အပိုင်း (၃၄)
Vol. 3 Ch. 34
အစေခံသည် အိမ်နောက်ဖေးမှ ထွက်လာသောအခါ ကျင်းရှီကို ဝင်တိုက်မိပြီး အလန့်တကြား ထခုန်မိသွားသည် - “သခင်မလေး!”
အဒေါ်ကျန်းလည်း လန့်သွားသည်။ သူမ မျက်နှာပေါ်မှ နေရခက်သော အပြုံးဖြင့် ထိုနေရာကို ထွက်လာပြီးနောက် “ရှီရှီ ၊ ဒါက...”
ကျင်းရှီသည် အစေခံထံမှ ရေဆေးများကို မျက်နှာသေဖြင့် ယူလိုက်သည်။ “ဒီဟာတွေကို အဆိပ်အတောက်မဖြစ်စေတဲ့ သစ်ပင်ကနေအခြေခံထားတဲ့ ပစ္စည်းတွေကို သုံးပြီး လုပ်ထားတာပါ။ အဒေါ်ကျန်း မကြိုက်ရင် ကျွန်မကို ပြန်ပေးလိုက်။ ဒါကို ကျွန်မသူငယ်ချင်းပေါ်ရန်က အားစိုက်ပြီး သူကိုယ်တိုင်ကိုယ်ကျ ဆွဲထားခဲ့တာပါ”
သူမသည် ဆေးရောင်ခြယ်စာအုပ်ကို လှမ်းယူလိုက်ကာ ချောမွေ့ပြီး အသက်ဝင်သော ကာတွန်းပုံကြမ်းများကို ရတနာတစ်ခုလို ပွေ့ဖက်ကာ ကြည့်လိုက်သည်။
ပေါ်ရန် ပုံဆွဲထားသည်ကို အမှိုက်သဖွယ် သဘောထားကာ ပေါ့ပေါ့ဆဆ ပစ်ချခြင်းကို သည်းမခံနိုင်ပေ။
“ကျင်းရှီ၊ အဒေါ်ကျန်းက အဲဒီလို သဘောမျိုး မဆိုလိုပါဘူး”
“ဒါဆို ဒါက ဘာသဘောလဲ” ကျင်းရှီက သူ့ကို မော့ကြည့်ပြီး “ကလေးတစ်ယောက်အပေါ် ဒီလို စက်ဆုပ်တဲ့နည်းလမ်းတွေကို သုံးမယ်လို့ ရှင်ထင်နေတာလား”
အဒေါ်ကျန်းက သူမမှားတာကိုသိပြီး ချောင်းဆိုးပြကာ ညင်သာစွာ ပြောလိုက်သည်။ “ဘယ်သူသိမှာလဲ၊ မင်းက မင်းမောင်လေးကို မနာလိုဖြစ်နိုင်လို့လေ”
ကျင်းရှီ ဒေါသထွက်သွားသည်။ လှည့်ထွက်သွားပြီး အခန်းထဲ ပြန်ပြေးဝင်သွားသည်။ ကောင်းမွန်သော ရည်ရွယ်ချက်များက သူမကို ကျရှုံးစေခဲ့သည်။ သူမ တွေးလေလေ ဒေါသပိုထွက်လေလေဖြစ်သည်။ သူမ အိတ်ကို ပြန်ထုပ်ပိုးလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။
“သခင်မလေး ဒီလောက် မိုးချုပ်ကြီး ဘယ်သွားမလို့လဲ” အစေခံတစ်ယောက်က သူမကို တားဖို့ကြိုးစားပေမယ့် ကျင်းရှီက သူမလက်ကို အတင်းဆွဲဖယ်လိုက်သည်။
“ကျွန်မ ကိုယ့်အိမ်ကိုယ်ပြန်မလို့” ဟုသူမက ပြောလိုက်သည်။
“သူ ထွက်သွားချင်တယ်ဆိုရင်လည်း ထွက်သွားပါစေ။ ဒါက ဘယ်တော့မှ သူ့အိမ်မဟုတ်ခဲ့ဘူးလေ” ဟုကျင်းရှီက ထွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်ပြီး အဒေါ်ကျန်းက ပြောလိုက်သည်။ သူမကို တားဖို့ နောက်ထပ် မကြိုးစားတော့ပေ။
