အပိုင်း (၃၂)
Vol. 3 Ch. 32
ကျင်းရှီသည် ပူလောင်နေသော မျက်နှာကို အုပ်ကာ ခေါင်းငုံ့ထားလိုက်သည်။ “ရှင် ကျွန်မကို စနေတာပဲ!”
“မင်း နည်းနည်းစိတ်ပျက်သွားပုံပဲ” ပေါ်ရန်က သူမပုခုံးကို ဖိကာ ခေါင်းငုံ့ပြီး နမ်းဖို့လုပ်နေသည်။ “ငါတို့တွေ အဲ့ဒါကို တကယ်ဖြစ်အောင် လုပ်လိုက်လို့ရပါတယ်”
ဒီတစ်ခါတော့ သူ့လှုပ်ရှားချက်များက အလွန်မြန်နေသည်။ ကျင်းရှီသည် ထိုအတွက် လုံးလုံးပြင်ဆင်ထားခြင်းမရှိပေ။ ပေါ်ရန်က သူမကို ထိလိုက်သည်နှင့် သူမ နှုတ်ခမ်းများကို လက်ဖြင့် အမြန်ကာလိုက်သည်။
ပေါ်ရန်၏ အနမ်းသည် အနည်းငယ် အေးစက်နေသော သူမလက်ဖမိုးပေါ်သို့ ကျရောက်သွားသော်လည်း သူ၏ အနမ်းသည် နူးညံ့သိမ်မွေ့လှသည်။
သူမကိုယ်တိုင်သာ မကာခဲ့လျှင် သူမ၏ ပထမဆုံးအနမ်းသည် ဤနေရာတွင် အမှန်တကယ်ပင် ဆုံးရှုံးသွားနိုင်သည်။
“ရှင်...ရှင် တကယ်လုပ်နေတာပဲ!” သူမက ဒေါသတကြီးဖြင့် တစ်ကြိမ် တွန်းလိုက်သော်လည်း သူမ၏ အားနည်းသော ခွန်အားဖြင့် သူ့ကို မတွန်းထုတ်နိုင်ခဲ့ပေ။
ပေါ်ရန်သည် သူ၏နက်မှောင်သောမျက်လုံးများကိုဖွင့်လိုက်ရာ မျက်လုံးထောင့်များမှ စွဲမက်ဖွယ်အပြုံးတစ်ခုကို တွေ့လိုက်ရသည်။ “ငါဘယ်တော့မှ မနောက်ဖူးဘူး”
“ရှင် လွန်လွန်းနေပြီ!”
သူ့မျက်လုံးများက ပြုံးယောင်သမ်းနေပြီး သူမကို စိတ်ရှည်လက်ရှည် စိုက်ကြည့်ရင်း “ငါဘယ်နေရာ လွန်သွားလို့လဲ”
“ကျွန်မကို နမ်းဖို့ ရှင့်ကို ဘယ်သူက ခွင့်ပေးလိုက်လို့လဲ!”
“ငါနမ်းလို့မရဘူးလား”
“မရဘူး!” ကျင်းရှီသည် တံတောင်ဖြင့် နှုတ်ခမ်းကို ကာကွယ်ရင်း စကားကို ထစ်ထစ်ငေါ့ငေါ့ ပြောနေသည်။ “ရှင် ကျွန်မကို မနမ်းရဘူး!”
“ဘာလို့မရရမှာလဲ?”
