← Chapters

အပိုင်း (၂၃)

Vol. 2 Ch. 23

အပိုင်း (၂၃)

Vol. 2 Ch. 23

ပေါ်ရန်၏ နက်မှောင်နေသော မျက်လုံးအကြည့်များသည် သူမ၏ရင်ဘတ်ပေါ်တွင် တခဏမျှကြာအောင် ကျရောက်နေပြီးနောက် သူမကို ကော်လန်မှ ဆွဲကာ တံခါးအပြင်သို့ တွန်းထုတ်လိုက်သည်။ “အခုကစပြီး အဲ့ဟာအပြင်မှာ လှမ်းထားတာကို သူများတွေ မမြင်စေနဲ့”

“ခေါင်မိုးပေါ်မှာ ဘယ်သူမှ မရှိဘူးလေ၊ နောက်ပြီးတော့ ကျွန်မတို့ အဆောင်ခန်းထဲမှာက ချိတ်ဖို့လှမ်းဖို့ နေရာလည်းမရှိဘူး” ဟုကျင်းရှီက နောက်ပြန်လှည့်ပြီး ပြောလိုက်သည်။

“မင်းအခန်းထဲမှာ လှမ်းလို့ရတယ်လေ” ပေါ်ရန်က ပေါ့ပေါ့ပါးပါးနှင့် အကြံပေးလိုက်သည်။ “မင်းအတွက် အဝတ်လှမ်းဖို့ ချိတ်တွေ ငါလုပ်ပေးမယ်”

ကျင်းရှီ - ......

နေပါစေတော့၊ ဆရာကြီးပေါ်ရန်ကို ဒုက္ခပေးစရာ မလိုပေ။

မျှော်လင့်ထားသည့်အတိုင်း ထိုညတွင် ပေါ်ရန်သည် အခန်း ၄၁၀ တံခါးကို ခေါက်ပြီး သံရိုက်တူများ၊ ကြိုးများနှင့် ချိတ်ကဲ့သို့သော ပစ္စည်းပစ္စယာများ ယူလာသည်။

သူသည် မိန်းကလေးများ၏ လသာဆောင်နံရံတွင် သံချိတ်အချို့ကို ရိုက်ပေးထားပြီး အဝတ်လှမ်းဖို့ ကြိုးများကို ချိတ်ဆွဲထားသည်။

သူထွက်သွားပြီးနောက် လင်းလောက နားမလည်နိုင်ဖြစ်ကာ ကျင်းရှီကို မေးလိုက်သည်။ “အဲ့ဒါက ဘယ်လိုဖြစ်တာလဲ”

ကျင်းရှီက မဝံ့မရဲနှင့် ဖြေလိုက်သည်။ “သူက... ငါတို့ရဲ့ ဘရာစီယာတွေကို အထဲမှာ လှမ်းဖို့ လုပ်ပေးတာ”

ကောင်မလေးများမှာ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ပြိုင်နက်တည်း “ဝေါင်း!” ဟုအော်လိုက်ကြသည်။

ကျင်းရှီက ပြောလိုက်သည်။ “အဲ့ဒါက အရမ်းကို တစ်မျိုးကြီးဖြစ်မနေဘူးလား”

ချူးကျောက်က ပြောလိုက်သည်။ “ဒါပေမယ့် သူက အရမ်း စဉ်းစားပေးတတ်တာပါ”

လင်းလော - “အမေရေ၊ သမီး သူ့ကို လက်ထပ်ချင်တယ်!”

၃၁ရက်နေ့ ညနေတွင် ရှုချောင်းယန်သည် အဆောင်ခန်းထဲသို့ ၀င်သွားခဲ့သည်။

“ထူးဆန်းလိုက်တာ၊ အောက်ထပ်က ခန်းမကို ဖြတ်လျှောက်လာတာ အဲ့နားအဆောင်က ကောင်မလေးတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် လမ်းမှာ တွေ့မိတယ်။ အဲ့ဒါနဲ့ သူတို့ကို နှုတ်ဆက်လိုက်တယ် ဒါပေမယ့် သူတို့အားလုံး ငါ့ကိုအဖတ်တောင် ပြန်မလုပ်ဘူး”

ကျင့်ချီ၏ အိပ်ရာပေါ်တွင် ကွန်ဒုံးဘူးများ အစုလိုက်အပုံလိုက် ရှိနေသည်။ သူသည် ထိုဘူးစာရင်းများကို စာရင်းဇယားနှင့် ရေးမှတ်နေသည်။ “အဲ့ဒါက ဘာလို့လဲဆိုရင် မင်းပဲ အခန်း ၄၀၁ က ပန်းလေးပွင့်နဲ့ နှစ်သစ်ကူးအကြိုပွဲလုပ်မယ်ဆိုပြီး မနေ့က မင်းပါးစပ်ကနေ ကတိတွေပေးပြီး လျှောက်ပြောနေလို့လေ”

