အပိုင်း (၂၉)
Vol. 3 Ch. 29
ကျင်းရှီနှင့် ရှန်ဖျင်ချွမ်တို့သည် အိမ်အပြန်လမ်းတစ်လျှောက်လုံး ရန်ဖြစ်ခဲ့ကြသည်။
အိမ်မှာ အိမ်အလုပ်များကို ကူညီလုပ်ကိုင်ပေးနေသော အဒေါ်က မီးဖိုခန်းထဲက ထွက်လာပြီး ပြုံး၍ပြောနေသည်။ “သခင်လေးနဲ့ သခင်မလေးတို့ ပြန်လာပြီ၊ အိုး၊ ဒီမှာ ဘာဖြစ်သွားတာလဲ၊ နှစ်ယောက်စလုံး ရှုပ်ပွနေတာပဲ”
ကျင်းရှီ၏ ကင်းမြီးကောက်အမြီးလို ကျစ်ဆံမြီးနှစ်ဖက်သည် ရှန်ဖျင်ချွမ်ကြောင့် ရှုပ်ပွသွားပြီး ရှန်ဖျင်ချွမ်၏ လည်ပင်းမှာလည်း နီရဲနေပြီး ခြေတစ်ဖက်မှာ ထော့်နဲ့ထော့်နဲ့ဖြစ်နေကာ ခြေလှမ်းကျယ်ကြီးများဖြင့် မလျှောက်လာနိုင်တော့ပေ။
ရှန်ရှိရှန်းက ညည်းညူလိုက်သည်။ “ဒီနှစ်ယောက်က ကောလိပ်တက်နေတဲ့ အရွယ်ရောက်နေတာတောင် မူကြိုအရွယ်လေးတွေလို ကြီးကောင်ကြီးမားနဲ့ ရန်ဖြစ်နေကြတာ၊ တစ်ယောက်မှ ငါ့ကို စိတ်အေးလက်အေးဖြစ်အောင် မထားကြဘူး”
ကျင်းရှီက ရှန်ဖျင်ချွမ်ကို ဆိုဖာပေါ်ထိုင်ဖို့ အမြန်ဆွဲလိုက်သည်။ “အဆင်ပြေရဲ့လား၊ အဲ့လိုဖြစ်သွားအောင် လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ နာနေလားဟင်”
“နာလား မနာလားဆိုတာ မင်းကို ငါ့ကန်ကြည့်မယ်လေ သိသွားအောင်လို့”
ကျင်းရှီက ပြုံးပြီး ပြောလိုက်သည်။ “အင်း အစ်ကိုကန်စရာမလိုပါဘူး၊ စိတ်ဆိုးသေးနေရင် ကျွန်မကို ပြန်ရိုက်လို့ရတယ် ကျွန်မ ပြန်မလုပ်ဘူး စိတ်ချ”
ရှန်ဖျင်ချွမ်က ရိုက်လိုက်ချင်သော်လည်း အဆုံးတွင် သူမအား ဖြည်းဖြည်းလေး တွန်းထုတ်လိုက်ကာ အမှန်တကယ်ပင် မရိုက်နိုင်တော့ပေ။
သူ၏ ရှိသမျှခွန်အားများဖြင့် ဆိုဖာပေါ်တွင် လဲလျောင်းရင်း မျက်လုံးမှိတ်ထားကာ သူ့မျက်နှာ ဖြူဖျော့သွား၍ တုန်လှုပ်သွားသည်။ “ရှန်မိသားစုမျိုးဆက်ကတော့ ဒီမှာတင်ပဲ အဆုံးသတ်သွားပြီ”
ကျင်းရှီက တာဝန်ရှိစွာဖြင့် သူ့အတွက် ရေနွေးတစ်ခွက်ယူလာပေးသည်။ “အစ်ကို၊ ကျွန်မမှားသွားပါတယ်”
အခုတော့ သူမသည် သူ့ကိုအစ်ကိုဟုခေါ်ရမှန်း သိသွားခဲ့ပြီး ရှန်ဖျင်ချွမ်ကလည်း ခေါင်းညိမ့်ပြလိုက်သည်။
ကျင်းရှီသည် သူ့ဘေးနားတွင် ရိုသေစွာဖြင့် ငုတ်တုတ်လေးထိုင်ကာ ဒူးထောက်ထားပြီး သူ့ကိုကြည့်နေသည်။
“ငါ မင်းနဲ့ နောက်ဘယ်တော့မှ ရန်ဖြစ်တော့မှာ မဟုတ်ဘူး” ရှန်ဖျင်ချွမ်က ညည်းညူရင်း “အချိန်တိုင်း ငါပဲ ခံနေရတာ”
ကျင်းရှီက စိတ်ကောက်သွားသည် “အစ်ကို အဲ့လိုပဲ အမြဲတမ်းပြောနေပေမယ့် အစ်ကိုကပဲ အရင်ရန်စတာလေ”
ရှန်ဖျင်ချွမ်က ချက်ချင်း ညည်းညူပြလိုက်သည်။ “အာ! မျိုးဆက်က ဒီမှာပဲ ဆုံးသွားပြီ၊ ဒီမှာပဲ ဆုံးသွားပြီ”
ထို့ကြောင့် ကျင်းရှီသည် ကြောင်ကလေးတစ်ကောင်လို သူ့ဘေးနားတွင်ထိုင်ကာ လျော်ကြေးအဖြစ် သူ့လက်ကိုဆွဲကာ နှိပ်နယ်ပေးပြီး ခြေထောက်များကို နင်းနှိပ်ပေး၍ ခြေဖဝါးများကို ဆုပ်နယ်ပေးနေသည်။
