အပိုင်း (၂၆)
Vol. 2 Ch. 26
အပိုင်း ၂၆
ရေချိုးပြီးနောက် ကျင်းရှီသည် အခန်းထောင့်သို့ တည့်တည့်လျှောက်သွားကာ ထိုင်ခုံအသေးလေးပေါ်တွင် ထိုင်လိုက်သည်။
ပေါ်ရန်က ဖုန်းကိုချလိုက်ပြီး သူမကို ကြည့်လိုက်သည်။
ဆံပင်ကို လေမှုတ်၍ အခြောက်ခံပြီးနောက် သူမ၏ နက်မှောင်သောဆံပင်များသည် ထူးထူးခြားခြား ပျော့ပျောင်းနေသည်။ သူမ၏ ဖြူစင်သော အသားအရေသည် ရေနွေးငွေ့များကြောင့် ပန်းနုရောင် ဖြစ်နေပြီး သူမကို နူးညံ့သော ပုံပန်းသွင်ပြင်ကို ဆွဲဆောင်မှုရှိစေသည်။
ကလေးမလေးက သူ့ကို ပုန်းလျှိုကွယ်လျှိုကြည့်နေသည်။
ပေါ်ရန်သည် အိပ်ရာဘေးက မီးအိမ်ကို တိတ်တဆိတ်ပိတ်လိုက်ပြီး အခန်းသည် ချက်ချင်းပင် ညအမှောင်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
“ငါအိပ်တော့မယ်” သူ့အသံက ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖြစ်နေသည်။
ကျင်းရှီက “အိုး” ဟုပြန်တုံ့ပြန်လိုက်ပြီး ထိုင်ခုံနောက်ကျောကို မှီလိုက်သည်။
ညသန်းခေါင် ကျော်သောအခါ တံခါးအပြင်ဖက်က ဆူညံသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးတော့ ထိုသူငယ်ချင်းအုပ်စုက ဆူညံပွက်လောရိုက်ပြီး အိပ်ဖို့ အခန်းကို ပြန်သွားကြသည်။
ကျင်းရှီသည် ငိုက်မျဉ်းခြင်းကို ကျော်လွန်ပြီး သမ်းဝေလာခဲ့သည်။
မကြာမီတွင် သူမ၏ တံတောင်ဆစ်များသည် သူမ၏လေးလံသော ဦးခေါင်း၏ အလေးချိန်ကို မခံနိုင်တော့ပေ။ သူမသည် ထိုင်ခုံပေါ်တွင် တွယ်ကပ်ပြီး ရင်ဘတ်ပေါ် ဒူးကွေးကာ ကျုံ့ကျုံ့လေးထိုင်နေပြီး ထိုင်ခုံနောက်ကျောဖက်တွင် ခေါင်းကို မှီထားပြီး တစ်ခါတစ်ရံ သစ်တောက်ငှက်လို ခေါင်းကငိုက်ခနဲ ဖြစ်သွားတတ်သည်။
သူသည် ညင်သာစွာ ချောင်းဆိုးဟန့်လိုက်ပြီး ကျင်းရှီကို ချက်ခြင်းနှိုးလိုက်သည်။
“ဒီမှာလာအိပ်၊ ငါ မင်းကို မထိဘူး” ဟု သူကပြောလိုက်သည်။
ပေါ်ရန်၏ အသံသည် အမှောင်ထုထဲတွင် ဆွဲဆွဲငင်ငင် အသံကြီးနှင့် ပြောနေသည်။
ကျင်းရှီ၏ စိတ်သည် ထိုသို့ပြင်းထန်လှသော ငိုက်မျဉ်းနေမှုကို မခုခံနိုင်တော့ပေ။ သူမထလိုက်ပြီး လွတ်နေသောကုတင်ပေါ်သို့ လဲချလိုက်သည်။
“မလှုပ်နဲ့” သူမ၏အသံသည် နူးညံ့သိမ်မွေ့ပြီး အထူးသဖြင့် တိတ်ဆိတ်သောညတွင် ဆွဲဆောင်မှုရှိနေသည်။
ပေါ်ရန်က သူ့ကို ကျောပေးထားပြီး ပေါ်ရန်၏ ပုံပန်းသွင်ပြင်သည် တောင်တန်းတစ်ခုလို ဖြစ်နေသည် —
“ငါမလှုပ်ပါဘူး”
ကျင်းရှီသည် စောင်ကို မပြီး ချုံလိုက်ကာ ဖြည်းညင်းစွာ ဂရုတစိုက် လှုပ်ရှားကာ သူ့ဘေးတွင် အိပ်နေသော သားရဲကောင်ကြီး စိတ်အနှောင့်အယှက် ဖြစ်မည်ကို ကြောက်နေပုံပေါ်သည်။
အိပ်ရာသည် အလွန်နွေးထွေးပြီး ဤယောကျ်ားကြီး၏ ကိုယ်ခန္ဓာအပူချိန်နှင့် ပြည့်နှက်နေသည်။
ရှန်းရှီသည် နူးညံ့သော ခေါင်းအုံးထဲသို့ နစ်ဝင်သွားသည်။
ကတိပေးထားသည့်အတိုင်း ပေါ်ရန်သည် လှုပ်လည်းမလှုပ်၊ ဟိုလှည့်သည်လှည့်လည်း မလုပ်ပေ။
ကျင်းရှီသည် မျက်လုံးများကိုမှိတ်ထားပြီး ဆယ်မိနစ်ကျော်ကြာအောင် နှိုးနှိုးကြားကြား ဖြစ်နေသေးသည်။ သူမဘေးနားကယောကျ်ားကြီးက နောက်ထပ်မလှုပ်တော့ဘူးဆိုတော့မှသာ နောက်ဆုံးမှာ စိတ်အေးလက်အေး ဖြစ်သွားသည်။
တဖြည်းဖြည်း အိပ်စက်ခြင်းက အနိုင်ယူသွားပြီး သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။
အမှောင်ထဲတွင် ပေါ်ရန်က သူ၏မျက်လုံးနက်ကြီးများ ဖွင့်လျက်သားဖြစ်နေသည်။
သူ့ဘေးနားရှိ မိန်းကလေး၏ အသက်ရှုသံများ တဖြည်းဖြည်း တည်ငြိမ်လာသော်လည်း သူ၏ အိပ်စက်ခြင်းမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
စောင်သည် မိန်းကလေး၏ ကိုယ်သင်းရနံ့နှင့် ပြည့်နှက်နေသည်။
သူ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး အိပ်ပျော်နိုင်ပါ့မလား!
