အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
အခန်း ၁၅၁: အရှင်ဝမ်၏ အလည်အပတ်ခရီး
"သူတို့ကို လွှတ်ထားလိုက်ပါ... အဲ့ဒီ မိသားစုလေးတွေက ပြဿနာရှာချင်ရင် ရှာပါစေတော့... ဝမ်မိသားစုအနေနဲ့လည်း သူတို့ လုပ်ချင်တာ လုပ်ပါစေတော့"
ချင်းယွမ်သည် မောပန်းနွမ်းနယ်စွာဖြင့် လက်ကာပြလိုက်ပြီး သက်ပြင်းချလိုက်၏။
လျှိုမြို့ရှိ ဝမ်မိသားစုအပါအဝင် ထိုမိသားစုငယ်လေးများသည် အသေးအဖွဲ ရောဂါဝေဒနာများသာ ဖြစ်သည်။ အစစ်အမှန် ရောဂါဆိုးကြီးမှာ စီးမာမိသားစုပင်။
အကယ်၍ သူတို့သာ ဤအကျပ်အတည်းမှ လွတ်မြောက်နိုင်ခဲ့လျှင် မဟာသိုင်းဆရာကြီး တစ်ယောက်အနေဖြင့် စည်းကမ်းမရှိသော လျှိုမြို့မှမိသားစုများအားလုံးကို နှိပ်ကွပ်နိုင်ပေမည်။
ချင်းယွမ်၏စကားကို ကြားချိန်၌ အကြီးအကဲများသည် တစ်ယောက်နှင့်တစ်ယောက် အားမလိုအားမရ ကြည့်လိုက်ကြပြီးနောက် နေရာမှ ထကာ တံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားကြသည်။
သူတို့သည် ဤကဲ့သို့ ထပ်ခါတလဲလဲ ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ သူတို့၏ဆွေးနွေးမှုတိုင်းသည် စီးမာမိသားစုအကြောင်းကိုသာ ဗဟိုပြုနေပြီး တစ်စုံတစ်ယောက်က အသက်ရှင်လွတ်မြောက်မည့် အစီအစဉ်ကို ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် အကြိမ်တိုင်းတွင် ထွက်ပေါက်မရှိသည်ကိုသာ သူတို့ တွေ့ရှိရသဖြင့် မျှော်လင့်ချက်များ ပျောက်ဆုံးကာ စိတ်ဓာတ်ကျဆင်းမှုများသာ နက်ရှိုင်းလာခဲ့ရသည်။
နောက်ဆုံးတွင် သူတို့သည် စီးမာမိသားစုဟူသော လေးလံသည့်ခေါင်းစဉ်ကို ရှောင်ဖယ်လိုက်ကြပြီး ကျရောက်လာမည့် သေခြင်းတရားကိုသာ လက်ခံလိုက်ကြတော့သည်။
"ချင်းမင်... ငါတို့ ချင်းမိသားစုသာ ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်ခဲ့ရင် အရမ်းကောင်းမှာပဲ"
အကြီးအကဲများ ထွက်ခွာသွားပြီးနောက် ချင်းယွမ်က သက်ပြင်းချလိုက်၏။
"စိတ်ချပါ အဖေ... ကျွန်တော်တို့က ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှာပါ"
ချင်းမင်က အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။
သို့သော် ချင်းယွမ်က လက်ကာပြပြီး ပြောဆိုသည်။
"ငါ့ကို နှစ်သိမ့်ဖို့ မလိုပါဘူး... ငါတို့မိသားစုရဲ့ အင်အားကို ငါ အသိဆုံးပါ... ဟိုဘက်က သိုင်းဘိုးဘေးအဆင့်လေ... သိုင်းဘိုးဘေးတစ်ယောက်က ငါတို့ကို ခြေမွှဖျက်ဆီးပစ်ချင်ရင် ငါတို့က ဘာလုပ်နိုင်မှာလဲ"
သူသည် သိုင်းဘိုးဘေးနယ်ပယ်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းစွာနားလည်ထားပေ၏။
အဆင့်တစ်ဆင့် ကွာခြားခြင်းသည် မိုးနှင့်မြေ ကွာခြားသည့်အလားပင်။
