အပိုင်း (၄၀)
Vol. 4 Ch. 40
ကျင်းရှီ၏ မျက်နှာသည် နှင်းဆီရောင်တိမ်များကဲ့သို့ဖြစ်နေဆဲ။ သူမက “စီနီယာပေါ်ရန်" ဟု ရုတ်တရက် အော်ခေါ်လိုက်သည်။
ပေါ်ရန်က လျှောက်လာပြီး ဆံပင်များကို ပွတ်သပ်ရင်း “မင်းဘာလုပ်နေတာလဲ”
သူမသည် ပေါ်ရန်ကို လက်ကမ်းစာစောင်တစ်ခု ပေးလိုက်သည်။ “ကဗျာတွေ့ဆုံပွဲ၊ အနှစ်ချုပ်ကို သိလို့ရမလား”
ပေါ်ရန်ကိုယ်တိုင်က ကဗျာတွေ့ဆုံပွဲကို စိတ်မဝင်စားပေ။ စားပွဲပေါ်ရှိ ပိုစတာကို ခေါင်းငုံ့ပြီး စွေကြည့်ကာ မည်မျှပင် ကြည့်နေပါစေ သူ့အတွက် မျက်စိနောက်စရာဖြစ်နေသည်။ “ဒါကို မင်းဆွဲထားတာလား”
“မဟုတ်ဘူး၊ အဲဒါ…”
ကျန့်စစ်ရွင်းက လျှောက်လာပြီး “အဲဒါကို ငါဆွဲထားတာ” ဟုပြောလိုက်သည်။
ပေါ်ရန်က မျက်ခုံးပင့်ကာ “မင်းရဲ့ကြာပန်းက တစ်ခုခုနဲ့ တူနေသလိုပဲ” ဟုပြောလိုက်သည်။
ကျင်းရှီက သူ့ကို ဆွဲထုတ်ပြီး “ဒါက ကြာပန်းမဟုတ်ဘူး၊ ဖယောင်းပန်” ဟုတိုးတိုးလေး ပြောလိုက်သည်။
သူဆွဲထားသော ဖယောင်းပန်းပုံများကြောင့် ဂုယုကဗျာတွေ့ဆုံပွဲတစ်ခုလုံးကို ပျက်စီးစေသွားနိုင်သည်ဟု ကျန့်စစ်ရွင်း ကိုယ်တိုင်လည်း သိနေသည်။ သူသည် ပိုစတာကို ရိုးရိုးရှင်းရှင်းလေး ခေါက်ပြီး သိမ်းလိုက်သည်။ “အနုပညာအကယ်ဒမီက ငါ့သူငယ်ချင်းတွေကို ပန်းချီကားတစ်ချပ် ပြန်ဆွဲခိုင်းဦးမယ်”
ချူးကျောက်က ပေါ်ရန်ကို ကြည့်လိုက်သည်။ “တခြားသူတွေကို လိုက်မေးနေစရာ မလိုပါဘူး ဟုတ်တယ်မလား။ ကျွန်မတို့မှာ ကျွမ်းကျင်သူတစ်ယောက် အဆင်သင့်ရှိပြီးသား။ စီနီယာပေါ်ရန်၊ ကျွန်မတို့ကို တစ်ခုခုလုပ်ပေးလို့ရမလား ပိုစတာဆွဲပေးရင်ရော ဘယ်လိုလဲ”
ကျင်းရှီက သူမအင်္ကျီလက်ကို ဆွဲလိုက်သည်။ “စီနီယာက လေ့ကျင့်ရေးနဲ့ အရမ်းအလုပ်ရှုပ်နေတယ်”
ပေါ်ရန်က ကျင်းရှီကို အပြုံးမပျက် ကြည့်နေသည်။ “မင်းတောင်းဆိုရင် ငါအလုပ်မရှုပ်ပါဘူး”
ချူးကျောက်က ကျင်းရှီကို အသည်းအသန် မျက်စိမှိတ်ပြလိုက်သည်။ ကျင်းရှီသည် ပေါ်ရန်ကို အပိုဒုက္ခမပေးချင်သော်လည်း ထိုကိစ္စကို ဤနေရာတွင် ပြောခဲ့ပြီးဖြစ်သောကြောင့် သူမလည်း ပြောမိလိုက်လေသည်။
“ဒါဆို...ဒါဆို ကျွန်မတို့ကို ကူဆွဲပေးပါလား”
