← Chapters

အပိုင်း (၃၃)

Vol. 3 Ch. 33

အပိုင်း (၃၃)

Vol. 3 Ch. 33

ကျင်းမောင်သည် ယနေ့နေရာကို ရောက်ရန် အဆင့်ဆင့် ရုန်းကန်ခဲ့ရပြီး ကိုယ့်ဒူးကိုယ်ချွန်ကာ သူဌေးတစ်ဦးဖြစ်လာခဲ့သည်။ ယခုနှစ်များအတွင်း စီးပွားရေးကောင်းမွန်ခဲ့သော်လည်း ရှန်မိသားစု၏ မျိုးဆက်စည်းစိမ်ဥစ္စာများနှင့် နှိုင်းယှဉ်၍ မရပါ။ ရိုးရိုးရှင်းရှင်းပြောရလျှင် တစ်မျိုးမှာ မျိုးရိုးစဉ်ဆက်အရ မြင့်မြတ်သော ချမ်းသာမှုဖြစ်ပြီး တစ်မျိုးမှာ မကြာခင်ကမှ ချမ်းသာလာသည့်အမျိုးဖြစ်သည်။

ကျင်းမောင်နှင့် ရှန်ရှိရှန်းတို့အကြား ကွာဟချက်သည် အဆင့်အတန်းလိုက် တော်တော်ကွာဟသည်။

“အဖိုးကြီးကျင်း၊ ရှီရှီက နှစ်သစ်ကူးကို ငါတို့နဲ့ အမြဲဖြတ်သန်းနေကြ။ ငါတို့ ဆွေမျိုးတွေက နှစ်သစ်ကူး အကြိုနေ့မှာ ကလေးကို မကြာခဏ လာကြည့်လေ့ရှိတယ်၊ အဲ့ဒါကြောင့် မင်းဆီကို လွှတ်ဖို့ ငါသဘောမတူဘူး”

ကျင်းမောင်က စိတ်ရှည်ရှည်နှင့် ပြောလိုက်သည်။ “မစ္စတာရှန်၊ ရှီရှီက အရင်နှစ်တွေကလည်း ငါ့အိမ်ကို အမြဲလာနေကျဆိုပေမယ့် ဒီနှစ်တော့ ငါတို့မိသားစုရဲ့လူကြီးသူမတွေက ကလေးကို လွမ်းနေတယ်။ လူကြီးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါကြိုးစားနေတယ်၊ အဲ့ဒါကြောင့် ဒီနှစ်တော့ လာခွင့်ပြုလိုက်ပါ”

“လူကြီးသူမတွေကို အဖော်ပြုဖို့ မင်းရဲ့သား ရှိတယ်လေ။ ငါတို့အိမ်မှာက ရှီရှီ တစ်ယောက်ပဲရှိတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူမရှိရင် နှစ်သစ်ကူးလို့ ခံစားရမှာ မဟုတ်ဘူး။ အဲဒါဆို ပြေလည်သွားပြီ၊ ဒီကိစ္စကို ဆုံးဖြတ်လိုက်ပြီ ဒါပဲ”

“အိုက်ယားယား...မစ်စတာရှန်၊ ငါတို့ ဘာလို့ ဒီကိစ္စကို ထပ်ပြီး မဆွေးနွေးနိုင်ရမှာလဲ။ ပြီးတော့ ရှီရှီက နှစ်သစ်ကူးပြီး ပထမဆုံးရက်မှာ ပြန်လာမှာမလား”

“မင်းက ငါနဲ့ စီးပွားရေးကိစ္စလို လာညှိနှိုင်းနေတာလား၊ အဖိုးကြီးကျင်း? မဖြစ်နိုင်ဘူး၊ အာ၊ ရှီလေးက ငါတို့ရှန်မိသားစုရဲ့ ကလေးပါ၊ ငါတို့အိမ်ထောင်စုမှာ စာရင်းသွင်းထားပြီးသား၊ အဲ့တော့ ငါတို့ရှန်မိသားစုနဲ့ နှစ်သစ်ကို ဖြတ်သန်းရမယ်၊ ဒါပဲ၊ အဲ့လိုပဲဖြစ်ရမယ်”