သိုင်းဘိုးဘေးတစ်ယောက်က မဟာသိုင်းဆရာကြီးများကို သတ်ဖြတ်ခြင်းသည် မဟာသိုင်းဆရာကြီးများက သိုင်းဆရာကြီးများကို သတ်ဖြတ်သကဲ့သို့ လွယ်ကူလှသည်။
သာမန်သိုင်းဆရာကြီးတစ်ယောက်သည် သိုင်းဘိုးဘေးတစ်ယောက်၏ရှေ့တွင် သုံးကွက်မျှပင် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ ဤသည်မှာ သိုင်းဘိုးဘေးတစ်ယောက်၏ စွမ်းအားပင်။
သူကိုယ်တိုင်ပင်လျှင် ထိုလူ၏ရှေ့၌ တိုက်ကွက်နှစ်ကွက်မျှပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ချေ။
ဤသည်မှာ အကြွင်းမဲ့ စွမ်းအားကွာခြားချက် ဖြစ်ပြီး မည်သည့်မဟာဗျူဟာဖြင့်မျှ ပြောင်းလဲနိုင်ခြင်း မရှိပေ။ ရုတ်တရက် ချင်းယွမ်သည် အကြီးအကဲချင်းကို သတိရသွားပြီး မျှော်လင့်ချက်ရောင်ခြည် သန်းနေသော မျက်လုံးများဖြင့် ချင်းမင်အား ကြည့်လိုက်သည်။
"ချင်းမင်... မင်းရဲ့ဆရာက သိုင်းဘုရင်အဆင့် ထိပ်သီးကျင့်ကြံသူလေ... သူကို တစ်ကြိမ်လောက် အကူအညီတောင်းပေးနိုင်မလား"
အကြီးအကဲချင်းသည် ဒဏ်ရာရရှိထားပြီး ချင်းမိသားစု၌ အမည်ဝှက်ဖြင့် နေထိုင်နေသော သိုင်းဘုရင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သူ သိရှိထားသည်။
အကြီးအကဲချင်းသည် သူ၏အဆောင်၌သာ နေထိုင်ပြီး လျှိုမြို့အတွင်း မည်သည့်အခါမျှ ကိုယ်ထင်မပြခဲ့ချေ။ သာမန်လူများသည် ချင်းမိသားစု၌ မဟာဆေးဆရာကြီးတစ်ဦး ရှိကြောင်းကိုသာ သိထားကြပြီး သူ၏မျက်နှာကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးကြချေ။
အကယ်၍ အကြီးအကဲချင်းသာ ဝင်ရောက် တိုက်ခိုက်ပေးမည် ဆိုပါက သိုင်းဘိုးဘေး အဆင့်မျှသာ ရှိသောလူကို လွယ်လင့်တကူ အနိုင်ယူနိုင်ပေမည်။
ချင်းမင်က ခေါင်းခါယမ်းပြပြီး ပြောဆိုသည်။
"ဖခင်... အကြီးအကဲချင်းက တိုက်ကွက်တစ်ကွက်လောက်ပဲ ထုတ်သုံးနိုင်မှာ... အဲ့ဒီနောက်မှာ သူ့ရဲ့ဒဏ်ရာတွေက ပိုဆိုးလာပြီးတော့ အသက်အန္တရာယ် ရှိလာနိုင်တယ်"
ထိုစကားကိုကြားချိန်၌ ချင်းယွမ်က ထပ်မံ၍ သက်ပြင်းချလိုက်သည်။
အကြီးအကဲချင်းသည် ချင်းမိသားစုအပေါ်၌ ကျေးဇူးများစွာရှိခဲ့သည်။ သူတို့အနေဖြင့် သူ့အား အသက်ပေးပြီး ကူညီပေးရန် မည်သို့ တောင်းဆိုရက်မည်နည်း။
ချင်းမိသားစုသည် အကြီးအကဲချင်းအပေါ်၌ အမြဲတစေ အကြွေးတင်နေခဲ့ပေ၏။ သူ၏အသက်နှင့် လဲလှယ်ပြီး သူတို့ အသက်ရှင်ရန် တောင်းဆိုရလောက်အောင် သူတို့ထံ၌ အခွင့်အရေးမရှိသည့်အပြင် မျက်နှာလည်း မရှိချေ။
အကယ်၍ နေရာချင်းသာ လဲလိုက်မည် ဆိုပါက သူကိုယ်တိုင်လည်း သဘောတူမည် မဟုတ်ပေ။
ချင်းယွမ် သက်ပြင်းချနေစဉ်မှာပင် အစေခံတစ်ဦးက အပြင်ဘက်မှနေ၍ သတင်းပို့သည်။
"မိသားစုခေါင်းဆောင်... အရှင်ဝမ် လာရောက် လည်ပတ်ပါတယ်"
အရှင်ဝမ်...
