← Chapters

အပိုင်း (၃၇)

Vol. 3 Ch. 37

အပိုင်း (၃၇)

Vol. 3 Ch. 37

ရှန်ဖျင်ချွမ်က သူ့ပါးစပ်ထောင့်မှာ မထီမဲ့မြင် အပြုံးဖြင့် ထိုမိသားစုကြီးကို ကြည့်ကာ “ရှီလေးကသာ ခင်ဗျားတို့မိသားစုမှာ တန်ဖိုးမရှိတဲ့ သမီးတစ်ယောက်ပါ၊ ဒါပေမယ့် သူက ကျွန်တော်တို့ ရှန်မိသားစုမှာတော့ တန်ဖိုးထားပြီး ပြုစုပျိုးထောင်ခဲ့ရတဲ့ အဖိုးတန်ရတနာပဲ။ ဦးလေးကျင်း၊ ခင်ဗျားကို အမှန်တရားတစ်ခု ပြောပြရပါစေ။ ခင်ဗျား မနှစ်က ကျွန်တော့်အဖေနဲ့ ဆွေးနွေးခဲ့တဲ့ ပရောဂျက်က ကျွန်တော့်အဖေက ရှီလေးကြောင့်သာ ခင်ဗျားနဲ့ လက်တွဲခဲ့ရတာ၊ ခင်ဗျားမိန်းမက ဒီနေ့လိုမျိုး ရှီလေးကို ဆက်ဆံနေတာကို ခင်ဗျား မျက်ကွယ်ပြုထားရင် ကျွန်တော့်အဖေသာ ဒီကိစ္စကို သိသွားရင် ကျွန်တော်ပြောရဲတယ်၊ ခင်ဗျားနဲ့ ပူးပေါင်းဖို့ ငြင်းရုံတင်မကပဲ မြို့တော်ဘီမှာ စီးပွားရေးနောက်ထပ်လုပ်ဖို့အတွက်လည်း ခက်ခဲသွားလိမ့်မယ်”

“မင်းလို ကလေးကများ ငါ့ကို ခြိမ်းခြောက်နေတာလား”

ရှန်ဖျင်ချွမ်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ “ကျွန်တော့်အဖေက ရှီရှီအပေါ် အမှားလုပ်မိသလို ဖြစ်သွားမှာစိုးလို့ နောက်အိမ်ထောင်မပြုတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူ ဒီသမီးလေးကို ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာ ခင်ဗျားလိုလူက သိမှာမဟုတ်ဘူး။ ကျွန်တော်ပြောတာ မယုံရင် ခင်ဗျားကြိုက်သလို စမ်းလို့ရတယ်”

ကျင်းမောင်ကို ကြည့်ရင်း သခင်မကျန်း၏ မျက်နှာသည် အရုပ်ဆိုးလာသည်။ ကျင်းမောင်သည် ဒေါသတကြီးဖြင့် သူ၏ခရမ်းရောင်သမ်းနေသော နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ လက်များတုန်နေသည်။ အချိန်အတော်ကြာပြီးနောက် သူသည် ခေါင်းကိုလှည့်ကာ သခင်မကျန်းအား “ရှီလေးကို သွားတောင်းပန်လိုက်” ဟုပြောခဲ့သည်။

သခင်မကျန်းသည် သရုပ်ပျက်သွားခဲ့သည်။ “ဆွေမျိုးတွေအားလုံး ကြည့်နေတယ်လေ၊ အဲ့ဒါတောင် ရှင်က အခု အဲ့ကလေးမကို တောင်းပန်ခိုင်းပြီး မျက်နှာမျက်နှာရ လုပ်ချင်နေသေး...”

“သွား!” ကျင်းမောင်က သူမကို စကားထပ်ပြောဖို့ စိတ်မ၀င်စားတော့ပဲ အော်ဟစ်လိုက်သည်။ “ရှီရှီက စိတ်ရင်းမှန်နဲ့ လက်ဆောင်တွေ ပေးခဲ့တယ်၊ မင်းက ငြင်းရုံတင်မကပဲ သူ့ကို လိမ်လည်စွပ်စွဲခဲ့သေးတယ်။ မင်းအမှားတစ်ခုလုပ်ထားခဲ့ရင် တောင်းပန်သင့်တယ်!”