ကျင်းရှီနှင့် ရှန်ဖျင်ချွမ်တို့ မောင်နှမများသည် ရှန်ရှိရှန်း၏ ဘေးတွင် ဝပ်ဝပ်ကလေး နေနေပြီး ဖုန်းပြောတာကို နားထောင်နေကြသည်။

ရှန်ဖျင်ချွမ်က အသံတိုးတိုးပြောလိုက်သည်။ “ဥက္ကဌရှန်က နာမည်တစ်လုံးတည်းနဲ့ နေတာ၊ မိသားစုရေးရာပြောတဲ့အခါမှာရောပဲ စီးပွားရေးကိစ္စညှိနှိုင်းသလိုမျိုးရဲ့ အရိပ်အဝါတွေ တွေ့နေရတယ်”

ကျင်းရှီက ခေါင်းညိမ့်ပြီး လက်ခံလိုက်သည်။ သူမ၏ အဖေရင်းမှာတောင် ရှန်ရှိရှန်းလိုမျိုး ခံ့ညားသော အမူအရာမရှိပေ။

နောက်ဆုံး စေ့စပ်ညှိနှိုင်းမှုကြောင့် ကျင်းရှီသည် သူမ၏ မောင်ဖြစ်သူ ကျင်းရှောင်ပေါင်၏ မွေးနေ့ပွဲကို ၂၉ ရက်နေ့တွင် သွားရတော့မည်။ ထိုနေ့တွင် သူမသည် ကျင်းအိမ်တွင် တစ်ညအိပ်ပြီး ၃၀ ရက်နေ့ အစောပိုင်းတွင် ကျင်းမောင်သည် ကလေးကို ရှန်အိမ်သို့ ပြန်ပို့ပေးမည်ဖြစ်သည်။

သူမ မထွက်သွားခင် ရှန်ဖျင်ချွမ်က ကျင်းရှီ၏ ကျောင်းလွယ်အိတ်ထဲသို့ အဝတ်အစားအပိုနှင့် ကိုယ်ချပ်အတွင်းခံများကို ထည့်ကာ ထုပ်ပိုးပြီး “အနိုင်ကျင့်မခံနဲ့၊ ငါ့ကို လုပ်သလိုမျိုး ဆွာစိနေအောင် ပြောပစ်၊ လက်သီးတွေနဲ့ပါ ကောက်ထိုးပစ်၊ ဟောက်သင့်ရင် ဟောက်ပစ်လိုက်၊ ကြွက်တစ်ကောင်လို ကြောက်ပြမနေနဲ့၊ ဟိုရောက်တာနဲ့ သူများတွေ ဝိုင်းလုပ်တာမခံနဲ့”

ကျင်းရှီသည် အနည်းငယ် ကြောက်ရွံ့တတ်ပြီး ရှန်ဖျင်ချွမ်ကိုသာ သတ္တိရှိရှိ လက်သီးဖြင့် ထိုးရဲသည်။ တခြားသူများနှင့်ဆိုလျှင် သူမမှာ သတ္တိမရှိချေ။

“တကယ်တော့ ကျွန်မအဖေက ကျွန်မအပေါ် အရမ်းသဘောကောင်းတယ်”

ရှန်ဖျင်ချွမ်က မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်။ “မင်းအသက်နည်းနည်းကြီးလာလို့သာ သူမင်းအပေါ် ကောင်းပြနေတာ၊ မင်းငယ်ငယ်တုန်းက သူ မင်းကို ဂရုမစိုက်ဘူးမလား”

ကျင်းရှီ နှုတ်ဆိတ်သွားသည်။

ရှန်ရှိရှန်းက သူမကို ကားနှင့်မောင်းပို့ခဲ့သည်။ ရှန်ဖျင်ချွမ်လည်း လိုက်သွားသည်။ သူတို့နှစ်ယောက်စလုံး စိုးရိမ်နေကြပြီး ကျင်းရှီသည် သူမ စိတ်အားငယ်သလို ခံစားရမည်မဟုတ်ကြောင်း ထပ်ခါတလဲလဲ အာမခံနေ ခဲ့သည်။

