အပိုင်း (၂၇)
Vol. 3 Ch. 27
ပေါ်ရန်သည် ကျင်းရှီက သူ့ကို ဘာကြောင့် ရုတ်တရက် သဘောမကျတော့လဲဆိုသည်ကို လုံးဝ အံ့ဩသွားသည်။ သူသည် အသိစိတ်တရားရှိစွာဖြင့် သူ့ကို မနှစ်သက်စေရန် သူမကို ဘာများလုပ်ခဲ့သလဲကို စဉ်းစားရင်း တစ်ခါတုန်းက “ဝိုင်ဖိုင်” ငှားသုံးခဲ့ရုံကလွဲပြီး မရှိတော့ပြီဟူ၍ စဉ်းစားရကြပ်နေသည်။
ထိုညတွင် ပေါ်ရန်သည် ပက်လက်လှန်ကာ အိပ်မပျော်ပဲ အငြိမ်မနေနိုင်သော ကျင့်ချီခြုံထားသောစောင်ကို ခြေထောက်ဖြင့် ကန်ပြီး လှမ်းမေးလိုက်သည်။
“မိန်းကလေးတွေက အကြောင်းပြချက်မရှိပဲ ဘယ်ချိန်တွေ စိတ်ဆိုးတတ်လဲ”
ကျင့်ချီ - “မင်း သူတို့ကို နာကျင်အောင် လုပ်လိုက်တဲ့အချိန်”
ပေါ်ရန် - “...”
“ငါတကယ်ပြောနေတာ” ကျင့်ချီက စောင်အောက်ကနေ ခေါင်းညိမ့်ပြပြီး ပြောလိုက်သည်။ “တုတုကို သွားမေးပါလား၊ ငါက စွယ်စုံကျမ်းမဟုတ်ဘူး”
(တုတုဆိုသည်မှာ တရုတ် search engine baiduကို ပြောခြင်းဖြစ်သည်)
ထို့ကြောင့် ပေါ်ရန်က သူ့ဖုန်းကို တကယ်ထုတ်လိုက်ပြီး ကောင်မလေးများက အကြောင်းပြချက်မရှိပဲ ဘာကြောင့် ဒေါသထွက်တာလဲ ဟူ၍ ရှာလိုက်သည်။
အံ့သြစရာကောင်းစွာနှင့်ပင် ကြော်ငြာများပြည့်နေသော ဝဘ်စာမျက်နှာပေါ်မှာ အသုံးဝင်သည့်အရာတစ်ခုကို ရှာတွေ့ခဲ့သည်။ ပေါ်ရန်က အောက်ပါ ဖြစ်နိုင်ချေများကို ဖတ်နေသည်။
[သူမက မင်းရဲ့အာရုံစိုက်မှုကိုရဖို့အတွက် ရူးသွပ်နေပြီး မင်းသူ့ကို ပိုဂရုစိုက်အောင် လုပ်နေတာ။ အမြဲတစေ နေရခက်အောင် လုပ်နေတယ်လို့ မခံစားလိုက်ပါနဲ့ - တကယ်တော့ သူက မင်းကို အပြင်လူတစ်ယောက်လို့ မမြင်တာ ကောင်းတဲ့ လက္ခဏာပါပဲ။]
သူက သူ့အသက်ရှုသံအောက်မှာ ညည်းညူလိုက်သည်။ “သူက မင်းကို တကယ်သဘောကျနေပြီးတော့ မင်းချစ်တာကို လိုချင်တာကြောင့် စိတ်ဆိုးဟန်ဆောင်နေတာ”
ကျင့်ချီက သူ့ဗီဒီယိုများကို ဆက်မကြည့်တော့ပဲ ပေါ်ရန်ကို ပြောပြဖို့ ခေါင်းကိုပြူထုတ်လိုက်သည်။ “ဒါဆို လုံလောက်နေပြီ။ မင်း ညသန်းခေါင်ကြီးမှာ ဘာတွေ စိတ်ကူးထယဉ်နေတာလဲ”
“မင်းရဲ့ဂျပန်အပြာကားကနေ သင်ခဲ့ဖူးတာတွေထက် ဒါက ပိုစိတ်ချရပါတယ်ကွ” ဟုပေါ်ရန်က စိတ်ထက်သန်စွာပြောလိုက်သည်။ “ဒါက ငါ့အတွက် အများကြီး အဓိပ္ပါယ်ရှိနေတယ်”
ကျင့်ချီ - “အဓိပ္ပာယ်မရှိပါဘူးကွာ၊ ငါ မင်းကို ပြောဦးမယ်၊ မိန်းကလေးတွေ ဒေါသ ထွက်ရတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်၊ အဲ့ဒါ ရာသီလာနေလို့ပဲ”
