← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း ၁၅၄: ကျွန်တော် ကူညီပေးပါ့မယ်

အကြီးအကဲချင်းက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ကောင်းပြီလေ... ဒီဆေးတစ်သုတ် ဖော်စပ်ပြီးတာနဲ့ ငါ သွားလိုက်မယ်"

ချင်းမင်ကိုယ်တိုင် လာရောက်ပြီး ဖိတ်ခေါ်သဖြင့် သူ မျက်နှာသာ ပေးရပေမည်။

"ကျွန်တော် ကူညီပေးပါ့မယ်"

ချင်းမင်က ရယ်မောပြီး ရှေ့သို့တိုးလိုက်၏။

"အမ်..."

အကြီးအကဲချင်း အနည်းငယ် ကြက်သေသေသွားသည်။ ဆေးပညာရှင်တစ်ယောက် ဆေးဖော်စပ်နေစဉ် လမ်းခုလတ်၌ တခြားဆေးပညာရှင်တစ်ယောက်က ဝင်ရောက်၍ တာဝန်ယူနိုင်သည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။

ဆေးမီးဖိုအတွင်းရှိ အပူချိန် စိတ်ဝိညာဉ်ဆေးပင်များ မည်မျှထိ ထည့်ထားသည်နှင့် နောက်ပိုင်းတွင် မည်သို့ ဆက်လက်၍ ဖော်စပ်ရမည်ဆိုသည်မှာ ဆေးပညာရှင်တစ်ဦးစီ၌ ကိုယ်ပိုင်အစီအစဉ် ရှိကြစမြဲပင်။

ထို့ပြင် ဆေးပညာရှင်များ၏ အလေ့အထနှင့် နည်းစနစ်များသည်လည်း တူညီကြခြင်း မရှိပေ။ ဆေးဖော်စပ်ခြင်းသည် ဆံခြည်မျှင်တစ်မျှင်စာ လွဲမှားရုံဖြင့် မိုင်ပေါင်းများစွာ ကွာခြားသွားနိုင်သဖြင့် လမ်းခုလတ်တွင် ဝင်ရောက် တာဝန်ယူသည် ဆိုသည်မှာ သူ မကြားဖူးသော ကိစ္စတစ်ရပ်ပင်။

အကယ်၍ တခြားသူတစ်ဦးသာ ဤစကားကို ပြောခဲ့ပါက အကြီးအကဲချင်းသည် သေချာပေါက် ဆူပူကြိမ်းမောင်းမိပေလိမ့်မည်။

သို့သော် ဤစကားကို ပြောဆိုလိုက်သူမှာ ချင်းမင် ဖြစ်နေသဖြင့် သူ ခွင့်ပြုပေးလိုက်ရတော့သည်။

"ကောင်းပြီလေ... ငါ ဖယ်ပေးမယ်... မင်း သတိထားအုံး"

အကြီးအကဲချင်းသည် သူ၏လက်မှ စိတ်ဝိညာဉ်စွမ်းအားများကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းပြီး ဆေးမီးဖို၏အနီးမှ ဖယ်ပေးလိုက်သည်။

ချင်းမင်သည် ခြေလှမ်းနှစ်လှမ်း ရှေ့တိုးလိုက်၏။ အကြီးအကဲချင်း၏လက်ဝါး လုံးဝဖယ်ခွာသွားပြီးနောက် သူသည် ရုတ်တရက် ဆေးမီးဖိုပေါ်သို့ လက်တင်လိုက်သည်။ သူ၏လက်မှ စိတ်ဝိညာဉ်စွမ်းအားများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ဆေးမီးဖိုအတွင်းရှိ မီးတောက်များ ချက်ချင်းဆိုသလိုပင် ပို၍အားကောင်းလာသည်။

"သိပ်သည်းစမ်း..."

ချင်းမင်က အော်ဟစ်လိုက်ရာ ဆေးမီးဖိုအတွင်းရှိ ဆေးလုံးများသည် စတင်သိပ်သည်းသွားပြီး ပုံသဏ္ဍာန် ထွက်ပေါ်လာကြသည်။

"ပြီးပြီ..."

ချင်းမင်က သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အကြီးအကဲချင်းကိုကြည့်ကာ ပြောဆိုလိုက်၏။

ဒီလောက်မြန်တာလား...