“ရှင်က ပလေးလွန်းတယ်... ကောင်မလေးတွေ ဘယ်နှယောက်တောင် နမ်းဖူးပြီလဲဆိုတာ မသိနိုင်ဘူး” ကျင်းရှီ၏ မျက်နှာသည် နီရဲလာသည်။ သူမ စိတ်ထဲပေါ်လာသမျှကို ပြောနေသည်။
ထိုစကားကိုကြားသောအခါ ပေါ်ရန်သည် တခဏမျှ အံ့အားသင့်သွားကာ တိုးတိုးလေး တခစ်ခစ်ရယ်ပြီး သူမကို မျက်မှန်ပြန်တပ်ပေးလိုက်သည်။ “ကောင်းပြီ၊ အဝတ်လဲခန်းထဲ ပလေးတာ တော်လောက်ပြီ၊ အဝတ်အစားတွေ စမ်းဝတ်ကြည့်ရမယ်။ ကူပေးပါဦး”
ဆောင်းရာသီဖြစ်သောကြောင့် သူ့ကုတ်အင်္ကျီနှင့် ဆွယ်တာအင်္ကျီများကိုသာ ချွတ်ရန် လိုသောကြောင့် အခြားတားမြစ်ထားသည့်အရာများကို ချွတ်စရာမလိုပေ။
ကျင်းရှီသည် အနည်းငယ် စိတ်မသက်မသာ ခံစားရသေးသော်လည်း သူမသည် အဝတ်အစားများကို တာဝန်ကျေစွာ ရွေးချယ်ပေးခဲ့သည်။
သူ့ခန္ဓာကိုယ် အချိုးအစားက တကယ်ကို ပြီးပြည့်စုံသည်။ သူ၏ တံတောင်ဆစ်ကြွက်သားများ သိသိသာသာ ပေါ်ထွက်နေပြီး ခါးမှာလည်း အလွန်ပြန့်ပြူးနေသည်။ အတွင်းရှပ်အင်္ကျီကို ၀တ်ထားသော်လည်း သူ၏ ချွတ်ယွင်းချက်မရှိသော ခန္ဓာကိုယ်အချိုးအစားကြီးကို ဖုံးကွယ်ရန် ခက်ခဲနေသေးသည်။
ဤကဲသို့ ကိုယ်လုံးကိုယ်ပေါက်သည် ဘယ်အဝတ်အစားပဲဖြစ်ဖြစ် ပြဿနာမရှိပေ။ ကျင်းရှီသည် သူဝတ်ထားသမျှအဝတ်များသည် လိုက်ဖက်နေသရွေ့ လူကိုအံ့သြဖွယ်ဖြစ်အောင် သူလုပ်နိုင်သည်ဟု ခံစားမိသည်။
သူမသည် အမှန်တကယ်ပင် ထင်မြင်ချက်မပေးနိုင်ခဲ့ပါ။ သူမရွေးချယ်သမျှအရာအားလုံး ကောင်းသည်ဟု သူမခံစားမိသည်။ ပေါ်ရန်က ထိုအဝတ်အစားအားလုံးကို အကုန်ဝယ်လိုက်သည်။
အဝတ်အစားရွေးပြီးနောက် ကျင်းရှီသည် ပေါ်ရန်ကို IKEA မှာ လျှောက်ပတ်ကြည့်ရန် ဆွဲခေါ်သွားခဲ့သည်။
(IKEA သည် ဆွီဒင်နိုင်ငံလုပ်ငန်းစုတစ်ခုဖြစ်ပြီး ပရိဘောဂများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အလှဆင်ခြင်း၊ အိမ်သုံးပစ္စည်းများ၊ အခြားကုန်ပစ္စည်းများနှင့် အိမ်ဝန်ဆောင်မှုများကို ဒီဇိုင်းပေါင်းစုံရောင်းချပေးသည့် စျေးဝယ်နေရာကြီးဖြစ်သည်)
သူမသည် အထည်ဆိုင်များထက် IKEA ကို ပို၍ စိတ်အားထက်သန်ခဲ့သည်။ အသိုက်ဆောက်လိုသော ဟမ်စတားတစ်ကောင်ကဲ့သို့ပင် ကျင်းရှီသည် သူမ၏အိမ်ငယ်လေးတွင် ချစ်စရာကောင်းပြီး သက်တောင့်သက်သာရှိသော နေ့စဉ်သုံးပစ္စည်းများကို ဝယ်ထည့်ရသည်ကို နှစ်သက်လှသည်။
အဖြူရောင် အစိုဓာတ်ထိန်းစက်ရှေ့တွင် ကျင်းရှီရပ်လိုက်သည်။ “အစိုဓာတ်ထိန်းစက်နဲ့ မရှိမဖြစ်လိုအပ်တဲ့ဆီအစုံလိုက်ကို လျှော့စျေးနဲ့ ရောင်းနေတာပဲ၊ ကျွန်မလည်းဝယ်ချင်တယ်!"