ဤသတင်းကို ကြားချိန်၌ ချင်းယွမ်၏မျက်လုံးများ တောက်ပသွားပေ၏။ အရှင်ဝမ်သည် တော်ဝင်မိသားစုမှ ဖြစ်သည်။ အကယ်၍ သူတို့သာ အရှင်ဝမ်၏ အကူအညီကို ရရှိခဲ့ပါက စီးမာမိသားစုဆိုသည်မှာ အရေးပါတော့မည် မဟုတ်ချေ။
"သူ့ကို အထဲဖိတ်လိုက်... နေအုံး... ငါကိုယ်တိုင် သွားကြိုလိုက်မယ်"
ချင်းယွမ်သည် ဧည့်ခန်းမဆောင်သို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ယခုအချိန်၌ အရှင်ဝမ်သည် သူ၏တစ်ခုတည်းသော ကောက်ရိုးတစ်မျှင် ဖြစ်ပြီး မည်သို့ပင် ပေးဆပ်ရပါစေ အမိအရ ဆုပ်ကိုင်ထားရပေမည်။
ချင်းမင်သည်လည်း ဧည့်ခန်းမဆောင်သို့ လိုက်ပါသွားလေ၏။ သူသည် ဖခင်ဖြစ်သူလောက် အရှင်ဝမ်၏ ရုတ်တရက်ရောက်လာသော အလည်အပတ်ခရီးအပေါ် အကောင်းမမြင်လှပေ။
ချင်းမင် ရောက်ရှိသွားချိန်တွင် သူ၏ဖခင်သည် အရှင်ဝမ်အား ဧည့်ခံနေလေပြီ။
"အရှင်ဝမ်... အရှင် ရောက်လာတာ ချင်းမိသားစုအတွက် ဂုဏ်ယူစရာပါပဲ... ရက်နည်းနည်းလောက်တော့ နေသွားပါအုံး"
ချင်းယွမ်က အရှင်ဝမ်၏လက်ကို ယဉ်ကျေးသိမ်မွေ့စွာ ဆုပ်ကိုင်လိုက်သည်။
ချင်းမင် ဝင်လာသည်ကို မြင်တွေ့ချိန်၌ အရှင်ဝမ်က ပြောဆိုသည်။
"သခင်လေးချင်း... လာထိုင်ပါအုံး"
အခန်း ၁၅၂:မြို့တော်ဝန် ရာထူးအား ပြန်သိမ်းပိုက်ခြင်း
ချင်းမင်သည် အရှင်ဝမ်ကို နှုတ်ဆက်ပြီး ဝင်ထိုင်လိုက်၏။
"တကယ်တော့... ကျုပ် ဒီကိုလာခဲ့တာက ခင်ဗျားတို့ကို သတင်းတစ်ခု ပေးချင်လို့ပါ"
ချင်းမင် ထိုင်လိုက်ပြီးနောက် အရှင်ဝမ်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"လူကိုယ်တိုင် လာပြောရလောက်အောင် ဘယ်လိုသတင်းမလို့လဲ"
ချင်းယွမ် အံ့အားသင့်သွားပြီးနောက် အရှင်ဝမ်၏ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသော မျက်နှာထားကို မြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသား လေးလံသွားပေ၏။
အရှင်ဝမ်သည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ခွက်ကို စားပွဲပေါ်သို့ ပြန်ချကာ သက်ပြင်းချလိုက်သည်။
"ကျုပ်က သတ္တမမင်းသားရဲ့ လူတစ်ယောက်ဆိုတာ ခင်ဗျားတို့ သိပါတယ်"
ချင်းမင်နှင့်ချင်းယွမ်တို့ နှစ်ဦးလုံး ခေါင်းညိတ်လိုက်ပြီး အရှင်ဝမ် ဆက်ပြောမည့်စကားကို စောင့်မျှော်နေကြသည်။
"လျှိုမြို့နားမှာ ဒုတိယအဆင့် သံတိမ်တိုက် သတ္တုတွင်းတစ်ခု ရှိနေတယ်... အဲ့ဒါကို ဆဋ္ဌမမင်းသားက သိသွားပြီ... သူက အဲ့ဒီသတ္တုတွင်းကို လိုချင်နေပြီးတော့ ဒီနေရာကို လူတွေ လွှတ်လိုက်ပြီ"