သခင်မကျန်းသည် ကျင်းမောင်၏ ဒေါသကြောင့် ထိတ်လန့်သွားကာ သူမသည် ပရော်ဖက်ရှင်နယ်ဆန်သော အတုအယောင် အပြုံးဖြင့် လမ်းလျှောက်လာကာ ကျင်းရှီအား “ရှီလေးရေ၊ အဒေါ် မှားသွားပါတယ်၊ အဒေါ် သမီးကို အထင်လွဲခဲ့တယ်၊ အဲဒါကို စိတ်ထဲမထားပါနဲ့၊ မေ့ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် အဒေါ်တို့အားလုံးက တစ်မိသားစုတည်းပါပဲ၊ နောင်လည်း အိမ်ကို ဧည့်သည်အနေနဲ့ လာရင် အမြဲ ကြိုဆိုနေမှာပါ”

ကျင်းရှီက ရှန်ဖျင်ချွမ်၏ လက်ကို ကိုင်ထားပြီး သတ္တိကလေးမွေးကာ ပြောလိုက်သည်။ “ဒီအိမ်က ကျွန်မအမေနဲ့အဖေက အတူတူဝယ်ထားတာ။ ဒါက ပူးတွဲပိုင်ဆိုင်ထားတဲ့ အိမ်။ အိမ်ရဲ့တစ်ဝက်က အမေပိုင်ခဲ့တယ်၊ အခု ကျွန်မပိုင်တယ်။ ရှင် ကျွန်မကို ဧည့်သည်အနေနဲ့ ကြိုဆိုစရာအကြောင်းမရှိဘူး၊ ဘာလို့ဆို ရှင်ကသာ ဧည့်သည်ဖြစ်နေလို့ပဲ”

“မင်း...”

သခင်မကျန်းသည် အလွန်အရုပ်ဆိုးလာသည်။ သူမသည် ကျင်းမိသားစုတွင် တတိယပါတီအဖြစ် (အပြင်လူ) လက်ထပ်ခဲ့သည်။ ဆွေမျိုးများကြားတွင် သူမနောက်ကွယ်တွင် အတင်းအဖျင်းစကားများ အမြဲရှိနေတတ်သည်။ ယနေ့ ထိုကဲ့သို့သော ဒရာမဆန်ဆန်ကို မြင်တွေ့ရပြီးနောက် သူမနှင့်ပတ်သက်ပြီး သူတို့ဘာပြောကြမည်ကို မပြောတတ်တော့ပေ။

ကျင်းမောင်က “ပြီးခဲ့တာတွေ ပြီးပါစေတော့၊ ရှီရှီ၊ စိတ်သဘောထား မသေးစမ်းပါနဲ့၊ လာပါ၊ မွန်းတည့်ချိန်လည်း ရောက်လုနီးပြီ၊ ဒီအထိ တစ်လမ်းလုံး လာခဲ့ရတာ၊ မိသားစုပြန်ဆုံပွဲညစာကို စားရအောင်”

ကျင်းရှီက ရှန်ဖျင်ချွမ်ကို ဆွဲလိုက်သည်။ ရှန်ဖျင်ချွမ်က ဝမ်းသာစွာ ပြောလိုက်သည်။ “မလိုပါဘူး၊ ကျွန်တော်တို့မိသားစုလည်း မိသားစုတွေပြန်ဆုံတဲ့ ညစာစားပွဲ ရှိသေးတယ်ဆိုတော့ သွားလိုက်ပါဦးမယ် ဦးလေးကျင်း”

“အမ်၊ ဥက္ကဌရှန်က ဒီနေ့ဖြစ်သွားတာတွေကို မသိသေးရင် ကျေးဇူးပြုပြီး မပြော...”