ပေါ်ရန်က သူမဘေးမှာ ရပ်လိုက်ပြီး သူ့အိတ်ကပ်ထဲ လက်ထည့်ထားကာ “ဒါဆို ဝယ်လိုက်” ဟုပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“အဲ့ဒါအတွက် အဆောင်မှာ ထားဖို့နေရာရှိမှာ မဟုတ်ဘူး၊ အိမ်မှာထားခဲ့ရင် အဲ့အမြင်ကပ်စရာ ရှန်ဖျင်ချွမ်က သူ့အနံ့ဆိုးထွက်နေတဲ့ ခြေအိတ်တွေကို အနံ့မွှေးအောင်လုပ်ဖို့ သေချာပေါက် ယူသွားလိမ့်မယ်” ကျင်းရှီက စူပုတ်ပြီး သက်ပြင်းချလိုက်သည်။ “နောက်ကျမှ ကျွန်မကိုယ်ပိုင်အိမ်ရှိလာတော့မှ ဝယ်ဦးမယ်”
ပေါ်ရန်သည် လက်လှမ်း၍ အစိုဓာတ်ထိန်းစက်မှ ထွက်လာသော အဖြူရောင် အမှုန်အမွှားကို ထိလိုက်သည်။ “ငါသံပုရာနံ့ ကြိုက်တယ်”
ကျင်းရှီသည် အစိုဓာတ်ထိန်းစက်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ “ဒါဆို ကျွန်မတို့အိမ်မှာ နောက်ကျရင် သံပုရာအမွှေးဆီတွေကို ဝယ်ရလိမ့်မယ်”
“ဒါဆို ကတိပေး”
“အင်း ကတိ...”
ဟမ်၊ ဟင့်အင်း၊ ခဏနေပါဦး၊ ဘာလို့ သူနဲ့ ကတိပေးနေရတာလဲ။
.....
ကျင်းရှီနှင့် ပေါ်ရန်သည် IKEA မှ ထွက်လာပြီး မိသားစုတစ်စုနှင့် ထိပ်တိုက်တွေ့လေသည်။ ကျင်းရှီလည်း တခဏတာ အံ့သြသွားခဲ့သည်။
သူ့အဖေ ကျင်းမောင်ဖြစ်နေသည်။
ရှန်ရှိရှန်းလောက် အရပ်မရှည်သော အရပ်အမောင်းနှင့် ခပ်ဝဝပုံစံဖြစ်နေပြီး အသက်လေးဆယ်နောင်းပိုင်းအရွယ်၊ ကလေးနှစ်ယောက်အဖေပုံစံဖြစ်နေသည်မှာ အထင်အရှားပင်။ ရှန်ဖျင်ချွမ်သည် အရပ်ရှည်ပြီး ကြံ့ခိုင်နေချိန်တွင် ကျင်းရှီသည် သူ့အဖေထံမှ သေးငယ်သော ကိုယ်လုံးကိုယ်ပေါက်ကို အမွေဆက်ခံခဲ့သည်။
ကျင်းမောင်သည် နှိမ့်ကျသောဘဝမှ လာခဲ့ပြီး ခက်ခဲကြမ်းတမ်းသော အလုပ်များကို လုပ်ခဲ့သည်။ ငယ်စဉ်ကပင် သန်မာကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်နှင့် ကြွက်သားအချို့ ရှိခဲ့သည်။ ယခုမူ သူသည် ငွေကောင်းကောင်းရှာနိုင်သော လုပ်ငန်းရှင်တစ်ဦးဖြစ်သဖြင့် သူဌေးတစ်ဦး၏ ပုံစံလိုဖြစ်နေကာ ဆူဖြိုးလာခဲ့သည်။ လူတစ်ဦးသည် အဝလွန်သောအခါ ကြည့်ကောင်းသော အင်္ဂါရပ်များပင်လျှင် ပျောက်ကွယ်သွားစေသည်။
ကျင်းမောင်ဘေးတွင် သူ့လက်ရှိဇနီး၊ လွန်ခဲ့သောနှစ်များက သူ့လက်ထောက် ဖြစ်ခဲ့တုန်းက ဖောက်ပြန်ခဲ့ကြသော မယားငယ်မက ရှိနေသည်။