မြင်သာမြင်ရ မကြင်ရဖြစ်နေသည်။
ထို့ကြောင့် သူ့ကိုယ်သူ ဘယ်လို နှိပ်စက်မှုမျိုးနှင့် ညှဉ်းပန်းနှိပ်စက်နေသလဲ။
**
နှစ်သစ်ကူး အားလပ်ရက် အပြီးတွင် ပထမ semester ၏ ကျောင်းစာများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီး တစ်ကျောင်းလုံးမှ ကျောင်းသားကျောင်းသူများသည် ပြင်းထန်သော စာမေးပွဲများကို ဖြေဆိုရန် ပြန်လှန်လေ့ကျင့်ခန်းကို စတင်လုပ်လာကြသည်။
အဆောင်အခန်း ၄၀၉ နှင့် ၄၁၀တို့အကြား ဆက်ဆံရေးသည် နှစ်သစ်ကူးအကြို ပြီးသွားပြီးနောက် နူးညံ့သိမ်မွေ့သောပြောင်းလဲမှုများ ရှိလာခဲ့သည်။
ရှုချောင်းယန်ကိုတွေ့တိုင်း ချူးကျောက်သည် သူ့ကို နည်းပြဆရာရှုဟု မခေါ်နိုင်တော့ချေ။ သူမလျှာသည် အထစ်ထစ် အငေါ့ငေါ့ဖြစ်လာပြီး စကားတစ်ခွန်းနှစ်ခွန်းသာ ပြောနိုင်တော့သည်။
သူတို့ဟာ တစ်ချိန်လုံး တစ်ယောက်ကိုတစ်ယောက် မြင်ဖူးနေသည့် အိမ်နီးနားချင်းများလို ဖြစ်နေသည်။ ယခုတွင်မူ တွေ့သည့်အခါတိုင်း ရှက်တတ်နေပြီး သူစိမ်းတွေလို တစ်ယောက်ကိုတစ်ယောက် ရှောင်နေကြသည်။
သူတို့နှစ်ယောက်နှင့် ယှဉ်လျှင် ကျင်းရှီနှင့် ပေါ်ရန်တို့သည် အတော်လေး အတိုင်အဖောက်ညီလာကြသည်။
နောက်ပိုင်းတွင် ရှန်ဖျင်ချွမ်၏ ထပ်ခါတလဲလဲ အမေးအမြန်းများအောက်တွင် ကျင်းရှီသည် ပေါ်ရန်နှင့် တစ်ကုတင်တည်း အတူတူ အိပ်ခဲ့သော်လည်း သူတို့ကြားတွင် ဘာမှမဖြစ်ခဲ့သလို ပေါ်ရန်ကလည်း သူမကို လုံးဝမထိခဲ့ကြောင်း ဝန်ခံခဲ့သည်။
ရှန်ဖျင်ချွမ်က သူ့မေးစေ့ကို ပွတ်သပ်ပြီး မျက်မှောင်ကြုတ်ကာ “တစ်ညလုံး မင်းကို ထိတောင်မထိဘူးလား”
“ဟုတ်တယ်”
“အဲ့ဒါက အဓိပ္ပာယ်မရှိဘူး”
ကျင်းရှီသည် ခြေထောက်ကို ဆောင့်လိုက်ပြီး “ဘာလဲ အစ်ကို အဲ့လိုကြားရတော့ နည်းနည်းစိတ်ပျက်သွားတာလား”
“မဟုတ်တာ!” ရှန်ဖျင်ချွမ်က သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းပြပြီး ရှင်းပြလိုက်သည်။ “အစကတော့ သူ့မှာ မင်းအပေါ် ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ငါထင်ခဲ့တာ။ အခု မင်းတို့ အတူတူ အိပ်ပြီးတာတောင် သူ အေးအေးဆေးဆေးပဲ နေနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် ငါ စိတ်အေးသွားတာ”
“ဘာလို့ စိတ်အေးသွားတာလဲ”
ရှန်ဖျင်ချွမ်က ပြုံးလိုက်သည်။ “ပေါ်ရန်က မင်းကို စိတ်မဝင်စားဘူးလို့ ဆိုလိုတာပဲ”
ကျင်းရှီသည် ခေတ္တရပ်သွားပြီး “သူက အကျင့်စာရိတ္တကောင်းတဲ့သူလည်း ဖြစ်နိုင်တာပဲလေ”
ရှန်ဖျင်ချွမ်သည် စာကြည့်တိုက်ဆီသို့ လျှောက်သွားရင်း သူမပုခုံးပေါ် လက်တင်ကာ သူ့သီအိုရီကို သူမခေါင်းထဲသို့ ရိုက်သွင်းရန် ကြိုးစားနေသည်။ “ဘာကို အကျင့်စာရိတ္တကောင်းရမှာလဲ။ ဘောင်းဘီတွေ ချွတ်လိုက်တာနဲ့ ယောက်ျားတွေအားလုံးက သားရဲကောင်တွေ ဖြစ်ကုန်တယ်ဆိုတာ မသိဘူးလား”
ကျင်းရှီက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး “သူက အစ်ကိုပြောသလို မဟုတ်ပါဘူး”
“မင်း ငါ့ကို မယုံသေးဘူးလား” ရှန်ဖျင်ချွမ်က သူမခေါင်းလေးကို ပုတ်လိုက်ပြီး “ပေါ်ရန်က ဘယ်လိုလူမျိုးလဲ။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေအားလုံးက ခါးသေးသေး၊ ရင်သားကြီးကြီးနဲ့ အရမ်းမိုက်တဲ့ ခန္ဓာကိုယ် အချိုးအစားတွေပဲ။ မင်းလို တောကရွှေဖရုံသီးလို ခန္ဓာကိုယ်ကို သူဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ”
ကျင်းရှီ၏ မျက်နှာသည် ရုတ်တရက်နီမြန်းသွားသည်။ “ဘယ်သူက တောကရွှေဖရုံသီးလို ဖြစ်နေလို့လဲ!”