ကျင်းအိမ်ကြီးသည် မြစ်ကမ်းစပ်ရှိ ဇိမ်ခံဗီလာဝန်းတစ်ခုတွင် တည်ရှိပြီး အလွန်ခမ်းနားစွာ ပြုပြင်မွမ်းမံထားသည်။ ပရိဘောဂအားလုံးသည် အရည်အသွေးပြည့်မီသော သစ်သား၊ ဇိမ်ခံပစ္စည်းပေါင်းစုံရှိနေပြီး ဆန့်ကျင်ဘက်အားဖြင့် ရှန်အိမ်ကတောင် သူ့ထက် ရိုးရိုးရှင်းရှင်း ပုံစံဖြစ်နေသေးသည်။

ရှန်မိသားစုတွင် မိသားစုဝင် အနည်းအကျဉ်းသာ ရှိသောကြောင့် သူတို့သည် ဥယျာဉ်မြို့တော်တိုက်ခန်းတစ်ခုတွင် နေထိုင်ကြပြီး ကြီးကျယ်ခမ်းနားသော ကျင်းမိသားစု၏ အိမ်ကြီးနှင့် မယှဉ်သာပေ။ သို့သော်လည်း ကျင်းရှီအတွက်က ရှန်အိမ်ကသာ ပိုနွေးထွေးပြီး သက်တောင့်သက်သာရှိစေသည်။

ကျင်းမောင်နှင့် အဒေါ်ကျန်းတို့သည် ကျင်းရှီကို အိမ်ထဲသို့ ခေါ်သွားကြသည်။ မွေးနေ့ရှင် ကျင်းရှောင်ပေါင်က Transformers အရုပ်ကို ကိုင်ပြီး “အစ်မကျင်းရှီ ရောက်လာပြီ၊ ရှောင်ပေါင် ဒီနေ့ အရမ်းပျော်တယ်!”

အဒေါ်ကျန်းက ကျင်းရှောင်ပေါင်၏ ကျောကို ပုတ်ပြီး “ရှောင်ပေါင်၊ သားအစ်မကို ထိုင်ဖို့ ထိုင်ခုံနေရာပြလိုက်ပါဦး၊ သူက ဧည့်သည်လေ၊ သား အိမ်ရှင်ဆိုတော့ အိမ်ရှင်လို ပြုမူရမှာပေါ့”

“အစ်မ ထိုင်ပါဦး!” ကျင်းရှောင်ပေါင်သည် ကျင်းရှီအတွက် ခွေးခြေလေးတစ်လုံးကို ယူလာခဲ့သည်။

“ကျေးဇူးပါပဲ ရှောင်ပေါင်”

ကျင်းရှီသည် ကြီးမားသော အိမ်ကြီးကို လှည့်ပတ်ကြည့်လိုက်သည်။ အိမ်အပြင်အဆင်သည် အခြေခံအားဖြင့် သူမ၏ ငယ်ဘဝ အမှတ်တရများကအတိုင်း သိပ်ပြီးမပြောင်းလဲပေ။

အချိန်ကြာလာသည်နှင့်အမျှ အိမ်ပိုင်ရှင်များ ပြောင်းလဲသွားပြီး သူမသည် ဧည့်သည်တစ်ယောက်ဖြစ်လာခဲ့သည်။

ကျင်းရှီသည် ရှောင်ပေါင်ကို လက်ဆောင်ပေးလိုက်သည်။ အဒေါ်ကျန်းက သူမကို ယဉ်ကျေးစွာ ကျေးဇူးတင်ကြောင်းပြောပြီး အစေခံအား လက်ဆောင်ကို ယူသွားခိုင်းလိုက်သည်။

ကျင်းရှောင်ပေါင်က ကျင်းရှီ၏ လက်ကို ကိုင်လိုက်ပြီး “အစ်မ၊ ကျွန်တော့်မှာ VR ဂိမ်းအခန်းရှိတယ်၊ အဖေက ကျွန်တော့်အတွက် အထူးလုပ်ပေးထားတာ။ အစ်မကို ခေါ်သွားပြမယ်!”

