ကောင်းခြင်းဆိုးခြင်း ခန်းမ
Vol. 30 Ch. 326
၃၂၆) ဒုတိယအကြိမ် အကြွေးဆပ်ခြင်း
နောက်တစ်နေ့ မနက်စာ စားပြီးနောက် ထန်ထျန်းက လန်တင်းအင်မော်တယ်အရှင် ထံသို့ တိုက်ရိုက် ဆက်သွယ်လိုက်သည်။
"အကြွေး ထပ်ဆပ်ဦးမလို့လား"
လန်တင်းအင်မော်တယ်အရှင်၏ လေသံမှာ အနည်းငယ် အံ့ဩသွားပုံရသည်။
အရင်တစ်ခေါက် ထန်ထျန်းနှင့် စကားပြောပြီးကတည်းက သူ သေသေချာချာ ရှင်းပြထားပြီးသား ဖြစ်သည်။
ဤအကြွေးမှာ အမှန်တကယ်တော့ အပြစ်ပေးသည့်အနေဖြင့် ပြယုဂ်တစ်ခုသာဖြစ်ပြီး ထန်ထျန်း အနေဖြင့် အကုန်ဆပ်ရန် မလိုအပ်ပေ။
အရင်တစ်ခေါက်က ထန်ထျန်းသည် တစ်ခါတည်းနှင့် ရှန့်ထန်းတာအို ကျောက်စိမ်း ၅ သန်း ထုတ်ပေးခဲ့ခြင်းမှာပင် လန်တင်းအင်မော်တယ်အရှင်ကို အတော်လေး အံ့ဩစေခဲ့သည်။ ယခု တစ်လကျော်ကျော်လေးသာ ကြာသေးသည့်အချိန်တွင် နောက်တစ်ကြိမ် အကြွေးလာဆပ်ပြန်ပြီ ဖြစ်သည်။
ထန်ထျန်းက ၎င်းကို တကယ့် အကြွေးတစ်ခုလို သဘောထားနေခြင်းလား။
"ထန်ထျန်း... မင်း ဒီကိစ္စကို စိတ်ထဲ အရမ်းကြီး ထည့်မထားပါနဲ့။ "
"အခုအချိန်မှာ ကျင့်ကြံခြင်းကသာ မင်းအတွက် အရေးကြီးဆုံးပဲ။ "
"နောက်ပြီး ထျန်းဖူနန်းတော်က အဲဒီ ကျောက်စိမ်းလေးတွေ မရှိလည်း ဘာမှမဖြစ်ပါဘူး"
လန်တင်းအင်မော်တယ်အရှင်က နူးညံ့စွာ ပြောလိုက်သည်။
သို့သော် သူ၏ လေသံအရ ယခုတစ်ခေါက် ထန်ထျန်းဆပ်မည့် ပမာဏမှာ သိပ်မများနိုင်ဟု ထင်နေပုံရသည်။
ထန်ထျန်းက ခဏစဉ်းစားပြီး "အရှင်ချီက သဘောထားကြီးပါတယ်"
"ဒါပေမဲ့ တပည့်ကိုယ်တိုင် သိပါတယ်၊ နဂါးတံခါး ကိစ္စက ထျန်းဖူနန်းတော်အတွက် ဆုံးရှုံးမှု မနည်းခဲ့ဘူးလေ "
"အခုလောလောဆယ် အကုန်လုံးကို အစားထိုးဖို့ မဖြစ်နိုင်သေးပေမဲ့ နည်းနည်းချင်းစီ ထပ်ဆပ်နိုင်မှ တပည့်လည်း စိတ်အေးရမှာပါ"
နောက်နေ တာလား၊ သူ့ကို အကြွေးဆပ်ခွင့် မပေးရင် သူ ဘယ်လိုလုပ် ပိုက်ဆံရှာပြီး သုံးစွဲမှုအမှတ်တွေ ရတော့မလဲ။
ဒီအကြွေးကို သူ သေချာပေါက် ဆပ်ရမည်၊ ဘယ်သူတားတား မရပေ
"တကယ်ကို စိတ်ထားကောင်းတာပဲ"
လန်တင်းအင်မော်တယ်အရှင်က သက်ပြင်းတစ်ချက်ချကာ "ထျန်းဖူနန်းတော်က တခြားတပည့်တွေမှာလည်း မင်းလို တာဝန်သိစိတ်သာ ရှိမယ်ဆိုရင် ထျန်းဖူနန်းတော်ကြီး မတိုးတက်မှာကို စိတ်ပူစရာ လိုပါဦးမလား။ "
