← Chapters

အပိုင်း (၃၀)

Vol. 3 Ch. 30

အပိုင်း (၃၀)

Vol. 3 Ch. 30

WeChat ဂရု “၄၂၀ အလှပဂေးများအဆောင်ခန်း” တွင် ကျင်းရှီက မက်ဆေ့ချ်တစ်စောင်ပို့ခဲ့သည် -

“အားလုံးပဲ ငါစီနီယာပေါ်ရန်နဲ့ပက်သက်ပြီး ပြောပြစရာတစ်ခုရှိတယ်- အရမ်းမိုက်တယ်!”

ချူးကျောက် - “ဘာကြီးလဲ”

ကျင်းရှီ - “သူ့ရဲ့ ရင်ဘတ်ကြွက်သားတွေ၊ ဆစ်ပတ်တွေ၊ ပေါင်ကြွက်သားတွေ၊ V-line... *နှာခေါင်းသွေးယိုခြင်းအီမိုဂျီ*”

လင်းလော - “နင်တို့နှစ်ယောက် အတူတူအိပ်ခဲ့တာလား”

ကျင်းရှီ - “မဟုတ်ဘူး!”

ချူးကျောက် - “ငါတို့ကို ရှင်းရှင်းလင်းလင်း ပြောပြစမ်း၊ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ”

ကျင်းရှီ - “ငါ မပြောပြဘူး...ဘာပဲဖြစ်ဖြစ် အရမ်းမိုက်တယ်”

သူမ ဖုန်းကို ချလိုက်ပြီးနောက် စိတ်မငြိမ်မသက် ဖြစ်နေသည်။ ဘယ်လိုစိတ်သက်သာရာရအောင် လုပ်ရမှန်းမသိပဲ ခြေထောက်တွင် ဘီးတပ်ထားသကဲ့သို့ ရှန်ဖျင်ချွမ်၏ အခန်းထဲကို ၀င်ချလာသည်။

ရှန်ဖျင်ချွမ်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ဂိမ်းဆော့နေသည်။ ကျင်းရှီဝင်လာသည်ကိုမြင်လိုက်ရာ သူက လက်ပြလိုက်သည်။ “လာ၊ မင်းအစ်ကိုနဲ့ တစ်ပွဲလောက်လာကစား”

ကျင်းရှီလည်း အိပ်ရာပေါ်ခုန်တက်လိုက်ကာ သူမအစ်ကိုအင်္ကျီကို လှန်ကြည့်ပြီး ပြားချပ်နေသော ဝမ်းဗိုက်ကို မရိုမသေနှင့် ကြည့်ကာ “အစ်ကို၊ အစ်ကို့ဆစ်ပတ်တွေက သေးသေးလေးတွေပဲ၊ ဂိမ်းချည်းပဲဆော့မနေနဲ့ လေ့ကျင့်ခန်းသွားလုပ်!”

“ဒီငရှုပ်မလေးကတော့!”

“ပြီးတော့ ရင်ဘတ်ကြွက်သားတွေ ရှိလည်းမရှိဘူး!”

“ငါ့ရင်ဘတ်က ပြားနေပေမယ့် မင်းထက်တောင် ပိုကြီးနေသေးတယ်!”

ကျင်းရှီ - ....

သူမက သူ့ကို ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်သည်။

ရှန်ဖျင်ချွမ်က ကျင်းရှီကို သူ့အခန်းထဲကနေ ကန်ထုတ်ရင်း ဆဲဆိုပစ်လိုက်သည်။ ကျင်းရှီက ပေါ်ရန်အကြောင်း ဗုံးကြဲပြီးနောက် အခန်းဖော်များက ဂရုချတ်တွင် စကားပြောဆိုသံများ ပေါက်ကွဲနေပြီဖြစ်သည်။

ချူးကျောက် - “ငါတို့ကို ဒီအတိုင်း တန်းလန်းလန်းကြီးထားခဲ့တယ်၊ အမြင်ကပ်စရာပဲ!”

လင်းလော - “ငါတို့ကို ပြောစမ်းပါ ဘာဖြစ်ခဲ့တာလဲ၊ စီနီယာပေါ်ရန်ရဲ့ အဖိုးတန်ပစ္စည်းတွေကို နင်ဘယ်လိုမြင်ခဲ့တာလဲ”

ကျင်းရှီ - “အင်း၊ ခုနလေးတင်ပဲ... သူ မှားနှိပ်ပြီး ရေချိုးနေရင်းနဲ့ ငါ့ကိုဗီဒီယိုကောခေါ်မိသွားတာ”

ချူးကျောက် - “ဝိုး!”