“ကျွန်တော့်အဖေက ကုမ္ပဏီကို မနက်စောစောကတည်းက သွားတာ ပြီးတော့ အလုပ်ရှုပ်နေတယ်။ ကျွန်တော် သူ့ကို မပြောပါဘူး” ရှန်ဖျင်ချွမ်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။ “ဦးလေးကျင်းသာ နောက်ကျရင် ရှီလေးကို သတိရရင် ကျွန်တော်တို့အိမ်ကို လာလို့ရပါတယ်၊ ဒါပေမယ့် ရှီလေးကတော့ ဒီအိမ်ကို နောက်ထပ် မလာတော့ဘူး”

“အိုး...”

ကျင်းရှီက ကျင်းမောင်ကို ဘာမှပြန်မပြောပဲ နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး ရှန်ဖျင်ချွမ် ခေါ်ရာနောက်ကို လိမ္မာစွာနှင့် လိုက်သွားခဲ့သည်။

အိမ်ပြန်ရောက်သောအခါ ရှန်ဖျင်ချွမ်သည် အစောပိုင်းက ကျင်းအိမ်တွင် အားကုန်သုံးခဲ့ရသည်။ သူသည် ဆိုဖာပေါ်တွင် သပ်ရပ်စွာ လှဲလျောင်းရင်း မျက်လုံးလေးမှိတ်ကာ-

“သေချင်စော်နံနေပြီ၊ တစ်မနက်လုံး မင်းကိုလိုက်ရှာ၊ ပေါ်ရန်နဲ့ ရန်ဖြစ် ပြီးတော့ အဲ့အိမ်ကိုသွားပြီး ပြသာနာရှာ”

သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ငါ့ရင်ထဲမှာ ဘာမှမရှိတော့သလို ခံစားရတယ်”

ကျင်းရှီသည် ရှန်ဖျင်ချွမ်အတွက် ရေတစ်ခွက်ကို အမြန်လောင်းထည့်ပေးလိုက်သည်။ ထို့နောက် ရေခွက်ကို ရှန်ဖျင်ချမ်ဆီသို့ လိမ္မာသိတတ်စွာနှင့် ပေးလိုက်သည် - “အစ်ကို၊ အစ်ကို ဒီနေ့ ခါတိုင်းနဲ့ မတူသလိုပဲ!”

အင်္ကျီလက်စများကို ဆွဲတင်ပြီး ပေါ်ရန်နှင့် ရန်ဖြစ်ရဲသော ကျောင်းသားခေါင်းဆောင်ဟု မဆိုထားနှင့် ကျင်းအိမ်တွင် ရင့်ကျက်သော အပြောအဆို၊ အပြုအမူများနှင့် အသက်လေးဆယ်အရွယ် ကျင်းမောင်ကတောင် သခင်မကျန်းကို တောင်းပန်ခိုင်းသည်အထိ ခြိမ်းခြောက်နိုင်ခဲ့လေသည်။

ဒီပုံစံက... CEO တစ်ယောက်နှင့် အရမ်းတူလွန်းသည်။

ရှန်ဖျင်ချွမ်သည် ရေကို တစ်ကျိုက်တည်း သောက်လိုက်သည်။ မစားမသောက်ပဲ တစ်မနက်လုံး သူမကို လိုက်ရှာနေခဲ့ပြီး အခုတော့ တကယ်ကို ပြီးဆုံးသွားခဲ့ပြီ။

“ငါ ဒီနေ့ကိစ္စ မင်းနဲ့ ထပ်ရှင်းရဦးမယ်” ကျင်းရှီက သူ့ရင်ဘတ်ကို ပုတ်ပေးရင်း “အစ်ကို အရမ်းတော်တာပဲ”

ရှန်ဖျင်ချွမ် ပြန်တွေးကြည့်သောအခါ မယုံနိုင်စရာတွေ့ခဲ့ရသည်။ သူသည် အသက်ကြီးသူများရှေ့တွင် “နူးညံ့သိမ်မွေ့ပြီး နှိမ့်ချသော” ယောက်ျားလေးတစ်ယောက်၏ ပုံသဏ္ဍာန်ကို အမြဲထိန်းသိမ်းထားခဲ့သည်။ သူသည် ယနေ့တွင် စိတ်အားထက်သန်စွာ ပြဿနာရှာရန် ကျင်းအိမ်သို့သွားခဲ့ပြီး နှစ်ပေါင်းတစ်သန်းအတွင်း သူဘယ်တော့မှ မလုပ်နိုင်ခဲ့သော အရာတစ်ခုကို လုပ်ခဲ့သည်။