ရှန်ဖျင်ချွမ်က ရယ်မောလိုက်ပြီး “မင်း ကိုယ်ချပ်အတွင်းခံတွေ ဝတ်တယ်မလား”
ကျင်းရှီသည် အပြစ်မကင်းသလိုခံစားလိုက်ရပြီး လမ်းကို ခပ်မြန်မြန်လျှောက်သွားကာ “ကျွန်မ ကိုယ်ချပ်အတွင်းခံဝတ်တော့ ဘာဖြစ်လဲ”
သူမသည် ကိုယ်ချပ်အတွင်းခံများကို ခန္ဓာကိုယ်နွေးစေရန် ဝယ်ဝတ်သောအခါတွင် သူမသည် ရှန်ဖျင်ချွမ်အတွက်လည်း တစ်စုံဝယ်ရန် မမေ့ပေ။ ယခုတွင် ထိုကျေးဇူးကိုမှမထောက်၊ သူသည် သူမကိုပင် လှောင်ပြောင်နေသေးသည်။
အစ်ကိုတစ်ယောက်ရှိရသည်မှာ တကယ်ကို စိတ်ရှုပ်စရာပင်။
သူတို့ဆီသို့ လျှောက်လာသည့် မိန်းကလေးများသည် အရပ်မြင့်မြင့် သွယ်လျသော အချိုးအစားနှင့် ပေါ့ပေါ့ပါးပါး ၀တ်ထားသော အသားကပ်ခြေအိတ်များနှင့် ဘွတ်ဖိနပ်များဖြင့် ခါးမြင့်မီနီစကတ်ကို ၀တ်ထားသည်။
ကျင်းရှီသည် သူမ၏ အင်္ကျီပွပွကြီးကို ကြည့်ပြီး ခေါင်းငုံ့သွားကာ ခန္ဓာကိုယ်ဝသွားသလို ခံစားလိုက်ရပြီး စိတ်ဓာတ်ကျနေသည်။
စာကြည့်တိုက်အဝင်ဝတွင် ချူးကျောက်က သူမကို စောင့်နေသည်။
“နင် အရမ်းနောက်ကျနေပြီ၊ ထိုင်ခုံနေရာတွေ မရှိတော့ဘူး”
“ထိုင်ခုံတွေ မရှိတော့တာ မြန်လှချည်လား”
“အခုက စာမေးပွဲအတွက် ပြန်လှန်လေ့ကျင့်ခန်း လုပ်တဲ့ရာသီလေ။ စာကြည့်တိုက်ထဲကို အူကြောင်ကြားကောင်တွေ မျိုးစုံကို ရောက်လာတော့တာပဲ။ မနက် ၆ နာရီတုန်းကဆိုရင် အပြင်မှာ လူတွေ တန်းစီနေကြတာ အများကြီးပဲ”
ကျင်းရှီတို့နှစ်ယောက်သား စာကျက်ခန်းကို အကြိမ်ကြိမ် လှည့်ပတ်ကြည့်ခဲ့ပေမယ့် လစ်လပ်နေသော ထိုင်ခုံနေရာတစ်နေရာကိုတောင် ရှာမတွေ့ခဲ့ပဲ အားလုံးက နေရာယူပြီးသွားကြသည်။
အချို့မိန်းကလေးများသည် ထိုင်ခုံများစွာကို သိမ်းပိုက်ရန်အတွက် ဘောပင်ကိုပင် အသုံးပြုကြသည်။
ချူးကျောက်က လမ်းလျှောက်လာပြီး ဆံပင်ရှည်ရှည်နှင့် ကောင်မလေးတစ်ယောက်ကို မေးလိုက်သည်။ “ငါတို့ဒီမှာထိုင်လို့ရမလား”
ထိုထိုင်ခုံကို နေရာယူထားသည့်သူက အလွန်ရိုင်းသည်။ “နင် မျက်စိကန်းလား။ ဒီမှာ တစ်ယောက်ယောက်ရှိနေတာ မတွေ့ဘူးလား”
“အိုး” ချူးကျောက်က အဆင်မပြေစွာနှင့် ပြန်ထွက်သွားသည်။
သို့သော် ကျင်းရှီက “ငါတို့ကို ဒီမှာ ခဏလောက်ပဲ ထိုင်ခွင့်ပြုပါနော်။ ဒီနေရာကို တစ်ယောက်ယောက် ပြန်ရောက်လာရင် ငါတို့ ထွက်သွားပေးပါ့မယ် အဲ့လိုဆိုအဆင်ပြေလား”
“ဘယ်လိုမှမဖြစ်နိုင်ဘူး။ နင်တို့ နောက်မှ တကယ်ထွက်သွားလား မထွက်သွားဘူးလားဆိုတာ ဘယ်သူသိနိုင်မှာလဲ” ဆံပင်ရှည်ရှည်နှင့် ကောင်မလေးက တော်တော် မယဉ်ကျေးပေ။
လင်းလောသာ ဒီမှာရှိလျှင် ကောင်းပေလိမ့်မည်။ သို့သော် ချူးကျောက်နှင့် ကျင်းရှီတို့ နှစ်ယောက်စလုံးက ရှက်ကြောက်တတ်ကြသည်။ ရန်မဖြစ်ချင်သောကြောင့် ထွက်သွားရုံပဲရှိတော့သည်။
လှည့်ကြည့်လိုက်ရာ ချူးကျောက်က ကျင်းရှီ၏ ခါးကို လက်လေးဖြင့် တို့လိုက်ပြီး ပါးစပ်ကို လှုပ်ပြနေသည်။
ထိုအချိန်တွင် သူတို့အဆောင်နှင့် မျက်နှာချင်းဖက်ရှိ ယောက်ျားလေးများသည် စာကျက်ခန်း၏ နောက်ဆုံးတန်းတွင် ထိုင်နေကြသည်။
အသည်းအသန်စာဖတ်ကာ မှတ်စုများ ထုတ်နေသည့် ကျင့်ချီမှအပ ကျန်သုံးယောက်မှာ ဖုန်းနှင့် ဂိမ်းဆော့တဲ့သူက ဆော့နှင့် စားပွဲပေါ်မှာ တစ်ရေးတစ်မော အိပ်သူက အိပ်နေကြသည်။
ကျင်းရှီနှင့် ချူးကျောက်တို့သည် စာအုပ်များကိုင်ထားသည်ကိုမြင်သွားသည့်အခါ ကျင့်ချီက သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး “ဂျူနီယာလေးတွေ ဒီကိုလာခဲ့”
