အပိုင်း (၂၈)
Vol. 3 Ch. 28
“အတင်းအကြပ်တော့ မလုပ်ခိုင်းပေမယ့် ငါသူ့ကို မြူဆွယ်ပြမယ်” ချူးကျောက်က မေးခွန်းလွှာကိုချထားလိုက်ပြီး “အိုး၊ ငါ ဒါကို ဆက်မဖတ်တော့ဘူး။ ဒါက ဘယ်လိုဟာကြီး၊ အရမ်းညစ်ညမ်းတာပဲ”
ထိုစကားကို ကြားပြီးနောက် မိန်းကလေးအချို့မှာ နားရှက်သွားကာ နှလုံးခုန်မြန်လာခဲ့သည်။ သူတို့အားလုံးသည် ယခင်က မချစ်ခဲ့ဖူးသော ပဲပင်ပေါက်လေးများဖြစ်နေသည်။ ဤသို့ညစ်ညမ်းသော မေးခွန်းများနှင့် ပတ်သက်လာသောအခါတွင် မရှက်ပဲမနေနိုင်ကြတော့ပေ။
ထိုညတွင် အလုပ်များ ခွဲဝေကြပြီးသည်နှင့် တစ်ညလုံး အမုန်းဆွဲကာ နောက်ဆုံးတော့ အတန်းချိန်မတိုင်ခင် ထောင်ပေါင်းများစွာ လူမှုစစ်တမ်းအစီရင်ခံစာကို အပြီးသတ်နိုင်ခဲ့ကြသည်။
မီးရောင်အောက်တွင် ချူးကျောက်သည် မေးခွန်းလွှာများကို စီရီနေရင်း မေးခွန်းလွှာတစ်ရွက်ကို လျှို့ဝှက်စွာထုတ်ယူခဲ့သည်။
စောစောပိုင်းက စာရွက်များကို ကောက်ယူကြည့်ပြီးသောအခါ ပေါ်ရန်၏ မေးခွန်းလွှာစာရွက်ထောင့်ကို ခေါက်ထားပြီး လှည့်ကွက်လေးတစ်ခုအဖြစ် ချန်ထားခဲ့သည်။
စစ်တမ်း၏ ဆယ်ခုမြောက်မေးခွန်းမှာ- လက်ရှိတွင် သင်နှစ်သက်သော မိန်းကလေးတစ်ဦးရှိပါသလား သို့မဟုတ် ခရက်နေတဲ့သူ ရှိပါသလား။
ခေါက်ထားသောမေးခွန်းလွှာတွင် သူ၏အဖြေမှာ ‘ရှိတယ်’ဟူ၍ဖြစ်နေပါသည်။
နောက်ဆုံး စာမေးပွဲများသည် အချိန်ဇယားအတိုင်း ရောက်လာခဲ့ပြီး မိန်းကလေးများသည် ရူးမတတ်စာကျက်နေကြပြီး ပြင်ဆင်နေကြသည်။
ကျင်းရှီ၏ ရာသီလာချိန်သည် ယခုလတွင် မရောက်လာသေးပဲ မျက်တွင်းများလည်း သိသိသာသာ ကျနေသည်။
မိန်းကလေးများသည် နောက်ဆုံး စီရင်ချက်ကို စောင့်မျှော်နေကြပြီး စာမေးပွဲ ဖြေဆိုပြီးချိန်တိုင်းတွင် သူတို့၏ ရင်ထဲရှိ လေးလံသော ဝန်ထုပ်ဝန်ပိုးသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။
အဆောင်အခန်းနှစ်ခန်းစလုံးမှ အဖွဲ့ဝင်များ အခန်းပြင်တောင် မထွက်ကြတော့သည့်အချက်ကို အခွင့်ကောင်းယူပြီး ကျင့်ချီသည် ကြောင်အဖွဲ့အစည်းအဖွဲ့ဝင်များ၏ အစည်းအဝေးကို ခေါ်ယူလိုက်သည်။
ကြောင်အဖွဲ့အစည်း၏ နေ့စဉ်အလုပ်မှာ အလွန်ကြီးလေးသောကြောင့် အဖွဲ့ဝင်များသည် ကျောင်းဝင်းအတွင်းရှိ ကြောင်လေးများနှင့် ခွေးလေခွေးလွင့်များကို လည်ပတ်များတပ်ပေးကာ ကာကွယ်ဆေးထိုးခြင်း၊ ခြေသည်းများညှပ်ခြင်း၊ သတ်မှတ်ထားသောနေရာများတွင် ပုံမှန်ကျွေးမွေးကြခြင်းနှင့် တစ်ခါတစ်ရံတွင် ကြောင်အသစ်များတွေ့သောအခါ အိမ်မွေးတိရစ္ဆာန်ဆေးရုံသို့ ခေါ်သွားပြီး မျိုးမပွားနိုင်အောင် လုပ်လိုက်ကြသည်။
ထို့ကြောင့် ကျင်းရှီသည် အခကြေးငွေပေးပြီး အလုပ်သမား ထပ်မရှာနိုင်တော့သဖြင့် ရှန်ဖျင်ချွမ်ကို ခေါ်လာခဲ့လိုက်သည်။
ကြောင်အဖွဲ့အစည်းသည် ရံပုံငွေမရှိသော ကျောင်းသားများဖြင့်သာ လည်ပတ်နေသည့် အသင်းဖြစ်သောကြောင့် ကုန်ကျစရိတ်အများစုကို ၄၀၉မှ ယောက်ျားလေးများက အတူတကွ ပေးဆောင်ခဲ့သည်။ ကျင့်ချီမှလွဲ၍ ကျန်ကောင်လေးများ၏ မိသားစုအခြေအနေများသည် ကောင်းမွန်ကြသည်။
ကျင့်ချီသည် သူ၏သေးငယ်သော လုပ်ငန်းမှ ၀င်ငွေမျိုးစုံရရှိပြီး ကြောင်အဖွဲ့အစည်းကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။ နောက်ပိုင်းတွင် မိန်းကလေးများပါ၀င်လာသောအခါ အဖွဲ့ကိုထောက်ပံ့ရန်အတွက် သူတို့၏နေထိုင်မှုကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကိုလည်း အလှူခံခိုင်းမည်ဖြစ်သည်။