“ကောင်းပြီ မနက်ဖြန် မင်းအတွက် ငါဆွဲလာပေးမယ်”
ကျင်းရှီသည် ပေါ်ရန်၏ ဖုန်များပေနေသော အင်္ကျီလက်စများကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် သူ့ဆီ လျှောက်သွားပြီး သူ့အဝတ်အစားမှ ရွှံ့နှင့် မြက်များကို ဂရုတစိုက် ခါပေးလိုက်သည်။
“ဒီလောက်ညစ်ပတ်နေတာ ဘယ်မှာဘာသွားလုပ်နေလို့လဲ”
“မင်းရဲ့စီနီယာသာ ကြက်တွေ၊ ခွေးတွေကို ခိုးနိုင်တဲ့ အရည်အချင်းရှိရင် ကောင်မလေးတစ်ယောက်ကို ချက်ချင်း ခိုးသွားနိုင်လောက်ပြီ”
ကျင်းရှီက သူ့စနောက်မှုတွင် ရယ်မောပစ်လိုက်သည်။ “ရှင်က မိန်းမပျိုလေးတစ်ယောက်ကို ခိုးချင်နေတာလား”
ပေါ်ရန်က သူမခေါင်းလေးကို ရှုပ်ပွအောင် ပွတ်လိုက်သည်။
“ဒါပေါ့ မိန်းမပျိုလေးတစ်ယောက်ပေါ့။ မဟုတ်ရင် မင်းလို မူလတန်းကျောင်းသူလေးကို ခိုးရမှာလား”
ကျင်းရှီက ကိုယ့်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့အဝတ်များကို ဆွဲလိုက်သည်။ “ပိုစတာသာ ကူဆွဲပေးစမ်းပါ။ ရှင့်အဝတ်တွေကို ချွတ်လိုက် ကျွန်မ လျှော်ပေးမယ်။ ဒီနေ့ ပြီးအောင်လျှော်ပေးမယ် အဲ့ဒါမှ ရှင်မနက်ဖြန်ဝတ်လို့ရမှာ”
ပေါ်ရန်သည် သူ့ဂျာကင်အကျီကို အမြန်ချွတ်လိုက်ပြီး ကျင်းရှီပုခုံးပေါ် တင်ပေးလိုက်သည်။
“သေသေချာချာ လျှော်ပေး”
“ကျွန်မ သိပါတယ်”
သူထွက်သွားပြီးနောက် ကျင်းရှီသည် စစ်ပြောက်ကျားဝတ်စုံကို သပ်သပ်ရပ်ရပ် ခေါက်ထားပြီး သူမ၏ ကျောပိုးအိတ်ထဲသို့ ဂရုတစိုက် ထည့်ထားလိုက်သည်။
...
နောက်တစ်နေ့တွင် စာပေကလပ်၏ တဲတွင် ကြီးမားသော လက်ရေးပန်းချီပိုစတာကြီးသည် ကျောင်းသားများစွာ လာရောက်ကြည့်ရှုရန် ဆွဲဆောင်နေခဲ့သည်။
“ဂုယုကဗျာတွေ့ဆုံပွဲ” ဇာတ်ကောင်လေးယောက်သည် တိမ်များနှင့် ရေများကဲ့သို့ ချောမွေ့စွာ စီးဆင်းနေပြီး သန်မာ၍ အားကောင်းကာ ကျင်းရှီသည် ပန်းချီပြပွဲခန်းမတွင် မြင်တွေ့ခဲ့ရသည့် လက်ရေးလှလက်ရာထက် မညံ့ပေ။
ရဲရင့်သော “ဂုယုကဗျာတွေ့ဆုံပွဲ” ဇာတ်ကောင်လေးယောက်အပြင် ပတ်ပတ်လည်တွင် အဖူးကလေးများ အနည်းငယ်ပွင့်နေပြီး အရောင်အသွေးတစ်ခုလုံးနှင့် အလွန်လိုက်ဖက်သော မှင်ရောင်အကိုင်းအခက်များပေါ်တွင် ကြက်သွေးရောင် အစက်အပြောက်အနည်းငယ်ရှိနေသည်။