ကျင်းရှီ - “ဟယ်လို စီနီယာ”
“ဒီမှာထိုင်”
ကျင်းရှီသည် ဟိုကြည့်သည်ကြည့် ကြည့်လိုက်သည်။ စားပွဲသေးသေးလေးများက သူတို့လို လူကောင်အကြီးကြီးများအတွက် အိပ်ဖို့ လှဲထိုင်ဖို့ သိပ်မဆန့်မှန်း ထင်ရှားနေသည်။
ကျင့်ချီက ရှုချောင်းယန်၏ ထိုင်ခုံကို ကန်လိုက်သည်။ “ဟိုဖက်ရွှေ့၊ ဂျူနီယာလေးတွေအတွက် နေရာလုပ်ပေးလိုက်ဦး”
ရှုချောင်းယန်သည် မော်စီတုန်းဝါဒ မိတ်ဆက် စာအုပ်အထူကြီးမှ ခေါင်းကို မော့ကြည့်ကာ မှုန်ဝါးဝါးမျက်လုံးနှင့် ချူးကျောက်ကို တွေ့သွားရာ အိပ်ငိုက်နေမှုမှာ ချက်ခြင်းပင် ပျောက်ကွယ်သွားပြီး သူ ထခုန်မိသွားသည်။
သူထခုန်လိုက်သောကြောင့် ပေါ်ရန်လည်း နိုးသွားသည်။ သူ၏ မြင့်မားသော မျက်ခုံးများသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ မျက်လုံးမှေးမှေးနှင့် နိုးလာသည့် အရိပ်အယောင်များကို တွေ့နေရသည်။ သူက ရှုချောင်းယန်ကို ထကန်တော့မလို လုပ်နေတုန်းတွင် ကျင်းရှီသည် စာအုပ်များကိုင်ထားပြီး သူ့ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူ့ခြေတံရှည်များကို ပြန်ရုတ်လိုက်ပြီး “မင်းလာပြီပေါ့” ဟုစကားကို မပွင့်တပွင့် ပြောလိုက်သည်။
“ပေါ်ရန်၊ ရှင်တို့မှာ နေရာသိပ်မရှိဘူးမလား”
“လာ ဒီမှာထိုင် ငါအတန်းသွားတက်ရတော့မယ်” ရှားယိုသည် သူ့ ပုခုံးလွယ်အိတ်ကို ကိုင်ကာ မတ်တပ်ထရပ်လိုက်ပြီး ထွက်သွားခဲ့သည်။
ရှားယို၏ ထိုင်ခုံသည် ရှုချောင်းယန်၏ဘေးတွင်ဖြစ်သည်။ ကျင်းရှီသည် ရွေ့တောင်မရွေ့ပဲ ချူးကျောက်ကို မျက်တောင်ခတ်ပြီး ကြည့်လိုက်သည်။
ချူးကျောက်က ထိတ်ထိတ်ပြာပြာနှင့် ကြည့်လိုက်သည် - နင်ဘာလို့ငါ့ကိုကြည့်နေတာလဲ!
ကျင်းရှီပြောချင်သည့် အဓိပ္ပါယ်မှာ ထင်ရှားနေသည်။ သူတို့နှစ်ယောက်သည် ပထမဆုံးအနမ်းကို နမ်းခဲ့ကြပြီးဖြစ်သည်။ ချူးကျောက်က သူ့ဘေးမှာ မထိုင်လျှင် ကျင်းရှီက ဝင်ထိုင်ပေးရမှာလား။
ကောင်မလေး နှစ်ယောက်မှာ မျက်ရိပ်မျက်ဟန်များနှင့် တိုက်ပွဲဝင်နေကြသည်။ နောက်ဆုံးတွင် ချူးကျောက်သည် မျက်နှာနီရဲလာပြီး ထိုင်ချလိုက်သည်။
ကျင်းရှီသည် သူမ၏ စာအုပ်ထည့်ထားသည့် အိတ်ကို ချလိုက်ပြီး မတ်တပ်ရပ်ကာ ဝေါဟာရများကို ပြန်လည်လေ့ကျင့်ရန် ပြင်ဆင်နေသည်။
ထိုအချိန်တွင် ပေါ်ရန်၏ ဆန့်တန်းထားသော ခြေတံရှည်များ ခေါက်သွားပြီး သူ့ဒူးခေါင်းက သူမ၏ ခြေထောက်များကို ညင်သာစွာ တိုက်လိုက်သည်။
ကျင်းရှီက သူ့ကို “ရှင် ဘာလုပ်တာလဲ” ဟူသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ပေါ်ရန်၏ မျက်လုံးထောင့်မှာ ပြုံးယောင်သမ်းသွားသည်။ သူမကို တိတ်တဆိတ်ဖြင့် သူ့ပါးစပ်ကိုလှုပ်ပြလိုက်သည် -
“ထိုင်”
ကျင်းရှီက ခေါင်းငုံ့ပြီး သူ့ခြေထောက်များက သူမခြေထောက်ကို ထိနေကြောင်း တွေ့လိုက်ရသည်။ သူမကို သူ့ပေါင်ပေါ်မှာ ထိုင်စေချင်နေသည့်ပုံလား။
ကျင်းရှီက သူ့ကို စူးစူးရှရှ ပြန်ကြည့်လိုက်သည်။
ပေါ်ရန်က တခြားလူများကို ပြောလိုက်သည်။ “နည်းနည်းတိုးပြီး ထိုင်ပေးကြ၊ ကလေးမလေးအတွက် နေရာရအောင်လုပ်ပေးလိုက်”
စာကျက်ခန်းရှိ ထိုင်ခုံများသည် တွဲလျက်သားဖြစ်နေသည်။ ကောင်လေးများ တစ်ယောက်ကို တစ်ယောက် တိုးဝှေ့ပြီး ထိုင်လိုက်ကြရာ ပေါ်ရန်ဘေးတွင် နေရာလေးတစ်ခု လွတ်သွားသည်။