ကျင့်ချီက ထိုအရာကို သဘောမတူပဲ လုပ်အားပေးရန်သာ ပြောခဲ့လေသည်။
သို့သော် ရှန်ဖျင်ချွမ် အဖွဲ့ထဲဝင်လာသောအခါ ကောင်လေးများက သူ့ဆီမှ ပိုက်ဆံမရရအောင် တောင်းခဲ့ကြသည်။
ပေါ်ရန်၏ စကားအရ ရှန်ဖျင်ချွမ်ဆီက နည်းနည်းလေးမှ ရအောင်မလုပ်ခဲ့လျှင် ဂုဏ်သရေရှိသော မိသားစုမှ အမွေဆက်ခံသူဟူသော သခင်လေးရှန်၏ မြင့်မြတ်သော အဆင့်အတန်းနှင့် ဘယ်လိုကိုက်ညီနိုင်တော့မည်နည်းဟူ၍ ဖြစ်သည်။
ယခုတွင်မူ ကြောင်အဖွဲ့အစည်း၏ အဖွဲ့ဝင်များသည် ရှန်ဖျင်ချွမ်ဟူသော သူ့နာမည်ကို မခေါ်တော့ပဲ သူ့ကို သခင်လေးရှန်ဟု တညီတညွတ်တည်း ခေါ်ကြသည်။
ရှန်ဖျင်ချွမ်သည် ဤဘွဲ့နှင့် လိုက်ဖက်ရန် အလို့ငှာ သူ့လက်တွင် ကျောက်စိမ်းလက်စွပ် ဆယ်ကွင်းကို ၀တ်ပြီး ရွှေသွားတစ်ချောင်းတပ်ကာ စျေးကြီးသော သားမွှေးကို ဝတ်ထားရမည်ဟု စိတ်ထဲတွင် ခံစားမိလိုက်သေးသည်။
ကြောင်အဖွဲ့အစည်း၏ အစည်းအဝေးကို တတိယမြောက် ကော်ဖီဆိုင်တွင် ကျင်းပခဲ့သည်။ ကျင်းရှီက ကော်ဖီဆိုင်ထဲကို လှမ်းကြည့်လိုက်ရာ ပေါ်ရန်က စောစောရောက်လာပြီး ကြောင်တစ်ကောင်ကို ကိုင်ထားကာ ဆိုင်၏အရှေ့တောင်ဘက်ထောင့်မှာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ကြောင်၏အမွေးသည် နှင်းပွင့်ဖြူဖြူလေးလိုဖြစ်နေပြီး ၎င်း၏လက်သည်းလေးများက ပေါ်ရန်၏ မီးခိုးရောင်ဆွယ်တာအင်္ကျီကို ကုတ်ခြစ်နေသည်။
ပေါ်ရန်က ကြောင်ကလေးကို စနောက်နေပြီး ထိုကြောင်လေးအား သူ့ကိုပွတ်သပ် ချွဲခွင့်ပြုထားပြီး ငုံ့ကြည့်နေကာ နှုတ်ခမ်းထောင့်မှ ပြုံးယောင်သမ်းနေပြီး သူ၏နက်မှောင်သော မျက်ဝန်းများ၌ အလင်းရောင်လေးကို တွေ့လိုက်ရသည်။
ကျင်းရှီမှာ သူ့ကိုကြည့်ပြီး အနည်းငယ် မှင်သက်သွားလေသည်။
ပေါ်ရန်၏ ဤကဲ့သို့ပုံစံမှာ နူးညံ့သိမ်မွေ့လှသည်။ အေးခဲနေသော ဆောင်းရာသီ၏ နေ့တစ်နေ့၌ပင် သူ့ဘေးနားမှာ နွေးထွေးမှုများ ရှိနေသည်။
ပေါ်ရန်ကို မော့ကြည့်လိုက်ရာ သူမကို တွေ့လိုက်သည်။ သူက ပြုံးပြပြီး သူမကို လက်ဝှေ့ယမ်းပြနေသည်။
ကျင်းရှီသည် ချက်ချင်း ပြေးလာပြီး ကြောင်ဖြူလေးကို ထိကိုင်ရန် သူ့ပခုံးနား မှီလိုက်သည်။
“ရှင် ဖြူလေးကိုလည်း ခေါ်လာတာပဲ!”
ပေါ်ရန်က ကြောင်လေးကို ကျင်းရှီ၏ ပေါင်ပေါ်တင်လိုက်ပြီး “ငါ့ကို အဋ္ဌဂံအဆောင်အအုံဝင်ပေါက်မှာ စောင့်နေခဲ့တာလေ၊ ငါထွက်လည်း ထွက်လာရော အနောက်ကနေ လိုက်လာတော့တာပဲ။ နောက်တော့ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်”
“ကျွန်မ အဲ့လိုမခန့်မှန်းတတ်ပါဘူး၊ ရှင်ဂိမ်းတစ်ခု ကစားချင်နေတာလား”
ပေါ်ရန်သည် ပေါ့ပေါ့ပါးပါး ပြုံးကာ ကျင်းရှီ၏ လက်ကို ဆုပ်ကိုင်ပြီး ကြောင်ဖြူလေး၏ ဗိုက်ကို ထိလိုက်သည်- “ကြောင်ကလေးတွေ ရှိနေပြီ”
ကျင်းရှီက ဂရုတစိုက်နှင့် ထိလိုက်မိရာ အနည်းငယ် မာတင်းတင်းဖြစ်နေသလို ခံစားလိုက်ရသည်။
သူမက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ဖြူလေးက ပေါ်ရန်ကို ဒီသတင်းကောင်းကို ပြောဖို့ ထူးထူးခြားခြား လာခဲ့တာပဲ ဘယ်လောက်တောင် မှော်ဆန်လိုက်သလဲ!”