ပေါ်ရန်သည် စကားလုံးများ ခဏတာ ပျောက်ကွယ်သွားသည်။ ကျင့်ချီ ပြောခဲ့သည့်စကားကို သေချာစဉ်းစားပြီးနောက် ကျင့်ချီ၏ ခန့်မှန်းချက်သည် အွန်လိုင်းပေါ်တွင် တွေ့သမျှအရာများထက် ပို၍ ကျိုးကြောင်းဆီလျော်ပုံပေါက်ကြောင်း ဝန်ခံရပေမည်။
သူက နောက်ထပ် အမြန်ပြန်ရှာလိုက်သည် - မိန်းကလေးတစ်ယောက် ရာသီလာတဲ့အခါ ဘာလုပ်ရမလဲ။
နောက်တစ်နေ့မနက်တွင် ကျင်းရှီ၏ ဖုန်းတွင် ပေါ်ရန်ထံမှ မက်ဆေ့ဂျ်တစ်စောင် ထွက်ပေါ်လာသည်။
ဖြောင့်မတ်သောပညာရှိအမျိုးသား၏ စကားလေးလုံး-
“ရေနွေးများများသောက်”
ကျင်းရှီ - “...”
စာကျက်ခန်းတွင် ပေါ်ရန်သည် လိမ္မာရေးခြားရှိလှသည်။ သူသည် ကျင်းရှီ၏ ထိုင်ခုံပေါ်တွင် ပန်းရောင်ကူရှင်တစ်ခုတင်ထားပြီး ရေနွေးပူပူတစ်ပုလင်းကို ပြင်ဆင်ထားသည်။ သူမထိုင်ပြီးသည်နှင့် ရေနွေးပုလင်းကို ဗိုက်ပေါ်တင်လိုက်သည်။
ကျင်းရှီ သန့်စင်ခန်းသွားသည့်အခါတိုင်း ပေါ်ရန်သည် ကြီးမားသော အကြပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသလိုမျိုး စိုးရိမ်နေပြီး တစ်ခုခုကို ဆုံးရှုံးသွားသလို အမူအရာမျိုး လုပ်ပြနေသည်။ သူ့မျက်လုံးများက သူမ၏ ခန္ဓာကိုယ်အောက်ဖက်သို့ စူးစူးစိုက်စိုက် ကြည့်နေသည်။
ကျင်းရှီမှာ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ချေ။ တတိယအကြိမ်မြောက် သူမအတွက် ရေနွေးကို လဲပေးနေချိန်တွင် သူ့လက်ကို သူမ လှမ်းကိုင်လိုက်ပြီး “ပေါ်ရန်၊ ရှင် တကယ်ပဲ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ပေါ်ရန်က “ရေနွေးများများသောက်” ဟုစိတ်အားထက်သန်စွာ ထပ်ခါတလဲလဲ ပြောနေခဲ့သည်။
လင်းလောက ကျယ်လောင်စွာ ရယ်မော၍ မနိုင်တော့ချေ။ “စီနီယာ၊ ရှီရှီရဲ့ 'ထူးခြားတဲ့နေ့' က ဒီနေ့မဟုတ်ဘူး၊ ရှင်မှားနေပြီ”
“ဒီနေ့မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ သူ့အချိန်က လကုန်မှ၊ အဲ့ဒါကို မမေ့လိုက်နဲ့နော်”
ကျင်းရှီသည် နောက်ဆုံးတော့ ပေါ်ရန် ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်။ ထိုင်ခုံကူရှင်၊ ရေနွေး ပုလင်းနှင့် ယနေ့မနက် စိုးရိမ်ကြောင့်ကြနေသော အမူအရာများ အားလုံးက သူ့ကို တွေးထင်စေသည်မှာ သူမ ရာသီ...