အစေခံက စိုးရိမ်တကြီးနှင့် “သခင်မ၊ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
အဒေါ်ကျန်းက အေးစက်စွာဖြင့် လက်ပတ်လိုက်ပြီး “သူ ကလေးမဟုတ်တော့ပါဘူး၊ လမ်း ပျောက်မှာ မဟုတ် ဘူးလေ”
ကျင်းရှီသည် တစ်လမ်းလုံး ပြေးလွှားပြီး ဗီလာဝန်းမှ ပြေးထွက်လာခဲ့သည်။
လမ်းများတွင် နီယွန်မီးများဖြင့် လင်းထိန်နေခဲ့သည်။ လမ်းဘေးသစ်ပင်များကို ရောင်စုံမီးပုံးများ၊ အနီရောင်မီးလုံးများဖြင့် အလှဆင်ထားပြီး အလွန်အသက်ဝင်နေသည်။
ကျင်းရှီသည် ဆေးရောင်ခြယ်စာအုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အလွန်စိတ်မကောင်းဖြစ်မိသည်။
ယနေ့ အိမ်မှာ ခံစားနေရသည့် ဝမ်းနည်းမှုများက သူမနှလုံးသားထဲမှာ ပြည့်လျှံနေခဲ့သည်။ သူမ အလွန်စိတ်မကောင်းဖြစ်ပြီး မျက်ရည်မကျအောင် မထိန်းနိုင်ခဲ့ပေ။
ဤညအချိန်၌ မရင်းနှီးသောပတ်ဝန်းကျင်တွင် ကျင်းရှီသည် ဘယ်ကိုသွားရမည်မသိပေ။
ဆေးရောင်ခြယ်စာအုပ်ကို ပွေ့ဖက်ကာ မျက်ရည်များကို သူမ၏ ဆွယ်တာအင်္ကျီလက်စဖြင့် သုတ်ကာ လမ်းဘေးတွင် ထိုင်လျက်သားဖြစ်နေခဲ့သည်။ ထို့နောက် ဖုန်းကို ထုတ်လိုက်သည်။ သူမ၏ပထမဆုံးတုံ့ပြန်မှုသည် ရှန်ဖျင်ချွမ်ကို ဖုန်းဆက်ရန်ဖြစ်သည်။
သူမ၏ ဖုန်းအဆက်အသွယ်များကို ဖွင့်ကြည့်လိုက်ရာ ပင်မစာမျက်နှာရှိ ပထမဆုံးနံပါတ်မှာ ပေါ်ရန်၏ နံပါတ်ဖြစ်နေသည်။
ကျင်းရှီ၏ လက်ချောင်းများက ၎င်းအပေါ်တွင် အချိန်အတော်ကြာအောင် ပျံဝဲနေကာ နောက်ဆုံးတွင် အောက်သို့ ဖိချလိုက်သည်။
ည ၁၁ နာရီတွင် “အိပ်ရာစောစောဝင်ပြီး စောစောထတာက လူကိုကျန်းမာချမ်းစေပြီးတော့ လှုပ်ရှားဖို့အတွက် အသင့်ဖြစ်စေတယ်” ဟူသော သိပ္ပံနည်းကျနိယာမကို လိုက်နာသော ပေါ်ရန်သည် ကျုံးကွေ့အကြောင်းကို အိမ်မက်မက်နေလောက်ပြီဖြစ်သည်။
ရုတ်တရက် သူ့ဖုန်းမြည်သံကြောင့် လန့်နိုးလာသည်။ ဘယ်သူလဲဆိုတာကို မစစ်ဆေးပဲ အိပ်ရာဘေးက ဖုန်းကို ပျင်းရိစွာ လှမ်းကိုင်လိုက်ပြီး “သခင်ပေါ် အိပ်နေတယ်၊ အရေးကြီးရင် မနက်ဖြန် ဖုန်းပြန်ဆက်”