သူသည် သူ့စာအုပ်များနှင့် စာရေးကိရိယာများကို စားပွဲပေါ်တွင် ပြန်သိမ်းလိုက်ပြီး ကျင်းရှီစာလုပ်ဖို့ နေရာချန်ပေးထားသည်။
ကျင်းရှီက ဒီအတိုင်း ထိုင်ချလိုက်ပြီး ထိုင်ခုံရဲ့ အစွန်ဆုံးတွင် သူမ တင်ပါးသေးသေးလေးက နေရာယူထားကာ တတ်နိုင်သမျှ သူနှင့် ခပ်ခွာခွာနေလိုက်သည်။
သို့သော်လည်း ထိုင်ခုံတစ်လုံးကို မျှဝေသုံးစွဲခြင်းဟာ တစ်ယောက်နှင့် တစ်ယောက် ခန္ဓာကိုယ်ချင်း တိုက်မိမည်မှာ မလွဲမသွေဖြစ်သည်။
သူ့တွင် အရပ်မြင့်မားပြီး ကြံ့ခိုင်သော ခန္ဓာကိုယ်တည်ဆောက်ပုံရှိသည်။ သူ့ဘောပင်ကို ရွှေ့လိုက်ပြီး သူ့စာအုပ်ထဲမှာ စာရေးလိုက်ရာက ခန္ဓာကိုယ်ကို ဖြန့်ကားပြီး မလုပ်လို့မရသောကြောင့် ကျင်းရှီအနောက် ပတ်ပတ်လည်ကို သူ့ခန္ဓာကိုယ်ဖြင့် ဝိုက်ထားသည်။
ယခု ဤအနေအထားသည် သူမမှာ သူ့ရင်ခွင်ထဲတွင် ထိုင်နေသကဲ့သို့ ဖြစ်နေသည်။
သူတို့၏ ပါးလွှာသောအဝတ်အစားများမှတစ်ဆင့် သူမသည် သူ၏ခန္ဓာကိုယ်အပူချိန်၊ တင်းမာနေသောအသားအရေနှင့် ရင်ဘတ်ထဲမှ ပူလောင်ပြီး သက်ဝင်နေသော နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
သူမ လှည့်ကြည့်လိုက်သည်။ သူ၏ဘေးတိုက် ပရိုဖိုင်သည် ပြတ်သားပြီး ကြော့ရှင်းကာ ရှည်လျား၍ နူးညံ့သော မျက်တောင်များဖြင့် အလွန်ကြည့်ကောင်းသည်။
သူသည် ဘောပင်ကိုကိုင်ကာ ပုံကြမ်းများကို ဆက်ဆွဲနေသည်။ “မင်းရဲ့စာအုပ်တွေကိုကြည့်မလား၊ ငါ့ကိုကြည့်မလား”
ကျင်းရှီသည် စာဖတ်ရန် အလျင်အမြန် အာရုံစိုက်လိုက်သည်။
ပေါ်ရန်သည် စာအုပ်ထဲရှိ အဓိကအချက်အချို့ကို လိုက်ဝိုင်းနေသည်။ သူ့ဒူးခေါင်းက သူမ၏ ပြည့်ပြည့်ဝဝဖြစ်နေပြီး တစ်တစ်ထုပ်ထုပ်ဖြစ်နေသော ခြေထောက်ကို သွားထိမိသည်။ သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “မင်း ကိုယ်ချပ်အတွင်းခံ ဝတ်ထားလား”
ကျင်းရှီ - ......
ကျွန်မရဲ့ ကိုယ်ချပ်အတွင်းခံက ရှင်စာကျက်နေတာကို ဘာလာလုပ်နေလို့လဲ။
သူမ ခေါင်းငုံ့ကာ ထွားကြိုင်းနေသော မုန်လာဥခြေထောက်လေးများကို ကြည့်ရင်း ချက်ခြင်းပင် ချိနဲ့နေသလို ခံစားလိုက်ရသည်။
ချူးကျောက်က သူမကို အချွန်နှင့် ထပ်မလိုက်သည်။ “သူကလေ ကိုယ်ချပ်အတွင်းခံကို ၀တ်ထားရုံတင်မကဘူး၊ နှစ်ထပ်တောင်ဝတ်ထားတာ”
ကျင်းရှီက သူမကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူမက “အရမ်းအေးလို့လေ။ ရှင်တို့ရော မဝတ်ထားဘူးလား”
ယောက်ျားလေးများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ “မဝတ်ထားဘူး”
သူတို့၏ အပြစ်ကင်းမှုကို သက်သေပြဖို့အတွက် ယောက်ျားလေးများက သူတို့၏ ချွေးခံဘောင်းဘီပွပွကြီးများကို လှန်ပြနေကာခြေထောက်အမွေးကလွဲ၍ ဘာမှမရှိပဲ ချောမွေ့နေသော ခြေသလုံးများကို ပြနေကြသည်။
ကျင်းရှီက သူမဘာသာ ညင်သာစွာ တိုးတိုးလေးပြောလိုက်သည်။
တစ်နာရီလောက်ကြာသောအခါ ပေါ်ရန်က ထထွက်သွားသည်။ ကျင်းရှီက “ရှင်ဘယ်သွားမလို့လဲ” ဟုမေးလိုက်သည်။
“အတန်းရှိလို့၊ အရင်သွားနှင့်ပြီ” ပေါ်ရန်က သူ့စာအုပ်များကို ကျောပိုးအိတ်ထဲထည့်ကာ ပုခုံးပေါ်တင်လိုက်ပြီး ကျင်းရှီ၏ ခေါင်းလေးကို ဖိထားရင်း “အိပ်ငိုက်မနေနဲ့၊ စာကျက်”
ကျင်းရှီ၏ ခေါင်းကို သူ့စာအုပ်ဖြင့် ဖိလိုက်သည်။ “ကျွန်မ မအိပ်ငိုက်တတ်ပါဘူး!”