ကျင်းရှီ၏ မျက်နှာကြီးသည် နီရဲလာပြီး စာသင်ခန်းထဲမှ ပြေးထွက်သွားခဲ့သည်။
ရှက်စရာကောင်းလိုက်တာ! ဤမျှမိုက်မဲမှုအဆင့်ကို ဘယ်အရာကမှ ပြန်ပြင်လို့မရတော့ပေ။
ပေါ်ရန်က ကျင့်ချီကို စူးစူးစိုက်စိုက် ကြည့်ပစ်လိုက်သည်။ ကျင့်ချီက သူ့လက်မြှောက်ပြလိုက်ပြီး သူက မှန်းဆ၍သာ ပြောပြနေခဲ့သည်ဟူသည့် ပုံစံဖြင့်။
နေ့လယ်စာစားချိန်၌ လူတိုင်းသည် စားပွဲခုံပေါ်တွင် ခေါင်းမှောက်ပြီး အနားယူနေကြသည်။ ပေါ်ရန်သည် ကျင်းရှီနားသို့ တိုးလာပြီး စားပွဲအစွန်းတွင် မေးစေ့ကို ထောက်ကာ သွယ်လျသော ဇာမဏီမျက်လုံးများဖြင့် အသနားခံသည့်ပုံစံဖြင့် သူမကို ကြည့်နေသည်။
“ရှီရှီလေးရေ...”
ကျင်းရှီသည် ဘောပင်ကို ဆုပ်ကိုင်ပြီး သူ့ကို စိတ်မရှည်စွာဖြင့် စိုက်ကြည့်နေသည် -“ကျန့်ခိုင်ရဲ့ မျက်လုံးတွေနဲ့ လာကြည့်နေလို့ ရှင့်ကို ခွင့်လွှတ်ပေးမယ် မထင်လိုက်နဲ့၊ ဒါမျိုး တစ်သက်နဲ့တစ်ကိုယ် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး”
“မင်းစိတ်ဆိုးအောင် ငါဘာအမှားလုပ်မိလို့လဲ”
“ရှင်နဲ့ပတ်သက်သမျှအားလုံးက မှားနေတာပဲ” သူမသည် သူ့ကို လျစ်လျူရှုကာ စာဆက်ရေးနေခဲ့သည်။
ပေါ်ရန်က သူမလက်သည်းဖြူဖြူလေးများကို ထိရန် လက်လှမ်းလိုက်သည်။ “ဘာဖြစ်နေတာလဲဆိုတာ အသေအချာပြောပြ။ ငါနားထောင်ပေးမယ်။ မင်းမကြိုက်တာတစ်ခုခုရှိရင် ငါပြင်ပါ့မယ်”
ယောက်ျားလေးတစ်ယောက်က ချစ်ဖို့ကောင်းအောင် လုပ်နေခြင်းကို မိန်းကလေးတစ်ယောက်အတွက် စိတ်မဆိုးအောင် နေရသည်မှာ အလွန်ခက်နေသည်။
ကျင်းရှီသည် သူမ၏ ထူထပ်သော မျက်တောင်များကို ချထားလိုက်ပြီး ဤချစ်စဖွယ် ခွေးလေး၏ ချစ်စရာကောင်းနေမှုကို တွန်းလှန်ရင်း မြည်တွန်တောက်တီးနေသည်။ “ရှင် ဘာမှမမှားပါဘူး၊ ကျွန်မကသာ မကောင်းတဲ့သူပါ”
ပေါ်ရန် - “...”