အချိန်အတော်ကြာအောင် တစ်ဖက်တွင် နောက်ခံဆူညံသံမျှသာကြား ပြန်မဖြေခဲ့ပေ။
ထို့နောက် ရှိုက်သံတိုးတိုးလေး ကြားလိုက်ရသည်။
ပေါ်ရန်သည် ချက်ချင်းသတိဝင်သွားသည်။ သူ့မျက်လုံးများကို မသေချာမရေရာဖွင့်ပြီး “ကျင်းရှီ...မင်းလား”
နူးညံ့သော “အွန်” အသံမှာ ဖုန်းမှ ထွက်ပေါ်လာသည်။
သူမ၏ အသံကို ကြားလိုက်ရသဖြင့် ပေါ်ရန် ချက်ချင်း ထထိုင်လိုက်သည်။ ဟာသတစ်ခုအနေနှင့် စိတ်ကို ပေါ့ပါးသွားစေအောင်ကြိုးစားရင်း “ငါ့သမီးလေးကို ဘယ်သူက အနိုင်ကျင့်တာလဲ။ ဖေဖေ့ကိုပြော၊ သူတို့ကို ဆော်ပစ်မယ်” ဟုပြောလိုက်သည်။
မထင်မှတ်ပဲ ဤစကားက ကျင်းရှီကို မျက်ရည်ကျစေခဲ့သည်။
သူမ ဘာကြောင့် ဒီလောက် ခံစားနေရတာလဲ မသိတော့။
ကောင်မလေး၏ တုန်တုန်ယင်ယင် ငိုသံကို ဖုန်းဖြင့် နားထောင်ရင်း ပေါ်ရန်၏ နှလုံးသားသည် နာကျင်စွာ တုန်လှုပ်သွားခဲ့သည်။ ကုတင်ပေါ်မှ ခုန်ဆင်းကာ အင်္ကျီတစ်ထည်ကို ဆွဲဝတ်ပြီး တံခါးကနေ အမြန်ပြေးထွက်လာခဲ့သည်။
“မင်းဘယ်မှာလဲ”
ကျင်းရှီသည် မရင်းနှီးသော လမ်းများကို လှည့်ပတ်ကြည့်နေသည်။ “ကျွန်...ကျွန်မ မသိဘူး”
“မင်းရောက်နေတဲ့နေရာရဲ့ လိပ်စာကို လှမ်းပို့လိုက်။ ငါလာခေါ်မယ်”
ပေါ်ရန်က ကျင်းရှီကို တွေ့လိုက်သောအခါ ကျင်းရှီသည် 7-Elevenဆိုင်အပြင်ဖက်ရှိ ပလပ်စတစ်ကုလားထိုင် ပေါ်တွင် တစ်ယောက်တည်းထိုင်နေပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ထားသည်။ သူမ၏ နက်မှောင်သော ခိုမျက်လုံးများသည် ဘေးဘီကို ဘယ်ညာ လှည့်ပတ်ကြည့်နေသည်။
ညဖက် လေပြင်းတိုက်ခတ်မှုကြောင့် သူမ ရင်တထိတ်ထိတ် ဖြစ်ခဲ့ရသည်။ သူမ၏နှာခေါင်းသည် အနီရောင်သမ်းနေပြီး သူမ၏အဖြူရောင် နှင်းစီးဖိနပ်ဘေးတွင် ပန်းချီရေးဆေး လက်ဆောင်သေတ္တာတစ်ခုထားထားသည်။
ပေါ်ရန်သည် အရှိန်အဟုန်မြှင့်ကာ သူမဖက်သို့ ပြေးကာ ငုံ့ကြည့်လိုက်သည်။ “ဘာဖြစ်တာလဲ”
ကျင်းရှီက သူ့ကို နီမြန်းသော မျက်လုံးများဖြင့် မော့ကြည့်ကာ “ဟိုအိမ်မှာ စကားများ ရန်ဖြစ်ခဲ့တယ်” ဟု ငိုမဲ့မဲ့ အသံဖြင့် ပြောနေသည်။