လင်းလော - “နင်အကုန်မြင်လိုက်လား?!”

ကျင်းရှီ - “အမ်”

လင်းလော - “ဒါဆို နင်သူ့ညီလေးကိုရော တွေ့လိုက်တယ်ပေါ့”

ချူးကျောက် - “အမလေး!”

ကျင်းရှီ - “အို၊ ငါ သူ့ဆစ်ပတ်ကိုပဲ ကြည့်နေခဲ့တာပါ”

လင်းလော - “ဒါဆို ဒီလိုရွှေရောင်အခွင့်အရေးနဲ့ နင့်မျက်လုံးတွေက သူ့ဆစ်ပတ်မှာပဲ ကပ်ထားလိုက်တာလား”

ကျင်းရှီ - “အန်...”

ဟုတ်တယ်၊ ဘာလို့ သူ့ဆစ်ပတ်ကိုပဲ ကြည့်နေခဲ့တာလဲ။

နာရီဝက်အကြာတွင် ပေါ်ရန်က ဗီဒီယိုကော ထပ်ခေါ်ပြန်သည်။ ဤတစ်ကြိမ်မှာတော့ ကျင်းရှီက အသင့်ပြင်ထားပြီး ဖုန်းစခရင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်။

ဗီဒီယိုကောကို ဖွင့်လိုက်သည်။

ပေါ်ရန် - ...

သူမမျက်လုံးများက ဘာလို့ဒီလောက်ကြီးနေတာလဲ။ သူမ ဘာကိုကြည့်နေတာလဲ!

ပေါ်ရန်သည် ပေါ့ပေါ့ပါးပါး ချည်သားခေါင်းစွပ်အင်္ကျီကို ၀တ်ထားသည်ကိုမြင်လိုက်ရာ ကျင်းရှီက အံ့ဩစွာမေးလိုက်သည်။ “စီနီယာ ရေချိုးပြီးပြီလား”

သူက ကြောင်အန်းအန်းအသံနှင့် “အမ်” ဟုပြောလိုက်သည်။

ကျင်းရှီကလည်း လိမ္မာစွာနှင့် “ခုနက ကျွန်မ ဘာမှမတွေ့လိုက်ဘူးနော်”

ပေါ်ရန်က ကူကယ်ရာမဲ့စွာဖြင့် “ဒါပေမယ့် မင်းပြောတဲ့အသံက နည်းနည်းစိတ်ပျက်သွားသလိုပဲ”

ကျင်းရှီက “မဟုတ်ဘူး မဟုတ်ဘူး ၊ စိတ်ပျက်စရာ ဘာအကြောင်းမှမရှိပါဘူး” ဟု အပြစ်မကင်းသလို ငြင်းလိုက်သည်။

ပေါ်ရန်သည် ဆိုဖာပေါ်ထိုင်ချလိုက်ပြီး တီဗွီကိုဖွင့်ရန် ရီမုတ်ကို ကောက်ကိုင်လိုက်ပြီး “ငါ အခုနက မှားနှိပ်မိသွားတာ” ဟုပျင်းရိစွာ ရှင်းပြနေသည်။

“သိပါတယ် ၊ စီနီယာ မှားနှိပ်တာပဲဖြစ်မှာပါ” ကျင်းရှီက ပြုံးပြီးပြောလိုက်သည်။ “စီနီယာ၊ ရှင့်ဘော်ဒီကြီးက မိုက်တယ်နော်”

ပေါ်ရန်၏ ပါးပြင်မှာ နီရဲသွားသည်။ “မင်း ခုနက ဘာမှ မတွေ့ခဲ့ဘူးလို့ ပြောခဲ့တယ်မလား”

ကျင်းရှီက ခေါင်းကုတ်လိုက်ပြီး “အိုး ကျွန်မ ဆစ်ပတ်ကိုတော့ မြင်လိုက်တယ် ဒီလောက်ပါပဲ”

“မင်းက ဘာကို နောက်ထပ် မြင်ချင်သေးတာလဲ”

ကျင်းရှီသည် တခစ်ခစ်ရယ်ပြီး ရှေ့သွားနှစ်ချောင်းမှာ ပေါ်သွားသည်။ လိမ္မာပါးနပ်သော သတ္တဝါလေးတစ်ကောင်လိုပဲ ရှက်ရွံ့နေတုန်းပင်။ “ဘာမှမမြင်ချင်ပါဘူး”