ထိုလက်ထောက်မသည် ကျင်းရှီ၏ မိခင်ထက် များစွာငယ်သည်။ ဆွဲဆောင်မှုရှိပြီး လှပသော၊ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး၏ ကျက်သရေရှိမှုနှင့်အတူ ပညာတတ်မိသားစုမှ ဖြစ်သော ကျင်းရှီ၏ မေမေသည် ကျင်းမောင်လို အိမ်ထောင်သည်ယောက်ျားအတွက် အပြင်ပန်းကကြည့်လျှင် သူမမှာ တင်းမာသောမျက်နှာထားနှင့် ဆွဲဆောင်မှုကင်းမဲ့နေခဲ့သည်။
ထိုအငယ်အနှောင်း မယားငယ်မတွင် သူတို့၏ ခြောက်နှစ်အရွယ်သားပါ ပါလာခဲ့သည်။
သူတို့၏ ပြီးပြည့်စုံသော မိသားစုပုံမှာ ကျင်းရှီကို ကျရှုံးသွားစေခဲ့သည်။ သူမသည် အလိုလို ခေါင်းငုံ့သွားပြီး သူတို့နားက အမြန်ဖြတ်လျှောက်သွားချင်ပေမယ့် ကျင်းမောင်က သူမကို မြင်သွားသည်။
“ရှီလေး”
ကျင်းရှီသည် တောင့်တောင့်ကြီးနှင့် နှုတ်ဆက်ဖို့ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ “အဖေ”
ထို့နောက် သူမသည် မယားငယ်မဆီ လှည့်ကာ “အဒေါ်ကျန်း” ဟုခေါ်လိုက်သည်။
“အစ်မ ကျင်းရှီ!”
ကောင်လေးက ချစ်စရာကောင်းပြီး ထွားကျိုင်းသည်။ သူက သူ့အမေလက်ကို လွှတ်လိုက်ပြီး ကျင်းရှီ၏ ရှပ်အင်္ကျီစကို ဆွဲကိုင်လိုက်သည်။
ကျင်းရှီက သူ၏ဆူဖြိုးသောခေါင်းလေးကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။ “ပေါင်လေး၊ နင် ပိုဝလာပြန်ပြီ။ လေ့ကျင့်ခန်း ထပ်လုပ်ရမယ်နော်၊ နားလည်လား”
“ကျွန်တော်နားလည်ပါတယ်”
အဒေါ်ကျန်းက သူတော်ကောင်းယောင်ဆောင်သော အပြုံးနှင့် “တွေ့တဲ့အတိုင်းပဲလေ၊ မင်းသားလေးက မိသားစုထဲက ဘယ်သူ့စကားကိုမှ နားမထောင်ဘူး၊ ဒါပေမယ့် ကျင်းရှီပြောတာနဲ့ ချက်ချင်းကို နားထောင်ပြီး ကတိတောင်ပေးတော့တာပဲ”
ကျင်းမောင်က ကျင်းရှီကို တွေ့တုန်း အခွင့်အရေယူကာ ပြောလိုက်သည်။ “သမီး အားရင် အိမ်ကို ခဏခဏလာသင့်တယ်။ ပေါင်လေးက သမီးနဲ့ ကစားရတာကို လွမ်းနေတာ။ သမီးတို့နှစ်ယောက် ပိုရင်းနှီးအောင်လို့ သူနဲ့ခဏခဏ လာကစားပေး၊ ဘာပဲဖြစ်ဖြစ် သူက သမီးမောင်လေးပဲလေ”
ကျင်းရှီသည် ခေါင်းညိမ့်ပြီး စိတ်မပါတပါနှင့် ပြန်ဖြေလိုက်သည်။ “ပေါင်လေးမွေးနေ့ကျရင် လာမှာပါ”
ကျင်းရှီနှင့် ပေါင်ရန်တို့ ထွက်သွားပြီးနောက် အဒေါ်ကျန်းက ကျင်းမောင်ကို ပြောလိုက်သည်။ “ပြောမယ့်သာပြောတာ ကျင်းရှီရဲ့ ကောင်လေးက တော်တော်ချောတာပဲ”
“ဟွန့်၊ ငါ့ကိုတောင် မပြောပဲနဲ့ ရည်းစားနဲ့ ချိန်းတွေ့နေတာ၊ ဒီသမီးက ငါနဲ့ ခပ်ခွာခွာနေချင်နေတာ အသိသာကြီး”
အဒေါ်ကျန်းက ပေါင်လေးကို သူ့ရှေ့ တွန်းပို့လိုက်သည်။ “ဒါပေမယ့် ဒီကမှ ရှင့်ရဲ့သားအစစ်!”