သူမသည် ခွန်အားကို အနည်းငယ်သာ အသုံးပြုခဲ့သော်လည်း သူမအစ်ကိုမှာ သက်တောင့်သက်သာရှိနေသလို ခံစားနေရသည်။
ရှန်ရှိရှန်းသည် အ၀တ်အစားအသစ်များ ၀တ်ဆင်ကာ အပြင်သို့ ထွက်လာပြီး မောင်နှမနှစ်ယောက်မှာ တဖန် ပြန်လည် တည့်သွားကြသည်ကို တွေ့လိုက်ရသည်။ ငယ်စဉ်ကတည်းက အမြဲ ဤကဲ့သို့ ဖြစ်နေခဲ့သည်၊ တွေ့တိုင်း အဆက်မပြတ် ငြင်းခုံတတ်ပြီး မတည့်အတူနေ မောင်နှမနှစ်ယောက် ဖြစ်ပေသည်။
ယခု ကလေးနှစ်ယောက် ကြီးပြင်းလာ၍ တစ်ယောက်နှင့်တစ်ယောက် တည့်နေကြသည်ကို တွေ့ရသည်မှာ တကယ့်ကို ကြည်နူးစရာပင်။
သက်လတ်ပိုင်းအရွယ် ကလေးနှစ်ယောက်စလုံး ကောင်းကောင်းမွန်မွန် နေနေကြခြင်းသည် ကောင်းချီးတစ်ခုဖြစ်သည်။
ရှန်ရှိရှန်းသည် စိတ်ထဲ အလွန်နေရထိုင်ရကောင်းသွားပြီး စာသင်နှစ်တစ်နှစ်ပတ်လုံး ကျောင်းကန်တင်းက အစားအသောက်များသာ စားနေရသော မောင်နှမအတွက် ဟင်းပွဲနှစ်ပွဲ ကိုယ်တိုင်ချက်ပြုတ်ရန် ဆုံးဖြတ်ခဲ့သည်။
ညစာမစားမီ ကျင်းရှီသည် ရှန်ဖျင်ချွမ်ကို သူမ၏ စာဖတ်ခန်းထဲသို့ တိတ်တိတ်လေး ခေါ်သွားသည်။ ထို့နောက် အချိန်အတော်ကြာအောင် သူမ၏ လျှို့ဝှက်ဆန်းကြယ်သော ကျောင်းလွယ်အိတ်ကို သယ်လာပြီး ထိုအထဲမှ ဂရုတစိုက်ထုပ်ပိုးထားသည့် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ ပေးလိုက်သည်။
“ဒီမှာ အစ်ကို့အတွက်”
ရှန်ဖျင်ချွမ်သည် မျက်ခုံးပင့်ကာ လက်ခံလိုက်သည်။
မှတ်စုစာအုပ်တွင် ပန်းရောင်ဖျော့ဖျော့သကြားလုံးအရောင်အဖုံးပါရှိပြီး စာမျက်နှာတိုင်းတွင် လှပသောဘောင်များဖြင့် မိန်းကလေးဆန်သော ပုံစံများဖြင့် လှပကာဆွဲဆောင်မှုရှိနေသည်။
ရှန်ဖျင်ချွမ်က သူ့လက်ထဲက မှတ်စုစာအုပ်ကို ဝှေ့ယမ်းလိုက်ပြီး “ဒါ ငါ့ကိုပေးတာလား”
ကျင်းရှီက ရှင်းပြလိုက်သည်။ “ဒါက ကျွန်မတို့ရဲ့ အတန်းခေါင်းဆောင် ရှန်းမုန့်ယွမ်က အစ်ကို့ကို ပေးပေးပါလို့ ပြောလို့၊ သူကလည်း ကျောင်းသားကောင်စီဝင်တစ်ယောက်ပဲ၊ အစ်ကိုလည်း သူ့ကို သိမယ်ထင်တယ်”
“ငါ သူ့ကိုသိတယ်၊ သူက အဖွဲ့အစည်းဌာနကလေ” ရှန်ဖျင်ချွမ်က သူ့လက်ထဲက မှတ်စုစာအုပ်ကို ကြည့်ပြီး သံသယရှိသော မျက်နှာနှင့် ကျင်းရှီကို ပြန်ကြည့်ကာ “သူက မင်းကို ငါ့အတွက် မှတ်စုစာအုပ် ပေးပေးဖို့ ပြောခဲ့တာလား”
ကျင်းရှီက ခေါင်းညိမ့်ပြပြီး ရယ်မောလိုက်သည်။
ရှန်ဖျင်ချွမ်က နည်းနည်းစဉ်းစားလိုက်ပြီး စားပွဲပေါ်တင်ထားသော မှတ်စုစာအုပ်ကို ရိုက်လိုက်ပြီး စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ “ငါ့ကို လာဘ်ထိုးလို့မရဘူး၊ နောက်နှစ် အဖွဲ့ဝင်ဖို့ အကဲဖြတ်တာတွေအတွက်၊ အရည်အချင်းအရှိဆုံး သူတွေကိုပဲ ပေးမှာ၊ သူ့ကို ဒီလိုမဟုတ်တာတွေ မလုပ်ဖို့ ပြောလိုက်!”
ကျင်းရှီ -....
ဒီဦးနှောက်မရှိတဲ့ ကောင်ကတော့!