ယနေ့တွင် ပေါ်ရန်သည် သူ၏ ယောက်ျားပီသမှု ပျောက်ဆုံးသွားခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြင့် ဆိုဖာပေါ် ငုတ်တုတ်ထိုင်ကာ “မင်းငါ့ကို ဘာမေးချင်တာလဲ” ဟုမေးလိုက်သည်။

ထိုအချိန်မှာပင် ကျင်းရှီသည် ပေါ်ရန်နှင့် တိုင်ပင်ရန် ကိစ္စတစ်ခုခုရှိနေသည်ကို သတိရမိသွားသည်။

“ကျွန်မ စီနီယာကို မေးချင်တာက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကောင်ကလေးရဲ့ မွေးနေ့အတွက် ဘယ်လိုလက်ဆောင်မျိုးပေးရန် သူအကြိုက်ဆုံးဖြစ်မလဲ”

တီဗွီကြည့်ရင်း ပေါ်ရန်က အေးအေးဆေးဆေးပြောလိုက်သည်။ “ရှန်ဖျင်ချွမ် အကြံပေးတာကရော ဘာလဲ”

ကျင်းရှီက ပြောလိုက်သည်။ “စီနီယာ၊ ရှင်က သိပ်သဘောပေါက်တာပဲ! ရှန်ဖျင်ချွမ်က ကလေးကို PSP ဂိမ်းစက်တစ်ခု ပေးဖို့ ပြောတယ်။ သူ့ကို အဲ့ဂိမ်းစက်သာပေးလိုက်ရင် ကျွန်မအဖေရဲ့ အဒေါ်ကတော့ မျက်စောင်းကြီးနဲ့ ကြည့်မှာ သေချာတယ်”

ခဏလောက်စဉ်းစားပြီးမှ ပေါ်ရန်က “မနက်ဖြန် အားလား” ဟုမေးလိုက်သည်။

“အားပါ့”

“ငါ မင်းကို လိပ်စာ နောက်မှ လိုက်ပို့ပေးမယ်။ အဲဒီ လိပ်စာအတိုင်းကို ငါ့ကိုလာရှာ ပြီးရင် လက်ဆောင် သွားဝယ်ကြမယ်”

ကျင်းရှီက မျက်နှာလိုမျက်နှာရပြောလိုက်သည်။ “ရှင်ကသာ အကောင်းဆုံးပဲ

ဗီဒီယိုထဲက ကောင်မလေးကို ကြည့်ရင်း ပေါ်ရန်၏ မျက်လုံးထောင့်များမှ ပြုံးယောင်သမ်းလာသည်။ သူမသည် ပန်းရောင် ဖလန်နယ် ညအိပ်၀တ်စုံကို ၀တ်ထားသည်။ သူမနှင့်ပတ်သက်သမျှ အရာအားလုံးသည် အလွန်ချစ်စရာကောင်းနေသည် - သူမ၏ အနောက်ဖက်ရှိ အခန်း၏ အပြင်အဆင်မှာလည်း ကြည့်ရလန်းဆန်းနေပြီး မိန်းကလေးဆန်သည်။

“စီနီယာ ဘာကြည့်နေတာလဲ”

“မင်းအခန်းကို လိုက်ကြည့်နေတာ”

“အိုး” ကျင်းရှီသည် သူမ၏ဖုန်းကင်မရာကို နောက်ဖက်သို့ပြောင်းရိုက်လိုက်ပြီး ပေါ်ရန်သည် သူမ၏ မင်းသမီးလေးအခန်းကို လည်ပတ်ကြည့်ရှုပေးခဲ့သည်။ “ကျွန်မအစ်ကိုက ဒါတွေအကုန်ပြင်ပေးထားတာ”

“ရှန်ဖျင်ချွမ်ကလား”

“ဟုတ်တယ်၊ တစ်ခန်းလုံးကို ပန်းရောင်နဲ့ အမိုက်စားပုံစံဖြစ်အောင် အလှဆင်ပေးထားတာ။ ယောကျ်ားအရမ်းဆန်တဲ့သူအတွက်ကတော့ ကြည့်ရဆိုးတာပေါ့!”