"ကောင်းပြီလေ... မင်း လာခဲ့လိုက်တော့၊ ငါ အခု ထုန်းရှန့်တောင် မှာ ရှိနေတယ်၊ ထုန်းရှန့်ခန်းမ ကို တိုက်ရိုက် လာခဲ့လိုက်"
ထန်ထျန်း ခဏမျှ ကြောင်သွားသည်။ ဤလူကြီးမင်းက ထုန်းရှန့်တောင်ကို ဘာလာလုပ်တာလဲ။
သို့သော် ၎င်းမှာ သူ စပ်စုရမည့် ကိစ္စမဟုတ်သဖြင့် လက်ခံလိုက်ပြီးနောက် ထုန်းရှန့်တောင် အပေါ် ပိုင်းသို့ ဦးတည်သွားလိုက်သည်။
ထုန်းရှန့်ခန်းမက ထုန်းရှန့်တောင်၏ ထိပ်တွင် တည်ရှိပြီး အကြီးအကဲများ ပုံမှန် အစည်းအဝေး လုပ်သည့် နေရာဖြစ်သည်။
မနေ့က အကြီးအကဲတစ်ဦးနှင့် လှည့်လည်ကြည့်စဉ်က ထန်ထျန်းသည် ၎င်း၏ တည်နေရာကို မှတ်သားထားခဲ့ဖူးသည်။
သိပ်မကြာခင်မှာပင် သူက ခန်းမကြီး၏ ရှေ့သို့ ရောက်လာခဲ့သည်။
ဤနေရာတွင် အခြားတပည့်များ၏ အရိပ်အယောင် မရှိပေ။ ထိုစဉ် ခန်းမအပြင်ဘက်တွင် ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ မင်ကွမ်းအင်မော်တယ်အရှင် ပင် ဖြစ်သည်။
ထန်ထျန်း ရောက်လာသည်ကို မြင်သောအခါ မင်ကွမ်းအင်မော်တယ်အရှင်က သူ့ကို နှုတ်ဆက်ပြီး အခြားတစ်ဖက်သို့ ခေါ်သွားသည်။
"အရှင်ချီက အဲဒီဘက်မှာ မင်းကို စောင့်နေတယ်"
မင်ကွမ်းအင်မော်တယ်အရှင်က ပြောသည်။
ခဏအကြာတွင် ထန်ထျန်းက မင်ကွမ်းအင်မော်တယ်အရှင်၏ နောက်မှ လိုက်သွားရင်း လှပဆန်းပြားသော ပန်းခြံတစ်ခုသို့ ရောက်လာခဲ့သည်။
ပန်းခြံ၏ မြင်ကွင်းမှာ စိတ်ကြည်နူးဖွယ်ကောင်းပြီး အင်မော်တယ်စွမ်းအားများ ပြည့်ဝနေကာ သဘာဝတရား၏ အငွေ့အသက်များလည်း အလွန်ပင် ထူထပ်လှသည်။
ထို့အပြင် ထန်ထျန်းက အလွန် ထူးခြားသော အော်ရာ တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ တာအိုနိယာမ တစ်ခုကဲ့သို့ပင်၊ ထူးခြားသော စွမ်းအားတစ်ခုကဲ့သို့လည်း ဖြစ်နေပြီး အလွန်ပင် နက်နဲဆန်းကြယ်လှသည်။
ဤအော်ရာ မှာ သူ့အတွက် အလွန် ရင်းနှီးသလို ခံစားရသော်လည်း ဘယ်နေရာမှာ တွေ့ခဲ့ဖူးသလဲဆိုသည်ကိုမူ ချက်ချင်း စဉ်းစား၍ မရပေ။
တိတ်ဆိတ်စွာပင် လမ်းလျှောက်လာရင်း ကျောက်တောင်တုအချို့ကို ကျော်ဖြတ်ပြီးနောက် ဇရပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
လန်တင်းအင်မော်တယ်အရှင်နှင့် အခြားသော သူစိမ်းအကြီးအကဲ တစ်ဦးတို့မှာ ဇရပ်အောက်တွင် ထိုင်နေကြသည်။