ကျင်းရှီသည် သူမ၏ လမ်းလျှောက်သည့်အရှိန်ကို မြှင့်လိုက်ကာ အဆောက်အဦး အေ မှ အမြန်ထွက်လာခဲ့သည်။ လေအေးများက တိုက်ခတ်နေသည်။ သူမ ကုတ်အင်္ကျီကော်လာကို တင်းတင်း ဆွဲထားလိုက်သည်။
ပေါ်ရန်က ဘာမှမမေးသော်လည်း စောစောက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူတို့သည် ကလေးတစ်ယောက်အား ပြေရာပြေကြောင်းဖြစ်စေမည့် စကားလုံးများ ပြောနေကြသော်လည်း အဒေါ်ကျန်းသည် ငယ်ရွယ်စဉ်ကပင် “အစ်မက အပြင်လူ” ဟူသော မျိုးစေ့ကို ကလေး၏စိတ်ထဲတွင် ပျိုးထောင်ပေးနေသော အမူအရာကို ကျင်းရှီရှေ့တွင် လုပ်ပြနေသည်...။
ကျင်းရှီ စိတ်မချမ်းသာဖြစ်နေသည်မှာ သိသာနေသည်။
“ဒီက စီနီယာက မင်းကို ရေခဲမုန့ဝယ်ကျွေးမယ်”
“အိုး...”
ကျင်းရှီ၏ အဖြေကို စောင့်မနေပဲ ပေါ်ရန်သည် သူမ၏ လက်ကို ကိုင်ကာ Häagen-Dazs ဆိုင်ထဲသို့ ခေါ်သွားခဲ့သည်။
ဘလူးဘယ်ရီ၊ ဗီနီလာ၊ matcha နှင့် ချောကလက်အရသာ ရေခဲမုန့်များအပေါ် Oreos နှင့် ချောကလက်ချစ်ပ်များဖြင့် ဖြူးထားသော စူပါဆိုဒ်ကြီးရေခဲမုန့်ကို မှာယူခဲ့သည်။ လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော ဝေဖာကတော့ချွန်ခွက်က ပူပူနွေးနွေး အငွေ့အသက်များဖြင့် ရစ်ပတ်ထားသည်။
ဤမျှကြီးမားသော အရသာအစုံပါသည့်ရေခဲမုန့်ကြီးကို မြင်ပြီး ကျင်းရှီက “စီနီယာ၊ ဒါက အရမ်းစျေးကြီးမယ်ထင်တယ်!”