ပေါ်ရန်က ထုတ်ပြောလိုက်သည်။ “ကြည့်ကောင်းပါတယ်” ဟု ထိုစကား၏ တစ်ဝက်ကို အသံဖျော့ဖျော့နှင့် ပြန်ဖြေလိုက်သည်။

ညနေ ၆နာရီ၂၈မိနစ်တွင် ကျင်းရှီသည် လူရှုပ်သောလမ်းများပေါ်တွင် လမ်းလျှောက်နေသည်။ ဖခင်ဖြစ်သူထံမှ နောက်ထပ်ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

“နှစ်သစ်ကူးမှာ သမီးအိမ်ပြန်တာကို တားရအောင်လို့ အဲ့ကောင်မှာ ဘာလုပ်ပိုင်ခွင့်ရှိနေလို့လဲ ဒီအတိုင်း ကိုယ့်အဖေအိမ်ပြန်တာကို။ သူက ဘာကောင်မိုလို့ ငါ့သမီးကို တားရတာလဲ။ သမီးသာငယ်သေးရင် အုပ်ထိန်းမှုရအောင် တိုက်ယူပစ်မယ်။ အခု သမီးလည်း ကြီးလာတာတော့ သမီးရဲ့ခံစားချက်တွေကို မထိခိုက်စေချင်ဘူး အဲ့ဒါကြောင့် သမီးကို ရှန်မိသားစုနဲ့နေခွင့်ပေးလိုက်တာ ဒါပေမယ့် နှစ်သစ်ကူးမှာတော့ သမီးအိမ်ပြန်လာရမယ်၊ အဖိုးအဖွားတွေကို သူတို့ရဲ့မြေးမလေးကို တွေ့ခွင့်ပေးလိုက်ပါ။ သူတို့လည်းအသက်ကြီးနေပြီ သမီးကိုတွေ့ချင်နေတာ”

ကျင်းရှီသည် လမ်းဘေးရှိ ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်နေရင်း သူမ၏ အညိုဖျော့ရောင် နှင်းထဲစီးသည့်ဖိနပ်ကို ကြည့်ရင်း နူးညံ့သော “အမ်” ဟုတိုးတိုးလေးပြောလိုက်သည်။

ကျင်းရှီပြောသည့်စကားကြောင့် စကားမပြောနိုင်တော့ပဲ ကျင်းမောင် ရုတ်တရက် လန့်သွားသည်။

အဲဒီတုန်းက သူ့မှာ ကိုယ်ပိုင်မိသားစုရှိနေပြီဖြစ်သည်။ ကျင်းရှီသည် ထိုအချိန်က အသက်ဆယ်နှစ်သာရှိသေးသည်။ သမီးမိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် မိသားစု၏ လူကြီးသူမများ၏ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပေ။

သူမအမေ ဆုံးပါးသွားပြီးနောက် ရှန်မိသားစုက သူမကို ထိုမိသားစုဆီ ပြန်ပို့ဖို့ အစတောင် မဖော်ခဲ့ချေ။ ယင်းအစား သူတို့သည် သူမကို သူတို့၏အိမ်တွင် ပြုစုပျိုးထောင်ခဲ့သည်။ ကျင်းမောင်က ရိုးရိုးရှင်းရှင်းပဲ မျက်လုံးစုံမှိတ်ကာ သူ့သမီးကို ရှန်မိသားစုနှင့် ထားခဲ့လိုက်သည်။

ယခု သူမ ကြီးပြင်းလာသောအခါ ကျင်းမောင်သည် သူ့အရင် ဇနီးဟောင်းနှင့် ဆက်ဆံရေးကို မကြာခဏ ပြန်တွေးနေမိသည်။ သူ့သမီးအရင်းနှင့် ပိုရင်းနှီးဖို့ကိုလည်း သူမျှော်လင့်ထားသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်မ မောင်လေးမွေးနေ့ကျရင် လာခဲ့မယ်” ချက်ခြင်း ဖုန်းမချခင် ကျင်းရှီက ပြောလိုက်သည်။

သတိမထားမိလိုက်စဉ် ရုတ်တရက် မိုးသည်းထန်စွာ ရွာချခဲ့သည်။ ပါးလွှာသော မြူခိုးများက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းသွားလမ်းလာများ ဒရောသောပါး ထွက်ပြေးခဲ့ရသည်။ ကျင်းရှီသည် ဆိုင်တစ်ဆိုင်၏ တံစက်မြိတ်အောက်တွင် အလျင်အမြန် မိုးခိုခဲ့သည်။

လမ်းမများသည် မိုးရေကြောင့် ရွှဲနေပြီး မြို့၏ အမိုက်စား မီးရောင်များ ထင်ဟပ်နေပါသည်။

ကျင်းရှီသည် သူမ၏ မျက်မှန်ကိုင်းထူထူတပ်ထားသော မျက်မှန်ကို ချွတ်လိုက်ပြီး မိုးရေစက်များကို တစ်ရှူးဖြင့် သုတ်လိုက်သည်။