ထန်ထျန်းနှင့် မင်ကွမ်းအင်မော်တယ်အရှင် ရောက်လာသည်ကို မြင်သောအခါ ထိုအကြီးအကဲမှာ ဇရပ်ထဲမှ ချက်ချင်း ထရပ်ကာ ထွက်ခွာသွားတော့သည်။
သို့သော် ထန်ထျန်း၏ ဘေးမှ ဖြတ်သွားစဉ် သူက အဓိပ္ပာယ်ပါပါ ပြုံးလျက် "မင်းက ထန်ထျန်း ကိုး။"
" ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ငါ သိပြီးပြီ။ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ အခုခေတ် တပည့်တချို့က အရမ်းကို စိတ်ကြီးဝင်နေကြတာ၊ တစ်ယောက်ယောက်က သူတို့ကို သင်ခန်းစာ ပေးဖို့ လိုနေတာ ကြာပြီ။ "
"ဆက်ကြိုးစား ထုန်းရှန့်တောင်မှာ မင်းရဲ့ ရှေ့ဆက်လုပ်တာ တွေကို ငါ မျှော်လင့်နေမယ်"
ပြောပြီးသည်နှင့် သူက ကိုယ်ယောင်ဖျောက်ကာ ထွက်ခွာသွားသည်။
ထန်ထျန်းမှာမူ အူကြောင်ကြောင် ဖြစ်နေခဲ့သည်၊ ဤလူက ဘယ်သူလဲ။
ထန်ထျန်း၏ သံသယကို ရိပ်မိပုံရသော မင်ကွမ်းအင်မော်တယ်အရှင်က ရယ်မောရင်း "မင်းက တောင်ထိပ် တပည့် တစ်ယောက်ဖြစ်ပြီး သူ့ကို မသိဘူးလား။ "
"သူက မင်းတို့ ထုန်းရှန့်တောင်ရဲ့ တောင်ထိပ်သခင် သဲယောင်အင်မော်တယ်အရှင် လေ။ "
"သူရဲ့ နာမည်ရင်းက ကုန်းယောင် ဖြစ်လို့ တောင်ထိပ်သခင်ကုန်း လို့လည်း ခေါ်ကြတယ်"
ထိုအခါမှ ထန်ထျန်း သဘောပေါက်သွားတော့သည်။
ထုန်းရှန့်တောင်၏ တောင်ထိပ်သခင် ကိုး၊ ဒါကြောင့်လည်း လန်တင်းအင်မော်တယ်အရှင်နှင့် ရင်းရင်းနှီးနှီး စကားပြောနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
"ကဲ... မြန်မြန်သွားရအောင်။ "
"အရှင်ချီမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်"
မင်ကွမ်းအင်မော်တယ်အရှင်က ပြောသည်။
ထို့နောက် သူတို့နှစ်ဦး ဇရပ်အောက်သို့ ရောက်လာကြသည်။
လန်တင်းအင်မော်တယ်အရှင်က ထန်ထျန်းကို ထိုင်ရန် ဖိတ်ခေါ်ပြီး မင်ကွမ်းအင်မော်တယ်အရှင်မှာမူ သူတို့နှစ်ဦးအတွက် နေရာဖယ်ပေးရန် တစ်ဦးတည်း ဆုတ်ခွာသွားခဲ့သည်။
"ဒီအပတ် တောင်ထိပ် တပည့်တွေ တောင်ပေါ်တက်တဲ့ ပထမဆုံးနေ့မှာပဲ မင်း ကိစ္စအကြီးကြီး တစ်ခု လုပ်လိုက်တယ်လို့ ငါ ကြားတယ်နော်"
လန်တင်းအင်မော်တယ်အရှင်က ထန်ထျန်းကို ပြုံးလျက် ပြောလိုက်သည်။
ဒီလောက် ကိစ္စအသေးအမွှားလေးက ထျန်းဖူနန်းတော် အထက်ပိုင်းအထိတောင် ပျံ့နှံ့သွားသည်လား။