ပိုစတာသည် ကျောင်းသားများကို ဆွဲဆောင်ခဲ့ပြီး လူအများက ထိုနေရာတွင် ရပ်ကာ ဓာတ်ပုံရိုက်နေခဲ့သည်။
ကျန့်စစ်ရွင်းက သက်ပြင်းချရင်း “ဒီအမျိုးသားကာကွယ်ရေးတက္ကသိုလ်က မင်းရဲ့ စီနီယာကြီးကတော့ သူ့အရည်အချင်းတွေကို လျှိုထားတာပဲ၊ လက်ရေးလှလည်း ရေးတတ်တယ်”
ကျင်းရှီသည် ပိုစတာကို စိုက်ကြည့်ရင်း သူမ၏ မျက်လုံးများ တောက်ပလာကာ “သူက... အရမ်းတော်တယ်”
သူမ၏ အမူအရာအရ ကျန့်စစ်ရွင်းသည် လေးစားခြင်းထက် ပို၍လေးနက်ပြီး ပုံမှန်မဟုတ်သော အဓိပ္ပါယ်ကို ခံစားလိုက်ရသည်။
“ပေါ်ရန်” ဟူသော နာမည်သည် မိန်းကလေး နှစ်ယောက် မကြာခဏ ပြောလေ့ရှိသော နာမည်ဖြစ်သည်။ ချူးကျောက်သည် ထိုနာမည်ကို မကြာခဏ ပြောတတ်သော်လည်း အဓိကအားဖြင့် “စီနီယာပေါ်ရန်” ဟူသော နာမည်မပါပဲ စကားမပြောနိုင်သည့်သူမှာ ကျင်းရှီဖြစ်နေသည်။
“စီနီယာပေါ်ရန်က အရပ်ပိုမြင့်လာပုံရတယ်။ သူ့အရပ်နဲ့ လိုက်ဖက်ဖို့ မိန်းကလေးတစ်ယောက်က ဘယ်လောက် အရပ်ရှည်ရမယ်လို့ စိတ်ကူးကြည့်ဖူးလား”
“စီနီယာပေါ်ရန်က သေနတ်ပစ်ပြိုင်ပွဲမှာ ထပ်ပြီး နိုင်ခဲ့တယ်။ သူဘယ်လောက်တောင် တော်လိုက်လဲ”
“စီနီယာပေါ်ရန်ကို ထပ်ပြီး ကောင်မလေးတစ်ယောက်က သဘောကျတဲ့အကြောင်းဝန်ခံခဲ့တယ်။ အာ... ဆွဲဆောင်မှုအရမ်းရှိလိုက်တာ!”
...
သူတို့၏စကားကြောင့် ကျန့်စစ်ရွင်းသည် ဤ “စီနီယာပေါ်ရန်” ၏ ကျော်ကြားမှု မည်မျှမြင့်မားသည်ကို အကြမ်းဖျင်း သဘောပေါက်ခဲ့သည်။
သို့သော် လက်တွေ့တွင် မိန်းကလေးများ၏ အတင်းအဖျင်းနှင့် တီးတိုးစကားများတွင် မည်သို့ ယောက်ျားလေးတစ်ဦးတည်းသာ ရှိနေနိုင်သနည်း။
အခန်း ၄၁၀တွင် “ကျန့်စစ်ရွင်း” ဟူသော အမည်ကို ဖော်ပြသည့် အကြိမ်ပေါင်းမှာလည်း တပြေးတည်း မြင့်တက်လာသည်။
“စီနီယာကျန့်စစ်ရွင်းက Ruida Group ကနေ စပွန်ဆာရသွားတာ မယုံနိုင်စရာပဲ။ ဘုရားရေ၊ အရမ်းတော်တာပဲ!”
“စီနီယာကျန့်စစ်ရွင်းလည်း သူ့ကိုယ်တိုင် ကဗျာတချို့ ရေးထားတယ်တဲ့။ ငါ့အပိုင်းက အတူတူလေ့ကျင့်ပေးရုံပဲတဲ့”
“စီနီယာကျန့်စစ်ရွင်းရဲ့ မျက်ရစ်နှစ်ထပ်က အရမ်းလှတာပဲ။ ငါအရမ်းမနာလိုလိုက်တာ”
...