ပေါ်ရန်ပေးထားသော လိပ်စာအတိုင်း ကျောင်းဆောင်အနောက်ဖက်ရှိ ကျဉ်းမြောင်းသော လမ်းကြားသို့ ရောက်လာခဲ့သည်။ လမ်းကြားတွင် အလှအပနှင့် လက်သည်းအလှပြင်ဆိုင်များ၊ သံသယဖြစ်ဖွယ် အနှိပ်ခန်းများ၊ ဖရိုဖရဲမြင်ကွင်းများ နှင့် ပြည့်နေပါသည်။

ကျင်းရှီသည် လမ်း၏အဆုံးသို့ လျှောက်သွားကာ ဆိုင်းဘုတ်မရှိသော ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။

ဆိုင်တစ်ဆိုင်ဆိုသည်ထက် စတူဒီယိုနှင့် ပိုတူနေသည်၊ အတွင်းထဲမှာ စားပွဲများ၊ ကုလားထိုင်များနှင့် ထိုင်ခုံတစ်ချို့ကို ဖြစ်သလို နေရာချထားသည်။ နံရံများပေါ်တွင် ပန်းချီကားများ ချိတ်ဆွဲထားသည်။

ကျင်းရှီ ဝင်လာသည်ကိုမြင်လိုက်သောအခါ ရှုချောင်းယန်က သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။ “ကျင်းရှီလေး ရောက်လာပြီ။ မင်းရဲ့စီနီယာက အပေါ်ထပ်မှာ အိပ်နေတယ်။ ခဏစောင့်ဦး”

“ဒါဆို ဒါက ရှင့်ရဲ့ပန်းချီစတူဒီယိုပေါ့!”

“အားမနာနဲ့ လျှောက်ကြည့်လို့ရတယ်နော်”

ထိုဆိုင်သည် မြို့တွင်းရှိ တောက်ပ သပ်ရပ်သော အနုပညာဆိုင်များနှင့် မတူပဲ ရှုပ်ပွနေသည်။ နံရံလေးဖက်စလုံးတွင် ပုံစံအမျိုးမျိုးရှိသော ပန်းချီကားများ ချိတ်ဆွဲထားသည်။

“စီနီယာပေါ်ရန်က ဒါတွေ အကုန်ဆွဲထားတာလား”

ရှုချောင်းယန်က ရယ်မောရင်း “သူ့ဘာသာ တစ်ယောက်တည်း ဒီလောက်အများကြီး ဘယ်ဆွဲနိုင်မလဲ။ အဲဒါတွေကို ဒီမှာရောင်းဖို့လုပ်ထားတဲ့ အနုပညာကျောင်းက ကျောင်းသားတွေက ဆွဲထားတာ။ ရောင်းထွက်တဲ့အခါ ငါတို့က ကော်မရှင်ခယူတယ်။ စတူဒီယိုကို ကျင့်ချီနှင့် ပေါ်ရန်က ပူးတွဲငှားပေးတယ်။ ငါက အားတဲ့အချိန်တိုင်း ဒီမှာလာကူတယ်”

ကျင်းရှီက ကျင့်ချီကို ကြည့်လိုက်သည်။ “စီနီယာကျင့်ချီရော အိမ်မပြန်သေးဘူးလား”

ကျင့်ချီက သူ့လက်ထဲမှ ကတ်များကို ချထားလိုက်ပြီး “ဒီရာသီမှာ စီးပွားရေးလုပ်လို့ ကောင်းတယ်၊ အဲ့တော့ ဆိုင်ကို စောင့်ကြည့်ပြီး ကျောင်းဝင်းထဲက ကြောင်တွေခွေးတွေကို စောင့်ရှောက်ပေးဖို့ ဒီမှာ နေခဲ့တာ။ ၃၀ရက်နေ့ကျရင် မြို့တော်ဘီနဲ့နီးတဲ့ ဇာတိမြို့ကိုပြန်ဖို့ ရထားလက်မှတ်တွေ ဝယ်ထားပြီးပြီ။ ကျောင်းဖွင့်ချိန် အချိန်မီပြန်လာလို့ရတယ်”

ကျင်းရှီသည် ကျင့်ချီက အမျိုးသားအဆောင်တွင် အဆာပြေသရေစာမုန့်များနှင့် ပစ္စည်းသေးသေးလေးများမှာ မကြာခဏ အရောင်းသွက်စွာ ရောင်းနေမှန်းသိသော်လည်း သူနှင့် ပေါ်ရန်တို့သည် အမှန်တကယ် လုပ်ငန်းတစ်ခုလုပ်ဆောင်ပြီး ထိုကဲ့သို့သော ဆိုင်မျက်နှာစာကြီးကို ငှားရမ်းမည်မှာ မထင်ထားပေ။