ရှုချောင်းယန်လည်း နားမလည်နိုင်ဖြစ်သွားသည်။ “ကောင်မလေးတချို့နဲ့ နှစ်သစ်ကူးပွဲလုပ်ဖို့ သဘောတူလိုက်တာနဲ့ပဲ ငါတို့အိမ်နီးချင်း အဆောင်က ကောင်မလေးတွေက ငါတို့နဲ့ နောက်ထပ် စကားမပြောတော့ဘူးလား”

“သူတို့က မင်းကို စကားမပြောဘူးဆိုတာက ပေါ်ရန်နဲ့ ငါက သူတို့ကို မဖိတ်လိုက်လို့”

“ဒါဆို မင်းတို့ ဒီည မသွားကြဘူးလား”

ကျင့်ချီက ပျင်းရိစွာ အကြောဆန့်လိုက်ပြီး "မသွားဘူး၊ အဲ့ဒီကောင်မလေးတွေနဲ့ နှစ်သစ်ကူးပွဲ လုပ်တာက တစ်ဆောင်လုံးက ယောက်ျားလေးအားလုံးကို စော်ကားလိုက်သလိုဖြစ်သွားမှာ အသိသာပဲလေ။ အဲ့တော့ ငါ့ကွန်ဒုံးရောင်းဝယ်ရေးလုပ်ငန်းကို ဘယ်လိုသွားဆက်လုပ်မလဲ”

ရှုချောင်းယန်က ပေါ်ရန်ဖက်ကို လှမ်းကြည့်ပြန်သည်။ “မင်းရောသွားမှာလား”

လသာဆောင်တွင် ပေါ်ရန်က သူ့ဆေးသုတ်တံကိုအောက်ချထားပြီး မြေဖြူခဲမှုန့်ကို ကောက်ယူလိုက်ကာ “သူတစ်ပါးရဲ့ ပိုက်ဆံရှာတဲ့ လမ်းကြောင်းကို ပိတ်သွားအောင် လုပ်လိုက်တာက အဲ့လူရဲ့ မိဘတွေကို သတ်လိုက်တာနဲ့တူတယ်။ အဲ့တော့ ငါလည်း မသွားဘူး” ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ယခုတွင် ရှုချောင်းယန်မှာ အနည်းငယ် စိုးရိမ်လာသည်။ “ဒါပေမယ့် ငါသူတို့ကို ကတိပေးထားပြီးသားပဲလေ၊ ငါတစ်ယောက်တည်း သွားလို့ မဖြစ်ဘူး”

ပေါ်ရန်က သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ “ယောကျ်ားလေးတွေ အပြင်ထွက်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်သင့်တယ်။ မရိုးသားတဲ့ နိုးဆော်မှုတွေနဲ့ ယောကျ်ားမိန်းမ အတူရောနေတဲ့ အဆောင်ကလုပ်တဲ့ပွဲတွေမှာ မပါတာ အကောင်းဆုံးပဲ”

ရှုချောင်းယန် - ......

ထိုအချိန်တွင် မျက်နှာချင်းဆိုင်တစ်ဖက်ခြမ်းရှိ မိန်းကလေးများ အဆောင်အခန်း၏ တံခါးပွင့်လာပြီး ထိုမိန်းကလေးများမှာ လှပစွာ ၀တ်စားဆင်ယင်ကာ ထွက်လာကြသည်။

ရှုချောင်းယန်က အော်ပြောလိုက်သည်။ “မင်းတို့ မိန်းကလေးတွေ ဘယ်ကို သွားမလို့လဲ”

ကျင်းရှီ- “မုန့်တွေသွားဝယ်ဖို့ စူပါမားကတ်ကို သွားမယ်၊ ပြီးတော့ ကော်ဖီဆိုင်မှာ နှစ်သစ်ကူးပွဲလုပ်တာ သွားပျော်ပါးကြမလို့”

“အိုး.. ကောင်းသားပဲ!”