အရှင်ဝမ်က ချင်းမင်နှင့်ချင်းယွမ်ကို ကြည့်ကာ ဆက်လက်၍ ပြောဆိုသည်။
"ဟုတ်တယ်... ခင်ဗျားတို့ တွေ့ခဲ့တဲ့ အနက်ရောင် ဝတ်စုံဝတ် လူအုပ်စုပဲ"
ဒါဆို သူတို့က ဆဋ္ဌမမင်းသားရဲ့ လူတွေပေါ့... အဲဒါကြောင့် သူတို့က ဒီလောက်အထိ အင်အားကြီးနေတာကိုး...
ဆဋ္ဌမမင်းသားကသာ ဤသတ္တုတွင်းကို မျက်စိကျနေပြီဆိုပါက တခြားအင်အားစုများ အနေဖြင့် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
သို့သော် ဤသတင်းသည် ချင်းမိသားစုနှင့် သက်ဆိုင်ပုံ မရချေ။ မည်သည်ကြောင့် အရှင်ဝမ်သည် ဤသတင်းကိုပေးရန် ချင်းအိမ်တော်သို့ တကူးတက ရောက်လာရသနည်း။
ချင်းမင်သည် အရှင်ဝမ်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်မိ၏။ အရှင်ဝမ်သည် ချင်းမင်၏ အတွေးကို ရိပ်စားမိသည့်အလား ဆက်လက်၍ ပြောလိုက်သည်။
"ကျုပ်တို့ တော်ဝင်မိသားစုက အရင်းအမြစ်လုပွဲတွေမှာ ပါဝင်လို့မရဘူး ဆိုတာ ခင်ဗျားတို့ သိမှာမဟုတ်ဘူး... ကျုပ်တို့ရဲ့ အရင်းအမြစ်တွေ အားလုံးက မြို့တော်ဝန်တွေ ဆက်သတဲ့ လက်ဆောင်ပဏ္ဍာတွေကနေ ရတာပဲ... ဒီအချက်ကြောင့် ကုန်းမြေပေါ်က အင်အားစုတွေက ကျုပ်တို့ကို ရန်လိုမုန်းထားမှု မရှိကြတာ... တကယ်လို့ တော်ဝင်မိသားစုကသာ ကုန်းမြေပေါ်က ပဋိပက္ခတွေမှာ ဝင်ပါခဲ့ရင် ရှေးဟောင်းမိသားစုတွေက တော်ဝင်မိသားစုကို ဆန့်ကျင်ဖို့ ပူးပေါင်းသွားကြလိမ့်မယ်"
"တော်ဝင်မိသားစု ဒီလောက်ထိ အချိန်ကြာကြာ ရပ်တည်နိုင်ခဲ့တာက ဒီစည်းမျဉ်းနဲ့ မကင်းဘူး"
ချင်းမင်က ခေါင်းညိတ်လိုက်သည်။ သူသည် ဤစည်းမျဉ်းအကြောင်းကို ယခင်ကတည်းက သိရှိထားပြီး ဖြစ်ပေ၏။
ဤသည်က ပဋိပက္ခများတွင် ကိုယ်တိုင်ပါဝင်ခြင်း မရှိဘဲ အကျိုးအမြတ်များကိုသာ ခွဲဝေယူသော ကျွယ်မင်ခန်းမဆောင်ကဲ့သို့ သာလွန်ထူးကဲသည့် အင်အားစုတစ်စုနှင့် တူညီသည်။
အကယ်၍ တော်ဝင်မိသားစုကသာ တိုက်ပွဲများအတွင်းတွင် တိုက်ရိုက်ဝင်ရောက် ပတ်သတ်ခဲ့လျှင် အင်အားစုများအားလုံးက တော်ဝင်မိသားစုကို ရန်သူအဖြစ် သတ်မှတ်ကြပေလိမ့်မည်။
ရေတိုအားဖြင့် ဤသည်မှာ အန္တရာယ်မရှိနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူများအားလုံးထံတွင် မကျေနပ်ချက်များ ထားရှိလာပါက တော်ဝင်မိသားစုကို ဆန့်ကျင်ရန် ပူးပေါင်းလာနိုင်ခြေရှိသည်။