ထို့ကြောင့် တစ်ခါတလေ ပေါ်ရန်သည် မိန်းကလေးများကို နားမလည်နိုင်တော့ပေ။
ယခုလိုမျိုး ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ခွင့်လွှတ်ပေးရန် တောင်းပန်နေသည့်အခါ တကယ့်ကို အမှားတစ်ခုခုလုပ်မိခဲ့လျှင် ‘တောင်းပန်ပါတယ်’ ဟုပြောလိုက်ရုံနှင့် အမှုပိတ်သွားတတ်သည်။ သို့သော် သူမသည် သူ့ကို အခွင့်အရေးတောင် မပေးပေ။
ယောက်ျားလေးများနှင့်ဆိုလျှင် အရက်တစ်ပုလင်းလောက် သောက်လိုက်ခြင်း သို့မဟုတ် အထိုးခံလိုက်ရခြင်းက ကိစ္စများကို ဖြေရှင်းပေးနိုင်ပေသည်။
သို့သော် မိန်းကလေးများနှင့်ဆိုလျှင် သူတို့ကို အော်ငေါက် သို့မဟုတ် ရိုက်နှက်၍လည်း မရချေ။ သူတို့ မင်းကို စိတ်ဆိုးနေလျှင် မင်းလုပ်နိုင်တာတစ်ခုက သူတို့မင်းအပေါ် ထိုသို့ဆက်ဆံနေသည်ကို လက်ခံရုံမှတစ်ပါး အခြားနည်းလမ်းများ မရှိတော့ပေ။
ပေါ်ရန်သည် သူမ၏လက်သည်းလေးများကို လှမ်းကိုင်ရန် လက်လှမ်းလိုက်သော်လည်း ကျင်းရှီက လက်သီး တင်းတင်းဆုပ်ထားပြီး သူမကျောနောက်သို့ ကပ်ထားသောကြောင့် ထိုလက်သည်းများကို မထိနိုင်ပေ။
“မင်းကိုယ်ချပ်အတွင်းခံ ဝတ်ထားတယ်ဆိုပြီး ငါပြောခဲ့တာကြောင့်လား” ပေါ်ရန်က မေးလိုက်သည်။ “အဲ့ဒါကြောင့်ဆိုရင် ငါတောင်းပန်ပါတယ်။ စိတ်ဆိုးပြေပြီလား”
ကျင်းရှီ၏ ပါးပြင်များ နီမြန်းလာသည်။ “ဘာလို့ အဲ့ဒါအတွက် လျှောက်တောင်းပန်နေတာလဲ၊ ကျွန်မ အဲ့ဒါတွေကို ဝတ်ထားတာက ရှက်စရာမှမဟုတ်တာ”
“အဲ့လိုဝတ်တာကလည်း ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ကိုယ်ချပ်အတွင်းခံ နှစ်စုံဝတ်လို့ ဘာမှမဖြစ်သွားဘူး”
“ကျွန်မ ဒီနေ့ တစ်စုံပဲ ဝတ်ထားတာ” ကျင်းရှီက အခိုင်အမာပြောနေသည်။ “နှစ်စုံမဝတ်ဘူး!”
“ကောင်းပြီ” ပေါ်ရန်က သူမဆံပင်ကို ပွတ်သပ်ပြီး ပြောနေသည်။ “စိတ်ဆိုးမနေနဲ့တော့”
ကျင်းရှီသည် ခေါင်းငုံ့ပြီး ဝမ်းနည်းသည့်လေသံနှင့် “ရှင်က ကိုယ်ချပ်အတွင်းခံမဝတ်တဲ့ မိန်းကလေးတွေကို သဘောကျတယ်ဆိုရင် စီနီယာနဲ့ ကျွန်မ ဘယ်လိုမှသူငယ်ချင်းမဖြစ်နိုင်တော့ဘူး”
ပေါ်ရန်သည် ခဏမျှ ရပ်တန့်သွားပြီး သူမ၏ စကားအဓိပ္ပါယ်ကို ချက်ချင်း သဘောမပေါက်ဖြစ်နေသည်။ သူက တိုးတိုးလေးရယ်ပြီး “ကိုယ်ချပ်အတွင်းခံမဝတ်တဲ့ မိန်းကလေးတွေကို သဘောကျတယ်လို့ ငါဘယ်တုန်းက ပြောဖူးလို့လဲ”
တကယ်တမ်းတော့ ထိုသို့ပြောခဲ့သူမှာ ရှန်ဖျင်ချွမ်ဖြစ်ခဲ့ပေမယ့် ကျင်းရှီ၏ စိတ်ထဲမှာတွင် ထိုစကားကို တကယ်ဟူ၍ မှတ်ထားလေသည်။