ထန်ထျန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် "ကျွန်တော်လည်း မလုပ်ချင်ပါဘူး။"
" ဒါပေမဲ့ တပည့် တချို့က အရမ်း စိတ်လိုက်မာန်ပါ ဖြစ်နေကြတဲ့အပြင် တချို့လူတွေရဲ့ သွေးထိုးပေးမှုကြောင့် အဲဒီလို ဖြစ်သွားရတာပါ"
လန်တင်းအင်မော်တယ်အရှင်က လက်ကာပြကာ "ဒါကို ငါ နားလည်ပါတယ်၊ မင်း အရမ်းကြီး စိတ်ထဲမထားနဲ့။ "
"ထျန်းဖူနန်းတော်ရဲ့ စည်းမျဉ်းကို မချိုးဖောက်သရွေ့ မင်း ဘာလုပ်လုပ် ရပါတယ်။ "
"နောက်ပြီး ထျန်းဖူနန်းတော်က အရမ်းမြန်မြန် တိုးတက်လာတာကြောင့် ဒီနှစ်ပိုင်းတွေမှာ တပည့်တချို့ရဲ့ အပြုအမူက တကယ်ကို ခေါင်းခဲချင်စရာပဲ။ "
"မင်းလိုလူ ထွက်လာပြီး ဒီလို မကောင်းတဲ့ လေထုကို နှိမ်နင်းပေးတာကလည်း ကောင်းပါတယ်။"
" ခုနက တောင်ထိပ်သခင်ကုန်းတောင် ပြောသွားသေးတယ်၊ သူ နောက်ပိုင်းမှာ မင်းကို အထူး ဂရုစိုက် ပျိုးထောင်ပေးမယ်တဲ့။"
" ဒါကြောင့် ဒီအခွင့်အရေးကို အရယူပြီး ကောင်းကောင်း ကျင့်ကြံကွာ"
ထန်ထျန်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။
ဤအကြီးအကဲ က သူ့အပေါ် ဆက်ဆံပုံမှာ တကယ်ကို ပြောစရာ မရှိအောင် ကောင်းလှသည်။
သို့မဟုတ်လျှင်လည်း ၎င်းမှာ သူ၏ အပြုအမူ ဖြစ်နိုင်ပြီး ထူးချွန်သော တပည့်အားလုံးကို ဂရုစိုက်တတ်ခြင်း ဖြစ်ပေလိမ့်မည်။
"ကဲ... အဓိက ကိစ္စကို သွားကြရအောင်"
လန်တင်းအင်မော်တယ်အရှင်က ပြုံးလျက် မေးလိုက်သည်။ "ဒီတစ်ခေါက် မင်း ဘယ်လောက် ဆပ်ချင်လို့လဲ"
ထန်ထျန်းက ခဏမျှ တိတ်သွားပြီးနောက် သူ၏ ပမာဏကို တိုက်ရိုက် ပြောလိုက်သည်။
"သန်း ၂၀ ပါ"
လန်တင်းအင်မော်တယ်အရှင်၏ လက်မှာ လေထဲတွင် တန့်သွားတော့သည်။
အရင်တစ်ခေါက်က ထန်ထျန်း တစ်ခါတည်း ၅ သန်း ပေးခဲ့သည်မှာပင် သူ အတော်လေး အံ့ဩခဲ့ရသည်။
ဤမျှ များပြားသော ငွေပမာဏမှာ အလယ်အလတ်အဆင့် အင်အားစုအချို့ပင်လျှင် လွယ်လွယ်နှင့် ထုတ်ပေးနိုင်သည် မဟုတ်ပေ။
ထို့ကြောင့် ယခုတစ်ခေါက် ထန်ထျန်းက အကြွေးထပ်ဆပ်မည်ဟု ပြောသောအခါ သူက အများဆုံး တစ်သန်း ဝန်းကျင်လောက်သာ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထန်ထျန်းက ဤမျှ ကြောက်စရာကောင်းသော ကိန်းဂဏန်းကို ပြောလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"ဘယ်လောက်"