အကြီးအကဲချင်း အနည်းငယ် ကြက်သေသေသွားသည်။ သူသည် အရိုးရှင်းဆုံးဖြစ်သော ချီသန့်စင်ခြင်းဆေးလုံးကို ဖော်စပ်နေခြင်း ဖြစ်သော်လည်း တစ်ဝက်ခန့်သာ ပြီးစီးသေးသည် မဟုတ်လော။

ဒီလောက်ကြီး မြန်ဆန်မနေသင့်ဘူး မဟုတ်လား...

ချင်းမင်သည် ဆေးမီးဖိုကို ထိတွေ့လိုက်သည်နှင့် ပြီးဆုံးသွားခြင်းပင်။ အကယ်၍ ဆေးဖော်စပ်ခြင်းတိုင်းသာ ဤမျှထိ ရိုးရှင်းနေပါက ဆေးလုံးများသည် တန်ဖိုးရှိတော့မည် မဟုတ်ပေ။

အကြီးအကဲချင်းသည် ထပ်မံ၍တွေးတောမနေတော့ဘဲ ဆေးမီးဖို၏အဖုံးကို ချက်ချင်းဖွင့်လိုက်လေသည်။ ချီသန့်စင်ခြင်းဆေးလုံး ဆယ်လုံးကျော်သည် ဆေးမီးဖို၏ အလယ်ဗဟို၌ ငြိမ်သက်စွာ တည်ရှိနေပေ၏။ ထိုဆေးလုံးတစ်လုံးစီတိုင်းတွင် အကွက်ကိုးကွက် ပါရှိကာ ပြီးပြည့်စုံခြင်းအဆင့် ချီသန့်စင်ခြင်းဆေးလုံးများ ဖြစ်နေကြသည်။

အကြီးအကဲချင်းသည် ထိုဆေးလုံးများကို အံအားတသင့်ဖြင့် ကောက်ယူပြီး ရေတွက်ကြည့်လိုက်သည်။ စုစုပေါင်း ဆေးလုံးဆယ့်တစ်လုံး ရှိပြီး တစ်လုံးစီတိုင်းသည် အပြစ်အနာအဆာ ကင်းမဲ့နေပေ၏။

"မင်း ဘယ်လို လုပ်လိုက်တာလဲ"

အကြီးအကဲချင်း မမေးဘဲ မနေနိုင်တော့ချေ။

သူသည် ဆေးဘုရင်တစ်ပါး ဖြစ်သော်လည်း ချီသန့်စင်ခြင်းဆေးလုံးကို ပြီးပြည့်စုံခြင်းအဆင့်အထိ ဖော်စပ်နိုင်ရန်မှာ ကံတရားလည်း လိုအပ်နေသည်။

တစ်ခါတစ်ရံ ကံကောင်းပါက ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးတစ်လုံး သို့မဟုတ် နှစ်လုံးခန့် ရရှိတတ်ပြီး ကံမကောင်းပါက တစ်လုံးမျှပင် မရရှိတတ်ချေ။

သို့သော် ချင်းမင်သည် လမ်းခုလတ်မှ ဝင်ရောက်၍ ဖော်စပ်ခဲ့သော်လည်း ဆေးလုံးတိုင်းကို ပြီးပြည့်စုံခြင်းအဆင့် ရရှိအောင် ပြုလုပ်နိုင်ခဲ့ရုံသာမက ဆယ့်တစ်လုံးအထိပင် ရရှိစေခဲ့သည်။

သူ၏ အကောင်းဆုံး အခြေအနေတွင်ပင် ချီသန့်စင်ခြင်းဆေးလုံးကို ဖော်စပ်ပါက အများဆုံး ဆယ်လုံးသာ ရရှိနိုင်သည်။

အမှန်အားဖြင့် ချင်းမင်မှလွဲ၍ ချီသန့်စင်ခြင်းဆေးလုံးအတွက် စိတ်ဝိညာဉ်ဆေးပင် တစ်သုတ်တည်းမှ ဆေးလုံးဆယ့်တစ်လုံး ရရှိအောင် ဖော်စပ်နိုင်သူကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

"လေ့ကျင့်မှုကြောင့်ပါပဲ... အချိန်ကြာကြာ ဆေးဖော်စပ်ပြီးရင် အကြီးအကဲလည်း ကျွန်တော့်လို လုပ်နိုင်လာမှာပါ"