ပေါ်ရန်ထွက်သွားပြီးနောက် ထိုင်ခုံနေရာ ပိုကျယ်လာသည်။ သို့သော် သူမနောက်ကျောက နွေးထွေးမှုများလည်း ပျောက်ကွယ်သွားခဲ့သည်။
နွေးထွေးမှုသာမက အေးအေးချမ်းချမ်းနှင့် လုံခြုံသည့်ခံစားချက် - ခုနကပဲ သူ့ရင်ခွင်ထဲမှာ ထွေးပွေ့ထားခံရသည့် ခံစားချက်ကို သူမ သဘောကျသွားသည်။
အဆောင်အခန်း ၄၀၉ မှ စစ်ဖက်ဆိုင်ရာအကယ်ဒမီကျောင်းသားများသည် လေ့ကျင့်ရေးအတွက် မနက်တိုင်း ၅ နာရီ သို့မဟုတ် ၆ နာရီတွင် ထရသည်။ ထို့ကြောင့် စာကြည့်တိုက်တွင် ထိုင်ခုံနေရာများ အမြဲလိုလို ရတတ်ကြသည်။
နောက်တစ်နေ့တွင် ကြက်များထက် စောစောထသော ယောကျာ်းလေးများက မိန်းကလေးများအတွက် ထိုင်ခုံလေးနေရာ ယူထားပေးသည်။
ကျင်းရှီ စာကြည့်တိုက်ကိုသွားတိုင်း ထိုင်ခုံပေါ်မှာ ငိုက်မျဉ်းနေတတ်သော ယောက်ျားကြီးများ ဖြန့်ကားကာ ထိုင်နေကြသည်ကို သူမတွေ့နေရသည်။
အတန်းပြီးပြီးချင်း ထိုနေ့လည်ခင်း၌ ကျင်းရှီသည် သူမ၏ အခန်းဖော်များက ဆွဲခေါ်လာသောကြောင့် စစ်တပ်လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့သည်။
“ဒီနေ့ အမျိုးသား ကာကွယ်ရေး ကျောင်းသားတွေအတွက် သေနတ်အစမ်းပစ်ပွဲတစ်ခု ရှိတယ်တဲ့။ ရင်ခုန်ခုန်နဲ့ ကြည့်လိုက်ရအောင်” ဟုကျင်းရှီက ပြောလိုက်သည်။
“သေနတ်ပစ်လေ့ကျင့်တာ ဘာတွေ တွေ့ရမှာမို့လို့လဲ”
“အဓိကအချက်က သေနတ်ပစ်တာတင် မဟုတ်ဘူး၊ အဓိကက အမျိုးသား ကာကွယ်ရေး အကယ်ဒမီကျောင်းပဲ! ခြေတံရှည်ရှည်နဲ့ ချောမောတဲ့ ကောင်လေးတွေ အများကြီးပဲ ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်လဲဆိုတာ” ကျင်းရှီက ပြောလိုက်သည်။ ပေါ်ရန်၏ ခြေတံရှည်ရှည်များက သူမကို တနေကုန် သူမနားမှာ ဟန်ပြပြီး လျှောက်ပြနေသည်ကို ကြည့်ရသည်မှာ သူမအတွက်မလုံလောက်လို့လား။
အမျိုးသား ကာကွယ်ရေး အကယ်ဒမီ လေ့ကျင့်ရေးကွင်းသည် ကျောင်းအနောက်ဖက် တောင်ခြေတွင် တည်ရှိသည်။ ခပ်တိုတို မြက်ခြောက်များ ပေါက်ကာ မြေပြင်မှာ ကြမ်းတမ်းပြီး လေ့ကျင့်ရေး အတားအဆီးများစွာကိုလည်း နေရာချထားသည်။
“ယူနီဖောင်း၏ ဆွဲဆောင်မှု” ဖြင့် ဆွဲဆောင်ခံရသော မိန်းကလေးတစ်ချို့သည် စုရုံးနေကြပြီးဖြစ်သည်။
စစ်တိုက်ရာတွင် ရုပ်ဖျက်ထားသလို ရုပ်ဖျက်ထားသော ယောက်ျားလေးအချို့သည် ပစ်မှတ်ကို ထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ မိန်းကလေးများထံမှ အော်ဟစ်သံများကို ပိုကျယ်လောင်စေလာပြီး သေနတ်များကို ပစ်မြဲတိုင်းပစ်နေကြသည်။
ကျင်းရှီက ချူးကျောက်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ “အဲ့ဒါ သေနတ်အစစ်တွေလား”
ချူးကျောက်က “ဟုတ်တာပေါ့။ အမျိုးသား ကာကွယ်ရေး ကျောင်းသားတွေ အားလုံးက အနာဂတ်မှာ စစ်တပ်ထဲဝင်ကြလိမ့်မယ်။ အဲ့တော့ သူတို့ကို သေနတ်အတုတွေ ဘယ်သူက ပေးမှာလဲ!”
