← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း ၁၆၀: စိတ်ဝိညာဉ်ချီ အသွင်ပြောင်းခြင်း

"ဘုန်း..."

ယုတ်မာသော စီးမာမိသားစု ကျင့်ကြံသူများ၏ ဝင်တိုက်ခြင်းကို ခံလိုက်ရသော လူအိုကြီးသည် စုတ်ပြတ်နေသော အဝတ်စုတ်တစ်ခုအလား အဝေးသို့ လွင့်စင်သွားသည်။

"ဘယ်သူက ငါ့ကို ဝင်တိုက်တာလဲ"

လူအိုကြီးက သူ၏ကျဉ်းမြောင်းသော မျက်လုံးများကို ဖွင့်လိုက်ပြီး စီးမာမိသားစုဘက်သို့ ကြည့်လိုက်၏။

စီးမာမိသားစုက လူများသည် သူ့ကို မည်သည်ကြောင့် အဖက်လုပ်၍ ဖြေကြားမည်နည်း။ သူတို့သည် လူအိုကြီးဆီသို့ ဆက်လက်၍ တိုးဝင်လာကြသည်။

ဤထိတ်လန့်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသော လမ်းသွားလမ်းလာများသည် မကြည့်ရက်သဖြင့် သူတို့၏မျက်လုံးများကို မှိတ်ထားလိုက်ကြ၏။

ယနေ့တွင် ဤလူအိုကြီးသည် ဤနေရာ၌ နင်းခြေခံရပြီး သေဆုံးရတော့မည့်ပုံ ပေါ်နေသည်။

လူအိုကြီးသည် အမှန်တကယ် အနင်းခံလိုက်ရသော်လည်း ထိုကျင့်ကြံသူ၏မျက်နှာထား ချက်ချင်းပြောင်းလဲသွားသည်။ သူသည် လူတစ်ယောက်ကို နင်းမိခြင်း မဟုတ်ဘဲ မာကျောသော ကျောက်ပြားကြီးတစ်ခုကို နင်းမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ခြေထောက်ကို ပြန်ရုပ်ရန် ဟန်ပြင်လိုက်ချိန်မှာပင် လူအိုကြီး၏ခန္ဓာကိုယ်၌ စုပ်ယူနိုင်သော စွမ်းအားတစ်ရပ် ရှိနေသည့်အလား သူ ရုန်းထွက်၍ မရနိုင်တော့ပေ။

"ဟမ့်... ငါ အရိပ်နတ်ဆိုးကို နင်းရဲတယ်ပေါ့... သတ္တိကောင်းလှချည်လား"

ကျယ်လောင်သော အော်သံကြီးတစ်သံက လူအိုကြီး၏ပါးစပ်မှ ထွက်ပေါ်လာပြီး စီးမာမိသားစုမှ ကျင့်ကြံသူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဤလူအိုကြီးသည် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ဦးပင်။ သူ မည်မျှထိ အစွမ်းထက်သနည်း ဆိုသည်ကိုမူ သူတို့ လုံးဝမခန့်မှန်းနိုင်ကြချေ။

ထိုအချိန်တွင် စီးမာမိသားစုမှ ကျင့်ကြံသူများ၏အလယ်၌ ရှိနေသော စီးမာမိသားစုခေါင်းဆောင်သည် ကျင့်ကြံနေရာမှ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး လူအိုကြီးကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်သည်။

ထိုလူအိုကြီး၏အရှိန်အဝါသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှပြီး စီးမာမိသားစုမှ ကျင့်ကြံသူများအားလုံးကို ဖိနှိပ်ထားရာ လူတစ်ထောင်ကျော်သည် အသက်ရှူရန်ပင် ခက်ခဲနေကြ၏။

သိုင်းဝိညာဉ်နယ်ပယ်...

ဤသည်က သိုင်းဝိညာဉ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပေမည်။

စီးမာမိသားစုခေါင်းဆောင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။

"စီနီယာ... ကျွန်တော်တို့..."

စီးမာမိသားစုခေါင်းဆောင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပြုရင်း တောင်းပန်ရန် ဟန်ပြင်လိုက်သည်။

"ငါ့ကို နင်းမိတဲ့အတွက် မင်းတို့ ပေးဆပ်ရမယ်"

လူအိုကြီးက စီးမာမိသားစုခေါင်းဆောင်ကို ကြည့်ရင်း ပြောဆိုလိုက်သည်။

"ငါ အရိပ်နတ်ဆိုးကို ပြစ်မှားခဲ့တဲ့ ဘယ်သူမှ ဒီအတိုင်း မလွတ်မြောက်သွားဖူးဘူး"

"ကျွန်တော် ပေးဆပ်မယ်... ပေးဆပ်ပါ့မယ်"

စီးမာမိသားစုခေါင်းဆောင်က အလျင်အမြန် ပြောဆိုလိုက်သည်။

"ကောင်းပြီလေ..."