ယခုကဲ့သို့ အင်အားစုအသီးသီး ပြိုင်ဆိုင်နေကြသည်ကို အထက်စီးမှ ထိုင်ကြည့်နေပြီး မြို့တော်ဝန်ရာထူးများကို ခွဲဝေပေးရုံဖြင့် တော်ဝင်မိသားစုအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်သော အခြေအနေနှင့် မတူညီချေ။
တော်ဝင်မိသားစုအနေဖြင့် အရင်းအမြစ်လုပွဲများတွင် မပါဝင်နိုင်ကြောင်း အရှင်ဝမ် ပြောသည်ကို ကြားချိန်၌ ချင်းယွမ်၏မျက်နှာ ဖြူဖျော့သွားပေ၏။
သူသည် တော်ဝင်မိသားစုက သူ့အား အခက်အခဲများကို ကျော်လွှားနိုင်ရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့ရာတွင် သူတို့သည် တိုက်ပွဲများတွင် မပါဝင်နိုင်ပါက သူ မည်သို့ လုပ်ရမည်နည်း။
စိတ်ဓာတ်အကြီးအကျယ် ကျဆင်းသွားသော ချင်းယွမ် မည်သည့်စကားမျှ ပြန်မပြောနိုင်မီမှာပင် အရှင်ဝမ်က ဆက်လက်၍ ပြောဆိုသည်။
"ဒီသတ္တုတွင်းကိစ္စကြောင့် မြို့တော်ဝန် ရာထူးက အရမ်းအရေးပါလာတယ်... တကယ်လို့ ဆဋ္ဌမမင်းသားကသာ ဒီမြို့တော်ဝန်ရာထူးကို ရသွားရင် လျှိုမြို့တစ်မြို့လုံးကို စီမံခန့်ခွဲဖို့နဲ့ သတ္တုတွင်းကို သိမ်းပိုက်ဖို့ သူ့ရဲ့လူယုံတွေကို စေလွှတ်နိုင်လိမ့်မယ်... ဒေသခံ မြို့တော်ဝန် တစ်ယောက်က သတ္တုတွင်းကို သိမ်းပိုက်တာက တခြားအင်အားစုတွေရဲ့ ရန်လိုမှုကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး... ဒါကြောင့် ဆဋ္ဌမမင်းသားက အခု လျှိုမြို့ရဲ့ မြို့တော်ဝန်ရာထူးကို ပြန်သိမ်းပိုက်ဖို့ လုပ်ဆောင်နေတယ်"
"ဘာ... မြို့တော်ဝန်ရာထူးကို ပြန်သိမ်းပိုက်မယ်... ဟုတ်လား"
ချင်းယွမ်သည် အံ့အားတသင့် အော်ဟစ်မိလေ၏။ သတင်းဆိုးများက သူ့ထံသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။
"ကဲပါ... ကျုပ် သတင်းပေးပြီးပြီ ဆိုတော့ ခင်ဗျားတို့လည်း အမြန်ဆုံး ပြင်ဆင်ကြတော့"
အရှင်ဝမ်က သက်ပြင်းချရင်း ခေါင်းခါယမ်းကာ တံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
"အရှင်ဝမ်... ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
ချင်းမင်က အလျင်အမြန် ပြောဆိုသည်။
အရှင်ဝမ်သည် ဤသတင်းကို ပေးပို့ရန် ဤမျှဝေးကွာသော ခရီးကို လာရောက်ခဲ့ခြင်းဖြင့် သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။
သူသည် ယခင်က ချင်းမိသားစုနှင့် မည်သည့် ပတ်သက်မှုမျှ မရှိခဲ့သော်လည်း ယခုကဲ့သို့ အကျပ်အတည်းကာလတွင် အလွန်အရေးကြီးသော သတင်းအချက်အလက်များကို ယူဆောင်လာပေးခဲ့သည့်အတွက် ချင်းမင်က သူ့ကို အလွန်ကျေးဇူးတင်မိသည်။