သူမသည် လေ့ကျင့်ရေးကွင်းတစ်လျှောက် လျှောက်ကြည့်နေကာ ပေါ်ရန်၏ အရပ်ရှည်ရှည် ပုံပန်းသဏ္ဍာန်ကို ချက်ခြင်း မြင်လိုက်ရသည်။
သူသည် အနည်းငယ်တွန့်နေသော စစ်ယူနီဖောင်းကို ၀တ်ထားသည်။ သူ့ပုံပန်းသဏ္ဍာန်သည်က သွယ်လျပြီး ဖြောင့်ဖြောင့်ကြီးဖြစ်နေကာ သူ့လက်ချောင်းများကို ပေါ့ပါးဖျတ်လတ်စွာ အလျင်အမြန် လှုပ်ရှားနေသည်။ သေနတ်က သူ့လက်ထဲမှာ အရုပ်ကလေး တစ်ရုပ်လိုဖြစ်နေသည်။ သူက စက္ကန့်ပိုင်းအတွင်း သေနတ်ကို ကျွမ်းကျင်စွာ ပြန်လည် တပ်ဆင်နိုင်သည်။
မိန်းကလေးများဆီမှ နောက်ထပ်အော်သံများ ထွက်လာသည်။
ကျင်းရှီသည် သူမ၏ နားရွက်များကို ကာထားပြီး ပေါ်ရန်ကို စိုက်ကြည့်နေသည်။
သူသည် ကျောကို ဖြောင့်ဖြောင့် မတ်ထားပြီး သူ့မျက်လုံးများကို နဖူးရိုးအောက်မှာ နက်နက်ရှိုင်းရှိုင်း ဝှက်ထားသည်။ သူသည် ခေါင်းကိုလှည့်ကာ မျက်လုံးမှိတ်ထားပြီး မြင်ကွင်းတစ်လျှောက် တိကျမှုကို ချိန်ညှိ၍ သေနတ်မောင်းခလုတ်ကို ဆွဲတင်လိုက်သည်။
ရာပေါင်းများစွာသော မီတာအကွာအဝေးမှပင် ကျင်းရှီသည် သူ့ဆီမှ အားအင်များ တောင့်တင်းနေမှုကို ခံစားနိုင်ဆဲဖြစ်သည်၊ တင်းမာသောလှုပ်ရှားမှုတိုင်း၊ သူ့မျက်လုံးထောင့်စွန်းမှ အနည်းငယ်ကွေးတက်နေသည့်တိုင် လေးနက်သောစွမ်းအားတစ်ခုရှိနေသည်။
ကျင်းရှီ၏ နှလုံးသားသည် နားမလည်နိုင်အောင် တင်းကျပ်သွားသည်။
“ဒိုင်း!” ပစ်မှတ်ကို တည်ငြိမ်စွာဖြင့် တည့်တည့်ထိသွားသည်။
“အား!” သူမ ရုတ်တရက် ထအော်လိုက်ပြီး ချူးကျောက်နှင့် လင်းလော၏ အင်္ကျီလက်စများကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲလိုက်ပြီး “သူ ထိအောင် ပစ်လိုက်နိုင်ပြီ!”
ချူးကျောက်နှင့် လင်းလောက သူမကို ပြောစရာစကားမဲ့စွာဖြင့် ကြည့်နေကြသည်။ တခြားသူများလည်း စောစောက ထိအောင် ပစ်နိုင်ကြသည်၊ ထိုအချိန်တုန်းက သူမ ဘယ်လိုမှ စိတ်မလှုပ်ရှားပဲ နေနေတာလဲ။
သူမသူငယ်ချင်းများ၏ မျက်လုံးများမှ မေးခွန်းများ မေးနေသည်ကို ရင်ဆိုင်နေရသောကြောင့် ကျင်းရှီသည် ရှက်ကိုးရှက်ကန်းဖြင့် အင်္ကျီလက်စများကို လွှတ်လိုက်ပြီး “စီနီယာ သေနတ်ပစ်တာ တော်လို့” ဟု ယုံကြည်မှု မရှိတရှိဖြင့် ပြောလိုက်သည်။
ပေါ်ရန်၏ ပစ်ချက်က တကယ်ကို ကောင်းသည်။ နောက်ထပ်ပစ်ချက်များလည်း ပစ်မှတ်ကို တည့်တည့် ထိသွားကြသည်။ ဤတိကျမှုက သူ့ကို အကယ်ဒမီ၌ ပထမနေရာကို ရယူစေနိုင်မှာ သေချာသည်။
လင်းလောက “ပြီးခဲ့တဲ့ semester မှာ စီနီယာပေါ်ရန်က အကယ်ဒမီရဲ့ နောက်ဆုံးစာမေးပွဲရဲ့ ပြိုင်ပွဲ ၁၀ပွဲမှာ ပထမနေရာချည်းပဲ ရခဲ့တယ်။ ဘယ်လက်တွေ့လေ့ကျင့်မှုပဲဖြစ်ဖြစ် ပထမနေရာပဲ ရခဲ့တယ်။ ဒီလိုထူးချွန်တာမျိုးက တကယ်ကိုရှားတယ်”
ချူးကျောက်က “အဖေတူသားလေ။ သူ ငယ်ငယ်ကတည်းက စစ်တပ်ထဲမှာ ကြီးပြင်းလာတယ်လို့ ငါကြားဖူးတယ်”
ပေါ်ရန်သည် သေနတ်ပစ်ပြီး ကွင်းထဲမှ ထွက်သွားသောအခါတွင် ဟန်ဆောင်ပန်ဆောင် လုပ်နေသော မိန်းကလေးတစ်ယောက်က သူ့ဆီသို့ လှမ်းလာပြီး စကားတစ်ခွန်းနှစ်ခွန်းပြောကာ သူမ၏မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ပေါ်လွင်နေသည်ကို ကျင်းရှီ သတိထားမိသည်။
သူမသည် ပေါ်ရန်ကို မေးခွန်းများ မေးနေပုံရသည်။ စကားစမြည်ပြောပြီးနောက် ပေါ်ရန်က သူမအား သေနတ်ပစ်သည့် အနေအထားကို သရုပ်ပြခဲ့သည်။
သူမသည် သူ၏အတန်းဖော်တစ်ဦးဖြစ်ပုံရသည်။
ကျင်းရှီသည် နောက်ဆုံးတော့ ရှုချောင်းယန်ပြောခဲ့သည်ကို သဘောပေါက်သွားသည်။ စီနီယာပေါ်ရန်က သူ့ပတ်ဝန်းကျင်တွင် ချောမောလှပသော မိန်းကလေးများကို ဘယ်သောအခါမှ မလစ်ဟင်းခဲ့ချေ။