လူအိုကြီးက ကျယ်လောင်စွာ ပြောဆိုလိုက်၏။

"ဒါဆိုရင် ငါ အရိပ်နတ်ဆိုးကလည်း သဘောထား မသေးသိမ်ပါဘူး... မင်း ပေးဆပ်ချင်တယ်ဆိုရင် မင်းရဲ့ မိသားစုတစ်ခုလုံးရဲ့ အသက်တွေနဲ့ ပေးဆပ်လိုက်စမ်း"

"အမ် .."

စီးမာမိသားစုခေါင်းဆောင် ကြောက်လန့်သွားသည်။ စီးမာမိသားစုတစ်စုလုံး၏ အသက်များဖြင့်ဟု ဆိုသလော...

စီးမာမိသားစုခေါင်းဆောင် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် အရိပ်နတ်ဆိုးဟု အမည်ရှိသော လူအိုကြီးသည် ယုတ်မာသောအပြုံးတစ်ခု ပြုံးလိုက်ပြီး စီးမာမိသားစုဝင်များကြားထဲသို့ ဝင်ရောက်သွားသည်။

စီးမာမိသားစုမှ ကျင့်ကြံသူများသည် ဂျုံပင်များ ရိတ်သိမ်းခံရသည့်အလား အစုလိုက်အပြုံလိုက် လဲကျသွားကြသည်။ လူအိုကြီးသည် သူ၏လက်များကို အသုံးပြုခြင်း မရှိဘဲ သူ့ခန္ဓာကိုယ်၏တိုက်မိသော အရှိန်ကိုသာ အသုံးပြုနေသည်။ သို့ရာတွင် ဓားကိုင်ဆောင်ထားသော စီးမာမိသားစုကျင့်ကြံသူများအနက် မည်သူမျှ သူ၏ဝင်တိုက်မှုကို တောင့်ခံနိုင်ခြင်း မရှိကြချေ။

"သခင်ကြီး... ဆွေးနွေးကြရအောင်.. စီးမာမိသားစုအနေနဲ့ ဘယ်လို တန်ဖိုးပဲ ပေးဆပ်ရပါစေ... သခင်ကြီးရဲ့ ဒေါသပြေမယ်ဆိုရင် ပြောသာပြောပါ... တောင်းပန်ပါတယ်... သတ်ဖြတ်နေတာကို ရပ်တန့်ပေးပါ"

စီးမာမိသားစုခေါင်းဆောင်က တောင်းပန်လိုက်သည်။ မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သော သူ၏အရှိန်အဝါများ မည်သည့်နေရာသို့ ရောက်ရှိသွားနည်း။ သူသည် အနိုင်ကျင့်ခံနေရသော မိန်းကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေပေ၏။

သို့သော် လူအိုကြီးသည် စီးမာမိသားစုခေါင်းဆောင်၏စကားကို လျစ်လျူရှုပြီး ဆက်လက်၍ သတ်ဖြတ်နေသည်။

နောက်ထပ် မဟာသိုင်းဆရာကြီးအဆင့် အကြီးအကဲတစ်ယောက် လူအိုကြီး၏ လက်ချက်ဖြင့် သေဆုံးသွားရာ စီးမာမိသားစုခေါင်းဆောင်သည် နှလုံးသွေးများ ယိုစီးကျလာသကဲ့သို့ နာကျင်သွားခဲ့သည်

"ပြေးကြတော့..."