ကြောင်နှင့်ခွေးအဖွဲ့အစည်းမှာ ဤကဲ့သို့ ရက်ရောလှသည့် ဘတ်ဂျက်များ ရှိနေသည်မှာ မအံ့သြတော့ချေ။

ကျင်းရှီ ရောက်ရှိလာပြီး နာရီဝက်အကြာတွင် ပန်းချီကားများကို ကြည့်ရှုရန် ဝယ်ယူသူအများအပြား ရောက်လာခဲ့ကြသည်။ ပန်းချီကားတစ်ချပ်လျှင် ယွမ် ၁၀၀ မှ ၆၀၀ အထိရှိပြီး အပိုဝင်ငွေရရှိရန် ကျောင်းသားများက ရေးဆွဲခဲ့ကြသည်။

ကျင်းရှီ၏ ကျင့်သားမရသေးသော မျက်လုံးများအတွက် ဤရေဆေးပန်းချီနှင့် ဆီဆေးပန်းချီများသည် အိမ်အလှဆင်ရန် သင့်လျော်သည်ထက် အလွန်လှပနေသည်။

သူတို့၏အရည်အချင်းသည် မြို့တွင်းရှိ ပရော်ဖက်ရှင်နယ်ပြခန်းများထက် မနိမ့်ကျသော်လည်း ဈေးနှုန်းများမှာ သင့်လျော်ပါသည်။ အရောင်းသွက်နေသည်မှာ မဆန်းပေ။

“စီနီယာ ပေါ်ရန် ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်း မသိတော့ဘူး။ ကျင်းရှီလေးရေ၊ အပေါ်ထပ်တက်ပြီး သူ့ကို သွားရှာလိုက်တော့” ရှုချောင်းယန်က “မင်းဒီမှာဆက်စောင့်နေရင် သူဘယ်တော့မှထမလဲ မသိဘူး”

“ဟုတ်ပါပြီ”

သူမ အပေါ်ထပ်တက်သွားသည်။ အပေါ်ထပ်သည် ကင်းဗတ်များ၊ ရောင်စုံဆေးခွက်များနှင့် မပြီးဆုံးသေးသော ပန်းချီကားများဖြင့် ရှုပ်ပွနေသော စတူဒီယိုတစ်ခု ဖြစ်နေသည်။

အလျားခပ်မြင့်မြင့် ပြတင်းပေါက်သုံးပေါက်သည် ကောင်းမွန်သောမြင်ကွင်းနှင့် အလင်းရောင်ကိုပေးစွမ်းသည်။ ယခုတွင်မူ ညရောက်လာကာ မှောင်ရီပျိုးလာပြီး ပြတင်းပေါက် အပြင်ဖက်မှာ အလင်းရောင် အစက်လေးများ တောက်ပနေသည်။

ပျင်းရိပျင်းတွဲ နံရံကပ်မီးလုံးတစ်လုံးသည် အခန်းထဲတွင် မီးမှိန်မှိန်လေး ထွန်းထားသည်။

“စီနီယာ နိုးပြီလား...”

ကျင်းရှီသည် တစ်စုံတစ်ခုကို နင်းမိပြီး ရှေ့သို့ ခြေချော်သွားခဲ့သည်။

အား။

သူမ မျှော်လင့်ထားသလောက် မနာကျင်ခဲ့ပါ။ ကြမ်းပြင်ပေါ် လဲကျသွားမယ့်အစား နူးညံ့နွေးထွေးသော အရာတစ်ခုကို သူမ ခံစားမိလိုက်သည်။

ကျင်းရှီက အံ့ဩစွာ မော့ကြည့်လိုက်သည်။ မီးရောင်ထဲတွင် လူတစ်ယောက်၏ အသွင်အပြင်မှာ အထင်အရှား ပေါ်လာသည်။ သူ့တွင် မြင့်မားသော မျက်ခုံးနှင့် စူးရှသော မျက်လုံးများက မျက်ကွင်းရိုးထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ ထူထဲသော ရှည်လျားသော မျက်တောင်များ၏ အရိပ်များသည် မျက်ခွံပေါ်သို့ ကျရောက်နေသည်။ သူ့မျက်လုံးများထဲတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို တွေ့နေရသည်။

သူမသည် သူ့အပေါ် လဲကျသွားခဲ့သည်။

ပေါ်ရန်သည် သူမ၏ တုန်လှုပ်ချောက်ချားမှုကို ကြည့်ပြီး ဆံပင်ရှည်များက သူ့မျက်နှာပေါ်တွင် ခွေကျနေသည်။ သူမအသားအရေက အလွန်ဖြူစင်ပြီး ကိုယ်သင်းရနံ့လေးကလည်း မွှေးလှသည်။