ပေါ်ရန်သည် သူမဘေးတွင် ထိုင်ချလိုက်ပြီး သူ့နှာခေါင်းမှ နူးညံ့သိမ်မွေ့သော လေကို ရှူထုတ်လိုက်သည်။ ဒူးထောက်၍ ပန်းချီရေဆေးသေတ္တာကို စစ်ဆေးရန် ခါးကိုင်းလိုက်သည်။ “ဘယ်လိုဖြစ်လို့ မင်း ဒါကို မပေးသေးတာလဲ”
“ကျွန်မ ဒါကို မပေးတော့ဘူး” ကျင်းရှီက လက်ဆောင်သေတ္တာကို ပွေ့ဖက်ရင်း မျက်နှာလေးမှာ ညှိုးငယ် နေသည်။ “စိတ်ပြောင်းသွားပြီ၊ ကျွန်မအတွက်ပဲ သိမ်းထားလိုက်တော့မယ်” ဟု ညည်းတွားသည်။
ပေါ်ရန်သည် ထိုလက်ဆောင်မှာ ငြင်းပယ်ခံခဲ့ရသည်ဟု သိလိုက်သည်။ “နှစ်သစ်မှာ ဒီလိုကိစ္စသေးသေးလေးတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့” ဟုချော့ပြောရင်း ခေါင်းလေးကို ပွတ်ပေးနေသည်။
“ဒီကိစ္စက သေးသေးလေးမှ မဟုတ်တာ” ကျင်းရှီသည် နှာချေပြီး နှာခေါင်းကို ပွတ်လိုက်သည်။ “ထားလိုက်ပါတော့၊ အဲ့အကြောင်း ဆက်မပြောနဲ့တော့”
ပေါ်ရန်က သူ့ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး ကျင်းရှီ၏ ပုခုံးပေါ် ခြုံပေးလိုက်သည်။
“ကြည့်စမ်းပါ၊ ဖရိုဖရဲဖြစ်နေတာ” ဟုညင်သာစွာ ပြောလိုက်သည်။
အဝတ်အစားများက ခန္ဓာကိုယ်ကို နွေးထွေးစေပြီး ဇိမ်ကျစေပါသည်။ သူက သူမအတွက် ဝတ်ပေးလိုက်ပြီး အောက်ကနေ အပေါ်အထိ ဂရုတစိုက် ကြယ်သီးတပ်ပေးနေသည်။
ကျင်းရှီသည် ကိုယ်လုံးကိုယ်ပေါက် သေးသည်။ ပေါ်ရန်၏ ဂျာကင်အင်္ကျီအကြီးကြီးကို ၀တ်ထားသဖြင့် ထိုအဝတ်အစားများကြောင့် ခန္ဓာကိုယ် ပိုသေးသွားပုံပေါက်နေသည်။
လည်ဝိုင်း ဆွယ်တာအင်္ကျီပါးပါးလေးဝတ်ထားသော သူ့ကို လှမ်းကြည့်လိုက်သည်။ “မအေးဘူးလား စီနီယာ”
“မအေးဘူး” ပေါ်ရန်က ပြောပြီး နှာချေနေသည်။
“လာပါ၊ ဝန်ခံလိုက်စမ်းပါ” ကျင်းရှီကပြောပြီး ဂျာကင်အကျီကို ချွတ်ပြီး ပေါ်ရန်ကို ပြန်ပေးလိုက်သည်။
အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးအား သူ၏အဝတ်အစားများ ပေးအပ်ပြီးသည်နှင့် ထိုအဝတ်အစားများကို ပြန်ယူရခြင်းသည် သူ၏ မာနကို ထိခိုက်စေသည်။
ပေါ်ရန်သည် ကျင်းရှီ၏ကော်လန်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကောင်မလေးအား သူ့မျက်လုံးနှင့်တန်းသည်အထိ မြှင့်ကိုင်လိုက်ရင်း သူမကို စိုက်ကြည့်နေသည်။ “မအေးပါဘူး သမီးလေး”
ကျင်းရှီ -......