အခန်း ၁၅၃:အိုးယန်မိသားစုခေါင်းဆောင်၌ ကိစ္စတစ်ခု ဖြစ်ပွားခြင်း
အရှင်ဝမ်ကို လိုက်ပို့ပြီးနောက် ချင်းမင်သည် အစည်းအဝေးခန်းမဆောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ ဖခင်ဖြစ်သူသည် ကုလားထိုင်ပေါ်၌ ပုံလျက်သားဖြစ်နေပြီး မျှော်လင့်ချက်မဲ့နေသော မျက်လုံများဖြင့် လက်ဖက်ရည် သောက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"အဖေ..."
ချင်းမင်က တိုးညင်းစွာ ခေါ်လိုက်၏။
"မင်အာ... မင်း ပြန်ရောက်ပြီလား"
ဖခင်ဖြစ်သူ၏အသံ အားပျော့နေသည်။ သူသည် မဟာသိုင်းဆရာကြီးနယ်ပယ်တွင်ရှိသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး မိသားစုတစ်စုလုံးကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သူပင်။ မည်သည့်အချိန်က သူသည် ဤမျှထိ စိတ်ဓာတ်ကျဖူးသနည်း။
ချင်းမင်က သူ၏ဖခင်ကို နှစ်သိမ့်ပေးလိုသော်လည်း ထိုအချိန်မှာပင် အလျင်စလိုပြေးလာသော ခြေသံများ ထွက်ပေါ်လာသည်။
ချင်းမင်က မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ချိန်၌ ချင်းမိသားစု၏သတင်းပေးတစ်ဦးက သူတို့ရှိရာသို့ ပြေးလာသည်ကို မြင်တွေ့မိပေ၏။
"ဒု... ဒုက္ခပါပဲ... စီးမာမိသားစုက မနက်ဖြန် ထွက်ခွာဖို့ ပြင်ဆင်နေကြပြီ... ဒီတစ်ကြိမ်မှာ စီးမာမိသားစုခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်လာမှာဖြစ်ပြီးတော့ အကြီးအကဲ ဆယ်ယောက်ကိုလည်း ခေါ်လာပါလိမ့်မယ်"
သတင်းပေးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"သတင်းက သေချာပြီလား"
မျှော်လင့်ချက် ကင်းမဲ့နေသော ချင်းယွမ်၏မျက်လုံးများသည် ပို၍ပင် မီးခိုးရောင် သမ်းသွားပေ၏။
သတင်းပေးက တုံ့ပြန်အဖြေပေးသည်။
"ဒါကို ချန်ယန်မြို့မှာ စီးမာမိသားစုခေါင်းဆောင် ကိုယ်တိုင် ကြေညာခဲ့တာပါ... လုံးဝသေချာပါတယ်"
"ဒါက မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်ပြတာပဲ... ငါတို့ ချင်းမိသားစုက အဲ့ဒီကြက် ဖြစ်နေတာပေါ့"
ချင်းယွမ်က သက်ပြင်းချလိုက်သည်။ ချင်းမင်က လက်ကာပြလိုက်ရာ သတင်းပေးသည်လည်း ထွက်ခွာသွားပေ၏။
ယခုအချိန်တွင် ချင်းယွမ်၏မျက်နှာသည် ဖြူဖျော့နေပြီး လုံးလုံးလျားလျား အားအင်ကုန်ခမ်းနေသည့်ပုံ ပေါက်နေသည်။ ထိုအချိန်မှာပင် နောက်ထပ် အစေခံတစ်ဦး အလျင်စလို ဝင်ရောက်လာပြီး အော်ဟစ်ပြောဆိုသည်။
"မကောင်းတော့ဘူး... မကောင်းတော့ဘူး...."