“မင်းကို ဒီလောက်ပျော့ညံ့အောင် နေဖို့ ဘယ်သူပြောထားလဲ” သူက ကျင်းရှီကို ကူကယ်ရာမဲ့ ကြည့်ပြီး “မင်းသာ ဒီလောက် သူရဲဘောကြောင် မဟုတ်ရင် မင်းအတွက် ငါ ရပ်တည်ပေးနေစရာ မလိုဘူး”

“ဦးလေးရှန် နာမည် သုံးပြီး ကျွန်မအဖေကို ခုနက ပရက်ရှာပေးခဲ့တဲ့ ရှင့်ပုံစံက...” ကျင်းရှီက စိတ်အားထက်သန်စွာပြောလိုက်သည်။ “တကယ့်ကို လူမှုဆက်ဆံရေးမှာ ပါးနပ်တယ်၊ ကျွန်မဖြင့် အံ့သြသွားတာပဲ”

ရှန်ဖျင်ချွမ်က မျက်ခုံးပင့်ပြီး “ ‘ငွေနဲ့ အာဏာက လူတွေကို သေတဲ့အထိ အနိုင်ကျင့်လို့ရတယ်' ဒါပေမဲ့ အဖိုးကြီးရှန် မသိစေနဲ့၊ သူ့နာမည်ကို ငါသုံးပြီး ခြိမ်းခြောက်တာတာကို သိသွားရင် ကောင်းတဲ့နှစ်သစ်ဆိုတာ ရောက်လာတော့မှာ မဟုတ်ဘူး”

ကျင်းရှီက ခေါင်းကို အထပ်ထပ် အခါအခါ ခါယမ်းလိုက်ပြီး “ကျွန်မ မပြောဘူး စိတ်ချ!”

ရှန်ဖျင်ချွမ်သည် ပေါ်ရန်အိမ်တွင် သူမ တစ်ညအိပ်ခဲ့ခြင်းကို ဖုံးကွယ်ဖို့ ကူညီခဲ့သည်။ ထိုကလေးများသည် ခရီးအတူသွား တစ်လှေတည်းသမားများ ဖြစ်ကြသည်။

ကျင်းရှီက “အစ်ကို၊ ဒီနေ့ အစ်ကို့ရဲ့ပုံစံကို အခြေခံပြီး ကြည့်ရင် အစ်ကိုဟာ အနာဂတ်မှာ သူများကို နှိပ်ကွပ်တတ်တဲ့ CEO ဖြစ်လာမှာ သေချာတယ်” ဟုပြောလိုက်သည်။

ရှန်ဖျင်ချွမ်က မျက်ခုံးပင့်လိုက်ပြီး “နှိပ်ကွပ်တတ်တဲ့ CEO ရဲ့ ပုံစံက ဘယ်လိုလဲ”

ကျင်းရှီက ရှန်ဖျင်ချွမ်၏ ပုခုံးကို ဖိလိုက်ပြီး သူ့နားကို ကပ်လာကာ သူ့ချိုင်းနားကို ရှူလိုက်သည်။ “ဒီမိန်းမကြီးက အနံ့ အရမ်း မွှေးတာပဲ” (သူမအစ်ကိုကို မိန်းမကြီးဟု စနောက်ခေါ်ခြင်းဖြစ်သည်)

ရှန်ဖျင်ချွမ် - ...

ထွက်သွား!

နှစ်သစ်ကူးအကြိုနေ့တွင် ရှန်ဆွေမျိုးများသည် နှစ်သစ်ကူးညစာအတွက် ဟိုတယ်ကြီးတစ်ခုတွင် စုဝေးနေကြသည်။ ရှန်ရှိရှန်းက သူ့ကလေးများကို အနီရောင်စာအိတ်ကြီးများစွာ ပေးခဲ့သည်။ ဆွေမျိုးများကလည်း ကလေးများကို ပေးဖို့ စာအိတ်အနီများ ထုတ်ထားကြသည်။