ထိုစကားအားလုံးက ကျင်းရှီ ပြောခဲ့တာမဟုတ်ပေမယ့် “လှလိုက်တဲ့မျက်ရစ်နှစ်ထပ်” ကိုပြောနေသည့်အသံက... အခန်း ၄၀၉ ကိုဖြတ်သွားသောအခါ ပေါ်ရန်က ကျင်းရှီ ဖြစ်သည်ဟု သံသယဖြစ်စရာမလိုပဲ ပြောနိုင်သည်။
သူသည် အဆောင်အခန်းဆီသို့ ပြန်သွားကာ ရှားယု၏ စားပွဲပေါ်ရှိ လက်တစ်ဝါးစာမှန်ကို ကောက်ကိုင်ကာ ကြည့်လိုက်သည်။ မှန်ထဲတွင် သူ့ကိုယ်ပိုင် ရှည်လျားကျဉ်းမြောင်းသော ဇာမဏီမျက်လုံးများ၊ ခပ်ချေချေပုံစံနှင့် သူများနှင့် မတူ၊ ခြားနားမှုတို့ တွေ့နေရသည်။
ကျင့်ချီ - “ကြည့်မနေနဲ့။ မင်းဘယ်လောက်ပဲကြည့်ကြည့် မင်းရဲ့မျက်ရစ်တစ်ထပ်ကနေ နှစ်ထပ်ဖြစ်သွားမှာမဟုတ်ဘူး”
ပေါ်ရန်က မှန်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး “မျက်ရစ်နှစ်ထပ်တွေက အဲ့လောက်တောင် ကြည့်ကောင်းနေလို့လား”
ကျင့်ချီက ပြုံးပြီး “ဒါက ဘယ်သူ့မျက်နှာလဲဆိုတာပေါ် မူတည်တယ်။ ကျန့်စစ်ရွင်းက တီဗွီပေါ်တောင် ရောက်ဖူးတဲ့သူ၊ ချုံးချင့်တက္ကသိုလ်ရဲ့ နတ်ဘုရားလို့ လူသိရှင်ကြား အသိအမှတ်ပြုထားခံရတဲ့ သူလေ၊ ကဲ မင်းပြောကြည့် အဲ့လောက်ဆို သူရုပ်ချောလား မချောလားဆိုတာ”
ပေါ်ရန်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။ “အဲ့ကောင်က ကီလို၂၀ လောက်တင်ပြီး လက်တစ်ဖက်တည်းနဲ့ ဒိုက်ထိုးနိုင်လို့လား”
ကျင့်ချီ - “အဲ့လိုတော့မလုပ်နိုင်ဘူး၊ ဒါပေမယ့် သူက ကဗျာတွေ ရွတ်နိုင်တယ်လေ”
ပေါ်ရန် -......
နေ့ခင်းဖက်တွင် အဆောင်ကို သန့်ရှင်းရေး အကြီးအကျယ် လုပ်နေကြသည်။ လျှောက်လမ်းများကို ရေစိုဝတ်များဖြင့် တိုက်ထားပြီး တော်တော်ချောနေသည်။
ချူးကျောက်သည် ကျန့်စစ်ရွင်းဆီသို့ စာရွက်စာတမ်းအချို့ကို ပေးပို့ရန် အလျင်စလိုဖြစ်နေသဖြင့် တံခါးပေါက်ကနေ ပြေးထွက်လာခဲ့သည်။ ထို့ကြောင့် သူမဟာ ချော်လဲပြီး လျှောက်လမ်းမှာ လဲကျသွားခဲ့သည်။
အခန်း ၄၀၉ တံခါးသည် ဖွင့်ထားလျက်ဖြစ်နေသည်။ ကျင့်ချီသည် ဘောပင်တစ်ချောင်းကိုင်ကာထိုင်နေပြီး ဝင်ငွေနှင့် အမြတ်ငွေများကို သူမှတ်စုစာအုပ်ငယ်တွင် ဂရုတစိုက် မှတ်တမ်းတင်ထားသည်။ လျှောက်လမ်းကနေ “အား အမေရေ” ဟူသောအော်ဟစ်သံကို ကြားလိုက်ရသည်။
အသံက တော်တော်ရင်းနှီးနေသည်။