"ပြောစမ်း... ဘာဖြစ်ပြန်ပြီလဲ"
ချင်းယွမ်က လက်ကာပြရင်း မေးမြန်းလိုက်သည်။ ချင်းမိသားစု၏အခြေအနေသည် ပြန်လည် ကုစား၍ မရနိုင်တော့သည့် အနေအထားသို့ ရောက်နေပြီ ဖြစ်ရာ အခြေအနေသည် မည်မျှထိ ပိုဆိုးနိုင်အုံးမည်နည်း။
"အိုးယန်မိသားစုခေါင်းဆောင် ရောဂါသည်းနေတာကြောင့် ကုသပေးဖို့အတွက် ကျွန်တော်တို့မိသားစုရဲ့ဆေးပညာရှင်ကို စေလွှတ်ပေးဖို့ တောင်းဆိုနေပါတယ်... အိုးယန်မိသားစုက လူတွေ အပြင်မှာ ရောက်နေပါပြီ"
အစေခံက အလျင်စလို ပြောဆိုသည်။
"အိုးဟန်မိသားစုခေါင်းဆောင်က မဟာသိုင်းဆရာကြီးတစ်ယောက်လေ... ဘယ်လိုလုပ်ပြီးတော့ သူက ရုတ်တရက်ကြီး ရောဂါသည်းလာရတာလဲ"
ချင်းယွမ် နားမလည်နိုင် ဖြစ်သွားသော်လည်း သူ့မိသားစု၏အကျပ်အတည်းကို တွေးမိကာ လက်ကာပြလိုက်ပြီး ပြောဆိုသည်။
"သူ ရောဂါသည်းနေရင်လည်း ကံပဲပေါ့... ငါတို့ ချင်းမိသားစုတောင် ပျက်စီးတော့မယ့်အချိန်မှာ တခြားကိစ္စတွေကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နိုင်မှာလဲ"
"ကျွန်တော် နားလည်ပါပြီ... ဆရာ့ကို ချက်ချင်း သွားကူညီပေးဖို့ ကျွန်တော် ပြောလိုက်ပါ့မယ်"
ချင်းမင်က ပြန်ဖြေလိုက်၏။
ဖခင်ဖြစ်သူ၏စိတ်နှလုံးသားသည် အောက်ခြေထိ ကျဆင်းနေပြီ ဖြစ်ကြောင်း သူသိထားသည်။ထို့ကြောင့် ပြင်ပအရေးကိစ္စများကို သူ စိတ်မဝင်စားလိုတော့ခြင်းပင်။
အမှန်အားဖြင့် အိုးယန်မိသားစုခေါင်းဆောင်ကို ကယ်တင်သင့်သည်။ အိုးယန်မိသားစုနှင့် ချင်းမိသားစုသည် အမြဲတစေ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး ယခုချိန်၌ အိုးယန်မိသားစုခေါင်းဆောင် အန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင် ချင်းမိသားစုအနေဖြင့် ကူညီပေးသင့်သည်မှာ ဖြစ်ရိုးဖြစ်စဥ်ပင်။
စီးမာမိသားစုခေါင်းဆောင်၏စွမ်းအားသည် အလွန်အမင်း ကြီးမားလွန်းသဖြင့် အိုးယန်မိသားစု ရှိနေခြင်း မရှိနေခြင်းသည် အရေးမပါတော့ချေ။ ထိုအချက်ကြောင့်သာမဟုတ်လျှင် သူ၏ဖခင်သည် အိုးယန်မိသားစုထံမှ အကူအညီတောင်းခံမည်မှာ သေချာပေ၏။
သို့သော် ယခုအချိန်တွင်မူ မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူများ မည်မျှထိများများ ရှိနေပါစေ အသုံးဝင်မည် မဟုတ်ပေ။ သူတို့အားလုံးသည် စီးမာမိသားစုခေါင်းဆောင်၏သားကောင်များသာ ဖြစ်လာကြပေလိမ့်မည်။
"အဖေ... ဒါဆို ကျွန်တော် သွားကြည့်လိုက်အုံးမယ်"
ချင်းမင် ရိုသေလေးစားစွာ ပြောဆိုသည်။
"သွား... သွား..."