“ရှင်တို့လည်း အခန်း ၄၀၁ ကို သွားမလို့မလား။ အခုထိ အဆင်သင့် မဖြစ်သေးဘူးလား”

ရှုချောင်းယန်က ကူရာကယ်ရာမဲ့သည့်ပုံဖြင့် ခေါင်းကုတ်ရင်း “ငါတို့ မသွားတော့ဘူး” ဟုပြောလိုက်သည်။

“ရှင်တို့ မသွားကြတော့ဘူးလား”

“မင်းတို့ရဲ့ပေါ်ရန်က ပြောတယ် ယောကျ်ားလေးတွေဆိုတာ သူတို့ကိုယ်သူတို့ ကာကွယ်ရမယ် မရိုးသားတဲ့ နိုးဆော်မှုတွေပါနေတဲ့ ယောကျ်ားမိန်းမတွေ ရောပြီးလုပ်တဲ့ပွဲတွေမှာ မဆင်မခြင်နဲ့ မပါသင့်ဘူးတဲ့”

ကျင်းရှီက မျက်ခုံးပင့်ကာ ရယ်မောရင်း ပြောဆိုလိုက်သည်။ “ဒါဆို ရှင်တို့ယောကျ်ားလေးတွေ အခန်းထဲမှာ ဂိမ်းဆော့တာပဲဖြစ်ဖြစ် တစ်ခုခုလုပ်တာပဲဖြစ်ဖြစ် ပျော်ပျော်ကြီး နေလိုက်ကြဦးနော်”

ရှုချောင်းယန် - “ဟုတ်တယ်၊ ဂိမ်းဆော့ရမယ်”

“စီနီယာတို့ရော ကျွန်မတို့နဲ့အတူ ကော်ဖီဆိုင်ကို လိုက်လာချင်သေးလား”

“မလိုက်တော့ပါဘူး၊ အဓိကကတော့ မင်းတို့ရဲ့ ဘော့စ်ကျင့်နဲ့ ဘော့စ်ပေါ်က မိန်းကလေးတွေနဲ့ လိုက်ပျော်ပါးချင်တာ မဟုတ်...”

သူစကားမဆုံးခင်မှာပင် ဘေးနားက တစ်စုံတစ်ယောက် ဖြတ်သွားလာရင်း သူ့ခြေထောက်ကို ပြင်းပြင်းထန်ထန် နင်းလိုက်သည်။

ပေါ်ရန်သည် ရှုချောင်းယန်နားကို ပျင်းရိပျင်းတွဲနှင့် ဖြတ်သွားလိုက်သည်။ သူ့ပန်းချီကားကို နံရံမှာခြောက်အောင်ထားဖို့ ချိတ်ဆွဲထားလိုက်ပြီး သူ့အကြည့်တွေက ကျင်းရှီဆီကနေ မခွာပဲ “ငါတို့သွားကြမယ်” ဟုရေရွတ်လိုက်သည်။

**

ရှုချောင်းယန်က အဆောင်ခန်းတံခါးကိုပိတ်ပြီး ပေါ်ရန်ကို လက်ညှိုးထိုးလိုက်ကာ “မင်း...မင်း ခုနက ဖြူစင်သန့်ရှင်းအောင်နေဖို့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ပြောနေတာမဟုတ်ဘူးလား။ အခု ဒီမိန်းကလေးတွေနဲ့ လိုက်သွားဖို့ ဘယ်လိုတောင် သဘောတူလိုက်တာလဲ”

ကျင့်ချီက ရယ်လိုက်သည်။ “မင်း ‘အနံ့ရတာနဲ့စားချင်တယ်’ ဆိုတဲ့နိယာမကို မကြားဖူးဘူးလား”

ပေါ်ရန်က ဗီရိုကိုဖွင့်ပြီး အဝတ်အစားတွေကို စမ်းဝတ်ကြည့်ရင်း “ငါ ဒီည အသေးလေးရှီနဲ့အတူ ရှိနေမှာ ဘာပဲဖြစ်ဖြစ် ဘာမှ ‘အနံ့ရတာနဲ့စားချင်တယ်’ ဆိုတာမျိုး မဟုတ်ဘူး” ဟု ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည်။

ရှုချောင်းယန် - “မင်းကလည်းကွာ၊ အသေးလေးရှီက ကလေးမှ မဟုတ်တော့တာ”

ပေါ်ရန် - “မတူဘူး”

ရှုချောင်းယန် - “ဘာကိုမတူတာလဲ”

ပေါ်ရန်က သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း “သူများက သူများ၊ သူကတော့ ငါ့ကောင်မလေးပဲ”

ရှုချောင်းယန် - ......

အရှက်တရားရှိစမ်း!