သူက ဂဏန်းပေါင်းစက်ကို ချလိုက်ပြီး တံခါးကနေ ပျင်းရိစွာ ထွက်လာခဲ့သည်။
မနီးမဝေးတွင် ချူးကျောက်သည် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ အံကြိတ်ကာ နာကျင်စွာ မျက်မှောင်ကြုတ်နေလေသည်။
ကျင့်ချီသည် တံခါးဘောင်ကို မှီကာ သူမအား တစေ့တစောင်း ကြည့်နေသည်။
ချူးကျောက်နှင့် ကျင့်ချီတို့သည် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများရှိနေခဲ့သည်။ သူတို့နှစ်ယောက်ဆုံတိုင်း ငြင်းခုန်ကြသည်။ သူနှင့်ဆိုလျှင် ချူးကျောက်မျက်နှာပေါ်တွင် ကြင်နာတတ်သော အကြည့်မျိုး တစ်ခါမှ မတွေ့ရပေ။
သူတို့နှစ်ယောက်ကြား နက်ရှိုင်းသော မုန်းတီးမှု ရှိနေသည်ဟု ပြော၍မရပေ။ ကျင့်ချီသည် ချူးကျောက်မှာ ရှုချောင်းယန်ကို အနည်းငယ် သဘောကျနေကြောင်း တွေ့ရှိခဲ့ခြင်းသာ ဖြစ်သည်။
ထို့နောက်တွင် သူသည် ချူးကျောက်ကို မညှာမတာပြောလိုက်သည်။ “ဆရာရှုက true or dare ဂိမ်းကစားတုန်းက အဲ့ဒီအနမ်းကို လုံးဝ အတည် မယူခဲ့ဘူး။ ပြီးတော့ မင်းဟာ သူ့အကြိုက်ပုံစံမဟုတ်ဘူး။ ဆရာရှုက ခပ်မိုက်မိုက် မိန်းကလေးတွေကို ကြိုက်တာ၊ စာဂျပိုးတွေကို မကြိုက်ဘူး”
ရှုချောင်းယန်သည် ချူးကျောက်အပေါ် ခံစားချက်မရှိသည်မှာ အမှန်ပင်၊ အဘယ်ကြောင့်ဆိုသော် သူသည် အနုပညာအကယ်ဒမီရှိ ရုပ်မြင်သံကြားဌာန၏ အလှပဂေးကို မျက်စိကျနေသောကြောင့်ဖြစ်သည်။ သူ့နှလုံးသားက ဒီနွေဦးရာသီမှာ ပွင့်လန်းလာပြီး အဲဒီမိန်းကလေး ဘယ်လောက်တောင် လှလဲဆိုသည်ကို အဆောင်ထဲမှာ နေ့တိုင်း ပြောနေတတ်သည်။
မေးခွန်းလွှာစစ်တမ်းတုန်းကလည်း ရှုချောင်းယန်က သူနှစ်သက်သော တစ်စုံတစ်ယောက်ရှိသည် ဟုပြောနေခြင်းမှာ ထိုမိန်းကလေးအကြောင်း ဖြစ်နေသည်။ ချူးကျောက်က နားလည်မှုလွဲသွားခဲ့သည်။
ကျင့်ချီက ရှုချောင်းယန်ကို တစ်ခါက စကားနှိုက်မေးကြည့်သေးသည်။ ဤသည်မှာ ဘေးခန်းက မိန်းကလေးလေးယောက်ထဲတွင် ဘယ်သူ့ကိုရွေးမလဲဟု မေးလိုက်သောအခါ ရှုချောင်းယန်က လင်းလောကို ရွေးခဲ့ပြီး ချူးကျောက်ကို မရွေးချယ်ခဲ့ပေ။ ထိုအချိန်တွင် ကျင့်ချီသည် ချူးကျောက်ကဲ့သို့သော ချစ်စရာမိန်းကလေးများက သူ့အကြိုက်မဟုတ်ကြောင်း သိလိုက်ရသည်။ ရှုချောင်းယန်သည် ခပ်ကြမ်းကြမ်းနှင့် ခပ်မိုက်မိုက် ခန္ဓာကိုယ်ရှိသော မိန်းကလေးများကို နှစ်သက်သည်။