ကျင့်ချီက ထိုင်ချလိုက်ပြီး “မင်းရဲ့ ပေါ်ရန်က ကြောင်တွေ ခွေးတွေရဲ့ အချစ်တော်လေ။ မနှစ်တုန်းကတော့ နားရွက်တွဲတွဲလေးနဲ့ ခွေးကလေးတစ်ကောင် ရှိတယ်။ အဲ့ခွေးလေးကို ခဏခဏ အစာကျွေးလိုက်တော့ စာသင်နှစ်တစ်နှစ်လုံး အဌဂံအဆောက်အအုံရှေ့မှာ နေ့တိုင်းလာစောင့်ပြီးတော့ မနက်ခင်း လေ့ကျင့်ခန်းလုပ်ချိန်မှာတောင် သူ့နားစောင့်နေပေးတယ်လေ၊ နေပူပူ မိုးရွာရွာ လာစောင့်နေတော့တာပဲ၊ အဲ့ခွေးဝါလေးက သူ့ကို ဘယ်လောက် သဘောကျသလဲဆိုတာ မင်း စဉ်းသာ စဉ်းစားကြည့်တော့၊ နည်းပြက ပေါ်ရန်ကို ဆူရင် အဲ့ခွေးဝါလေးက သူ့ကို ကာကွယ်ပေးသလိုပုံစံမျိုးနဲ့ နည်းပြကို ဟောင်တော့တာပဲ”
ထိုစကားကိုကြားပြီး ကောင်မလေးများ အံ့သြသွားကြသည်- “ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်လဲ!”
ကျင်းရှီသည် ကြောင်များနှင့် ဆက်ဆံသောအခါ ပေါ်ရန်တွင် ဖော်မပြနိုင်သော နူးညံ့သိမ်မွေ့မှုရှိကြောင်း ခံစားလိုက်ရသည်။
တိရိစ္ဆာန်လေးများအကြောင်း မပြောပဲနှင့် သူမသည် သူနှင့် ပိုရင်းနှီးပြီး သူ၏ချစ်ခင်မှုကို လိုချင်နေခဲ့သည်။
“အခုရော ရှင် ခွေးဝါလေးကို ဘာလို့ မတွေ့တော့တာလဲ”
“ပြီးခဲ့တဲ့နှစ် မတ်လအစောပိုင်းတုန်းက စာသင်နှစ်အစမှာ ကျောင်းလုံခြုံရေးဌာနက ရှင်းလင်းရေးလုပ်ခဲ့တယ်” ပေါ်ရန်၏ အသံမှာ အနည်းငယ် သိမ်ဝင်သွားသည်- “ခွေးတွေ ကြောင်တွေ ကားနဲ့ခေါ်သွားကြတယ် ပြီးတော့ ဘယ်ကို ခေါ်သွားမှန်း မသိဘူး”
ကျင်းရှီက ပေါ်ရန်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အလွန်နက်မှောင်နေပြီး မြင်သာသော ခံစားချက်များ မရှိသော်လည်း သူ့ရင်ထဲတွင် ဆိုးရွားနေမည်ကို သူမ သိနေသည်။
တခြားလူများကို အသာထားလိုက်ဦး၊ ထိုအကောင်လေးများက သူ့ကို အရမ်းချစ်ကြသည်... သူဘယ်လိုမှ စိတ်မထိခိုက်ပဲ မနေပေ။
“အဲဒီတုန်းက မင်းရဲ့ပေါ်ရန်က လုံခြုံရေးဌာနနဲ့ ပြသာနာတက်မလို ဖြစ်သွားသေးတယ်”
ဤအကြောင်းအရာနှင့် ပတ်သက်၍ ကျင့်ချီ၏ မျက်နှာသည် အလွန်လေးနက်နေပါသည် - “အဲ့အချိန်ကစပြီး ငါတို့ရဲ့ ကြောင်အဖွဲ့အစည်းကို တည်ထောင်ခဲ့တာ။ ကျောင်းဝင်းထဲ ကျန်ခဲ့သောကြောင်တွေကို ကာကွယ်ဆေးထိုးပြီး မျိုးမပွားနိုင်အောင် လုပ်လိုက်တယ်။ အိမ်မွေးတိရစ္ဆာန်ဆေးရုံက စာရွက်စာတမ်းတွေကိုလည်း နှစ်ဦးနှစ်ဖက်သဘောတူတဲ့အနေနဲ့ လုံခြုံရေးဌာနကို သွားတင်ပြခဲ့တယ်၊ အခုတော့ အဲ့ကဆရာတွေက လည်ပတ်တပ်ထားတဲ့ တိရိစ္ဆာန်တွေကို တွေ့တဲ့အခါ ကားနဲ့အဝေးကြီးကို မခေါ်သွားကြတော့ဘူး”
ရှန်ဖျင်ချွမ်က ပြုံးလျက် ပြောနေသည်။ “မင်းတို့ ကောင်တွေက တော်တော်ချစ်တတ်တာပဲ၊ လူနည်းနည်းလေးနဲ့ အများကြီးလုပ်နိုင်တယ်”
“လူအနည်းအများနဲ့ မဆိုင်ပါဘူး။ လုပ်ချင်စိတ်ရှိလား မရှိဘူးလားဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟု ချူးထန်က ရိုးရိုးရှင်းရှင်း ပြောပြလိုက်သည်။
“တကယ်တော့ ဒီကြောင်တွေနဲ့ ခွေးတွေက အရမ်းသနားဖို့ကောင်းတာပဲ၊ ဘယ်သူက သူတို့အပေါ်ကောင်းတယ်ဆိုတာ သူတို့သိနေတယ်။ ဟိုနေ့က အတန်းထဲမှာ အဲဒီရွှေဝါရောင်ကြောင်ကြီးက ကြွက်တစ်ကောင်ကို ကိုက်လာပြီး ငါ့ရှေ့မှာ အေးအေးဆေးဆေးနဲ့ လာချထားတယ်၊ သူတို့သဘာဝအရဆိုရင် အဲ့ဒါက ငါ့ကိုအစာလာကျွေးသလိုပဲပေါ့”