ကျင့်ချီသည် နိုးလာပြီး အိပ်ချင်မူးတူးနှင့် မျက်တောင်ခတ်လိုက်သည်။ သူက ကျင်းရှီကို ပြောလိုက်သည်။ “မင်းရဲ့စီနီယာက ကိုယ်ချပ်အတွင်းခံဝတ်တဲ့ ကောင်မလေးတွေဆို အရမ်းသဘောကျတယ်။ တစ်စုံဝတ်ထားတာတောင် သူ့ကို ရူးသွားစေတယ်၊ နှစ်စုံသာဆိုရင်တော့ ဒီကောင် မင်းကို ကြည့်ပြီး ထန်နေလောက်... “
ပေါ်ရန်က ကျင့်ချီ၏ ထိုင်ခုံကို ကန်ပစ်လိုက်သည်။ “မင်းပါးစပ်ကို သတိထား၊ ညစ်ညစ်ပတ်ပတ်တွေ လျှောက်မပြောစေနဲ့”
ကျင်းရှီ ရယ်လိုက်သည်။ သူမသည် ပေါ်ရန်ကို ဆက်ပြီးစိတ်မဆိုးနိုင်တော့ချေ။
နောက်တစ်နေ့မှာ ပိတ်ရက်ဖြစ်နေသည်။ သူမနှင့် အခန်းဖော်များက ဈေးဝယ်ထွက်ပြီး ပေါင်ကြပ်ဘောင်းဘီတိုနှင့် စကတ်တိုများ ဝယ်နေကြသည်။ ကျင်းရှီသည် ထိုကဲ့သို့ ၀တ်စားချင်နေသည်။
စကတ်မှာ ချစ်စရာကောင်းသော အကွက်ပုံစံလေးရှိနေသည်။ ကျင်းရှီသည် နားရွက်နောက်တွင် တွဲလောင်းကျနေသော ချစ်စရာကျစ်ဆံမြီးနှစ်ချောင်းကိုပင် ကိုယ်တိုင်ကျစ်ထားသေးသည်။
အဆင်သင့်ပြင်ပြီးမှ မှန်ရှေ့လှည့်ကာ သူမကိုယ်သူမ ပြီးပြည့်စုံသည်ဟု ထင်နေသည်။
ထိုညတွင် သူမသည် ပေါ်ရန်၏ အဆောင်အခန်းအပြင်ဘက်တွင် တမင်တကာ လှည့်ပတ်ကာ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့သည်။
သို့သော် ပေါ်ရန်သည် သီချင်းနားထောင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေသဖြင့် သူ့အခန်းအပြင်ဘက်ရှိ ဒရာမာဘုရင်မကို လုံးဝ သတိမမူမိချေ။
ကျင့်ချီက သူ့နားကြပ်ကို ချွတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်ပြီးနောက် ပေါ်ရန်ကို တံတောင်နှင့် တွတ်လိုက်သည်။ “မင်းညီမလေးက အပြင်မှာ ဝင်လိုက်ထွက်လိုက်နဲ့ စျေးသွားဝယ်တာ သုံးခါလောက်ရှိပြီ၊ အနည်းဆုံးတော့ သူ့ကို တစ်ချက်ကြည့်ပေးလိုက်ပါဦး”
ထိုမှသာ ပေါ်ရန်က တုံ့ပြန်ပြီး တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
ကျင်းရှီသည် ထိုနေရာတွင်ရပ်နေပြီး သူမ၏အိတ်ထဲတွင် သော့များရှာကာ တံခါးကိုဖွင့်ဟန်ဆောင်သော်လည်း ခဏကြာပြီးနောက် သူမသည် ထိုသော့များကို ရှာမတွေ့ခဲ့ပေ။
စကတ်နှင့် လိုက်ဖက်အောင် သူမသည် ဒေါက်ဖိနပ်များ ဝတ်ဆင်ထားသည်။ ယခု သူမသည် ကျောင်းဝင်းထဲရှိ ချစ်စရာကောင်းသော အခြားမိန်းကလေးများနှင့်တူနေသည်။
ကျင်းရှီရင်ထဲမှာ ပလောင်ဆူနေသည်။ သူမသည် စိတ်အားထက်သန်စွာ တွေးလိုက်သည်၊ ပေါ်ရန် ၊ ငါ့ကိုကြည့်။ ငါ့ကိုကြည့်ပါဦး!