သူမ၏ လျှို့ဝှက်ခရက်အကြောင်း ပေါ်သွားကတည်းက ချူးကျောက်က ကျင့်ချီကို စကားမပြောတော့ပေ။
ကျင့်ချီသည် အေးအေးဆေးဆေး လျှောက်လာရင်း အနီးနားရှိ အဝါရောင် သတိပေး တြိဂံဆိုင်းဘုတ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး ချူးကျောက်ရှေ့မှာ တခစ်ခစ်ရယ်နေသည်-
“သတိ၊ ကြမ်းပြင်ချော်သည်”
ချူးကျောက်သည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စာရွက်စာတမ်းများကို ကောက်ရန် ရုန်းကန်ရင်း သူ့ကို လျစ်လျူရှုလိုက်သည်။
“ချူးကျောက်၊ ငါနဲ့ ဘယ်တော့မှ စကားမပြောဖို့ ဆုံးဖြတ်ထားတာလား”
ကျင့်ချီသည် ဒူးထောက်ကာ သူ့ရှေ့တွင် တစ်ဝက်တပျက် ဆောင့်ကြောင့်ထိုင်ကာ ပြုံးပြလိုက်သည်။ “မင်း ဒီတစ်သက် စီနီယာကျင့်ချီကို စကားမပြောတော့ဘူးလား”
ချူးကျောက်၏ ပါးပြင်များသည် အနီရောင်တောက်တောက်ဖြစ်သွားကာ ပန်းနုရောင် အဖြူအသားရောင် အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ “ထွက်သွား၊ လူယုတ်မာ!”
သူသည် သူမ၏ ပန်းရောင်ပူဖောင်းဖိနပ်ကို ညင်သာစွာ ပုတ်လိုက်ကာ “နာလား”
ချူးကျောက်က ညည်းတွားသံလေး ထွက်သွားသည်။ “အား!”
“ခြေထောက်လည်သွားတာထင်တယ်” ကျင့်ချီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ကျောင်းဆေးကုခန်းကို သွားရမယ်၊ ပြီးရင် ဆေးလိမ်းရမယ်”
သူမ၏ တုံ့ပြန်မှုကို စောင့်မနေပဲ လက်တစ်ဖက်ကို သူမချိုင်းအောက်သို့ လျှိုထည့်လိုက်ကာ သူမကျောပေါ်သို့ ထောက်ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ကို သူမ၏ ဒူးကွေးနောက်သို့ မလိုက်သည်။ သူသည် သူမကို ပွေ့ချီလိုက်သည်။
ချူးကျောက်က အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ မျက်နှာငယ်လေးသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးလိုမျိုး ပူထူနေသည်။
သူမကို ဘယ်ယောက်ျားလေးတစ်ယောက်ကမှ မပွေ့ချီခဲ့ဖူးပေ။
“ကျွန်မကို အောက်ချပေး!”
“မရဘူး” ကျင့်ချီက ရယ်မောပြီး လှေကားထစ်ကို အမြန်ဆင်းလိုက်သည်။ သူမလက်ကို ထားစရာနေရာမရှိသောကြောင့် ကျင့်ချီ လည်ပင်းတစ်ဝိုက်ကိုသာ ဖက်ထားလိုက်သည်။