ကျင်းရှီသည် ကျင်းရှေောင်ပေါင်နောက်ကနေ အပေါ်ထပ်သို့ လိုက်သွားခဲ့သည်။ ကျင်းမောင်က “ထမင်းစားချိန်ရောက်နေပြီ၊ သားက ဘာလို့ ဂိမ်းခန်းကို သွားပြမှာလဲ”

“အိုး၊ ကလေးတွေကို ကစားပါစေ။ သွားမရှုပ်ပါနဲ့” ဟုအဒေါ်ကျန်းက ပြုံးပြီးပြောလိုက်သည်။ “ရှီရှီက ဒီကိုလာခဲတယ်။ ဒီနေ့ ကလေးတွေ သူတို့စိတ်ကြိုက် ကစားပါစေ”

ကျင်းရှောင်ပေါင်က ကျင်းရှီကို အပေါ်ထပ်သို့ ခေါ်သွားသည်။

VR ဂိမ်းအခန်းသည် အလွန်ကျယ်ဝန်းပြီး ကိုယ်ထည်အပြည့်လှုပ်ရှားနိုင်သော ဂိမ်းစက်များ၊ ထိပ်တန်းဂိမ်းစက်များအားလုံးကို တပ်ဆင်ထားသည်။

ကျင်းရှီ၏ အာရုံစိုက်မှုသည် ဂိမ်းစက်များပေါ်တွင် မဟုတ်ပါ။ သူမသည် ဂိမ်းခန်းတစ်ဝိုက်ကို ကြည့်လိုက်သည် - ဒါက ငယ်ငယ်က သူမနေထိုင်ခဲ့သည့် အိပ်ခန်းဖြစ်နေသည်။ ယခု ၎င်းကို ကျင်းရှောင်ပေါင်၏ ဂိမ်းကစားခန်းအဖြစ် ပြန်လည်မွမ်းမံထားသည်။

ကျင်းရှောင်ပေါင်သည် ကျင်းရှီ၏ လက်ကိုဆွဲကာ ဂိမ်းအတူတူကစားချင်နေသည်။

သူ့အဖေ ကျင်းမောင်က အပြစ်ရှိသလို ခံစားရပြီး ကျင်းရှောင်ပေါင်ကို ဂိမ်းခန်းထဲက ဆွဲထုတ်လိုက်ပြီး “ဘာဂိမ်းလဲ ထမင်းစားချိန်ရောက်နေပြီ”

ကျင်းရှီမှုန်တွေသွားသည်ကို မြင်လိုက်ရာ အဒေါ်ကျန်းက “ရှီရှီ စိတ်မဆိုးနဲ့နော်။ သမီးအဖေက သမီးဒီမှာမနေတော့ဘူးဆိုတော့ အခန်းက လွတ်နေလို့ အဲဒါကို ပြန်ပြင်လိုက်တာပါ၊ ရှောင်ပေါင်ရဲ့ ဂိမ်းကစားခန်းအဖြစ်ပေါ့”

အပေါ်ယံတွင် ဤအရာသည် သူမအား နှစ်သိမ့်ရန် ရည်ရွယ်ထားသော်လည်း အမှန်တကယ်တွင် ဤအိမ်ထောင်စုတွင် သူမအတွက် နေရာမရှိတော့ကြောင်း သူမအား ရှင်းရှင်းလင်းလင်း ဖြစ်စေရန်အတွက် စကားလုံးတိုင်းကို ဆူးညှောင့်များထည့်ကာ ပြောနေလေသည်။

ကျင်းရှီ၏ အမူအရာသည် တစ်နေ့တာလုံး မပျော်မရွှင်ဖြစ်နေခဲ့သည်။ သူမ ပြုံးပြနေချိန်တွင် အတင်းအကြပ် ပြုံးပြနေပုံရသည်။