ကော်ဖီဆိုင်က အလွန်ကြီးသည်။ အတန်းခေါင်းဆောင်က ကျင်းရှီ ဝင်လာသည်ကိုမြင်လိုက်သောအခါ ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး အနက်ရောင်မျက်မှန်ကိုင်းကို ပြန်ပြင်ဝတ်လိုက်ပြီးနောက် အလွန်ထိတ်လန့်သွားသည်။

“ကျင်းရှီ၊ မင်းရောက်လာပြီပဲ ကျေးဇူးပြုပြီး ထိုင်ပါဦး”

“မင်္ဂလာညချမ်းပါ စီနီယာ”

မည်သို့ပင်ဖြစ်စေ ကျင်းရှီက အခန်းဖောသုံးယောက်ကို ခေါ်လာသည်ကို သူမြင်လိုက်ရသောအခါ သူ့အမူအရာမှာ အနည်းငယ် ဘဝင်မကျသလို ဖြစ်သွားသည်။ “မင်း...သူငယ်ချင်းတွေကိုလည်း ခေါ်လာတယ်နော်”

“ဟုတ်တယ် လူက ပိုများလေ ပိုပျော်ဖို့ကောင်းလေပဲ ဟုတ်တယ်မလား”

အတန်းခေါင်းဆောင်၏ မကျေနပ်သည့်အမူအရာကိုမြင်လိုက်ရာ လင်းလောက “မစ္စတာ အတန်းခေါင်းဆောင်၊ ကျွန်မတို့လိုက်လာတာကို မကြိုက်ဘူးလား”

အတန်းခေါင်းဆောင်က အတင်းပြုံးပြလိုက်သည်။ “မဟုတ်တာ၊ ထိုင်ပါ၊ ထိုင်ပါ”

ထိုင်ပြီးသည်နှင့် သူတို့သည် ကြောင်အန်းအန်းနှင့် စကားစပြောလိုက်ကြသည်။

နာရီဝက်လောက်ကြာသည့်အခါ ကျင်းရှီက အပြင်ခဏ ပြန်ထွက်သွားပြီး နောက်ထပ် လူတစ်ချို့ကို ခေါ်လာခဲ့သည်။

အတန်းခေါင်းဆောင်မျက်နှာ အလွန်ပျက်သွားသည်။

“သူတို့ကရော မင်းသူငယ်ချင်းတွေပဲလား”

“ဟုတ်တယ်၊ သူတို့လည်း ကျွန်မတို့နဲ့အတူ ဘုတ်ဂိမ်းကစားချင်တယ်ဆိုလို့ အဲ့ဒါနဲ့ ခေါ်လာလိုက်တာ။ ဒီ ‘အစ်ကိုကြီးတွေ’ က ကျွန်မတို့ မျက်နှာချင်းဆိုင် အဆောင်မှာ နေနေကြတာလေ”

ချိုမြိန်ချွဲပျစ်သော အသံဖြင့် သူမက သူတို့ကို “အစ်ကိုကြီးတွေ” ဟုခေါ်လိုက်သောအခါ သူမအသံမှာ အလွန်သာယာနာပျော်ဖွယ်ဖြစ်နေသည်။

ပေါ်ရန်က တိုးတိုးလေး ကြိတ်ရယ်လိုက်ပြီး သူ့လျှာက သွားကို သပ်လိုက်ရင်း တိတ်တဆိတ် ပါးစပ်စေ့ထားလေသည်။

ထိုဆိုင်တွင် လူများလွန်းသောကြောင့် သူတို့တတွေ သီးသန့်အခန်းသို့ ပြောင်းခဲ့ကြသည်။

အစတုန်းက အတန်းခေါင်းဆောင်သည် ကျင်းရှီနှင့် တစ်ညတာ အတူရှိနေရန် ဆိုင်ထောင့်စွန်းတွင် သူတို့နှစ်ယောက်အတွက် ရိုမန်တစ်ဆန်ဆန် စားပွဲတစ်နေရာစာကို ကြိုတင်ဘိုကင်လုပ်ထားခဲ့သော်လည်း လူတွေက ပို၍ ပို၍ များလာခဲ့သည်။ သူတို့နှစ်ယောက်အတွက် လူနှစ်ယောက်စာ စားပွဲကနေ အလယ်အလတ်စားပွဲထိ၊ နောက်ဆုံးတော့ အကြီးဆုံးစားပွဲကြီးဆီသို့ ပြောင်းသွားခဲ့ရသည်။

ကျင်းရှီသည် သီးသန့်ခန်း၏ အတွင်းဆုံးနေရာ၌ သူမ၏ ဘေးတစ်ဖက်တွင် မိန်းကလေး သုံးဦးနှင့်အတူထိုင်နေသည်။

ပေါ်ရန်က ထိုအခြေအနေကို မြင်လိုက်သည်… သူမနား ကပ်ပြီးထိုင်ဖို့ ခက်ပေလိမ့်မည်။

ကံကောင်းစွာနှင့်ပင် ကျင်းရှီ အပြင်ထပ်ထွက်သွားပြီး ရှန်ဖျင်ချွမ်ကို ခေါ်လာခဲ့ပြန်သည်။