ကျင့်ချီသည် ရှုချောင်းယန်နှင့် အခြားသူများလို မဟုတ်ပေ။ သူ့အသားအရေက နူးညံ့ပြီး ဖြူဖွေးနေသည့် ကောင်လေးမျိုးတော့ မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေနှင့် သူ့အသားအရေသည် နေရောင်အောက်တွင် အင်အားအပြည့်ရှိသော အစေ့အဆန်များကဲ့သို့ ရွှေရောင်အဆင်းရှိနေသည်။
ချူးကျောက်သည် သူ့လက်မောင်းရှိ ကြွက်သားများ၏ မာကျောမှုကို ခံစားလိုက်ရသည်။
သူမသည် မျက်နှာကို သူ့လည်ပင်းနားတွင် ကွယ်ထားပြီး ခေါင်းငုံ့ကာ အခြားသူများ မမြင်စေချင်ပေ။
“နေရာတကာ လိုက်ပါနေတယ်”
သူမ၏ အသံသည် နားထဲကြားနိုင်ရုံ ဖြစ်နေသောကြောင့် ကျင့်ချီသည် သူမကို ရှင်းရှင်းလင်းလင်းကြားနိုင်လေသည်။
“နောက်ဆုံးတော့ ငါနဲ့စကားပြောဖို့ ဆန္ဒရှိသွားပြီလား”
သူမ ကြောင်လေးတစ်ကောင်ကဲ့သို့ မာန်ဖြီးလိုက်သည်။
ချူးကျောက်က သူ့ကို တကယ် သဘောမကျသလို၊ သူ့အကြည့်တွေက အကုန်သိပြီး ထိုးထွင်းသိမြင်နေသည်ကိုလည်း မကြိုက်သလို အမှန်တရားများကို ပြောပြတတ်သည်ကိုလည်း မကြိုက်ပေ။
ကိုယ့်ကိုယ်မှန်တယ်လို့ ဇွတ်ထင်နေတတ်တဲ့ အရူး။
ကျင်းရှီသည် ကတော့ချွန်ရေခဲမုန့်ကို ကိုင်ကာ အဆောင်ထဲသို့ လျှောက်လာပြီး ကျင့်ချီက ချူးကျောက်ကို ချီလာသည်ကို တွေ့လိုက်ရသည်။ ချူးကျောက်သည် သူမ၏ မျက်နှာငယ်လေးမှာ အနီရောင်တောက်တောက်ဖြစ်နေပြီး ငှက်ကလေးတစ်ကောင်လို ကျင့်ချီအပေါ်တွင် မှီထားရသည်။
“ဝေါင်း!”
သူမ မျက်လုံးများကို ပြူးကျယ်သွားကာ သူ့ရှေ့က ဖြတ်လျှောက်သွားသော လူနှစ်ယောက်ကို ကြောင်ကြည့်နေသည်။ သူမ လက်ထဲက ရေခဲမုန့် ပြုတ်ကျသွားသည့်အထိ အလွန်လန့်သွားသည်။
ဒါက ဘာလဲ။ ဒဏ္ဍာရီပုံပြင်ထဲက အချစ်ဇာတ်လမ်းတချို့ကို ကျောင်းဝင်းထဲမှာ ရိုက်နေတာလား။
ကျင်းရှီလည်း လုံးဝကို ထိတ်လန့်သွားပြီး အဆောင်မှူးလည်း သူမလိုဖြစ်သွားခဲ့သည်။
ကျင်းရှီကို စူးစူးစိုက်စိုက် မကြည့်မီတွင် ဆံပင်ကောက်ကောက်နှင့် အဆောင်မှူး၏ ခေါင်းသည် ပြတင်းပေါက်ကနေ ပြူထွက်ကာ ထိုနှစ်ယောက်၏ အသွင်အပြင်ကို အံ့သြထိတ်လန့်စွာဖြင့် ကြည့်နေသည်။
ကျင်းရှီသည် မည်သို့ပက်သတ်သည်ကို မသိကြောင်း ချက်ချင်းငြင်းခဲ့သည်။ “ကျွန်မ သူတို့အကြောင်း မသိဘူး!”