“အစ်ကို့ကို လာဘ်ထိုးဖို့ ဘယ်သူက ကြိုးစားနေလို့လဲ၊ ဒီအတိုင်း မှတ်စုစာအုပ်လေးပဲကို၊ သူ့ကို ငတုံးမများ ထင်နေတာလား” ကျင်းရှီက အမြန်ရှင်းပြလိုက်သည်။ “နားမလည်သလို ဟန်ဆောင်မနေပါနဲ့ ရှန်းမုန့်ယွမ်က အစ်ကို့ကို သဘောကျနေတယ်၊ အဲဒါကြောင့် လက်ဆောင်ပေးလိုက်တာ”
ရှန်ဖျင်ချွမ်က တစ်ခဏမျှ လန့်သွားပြီး ရုတ်တရက် “အိုး...” ဟုပြောလိုက်သည်။
သူ့ခေါင်းကို ရှက်သလိုလိုနှင့် ကုတ်လိုက်ပြီး သူ့မျက်နှာအိုကြီးမှာ အနည်းငယ် နီရဲသွားသည်။
သူမကို တည့်တည့်တောင် မကြည့်နိုင်တော့ပေ။
သူသည် ကျင်းရှီမှာ ထိုမိန်းကလေးထံ ထိုမှတ်စုစာအုပ်ပြန်ပေးတော့မလို မလုပ်ခင်တွင် အချိန်အတော်ကြာ စဉ်းစားနေပြီး မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်သည်။
ကျင်းရှီက သူ့ကို အတင်းအကျပ် လက်ခံခိုင်းနေတာ မဟုတ်ပဲ မှတ်စုစာအုပ်ကို ပြန်ယူရုံမှတစ်ပါး မတတ်နိုင်တော့သဖြင့် အသည်းကွဲသွားမည့်ညမိန်းကလေးကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုသည်ကို တွေးနေခဲ့သည်။
“ရှန်ဖျင်ချွမ်၊ ဒီစာသင်နှစ်အတောအတွင်း ကောင်မလေးတော်တော်များများက အစ်ကို့ကိုမိတ်ဆက်ပေးဖို့ ကျွန်မကိုအကူအညီ တောင်းကြတယ်၊ အဲတော့... အစ်ကို သဘောကျတဲ့သူ တစ်ယောက်တောင် မရှိဘူးလား”
ရှန်ဖျင်ချွမ်သည် တံခါးဆီသို့ ခိုးကြောင်ခိုးဝှက်ကြည့်ကာ အဖေရှိမနေသည်ကိုတွေ့လိုက်ပြီး တံခါးကို တိတ်တဆိတ်ပိတ်ကာ ကျင်းရှီကို သတိကြီးကြီးထားပြီး ပြောနေသည်။ “အဖေ မသိစေနဲ့နော်”
“သိသွားလည်း ဘာမှမဖြစ်ပါဘူး၊ ဦးလေးရှန်က အစ်ကို ချိန်းတွေ့တာကို တားမှာမဟုတ်ပါဘူး”
“မင်းလည်းသိပါတယ် အရှုပ်ထုတ်လေးရေ၊ ငါက သူ့ရဲ့ အထက်တန်းစားဟာတွေနဲ့ ပေါင်းစပ်နိုင်ဖို့ ငါ့ကို ရှန်အဖိုးကြီးရဲ့ စစ်တုရင် အစိတ်အပိုင်းဟောင်းတစ်ခုအနေနဲ့ အနာဂတ်မှာ စီးပွားရေးမဟာမိတ်တွေနဲ့ လက်ထပ်ခိုင်းဖို့ ရည်ရွယ်ထားတယ်။ အခု ချိန်းတွေ့မယ်ဆိုရင်လည်း အချိန်ဖြုန်းနေသလိုပဲ ဖြစ်မှာ”
ကျင်းရှီက ရယ်ပြီး ခေါင်းညိမ့်ပြပြီး “အစ်ကိုက ကိုယ့်ကိုယ်ကို တီဗွီဒရာမာထဲကလို ထင်နေတာပဲ! ဦးလေးရှန်မှာ ဒီလို အတွေးမျိုးတွေ မရှိပါဘူး!”
ရှန်ဖျင်ချွမ် နှုတ်ခမ်းများ ကွေးတက်သွားပြီး “သူ့မှာ အဲဒီလို အတွေးမျိုး မရှိရင်တောင် ရှန်းမုန့်ယွမ်ကို ငါမကြိုက်ဘူး၊ သူက အရပ်အရမ်းပုတယ်၊ ငါ့ကြိုက်တဲ့ပုံစံလည်း မဟုတ်ဘူး”
“ရှန်းမုန့်ယွမ်က ဘယ်လိုလုပ်ပြီး ပုရမှာလဲ”
သူမသည် ကျင်းရှီထက် ခေါင်းတစ်လုံးစာ ပိုမြင့်သည်။
ရှန်ဖျင်ချွမ်က သူမကို လုံးဝအထင်အမြင်သေးစွာ ကြည့်ပြီး “မင်းအရပ်က ပုလွန်းလို့ မြေကြီးနဲ့ကပ်နေပြီလေ၊ မင်းထက် အရပ်ပုတဲ့သူဆိုလို့ မူလတန်းကျောင်းသူပဲ ဖြစ်လိမ့်မယ်”
ကျင်းရှီ - ...
သူမခြေထောက်များ သူ့ကို ကန်ချင်လွန်း၍ ယားယံလာပြန်သည်။
“အရပ်ရှည်၊ ရုပ်ကလေးကလှ ပြီးတော့ သန်သန်မာမာနဲ့ ကြွက်သားရှိတဲ့ မိန်းကလေးတွေကို ကြိုက်တယ်၊ သူတို့မှာ ဗိုက်ကြွက်သားရှိရင် အကောင်းဆုံးပဲ၊ ဆက်စီကျကျ၊ အကျင့်စာရိတ္တလည်း ကောင်းမယ်၊ ကြင်နာတတ်မယ်၊ ဂရုစိုက်တတ်မယ်၊ အိုး ဟုတ်သားပဲ၊ မျက်ရစ်မပါတဲ့သူလေးဆို အကောင်းဆုံးပဲ”
ကျင်းရှီ - ...