သူက မသေချာသဖြင့် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ရှန့်ထန်းတာအို ကျောက်စိမ်း သန်း ၂၀ ပါ"
ထန်ထျန်း ပြောပြီးသည်နှင့် သိုလှောင်လက်စွပ် တစ်ခုကို ထုတ်ကာ လန်တင်းအင်မော်တယ်အရှင်၏ ရှေ့တွင် ချလိုက်သည်။
လန်တင်းအင်မော်တယ်အရှင်က ၎င်းကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ တောက်ပနေသော ရှန့်ထန်းတာအို ကျောက်စိမ်းများမှာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ ပုံနေပြီး တဖျပ်ဖျပ် တောက်ပနေကြသည်။
လန်တင်းအင်မော်တယ်အရှင်မှာ ပိုက်ဆံ မမြင်ဖူးသူ မဟုတ်ပေ။
ဤမျှ ကြီးမားသော ထျန်းဖူနန်းတော်ကြီးတွင် နေ့စဉ် အသုံးစရိတ်မှာ နက္ခတ် ကိန်းဂဏန်းများကဲ့သို့ပင်။
သူ တာဝန်ယူထားသော အပိုင်းတစ်ခုတည်းမှာပင် တစ်လလျှင် အနည်းဆုံး ဘီလီယံ ချီပြီး အသုံးစရိတ် ရှိသည်။
သို့သော် ထျန်းဖူနန်းတော်တွင် တပည့်ပေါင်း သန်းချီ ရှိသည် မဟုတ်လား
နောက်ပြီး ထိုကုန်ကျသော ပိုက်ဆံ အများစုမှာလည်း အခြားနည်းလမ်းများဖြင့် ထျန်းဖူနန်းတော်အတွင်းသို့ပင် ပြန်လည် စီးဝင်လာကြသည်သာ ဖြစ်သည်။
ထို့ကြောင့် ကိန်းဂဏန်းမှာ အံ့ဩစရာ ကောင်းသော်လည်း သေသေချာချာ ကြည့်လျှင် ထိုမျှသာ ဖြစ်သည်။
သို့သော် လက်ငင်းငွေ သန်း ၂၀ ဆိုသည်မှာ စနစ်တကျ အသုံးပြုမည်ဆိုပါက လဝက်စာ အသုံးစရိတ်အတွက် လုံလောက်နေပြီ ဖြစ်သည်။
ဤမျှ များပြားသော ရှန့်ထန်းတာအို ကျောက်စိမ်းများကို တစ်ခါတည်းနှင့် လွယ်လွယ်ကူကူ ထုတ်ပေးနိုင်သည်မှာ ထျန်းဖူနန်းတော်ရှိ ထိပ်တန်း အင်အားစုအချို့သာ ရှိပေလိမ့်မည်။
ထန်ထျန်းကလည်း လုပ်နိုင်သည်လား။
လန်တင်းအင်မော်တယ်အရှင်က သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်သည်။
"ငါက မင်းရဲ့ ဒီတစ်ခေါက် အကြွေးဆပ်တာကို ငြင်းပြီး ဆုံးမစကားလေးတွေ ပြောမလို့လေ။ "
"ကျင့်ကြံခြင်းကိုပဲ အဓိက ထား မင်းမှာ ပိုလျှံတာ ရှိရင်တောင် ကျင့်ကြံခြင်းအတွက်ပဲ သုံးပါလို့ ပြောမလို့ပဲ"
" ဒါပေမဲ့ မင်းက ဒီလောက်အထိ လုပ်ပြနေတော့လည်း ငါ ငြင်းဖို့ တကယ်ကို ခက်သွားပြီ"
သူက ခေါင်းခါလျက် ပြုံး ရင်း ပြောလိုက်တော့သည်။