ကျင့်ချီက ပေါ်ရန်ကို မေးလိုက်သည်။ “သူ အရင်ကနဲ့ မတူတာကို သတိထားမိလား”
ပေါ်ရန်က ကျင်းရှီကို အပေါ်ကနေအောက်ထိ ချုံငုံ့ကြည့်လိုက်ပြီးနောက် ကျင့်ချီပြောသည်ကို နားမလည်သည့်ပုံစံဖြင့် မေးလိုက်သည်။ “သူ ဝလာတာလား”
ကျင့်ချီ မျက်ဖြူလန်သွားလေသည်။ ဒီကောင်က ကောင်မလေးတွေနဲ့ ပက်သက်လာရင် မျှော်လင့်ချက်ကင်းမဲ့နေပြီ၊ ငါလုပ်လိုက်ရ သေတော့မှာပဲ။
ပရော်ဖက်ဆာ မာကျဲ၏ နောက်ဆုံးအတန်းအတွက် လူမှုဗေဒဆိုင်ရာ စစ်တမ်းအစီရင်ခံစာကို ပေးပို့ရမည်ဖြစ်သည်။ သို့သော် ကျင်းရှီ၏ အဆောင်က မိန်းကလေးများဟာ သူတို့မျက်ခုံးမွှေးများ မီးလောင်သွားတော့မှသာ အထိတ်တလန့် ဖြစ်သည့် အမျိုးအစားများပင်ဖြစ်သည်။
အစီရင်ခံစာအတွက် အကြောင်းအရာခေါင်းစဉ်တစ်ခုကိုတောင် မဆုံးဖြတ်ရသေးပေ။
“သမီးရည်းစားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ဟာကို ကျောင်းသားတွေရဲ့ အမြင်တွေနဲ့ စစ်တမ်းတစ်ခုလုပ်ကြည့်ရအောင်။ အဲ့ဒါက အကြောင်းအရာခေါင်းစဉ်ပဲ” ဟုအဖွဲ့ခေါင်းဆောင် ချူးကျောက်က မိန်းကလေးများကို အရေးပေါ်အစည်းအဝေးပြုလုပ်ရန်အတွက် သူတို့၏ အဆောင်မှာ စုရုံးစေပြီး ပြောခဲ့သည်။ “ကန့်ကွက်မဲ့သူရှိလား။ ရှိရင်ထပြော”
မိန်းကလေးတစ်ချို့က သူတို့ကိုယ်ပိုင်ထင်မြင်ချက်များ မပေးတော့ပဲ ခေါင်းယမ်းပြလိုက်ရာ ချူးကျောက်က “ဒါဆိုဒီခေါင်းစဉ် ဆုံးဖြတ်ပြီးပြီ။ ဘယ်လိုစလုပ်ရမလဲဆိုတာ ပြောပြမယ်။ နင်တို့တစ်ယောက်စီက မေးခွန်းငါးခု စဉ်းစားပြီး မေးခွန်းပုံစံတစ်ခုလုပ်ရမယ်။ လင်းလော၊ နင်က ယောကျ်ားအဆောင်တဝိုက်မှာ မေးခွန်းပုံစံတွေကို လိုက်ပေးရမယ်၊ ကျင်းရှီ၊ နင်က အခုကစပြီး အစီရင်ခံစာကို ရေး၊ ချူးထန်က အစီရင်ခံစာကို ကျင်းရှီနဲ့အတူ ကူရေးပေးလိုက်”
ကျင်းရှီက လက်ကို မြှောက်လိုက်ပြီး “အခုကစပြီး ရေးရတော့မှာလား”
ချူးကျောက် -“ဟုတ်တယ်”
ကျင်းရှီ - “နောက်ပြီး မေးခွန်းပုံစံဆိုတာ ဘာအတွက်လဲ”
ချူးကျောက် -“ဆရာကိုပြဖို့”
ကျင်းရှီ - “...”
ချူးကျောက် - “အချိန်မရှိဘူး၊ ဘာလို့ဆို မနက်ဖြန် အိမ်စာထပ်ရတော့မယ်!”