ဒီကောင်ကြီးကို ပေါ်ရန် ဗျင်းလည်း ဗျင်းချင်စရာပါပဲ။
အမှန်အတိုင်းပြောရလျှင် သူမ၏ စီနီယာသည် ရှန်ဖျင်ချွမ်မှာ ထိုသို့သော အတွေးမျိုး ရှိနေသည်ကို သိခဲ့လျှင် အဖေက သူ့ကို မမှတ်မိတော့အောင် ရိုက်နှက်ပစ်မည်မှာ သေချာပါသည်။
ရှန်ဖျင်ချွမ်နှင့် ကျင်းရှီတို့သည် အပြစ်မကင်းသော အသိစိတ်ဖြင့် ညစာစားကြပြီး ရံဖန်ရံခါတွင် ပြောမပြနိုင်သော အဓိပ္ပါယ်များနှင့် ပြည့်နေသည့် အကြည့်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ရှန်ရှိရှန်း - “ဖျင်ချွမ်၊ မင်း အဆင့် ၆စာမေးပွဲ အောင်သွားပြီလား”
ရှန်ဖျင်ချွမ် - “အောင်သွားပြီ အဖေ”
ထို့နောက် ရှန်ရှိရှန်းက ကျင်းရှီကို လှည့်ကြည့်လိုက်သည် “ရှီရှီ၊ သမီး အဆင့် ၄ စာမေးပွဲ အောင်လား”
ကျင်းရှီ -“ဟမ်? အဆင့် ၄ စာမေးပွဲဆိုတာ ရှိသေးတာလား”
ရှန်ဖျင်ချွမ်က သူမကို တကယ် ထရိုက်ချင်ပေမယ့် သူတို့ရှေ့မှာ ရန်သူကြီးရှိနေသည့်အတွက် အစ်ကိုကြီးတစ်ယောက် အနေနှင့် သူ့ညီမငယ်အတွက် ဖုံးဖိထားပေးဆဲဖြစ်သည်။ “ပထမ semesterမှာ ကျောင်းသားသစ်လေးတွေက အဆင့် ၄ စာမေးပွဲ မဖြေရဘူး၊ နောက်နှစ်မှ ဖြေရတာ”
ရှန်ဖျင်ချွမ်ထံမှ ခြိမ်းခြောက်လိုက်သော အရိပ်အယောင်ကို ရသွားတော့မှသာ ကျင်းရှီက သူ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်နေကာ နောက်စာသင်နှစ်အတွက် နေ့တိုင်း သူမလည်ချောင်းပေါက်သွားမတတ် စာကျက်ခိုင်းမည်ဟု ခန့်မှန်းမိခဲ့သည်။
ရှန်ရှိရှန်းသည် ကျင်းရှီ၏ ပန်းကန်လုံးထဲသို့ အသားတစ်တုံးကို ထည့်ပေးလိုက်သည်။ ကျင်းရှီကလည်း သူမလေးစားရသော လူကြီးရှန်ဖျင်ချွမ်ကို ဂုဏ်ပြုရန် အလျင်အမြန် အသားတစ်တုံးထည့်ပေးလိုက်သည်။ “ဒီမှာ အစ်ကိုကြီး စာအများကြီး ကျက်ထားရတော့ များများစား”
ရှန်ရှိရှန်း - “မင်းတို့နှစ်ယောက် ဒီထက်ပိုအားစိုက်သင့်တယ်၊ အလုပ်သင်ကာလရောက်ရင် ကုမ္ပဏီမှာ လာကူ၊ ကုမ္ပဏီအလုပ်တွေနဲ့ ရင်းနှီးသွားအောင် လုပ်ရမယ်”
ရှန်ဖျင်ချွမ်က ပြောလိုက်သည်။ “အဖေ၊ ကျွန်တော် ကုမ္ပဏီကို လာကူနိုင်ပါတယ်၊ ဒီချာတိတ်မလေးကိုတော့ မေ့ထားလိုက်ပါ၊ သူလုပ်ချင်တာ လုပ်ပါစေ၊ သူ့ကို အာရုံသွားစိုက်မနေနဲ့”
“မင်းဘာတွေပြောနေတာလဲ၊ သူက ငါ ရှန်ရှိရှန်းရဲ့ သမီးပဲလေ။ ရှန်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲ”
“အတွင်းကျကျ ပြောရမယ်ဆိုရင် သူက ဒီအတိုင်း မွေးစားသမီးတစ်ယောက်ပဲ၊ ကျွန်တော်ကသာ ရှန်ကော်ပိုရေးရှင်းရဲ့ တရားဝင် အမွေဆက်ခံသူ”
ရှန်ရှိရှန်းသည် ရှန်ဖျင်ချွမ်၏ နားကို ဆွဲလိုက်ပြီး “အမြဲတမ်း ပေါက်ကရတွေ လျှောက်ပြောနေတယ်၊ တစ်နေ့တစ်နေ့ မင်းခေါင်းထဲမှာ ဘာတွေရှိနေလဲ!”