နွေဦး Gala ပွဲတော်ကိုကြည့်ရင်း ကွာစေ့များစားကာ စကားပြောနေကြသော ဧည့်ခန်းထဲမှာ ထိုင်နေသည့်လူတိုင်းကို အခွင့်ကောင်းယူပြီး ရှန်ဖျင်ချွမ်က ကျင်းရှီကို လသာဆောင်သို့ ခေါ်သွားကာ အနီရောင် စာအိတ်များကို အတူတူဖွင့်လိုက်သည်။

“ဟား၊ ဒီနှစ်တော့ ငါတို့တွေရတဲ့ ပိုက်ဆံပမာဏက အတူတူပဲကွာ” ရှန်ဖျင်ချွမ်သည် ကျင်းရှီ၏ ပြားချပ်နေသော အနီရောင်စာအိတ်ကို ကိုင်ထားသည် - “အဖိုးကြီးရှန်က နှစ်ပေါင်းများစွာ မင်းကို မျက်နှာသာပေးခဲ့တာ ဒါပေမယ့် နောက်ဆုံးတော့ ဒီနှစ်မှာ ငါတို့နှစ်ယောက်ကို တန်းတူပေးခဲ့ပြီ”

သူတို့နှစ်ယောက်စလုံး၏ အနီရောင်စာအိတ်များတွင် သင်္ကေတ အမူအရာတစ်ခုမျှသာ သေးငယ်သောပြောင်းလဲမှုအချို့အနေနှင့် ပါရှိခဲ့သည်။ ယခင်နှစ်များက ကျင်းရှီ၏ စာအိတ်အနီသည် ရှန်ဖျင်ချွမ်ထက် များစွာပို၍ ဖောင်းနေတတ်သည်။

ရှန်ဖျင်ချွမ်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောနေသည်။ “ညီမလေးလည်း မျက်နှာသာမရတဲ့ နေ့တွေရှိနေပုံပဲ”

ကျင်းရှီသည် စကားတစ်ခွန်းမှ မပြောဘဲ ထူးထူးခြားခြား ပြုံးပြလိုက်သည်။

ရှန်ဖျင်ချွမ် - “သူ မင်းကို နှစ်သစ်ကူးမုန့်ဖိုး တိုးတိုးတိတ်တိတ် ပေးထားတာ မရှိပါဘူးနော်?”

ကျင်းရှီ -“မရှိပါဘူး”

ရှန်ဖျင်ချွမ်က အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်ကာ “တကယ်ကြီးလား?”

ကျင်းရှီသည် နောက်ဆုံးတွင် မထိန်းနိုင်ပဲ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ သူမ ဖုန်းကို ဝှေ့ယမ်းပြလိုက်သည် - “အဖိုးကြီးရှန်က WeChat ကနေ ပိုက်ဆံလွှဲတတ်သွားလို့ သီးသန့်စာအိတ်အနီတွေ မပေးတော့ဘူး!”

ရှန်ဖျင်ချွမ်သည် အလွန်ဒေါသထွက်သွားသဖြင့် အဖိုးကြီးရှန်နှင့် ရန်ဖြစ်ရန် ပြေးထွက်လာခဲ့သည်။ “ကျွန်တော်အရင်ကလည်း မျက်နှာသာပေးတာမျိုး တွေ့ဖူးပါတယ် ဒါပေမယ့် ဒီလောက်အတိုင်းအတာထိတော့ မဟုတ်ဘူး!”

ရှန်ရှိရှန်းသည် လက်ဖက်ရည်ကို အေးအေးဆေးဆေးသောက်ပြီး “မင်းညီမက အခုကောလိပ်တက်နေရပြီလေ အဲ့တော့ သူ့စရိတ်က အရင်ထက်စာရင် ပိုများလာလိမ့်မယ်။ ကောလိပ်က အခန်းဖော်တွေနဲ့ အပြင်မှာ အတူတူထွက်စားတဲ့အခါ ပိုက်ဆံသုံးစရာ မလိုဘူးလား။ နောက်ဆို သူ့မှာ ရည်းစားရှိလာတဲ့အခါကျရင် ချိန်းတွေ့တာ၊ ရုပ်ရှင်ကြည့်တာ၊ ခရီးသွားတာတွေအတွက် ပိုက်ဆံသုံးဖို့ မလိုဘူးလား”