အတန်းခေါင်းဆောင်၏ မျက်နှာ ပို၍ပင် ပျက်သွားသည်။ “အဲ့ဒါက ဘယ်သူလဲ”

ကျင်းရှီက ရှင်းပြလိုက်သည်။ “သူက ရှန်ဖျင်ချွမ်ပါ၊ ကျွန်မနဲ့ အစ်ကိုတော်စပ်ကြောင်း မှတ်ပုံတင်ထားတဲ့အစ်ကို”

ရှန်ဖျင်ချွမ်က လူတိုင်းကို နှုတ်ဆက်လိုက်ပြီးနောက် ထိုင်ခုံတစ်နေရာစာရှာပြီး ထိုင်လိုက်သည်။

ကျင့်ချီက ကျင်းရှီအား သူ့ဘေးနားကနေ ဖြတ်သွားခွင့်ပေးမလို့လုပ်နေစဉ် ပေါ်ရန်က အနည်းငယ် ချောင်းဟန့်ပြလိုက်သည်။

ယောကျာ်းများ၏ အတွေးအမြင်များကို ယောက်ျားများသာ နားလည်နိုင်သည်။ ကျင့်ချီက ချက်ချင်းထရပ်ပြီး “ဂျူနီယာညီမလေးရေ၊ မင်းရဲ့ပေါ်ရန်ဘေးက ငါ့နေရာမှာဝင်ထိုင်လိုက်၊ ငါ အတွင်းထဲမှာ ထိုင်လိုက်မယ်”

ကျင်းရှီက “အိုး” ဟုရိုးရိုးရှင်းရှင်း ပြောလိုက်ပြီး ပေါ်ရန်ဘေးတွင် မထိုင်ခင် သိပ်မစဉ်းစားပဲ ထိုင်လိုက်သည်။

သူမသည် အဖြူရောင် အမွှေးပွပွဆွယ်တာအင်္ကျီကို ၀တ်ထားသည်။ အင်္ကျီလည်ပင်းဝိုက်အပေါ်နားတွင် သူမ၏ လည်တိုင်အသားအရေသည် အလွန်ဖြူစွတ်နေပြီး အပြစ်အနာအဆာကင်းလှသည်။ သူမလည်တိုင်နားတစ်ဝိုက်တွင် လက်အိတ်တစ်စုံကို ချိတ်ဆွဲထားပြီး ထိုလက်အိတ်မှာ သိုးမွေးချည်ထိုးထားသော ယုန်ကာတွန်းရုပ်ကလေးဖြစ်နေသည်။

ပေါ်ရန်သည် သူမလက်အိတ်ပေါ်ရှိ အမွေးနုနုလေးများကို ဆိတ်ဆွဲလိုက်သည်။ ထို့နောက် ကျင်းရှီကို မေးလိုက်သည်။ “မင်းလက်တွေ အေးနေလား”

“ရှင့်ဘာသာ စမ်းကြည့်ကြည့်”

ကျင်းရှီသည် သူ့လက်ဖမိုးကို သူမလက်ဖြင့် ထိလိုက်သည်။ နွေးနေသော်လည်း သိပ်တော့မပူပေ။

ပေါ်ရန်မှာ အပြင်းဖျားရာကနေ ပြန်လည်ကောင်းမွန်လာရုံပဲရှိသေးသည်ဟု တွေးထင်ကာ သူမက သူ့ကို အအေးထပ်မမိစေချင်တော့ပေ။ ကျင်းရှီက သူမ၏လက်အိတ်များကို ချွတ်လိုက်ပြီး “ဒါကိုဝတ်ထား” ဟု တိုးတိုးလေးပြောပြီး ကမ်းပေးလိုက်သည်။

ရှုချောင်းယန်သည် ဘော့စ်ပေါ်ရန်မှာ ထိုမျှ အားနည်းသည့်သူ မဟုတ်ကြောင်း ပြောပြချင်နေသည်။ သူသည် သူတို့၏ အဆောင်ခန်းတွင် နေ့တိုင်း ကိုယ်လုံးတီးနှင့် ဒိုင်ထိုး လေ့ကျင့်ခန်း လုပ်လေ့ရှိသည်။ ထို့ကြောင့် လေပြင်းတစ်ချက်တိုက်ရုံဖြင့် သူ ဘယ်လိုဖျားနာနိုင်မလဲ။ ဒါက ဘာများဖြစ်မလဲ သိုင်ယုပိုင်များလား (သိုင်ယုပိုင်ဆိုသည်မှာ ၁၈ရာစုတွင် နာမည်ကြီးခဲ့သော တရုတ်ဝတ္ထုထဲမှ ဇာတ်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်သည်)