ရှန်ဖျင်ချွမ်က ပြုံးရင်း ကလန်ကဆန်နှင့် “သူက ဘယ်လောက်ဘခေါင်းမကောင်းဘူးလဲဆိုတာ အဖေလည်း သိနေတာပဲ၊ သူက ကုမ္ပဏီကို ကောင်းကောင်း လည်ပတ်အောင် လုပ်နိုင်ပါ့မလား၊ အဲ့တော့ သူကြိုက်တာ လုပ်ပါစေ”
ရှန်ရှိရှန်းက ကျင်းရှီဖက်ကိုလှည့်ပြီး “သမီးလေး၊ သမီးလည်း ကြိုးစားရမယ်၊ သမီးလည်း သိပါတယ်၊ သမီးအစ်ကိုရဲ့ ပေါက်ကရစကားတွေကို လိုက်နားထောင်မနေနဲ့၊ အောင်မြင်အောင် လုပ်နိုင်ရင် နောင်အနာဂတ်မှာ သမီးကို ဦးလေးက လစ်လျူရှုထားမှာမဟုတ်ဘူး”
ကျင်းရှီသည် ရှန်ရှိရှန်း၏ စကားနောက်ကွယ်မှ ဝန်ထုပ်ဝန်ပိုးကြီးကို သိနေသည်။ ရှန်ကော်ပိုရေးရှင်းသည် ပိုင်ဆိုင်မှု ၁၀ ဘီလီယံကျော်ဖြင့် နိုင်ငံတွင်း ကျော်ကြားသော စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်သည်။
ရှန်မိသားစုကိုလည်း ဂုဏ်သိက္ခာကြီးမားပြီး အားကောင်းသည့် မိသားစုအဖြစ် သတ်မှတ်ထားနိုင်သည်။ ရှန်မိသားစုမှ ကြီးပြင်းလာသဖြင့် သူမသည် ချမ်းသာသော အမွေဆက်ခံသူတစ်ယောက် ဖြစ်လာနိုင်ခဲ့သည် ။
ကျင်းရှီ၏ မိဘအရင်းဖြစ်သူများသည် သူမ လေးနှစ်သားအရွယ်တွင် ကွာရှင်းခဲ့သည်။
သူမ၏မိခင်သည် ပညာတတ်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး သူမ၏ မိဘများက တက္ကသိုလ်ပါမောက္ခများဖြစ်ကြသည်။ ကျင်းရှီ၏ အမှတ်တရ မှတ်ဉာဏ်များတွင် သူမ၏မိခင်သည် အလွန်နူးညံ့သိမ်မွေ့ပြီး စကားပြောလျှင်လည်း နူးညံ့သိမ်မွေ့စွာပြောတတ်သည်၊ အခြားသူများနှင့် ငြင်းခုံခြင်းမရှိ၊ နူးညံ့သောမြေနှင့် ရေမှမွေးဖွားလာသော လှပသည့်ကျောက်စိမ်းကဲ့သို့ ညင်သာသိမ်မွေ့လှသော်လည်း ထက်သန်သောစိတ်ဆန္ဒရှိသည်။
ကျင်းရှီ၏ဘဖခင်ကမူ သေးငယ်သောအရပ်ဒေသမှ ဆင်းသက်လာကာ သာမန်အမျိုးသားတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းတွင် သူမမိခင်နှင့် တွေ့ဆုံကာ ချစ်ကြိုက်ပြီးနောက် လက်ထပ်ခဲ့ကြသည်။ ကျင်းရှီ၏ ဖခင်သည် နောက်ပိုင်းတွင် စီးပွားရေးလုပ်ကာ ပိုက်ဆံများရှာပြီး အိမ်ကြီးကြီးတစ်လုံးဝယ်၍ သူ့မိဘများကို ဘီမြို့တော်တွင်ပင် နေထိုင်စေခဲ့သည်။
အဖေတို့မိသားစုက အစဉ်အလာအရ မိသားစုမျိုးဆက်ကို ဆက်ထိန်းဖို့ကို ဂရုစိုက်ကြသည်၊ အထူးသဖြင့် စီးပွားရေးမှာ ငွေရှာပြီးနောက် သားတစ်ယောက်မွေးဖို့ ကြံရွယ်ခဲ့သည်။ သို့သော် သူ့သားဦးသည် မထင်မှတ်ပဲ သမီးတစ်ယောက်ဖြစ်နေသောကြောင့် ယောက္ခမသည် သူ့ချွေးမအပေါ် ဘယ်သောအခါမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။
ကျင်းရှီကိုဘမွေးဖွားပြီး မကြာမီတွင် သူမ၏မိခင်သည် ဒုတိယမြောက်သားကို မွေးဖွားပေးရန် ဖိအားပေးခံခဲ့ရသော်လည်း ကျင်းရှီ၏ မိခင်သည် သူမ၏ အသက်မွေးဝမ်းကျောင်းကိုလည်း အာရုံစိုက်လိုပြီး သူမတွင်သားယောကျ်ားလေး မွေးလာပါက ထိုမိသားစုက သူမ၏သမီးလေး လျစ်လျူရှုခံရမည်ကို စိုးရိမ်သောကြောင့် ကလေးထပ်ယူရန် ငြင်းဆန်ခဲ့သည်။ သိပ်မကြာခင်တွင် သူမခင်ပွန်းသည်က ဖောက်ပြန်ခဲ့သည်။
ကျင်းရှီအဖေသည် သူ့လက်ထောက်နှင့် ဖောက်ပြန်ခဲ့သည်။
ရှက်စရာကောင်းလှသောကြောင့် သည်းမခံနိုင်တော့ပဲ ကျင်းရှီအမေက သူမအဖေနှင့် ကွာရှင်းခဲ့ပြီး သူမကလေးကို သူမ၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆီ ခေါ်သွားခဲ့သည်။ ထို့နောက် စီးပွားရေးလောကရှိ ရှန်ကော်ပိုရေးရှင်း၏ ရှန်ရှိရှန်းနှင့် တွေ့ခဲ့ပြီး သူမ၏ နူးညံ့သိမ်မွေ့မှုနှင့် နွေးထွေးမှုတို့ကို စွဲလန်းသွားကာ သူမ၏ သတ္တိနှင့် ရဲရင့်မှုကို သဘောကျပြီး နှစ်နှစ်ကာကာ ချစ်မိသွားသောကြောင့် သူမကို အလျင်အမြန်လက်ထပ်ခဲ့သည်။
ကောင်းသောအချိန်များသည် ကြာရှည်မခံပဲ သားယောကျ်ားလေးတစ်ယောက်ကို မွေးဖွားသောအခါ ကျင်းရှီ၏မိခင်သည် ရေမြွှာသွေးကြောပိတ်ခြင်း၏ နောက်ဆက်တွဲပြဿနာများရှိခဲ့ကာ ကလေးနှင့်အတူ သေဆုံးသွားခဲ့သည်။ ရှန်ရှိရှန်းသည် စိတ်ထိခိုက်သွားပြီး တစ်သက်လုံး လက်မထပ်ရန် ဆုံးဖြတ်ကာ ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ပျိုးထောင်ခဲ့သည်။