“ဟုတ်တယ်၊ အရမ်းစျေးကြီးတယ်”
“ဒါဆို မျှစားရအောင်”
ပေါ်ရန်က ရေခဲမုန့်ကို တစ်ကော်ယူလိုက်ပြီး သူမနှုတ်ခမ်းကို သုတ်လိုက်သည်။ “ဘာကို မျှစားမယ် လျှောက်ပြောနေတာလဲ”
“ဟေး! ကျွန်မ ဓာတ်ပုံမရိုက်ရသေးဘူး၊ မထိနဲ့!” ကျင်းရှီသည် နှုတ်ခမ်းများကို လက်သုတ်ပဝါဖြင့် သုတ်ပြီး ရေခဲမုန့်ပုံများကို ထောင့်ပေါင်းစုံမှ ရိုက်ယူကာ လှပသော effect များနှင့် ဖရိန်စတစ်ကာများထည့်ရန် ဖုန်းကို ထုတ်လိုက်သည်။
ပေါ်ရန်လည်း သူမကို မနိုင်တော့ပေ။
သူမလို မိန်းကလေးများအတွက် အစားအသောက်ကို ဦးစားပေးပုံမပေါ်ပဲ ဓာတ်ပုံရိုက်ခြင်းနှင့် ဓါတ်ပုံ edit လုပ်ခြင်းတို့က ပထမဖြစ်နေသည်။
“အခုစားလို့ရပြီးလား”
“နေပါဦး”
“ငါစားချင်နေပြီ”
“ပြီးတော့မယ်”
“အရည်ပျော်နေပြီ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
ကျင်းရှီက အောင်မြင်စွာ ကြေညာလိုက်သည်။ “ရှင် အခုစားလို့ရပြီ”
သူသည် ဇွန်းကိုယူကာ ချောကလက်နှင့် ဘလူးဘယ်ရီရေခဲမုန့်အချို့ကို လှမ်းယူပြီး သူမ၏နှုတ်ခမ်းနားသို့ ယူသွားသည်- “ပါးစပ်ဟ”
“ကျွန်မ အရင်ဆုံးစားရပြီ!” ကျင်းရှီက သူ့ကို မော့ကြည့်ရင်း ပါးစပ်ကို လိမ္မာစွာဟရင်း ရယ်မောနေသော နက်မှောင်သော မျက်လုံးများနှင့်။
သို့သော် ဇွန်းသည် ပေါ်ရန်၏ ပါးစပ်ထဲသို့ မဝင်သွားမီ သူမ၏ နှုတ်ခမ်းနားတွင် ဝှေ့လည်ကြောင်ပတ် ဖြစ်နေရုံသာ ဖြစ်သည်။
သူမက သူ့ကိုတွန်းလိုက်သည်။ “လိုက်စနေတယ်”
ပေါ်ရန်က ရယ်လိုက်သည်။ “အဲဒါက ဓါတ်ပုံတွေကိုပဲ အာရုံစိုက်နေလို့ လုပ်လိုက်တာ”
ကျင်းရှီသည် သူမကိုယ်တိုင်အတွက် ဇွန်းမှောက်မှောက် တစ်ဇွန်းခပ်လိုက်သည်။ ရေခဲမုန့်သည် သူမ၏လျှာပေါ်တွင် အရည်ပျော်သွားကာ ချိုချဉ်အရသာ ဘလူးဘယ်ရီသီးနှင့် လိုက်ဖက်ညီနေသော ချောကလက်၏ ကြွယ်ဝသောအရသာ သူငယ်ချင်းမပါပဲနှင့်တောင် အလွန်စားကောင်းနေသည်။
သူမ ကျေနပ်စွာ ပြုံးပြပြီး ပေါ်ရန်၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။ “ဒီအရသာကို စမ်းစားကြည့်၊ အရမ်းစားလို့ကောင်းတယ်၊ မြည်းကြည့်ပါလား စီနီယာ!”