ချင်းယွမ်က လက်ဝှေ့ယမ်းပြရင်း ပြောဆိုလိုက်၏။ ထို့ကြောင့် ချင်းမင်သည် ခန်းမထဲမှ ထွက်ခွာလာပြီး အကြီးအကဲချင်း၏ ဆေးဖော်စပ်ရာအခန်းသို့ ဦးတည်လိုက်သည်။
ဖခင်ဖြစ်သူအား ဤသို့ မြင်တွေ့ရခြင်းက ချင်းမင်ကို များစွာနာကျင်စေသော်လည်း ယခုလောလောဆယ်တွင် သူ့ထံ၌ ကောင်းမွန်သော ဖြေရှင်းနည်း မရှိသေးချေ။
မနက်ဖြန်တွင် စီးမာမိသားစုကို သူ အမြစ်ပြတ် ချေမှုန်းပြီး အကျပ်အတည်း ကျော်လွန်သွားမှသာ သူ၏ဖခင် ပြန်လည်ကောင်းမွန်လာနိုင်ပေမည်။ ယခုအချိန်၌ သူ မည်သို့ပင် ပြောစေကာမူ အရာထင်မည် မဟုတ်ချေ။
ထိုအကြောင်းကို တွေးတောရင်း ချင်းမင်က ခေါင်းခါယမ်းကာ ဆရာဖြစ်သူ၏ ဆေးဖော်စပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
"ချင်းမင်... မင်း ရောက်လာတာလား... ကိစ္စတစ်ခုခု ရှိလို့လား"
အကြီးအကဲချင်းသည် ချင်းမင်ကို အံ့အားသင့်စွာကြည့်ရင်း မေးမြန်းလိုက်သည်။
ချင်းမင်သည် သူ၏နေရာသို့ လာခဲလှသည်။ ယခုအချိန်တွင် ချင်းမိသားစု၌ ကိစ္စများစွာ ဖြစ်ပွားနေသဖြင့် ချင်းမင် ပို၍အလုပ်များနေသင့်သည်။ ဤနေရာသို့ သူ ရောက်လာရန် မည်သို့ အချိန်ရသနည်း။
"အကြီးအကဲချင်း... အိုးယန်မိသားစုခေါင်းဆောင်ဆီမှာ ကိစ္စတစ်ခု ဖြစ်နေလို့ပါ... အကြီးအကဲက သွားကြည့်ပေးဖို့ တောင်းဆိုချင်လို့ပါ"
ချင်းမင်က ပြောဆိုသည်။
သာမန်အားဖြင့် တခြားသူများ ရှိနေချိန်တွင် ချင်းမင်သည် အကြီးအကဲချင်းကို 'ဆရာ' ဟု ခေါ်ဆိုလေ့ ရှိသော်လည်း သူတို့နှစ်ယောက်တည်း ရှိချိန်တွင်မူ 'အကြီးအကဲချင်း' ဟုသာ သုံးနှုန်းလေ့ရှိသည်။
အမှန်အားဖြင့် ချင်းမင်သည် အကြီးအကဲချင်းကို အချိန်တိုင်း ဆရာဟု ခေါ်ဆိုလိုသော်လည်း အကြီးအကဲချင်းက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ ချင်းမင်ထံ၌ ရွေးချယ်စရာ မရှိတော့သဖြင့် ဆရာဖြစ်သူ၏ဆန္ဒအတိုင်း လိုက်နာခဲ့ရလေ၏။