ကျင်းရှီ၏ ဘဝသည် အတက်အကျများနှင့် ပြည့်နှက်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် အိမ်တွင် ဦးလေးနှင့်အစ်ကိုတို့က အဖိုးတန်ရတနာတစ်ပါးအဖြစ် သူမကို ဘယ်သောအခါမှ နာကျင်မှုများ မခံစားစေရအောင် ထားခဲ့သည်။
ညစာစားပြီးနောက် ကျင်းရှီသည် သူမ၏ဖခင်အရင်းထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
“ဟယ်လို အဖေ”
ဖုန်းထဲမှာ သူမဖခင်ကျင်းမောင်က “ဒီနှစ် နှစ်သစ်ကူးကျရင် အိမ်ပြန်လာခဲ့”
“အာ၊ သမီး ဦးလေးရှန်နဲ့ ပြောကြည့်လိုက်ဦးမယ်”
ကျင်းမောင်က “သူနဲ့ ဘာပြောစရာရှိလို့လဲ၊ သမီးက အဖေ့သမီးပဲလေ၊ နှစ်သစ်ကူး အိမ်ပြန်လာတာက သဘာဝပဲ၊ နောက်ပြီး သမီးမောင်လေးလည်း ဒီနှစ်ဆို ခြောက်နှစ်ပြည့်ပြီ၊ သူ့မွေးနေ့က နှစ်သစ်ကူးနေ့ဆိုတော့ သမီးမောင်လေးရဲ့ မွေးနေ့ကို မလာတော့ဘူးလား”
သူပြောသောမောင်လေးဆိုသည်မှာ ထိုလက်ထောက်မယားငယ်မနှင့် မွေးထားသော ကလေးဖြစ်သည်။
ကျင်းရှီ၏ မိဘများ ကွာရှင်းပြတ်စဲသောအခါတွင် ကျင်းရှီသည် အရွယ်ရောက်ပြီးသူများကြား၏ ပဋိပက္ခများကို နားလည်ရန် ငယ်လွန်းခဲ့သည်။ သူမကြီးပြင်းလာချိန်မှာတောင် ရှန်ရှိရှန်းသည် ဤအရာများကို တစ်ခါမျှ မပြောဖူးသောကြောင့် ကျင်းရှီသည် သူမ၏ဖခင်အပေါ် အထူးပြင်းထန်သော ချစ်ခြင်း သို့မဟုတ် မုန်းခြင်းဟူသော ခံစားချက်မျိုး မရှိခဲ့ပေ။
ကျင်းမိသားစုသည် ယောက်ျားလေးများကို မိန်းကလေးများထက် တန်ဖိုးထားသော်လည်း ကျင်းမောင်သည် သူ့သမီးကြီးပြင်းလာသည်ကို မြင်သောအခါ ရှန်ရှိရှန်းက အဖေနေရာ သိမ်းပိုက်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ကျင်းရှီနှင့် သားအဖဆက်ဆံရေးကို မြှင့်တင်ရန် မကြာခဏ ပစ္စည်းများဝယ်ပေးကာ ကျောင်းသို့ လည်း လာလည်သေးသည်။
ကျင်းရှီသည် ကျင်းမောင်ကို တန်းပြီး အသိအမှတ်မပြုခဲ့ပေ။ သူမသည် ဘာမှနားမလည်၊ မိုက်မဲသော မိန်းကလေးတစ်ယောက် မဟုတ်ချေ။ သူမသည် သူမ၏ နှလုံးသားထဲတွင် မည်သူနှင့် ရင်းနှီးရမည်နှင့် မရင်းနှီးရမည်ဟူသော ဆက်ဆံရေးကိုလည်း ခွဲခြားထားသည်။
ဖုန်းချပြီးသည်နှင့် ရှန်ရှိရှန်းကို ထိုအကြောင်း ပြောပြလိုက်ပြီး သူ၏ထင်မြင်ချက်ကို တောင်းဆိုခဲ့သည်။
“မသွားရဘူး” ရှန်ရှိရှန်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည် - “ကျင်းရှီက နှစ်သစ်ကူး ပိတ်ရက်မှာ ဦးလေးတို့မိသားစုနဲ့ အတူရှိနေရမယ်။ ဘယ်လိုလုပ်ပြီး အဲ့အိမ်ကို သွားမှာလဲ။ သဘောမတူဘူး”
ညစာစားပြီးနောက် ရှန်ဖျင်ချွမ်သည် ဆိုဖာပေါ်တွင် အေးအေးဆေးဆေးနှင့် PSP ဂိမ်းကစားရင်း “အဖေကသဘောမတူလို့ ဘာအကျိုးရှိမှာမိုလို့လဲ။ တခြားလူတစ်ယောက်ရဲ့သမီးပဲဟာကို၊ နှစ်သစ်ကူးမှာ သူ့အိမ်ပြန်မှာကို အဖေက လိုက်တားနေတာလား”
ရှန်ရှိရှန်းက ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ငါဘာလို့ သူ့ကို မတားနိုင်ရမှာလဲ။ ကျင်းရှီက ရှန်မိသားစုရဲ့ အိမ်ထောင်စုစာရင်းမှာ မှတ်ပုံတင်ထားပြီးပြီ။ အခု ရှန်မိသားစုမှာ သူက ငါ့ကလေးပဲ။ ငါက သူ့အဖေပဲ”
ရှန်ဖျင်ချွမ်က ရယ်မောပြီး ပြောလိုက်သည်။ “သူ့အဖေအရင်းက သက်ရှိထင်ရှားရှိနေတုန်းပဲလေ။ အဖေက ဘယ်လို အဖေဖြစ်သွားမလဲ။ ကိုယ်မှန်တယ်ထင်ပြီး ဇွတ်လုပ်မနေနဲ့။ ကျွန်တော်ကသာ အဖေ့ရဲ့တစ်ဦးတည်းသော သွေးသားအရင်းပဲ၊ နောင်အနာဂတ်မှာ ကျွန်တော့်အကြောင်း များများတွေးပေး”
ကျင်းရှီက ရှန်ဖျင်ချွမ်ကို ပြန်ခံပြောလိုက်သည်။ “အစ်ကိုဘာတွေပြောနေတာလဲ၊ ဦးလေးရှန်က ကျွန်မနဲ့ အရင်းနှီးဆုံးလူပဲ။ အစ်ကိုဒီလိုစကားတွေ ဆက်ပြောနေမယ်ဆိုရင် ကျွန်မတို့မိသားစုရဲ့ စည်းလုံးမှုကို ထိခိုက်စေတယ်။ စိတ်ဝင်းကွဲအောင် လုပ်နေတာပဲ!”