ချင်းမင်က အပြုံးဖြင့် ပြောဆိုသည်။

အကြီးအကဲချင်းက ခေါင်းညိတ်လိုက်၏။ ချင်းမင် ဤသို့ ပြောသည်ကို ယခင်ကလည်း သူ ကြားဖူးခဲ့သည်။

"ဒါနဲ့... စီးမာမိသားစုကိစ္စကို မင်း ဘယ်လို လုပ်မလဲ"

အကြီးအကဲချင်းက မေးမြန်းသည်။ ချင်းမင်၏ အားကောင်းသော ဆေးပညာစွမ်းရည်ဖြင့် ထိပ်သီးကျင့်ကြံသူများကို ဖိတ်ခေါ်ရန် ဆေးလုံးများ ဖော်စပ်သည်ဖြစ်စေ ချင်းယွမ် သောက်သုံးရန် ထိပ်တန်းအဆင့်ဆေးလုံးများ ဖော်စပ်ပေးသည်ဖြစ်စေ ဤအခက်အခဲကို လွယ်လင့်တကူစွာ ကျော်လွှားနိုင်သည်။

"စီးမာမိသားစုက မကြာခင် ပျက်စီးတော့မှာပါ... ကျွန်တော် ဘာမှလုပ်စရာ မလိုပါဘူး"

ချင်းမင်က လျှို့ဝှက်နက်နဲသော အပြုံးဖြင့် ပြောဆိုလိုက်သည်။

အကြီးအကဲချင်းသည် မည်သည့်စကားမျှ ဆက်မပြောတော့ပေ။ သိုင်းဘိုးဘေးအဆင့် မိသားစုခေါင်းဆောင်သာရှိသော မိသားစုတစ်စုသည် သူ့အနေဖြင့် ဂရုစိုက်ရန် မထိုက်တန်ပေ။

အကယ်၍ သူသာ ဒဏ်ရာမရရှိထားပါက သိုင်းဘိုးဘေးလေးတစ်ယောက်ကို ပါးရိုက်၍သတ်ဖြတ်ရန် လုံလောက်သည်။

ဤအဆင့်သာရှိသော ပြိုင်ဘက်များကို သူ လုံးဝဂရုမစိုက်ချေ။

ယခုချိန်၌ သူ ဂရုစိုက်ဆုံး အရာမှာ သူ၏ဆေးပညာစွမ်းရည် တိုးတက်လာမှုပင်။ အချိန်ကြာမြင့်စွာ လေ့ကျင့်ခဲ့ကာ အထူးသဖြင့် ချင်းမင် ပြောပြသော နည်းလမ်းကို သူ အစဥ်အမြဲ အသုံးပြုပြီးနောက် သိသာထင်ရှားသော တိုးတက်မှုကို သူ ခံစားလိုက်ရသည်။

အနည်းဆုံးအနေဖြင့် သူသည် ယခင်ကထက် ဆေးလုံးများကို ပို၍လွယ်ကူသက်သာစွာ ဖော်စပ်နိုင်လာပြီး သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်မှ အကူအညီမပါဘဲ ဆေးလုံးဖော်စပ်ခြင်းကို စတင်၍ အသားကျလာလေပြီ။

အခန်း ၁၅၅: သေဆုံးရန် ဆုံးဖြတ်ထားခြင်း

ချင်းမင်သည် ဆရာဖြစ်သူ၏ ဆေးဖော်စပ်ခန်းမှ ထွက်ခွာလာပြီး သူ၏ကျင့်ကြံခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

မနက်ဖြန်တွင် စီးမာမိသားစုသည် သူတို့၏အိမ်တံခါးဝသို့ ရောက်လာတော့မည်ဖြစ်သဖြင့် သူ့ထံတွင် သိုင်းဝိညာဉ်နယ်ပယ် စွမ်းအားကို လိုအပ်သော အစီအစဉ်တစ်ခု ရှိနေသည်။

ထို့ကြောင့် ယခုအချိန်တွင် သူသည် အချိန်တိုင်းကို အမိအရ အသုံးချပြီး ကျင့်ကြံအားထုတ်ရပေမည်။