သင်းပျံ့သန့်ရှင်းသောရနံ့သည် မိန်းကလေးများ၏ ထူးခြားမှုဖြစ်သည်။ စိတ်ကျေနပ်စရာ တော်တော်ကောင်းသည်။

“စီနီယာ ကြမ်းပြင်ပေါ်မှာ အိပ်နေတာလား”

ပေါ်ရန်က သူမခေါင်းကို ပွတ်သပ်ရင်း ပျင်းရိသောအသံဖြင့် “အွန်း” ဟု တိုးတိုးလေး ပြောလိုက်သည်။ သူ့အသံနက်နက်ရှိုင်းရှိုင်းကြီးက နိုးခါစအသံဖြစ်နေသည်။

ခုနက ငိုက်မျဉ်းရင်း ပန်းချီဆွဲနေခဲ့သည်။ သူသည် ယာယီမွေ့ရာတစ်ခုအဖြစ် လွှင့်ပစ်ထားသော ပန်းချီစက္ကူပေါ်တွင် သူရှိနေသည့်နေရာကနေ မရွှေ့ပဲ ဒီအတိုင်းလေး အိပ်နေလိုက်သည်။

ကျင်းရှီသည် သူ့အပေါ်တွင် လဲကျမိနေပြီး သူ့ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် တွန်းရင်း ပြန်ထဖို့လုပ်နေသည်။ ပါးလွှာသော ရှပ်အင်္ကျီအောက်ကနေ ထွင်းထုသလိုမျိုး ဆစ်ပတ်၏ မာကျောသော အကြောများကို ဖျတ်ခနဲ ခံစားလိုက်ရသည်။

သူမသည် ပေါ်ရန်၏ ကော်လန်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ့လည်ပင်းကို ယားကျိကျိ ဖြစ်သွားစေသော လေကို ညင်သာစွာ ရှူထုတ်လိုက်သည်။

“မင်း ချော်လဲတာ နာသွားသေးလား” စိုးရိမ်စိတ်နှင့် မေးလိုက်သည်။

ကျင်းရှီက အမြန်ပြန်ဆန်းစစ်လိုက်သောအခါ ထိခိုက်ဒဏ်ရာရပုံမပေါ်ပေ။ သူမ ခေါင်းခါလိုက်သည်။

“ဒါဆို မင်း ဒူးခေါင်းကို နည်းနည်း ရွှေ့”

ကျင်းရှီက အောက်ကိုငုံ့ကြည့်လိုက်ရာ သူ့ခြေထောက်တွေကြားထဲမှ နူးညံ့သောဧရိယာထဲမှာ သူမဒူးခေါင်း တင်းတင်းကျပ်ကျပ် ဖိထားမိသည်ကို သိလိုက်ရသည်...

ပြီးနောက် သူမ၏ ကိုယ်အလေးချိန်အားလုံးကို ထိုဒူးခေါင်းက ထောက်ထားပေးသည်။

ကျင်းရှီသည် အနည်းငယ် ထိတ်လန့်သွားသည်။ ထရန်ကြိုးစားသော်လည်း ဒူးကို အလျင်အမြန်ရွှေ့လိုက်ကာ ဟန်ချက်ပျက်ပြီး အောက်သို့ ဖိမိလိုက်သည်။

သူမအောက်ရှိလူထံမှ ညည်းတွားသံတိုးတိုးလေးကို သူမ သိသိသာသာကြားလိုက်ရသည်။

“အာ တောင်းပန်ပါတယ်!”

ထိုအရာက သိသိသာသာ နာကျင်နေသည်။

ကျင်းရှီသည် အပြစ်ရှိသလိုခံစားလိုက်ရပြီး ခြေနှစ်လှမ်းကို နောက်သို့ ဆုတ်လိုက်ရင်း သူမ၏ ခြေထောက်များနှင့် ကမန်းကတန်းထလိုက်သည်။

“စီနီယာ... အဆင်ပြေရဲ့ လား "

ပေါ်ရန်က “ဘယ်လိုခံစားရလဲသိရအောင် မင်းရဲ့အဲ့လိုနေရာကို ဒူးထောက်ပြမယ်” ဟုပြောမလို့ လုပ်နေတုန်းတွင် ကျင်းရှီ၏ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော အသွင်အပြင်ကို မြင်လိုက်ပြီး မပြောရက်တော့ပေ။

