ်ရွက်များသည် မိုးသည်းထန်စွာ ရွာချလိုက်သည်နှင့်အမျှ ထိုစိမ်းစိုနေသော သစ်ရွက်များကို ဆေးကြောပေးလိုက်သလိုမျိုးဖြစ်နေသည်။

ဖုန်းစခရင်ပေါ်တွင် မက်ဆေ့ခ်ျအသစ်တစ်ခု ပေါ်လာခဲ့သည်။

ပေါ်ရန် - “ထီးယူလာသေးလား”

ကျင်းရှီ - “မယူလာမိဘူး”

ဘောပင်ကို သူမလက်ချောင်းထိပ်များတွင် အကြိမ်အနည်းငယ် လှည့်ပတ်ကာ ကစားနေပြီး စောင့်နေသော်လည်း အခြားဘာမက်ဆေ့ဂျ်မှ မပို့လာတော့ပေ။

နောက်ဆုံးတော့ အတန်းပြီးသွားခဲ့ပြီ။ သူမ၏ အဝတ်အစားများကို စိတ်ပူနေသေးသောကြောင့် ကျင်းရှီသည် စာအုပ်များကို ဖြည်းဖြည်းချင်း ထည့်နေသော အခန်းဖော်များကို မစောင့်တော့ပဲ စာသင်ခန်းထဲမှ အမြန်ထွက်သွားခဲ့သည်။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျောင်းသားတစ်ယောက်က လျှောက်လမ်းမှာ သူမကို “ကျင်းရှီ” ဟု အော်ခေါ်လိုက်သည်။

ကျင်းရှီ လှည့်ကြည့်လိုက်ရာ “အိုး၊ အတန်းခေါင်းဆောင်၊ ဘာဖြစ်လို့လဲ”

အတန်းခေါင်းဆောင်သည် အရပ် ၁.၇ မီတာဝန်းကျင်ရှိပြီး ကျင်းရှီထက် ၁၀ စင်တီမီတာ ပိုမြင့်သည်။ သူသည် စာဂျပိုးလိုမျိုး နက်မှောင်သော မျက်မှန်ကိုင်းနှင့် မျက်မှန်ကို ၀တ်ထားပြီး ဖြူစင်သော အသားအရည်နှင့် သိမ်မွေ့သော အသွင်အပြင် ရှိကာ စာတော်မည့်ကျောင်းသားပုံစံဆန်ပြီး ယဉ်ကျေးသောပုံပေါက်နေသည်။

“မနက်ဖြန်ည၊ မင်း...မင်း...မင်း...” ဟုခပ်တိုးတိုးပြောရင်း အတန်းခေါင်းဆောင်၏ မျက်နှာလေး နီရဲနေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ကျင်းရှီက အလျင်လိုနေပြီး အတန်းခေါင်းဆောင်က "မင်း" ဟူ၍ပဲ ဆက်ပြောနေကာ လိုရင်းကို မရောက်တော့ပေ။ ထို့ကြောင့် သူမက တိုက်ရိုက်ပြောချလိုက်သည်။ “အတန်းခေါင်းဆောင်၊ ကျွန်မ နည်းနည်း အလျင်လိုနေတယ်၊ အဲ့ဒါကြောင့် အရင်သွားနှင့်လိုက်မယ်နော်”

“မင်း မနက်ဖြန်ည အားမလားလို့ မေးကြည့်တာပါ”

အတန်းခေါင်းဆောင်သည် လှေကားမှ ဆင်းလာရင်း ကျင်းရှီအား အမှီလိုက်နေသည် - “မင်း အားမယ်ဆိုရင် နှစ်သစ်ကူးအကြိုကို အတူတူကြိုဆိုတဲ့ပွဲကို လာဖို့ဖိတ်ချင်လို့ပါ”

“ကျွန်မလည်း ဘာအစီအစဉ်မှမရှိဘူး ဒါပေမယ့်...”