မအေးဘူးလို့ပြောရင် မအေးလို့ပေါ့။ ဘာလို့အဲ့လောက်တောင် အသည်းအသန် ဖြစ်နေတာလဲ။
သူမသည် ပေါ်ရန်၏လက်ကို ဖယ်လိုက်ပြီး ကြောင်တစ်ကောင်လို သူမ၏ ဆံပင်များကို သပ်သပ်ရပ်ရပ် ပြင်လိုက်သည်။ “ကျွန်မကို လာမစနဲ့”
“ကျွန်မကို လာမစနဲ့”ဆိုသော စကားလုံးသုံးလုံးက ပေါ်ရန်အတွက် နားမလည်နိုင်သည့် အဓိပ္ပါယ်တချို့နှင့် ပြည့်နှက်သွားစေသည်။ သူက တခစ်ခစ်ရယ်ပြီး ခေါင်းနောက်ကို ပုတ်ကာ “သွားကြစို့၊ အိမ်ပြန်လိုက်ပို့မယ်”
“ကျွန်မ အခုပြန်သွားရင် ရှန်ဖျင်ချွမ် ဒေါသထွက်သွားမှာ သေချာတယ်။ မနက်ဖြန်မနက်မှပဲ ပြန်တော့မယ်”
ပေါ်ရန်သည် မျက်ခုံးပင့်ကာ မေးလိုက်သည်။ “မင်း တစ်ညလုံး ဒီဆိုင်အပြင်မှာ ထိုင်မလို့လား”
ကျင်းရှီက မတ်တပ်ရပ်လိုက်ပြီး “ကျွန်မ ဟိုတယ်မှာ တည်းဖို့ စဉ်းစားထားတယ်”
ပေါ်ရန်သည် ကျင်းရှီကို ဟိုတယ်တစ်ခုသို့ ခေါ်သွားကာ ပန်းချီရေဆေးသေတ္တာကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။ ဧည့်ကြိုကောင်တာရှေ့တွင် ကျင်းရှီသည် သူမ၏ ကျောပိုးအိတ်ထဲသို့ အချိန်အတော်ကြာအောင် ရှာဖွေနေသည်။ သူမသည် ဓါတ်ဘူး၊ တစ်ရှူးများ၊ နှုတ်ခမ်းနီကို ထုတ်ယူခဲ့သော်လည်း သူမ၏ ID ကတ်ကို ရှာမတွေ့ခဲ့ပေ။
သူမသည် ပေါ်ရန်ကို ကြည့်လိုက်သည်။ “ID မလိုတဲ့ ဟိုတယ်မျိုးရှိလား”
ပေါ်ရန်သည် သူမ၏ ပစ္စည်းအားလုံးကို လွယ်အိတ်ထဲသို့ ပြန်ထည့်ကာ သူ့ပခုံးပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်သည်။ “ရှိတယ်” ဟု ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ကျင်းရှီသည် ပေါ်ရန်၏ တိုက်ခန်းတံခါးဆီသို့ လိုက်သွားခဲ့သည်။ သူမ ခြေလှမ်းများ ရပ်တန့်သွားသည်။
ID မလိုအပ်သော ဟိုတယ်” သည် သူ၏တိုက်ခန်းဖြစ်နေသည်။
ပေါ်ရန်သည် သူ၏တိုက်ခန်းသော့ကိုထုတ်ကာ ဓာတ်လှေကားအဝင်ဝတွင် ငြိမ်ငြိမ်လေးရပ်နေသော ကျင်းရှီကို တွေ့လိုက်ရသည်။ သူက သူမကို ပြန်ကြည့်လိုက်သည်။ “ဘာဖြစ်နေတာလဲ”
ကျင်းရှီသည် ဓာတ်လှေကားအတွင်းမှ ခြေထောက်တစ်ဖက်ကို နောက်ပြန်ဆုတ်သွားကာ တံခါးဝတွင် ကပ်နေသည်။ သူမက “ရှင် ကျွန်မကို ဘာလို့ ရှင်နေတဲ့နေရာကို ခေါ်လာတာလဲ စီနီယာ” ဟု စိတ်မသက်မသာစွာ မေးလိုက်သည်။