သူ စမ်းသပ်ကြည့်ပြီးလေပြီ။ သိုင်းဆရာကြီးနယ်ပယ် ပထမအဆင့် စွမ်းအားဖြင့် ဆေးနတ်ဘုရားခန္ဓာကိုယ်၏စွမ်းရည်ကို အသုံးပြုပါက သိုင်းဘိုးဘေးနယ်ပယ် အဋ္ဌမအဆင့်သို့သာ ရောက်ရှိနိုင်သည်။ သိုင်းဝိညာဉ်အဆင့်သို့ ရောက်ရှိရန်အတွက် သူ၏ကျင့်ကြံဆင့်ကို မြှင့်တင်ရန် လိုအပ်နေသေးပုံရသည်။

တစ်နေ့တာအချိန် ကုန်ဆုံးသွားပြီးနောက် ချင်းမင်က ကျင့်ကြံခန်းအတွင်းမှ ထွက်လာခဲ့သည်။

သူသည် ကျင့်ကြံနေစဥ် အတောအတွင်းတွင် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး တစ်လုံးကို သောက်သုံးခဲ့ပြီး သူ၏ စွမ်းအားသည် သိုင်းဆရာကြီးနယ်ပယ် တတိယအဆင့်သို့ မြင့်တက်လာခဲ့သည်။ သူ စမ်းသပ်ကြည့်ပြီးနောက် ဆေးနတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုလိုက်ပါက သိုင်းဝိညာဉ်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

သူ တစ်ညလုံး ကျင့်ကြံအားထုတ်ခဲ့သော်လည်း သိုင်းဆရာကြီးနယ်ပယ် ပထမအဆင့်မှ တတိယအဆင့်သို့သာ ရောက်ရှိခဲ့သဖြင့် ချင်းမင် အလွန်အမင်း စိတ်မကျေမနပ် ဖြစ်နေမိသည်။

သိုင်းဆရာကြီးနယ်ပယ်ကို ချိုးဖျက်ပြီး မဟာသိုင်းဆရာကြီးနယ်ပယ်သို့ သူ ရောက်ရှိရန် အချိန်မည်မျှထိ ကြာမြင့်မည်နည်း....

အကယ်၍ တခြားကျင့်ကြံသူများသာ ချင်းမင်၏အတွေးကို ကြားသိခဲ့လျှင် အလွန်ရှက်ရွံသောကြောင့် သူတို့ကိုယ်သူတို့ သတ်သေသွားကြပေလိမ့်မည်။

တစ်နှစ်လျှင် အဆင့်တစ်ဆင့် တက်ရန်အတွက် သိုင်းဆရာကြီး မည်မျှထိများများ တံခါးပိတ်ကျင့်ကြံနေကြသနည်း။ ချင်းမင်သည် တစ်ညတည်း ကျင့်ကြံရုံဖြင့် အဆင့်နှစ်ဆင့် တက်လှမ်းနိုင်ခဲ့သော်လည်း မကျေနပ်နိုင် ဖြစ်နေဆဲပင်။

"ဆေးနတ်ဘုရားခန္ဓာကိုယ်... အသက်ဝင်စမ်း..."

ချင်းမင်၏ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး သိုင်းဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားသည်။

"သိုင်းဝိညာဉ်နယ်ပယ်... နောက်ဆုံးတော့ ရောက်ခဲ့ပြီ"

သူ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ပြီး အာရုံတက်လာတော့မည့် အပြင်ဘက်ရှိ မိုးကောင်းကင်ယံကြီးကို ကြည့်ကာ ချင်းမင်က တီးတိုးရေရွတ်လိုက်သည်။

"ဒါက ချင်းမိသားစုလိုပဲ... အမှောင်ထု ပြီးဆုံးသွားပြီ... အနာဂတ်မှာ အလင်းရောင်တွေနဲ့ ပြည့်နှက်နေတော့မှာပါ... ဒီအလင်းရောင်ကို ငါ ကာကွယ်ပေးသွားမယ်... အဖေ ဘယ်လိုနေလဲဆိုတာ ငါ သွားကြည့်ရအုံးမယ်"

ယမန်နေ့က ချင်းမင်သည် သူ၏စွမ်းရည်များကို လေ့ကျင့်ရန် အလျင်လိုနေခဲ့သဖြင့် ခန်းမအတွင်းမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ဖခင်ဖြစ်သူ၏ စိတ်ပျက်အားငယ်နေသော ပုံစံကို တွေးတောမိချိန်၌ ချင်းမင်၏စိတ်နှလုံးသား နာကျင်သွားသည်။

မကြာမီမှာပင် ချင်းမင်သည် ဖခင်ဖြစ်သူ၏ စာကြည့်ခန်းသို့ ရောက်ရှိလာပြီး တံခါးခေါက်လိုက်သည်။

"ဝင်ခဲ့..."