“ဒါဆို အဆင်ပြေသွားပြီ!” အငြင်းခံရမှာကို ကြောက်၍ အတန်းခေါင်းဆောင်က သူမကို စကားဆုံးအောင် မပြောစေပဲ ကမန်းကတန်း ထွက်သွားခဲ့သည် - “ကျောင်းရဲ့ Eco Cafe က မနက်ဖြန် တစ်ညလုံး ဖွင့်တယ်။ အဲဒီမှာ နှစ်သစ်ကူး အကြိုပွဲလုပ်ကြမှာ!”

အားနည်းပြီး စာဂျပိုးပုံစံပေါက်နေသော အတန်းခေါင်းဆောင် ထွက်သွားသည်ကို ကြည့်ရင်း ကျင်းရှီ၏ မျက်ခုံးများ အနည်းငယ် တွန့်တက်သွားသည်။ ထိုအချိန်၌ပင် ပျင်းရိပြီး အေးဆေးတည်ငြိမ်သော ယောက်ျားလေးတစ်ယောက်၏ အသံသည် နံရံဘေးမှ ထွက်ပေါ်လာသည်။

“ကြည့်ရတာ မင်းမှာချိန်းထားတာ ရှိသွားပုံပဲ”

ကျင်းရှီသည် လျှောက်လမ်းလက်ရန်းကို ပျင်းရိစွာ မှီနေသည့် ပေါ်ရန်ကို တွေ့သွားသည်။ သူ့နောက်တွင် မိုးရေစက်များက မိုးကာပေါ် ပုလဲလုံးလေးများ စီခြယ်ထားသလိုမျိုး တွယ်ကပ်နေသည်။

သူသည် အင်္ကျီလက်များကို လှန်တင်လိုက်ကာ သားနားသော လက်ကောက်ဝတ်ကို ထုတ်ဖော်ပြလိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင် ထီးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ၏သွယ်လျသောလက်ချောင်းများ၏ နောက်ဖက်ရှိ ထင်ရှားသော လက်ဆစ်များသည် စိုစွတ်တောက်ပနေသော လက်ထိပ်များနှင့် လှပစွာ ချိတ်ဆက်ထားသည်။

သူ့နောက်ဖက်မှ အလင်းပြန်နေကာ သူမကို လှမ်းကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းက အပြုံးမပျက် ကွေးညွတ်သွားသည်။ ရှည်လျားပြီး စွမ်းအားရှိသော လက်ချောင်းများဖြင့် သူမကို လက်ယပ်ခေါ်နေသည်။

“စီနီယာ၊ အခုပဲ ရှင့်ကို သွားရှာဖို့လုပ်နေတာ” ကျင်းရှီက သူမ၏ ဘေးလွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကိုင်ရင်း သူ့ဆီပြေးလာခဲ့သည်။

ပေါ်ရန်က အနက်ရောင် ထီးကို တွန်းဖွင့်လိုက်သည်။ တောက်ပနေသော ရေမှုန်ရေမွှားများသည် ထီးအစွန်းများအောက်သို့ လှိမ့်ဆင်းသွားသည်။

သူနှင့် နှစ်ပေအကွာရှိ ကျင်းရှီကို လှမ်းကြည့်လိုက်ပြီး သူ့လေသံက ခပ်ချေချေဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။

“သွားရအောင်”

ကျင်းရှီသည် တခဏမျှ တုံ့ဆိုင်းသွားပြီး ပေါ်ရန်၏ အနက်ရောင် ထီးအောက်တွင် ခိုဝင်သွားခဲ့သည်။

ထီးက သိပ်မကြီးပဲ လူနှစ်ယောက်ကို ဖုံးနိုင်ရုံလောက်သာ။ သူနှင့် အလွန်နီးကပ်စွာ ပွေ့ဖက်ထားသလိုဖြစ်နေရင်း သူ့ခန္ဓာကိုယ် အပူချိန်ကို ရှင်းရှင်းလင်းလင်း ခံစားနေရပြီး ပါးလွှာသော အဝတ်အစားအောက်ကနေ သူမ၏အရေပြားမှာ ဖျတ်ခနဲ ခံစားလိုက်ရသည်။