မိန်းကလေးများသည် မေးခွန်းအချို့ကို အမြန်စဉ်းစားကြပြီး မေးခွန်းလွှာပေါင်း ဒါဇင်များစွာကို ရိုက်နှိပ်ကာ အမျိုးသားအဆောင်များတွင် ပေးဝေကြသည်။
သမီးရည်းစား ဆက်ဆံရေးအပေါ် ကောလိပ် ကျောင်းသားများ၏ အမြင်ကို အခြေခံပြီး စစ်တမ်းတစ်ခုရေးဆွဲရခြင်းသည် အမျိုးသားအဆောင်များသို့ ဝင်ရောက်ရန် အဆင်ပြေသောကြောင့် ဖြစ်ပေသည်။ ဤနည်းဖြင့် အချိန်တိုတိုအတွင်း မေးခွန်းလွှာများ ကောက်ယူပြီးမြောက်နိုင်ခဲ့သည်။
ထင်ထားသည့်အတိုင်းပင် ဤသည်မှာ အလွန်ပညာရှိသော လုပ်ရပ်တစ်ခုဖြစ်သည်။ မိန်းကလေးများ၏ တောင်းဆိုမှုကြောင့် ပုံမှန်ဆိုလျှင် နောက်တီးနောက်တောက် နေတတ်သည့် ယောက်ျားလေးများတောင် ယစစ်တမ်းကို အလွန်လေးနက်စွာ သဘောထားကြသည်။ ရွေးချယ်မှုတစ်ခုစီကို ရွေးချယ်မှုမပြုလုပ်မီ ဂရုတစိုက် ထည့်သွင်းစဉ်းစားခဲ့ကြသည်။
ထိုအဖွဲ့သည် သူတို့၏ မစ်ရှင်ကို လျင်မြန်စွာ ပြီးမြောက်ပြီး နာရီဝက်အတွင်း မေးခွန်းလွှာ ကောက်ယူမှုကို ပြီးမြောက်ခဲ့သည်။
“ရလာပြီ၊ ရလာပြီ” လင်းလောက ဘေးနားအဆောင်အခန်းဆီမှ နောက်ဆုံးမေးခွန်းလွှာလေးစုံဖြင့် ပြန်လာခဲ့သည်။ “နင့်ရဲ့ စီနီယာကြီးတွေ သမီးရည်းစားဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲဆိုတာ လာကြည့်ကြည့်”
ချူးကျောက်က သူမထံမှ မေးခွန်းလွှာများကို စပ်စုကြည့်ကာ “သူတို့ နာမည်တွေလည်း မရေးထားဘူး၊ ဘယ်သူရေးထားလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ”
လင်းလောက ပြုံးပြပြီး “ဘယ်သူ့မေးခွန်းစာရွက်ကို ကြည့်ချင်လဲ” ဟုပြန်မေးလိုက်သည်။
ချူးကျောက်၏ မျက်နှာကြီးသည် နီရဲလာသည်။ “ဘယ်သူ့ဟာပဲဖြစ်ဖြစ် တစ်ခုရွေးလိုက်တော့ ငါ ဂရုမစိုက်ဘူး...”
ကျင်းရှီက မေးခွန်းလွှာတစ်စုံကို ရွေးလိုက်သည်။ ဤမေးခွန်းလွှာတွင် ပြင်းထန်ပြီး အားအင်များပြည့်နေသော စာလုံးဆွဲချက်များပါနေသည့် ပုံမှန်အက္ခရာအသေးလေးများပါရှိနေကာ နောက်မေးခွန်းသုံးပုဒ်ပေါ်ရှိ ကြက်ခြေထောက်ခြစ်ရာလက်ရေးများနှင့် လုံးဝကွဲပြားနေသည်။ ဤမေးခွန်းလွှာကို ပေါ်ရန် ရေးထားသည်သာ ဖြစ်နိုင်သည်။
သူသည် ပန်းချီဆွဲခြင်းနှင့် လက်ရေးလှရေးခြင်း နှစ်ခုစလုံးတွင် ကျွမ်းကျင်ပြီး သူ့မိသားစု၏ လူကြီးသူမများထံမှ သင်ယူခဲ့သော အရည်အချင်းများ ဖြစ်ပေသည်။
“ဒါက ပေါ်ရန်ဟာ”
“သူ့အဖြေတွေကို ဖတ်ကြည့်!”
“မြန်မြန်ဖတ်ကြည့်စမ်းပါ!”
ကျင်းရှီက ဖတ်ပြလိုက်သည်။ “မေးခွန်းနံပါတ်တစ်- သင်အရင်က ရည်းစားထားဖူးလား ပေါ်ရန်ရဲ့အဖြေက မထားဖူးဘူးတဲ့၊ မေးခွန်းနံပါတ်နှစ်- ရည်းစားမထားဖူးလျှင် ဘာကြောင့် ရည်းစားမထားသည့်အကြောင်းကို ပြောပြပေးပါ ဒီမေးခွန်းကို ဖြေထားတာက ... ငါက ရုပ်ဆိုးလို့တဲ့”
ချူးကျောက်သည်လည်း အခြားသူသုံးယောက်၏ အဖြေကိုကြည့်ကာ “ရုပ်ဆိုးလွန်းလို့” ဟူသော အကျိုးအကြောင်းလျော်ကန်သည့် အဖြေများကိုသာ တွေ့ရသည်။
ကျင်းရှီက ဆက်လက်ဖတ်ပြခဲ့သည်- “မေးခွန်းနံပါတ်သုံး- သင်အရင်က လိင်ဆက်ဆံဖူးလား၊ သင့်ရဲ့ပထမဆုံးအကြိမ်က ဘယ်တုန်းကလဲ”
သူမက ဖတ်ကြည့်ပြီး မေးလိုက်သည်။ “ဒါဘယ်သူလုပ်ထားတဲ့ မေးခွန်းလဲ၊ မေးခွန်းကြီးက ညစ်ပတ်လွန်းတယ်!”