ကျင်းမောင်က ရှန်ရှိရှန်းထံမှ ကြားထားသည်မှာ ကျင်းရှီသည် ရှန်မိသားစုတွင် ပျော်ပျော်နေတတ်သော ကလေးလေးဟူ၍ ဖြစ်သည်။ သူ့အိမ်ပြန်လာသည်နှင့်တာနဲ့ ဘယ်လိုဖြစ်၍ ချုပ်နှောင်ခံထားရသလိုမျိုး တိတ်ဆိတ်သွားတာလဲ။

မွေးနေ့ညစာစားပွဲအပြီးတွင် အဖိုးအဖွားများသည် မွေးနေ့ပွဲလေးကို မွေးနေ့ရှင်ကောင်လေးအတွက် စာအိတ်နီများ ပေးခဲ့ကြသည်။

“ဖိုးဖိုးဖွားဖွားတို့ရဲ့ ရှောင်ပေါင်လေး ကြီးလာသည်နှင့်အမျှ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးနေပါတယ်”

လူကြီးသူမများသည် စာအိတ်နီများကို ထုတ်ပေးပြီးနောက် ၎င်းတို့သည် ရှောင်ပေါင် အတွက်သာ ဖြစ်ပြီး ကျင်းရှီအတွက် တစ်ခုမျှမဟုတ်ကြောင်း ကျင်းမောင်က သတိပြုမိသည်။ သူတို့ မေ့သွားပြီဟုထင်ပြီး သူက ပြုံးပြုံးရွှင်ရွှင်နှင့် “အဖေနဲ့အမေ၊ ရှီရှီအတွက် စာအိတ်နီရော”

လူကြီးသူမများက ချောင်းဟန့်ပြပြီး ပြန်မဖြေခဲ့ချေ။

လူကြီးသူမများ အဆိုအရ မိသားစုတွင် ယောက်ျားလေးများသာ စာအိတ်နီရကြပြီး မိန်းကလေးများက မရပေ။

အဒေါ်ကျန်းက မျက်နှာမှာ ပြုံးယောင်သမ်းနေသည်။ ကျင်းမောင် အနည်းငယ် အရှက်ရသွားသည်မှာ ထင်ရှားနေသည်။

ထမင်းစားပြီးနောက် သူသည် ကျင်းရှီကို လသာဆောင်သို့ တိတ်တဆိတ်ဆွဲခေါ်သွားကာ စာအိတ်နီကြီးတစ်ထုပ်ကို ပေးကာ အဖိုးအဖွားများ သို့မဟုတ် အဒေါ်ကျန်းအား မမြင်ရအောင် အမြန်ဝှက်ထားရန် ပြောခဲ့သည်။

အထုပ်မှာ ထူထူကြီးဖြစ်နေပြီး ပမာဏက မနည်းမှန်း ကျင်းရှီ မှန်းဆနိုင်သည်။

သို့သော် သူမသည် ကြီးပြင်းလာစဉ်ကတည်းက ရှန်မိသားစု၏ အလိုလိုက်ခြင်းကို ခံခဲ့ရသည်။ ရှန်မိသားစုသည် “သားများကို ညံ့ဖျင်းစွာပျိုးထောင်ပြီး သမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရမည်” ဟူသောမူကို လိုက်နာသောကြောင့် ကျင်းရှီ၏ နေ့စဉ်အသုံးစရိတ်မှာ ရှန်ဖျင်ချွမ်ထက် သုံးဆ သို့မဟုတ် လေးဆခန့် ရလေသည်။ ထို့ကြောင့် ပိုက်ဆံက သူမမျက်လုံးများကို ဘယ်တော့မှ အရောင်မမှေးမှိန်စေခဲ့ချေ။

သူမ၏ ဖခင်ထံမှဖြစ်သောကြောင့် ကျင်းရှီသည် ထိုစာအိတ်နီကိုလက်ခံခဲ့သော်လည်း သူမ၏ ဖခင်မြင်တွေ့ဖို့ မျှော်လင့်ထားသည့် စိတ်လှုပ်ရှားသွားသော အမူအရာမျိုး သူမမှာ မဖြစ်ပေါ်ခဲ့ပေ။