ပေါ်ရန်က ဇွန်းတစ်ဇွန်းစာကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“အရသာရှိတယ်မလား”
“အွန်”
“ဝမ်းသာပီတိဖြစ်မိပါတယ်ရှင့်”
ပေါ်ရန်သည် သူမနှင့်အတူ အဝတ်အစားများ ဈေးဝယ်ခဲ့ပြီး၊ IKEAကိုလည်း သူမနှင့်သွားကာ ရေခဲမုန့်ကိုလည်း မျှစားရင်း ကြည်နူးဖွယ် ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။
ဤချိုမြိန်သောခံစားမှုများသည် သူ့နှလုံးသားထဲတွင် စုစည်းကာ ပျားရည်ကဲသို့ တစ်စက်ပြီးတစ်စက်... ပျော်ရွှင်မှုအားလုံးကို သိမ်းပိုက်လိုက်သည်။
နှစ်ယောက်သား ရေခဲမုန့်ကို လုစားနေကြသည်။ ပေါ်ရန်သည် ဤမိန်းကလေးနှင့် အချိုပွဲမုန့်များကို မည်သို့စားရမည်ကို သဘောပေါက်သွားသည်၊ သူသည် အရွယ်အစား သေးသေးများကို မမှာယူတော့ပဲ အကြီးဆုံးအရွယ်အစားကို မှာယူရမည် သို့မဟုတ် စားရန် မလောက်မငှ ဖြစ်သွားပေလိမ့်မည်။
“စီနီယာ၊ နောက်တစ်ခါ ရေခဲမုန့်ဆိုဒ်ကို နှစ်ဆမှာမှ ရမယ်”
“ဒါပေါ့”
ကျင်းရှီက စိတ်မကောင်းစွာဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
သူက ရုတ်တရက် ပြောလိုက်သည်။ “မလှုပ်နဲ့”
ကျင်းရှီက ချက်ချင်း ရပ်တန့်သွားသည်။ သူမ၏ နက်မှောင်သော မျက်လုံးများသည် ရှည်လျားလှပသော လက်ချောင်းများ သူမနှုတ်ခမ်းထောင့်သို့ ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ကြိမ်သာ ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်သည်။ ဝေဖာကတော့၏ အမှုန်တစ်စသည် သူ့လက်ချောင်းထိပ်များပေါ်သို့ ရောက်ရှိသွားသည်။
ထို့နောက် ကျင်းရှီ၏ မျက်လုံးများရှေ့တွင် ထိုဝေဖာကတော့အမှုန်ကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ကျင်းရှီ - ....
အဲလိုမလုပ်ပါနဲ့။ နောက်ထပ် လိုချင်သေးရင် ကျွန်မ ရှင့်အတွက် မှာပေးလို့ရပါတယ်၊ စီနီယာရယ်...
ပေါ်ရန်က ကျင်းရှီကို အိမ်ပြန်မပို့ခင် ညမိုးချုပ်သည်အထိ နှစ်ယောက်သား ဈေးဝယ်နေကြသည်။
ကျင်းရှီ၏ ကွန်ဒိုဝန်းတွင် အပြင်လူများ လွတ်လပ်စွာ ၀င်ထွက်ခွင့် မပြုသော လုံခြုံရေးဖြင့် တင်းကျပ်ထားသည်။
သံတံခါးဝတွင် ပေါ်ရန်က သူမဆံပင်များကို ဖွရင်း “သမီးလေး ဒီနေ့ ဖေဖေနဲ့ ဈေးဝယ်ထွက်ပေးလို့ ကျေးဇူးတင်ပါတယ်” ဟုလေးနက်စွာ ပြောလိုက်သည်။
“ဘယ်သူက ရှင်သမီးလဲ” ကျင်းရှီက သူ့လက်ကို ဖယ်လိုက်သည်။ “ရှင် ကျွန်မကို အဝတ်လဲခန်းထဲမှာ လှည့်စားခဲ့တာကို မှတ်မိနေတုန်းပဲ”
“ငါ မင်းကို မလှည့်စားခဲ့ပါဘူး”
ကျင်းရှီက သူမအသံကို လျှော့လိုက်သည်။ “ရှင်က... တစ်ခါတလေ အရမ်းသဘောကောင်းတယ်၊ တစ်ခါတလေ စိတ်ရှုပ်စရာကောင်းတယ်”