သူမသည် ထိုသို့နီးကပ်နေမှုကြောင့် ခန္ဓာကိုယ်တောင့်တောင့်ကြီးနှင့် ခြေလှမ်းများ လှမ်းခဲ့သည်။

ပေါ်ရန်က “မင်းဘာလုပ်နေတာလဲ” ဟုရေရွတ်လိုက်ပြီး ဦးစွာစွပ်စွဲလိုက်သည်။

ကျင်းရှီက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ “ကျွန်မက ဘာလုပ်နေလို့လဲ”

“မင်း ငါ့နား အသေကပ်နေတယ်လေ”

ပေါ်ရန်၏ အသံသည် သြထွက်နေသော အသံဖြစ်ပြီး ဆွဲဆွဲငင်ငင်နှင့် ဆွဲဆောင်မှုအလွန်ရှိလှသည်။

ကျင်းရှီသည် အဝတ်အစားများ အစိုမခံချင်သောကြောင့် သူ့အနားကပ်နေမိသည်ဟု သူမကိုယ်သူမ တွေးကာ သူနှင့် အနည်းငယ် ခပ်ဝေးဝေးသို့ ရွှေ့လိုက်သည်။ ကျေးဇူးကန်းသော ငမိုက်သား။

မည်သို့ပင်ဖြစ်စေ သူမ၏ ငြူစူတတ်သောအမူအရာသည် ပေါ်ရန်အတွက် စိတ်ကျေနပ်ဖွယ် ဖြစ်နေသည်။ သူ့ပါးစပ်ထောင့်က တွန့်တက်သွားပြီး အောက်ပြန်မကျတော့ချေ။ သူက ထီးကို သူမဖက်သို့ ဒီဂရီ အနည်းငယ် စောင်းပေးလိုက်သည်။

“အသေးလေးရှီ၊ မနက်ဖြန် နှစ်သစ်ကူးအကြိုပွဲကို အဲ့ဒီ ပိန်လှီပိန်ငေါ ကြက်ဖနဲ့အတူ သွားပျော်မလို့လား”

“သူ့ကို အဲ့လိုမျိုးမခေါ်ပါနဲ့၊ သူက ကျွန်မတို့ရဲ့ အတန်းခေါင်းဆောင်ပါ”

ပေါ်ရန်က မျက်ခုံးပင့်ကာ “မင်း သူ့ကို သဘောကျတယ်ပေါ့”

ကျင်းရှီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “သူက အရမ်းကြိုးစားပြီး သူလုပ်ထားတဲ့အလုပ်အတွက် တာဝန် ယူတတ်သူတစ်ယောက်ပါ။ အဲ့ဒါကြောင့် ကျွန်မ သူ့ကို အတော်လေးသဘောကျမိတယ်”

ပေါ်ရန်က ညင်သာစွာနှင့် နှာတစ်ချက်မှုတ်လိုက်သည်။ “ဒါဆို ဒီကျောင်းမှာ မင်းသဘောမကျတဲ့သူဆိုတာ ရှိသေးလို့လား”

ကျင်းရှီက သေသေချာချာ စဉ်းစားကြည့်ရာ သူမတကယ်သဘောမကျသည့်သူမှာ သိပ်မရှိကြောင်း သိသွားခဲ့သည်။ ဒေါသကြီးသော အဆောင်က အဒေါ်ကြီးတောင် သူမကို နေ့တိုင်း သာသာယာယာ နှုတ်ဆက်နေတုန်းပဲဖြစ်သည်။

ပေါ်ရန်က သက်ပြင်းချကာ သူမကို မနိုင်တော့ပေ။

ထိုအချိန်တွင် အနက်ရောင် ဆလွန်းကားတစ်စီးသည် လမ်းဘေးနားမှ ဖြတ်သွားကာ မိုးရေများ နေရာအနှံ့ စင်သွားလေသည်။