သူမက သူ့ကို အေးအေးဆေးဆေး ကျေးဇူးတင်လိုက်သည်။

အဖေဖြစ်သူက သက်ပြင်းချလိုက်ပြီး ကျင်းရှီအား “ဒီလောက်နှစ်တွေကြာတာတောင် အဖေ သမီးစိတ်ကို ပြန်ရအောင် မလုပ်နိုင်ခဲ့ဘူး”

ကျင်းရှီဟာ သူမကျရှုံးဖူးသည်ဟူ၍ ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။ သူမ မရရှိခဲ့သော ချစ်ခင်စုံမက်မှုအားလုံးကို ရှန်ဖခင်နှင့် အစ်ကိုကြီးတို့က သူမအား ပေးခဲ့ပြီး လက်ခုပ်ထဲက ပုလလုံးလေးတစ်လုံးလို အလိုလိုက် တန်ဖိုးထားခဲ့ကြသည်။ ထို့ကြောင့် သူမသည် ဤဖခင်အရင်းအား အမြဲတမ်း စိတ်ထဲ ရှိမနေခဲ့ပေ။

ထိုညတွင် ကျင်းမောင်သည် အစေခံများအား ကျင်းရှီအတွက် ဧည့်သည်အိပ်ခန်းကို ပြင်ဆင်စေရန် ညွှန်ကြားခဲ့သည်။

အိပ်ရာမဝင်ခင် ရှန်ဖျင်ချွမ်က ကျင်းရှီကို ဗီဒီယိုကောခေါ်ခဲ့သည်။

“အစ်ကို”

ရှန်ဖျင်ချွမ်သည် ဆိုဖာပေါ်တွင် ခြေထောက်ကို ယှက်ကာ ထိုင်နေပြီး သူမကို မေးခွန်းများမေးနေသည်။

“မင်း ကြမ်းပြင်ပေါ်မှာ အိပ်တာလား ထပ်ခိုးမှာလား”

“မင်းကို သူတို့ရဲ့ဝေယျာဝစ္စတွေလုပ်ခိုင်းသေးလား”

“မင်းရဲ့ မိထွေးက မင်းကို ရိုက်သေးလား”

ကျင်းရှီက ပြန်ပြောလိုက်သည်။ “ကျွန်မကို စင်ဒရဲလားလို့ ထင်နေလား၊ ထပ်ခိုးမှာ အိပ်ရအောင်။ ဘာတွေ တွေးနေတာလဲ”

ရှန်ဖျင်ချွမ် - “အနည်းဆုံးတော့ စင်ဒရဲလားမှာ ရွှေဖရုံသီးရထားလုံးနဲ့ ဖန်ဖိနပ်တစ်ရံ ရှိတယ်။ မင်းမှာ ဘာရှိလို့လဲ၊ အပယ်ခံကောင်မလေးရဲ့”

ကျင်းရှီ - “ဒါပေမယ့် ကျွန်မမှာ အစ်ကိုတစ်ယောက်ရှိတယ်လေ”

ထိုစကားကိုကြားပြီးနောက် ရှန်ဖျင်ချွမ်က စိတ်ရွှင်လန်းသွားပြီး ဂရုတစိုက်နှင့် မေးလေတော့သည်။ “မင်း ဖြည့်စွက်စာ စားပြီးပြီလား”

ကျင်းရှီက ဗိုက်ကိုဖုံးလိုက်ပြီး “ကိတ်မုန့် အများကြီးစားထားတယ်၊ ညစာတော့ မစားဖြစ်ဘူး”

"မနက်ဖြန် မနက်ကျရင် မင်းကို လာခေါ်မယ်”

“အိုကေ!”

ရှန်ဖျင်ချွမ်က သူ့မျက်နှာကြီးကို ဖုန်းစခရင်နားကပ်ပြီး မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ “ညီမလေး တစ်နေ့လုံး အစ်ကိုကြီးကို မတွေ့ရဘူးဆိုတော့ သတိရနေလား”

“သတိရတယ်ဟေ့ စောက်ရူးရဲ့”

“ကြားလား၊ အဖိုးကြီးရှန်ရေ၊ အဲ့ကောင်မလေး ခုနက ကျွန်တော့်ကို ကျိန်ဆဲနေတာ ကြားလိုက်တယ်မလား။ သူက ကျွန်တော့်ဆို ဆဲနေကျ၊ အဲ့ဒါကို ခင်ဗျားက မယုံဘူး။ အခု နားနဲ့ကြားလိုက်ရတယ်မလား၊ ကျွန်တော့်ကို စောက်ရူးလို့ ခေါ်လိုက်သေးတယ်၊ အဲ့ဒါ ကျိန်ဆဲနေတာမလား”

ကျင်းရှီ -......