ရှန်ဖျင်ချွမ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ဒါဆို အဲ့ကြောင်လေးက မင်းကို တော်တော်လေး ချစ်နေပုံပဲ”
“ဘာပဲဖြစ်ဖြစ် သခင်လေးရှန် ငါတို့အဖွဲ့ကို ဝင်တာခဏကြာလာရင် သိလာလိမ့်မယ်” ဟုပေါ်ရန်က ပြောလိုက်သည်။
အဖွဲ့ဝင်အားလုံးရောက်လာပြီးနောက် အဖွဲ့ဥက္ကဌအဖြစ်ကျင့်ချီက အစည်းအဝေးစတင်ကြောင်းကြေညာခဲ့သည်-
"အဓိကအနေနဲ့ ငါပြောချင်တာလေးတွေရှိတယ်။ ဆောင်းရာသီအားလပ်ရက်က မကြာခင်ရောက်လာတော့မယ်။ အားလပ်ရက်အတွင်းမှာတော့ တစ်ပတ်ကို တစ်ကြိမ်လောက် အခြေအနေတွေ စစ်ဆေးဖို့အတွက် အဖွဲ့ဝင်တွေ ကျောင်းကို ပုံမှန်လာပေးဖို့ လိုတယ်။ တစ်ခါလာတိုင်း နှစ်ယောက်စီ လာတာက ပိုကောင်းမယ်”
လင်းလောနှင့် ကျင့်ချီမှလွဲ၍ ကျန်အဖွဲ့ဝင်အားလုံးသည် မြို့တော်ဘီမှ ဖြစ်ကြသောကြောင့် ကျောင်းသို့လာပြီး တိရစ္ဆာန်များကို စောင့်ရှောက်ပေးရန် အချိန်ရကြသည်။
“အဲ့ဒါကြောင့် မင်းတို့ရဲ့ ပါတနာတွေကို ရွေးထားလိုက်” ဟုကျင့်ချီက ပြောလိုက်သည်။“အဖွဲ့ဝင်အသစ်တွေက စီနီယာတွေနဲ့ တွဲလုပ်တာက အကောင်းဆုံးပဲ”
ချူးကျောက်က ပြုံးပြပြီး “ခေါင်းဆောင်ကြီးရေ၊ ကျားမ တွဲလို့ရတယ်လို့ ပြောလိုက်”
“ကောင်းပြီ၊ မင်းတို့တွေ အဲ့ဒါကို နောက်မှ သီးသန့်ဆွေးနွေးကြ ပြီးရင် ဒီည ငါ့ကိုနာမည်စာရင်း ပေးထား။ ဒီလောက်ပဲ၊ ငါ့ရဲ့ မောင်ဇီဒုန်အတွေးဆိုတဲ့ ဖတ်စာအုပ်ကို ဖတ်လို့မပြီးသေးဘူး၊ အဲ့တော့ အရင်သွားနှင့်ပြီ”
အဲဒီညက မိန်းကလေးအဆောင်မှာ ချူးကျောက်က ကျင်းရှီကို “နင်ဘယ်သူနဲ့တွဲမှာလဲ” ဟုမေးနေသည်။
“ငါ့အစ်ကိုက ငါနဲ့တွဲချင်ပေမယ့် သူက လူသစ်၊ ငါကလည်း လူသစ်တစ်ဝက်ဖြစ်နေတော့ ငါက ဦးဆောင်လို့မရဘူး။ စီနီယာအဖွဲ့ဝင်တစ်ယောက်နဲ့ တွဲရမယ်”
“ဒါဆို နင် ပေါ်ရန်နဲ့လား”
ကျင်းရှီက ခေါင်းခါလိုက်ပြီး “မသိဘူး၊ သူက ငါနဲ့တွဲချင်တယ်လို့ မပြောခဲ့ဘူး”
ထို့ကြောင့် ချူးကျောက်သည် ချူးထန်ကို တစ်ဖန်ပြန်ကြည့်ကာ “အချစ်ရေ၊ ဒါဆို နင်ဘယ်သူနဲ့တွဲမှာလဲ”
အိမ်စာများ၏ မကောင်းသော မှတ်ချက်များကို ပြန်သုံးသပ်ရင်း ထိုင်နေပြီး ချူးထန်က စာအုပ်ကို ဖြည်းညှင်းစွာချကာ “ဘယ်သူနဲ့ ငါ့ကို တွဲစေချင်တာလဲ” ဟုပြန်မေးလိုက်သည်။
ချူးကျောက်၏ မျက်နှာနီရဲလာပြီး “နင်ဟာနင် ဘယ်သူနဲ့တွဲတွဲပေါ့ တွဲချင်တဲ့လူနဲ့တွဲ”
ချူးထန်က ပြုံးပြီး “ဒါဆို ငါ ချောင်းယန်နဲ့ တွဲလိုက်မယ်” ဟုပြောလိုက်သည်။
ချူးကျောက် -“...”
သူမ ခဏတာ တုံ့ဆိုင်းသွားသော်လည်း ဘာမှ ပြန်မပြောသေးပေ။ သူမ ပြန်တိတ်ဆိတ်သွားခဲ့ပြီး စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
ထိုညတွင် ပေါ်ရန်က ကျင်းရှီကို လှမ်းခေါ်ခဲ့သည်။ စကားဦးသန်းမနေတော့ပဲ “ဆောင်းရာသီအားလပ်ရက်မှာ မင်းနဲ့အတူ လုပ်အားပေးမယ်” ဟုတိုက်ရိုက်ပြောပစ်လိုက်သည်။
ကျင်းရှီက ပြုံးပြီး ပြောလိုက်သည်။ “ရှန်ဖျင်ချွမ်ကလည်း ကျွန်မနဲ့ တွဲချင်နေတာ။ ခုနလေးတင်ပဲ ရှားယိုက ကျွန်မနဲ့တွဲချင်တယ်လို့ ပြောထားသေးတယ်။ ကျွန်မက တကယ်ကို ပေါင်းထားတဲ့ ပေါင်မုန့်ချိုချိုလေးလိုပဲ လူကြိုက်များတယ်!”