အခန်းထဲမှ တည်ကြည်လေးနက်သော အသံတစ်သံ ထွက်ပေါ်လာပေ၏။

ချင်းမင်က တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ ပြတ်သားမှုများဖြင့် တောက်ပနေသော ဖခင်ဖြစ်သူ၏မျက်လုံးများကို မြင်တွေ့ချိန်၌ ချင်းမင်က သူ၏လက်နှစ်ဖက် ပူးဆုပ်ကာ အရိုအသေပြုရင်း ပြောဆိုလိုက်သည်။

"အဖေ..."

ချင်းယွမ်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။

"ချင်းမင်... မင်းလာတာ အတော်ပဲ... ငါလည်း မင်းကို လာရှာတော့မလို့...."

"အဖေ... ဘာကိစ္စရှိလို့လဲ"

ချင်းမင်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။ ဖခင်ဖြစ်သူ၏ စိတ်အခြေအနေ ကောင်းမွန်နေသည်ကို မြင်လိုက်ရသဖြင့် ချင်းမင် စိတ်သက်သာရာ ရသွားသည်။

ချင်းယွမ်က ချင်းမင်ကို ကြည့်ပြီး ပြောဆိုသည်။

"ချင်းမင်... ဒီတစ်ကြိမ်မှာ စီးမာမိသားစု လာပြီးတိုက်ခိုက်တာကို ငါတို့ ချင်းမိသားစုအနေနဲ့ ခုခံနိုင်မယ့် နည်းလမ်းမရှိဘူး... ဒါကြောင့် ငါတို့ ချင်းမိသားစုဝင်တွေ အနေနဲ့ တတ်နိုင်သမျှ လူများများ ထွက်ပြေးလွတ်မြောက်သင့်တယ်... ငါတို့ ဆွေးနွေးပြီးပြီ... ချင်းမိသားစုရဲ့ မျိုးဆက်သစ် လူငယ်တွေက လူစုခွဲပြီး ထွက်ပြေးကြမယ်... ငါတို့လူကြီးတွေကတော့ ချင်းမိသားစုမှာ ကျန်နေခဲ့ပြီးတော့ စီးမာမိသားစု ရောက်လာတာကို စောင့်နေမယ်"

ထိုစကားများကိုကြားချိန်၌ ချင်းမင်၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားသည်။

သူ၏ဖခင်သည် သေဆုံးသွားရန် ဆုံးဖြတ်ထားပြီးလေပြီ။ သူ၏သေဆုံးမှုကို လက်ခံထားပြီး ဖြစ်သောကြောင့်သာ စီးမာမိသားစုကို ရင်ဆိုင်ရန် သတ္တိရှိနေခြင်း ဖြစ်သည်။

သူ၏ရှေ့မှ ဖခင်ဖြစ်သူကို ကြည့်ရင်း ချင်းမင်သည် သူ၏လွတ်မြောက်မှုကို ကာကွယ်ပေးရန် တစ်ယောက်တည်း တိုက်ခိုက်ခဲ့သော အတိတ်ဘဝမှ ဖခင်ကို မြင်ယောင်နေမိသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ဖခင်သည် မည်သည့်အချိန်မျှ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ရှိသူတစ်ယောက်ပင်။ ချင်းမိသားစု၌ အကြီးမားဆုံး အန္တရာယ်နှင့် ကြုံတွေ့နေရချိန်တွင် သူသည် ကိုယ်လွတ်ရုန်းရန် မတွေးဘဲ မိသားစု၏ မျိုးဆက်သစ်လူငယ်များအတွက် အသက်ရှင်ခွင့်ရရန် ကြိုးပမ်းပေးနေခဲ့သည်။

ထိုအသက်ရှင်ခွင့်သည် အလွန်အမင်း သေးငယ်သည်ဟု ထင်ရသော်လည်း သူ ကြိုးစားနေဆဲပင်။

"အဖေ... စိတ်ချပါ... ချင်းမိသားစု ဘာမှ ဖြစ်မှာမဟုတ်ပါဘူး"

ထိုသို့ ပြောဆိုပြီးနောက် ချင်းမင်းသည် စီးကျလုဆဲဆဲ မျက်ရည်များကို ထိန်းချုပ်ရင်း နောက်သို့ပြန်မကြည့်ဘဲ ဖခင်ဖြစ်သူ၏ စာကြည့်ခန်းမှ ထွက်ခွာလာခဲ့သည်။

"ဟူး..."