သူတကယ်ပဲ သူ၏ ထိုနေရာကို ဒူးထောက်လိုက်လျှင်...သူပဲ နောက်မှ စိတ်မကောင်းဖြစ်လိမ့်မည်။

ပေါ်ရန်သည် မတ်တပ်ရပ်နေသော်လည်း ခြေထောက်များက ကြည့်ရဆိုးစွာဖြင့် တစ်ဖက်ကို တစ်ဖက်လိမ်ယှက်ထားပြီး ရပ်နေသည်။

ကြည့်ရတာ... ဒဏ်ရာက အသေးအဖွဲ့တော့ မဟုတ်ပေ။

ကျင်းရှီသည် သူမ၏ခန္ဓာကိုယ်က မရည်ရွယ်ပဲ သူမဘေးနားရှိ ယောကျ်ားများကို အမြဲတမ်း “ဒုက္ခ” ပေးတတ်သည်ဟု ကျိန်စာသင့်သလိုမျိုး ခံစားရသည်။ “စီနီယာ၊ ဆေးရုံသွားဖို့လိုလား” ဟုစိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

ပေါ်ရန် - ...

ဤအရာအတွက် ဆီးလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ဆီ သွားပြတာထက် သေလိုက်တာက ပိုကောင်းဦးမည်။

“ငါအဆင်ပြေပါတယ်၊ ဒီလောက်ကတော့ ခံနိုင်ပါတယ်”

ဤသည်မှာ ပေါ်ရန်၏ ခေါင်းမာမာနှင့် မာနရှိစွာပြောလိုက်သော နောက်ဆုံးစကားဖြစ်သည်။

ကျင်းရှီက စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပေးနေသည်။ “စီနီယာ၊ ရှင်က အရမ်းအကြမ်းခံတာပဲ”

ပေါ်ရန် - ...

အခြေအနေ မဟန်တော့ပေ၊ ဘာကြောင့် သူ့ဟာကြီး တောင်မာလာသလို ခံစားနေရတာလဲ။

နာကျင်မှု သက်သာသွားသည်အထိ သူ့စိတ်သူ စုစည်းရန် အချိန်ယူခဲ့ရသည်။ သူက ဟိုဟိုဒီဒီကြည့်ကာ ကြမ်းပြင်ပေါ်ရှိ ပန်းချီပစ္စည်းများနှင့် ပုံဆွဲသည့်ဘုတ်ပြားများကို သိမ်းဆည်းနေကာ “ဒီကိုရောက်လာဖို့ ဘာလို့ အဲ့လောက်ကြာနေတာလဲ” ဟုပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“စောစောက ကျွန်မလာတဲ့လမ်းမှာ မိုးရွာနေလို့”

ကျင်းရှီ၏ အကြည့်သည် ပုံဆွဲသည့်ဘုတ်ပြားပေါ်ရှိ စက္ကူဖြူပေါ်တွင် မိန်းကလေးတစ်ဦး၏ ခပ်ရေးရေးပုံသဏ္ဍာန်ကို မြင်လိုက်ရသည်။ စပ်စပ်စုစုနှင့် လျှောက်လာလိုက်သည်။ “လှလိုက်တာ”

သို့သော် အသေးစိတ်ဆွဲချက်များကို သူမဆီထုတ်မပြမီတွင် ပေါ်ရန်သည် ပန်းချီစာရွက်ကို အလျင်အမြန်ဆွဲယူကာ လှိမ့်လိုက်သည်။

“စီနီယာ...”

ပေါ်ရန်သည် အနည်းငယ်ရှက်သွားကာ ပါးပြင်များ အနည်းငယ် နီမြန်းလာသည်။ “မပြီးသေးဘူး”

“မပြီးသေးရင် ကြည့်လို့မရဘူးလား”

“အင်း”

“ဘာကြောင့်လဲ”

“ဘာကြောင့်ရယ်တော့ မဟုတ်ပါဘူး၊ ဒီအတိုင်း မင်းကြည့်လို့မရသေးဘူး”

“ဒါဆို...ပြီးသွားရင် ကျွန်မကိုပြမှာလား”

“မပြောတတ်ဘူး၊ ငါ့ စိတ်ခံစားချက်ပေါ် မူတည်တယ်”

“ဟွန့်၊ တွန့်တိုလိုက်တာ”

ပေါ်ရန်သည် ထိုပန်းချီကို နောက်ဖေးခန်းထဲသို့ ယူသွားပြီး ဂရုတစိုက် လှိမ့်လိုက်သည်။

All Chapters