ရှန်ရှိရှန်းသည် ရှန်ဖျင်ချွမ်လက်ကနေ PSP ကို လုယူလိုက်သည်- “လမ်းကြောင်းမှန်ပေါ်မှာပဲ စိတ်ကိုနှစ်ထား။ မင်းညီမလေးက မင်းဆီကနေ တစ်ခုခုယူသွားမယ်ဆိုပြီး တစ်နေ့လုံး မဟုတ်တာတွေ တွေးမနေနဲ့၊ မင်းလုပ်သင့်တဲ့ဟာကိုပဲ အာရုံစိုက်လုပ်စမ်း”
“အိုး၊ အခုတော့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မကြားချင်တော့ဘူးလား” ရှန်ဖျင်ချွမ်က ဆိုဖာပေါ်မှာ လှဲနေပြီး ကျင်းရှီကို မေးလိုက်သည်။ “မင်းပထွေးက သဘောမတူတော့ နှစ်သစ်ကူးမှာ မင်းအဖေအရင်းအိမ်ကို ပြန်သွားချင်သေးလား”
ကျင်းရှီက ဤအကြောင်းကို စဉ်းစားပြီး ပြောလိုက်သည်။ “ဒါဆို နှစ်သစ်ကူးကျရင် သူတို့အိမ်ကို မသွားတော့ဘူး၊ ဒါပေမယ့် မောင်လေးမွေးနေ့တော့ သွားလိုက်ဦးမယ်”
“အဲဒါမှ ငါ့သမီးလိမ္မာလေး” ရှန်ရှိရှန်းမှာ ကျေနပ်အားရမှုများနှင့် ပြည့်နေပေမယ့် ရှန်ဖျင်ချွမ်ကို ဆုံးမဖို့ မမေ့ခဲ့ပေ - “မင်းက ငါ့ရဲ့သားအရင်းပဲ၊ ဒါပေမယ့် ကျင်းရှီရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် မင်းနဲ့လိုက်တိုင်းမနေနဲ့”
“ကောင်းပြီ၊ အဖေတို့နှစ်ယောက်က အရမ်းနက်ရှိုင်းတဲ့ အဖေနဲ့ သမီးချစ်ခြင်းနဲ့ ချစ်နေကြတယ်ပေါ့။ ကျွန်တော်ကသာ ပလတ်စတစ်အရုပ်လို သားတစ်ယောက်ပါ။ ကျေနပ်ပြီလား” ရှန်ဖျင်ချွမ်က ပျင်းရိစွာ PSP ကိုကိုင်ထားပြီး သူ့အခန်းထဲကို ပြန်သွားသည်။
**
ထိုညတွင် ကျင်းရှီသည် ပေါ်ရန်ဆီသို့ မက်ဆေ့ဂျ်တစ်စောင် ပို့ခဲ့သည်။
“အစ်ကိုပေါ်ရန် လိုင်းပေါ်မှာရှိလား”
ကျင်းရှီက ဘာမှလုပ်စရာမရှိသောအခါ ပေါ်ရန်ကို “ကိုကြီးပေါ်ရန်” ဟုရင်းနှီးသည့်ပုံစံနှင့် ဆက်တိုက်ခေါ်နေတတ်သည်။ သို့သော် သူ့ဆီက အကူအညီလိုသည့်အခါ ရိုးရှင်းစွာနှင့် “အစ်ကိုပေါ်ရန်” ဟုခေါ်ပြန်လေသည်။
ပေါ်ရန်သည် အခန်းဖော်များစွာနှင့် ဗီဒီယိုကောပြောရင်း အဆောင်တွင် “ဆက်စီကျတဲ့ အမျိုးသားကာကွယ်ရေး ကျောင်းသားများ အိပ်ထမတင်လုပ်နေခြင်း” ဟူ၍ ယှဉ်ပြိုင်နေလေသည်။
ပေါ်ရန်က “၂၉၄၊ ၂၉၅၊ ၂၉၆...” ဟုရေတွက်နေသည်။
အတစ်လိုက်ထွက်နေသော ကြွက်သားများနှင့် ချွေးများတရွှဲရွှဲဖြစ်နေကာ လူငယ်တစ်ချို့သည် သူတို့၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များသို့ ရောက်ရှိသွားခဲ့သည်။ ယခုတော့ ဘယ်သူက အကြာဆုံး ဆက်လုပ်ထားနိုင်လဲအပေါ် မူတည်နေသည်၊ မောရင်း ဟိုက်ရင်းနှင့်ပင်။
အမြဲတမ်း နံပါတ်တစ်ဖြစ်ခဲ့သော ပေါ်ရန်သည် ဒီတစ်ကြိမ်တွင် ပထမဆုံး အရှုံးပေးခဲ့သူ ဖြစ်နေသည်။ သူထထိုင်လိုက်ပြီး စာရိုက်ရန် ဖုန်းကို ကောက်ကိုင်လိုက်သောအခါ အခြားလူများက ကြမ်းပြင်ပေါ်သို့ တပြိုင်နက် လဲကျသွားကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြသည်။