သေတော့မယ် ဒီရှန်ဖျင်ချွမ်ကတော့!

“ဒီမှာ အဖိုးကြီးရှန်၊ ခင်ဗျားရဲ့ အဖိုးတန်သမီးလေးကို နှုတ်ဆက်လိုက်ပါဦး”

ဗီဒီယိုစခရင်ပေါ်တွင် ရှန်ရှိရှန်းသည် ဆိုဖာပေါ်တွင် ထိုင်ကာ သတင်းစာဖတ်နေသည်။ သူ့မျက်မှန်ကို ပြန်တည့်ပြီး “ရှီရှီ ၊ လူတွေကို ဆဲမနေနဲ့ လိမ္မာယဉ်ကျေးတဲ့ မိန်းကလေးလိုနေ” ဟုပြောလိုက်သည်။

ကျင်းရှီသည် ငိုချင်သလို ခံစားလာရသည်။ အချိန်အတော်ကြာအောင် ထိန်းသိမ်းထားခဲ့သော ချစ်စရာကောင်းသော မိန်းကလေးအကျင့်စရိုက်သည် ကွဲအက်သွားခဲ့ပြီ။

သူမက အပြစ်ရှိသလိုခံစားရပြီး ပြောလိုက်သည်။ “ဦးလေးရှန်၊ သမီး ဘယ်သူ့ကိုမှ မကျိန်ဆဲခဲ့ပါဘူး”

သူမသည် ထိုဝက်ခေါင်းကို ကျိန်ဆဲလိုက်သည်။

ရှန်ရှိရှန်း - “မင်းရဲ့ဦးလေးရှန်ကိုရော သတိရသေးလား။

ကျင်းရှီ - “အရမ်းသတိရတယ်”

ရှန်ရှိရှန်း - “ရှီရှီ၊ စောစောအိပ်တော့။ မနက်ဖြန် အိမ်ပြန်လာရမှာမလား”

“ဟုတ်ကဲ့ပါ”

လိမ္မာသော မိန်းကလေးသည် ပြောစကားနားထောင်စွာ ဆက်၍ ပြုမူနေသည်။

ရှန်ဖျင်ချွမ်၏ မျက်နှာကြီးသည် စခရင်ပေါ်တွင် တစ်ဖန် ပြည့်သွားပြီး “ညီမလေး၊ လူလိမ်တွေဆိုတာ အပ်တစ်ထောင်တောင် မျိုချရတယ် ပြီးရင် အိပ်မက်ဆိုးတွေ မက်တတ်တယ် သိလား”

ရှန်ရှိရှန်းက သူ့ကို မျက်လုံးလှန်ပြီး ကြည့်လိုက်သည်။ “ကဲ မင်းညီမ အိပ်ပါစေတော့”

ကျင်းရှီက ခစ်ခစ်ခစ်ရယ်ပြီး သူ့စိတ်အခြေအနေများ အလွန်ကောင်းမွန်လာသည်။

ရှန်ဖျင်ချွမ်သည် သူ့ဖုန်းကိုယူကာ သူ့အခန်းထဲပြန်ဝင်ပြီး တံခါးကိုပိတ်လိုက်သည်။ သူ့အသံကို တိုးတိုးလေးပြောနေပြီး ကျင်းရှီကို မေးလိုက်သည်။ “မင်းအစ်ကိုကို အမှန်အတိုင်းပြောစမ်း ဒီနေ့ ပျော်လား မပျော်ဘူးလား”

ရှန်ဖျင်ချွမ်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်၍မရနိုင်မှန်း သူမသိနေသည်။ သူမက ခေါင်းခါလိုက်ပြီး “သိပ်မပျော်ဘူး၊ အိမ်မြန်မြန်ပြန်ချင်တယ်”