ရှန်ဖျင်ချွမ် - “ဒါဆို...ကျွန်တော် ရည်းစားရလာရင်ရော ဘယ်လိုလုပ်မလဲ၊ ပိုက်ဆံသုံးစရာ မလိုဘူးလား”

ရှန်ရှိရှန်း - “မင်းတကယ် ရည်းစားရတဲ့အခါကျမှ အဲ့စကားပြောကြတာပေါ့”

ရှန်မိသားစုသည် “သားတို့ကို ချွေတာစွာ ပြုစုပျိုးထောင်၊ သမီးတို့ကို ကြီးကြယ်ခမ်းနားစွာ ပြုစုပျိုးထောင်” ဟူသော နိယာမကို အမြဲတမ်း လိုက်နာခဲ့သည်။ ရှန်ဖျင်ချွမ်လည်း ဆက်မငြင်းတော့ပေ။ သို့သော် နောက်ဆုံးမှာတော့ ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ အနီရောင်စာအိတ်ထဲသို့ လျှို့ဝှက်စွာနှင့် ပိုက်ဆံများများ ထည့်ထားပေးလိုက်သည်- “ရည်းစားရရင် ညီမလေးက အစ်ကို့ကို အပြည့်အဝ ထောက်ပံ့ပေးမယ်!”

ရှန်ဖျင်ချွမ်သည် သူမ၏ ဆံပင်များကို ပွတ်သပ်ကာ ဂိမ်းကစားရန် သူ့အိပ်ရာသို့ လျှောက်သွားခဲ့သည်။

ကျင်းရှီသည် လသာဆောင်၏ဘအစွန်းတွင် ရပ်နေပြီး အဝေးမှ ကျယ်ပြောလှသော ညကောင်းကင်ကြီးကို ကြည့်ပြီး လှပသော မီးရှူးမီးပန်းများ ရံဖန်ရံခါ ထပေါက်နေလေသည်။ အနီရောင် စာအိတ်လေးဟူသော မက်ဆေ့ဂျ်က သူ့ဖုန်းတွင် ပေါ်လာသည်။

ကျင်းရှီက စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သည်။ ထိုစာအိတ်အနီသည် ပေါ်ရန်ဆီမှ ၆၆ ယွမ် ဖြစ်သည်။

ပေါ်ရန် - “သမီးလေး၊ နှစ်သစ်မှာ အဖေ့ကို လာဂါရဝပြုပါဦး”

ကျင်းရှီသည် နှုတ်ခမ်းလေး စူလိုက်သည်။ ထိုစာအိတ်အနီကို ယူပြီးနောက် သူ့ကို ၈၈ယွမ် ပြန်ပေးလိုက်သည် -

“သားလိမ္မာလေး၊ ဒီမှာ သားကို ကံကောင်းစေတဲ့ မုန့်ဖိုး”

ပေါ်ရန်က တခစ်ခစ်ရယ်ပြီး “ဗီဒီယိုကောခေါ်လို့ရလား” ဟုမေးလိုက်သည်။

ကျင်းရှီက ရှန်ဖျင်ချွမ်ကို လှမ်းကြည့်လိုက်သည်။ သူသည် နားကြပ်တပ်ထားပြီး ဂိမ်းထဲမှာ နှစ်မြုပ်နေသောကြောင့် ကျင်းရှီက အိပ်ရာပေါ်ထိုင်ပြီး မီးလေးကိုဖွင့်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။

“ရတယ်”

မကြာခင်မှာပဲ ပေါ်ရန်၏ ဗီဒီယိုကောခေါ်ဆိုမှု ထွက်ပေါ်လာသည်။

နောက်ခံနေရာသည် သူ့အိမ်မဟုတ်၊ အခြားမရင်းနှီးသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ပရိဘောဂအများစုသည် ရှေးခေတ်သစ်သားပုံစံများဖြစ်သည်။ နောက်ခံဆူညံသံများစွာ ကြားနေရပြီး လူများစွာရှိပုံရသည်။