“သေစမ်း၊ ချန်ပီယံပေါ်ရန်က ဒီလိုပုံစံနဲ့ လက်လျှော့လိုက်တာပဲ”
“သူ့ကို တစ်ယောက်ယောက်က မက်ဆေ့ချ်ပို့တာ မတွေ့လိုက်ဘူးလား”
“ခုနကဖြင့် ဖုန်းတွေခဏခဏလာတာကို မကိုင်ပဲ နေနေတာ မတွေ့ဘူးလား၊ အခုကျတော့ ဘယ်သူ့ မက်ဆေ့ချ်မိုလို့ အဲ့လောက်အရမ်း အရေးကြီးတဲ့ပုံပေါက်နေရတာလဲ”
ကျင့်ချီက သူ့မျက်နှာကို မျက်နှာသုတ်ပဝါနှင့် သုတ်လိုက်ပြီး ရယ်မောရင်း “ကျင်းရှီလေးကလွဲလို့ တခြား ဘယ်သူက ပေါ်ရန်ကို ဒီလိုမျိုး ကျေကျေနပ်နပ်နဲ့ အရှုံးပေးစေမှာလဲ”
ပေါ်ရန်သည် သူ့အခန်းဖော်များနှင့် ဗီဒီယိုကောကို ခပ်ချေချေဖြင့် ပိတ်လိုက်ပြီး ရေချိုးခန်းထဲသို့ ဖုန်းကိုယူသွားလိုက်သည်။
ပေါ်ရန်က သူ့အဝတ်အစားများကို ချွတ်လိုက်ပြီး ရေပန်းကို ဖွင့်လိုက်သည်။ ဖုန်းကို ဘေစင်အစွန်းပေါ်တင်ထားပြီး ဗီဒီယိုကော ပြန်ခေါ်နေသည်။ မကြာခင်မှာပဲ ကျင်းရှီဖက်ကလည်း ဗီဒီယိုကောကို ဝင်ရောက်လာသည်။
“ဘာတွေထူးလဲ”
ပေါ်ရန်သည် ရေပန်းအောက်တွင် ရပ်နေပြီး သူ့ဆံပင်ပေါ် ခေါင်းလျှော်ရည်ကို စလောင်းချနေသည်။
စခရင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ကျင်းရှီက ရုတ်တရက် မျက်လုံးပြူးသွားပြီး အံ့အားသင့်သွားသည်။ သူမသည် ဆယ်စက္ကန့်လောက် ကြောင်ပြီး ငေးကြည့်နေသည်။ “စီနီယာ၊ ရှင် ရေချိုးနေတာကို ကျွန်မကို လိုက်ဖ်လွှင့်ပြနေတာလား”
ပေါ်ရန်၏ လက်များက သူ့ဆံပင်များကို ပွတ်နေရင်း ရုတ်တရက် သူ့စိတ်ဟာခနဲဖြစ်သွားကာ ရပ်တန့်သွားသည်။
သေစမ်း!!!
သူ ဘာလုပ်နေတာလဲ!!!
လူယုတ်မာအခန်းဖော်များနှင့် ဗီဒီယိုကောပြောပြီးသွားသဖြင့် ပေါ်ရန်၏ဦးနှောက်က မစဉ်းစားနိုင်ဖြစ်သွားသည်။ သူသည် ကျင်းရှီကို ဗီဒီယိုကော တိုက်ရိုက်ခေါ်ခဲ့မိသည်။
ရေများရွှဲနစ်နေသော ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ ပူစီဖောင်းများဖြင့် မှုန်ရီနေသော မျက်လုံးများဖြင့် ဗီဒီယိုကောရှေ့တွင် ခိုကိုးရာမဲ့ ရပ်နေခဲ့သည်။
ဗီဒီယိုထဲတွင် သူ့ခေါင်းမှ ပေါင်အထိ အရာအားလုံးကို ပြသထားသည်။ အလယ်ရှိ ခမ်းနားထည်ဝါသော “ရှုခင်းသာကြီး”သည် မီးအိမ်၏ လင်းထိန်လှသောအလင်းရောင်အောက်တွင် လုံးဝပေါ်လွင်နေသည်။
ပေါ်ရန်သည် ဗီဒီယိုကိုပိတ်ရန် တည်ငြိမ်ဟန်ဆောင်ကာ သူ၏အောက်ပိုင်းကိုဖုံးဖို့ မျက်နှာသုတ်ပုဝါကို အမြန်ဆွဲယူလိုက်သည်။
ကျင်းရှီသည် သူ့လက်ချောင်းများ သိသိသာသာ တုန်နေသည်ကို မြင်နေရသည်။
“မှားခေါ်မိတာ”
ဗီဒီယိုကော ပြီးဆုံးသွားပြီးနောက် ကျင်းရှီသည် ခဏတာ တစ်နေရာကို ကြောင်ကြည့်နေပြီး သူမ၏ ပါးစပ်ကနေ အသံရှည်ကြီးဖြင့် ပုံကြီးချဲ့ စကားလုံး ထွက်ပေါ်လာသည် —
“ဝေါင်း!”