ရှန်ဖျင်ချွမ်က နောက်ပြောင်သည့်ပုံစံမျိုး မလုပ်တော့ပေ။ သူ့လက်ချောင်းထိပ်များက စခရင်ကိုထိလိုက်ကာ နဖူးကို ပွတ်သပ်ရင်း “မင်းအစ်ကို မနက်ဖြန်မနက် မင်းကို အစောကြီး လာခေါ်မယ်”

“အွန်”

ကျင်းရှီသည် ဖုန်းချလိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းရင်း မျက်နှာကျက်ကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေပြီး ရှန်ဖျင်ချွမ်ကို သူမ ဘာကြောင့် သတိရနေမှန်းကို အံ့သြနေမိသည်။

ပြတင်းပေါက် အပြင်ဖက်တွင် မီးရှူးမီးပန်းဖောက်သံများ ရံဖန်ရံခါ ကြားနေရသည်။ ဤအချိန်သည် မိသားစုပြန်လည်ဆုံဆည်းရမည့်အချိန်ဖြစ်သောကြောင့် ချစ်ခင်ရသူများကို သတိရနေခြင်းသည် အထူးသဖြင့် ခံစားခက်လွန်းလှသည်။

ဒါက သူမအိမ် မဟုတ်တော့ပေ။ သူမအဖေကလည်း သူမအဖေမဟုတ်တော့ချေ။

ကျင်းရှီသည် ဤအိမ်တွင် သူမ၏ ငယ်စဉ်ကလေးဘဝက အပူအပင်မရှိသော နေ့ရက်များကို အိပ်ရာခင်းအောက်တွင် ခေါင်းကိုထည့်ထားရင်း တွေးနေသည်။ သူမစိတ်မှာ အားငယ်နေမိသည်။

နာရီဝက်အကြာတွင် သူမသည် ရေနွေးပူပူသောက်ရန်အတွက် သူမအခန်းမှ ထွက်လာခဲ့သည်။

မိသားစုဝင်များသည် ညဖက်တွင် အိပ်နေကြနေပြီဖြစ်သည်။ ကျင်းရှီ အောက်ထပ်သို့ ဆင်းလာသောအခါတွင် အဒေါ်ကျန်းနှင့် အစေခံတစ်ဦးတို့ စကားပြောနေသည်ကို သူမကြားလိုက်ရသည်။

“ဒီဟာကို လွှတ်ပစ်လိုက်၊ဘယ်သူမှ မမြင်အောင် အဝေးကြီးကို သွားပစ်လိုက်”

"ဒါပေမယ့်...ဒါက သခင်လေးကို သူ့မွေးနေ့အတွက် ပေးခဲ့တဲ့ လက်ဆောင်လေးပါ”

“ဒီပန်းချီဆွဲတဲ့ရေဆေးတွေက အပေါစား ဓာတုပါဝင်ပစ္စည်းတွေ ပါနေပြီးတော့ အဆိပ်အတောက်ဖြစ်စေတာကို ဘယ်သူသိနိုင်မှာလဲ။ သူက ရည်ရွယ်ချက်ရှိရှိ ပေးခဲ့တာပဲဖြစ်မယ်။ သွားလွှတ်ပစ်လိုက်”

“အဲဒါတော့မဖြစ်နိုင်ဘူး။ သခင်မလေးက ဒီလိုလုပ်မှာမဟုတ်ဘူး”

“အဲ့ဒီကောင်မလေးက အမြဲ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်၊ သူ့ခေါင်းထဲမှာ ဘယ်လို ဆိုးရွားတဲ့ အကြံအစည်တွေ ရှိတယ် ဆိုတာ ဘယ်သူသိမှာလဲ။ သခင်ငယ်လေးရဲ့ လုံခြုံမှုကိုတော့ ငါအထိအခိုက် မခံနိုင်ဘူး၊ ငါက ပစ်လိုက်ဆို ပစ်လိုက် ဘာတွေ အထွန့်တက်နေတာလဲ”

All Chapters