သို့သော် ပေါ်ရန်သည် မျက်နှာအမူအရာမပျက်အောင် တင်းခံထားပုံရသည်။ တကယ့်ကိုပင် သူသည် ယုန်ငယ်ပုံစံလက်အိတ်များထဲကို လက်ချောင်းများ တစ်ချောင်းပြီး တစ်ချောင်း ထိုးထည့်ကာ ဝတ်လိုက်သည်။

မိန်းကလေးဝတ်လက်အိတ်မှာ သူ၏ကြီးမားပြီး ရှည်လျားသော လက်ချောင်းများနှင့် လုံးဝ အံဝင်ဂွင်ကျမဖြစ်ပေ။ သနားစရာကောင်းသော မိန်းကလေး၏ လက်အိတ်များကို ဆွဲဆန့်ပြီး မဝတ်ခင် သူ့လက်ဖဝါး တစ်ဝက်သာ ဝင်နိုင်လေသည်။

ထိုလက်အိတ်များအတွင်းမှ မိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်မှ နွေးထွေးမှုက သူ့ကို ဖုံးပေးထားသည်။ သူသည် မိန်းကလေးများထံမှ နူးညံ့သိမ်မွေ့သော ထိုခံစားချက်ကို ရုတ်တရက် သဘောကျသွားသည်။

ရှုချောင်းယန်က သူ့ကို မျက်လုံးလှန်ပြီးကြည့်လိုက်နေစဉ် ကျင့်ချီမှာ ဘာမှ မှတ်ချက်မပေးပဲ ပြုံးသာပြုံးနေလိုက်သည်။ ရှန်ဖျင်ချွမ်သည် ကျင်းရှီ၏ လက်အိတ်များကို မနာလိုစွာ စိုက်ကြည့်နေပြီး ထိုလက်အိတ်များမှာ တကယ်ကို ချစ်စရာကောင်းလွန်းပြီး သူလည်း တစ်စုံလောက် လိုချင်ကြောင်း ပြောနေသည်။

အတန်းခေါင်းဆောင်မှာ မယုံနိုင်စွာဖြင့် တအံ့တသြ ကြည့်နေသည်။ သူတို့က နတ်ဆိုးများလား။

နှစ်သစ်ကို ကြိုဆိုဖို့ စောင့်ဆိုင်းရင်း ကော်ဖီဆိုင်မှာ ကျောင်းသားကျောင်းသူများ ပို၍များလာကာ စုရုံးလာကြ ပြီး ပတ်ဝန်းကျင်အခြေအနေက ပို၍အသက်ဝင်လာခဲ့သည်။

လင်းလောသည် ဖဲချပ်တစ်ထပ်ကို ထုတ်ကာ သမန်းဝံပုလွေလုပ်တမ်း ကစားကြသည်။

ပေါ်ရန်သည် သမန်းဝံပုလွေဖြစ်စေ ရွာသားဖြစ်စေ သူ့အဖွဲ့ကို တည်တည်ငြိမ်ငြိမ်နှင့် အောင်ပွဲခံနိုင်စေပြီး မျက်နှာတည်မျက်နှာထားဖြင့် ဟန်ဆောင်ရန် လိုအပ်သော ဤဂိမ်းတွင် အတော်လေး ကျွမ်းကျင်ပေသည်။ (ဤကစားနည်းသည် ရဲသား၊ ပြည်သူ၊ သူခိုးဟူ၍ မဲနှိုက်ပြီး ရဲက သူခိုးကို ဖမ်းရသော ကစားနည်းနှင့် ဆင်တူသည်)

မမျှော်လင့်စွာနှင့်ပင် ကျင်းရှီသည်လည်း သူမကိုယ်သူမ ရုပ်ဖျက်ကာ ကစားတတ်ပြီး လူများကို အလစ်တိုက်ခိုက်ရာတွင်လည်း ကျွမ်းကျင်သည်။ အထူးသဖြင့် ပေါ်ရန်နှင့် သမန်းဝံပုလွေအဖော်တွေအဖြစ် လက်တွဲပြီး ထိုငတုံးများကို လှည့်စားရာမှာ ထူးချွန်ပြီး အမှန်တကယ်ပင် မရပ်မနားလိုက်ဖက်ညီလာသည်။

ပုံမှန်အားဖြင့် သားနားနေသော အတန်းခေါင်းဆောင်သည် အဆုံးတွင် စိတ်ဆင်းရဲစွာဖြင့် ရှုံးနိမ့်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့သည်။