“အဖိုးအိမ်မှာ” ပေါ်ရန်က ရှင်းပြလိုက်သည်။

သူသည် ထိုင်ခုံမြင့်မြင့်ပေါ်တွင်ထိုင်ကာ သပ်ရပ်သောအရောင်ဖျော့ဖျော့ရှပ်အင်္ကျီကိုဝတ်ကာ လက်တစ်ဖက်က စားပွဲပေါ်တင်ထားသည်။ ရှပ်အင်္ကျီကြယ်သီးအချို့ကို ပေါ့ပေါ့ပါးပါး ဖြုတ်ထားပြီး ရှည်လျားလှသော လည်ပင်း၏ တစ်နေရာကို ပေါ်လွင်စေသည်။ သူ့ဆံပင်များကို နောက်သို့ လှန်ဖြီးထားပြီး ဆံမြိတ် မရှိတော့ပဲ သူ့နဖူးကျယ်ကြီးကို ပေါ်လွင်စေကာ အလွန်စိတ်အားထက်သန်သည့် ပုံစံကို တွေ့ရသည်။

သို့သော် သူ၏နှုတ်ခမ်းထောင့်တွင် ပလာစတာကပ်ထားသည်။ ထိုအရာမှာ ယနေ့မှရသွားသော ရှန်ဖျင်ချွမ်၏ “လက်ရာ” ဖြစ်သည်။

“ရှင်မိသားစုတွေ အဲ့ဒါနဲ့ပက်သတ်ပြီး မေးသေးလား” ကျင်းရှီက သူ့နှုတ်ခမ်းထောင့်က ပလာစတာကို လက်ညှိုးထိုးပြလိုက်သည်။

“သူတို့မေးတယ်” ပေါ်ရန်က “ကြောင်ကုတ်တာလို့ ပြောလိုက်တယ်” ဟုအမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။

ကျင်းရှီလည်း တော်တော်ရှက်သွားပြီး ရှန်ဖျင်ချွမ်၏ ကိုယ်စား သူ့ကို တောင်းပန်လိုက်သည်။

“အရမ်းဂရုစိုက်တတ်ရင် အဲ့လိုဖြစ်တတ်တာ သဘာဝပါပဲ ငါလည်း သူ့နေရာမှာဆို အဲ့လိုပဲလုပ်မိမှာ” ပေါ်ရန်က စိတ်ထဲလုံးဝမထားသည့်ပုံစံနှင့် “ငါဒီနေ့ ခါတိုင်းနဲ့မတူဘူးမလား” ဟုမေးလိုက်သည်။

“အိုး” ကျင်းရှီက အဓိပ္ပါယ်ရှိစွာ ပြုံးပြီး မျက်လုံးများ မှေးပြီးကြည့်နေသည်။ “သခင်လေးပေါ်ရန်က ဒီနေ့ သားသားနားနား ဝတ်ထားပါလား!”

ပေါ်ရန်က သူ့ကော်လန်ကို ဆွဲဖြောင့်လိုက်ပြီး သူမကို ခေါင်းညိမ့်ပြနေသည်။ “ငါ့ရဲ့ ချောမောနေမှုနဲ့ မင်းကို မျက်စိကြိမ်းအောင် လုပ်မိသွားလို့ တောင်းပန်ပါတယ်”

ကျင်းရှီက ပေါ်ရန်မှာ ထိုအင်္ကျီနှင့် တကယ်ကို ချောမောနေသေကြောင့် သူနှင့် လုံးဝမငြင်းတော့ပေ။

“ကျွန်မ ပုံစံပြောင်းထားတာ ဘယ်လိုလဲ ပေါ်”

ကျင်းရှီသည် ပေါ်ရန်တွေ့စေရန် သူမ၏ဖုန်းကို ခပ်ဝေးဝေး ကိုင်ပြလိုက်သည်။ ရှန်ရှိရှန်း၏ အဒေါ်နှင့် ဦးလေးတို့နှင့် ယနေ့ည ညစာသွားစားမည်ဖြစ်သောကြောင့် ကျင်းရှီသည် မိတ်ကပ်ပါးပါးလေး လိမ်းထားကာ မျက်မှန်ကို ချွတ်ထားပြီးကာ အရောင်ပါသော မျက်ကပ်မှန်များကို ၀တ်ထားသောကြောင့် ယနေ့တွင် သူမသည် လှပနေမည်ဟု ခံစားမိသည်။

ပေါ်ရန်က သူမကို အချိန်အကြာကြီး ဂရုတစိုက်ကြည့်နေသည်။ “မင်း...ဗိုက်ထပ် ဖြည့်မလို့လား”

ကျင်းရှီ -...