ချင်းယွမ်က ထွက်ခွာသွားသော ချင်းမင်ကို ငေးကြည့်နေမိသည်။ သူ တစ်စုံတစ်ခု ပြောလိုသော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်သာ ဖြစ်သွားခဲ့သည်။

"ငါ အသုံးမကျလို့ပါ... ငါသာ သိုင်းဘိုးဘေး အဆင့်မှာ ရှိနေရင်..."

ကုလားထိုင်ပေါ်တွင်ထိုင်ရင်း ချင်းယွမ်က သူ၏ခေါင်းကို ဆုပ်ကိုင်ကာ နာကျင်ကြေကွဲစွာ တွေးတောနေမိသည်။

ချင်းမိသားစု တစ်ခုလုံး ပျက်စီးတော့မည် ဖြစ်ရာ နောင်ဘဝတွင် ဘိုးဘေးများကို သူ မည်သို့ မျက်နှာပြရမည်နည်း။

ထို့ပြင် ချင်းမင်သည် ပါရမီ အလွန်ကောင်းမွန်ပေ၏။ သူသာ သေဆုံးမသွားပါက အနာဂတ်တွင် ချင်းမိသားစုကို ကြီးပွားတိုးတက်စေရန် သေချာပေါက် ဦးဆောင်နိုင်ပေမည်။

သို့ရာတွင် ချင်းမင် သေဆုံးမသွားရန် ပို၍အရေးကြီးပေ၏။

အခန်း ၁၅၆:ဘေးဒုက္ခ

ချင်းမင်သည် အိပ်ခန်းဆီသို့ လျှောက်လှမ်းသွားရင်း စိတ်ဓာတ်ကျနေသော သူ၏ညီမလေး ချင်းချင်းကို တွေ့ရှိလိုက်ရသည်။

ချင်းမင်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ချင်းချင်း... ဘာဖြစ်နေတာလဲ"

"အစ်ကို..."

ချင်းချင်းက ခေါင်းမော့ကြည့်ပြီး ချင်းမင် လျှောက်လှမ်းလာသည်ကို မြင်တွေ့ချိန်၌ သူမ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး ငိုကြွေး၍ ပြောဆိုသည်။

"အစ်ကို... ညီမလေးက ဂြိုဟ်ဆိုးမလေးလား"

"ဘာဖြစ်လို့လဲ..."

ချင်းမင်က ညီမဖြစ်သူ၏ခေါင်းလေးကို ခပ်ဖွဖွကိုင်ရင်း ညင်သာစွာ မေးမြန်းလိုက်သည်။

"အစ်ကိုရဲ့ညီမလေးက ချစ်စရာအကောင်းဆုံးပါ... ဘယ်လိုလုပ်ပြီးတော့ ဂြိုဟ်ဆိုးမလေး ဖြစ်ရမှာလဲ... ဘယ်သူက အဲဒီလို ပြောတာလဲ"

သူ၏ညီမလေးကို ထိုသို့ပြောဆိုသည့်သူမှာ မည်သူပင်ဖြစ်နေပါစေ သူတို့ ပြန်ပေးဆပ်စေရမည်ဟု ချင်းမင်က ဆုံးဖြတ်လိုက်သည်။

သူ၏ညီမလေး ဤမျှထိ ဝမ်းနည်းကြေကွဲနေသည်ကို မြင်လိုက်ရသဖြင့် ချင်းမင်၏စိတ်ထဲတွင် နာကျင်သွားပေ၏။