ပေါ်ရန်သည် သူမ၏ နူးညံ့သော ပါးပြင်ကို ဖွဖွလေး ဆွဲဆိတ်လိုက်သည်။ “ဟုတ်ပါတယ်၊ မင်းက ပေါင်းထားတဲ့ ပေါင်မုန့်ချိုချိုလေးပါ”
ကျင်းရှီက သူမ၏ လက်များကို ဆန့်ထုတ်လိုက်ပြီး ပေါ်ရန်ကို ပြန်ဆွဲဆိတ်လိုက်သည်။ သူသည် သူမ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ခေါင်းကိုစောင်းကာ အခွင့်အရေးယူပြီး သူမ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး နံရံပေါ် ဆွဲကပ်လိုက်သည်။ ပျင်းရိပျင်းတွဲအပြုံးနှင့် “ငါ့ကို ကိုယ်ထိလက်ရောက် လုပ်ချင်တာလား”
“အို.. ကျွန်မကို လွှတ်”
“ငါနဲ့တွဲဖို့ ကတိပေးရင် လွှတ်ပေးမယ်” သူ့ဒူးနှစ်ဖက်က သူမခြေထောက်နှစ်ချောင်းကြားထဲ ထည့်ထားပြီး သူ့တစ်ကိုယ်လုံးက ကျင်းရှီခန္ဓာကိုယ်ကို ဖိထားသောကြောင့် သူမ အသက်ရှူဖို့ အနည်းငယ် ခက်ခဲသွားခဲ့သည်။
“စီနီယာပေါ်ရန်၊ ဒါက အကျပ်ကိုင်တာ မဟုတ်ဘူးလား” သူမသည် မကြောက်မရွံ့စိတ်အနည်းငယ်ရှိနေဆဲဖြစ်သည် - “ဒီလိုပုံစံမျိုးနဲ့ဆိုရင် ကျွန်မသဘောမတူနိုင်ဘူး”
ပေါ်ရန်က သူမကို လွှတ်ပေးလိုက်ပြီး သူမကော်လာကို အေးဆေးတည်ငြိမ်စွာ ပြန်ပြင်ပေးရင်း “ဖြူလေးကလေးမွေးမှာက ဆောင်းရာသီ အားလပ်ရက်မှာ ဖြစ်လောက်တယ်။ ကြောင်လေးတွေ မွေးပြီးရင် မင်းကို ခေါ်သွားပြီး သွားကြည့်ဖို့ ငါစီစဉ်ထားပေမယ့် မင်းကြည့်ရတာ စိတ်သိပ်မပါတော့ အဲ့ကိစ္စကို မေ့လိုက်တော့”
သူက ခုလိုပြောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
“ဟေး!” ထိုအသံကိုကြားပြီးနောက် ကျင်းရှီက သူ့နောက်ကို အသည်းအသန် လိုက်လာသည်။ “စီနီယာ၊ ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်!”
မွေးကင်းစကြောင်လေးများသည် အလွယ်တကူ မြင်နိုင်သော အရာများ မဟုတ်ပေ။ မိခင်ကြောင်မကြီးက ကြောင်လေးများကို ဝှက်ထားတတ်သည်။ သင်ဟာ အလွန်ရင်းနှီးသည့် လူမဟုတ်ပါက သူတို့ကို မြင်နိုင်မည်မဟုတ်ပေ။ ထိုကြောင်ဖြူလေးသည် များသောအားဖြင့် လူများနှင့် ခပ်ခွာခွာနေလေ့ရှိသည်။ ကျင့်ချီနှင့် ချူးထန်တို့နှင့်ပင်လျှင် ထိုကြောင်လေးက ခပ်ခွာခွာနေတတ်သည်။ သူလေးသည် ပေါ်ရန်ကိုသာ သဘောကျလေသည်။
“စီနီယာ၊ ကျွန်မကို ခေါ်သွားပါနော်၊ အိုကေပြီလား” သူမက သူ့လက်ကိုဆွဲကာ “ကျေးဇူးပြု၍နော်၊ ကျွန်မ တောင်းဆိုပါတယ်”
ပေါ်ရန်သည် သူမ၏ ပျော့ပျောင်းသော လက်ဖဝါးလေးများက သူ့လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသောကြောင့် နူးညံ့သော လက်ဖဝါး၏ အထိအတွေ့ကို ခံစားလိုက်ရသည်။
“ပေါင်းထားတဲ့ ပေါင်မုန့်ချိုချိုလေး?”
“မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး၊ ကျွန်မက ဘာလို့ ပေါင်မုန့်ချိုချိုလေး ဖြစ်ရမှာလဲ၊ ကျွန်မရဲ့ပေါ်ရန်ကသာ တကယ့်ပေါင်မုန့်ချိုချိုလေးပဲ” ထိုအချိန်တွင် ကျင်းရှီ၏ ပါးစပ်ကလေးသည် ပျားရည်လို ချိုမြိန်သောစကားလေးများဖြင့် သူ့ကို အချိုသပ်နေသည်။
“ကျွန်မ့ ပေါ်ရန်ကသာ အကောင်းဆုံး၊ သူက ကျွန်မအတွက် အမြဲတွေးပေးပြီး အထူးဂရုစိုက်ပေးတယ်၊ ဒီတစ်ခါတော့ သူက ကျွန်မကို ကြောင်လေးတွေ ကြည့်ဖို့ သေချာပေါက် ခေါ်သွားပေးလိမ့်မယ်”
ပေါ်ရန်သည် သူမ၏ ချိုမြိန်သော စကားလုံးများကြောင့် အသည်းယားနေကာ သူ၏ လက်ချောင်းရှည်ရှည်များကို သူမဆီ လှမ်းလိုက်ပြီး ကျင်းရှီက သူ့နားကို ခြေဖျားထောက်ပြီး တိုးလာခဲ့သည်။
ပေါ်ရန်က သူမနားထဲကို တိုးတိုးလေးပြောလိုက်သည်။ “ငါ မင်းကို ခေါ်သွားပေးမယ် ဒါပေမယ့် မင်း ငါ့ကို တစ်ခုတော့ အရင်ကတိပေးရမယ်”
ကျင်းရှီသည် သူ့အတွက်ဆိုလျှင် တစ်ခုမက ရာပေါင်းများစွာသော ကတိများကိုပင် ပေးနိုင်ပါသည်။
“ပြောကြည့်”
"မင်းရဲ့ ခံစားချက်တွေကို ပိုသတိထားရမယ်။ နောက်ဆို လူတိုင်းကို လိုက်ပြီး သဘောမကျနေနဲ့” သူ့အသံမှာ ဆွဲဆောင်မှုရှိပြီး စူးစူးကြီးဖြစ်နေသည်။ သူ့လက်ချောင်းထိပ်များက သူမ၏ဆံပင်ကို နားရွက်နောက်သို့ သပ်ပေးနေသည်။ “တစ်ယောက်တည်းဆို လုံလောက်နေပြီ”
သူမနားရွက်နားမှ အသက်ရှုထုတ်လိုက်သည့် နွေးထွေးသော လေသည် သူမနှလုံးသားကို လှုပ်ခါသွားစေသည်။ သူမ လည်ပင်းကို အနည်းငယ် နောက်ပြန်ငုံ့လောက်ပြီး သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားသည်။
“ဘယ်...ဘယ်သူ့ကိုပြောနေတာလဲ”
ပေါ်ရန်သည် သပ်သပ်လေး ပြုံးကာ ပြန်မဖြေဘဲ အဆောင်သို့ ပြန်သွားခဲ့သည်။
“ကိုယ့်ဟာကိုယ် ပြန်စဉ်းစား”
ကျင်းရှီ၏ နားရွက်များ နီရဲနေပြီး သူမ၏ နှလုံးသား ကျယ်လောင်စွာ ခုန်နေသည်။ ပေါ်ရန်လှည့်ထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း “ရှင် ကျွန်မကို ကူညီဖို့ သဘောမတူရသေးဘူး!”
ပေါ်ရန်သည် နောက်သို့ လှည့်မကြည့်တော့ပဲ သူ့လက်ကို မြှောက်ပြီး အိုကေဟု လက်ဟန်ပြလိုက်သည်။
စစ်အကယ်ဒမီကျောင်းတွင် လက်တွေ့ကျွမ်းကျင်အကဲဖြတ်မှုသည် အစောပိုင်းတွင် ပြီးဆုံးခဲ့ပြီး လစ်ဘရယ်အနုပညာစာမေးပွဲများသည် အခြားကောလိပ်များနှင့် အချိန်သွားတိုက်နေပါသည်။
ကျောင်းသားများတွင် မတူညီသော အတန်းများရှိသောကြောင့် စာမေးပွဲအချိန်များ ကွာခြားကြသည်။ တချို့က နှစ်သစ်ကူးအတွက် အိမ်ပြန်ဖို့ ကျောင်းဝင်းထဲက စောစောထွက်လာခဲ့ကြသည်။
ကျင်းရှီသည် သူမ၏ နောက်ဆုံးမေဂျာစာမေးပွဲ ပြီးဆုံးသွားသောအခါ အထုပ်များ ထုပ်ပိုးကာ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
“နှုတ်ဆက်ပါတယ် ကျင်းရှီ”
“အိမ်ပြန်လမ်းခရီးမှာ အန္တရာယ်ကင်းပါစေ”
“နင်ရောပဲ လောလော၊ အိမ်အပြန်လမ်းမှာ ဂရုစိုက်ဦး၊ ဘာမှ မမေ့ကျန်ခဲ့စေနဲ့”
အခန်းဖော်များကို နှုတ်ဆက်ပြီးနောက် ကျင်းရှီသည် တံခါးအပြင်သို့ ထွက်လာကာ ခရီးဆောင်အိတ်ကို လက်ထဲတွင် ကိုင်ထားသည်။ ထို့နောက် ခန်းမတစ်ဖက်ခြမ်းရှိ အဆောင်အခန်းတံခါး ပွင့်သွားခဲ့သည်။
ပေါ်ရန်သည် နို့ဘူးကိုကိုင်ထားကာ သူမကို လှမ်းကြည့်ပြီး ပြုံးပြလိုက်သည်။ “အိမ်ပြန်တော့မလို့လား”
“ဟုတ်ပ။ နှုတ်ဆက်ခဲ့ပါတယ်နော် စီနီယာပေါ်ရေ!”
ပေါ်ရန်သည် ဖိနပ်တစ်ရံကို ကောက်၀တ်လိုက်သည်။ လက်တစ်ဖက်က သူမ၏အနီရောင် ခရီးဆောင်အိတ်ကြီးကြီးကို ကိုင်ထားလိုက်ပြီး သူမ၏ မိန်းကလေးဆန်သော ကျောပိုးအိတ်ကို ပုခုံးပေါ် လွယ်ထားလိုက်သည်။
သူမအတွက် အောက်ထပ်အထိ သယ်သွားပေဖို့ ရည်ရွယ်ထားပုံရသည်။
ကျင်းရှီသည် ဇနီးငယ်တစ်ဦးကဲ့သို့ ပေါ်ရန်နောက်သို့ ပျော်ရွှင်စွာ လိုက်သွားပြီး “ဘယ်တော့လောက် အိမ်ပြန်မှာလဲ စီနီယာ”
“လစ်ဘရယ် အနုပညာ စာမေးပွဲနှစ်ခု ကျန်သေးတယ်”
ပေါ်ရန်သည် ခရီးဆောင်အိတ်ကို အောက်ထပ်သို့ သယ်သွားခဲ့သည်။ ဘေးနားက ဖြတ်လျှောက်သွားသော ကောင်မလေးများသည် မိန်းကလေးတစ်ယောက်၏ ခရီးဆောင်အိတ်နှင့် ကျောပိုးအိတ်ကို ကိုင်ဆောင်ထားသော ပေါ်ရန်ကို မနာလိုသည့်မျက်လုံးများဖြင့် ကြည့်နေကြသည်။
“နှစ်သစ်ကူးမှာ ဆွေမျိုးတွေဆီ သွားလည်ဦးမှာလား စီနီယာ”
ပေါ်ရန်က မပွင့်တပွင့်ပြောလိုက်သည်။ “ခါတိုင်းနှစ်တွေနဲ့ အတူတူပါပဲ၊ အဘိုးဆီ သွားပြီးတော့ လူကြီးတွေနဲ့ နှစ်သစ်ကူးအတွက် အဖော်သွားနေပေးမယ်”
“အိုး” ကျင်းရှီ ခေါင်းညိမ့်လိုက်သည်။
အဆောင်အ၀င်ဝကို ရောက်သောအခါ ကျင်းရှီက သူမပထွေး ရှန်ရှိရှန်း၏ အနက်ရောင် မာစီဒီးဆလွန်းကို တွေ့လိုက်ရသည်။ ရှန်ရှိရှန်းသည် အလုပ်မှ ပြန်လာခါစဖြစ်သောကြောင့် အနက်ရောင်အနောက်တိုင်း ဝတ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး ကျင်းရှီကို ကားတံခါးဘေးတွင် စောင့်နေသည်။
“စီနီယာပေါ်ရန်၊ ကျွန်မဦးလေး ကျွန်မကို လာကြိုနေပြီ၊ တာ့တာ!”