ပေါ်ရန်သည် ကျင်းရှီ၏ ပုခုံးများပေါ် သူ့လက်များဖြင့် အလျင်အမြန် ပွေ့ဖက်ထားလိုက်ပြီး သူမကို ရေများမစင်အောင် ကာပေးရန် မချီလိုက်ကာ အခြားတစ်ဖက်သို့ သူမကိုယ်လုံးလေးကို ရွှေ့ပေးလိုက်သည်။

ကျင်းရှီသည် ကြောင်တစ်ကောင်လို ခံစားရပြီး အလွယ်တကူ ကောက်ချီခံရကာ သူ့ကိုယ်ပေါ်မှ အလွှဲခံလိုက်ရသလိုမျိုး ဖြစ်သွားခဲ့သည်။

သူမသည် သူနှင့် ရန်ဖြစ်မယ်ဆိုလျှင် မြေကြီးပေါ်သို့ တွန်းလဲချခံရပြီး အသက်မွန်းကြပ်ကာ သေသွားနိုင်မည်မှာ သေချာသည်။

ကျင်းရှီသည် ထိုအတွေးကြောင့် ထိတ်လန့်သွားသည်။

“မင်းဘာတွေ တွေးနေတာလဲ” ပေါ်ရန်သည် သူမ၏ ပြောင်းလဲသွားသော အမူအရာများကို မြင်လိုက်ရပြီး သူမ၏ စိတ်ထဲတွင် မည်သို့သော အတွေးအမြင်များ တွေးနေသနည်းဟု တွေးမိသည်။

“ရှန်ဖျင်ချွမ်မှာက ရှင့်လို အရည်အချင်းမရှိဘူးဆိုပြီး ကျွန်မတွေးနေတာ” ဟုရိုးရိုးသားသား ဝန်ခံခဲ့သည်။

သူက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ “ဒါအမှန်ပဲလေ”

“ရှန်ဖျင်ချွမ်က ကျွန်မကိုတောင် အနိုင်မယူနိုင်ဘူး” ဟုကျင်းရှီက ပြောလိုက်သေးသည်။ “သူက အရမ်းအားနည်းတယ်လေ”

ပေါ်ရန်က သူမကို ငုံ့ကြည့်လိုက်သည်။ စိုစွတ်နေသော ဆံပင်စတစ်ချို့သည် သူမ၏နဖူးပေါ် ကျနေသည်။ သူမ၏ နက်မှောင်နေသော မျက်လုံးများနှင့် ဖြူစင်သော အသားအရေတို့က ကြည်လင်တောက်ပနေမှုကို ဖန်တီးပေးကာ ထူးခြားစွာ ထင်းနေသော အသွင်အပြင်ကို ဖြစ်စေသည်။

“သူက အားပျော့ပေမယ့်လည်း တစ်စုံတစ်ယောက်ရဲ့ခေါင်းကို ဝိုင်ပုလင်းနဲ့ ရိုက်ရဲတယ်ဆိုကတည်းက ရှန်ဖျင်ချွမ်က အဲ့လောက် အားမနည်းလောက်ပါဘူး။ မင်းကသာ သူ့ရဲ့ အားနည်းချက်ပါပဲ” ဟုပေါ်ရန်က ညင်သာစွာ ပြောလိုက်သည်။

ကျင်းရှီက ခေါင်းကို အသေအချာ ညိမ့်ပြနေသည်။ “အဲ့ဒါဆိုရင်...ကျွန်မ သူ့ကို နောက်ဆို အနိုင်မကျင့်တော့ဘူး”

“လိမ္မာလိုက်တဲ့ ကောင်မလေး”

ပေါ်ရန်မှာ သူသောက်ထားသော နွားနို့များကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ကျင်းရှီသည် သူ့ဆီမှ နို့နံ့သင်းသင်းလေးကို ရမိနေသည်။