သော့ကွင်းက သူ၏ သွယ်လျသော လက်ချောင်းများတွင် ပတ်ချာလည်နေသည်။
“ငါ့နေရာမှာနေမလား ဒါမှမဟုတ် လိုင်စင်မဲ့ တည်းခိုခန်းကို မင်းရွေးမလား”
ကျင်းရှီက မတုံ့ပြန်ခင်မှာ ပေါ်ရန်က “အဲဒီတရားမဝင် တည်းခိုခန်းတွေက အိပ်ရာခင်းတွေ လဲခဲတယ်လို့ ကြားတယ်၊ ပြီးတော့ နံရံတွေက အသံသိပ်မလုံဘူး။ အင်း... ညလယ်မှာ တစ်ယောက်ယောက်က မင်းအခန်းတံခါးကို လာခေါက်ရင် ဘာပဲဖြစ်ဖြစ် မဖွင့်လိုက်နဲ့”
ထိုသို့ပြော၍မပြီးခင်မှာ ကောင်မလေးက သူ့ဘေးနားကို ပြေးသွားပြီး သူ့လက်မောင်းကို ပွေ့ဖက်လိုက်သည် “ရှင့်ရဲ့နေရာမှာပဲ နေမယ် စီနီယာ” ဟုကြောက်လန့်တကြားနှင့် ပြောလိုက်သည်။
ပေါ်ရန်က တံခါးဖွင့်ပြီး ကျင်းရှီကို ကြိုဆိုလိုက်သည်။
အခန်းတွင်းရှိ မီးလုံးများသည် အလင်းဆုံးဖြစ်အောင် ထွန်းထားသည်။ ကျင်းရှီ လှည့်ကြည့်လိုက်ရာ ထိုပတ်ဝန်းကျင်နှင့် သိပ်မရင်းနှီးလှပေ။ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းပါရှိသော ကြီးမားသော တိုက်ခန်းတစ်ခန်း။ သူတစ်ယောက်တည်းနေသည့်အတွက် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေပုံရသည်။
ပရိဘောဂများနှင့် အပြင်အဆင်များသည် ရိုးရှင်းသောပုံစံများဖြစ်သည်။ အခန်းက သပ်ရပ်သန့်ရှင်းနေသည်။
ကျင်းရှီသည် နံရံပေါ်ရှိ ဓာတ်ပုံနှစ်ပုံကို ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ “ဦးလေး၊ အဒေါ်၊ အိမ်ထဲ ပိုင်စိုးပိုင်နင်း ဝင်လာလို့ တောင်းပန်ပါတယ်”
ထိုစကားကိုကြားပြီးနောက် ပေါ်ရန်က သူမကို ပြန်ကြည့်လိုက်သည်။ ကောင်မလေးက တော်တော်ရိုးသားသည်။
သူက ခဏလောက် နှုတ်ခမ်းကို လက်ဖြင့် ဖိလိုက်ပြီး ဗီဒိုပေါ် သော့ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ကာ အပူ ပေးစက်ကို ဖွင့်လိုက်သည်။
များမကြာမီ အခန်းတိုင်း နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်လာသည်။
ကျင်းရှီသည် ဆိုဖာအစွန်းတွင် စိတ်လှုပ်ရှားစွာ ထိုင်ကာ သူမ၏ ကျောပိုးအိတ်လေးကို ဖက်ထားသည်။ ပေါ်ရန်သည် မီးဖိုချောင်သို့ သွား၍ သူမဘာဖြစ်နေသည်ကို သေချာမသိပေ။