ပေါ်ရန်သည် ခရီးဆောင်အိတ်ကို လက်လွှဲပေးလိုက်ကာ သူမ၏ဆံပင်ကို ပွတ်သပ်ပြီး “အားတဲ့အခါတိုင်း ငါ့ကို မက်ဆေ့ချ်ပို့ဖို့ မမေ့နဲ့နော်”
“မမေ့ပါဘူး” ကျင်းရှီသည် သူနှင့် လမ်းခွဲရန် အနည်းငယ် ဝန်လေးသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမ နောက်ပြန်လှည့်ကာ “စီနီယာ၊ ကြောင်လေးတွေနဲ့ ပက်သက်တဲ့ ကတိကို မမေ့နဲ့နော်”
ပေါ်ရန်က တိတ်တဆိတ်ပြုံးလိုက်သည်။ “မမေ့ဘူး၊ စိတ်ချ”
ရှန်ရှိရှန်းက ကျင်းရှီ၏ ခရီးဆောင်အိတ်ကိုယူပြီး ကားထဲမှာထည့်ကာ ပြုံးနေသည်။ “ဒီကောင်လေးက တော်တော်ချောတာပဲ”
“ဟုတ်တယ် သူက ကျွန်မရဲ့ စီနီယာ။ ကျွန်မကို ကောင်းကောင်း ဂရုစိုက်ပေးတယ်”
ရှန်ရှိရှန်းက ကားအင်ဂျင်ကို စတင်နှိုးလိုက်ပြီး “သူ့မိသားစုက ဘာလုပ်လဲ” ဟုမေးလိုက်သည်။
“အိုး..ကျွန်မလည်း သေချာမသိဘူး”
“ဒါဆို သမီး အားတဲ့အခါ သူ့ကို ဦးလေးတို့အိမ်ကို ဧည့်သည်အဖြစ် ဖိတ်လို့ရတယ်လေ”
ကျင်းရှီက နွားနို့သောက်ရင်း သီးမတတ်ဖြစ်သွားသည်။ “ဘယ်ဘက် ကွေ့လိုက်၊ ဟိုးအတွင်းဖက်အကျဆုံး အဆောက်အဦးက အစ်ကိုရဲ့ အဆောင်ပဲ”
သူမသည် စကားလမ်းကြောင်းကို ခပ်သွက်သွက် ပြောင်းလိုက်သည်။ ဒီအတိုင်းဆက်ပြောနေလျှင် အတင်းအဖျင်း ပြောတတ်သော သူမပထွေးက သူမတို့၏ ဆက်ဆံရေးအကြောင်းကို စပြီးပြောလိမ့်မည်။
မာစီဒီကားသည် ရှန်ဖျင်ချွမ်နေသော အမျိုးသားအဆောင် အဆောက်အဦးနံပါတ် ၁၂အောက်တွင် ရပ်သွားသည်။ ရှန်ဖျင်ချွမ်သည် အိတ်များစွာ၊ ခရီးဆောင်အိတ်များနှင့်အတူ စောင့်နေပြီဖြစ်သည်။
ကားရပ်သွားသောအခါ ကားနောက်ဖုံးကိုဖွင့်ကာ သူ့ပစ္စည်းအားလုံးကို အထဲသို့ထည့်လိုက်သည်။
ရှန်ဖျင်ချွမ် ထွက်သွားသည်ကို ကြည့်နေဖို့ သူ့အခန်းဖော်က လမ်းဘေးမှာ ရပ်နေသည်။ ရှန်ဖျင်ချွမ်သည် အခန်းဖော်ဆီ ပြေးသွားပြီး မသွားခင် သန့်ရှင်းရေးလုပ်ရန် သတိရဖို့ ပြောနေသည်။
မမျှော်လင့်စွာနှင့် သူနောက်ပြန်လှည့်လာသောအခါတွင် မာစီဒီသည် “ဝူး” ဟူသော အသံကြီးဖြင့် မောင်းထွက်သွားသည်။
ရှန်ဖျင်ချွမ်က အလျင်အမြန် လိုက်လာပြီး အော်ဟစ်လိုက်သည်။
“အဖေ၊ ကျွန်တော် ကားပေါ်မတက်ရသေးဘူး!”
“အဖေ၊ ခဏစောင့်ဦး!”