တစ်စုံတစ်ယောက်ကို ရိုက်ချင်နေသည်။

ကျင်းရှီက ဗီဒီယိုကောကို ချလိုက်ချင်ပေမယ့် ပေါ်ရန်က သူမကို တားလိုက်သည်။ “နှစ်သစ်ကူးခါနီးနေပြီ၊ အရင်တစ်ခေါက် countdown လုပ်တုန်းက မင်းရေချိုးနေလို့ ငါနဲ့ countdown မလုပ်ဖြစ်ဘူးမလား၊ ဒီတစ်ခါ အတူတူ countdown လုပ်ရအောင်”

“အိုကေ” ကျင်းရှီက လက်မလျှော့ချင်သေးပေ။ “ဒါပေမယ့် ရှင် ကျွန်မ ပုံစံနည်းနည်း ပြောင်းလဲသွားတာကို တကယ် သတိမထားမိဘူးလား”

“ဟမ်…” ပေါ်ရန်က သူမကို အကြာကြီး စိုက်ကြည့်ကာ စာမေးပွဲမေးခွန်းတစ်ခု ဖြေနေသကဲ့သို့ “အဝတ်အစားအသစ် ဝတ်ထားလို့လား” ဟုမသေချာ မရေရာစွာ မေးလိုက်သည်။

ကျင်းရှီ - ...

ထို့ကြောင့် မိန်းကလေးများနှင့် ယောက်ျားလေးများက သူငယ်ချင်းဖြစ်၍ မရခြင်း ဖြစ်သည်။ မိန်းကလေးများသည် ယနေ့ နေရောင်ကာခရင်မ်လိမ်းထားသလားဆိုတာကိုတောင် ပြောနိုင်သည်။ ယောက်ျားလေးများကမူ မိန်းကလေးတစ်ယောက်၏ မိတ်ကပ်ပါးပါးလေးဟာ သူတို့အတွက် မျက်နှာပြောင်ချည်းသက်သက်ဖြစ်နေပြီး နှုတ်ခမ်းနီဆိုးထားလျှင် မိတ်ကပ်ထူထူလိမ်းထားသည်နှင့် တူနေသည်။

သူမအဝတ်အစားအသစ်များကို သူသတိထားမိပေမယ့် သူမပိုလှလာသည်ကို သတိမထားမိဘူးလား။

ထိုအချိန်တွင် ရှန်ဖျင်ချွမ်၏ အသံသည် ပျင်းရိစွာထွက်လာသည်- “စောက်ရူး~~”

ပေါ်ရန် -“ယို့၊ ငါ့အစ်ကိုရှန်က အဲ့မှာ ရှိနေတာပဲ”

သူသည် ဘာမှမဖြစ်သလိုနှင့် ယနေ့ဖြစ်သွားသော ရန်ပွဲကြောင့် စိတ်အနှောင့်အယှက် မဖြစ်သလို လုပ်ပြန်နေသည်။

ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ ဘေးတွင် ထိုင်ပြီး ကန်လိုက်သည်။ - “အစ်ကို၊ ဒီနေ့ ကျွန်မ ခါတိုင်းနဲ့ မတူတာကို သူ့ကို ပြောပြလိုက်!”

ရှန်ဖျင်ချွမ်က သူ့နားကြပ်ကို ချွတ်လိုက်ပြီး ဖုန်းစခရင်ကို စိတ်မရှည်စွာ ကြည့်နေသည်။ “ဒီနေ့ သူခေါင်းလျှေော်ဖို့ အရမ်းပျင်းနေတယ်၊ တစ်ခေါင်းလုံး အဆီပြန်နေတာပဲ၊ အဲဒါကိုတောင် မင်းက မမြင်ဘူးလား”

All Chapters