ချင်းချင်းက ခေါင်းခါယမ်းပြရင်း ပြောဆိုသည်။

"ဘယ်သူကမှ ညီမလေးကို ဂြိုဟ်ဆိုးမလေးလို့ မပြောပါဘူး... ညီမလေးဘာသာ တွေးမိတာပါ... ညီမလေးကြောင့် အစ်ကိုက စီးမာမိသားစုကို ပြစ်မှားမိသွားတာလေ... စီးမာမိသားစုက ချန်ယန်မြို့က အကြီးဆုံး ထိပ်သီးမိသားစုကြီး သုံးစုထဲက တစ်စုဖြစ်ပြီးတော့ အရမ်းအင်အားကြီးတယ်ဆိုတာ ညီမလေး သိထားပြီးသားပါ... သူတို့ရဲ့သား သေသွားလို့ သူတို့က ချင်းမိသားစုကို လာပြီးတိုက်ခိုက်ကြတော့မယ်တဲ့... အခု ချင်းမိသားစုတစ်ခုလုံးက လူတွေအားလုံး စိတ်ပူနေကြပြီ... ညီမလေးက ဂြိုဟ်ဆိုးမလေး မဟုတ်ဘူးလား"

"မဟုတ်ဘူး..."

ချင်းမင်က အတည်ပြု၍ ပြောဆိုလိုက်သည်။

"ညီမလေး... စီးမာမိသားစုက အရင်စပြီး ရန်ရှာတာလေ... ညီမလေးက ဘယ်လိုလုပ်ပြီးတော့ ဂြိုဟ်ဆိုးမလေး ဖြစ်ရမှာလဲ... အပြစ်ရှိတာက စီးမာမိသားစုပါ... ညီမလေး မဟုတ်ဘူး"

"ဒါပေမဲ့..."

ချင်းချင်းက နှုတ်ခမ်းစူရင်း ပြောဆိုသည်။

"ညီမလေးကြောင့်သာ စီးမာမိသားစုက ရန်သူ ဖြစ်လာတာလေ... တကယ်လို့ ညီမလေးသာ အပြင်ထွက်မဆော့ရင် စီးမာမိသားစုက သခင်လေးနဲ့ တွေ့မှာ မဟုတ်ဘူး... စီးမာမိသားစု သခင်လေးနဲ့ မတွေ့ရင် ချင်းမိသားစုလည်း ဒုက္ခရောက်မှာ မဟုတ်ဘူး... ဒါတွေအားလုံးက ညီမလေးရဲ့အပြစ်တွေပါ"

ထိုသို့ပြောဆိုပြီးနောက် ချင်းချင်းက ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"လိမ္မာတယ်..."

ချင်းမင်က ညီမဖြစ်သူကို အလျင်အမြန် နှစ်သိမ့်ပေးရင်း မေးမြန်းသည်။

"ညီမလေးက အစ်ကို့ကို ယုံတယ်မလား"

ထိုစကားကို ကြားချိန်၌ ချင်းချင်းက ခေါင်းမော့ပြီး အစ်ကိုဖြစ်သူကို လေးလေးနက်နက် ကြည့်ကာ သူမ၏ခေါင်းကို အခိုင်အမာ ညိတ်ပြလိုက်၏။

"အစ်ကို့ကို ယုံတယ်ဆိုရင် အစ်ကို ကတိပေးတယ်... ချင်းမိသားစု ဘာမှဖြစ်မှာ မဟုတ်ဘူး... ညီမလေးက ဂြိုဟ်ဆိုးမလေး မဟုတ်ဘူး... ညီမလေးက ချင်းမိသားစုရဲ့ ချစ်စရာအကောင်းဆုံး အလှပဆုံးနဲ့အလိမ္မာဆုံး မင်းသမီးလေးပဲ"

ချင်းမင်က တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။

ချင်းချင်း၏မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေဆဲဖြစ်သော်လည်း ထိုစကားကိုကြားချိန်၌ ရယ်မောပြီး ပြောဆိုလေ၏။

"အင်း... ညီမလေးက ချင်းမိသားစုရဲ့ ချစ်စရာအကောင်းဆုံးနဲ့ အလှပဆုံး မင်းသမီးလေးပါ... အလိမ္မာဆုံး ဆိုတာကတော့..."