ရှန်ရှိရှန်းက ဂရုမစိုက်ပဲ ကျောင်းဝင်းထဲကနေ ကားကို မောင်းထွက်လာရင်း ကျင်းရှီကို ပြောလိုက်သည်။ “စောစောစီးစီး ထွက်လာတာ ပိုကောင်းတယ်၊ နို့မို့ဆို နောက်ကျသွားရင် ရုံးဆင်းချိန်နဲ့ သွားကြုံပြီး ကားလမ်းပိတ်သွားလိမ့်မယ်”
ကျင်းရှီသည် သူမ၏အိတ်ကို စမ်းမိလိုက်ရာ ပေါ်ရန်သည် သူမအိတ်ထဲသို့ နွားနို့တစ်ပုလင်း ထည့်ပေးလိုက်သည်ကို တွေ့သွားသည်။ ဝမ်းသာအားရဖြင့် သူမသည် ပိုက်တစ်ချောင်း တပ်လိုက်ပြီး “ဟုတ်တယ်၊ မြန်မြန်သွားသင့်တယ်”
သို့သော် တစ်ခုခုလိုနေသလိုမျိုး ခံစားလိုက်ရသည်။
ကားနောက်ကြည့်မှန်ထဲမှာ ရှန်ဖျင်ချွမ်သည် ကျောင်းဝင်းတစ်ဝက်လောက်ထိ မာစီဒီကားနောက်ကို အရူးတစ်ယောက်လို ပြေးလိုက်နေသည်။
နောက်ဆုံးတော့ ရှန်ရှိရှန်း၏ ဖုန်းမြည်လာသည်။ ဖုန်းခေါ်ဆိုသူ ID သည် သူ၏သားဖြစ်ကြောင်း ပြသနေခဲ့သည်။
ရှန်ရှိရှန်းက အံ့အားသင့်စွာဖြင့် ပြန်ကြည့်လိုက်သည်။ “သမီးအစ်ကို ဘယ်မှာလဲ”
ကျင်းရှီသည် နွားနို့များ ပါးစပ်ထဲကနေ ပြန်ထွက်သွားမလိုဖြစ်သွားပြီး “ဟုတ်သားပဲ အစ်ကို ဘယ်မှာလဲ”
မာစီဒီကားသည် လမ်းဆုံတစ်ခုတွင် ဖြတ်သွားခဲ့သည်။ ရှန်ဖျင်ချွမ် ထိုကားဆီသို့ လျှောက်လာပြီး လက်ထဲမှာ ဖုန်းကိုကိုင်ထားရင်း ကားထဲဝင်လာကာ မောဟိုက်စွာနှင့် အသက်ရှူမဝ ဖြစ်နေသည်။
“ကျွန်တော်က ခင်ဗျားရဲ့သားအစစ်မဟုတ်ဘူး! အဖေရှန်ရဲ့ ကား နဲ့မထိုက်တန်ဘူး!”
ရှန်ရှိရှန်းသည် သူ့သားအရင်းကိုတောင် အမှန်တကယ် မေ့သွားခဲ့သည်။ ရှန်ဖျင်ချွမ်၏ ကျိန်ဆဲသံကို ကြောင်တောင်တောင်နှင့် နားထောင်နေရင်း ပြန်ဆူလိုက်သည်။ “မရိုမသေနဲ့၊ ငါက ရှီလေးကို လာကြိုရင်းနဲ့ လမ်းကြုံလို့ မင်းကို လာခေါ်တာ”
ရှန်ဖျင်ချမ်က အလွန်ဒေါသထွက်သွားပြီး “မယားပါသမီးပဲကို၊ အဲ့လောက်တောင်တန်းဖိုးထား...”
ကျင်းရှီက ရှန်ဖျင်ချွမ်ကို ကန်ပစ်လိုက်သည်။ ရှန်ဖျင်ချွမ်ကလည်း ပြန်ကန်သည်။ နှစ်ယောက်သား ကားနောက်ခုံမှာ နပန်းသတ်နေကြသည်။
“ခွေးမသား!”
“ခွေးမသား!”
“အသေရိုက်ပစ်မယ်!”
“ငါလည်း မင်းကို အသေပြန်ဆော်ပေးမယ်!”
“အိုး ကျွန်မဆံပင်ကို လာဆွဲနေတယ်!”
“မင်းက ကြောင်တစ်ကောင်လို ရန်ဖြစ်နေတယ် ပြီးတော့ ငါ့ကိုလည်း လက်သည်းနဲ့ ကုတ်နေတယ်”
“ဦးလေးရှန် သူ့ကိုကြည့်ပါဦး!”
ရှန်ရှိရှန်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး သူ့နဖူးကို ပွတ်လိုက်သည်။ နှစ်ယောက်စလုံးမှာ ကောလိပ်တက်နေပြီဖြစ်သော်လည်း သဘောထားကွဲလွဲမှုအနည်းငယ်ဖြင့် အသည်းအသန်း ရန်ဖြစ်နေကြသည် - သူတို့သည် အတိတ်ဘဝတွင် တစ်ယောက်ကို တစ်ယောက် ဘယ်လောက်တောင် မုန်းတီးနေသော ရန်သူများ ဖြစ်ခဲ့ကြသလဲ။
နောက်ဆုံးတော့ ရှန်ဖျင်ချွမ်သည် ကျင်းရှီ၏ အလဲထိုးကန်ချက်ကြောင့် ငြိမ်ကျသွားသည်။ ထောင့်စွန်းတွင် ပွန်းပဲ့ပြီး ဒဏ်ရာရသွားသော မျက်နှာလေးကို ကိုင်ရင်း စကားတစ်ခွန်းမှ မပြောပဲ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
ကျင်းရှီသည် သူမ၏ ကန်ချက်သည် မကန်သင့်သော နေရာကို သွားထိကြောင်း သိသွားခဲ့သည်။ ရှန်ဖျင်ချွမ်၏ နာကျင်သောအမူအရာမြင်ပြီး သူမသည်မျက်လုံးများမှိတ်ထားကာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ မဝံ့မရဲကြည့်လိုက်ပြီး “အဆင်ပြေရဲ့လား အစ်ကို” ဟုညင်သာစွာ မေးလိုက်သည်။
.......
စာရေးသူ၏မှတ်ချက်- ဘောကိုအကန်ခံရခြင်းသည် အလွန်ဒေါသထွက်စရာကောင်းသည်။