အဆောင်မှူးက ဒေါသတကြီးနဲ့ သူ့အခန်းထဲကနေ ပြေးထွက်လာပြီး သူမရှေ့ရှိ ကျောက်သင်ပုန်းပေါ်တွင် “အဆောင်ထဲမှာ ကျယ်လောင်တဲ့ဆူညံသံတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပစ္စည်းတွေ မဖြန့်ဝေရဘူး” ဆိုတဲ့ စကားလုံးများကို ဖျက်ပစ်လိုက်သည်။ ထိုစကားလုံးများအစား သူမသည် “ဆန့်ကျင်ဘက်လိင်ရဲ့ အဆောင်အတွင်းသို့ ခိုးဝင်ခြင်း မပြုရ၊ ဆွဲခြင်း၊ တွန်းခြင်းနှင့် ချစ်ကြိုက်ခြင်းတို့ မပြုရ”
ကျင်းရှီသည် လှေကားထစ်ကို အမြန်တက်လာပြီး အခန်း ၄၀၉သို့ ပြေးသွားကာ ပေါ်ရန်၏ မာကျောသော ဝမ်းဗိုက်နှင့် တည့်တည့် ဝင်တိုက်မိသွားသည်။
ပေါ်ရန်က သူမ၏ကော်လန်ကိုဆွဲကိုင်ကာ သူမ၏ ထိတ်လန့်နေသော ခိုမျက်လုံးများကို ငုံ့ကြည့်ကာ “သရဲတွေ့လို့လား”
ကျင်းရှီသည် လက်တစ်ဖက်တွင် ရေခဲမုန့်လုံးပြုတ်ကျသွားသော ကတော့ချွန်ကိုသာ ကိုင်ထားပြီး အခြားတစ်ဖက်က ပေါ်ရန်၏ အင်္ကျီလက်စကို ဆွဲကိုင်ကာ လျှောက်လမ်းအစွန်းသို့ အမြန်ဆွဲခေါ်သွား၍ မလှမ်းမကမ်းက ကျင့်ချီကို လက်ညှိုးထိုးပြနေသည်။
“သူတို့ကို မြန်မြန်လာကြည့်...သူတို့”
“ဟမ်?”
“ဒီလိုမျိုးချီပြီး သူ့ကို ဘယ်ခေါ်သွားမယ်လို့ ထင်လဲ”
“မသိဘူး၊ မင်းရောဘယ်လိုထင်လဲ”
ကျင်းရှီ၏ မျက်လုံးများတွင် ပါးနပ်သော အပြုံးတစ်ခု ပေါ်လာသည်- “ဟိုဟာသွားလုပ်မလို့”
ပေါ်ရန်က အပြစ်ပေးသည့် သူမနဖူးကို အသာအယာတောက်လိုက်သည်။ “ဘာကိုဟိုဟာလဲ၊ မင်းရဲ့ဦးနှောက်သေးသေးလေးက အမြဲတမ်း ညစ်ညမ်းတဲ့အရာတွေနဲ့ ပြည့်နေတာပဲ”
“ဒါဆို ရှင်ပြောကြည့်လေ၊ ဘာလို့သူတို့ဒီလိုဖြစ်နေတာလဲ ပွေ့ချီရလောက်တဲ့အထိ”
ပေါ်ရန်က ရှင်းပြလိုက်သည်။ “မင်းရဲ့ အခန်းဖော် ချော်လဲသွားလို့၊ ကျင့်ချီက သူ့ကို ဆေးကုခန်းဆီ ခေါ်သွားနေတာ”
ကျင်းရှီလည်း အဖြစ်မှန်ကို သိသွားလေသည်။ “ချူးကျောက် ချော်လဲသွားတယ်?၊ ဒါဆို ကျွန်မ သွားကြည့်မှ ဖြစ်မယ်”
သို့သော် သူမ အမြန်ပြေးသွားပြီး တံခါးဝသို့ ရောက်သွားသောအခါ- “အိုး မဖြစ်ဘူး၊ မဖြစ်ဘူး၊ အဆောင်မှူးက အဆောင်အခန်းတွေကို စစ်ဖို့ လာနေပြီ!”
ကျင်းရှီလည်း အလွန်ထိတ်လန့်သွားပြီး ရေချိုးခန်းထဲမှာ တန်းပုန်းနေလိုက်သည်။ ပေါ်ရန်သည် သူမ၏ ကော်လန်နောက်ကို ဆွဲကိုင်လိုက်ပြီး “အဆောင်အခန်းတွေကို စစ်တဲ့အခါ အဆောင်မှူးတွေ ပထမဆုံးလုပ်တာက ရေချိုးခန်းကို အရင်စစ်တတ်တယ်၊ ယုံချင်ယုံ မယုံချင်နေ”
ကျင်းရှီလည်း အနည်းငယ် စိတ်ရှုပ်လာသည်။ အကယ်၍ သူမသည် ယောက်ျားလေးများ၏ အဆောင်တဝိုက်တွင် ခိုးကြောင်ခိုးဝှက် ဖမ်းမိပြီး အစီရင်ခံခြင်းနှင့် ဝေဖန်ခံရပါက အလွန်ရှက်ဖွယ်ကောင်းပေလိမ့်မည်။