ချင်းမင်က ညီမဖြစ်သူ၏ခေါင်းကို ပုတ်ပေးရင်း ပြောဆိုလိုက်သည်။

"ညီမလေးက အလိမ္မာဆုံး မင်းသမီးလေးပါ"

ချင်းချင်းက သူမ၏ခေါင်းကို အခိုင်အမာ ညိတ်ပြပြီး ပြောဆိုသည်။

"ဟုတ်ကဲ့... ညီမလေးက ချင်းမိသားစုရဲ့ အလိမ္မာဆုံး မင်းသမီးလေးပဲ"

"အဲဒါကြောင့် အခု စိတ်ပူမနေနဲ့တော့... စီးမာမိသားစုက အရမ်းဆိုးသွမ်းလွန်းတော့ ကျောက်မိသားစုလိုပဲ နတ်ဘုရားတွေရဲ့ အပြစ်ပေးတာကို ခံရမှာ သေချာတယ်"

ချင်းမင်က အဓိပ္ပာယ်ပါသောစကားကို ပြောဆိုလိုက်သည်။

"တကယ်လား..."

ချင်းချင်းက မေးမြန်းလိုက်၏။

"လူဆိုးတွေအားလုံး နတ်ဘုရားတွေရဲ့ အပြစ်ပေးတာကို ခံရမှာလားဟင်"

"ဟုတ်တယ်..."

ချင်းမင်က ခေါင်းညိတ်ပြလိုက်သည်။

လူဆိုးများ အပြစ်ပေးခံရမည် မခံရမည်ကို သူ မသိချေ၏ သို့သော် သူ၏ညီမလေးကို အနိုင်ကျင့်သော မည်သူမဆို သူ၏အပြစ်ပေးခြင်းအား ခံရမည်ကိုမူ သူ သိရှိထားသည်။

ကျောက်မိသားစုသည် တစ်ခုအပါအဝင် ဖြစ်ခဲ့သကဲ့သို့ ချန်မိသားစုသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ယခု၌မူ စီးမာမိသားစု၏အလှည့်ပင်။

မိုးကုတ်စက်ဝိုင်းကို မော့ကြည့်ရင်း ချင်းမင်၏ မျက်နှာထားသည် တည်ကြည်ပြတ်သားနေပေ၏။

ဤဘဝတွင် သူသည် လူကောင်းတစ်ယောက် မဖြစ်လိုသကဲ့သို့ လူဆိုးတစ်ယောက်လည်း ဖြစ်မည် မဟုတ်ပေ။

သူသည် မိသားစုကို ကာကွယ်ပေးမည့်သူ တစ်ယောက်သာ ဖြစ်ပေမည်။ သူ၏ချင်းမိသားစုဝင်များကို ထိခိုက်အောင် ပြုလုပ်ရဲသော မည်သူ့ကိုမဆို ဆယ်ဆ အဆတစ်ရာ ပြန်လည်၍ ပေးဆပ်စေရပေမည်။

"အစ်ကိုက ညီမလေးအတွက် သကြားလုံးတွေ ဖော်စပ်ပေးမယ်လေ... မကောင်းဘူးလား"

ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်သည်။

"ကောင်းတယ်..."

အစ်ကိုဖြစ်သူက သူမအတွက် သကြားလုံးများ ဖော်စပ်ပေးမည်ဟု ကြားချိန်၌ ချင်းချင်းသည် ဝမ်းသာအားရ ခုန်ပေါက်ပြီး ပြောဆိုလေ၏။

"အစ်ကို... ညီမလေးမှာ ရှိတဲ့ သကြားလုံးအဟောင်းတွေ အကုန်ကုန်သွားပြီ... အစ်ကိုက ဒီရက်ပိုင်း အရမ်းအလုပ်ရှုပ်နေတော့ညီမလေးအတွက် ဖော်စပ်မပေးနိုင်ဘူးလေ"

"ကောင်းပြီလေ... အခု အစ်ကို ဖော်စပ်ပေးမယ်နော်... လာ... ဆရာရဲ့ ဆေးဖော်စပ်ခန်းကို သွားကြမယ်"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

သူ အကြီးအကဲချင်း၏ ဆေးဖော်စပ်ခန်းသို့ သွားလိုသည့် အကြောင်းအရင်းမှာ အိုးယန်မိသားစုခေါင်းဆောင် မည်သည်ကြောင့် ရုတ်တရက် ရောဂါသည်းလာရသနည်း ဆိုသည်ကို မေးမြန်းလိုသောကြောင့်ပင်။

မဟာသိုင်းဆရာကြီးအဆင့်၌ ရှိနေသူ တစ်ယောက်က ရုတ်တရက် ရောဂါသည်းလာသည် ဆိုသဖြင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ငတုံးတစ်ယောက်ပင် သိရှိနိုင်သည်။

All Chapters