ကျင်းရှီသည် ရီမုတ်ကို ကောက်ယူလိုက်ပြီး တီဗွီကိုဖွင့်ကာ ဒိုရေမွန်၏ အပိုင်းတစ်ပိုင်းကို ကြည့်နေသည်။
ပေါ်ရန် ထွက်လာသောအခါ နွားနို့ဖြူဖြူအပြည့်ထည့်ထားသည့် ဖန်ခွက်နှစ်ခွက် ကိုင်လာသည်။
ကျင်းရှီက နို့ခွက်ကိုယူလိုက်သည်။ အပူချိန်က အနေတော်ပင်၊ သူ အခုမှ အပူပေးထားသောကြောင့် ဖြစ်လိမ့်မည်။
နွားနို့မလိုင်ကွင်းတစ်ကွင်းကို သူမ၏ အပေါ်နှုတ်ခမ်းထက်တွင် မြင်လိုက်ရသည်နှင့် ပေါ်ရန်က ညင်သာစွာ ပြုံးလိုက်သည်။
“ကျင်းရှီ အချစ်လေး၊ နို့က အရသာရှိလား”
“ဟုတ် အရမ်းကောင်းပါတယ်”
ပေါ်ရန်က သူ့ခွက်ကို တိန်ခနဲမြည်သွားအောင် သူမခွက်နှင့် ခွက်ချင်း တိုက်လိုက်သည်။ ထို့နောက် သူ့ခွက်ထဲရှိ နို့အားလုံးကို တချိုက်တည်း သောက်လိုက်သည်။
ကျင်းရှီက ပူနွေးသောဖန်ခွက်ကို ကိုင်ထားရင်း ပေါ်ရန်ကိုကြည့်လိုက်သည်။ “စီနီယာက နွားနို့သောက်ရတာကို အရမ်းကြိုက်တာပဲနော်၊ အဲဒါကြောင့် အရပ်ရှည်နေတာဖြစ်မယ်”
“အဲ့တော့ မင်းလည်း နွားနို့ ပိုသောက်သင့်တယ်”
ကျင်းရှီသည် သူမ၏ဖန်ခွက်ကို ချလိုက်ပြီး ပေါ်ရန် အနားကပ်လာသည်။ သူမ၏ မျက်နှာငယ်လေးသည် သူ့ရင်ဘတ်ပေါ်သို့ ရစ်ဝဲနေပြီး နှာခေါင်းကို ရှံ့တုပ်တုပ်လုပ်နေကာ ခွေးလေးတစ်ကောင်လို အနံ့ခံ ရှူရှိုက်ရင်း “စီနီယာရဲ့ အနံ့က...”
ပေါ်ရန်သည် ကြောက်လန့်တကြား ထခုန်ကာ နောက်ဆုတ်သွားသည်။
ကျင်းရှီက ပြုံးပြီး မော့ကြည့်လိုက်သည်။ “စီနီယာ့ရဲ့အနံ့က နို့နံ့လိုပဲ အရမ်းကောင်းတယ်”
နို့နံ့?
သူမက သူ့ကို ပြက်ရယ်ပြုနေတာလား။ ယောက်ျားဆန်သော ကိုယ်သင်းရနံ့ကလွဲပြီး သူ့ဆီကနေ တခြားအနံ့ ဘယ်လိုရနိုင်မလဲ။
ပေါ်ရန် အနည်းငယ် ရှက်သွားသည်။ သူသည် ခွက်ကိုယူ၍ သူမလက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး “မြန်မြန် ကုန်အောင် သောက်၊ ပြီးရင် အိပ်တော့” ဟုဆော်သြလိုက်သည်။
မိန်းကလေးများက ယောက်ျားလေးများနှင့် မတူပေ။ နွားနို့သောက်သောအခါ ခွက်တစ်ဝက်လောက်တကျိုက်တည်း သောက်မယ့်အစား ကျင်းရှီက တစ်ငုံချင်းစီသောက်နေပြီး ခဏရပ်ကာ ငြိမ်နေလိုက်သည်။ ထို့နောက်မှ နောက်တဖန် ညင်သာစွာ တစ်ငုံသောက်ပြီး နားလိုက်ပြန်သည်။