သူတို့အားလုံးက ပေါ်ရန်ကို သတ်ပစ်ဖို့(ကစားနည်းတွင်) စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြပြီး စောစောက ရှုံးနိမ့်မှုကို လက်စားချေဖို့ သူ့ကို အမှန်အကန်စွာ ဆော်ချင်နေကြသည်။

“Truth လား Dare လား”

ပေါ်ရန်က မျက်ခုံးပင့်ကာ “Truth” ဟုမကြောက်မရွံ့ ရွေးချယ်ခဲ့သည်။

Truthကို ရွေးချယ်ခဲ့လျှင် Dare တစ်ခုနှင့် ညီမျှစေရန် မေးခွန်းသုံးခု အမေးခံရမည်ဖြစ်သည်။

ပေါ်ရန်က ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး ဘာမှဖုံးကွယ်ထားစရာ မရှိပေ။

ကျင်းရှီက တစ်ခုခု ပြောမလို့လုပ်နေဆဲဆဲတွင် ရှုချောင်းယန်က အလျင်အမြန် ကိုယ်ကို ကိုင်းညွတ်ပြီး သူမ၏ နားထဲသို့ စကားတစ်ခွန်းနှစ်ခွန်းကို တိုးတိုးလေးပြောလိုက်သည်။

ပေါ်ရန်သည် သူ၏ ယုတ်မာပြီး ရာဇဝတ်သားဆန်သော အကြည့်ကို မြင်ပြီး မကောင်းတာတစ်ခုခုကို ကြံနေကြောင်း သိလိုက်သည်။ သူက ကျင်းရှီကို ပြောလိုက်သည် “သူ့စကားနားမထောင်နဲ့ မင်းမေးချင်တာသာမေး”

ကျင်းရှီသည် မေးရမည့် မေးခွန်းကို တစ်ခဏမျှ မစဉ်းစားနိုင်ဖြစ်သွားကာ ရှုချောင်းယန်က သူမအပေါ် နည်းဗျူဟာသုံးပြီး မေးခိုင်းလိုက်သော မေးခွန်းကို ထုတ်ပြောလိုက်သည်။

“ရှုချောင်းယန်က မေးတယ်၊ မနေ့ညတုန်းက ၁ နာရီထိုးမှာ ရှင်ရေချိုးခန်းထဲ ဘာလို့ နာရီဝက်တောင် ကြာနေခဲ့တာလဲတဲ့”

ကောင်လေးများသည် ချက်ချင်းပင် သူတို့အချင်းချင်း အဓိပ္ပါယ်ရှိသော အကြည့်များ ဖလှယ်လိုက်ကြသည်။

ရှန်ဖျင်ချွမ်က ပြောဆိုလိုက်သည်။ “ဟေး ဟေး မင်းတို့မိုလို့ ငါတို့ညီမလေးကို ဒီလို ညစ်ညစ်ပတ်ပတ် မေးခွန်းမျိုး မေးခိုင်းရက်တယ်!”

ကျင်းရှီက မတုံ့ပြန်ခင်မှာ ပေါ်ရန်ကို ရေချိုးခန်းထဲမှာ သူဘာလုပ်ခဲ့သည်ဆိုတာကို လူသိရှင်ကြား ဝန်ခံခိုင်းခြင်းက သူ့ကို အရှက်ရသွားအောင် နောက်ပြောင်နိုင်လိမ့်မယ်ဟု တွေးထင်နေကြသည်။

သို့သော် သူမသည် ပေါ်ရန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ပွင့်ပွင့်လင်းလင်း ပြန်ပြောဖို့ မမျှော်လင့်ထားမိချေ။ “ငါ တစ်ခုခု လုပ်နေတာ၊ အဲ့တော့ ဘာဖြစ်လဲ”

မိန်းကလေးများက ပေါ်ရန်၏ စကားအဓိပ္ပါယ်ကို နားလည်သွားပြီး ပါးစပ်ကို လက်ဖြင့်ကာ၍ တခစ်ခစ်ရယ်နေကြသည်။

ရှုချောင်းယန်က မဆုတ်မနစ် ထပ်ပြောလိုက်သည်။ “ရေချိုးခန်းထဲကနေ မီးအလင်းရောင် ထွက်လာတာကို တွေ့လိုက်တယ်။ မင်း အဲ့လိုလုပ်နေတုန်းမှာ တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံကို ကြည့်ပြီး မှန်းနေတာလား”

ပေါ်ရန် - “အဲ့ဒါ မင်းကိစ္စမဟုတ်ဘူး၊ မင်းမေးစရာအကြောင်းမရှိဘူး”