တစ်ကုတင်တည်းမှာ အိပ်နေတာတောင် သူမလက်ချောင်းလေးများကို တစ်ချက်တောင် မထိခဲ့ပေ။ သူ့အတွက် သူမသည် အရေးမပါပုံရသည်။
သူမသည် ထိုအခြေအနေသဘောထားဖြင့် သူနှင့် “မအိပ်ချင်” သော်လည်း။
သို့သော် မိန်းကလေးတစ်ယောက်အနေနှင့် မရှိမဖြစ် ဆွဲဆောင်မှု ကင်းမဲ့နေမှုက စိတ်ပျက်စရာကောင်းနေတုန်းပင်။
သူမသည် စိတ်ပျက်လက်ပျက်ဖြင့် အဆောင်သို့ ပြန်လာခဲ့သည်။
ထိုညတွင် ကျင်းရှီသည် အဝတ်လျှော်ခန်းထဲသို့ ဝင်သွားသည်။ ပေါ်ရန်က သူ၏ ချောမွေ့ပြေပြစ်သော ကြွက်သားများကို ပေါ်လွင်စေသည့် အနက်ရောင် တီရှပ်အင်္ကျီကို ၀တ်ဆင်ထားသည်။ သူသည် ခန္ဓာကိုယ်ကို ကိုင်းပြီး သူ၏ ယူနီဖောင်းကို လျှော်ဖွပ်နေခဲ့သည်။
ကျင်းရှီက လန့်ဖြန့်သွားပြီး သူနှင့်ဝေးရာ အဝတ်လျှော်ခန်း၏ထောင့်သို့ သွားလိုက်သည်။
မိနစ်ဝက်ခန့်အကြာတွင် ပေါ်ရန်သည် ဇလုံကိုကိုင်ကာ သူမနံဘေးသို့ ပျင်းရိစွာ လျှောက်လာသည်။
“ဒီနေ့ ငါသေနတ်ပစ်တာကို မင်းလာကြည့်ဖြစ်လား” ဟုမေးလိုက်သည်။
“မကြည့်ဖြစ်ဘူး၊ ကျွန်မ အတန်းရှိတယ်”
“ငါ ပစ်မှတ်ငါးခုစလုံး တည့်တည့်ထိအောင် ပစ်ခဲ့တယ်၊ အကုန်လုံး လုံးဝကို တည့်တည့်ထိတာ”
သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် ကြွားလုံးထုတ်ပြချင်သလိုမျိုးနှင့် အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
ကျင်းရှီ၏ တိတ်ဆိတ်မှုကို မြင်လိုက်ရာ သူမ နားမလည်ဘူးဟူ၍ ထင်ကာ “ အကယ်ဒမီ တစ်ခုလုံးမှာ ပစ်မှတ်တိုင်းကို တည့်တည့်ထိအောင် ပစ်နိုင်တာ ... ငါ့တစ်ယောက်တည်းပဲရှိတယ်” ဟုစိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
“အိုး”
သူမ တုံ့ပြန်မှုကို မရသေးသည်ကို မြင်ပြီး ပေါ်ရန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ “ဘာဖြစ်နေတာလဲ”
“ဘာမှမဖြစ်ပါဘူး”
ပေါ်ရန်သည် သူမထံမှ ချီးမွမ်းခြင်းနှင့် အားပေးမှုအချို့ကို ကြားရမည်ဟု မျှော်လင့်ခဲ့သော်လည်း သူမ၏ လျစ်လျူရှုထားမှု “အိုး” ဟူသော အရသာဆိုးကြီးတစ်ခုကသာ ပါးစပ်ထဲတွင် ကျန်ရစ်နေခဲ့သည်။
သူက ဆက်ပြီး မျှော်လင့်မနေတော့ပဲ “ဒီနေ့တော်တော် စည်နေခဲ့တာ၊ မိန်းကလေးတွေ အများကြီးတောင်လာတယ်၊ အဲ့တော့ မင်းလည်း လာမယ်လို့ ထင်ခဲ့တာ” ဟုသာပြောခဲ့သည်။
ကျင်းရှီသည် သူမ၏လက်ထဲရှိ ဇလုံကို ဆောင့်ချကာ ရေထည့်နေသည်။
“အဲ့ဒီ့မိန်းကလေးတွေ သွားတာနဲ့ပဲ ကျွန်မ သွားစရာလား။ ကျွန်မလို ပရိသတ်မျိုး မရှိလည်း ရှင့်အတွက်က ဘာမှမဖြစ်ဘူးမလား”
“မင်း ဒီနေ့ စိတ်ဆိုးနေတာလား”
ခဏကြာသောအခါ ချူးကျောက်က အဝတ်လျှော်ခန်းထဲဝင်လာသည်။ ပေါ်ရန်ကို သူမပြောခဲ့သည့် ပထမဆုံးစကားက “ဂုဏ်ယူပါတယ် စီနီယာ!”
ပေါ်ရန်က နည်းနည်းလေး ပြုံးလိုက်ပြီး “မင်း ဒီနေ့ပြိုင်ပွဲကို လာကြည့်တယ်ပေါ့”
“ဟုတ်တယ်!” ချူးကျောက်က ပေါ်ရန်နှင့် မျက်နှာချင်းဆိုင်ဖက်တွင် ရေပုံးကို ချလိုက်ပြီး “ရှင်ပစ်မှတ်ကို ထိလိုက်တာနဲ့ ရှောင်ကျင်းရှီက အရမ်းစိတ်လှုပ်ရှားသွားပြီး ခွေးပေါက်ကလေးတစ်ကောင်လို 'စီနီယာ ပစ်တာ အရမ်းတော်တယ် အရမ်းမိုက်တယ်' ဆိုပြီး အော်နေတာလေ”
ကျင်းရှီ - ......
လက်က ချူးကျောက်ကို ရိုက်ရန် လေဆင်နှာမောင်းကဲ့သို့ အလွန်လျင်မြန် ရွေ့လာနေသည်။
ပေါ်ရန်က ကျင်းရှီကို လေးနက်စွာ ကြည့်လိုက်ပြီး “မင်းငါ့ကို လိမ်နေတာပဲ” ဟု ညည်းတွားပြောဆိုလိုက်သည်။
ကျင်းရှီက လက်ထဲမှ အဝတ်များကို ချလိုက်ပြီး သူမလက်များကို ဆေးဖို့ ရေပိုက်ခေါင်းကို ဖွင့်လိုက်ပြီးနောက် သူ့ကိုရေနှင့် ပက်ကာ ထွက်သွားလိုက်သည်။
“မုန်းစရာကြီး!”