မိန်းကလေး သုံးယောက်က သူတို့မေးခွန်းများဖြစ်ကြောင်း ဝန်ခံရန် ငြင်းဆန်နေကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ ကျင်းရှီသည် သူတို့ကို သူမမျက်လုံးကြီးများဖြင့် လှန်ကြည့်လိုက်ပြီး သူတို့ထဲမှ တစ်ယောက်သည် သရုပ်ဆောင်နေသည်ဟု သိလိုက်သည်။
သူမက ဆက်ဖတ်ပြနေသည်။ “မေးခွန်းနံပါတ်လေး- ကောလိပ်ကျောင်းသားတွေကြား အကာအကွယ်မဲ့လိင်ဆက်ဆံမှုအပေါ် သင်ဘယ်လိုထင်လဲ။ ပေါ်ရန်ရဲ့အဖြေက- ဒါက မိန်းကလေးတွေကို ဒုက္ခပေးနိုင်တဲ့ တာဝန်မဲ့တဲ့အပြုအမူတစ်ခုပဲ။ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ငြင်းဆိုသင့်တယ်။”
ဖတ်ပြပြီးသွားသောအခါတွင် သူမသည် အရင်မှတ်ချက်ပေးခဲ့သည်- “ပေါ်ရန်က အကျင့်စာရိတ္တကောင်းသားပဲ!”
ချူးကျောက်က သူမလက်ထဲက မေးခွန်းလွှာကို ဝှေ့ယမ်းပြီး ရယ်မောရင်း “ကြည့်ရတာ စံပြအဖြေတွေ အတိုင်းပဲ၊ သူတို့ရဲ့ အဖြေသုံးခုက အတူတူတွေချည်းပဲ၊ စကားလုံးတစ်လုံးမှတောင် မပြောင်းထားဘူး!”
ကျင်းရှီက သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး “မေးခွန်းနံပါတ်ငါး- ကောလိပ်ကျောင်းတက်တုန်း ရည်းစားထားရင် အဲ့ရည်းစားကို သင်နှင့်လိင်ဆက်ဆံခိုင်းမှာလား ဟေး ဘာလို့အဲ့လိုတွေမေးတာလဲ… ဒီမေးခွန်းတွေက အဲ့လိုအကြောင်းအရာတွေကိုပဲ လှည့်ပတ်ပြီးမေးနေတယ် ဘယ်လိုတွေတုန်း”
လင်းလောက “အချစ်ရေးမှာ လိင်နဲ့ပတ်သက်တဲ့မေးခွန်းတွေပါနေတာက ကောလိပ်ကျောင်းသားတွေအတွက် ပုံမှန်ပဲ။ အမြန်ကြည့်လိုက်၊ စီနီယာပေါ်ရန်က ဘယ်လိုဖြေထားလဲဆိုတာ ကြည့်ရအောင်”
ကျင်းရှီက “စီနီယာပေါ်ရန်ရဲ့ အဖြေက လုပ်ခိုင်းမယ်တဲ့” ဟုဆက်ဖတ်လိုက်သည်။
“တော်တော်ပွင့်လင်းတာပဲ”
“အရမ်းကောင်းတယ်၊ ဟန်ဆောင်ပန်ဆောင်တွေ မရှိဘူးပဲ”
“နောက်မေးခွန်းတစ်ခုက သင့်ရည်းစားက လိင်မဆက်ဆံချင်ဘူးဆိုရင် အတင်းလုပ်ခိုင်းမှာလား။ စီနီယာပေါ်ရန်ရဲ့ အဖြေက...”
“ဘာလို့ ဆက်မဖတ်တာလဲ”
“ဖတ်စမ်းပါ ဖတ်ကြည့်၊ အဲ့စီနီယာ ဘာပြောထားလဲ”
ကျင်းရှီက လည်ချောင်းကို ချောင်းဟန့်ကာ ရှင်းလိုက်ပြီး “စီနီယာပေါ်ရန် ပြောထားတာက အတင်းအကြပ်တော့ မလုပ်ခိုင်းပေမယ့် ငါ သူ့ကို မြူဆွယ်ပြမယ်”