ရှုချောင်းယန်က ကျင်းရှီကို တံတောင်နှင့် တွတ်လိုက်ပြီး ကျင်းရှီက “ကျွန်မ မေးရမယ့် အလှည့်ရောက်ပြီ၊ အဲ့တော့ ရှင်တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံကို ကြည့်နေခဲ့တာလား”

ကျင့်ချီနှင့် အခြားသူများက စားပွဲပေါ် လဲကျသွားပြီး ခွက်ထိုးခွက်လန် ရယ်နေကြသည်။

ပေါ်ရန်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ပါးများနီရဲလာပြီး “အွန်” ဟု အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။

မေးခွန်းတစ်ခုပဲ ကျန်တော့သည်။ ထိုမေးခွန်းမှာလည်း ဘာဖြစ်မယ်ဆိုတာ သိသာထင်ရှားနေသည်- “ဘယ်သူ့ဓာတ်ပုံကိုကြည့်နေတာလဲ”

ပေါ်ရန်၏ ဖုန်းက စားပွဲပေါ်မှာ ရှင်းရှင်းလင်းလင်းရှိနေပြီး ဘယ်သူ့ပုံများ ဖြစ်နိုင်မလဲ။ မိန်းကလေးများက အရမ်းသိချင်ကာ ခေါင်းကုတ်နေကြသည်။

ရှန်ဖျင်ချွမ်သည် ထိုမေးခွန်းမှာ ညစ်ညမ်းသော မေးခွန်းဖြစ်ကြောင်း အစကတည်းက သိနေကာ ယခုအခါ စိတ်အလှုပ်ရှားဆုံးဖြစ်နေပြီး “မင်းဘယ်သူ့ပုံကို ကြည့်နေတာလဲ၊ ငါတို့ကို ပြောစမ်း၊ ပြောစမ်း!”

ပေါ်ရန်က သူ့ကို မထီမဲ့မြင် စိုက်ကြည့်နေလိုက်သည်။ “ဘာလို့ပြောရမှာလဲ”

နောက်ဆုံးမေးခွန်းကို ကျင်းရှီကသာ မေးသင့်သည်။

ရှန်ဖျင်ချွမ်က ကျင်းရှီကို အတင်း တိုက်တွန်းကာ မေးခိုင်းလိုက်သည်။ “ညီမလေး၊ သူကြည့်နေတာ ဘယ်သူ့ပုံလဲဆိုတာ မေးလိုက်”

ကျင်းရှီသည် ထိုသို့မေးလိုက်လျှင် သူတစ်ပါး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး အဲ့လောက်ထိ မမေးသင့်ဟု ခံစားမိသည်။ Truth or Dare ကစားနေသည်ဟု ဆိုစေကာမူ သူတို့သည် လူတစ်ယောက်ကို အဲ့လောက်ထိ မကစားသင့်ပေ။

သို့သော် လူတိုင်းက အလွန်မျှော်လင့်စောင့်စားနေကြသည်။

သူမ တစ်ခဏလောက်စဉ်းစားလိုက်ပြီး “အဲ့ဓာတ်ပုံထဲကလူက ကျွန်မတို့ထဲက တစ်ယောက်မှ မဟုတ်ဘူးမလား” ဟုမေးလိုက်သည်။

ဤမေးခွန်းမှာ ပြန်ဖြေဖို့ အတော်အသင့်လေး ဖြစ်နေသည်။ ပေါ်ရန်က ထိုဓါတ်ပုံထဲကလူ ဒီမှာမရှိကြောင်း ဝန်ခံလိုက်သရွေ့ ဤကိစ္စက ပြေလည်သွားပေမည်။

ရှန်ဖျင်ချွမ်မှာ အလွန်စိတ်ပျက်သွားသည်။ “ဒါက ဘယ်လိုမေးခွန်းမျိုးလဲ၊ ဘယ်လို မေးရကောင်းမှန်းတောင် သိရဲ့လား မင်းမသိရင် ငါမေးမယ်”

ကျင်းရှီက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ပေါ်ရန်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ "သူက ဒီမှာမရှိဘူးမလား”

မထင်မှတ်စွာနှင့် ပေါ်ရန်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားသည်။ သူ၏ ကျဉ်းမြောင်း ကြမ်းတမ်းသော ဇာမဏီမျက်လုံးများက သူမကို အဓိပ္ပါယ်ရှိစွာ ကြည့်နေကြပြီး သူ၏ အသံမှာ ခပ်တိုးတိုးနှင့် ဆွဲဆွဲငင်ငင်ဖြစ်နေသည်။

“သူက ... ဒီမှာရှိတယ်”

All Chapters