အဝတ်လဲခန်း အဖြစ်အပျက်ကို ပြန်သတိရသွားကာ သူမ၏ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး အထူးသဖြင့် ဝိုးတဝါးဖြစ်နေသော လရောင်ထဲတွင် ဆွဲဆောင်မှုရှိနေသည်။
ပေါ်ရန်က ခြောက်နေသော သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး “အရင်ကတည်းက ကောင်မလေးတွေကို မနမ်းဖူးဘူး” ဟုပြောလိုက်သည်။
သူမ ခေါင်းကို မော့လိုက်ပြီး အရောင်တောက်နေသော မျက်လုံးများဖြင့် သူ့ကို ငေးကြည့်လိုက်သည်။
“ငါကောင်မလေးတစ်ယောက်တောင် တစ်ခါမှ မနမ်းဖူးဘူး”
လေနုအေးက ညင်သာစွာ တိုက်ခတ်လာသည်။ ကျင်းရှီသည် ခေါင်းငုံ့လိုက်ပြီး နားရွက်များ ပူထူလာသည်။
“အိုး~”
ဘာကြောင့်လဲ။
အစားအသောက်လာပို့သည်ကို ဆင်းယူဖို့ အောက်ထပ်ကိုဆင်းလာသော ရှန်ဖျင်ချွမ်က ပေါ်ရန်၏စကားကိုကြားလိုက်ရသည်။ ထိုနှစ်ယောက်၏ ရှက်နေကြသော ပုံစံကို ကြည့်ပြီး တစ်ခုခုဖွင့်ပြောလိုက်သည့်ပုံပေါက်နေသည်ကို တွေ့လိုက်ရသည်။
သူလျှောက်လာပြီး ကျင်းရှီကို အထဲ ဆွဲခေါ်သွားပြီး ပေါ်ရန်ကို လက်ဝှေ့ယမ်းပြလိုက်သည် -
“ဘော်ဒါရေ ချိန်းမတွေ့ရဘူးနော် ချိန်းမတွေ့ရဘူး!”
ကျင်းရှီသည် ပေါ်ရန်ကို နောက်ပြန်ကြည့်ပြီး ပြုံးပြလိုက်သည်။
သူမသည် လကို ငေးကြည့်ရင်း သစ်ပင်များထက်တွင် အလွန်လှပစွာ ထွန်းလင်းနေကြောင်း တွေ့လိုက်ရသည်။
၂၉ရက်နေ့သည် မောင်လေးကျင်းရှောင်ပေါင်၏ မွေးနေ့ဖြစ်သည်။
၃၀ရက်နေ့သည် နှစ်သစ်ကူးအကြိုနေ့ဖြစ်သည်။ ကျင်းမောင်၏ ဆန္ဒအရ ကျင်းရှီကို နှစ်သစ်ကူးအကြိုနေ့အထိ သူတို့အိမ်မှာ နေစေချင်သည်။
နောက်ဆုံးတော့ သူက သူမအဖေအစစ်ဖြစ်ပေသည်။ ရှန်မိသားစုက ယောက်ျားနှစ်ယောက် သည် သူမနှင့် မည်သည့်သွေးသားတော်စပ်မှုမျှမရှိ၊ ရှန်မိသားစု နှစ်သစ်ကူးအတွက် သူမကို သူတို့အိမ်တွင် ထားထားရန် မည်သို့သောအခွင့်အရေးများ ရှိနေလို့လဲ။
ရှန်ရှိရှန်းသည် အစက သဘောမတူပါ။ သူသည် ကျင်းရှီကို သူ့သမီးကဲ့သို့ ပြုစုပျိုးထောင်ခဲ့ပြီး သူ့သမီးကို လုယူသွားခြင်းကို သည်းမခံနိုင်တော့သည်မှာ အသေအချာပင်။
ဤကိစ္စအတွက် ရှန်ရှိရှန်းသည် ကျင်းမောင်ကို ဖုန်းခေါ်လိုက်သည်။
ကျင်းမောင်က ကျင်းရှီအား “ရှန်အဖိုးကြီး၏သမီး” ဟုသူမကို ရည်ညွှန်းခဲ့သော်လည်း ဖုန်းခေါ်ဆိုမှုတွင် သူက ရိုသေစွာနှင့် “မစ်စတာရှန်” ဟုခေါ်လိုက်သည်။
ထိုအချိန်တွင် ရှန်ရှိရှန်းက ကျင်းမောင်ကို “အဖိုးကြီးကျင်း” ဟုခေါ်လိုက်သည်။
သူတို့နှစ်ဦးကြားရှိ ကြီးမားသောအဆင့်အတန်းကွာဟမှုကို ဤသို့တစ်ယောက်ကို တစ်ယောက် ခေါ်ဆိုပုံကနေ အရိပ်အမြွက်သိနိုင်သည်။