ထို့ကြောင့် ယောက်ျားလေးများမှလည်း ယခုလိုမျိုး ချိုမြိန်သော ရနံ့မျိုးလည်း ရနိုင်ပေသည်။

သူတို့လမ်းလျှောက်ခြင်းနေရင်းနှင့် လမ်းတစ်ဝက်တွင် ပေါ်ရန်၏ လက်က ကျင်းရှီ၏ ပုခုံးပေါ်ကို သဘာဝကျကျ တင်လိုက်ပြီး သူ့လက်ဖြင့် ဖက်ထားလိုက်သည်။

ကျင်းရှီသည် မိုးအေးလွန်းသောကြောင့် အဆင်မပြေဖြစ်သလိုမျိုး မခံစားရချေ။

အဆောင် ၈တွင် နေထိုင်သော ကျောင်းသား ပေါ်ရန်သည် သူ၏ အနက်ရောင်ထီးကို ခေါက်ကာ ကျင်းရှီကို သူ၏ အဆောင်ခန်းသို့ ခေါ်သွားခဲ့သည်။

ကျင်းရှီသည် တံခါးကိုမှီ၍ ဗီရိုထဲမှ သူမ၏ အဝတ်အစားများကို သူထုတ်ယူနေသည်ကို ကြည့်နေသည်။

သူမ၏ အဝတ်အစားများကို သပ်ရပ်စွာနှင့် တို့ဟူးတုံးလေးများလို ခေါက်ထားပေးသည်။

ကျင်းရှီက မယုံနိုင်လောက်အောင် အံ့သြတကြီးနှင့် “ဒါက ဘယ်လိုတောင် မှော်ဆန်နေတာပါလိမ့်”

“မင်း လုပ်တတ်ချင်ရင် ငါ သင်ပေးလို့ရတယ်”

ကျင်းရှီသည် ခေါင်းကို ခပ်ကြမ်းကြမ်း ခါပြလိုက်သည်။ “ရပါတယ် ကျေးဇူးပါ!”

အိပ်ယာခင်းများနှင့် အဝတ်အစားများကို နေ့တိုင်း ခေါက်နေရတာက သူမကို သေချင်စော်နံအောင် လုပ်သလိုဖြစ်နေသည်။

နောက်ဆုံးတွင် ပေါ်ရန်က သူမ၏ ပန်းရောင်ဘရာစီယာကို ထုတ်လိုက်သည်။

ကျင်းရှီ၏ မျက်နှာသည် နီမြန်းလာပြီး လက်ကို လှမ်းလိုက်သောအခါ ပေါ်ရန်က သူမလက်ကို လှမ်းဆွဲလိုက်သည်။

“ရှင်ဒါ...ဘာလုပ်နေလဲ”

တိတ်တဆိတ်ပြုံးရင်း ပေါ်ရန်၏ မျက်လုံးထောင့်များသည် အနည်းငယ် ပင့်တက်သွားသည်။ သူ၏ လှပသောလက်ချောင်းထိပ်များက ဘရာစီယာအုံခွက်နှစ်ခွက်ကို တစ်စုတစ်စည်းတည်း ကောက်ကိုင်လိုက်ပြီး ခေါက်ထားသော အဝတ်များကြား အလယ်တွင် ညှပ်ထည့်ပေးလိုက်သည်။

“များများစားစမ်းပါ၊ အလယ်တန်းကျောင်းသူလေးရေ”

ကျင်းရှီ၏ပါးနှင့် နားရွက်များ ပူလာနေပြီ။ သူမသည် ခံပြင်းစွာနှင့် အသက်ရှုရှိုက်ရင်း “ကျွန်မက အ လယ်တန်းကျောင်းသူ မဟုတ်ဘူး!”

အလယ်တန်းကျောင်းသူလေးများက crop top များသာ ဝတ်ပြီး သူမက တကယ့် ဘရာစီယာစစ်စစ်ကိုသာ ဝတ်ထားလေသည်။

All Chapters