လူအိုကြီးသည် မည်သည့်စကားကိုမျှ နားထောင်မည် မဟုတ်ဘဲ စီးမာမိသားစုကို ဖျက်ဆီးရန် ဆုံးဖြတ်ထားကြောင်း မြင်တွေ့ချိန်တွင် စီးမာမိသားစုခေါင်းဆောင်၏ခေါင်းထဲ၌ အတွေးတစ်ခု ဝင်လာပြီး အဝေးသို့ ထွက်ပြေးသွားတော့သည်။

"မိသားစုခေါင်းဆောင် ထွက်ပြေးသွားပြီ... ပြေးကြ... မြန်မြန်ပြေးကြတော့"

မျက်စိလျင်သော စီးမာမိသားစုမှ ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ပြေးမယ် ဟုတ်လား... မင်းတို့ လွတ်မယ် ထင်လို့လား"

လူအိုကြီးက အေးစက်စက် ပြုံးလိုက်ပြီး ထွက်ပြေးနေသော စီးမာမိသားစုခေါင်းဆောင်ကို ကြည့်လိုက်သည်။

"နဂါးရိုင်း နည်းစနစ်... နဂါးရိုင်း သရုပ်သကန်ထင်ဟပ်ခြင်း..."

ရုတ်တရက် နဂါးပုံသဏ္ဌာန်ရှိသော နတ်ဆိုးသားရဲတစ်ကောင်၏ပုံရိပ်ယောင်သည် လူအိုကြီး၏ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး စီးမာမိသားစုခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။ ထိုသားရဲပုံရိပ်ယောင်သည် ပျံသန်းရင်း ပို၍ကြီးမားလာပြီး နေရောင်ကိုပင် ဖုံးကွယ်သွားတော့သည်။

"အား.."

စီးမာမိသားစုခေါင်းဆောင်သည် လှည့်ကြည့်လိုက်ရာ အရှိန်အဟုန်ဖြင့် တိုးဝင်လာသော နတ်ဆိုးသားရဲကို မြင်တွေ့လိုက်ရပြီး သူ၏စိတ်ထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေသည်။

သူ ရှောင်တိမ်းလိုသော်လည်း ထိုနတ်ဆိုးသားရဲသည် အလွန်ကြီးမားပြီး သူ့ကို အပြည့်အဝ ပစ်မှတ်ထားနေသည်။ သူ မည်သည့်ဘက် ထွက်ပြေးပါစေ ထိုသားရဲကြီးသည် သူ့ထံသို့သာ တိုးဝင်လာပေ၏။

အခန်း ၁၆၁: ထွက်ပြေးခြင်း

"အသက်ချမ်းသာပေးပါ... ကျွန်တော် ဘာမဆို ပေးပါ့မယ်... စီးမာမိသားစုတစ်ခုလုံးကိုတောင် ပေးပါ့မယ်"

စီးမာမိသားစုခေါင်းဆောင်သည် လူအိုကြီးက သူ၏အသက်ကို ချမ်းသာပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ကံမကောင်းစွာဖြင့် လူအိုကြီးသည် သူ့ကိုသတ်ဖြတ်ရန် ဆုံးဖြတ်ထားပုံရပြီး သူ ပြောဆိုသော စီးမာမိသားစု ဆိုသည်ကို လုံးဝစိတ်ဝင်စားပုံ မရချေ။ နတ်ဆိုးသားရဲပုံရိပ်ယောင်ကြီးသည် သူ့ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်လာသည်။

"ဘုန်း..."

နားကွဲလုမတတ် ကျယ်လောင်သော အသံကြီးတစ်သံ မြည်ဟီးလာပြီး လူများအားလုံးသည် စီးမာမိသားစုခေါင်းဆောင်ရှိရာသို့ လှမ်းကြည့်လိုက်မိကြသည်။

စီးမာမိသားစုခေါင်းဆောင်သည် သူ့ဆီသို့ ခုန်အုပ်လာသော နတ်ဆိုးသားရဲကို သူ၏လက်နှစ်ဖက်ဖြင့် အခိုင်အမာ တွန်းကန်ထားပြီး တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားထားနိုင်သည်အား သူတို့ မြင်တွေ့လိုက်ရ၏။

"ဝေါင်း..."

နတ်ဆိုးသားရဲက ပါးစပ်ကြီးကို ကျယ်လောင်စွာ ဖွင့်ဟလိုက်သည်။ အသံထွက်ပေါ်လာခြင်း မရှိသော်လည်း လူများအားလုံးသည် လောကကြီးကို တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

နတ်ဆိုးသားရဲသည် သူ ခုန်အုပ်လိုက်သော စီးမာမိသားစုခေါင်းဆောင်ကို လျစ်လျူရှုပြီး အထက်သို့ ပျံသန်းသွားကာ ပို၍မြင့်မားသော နေရာသို့ ရောက်ရှိသွားသည်။

"သူ ဟန့်တားနိုင်ခဲ့တာလား..."

စီးမာမိသားစုမှ ကျင့်ကြံသူများသည် တောင်ကြီးတစ်လုံးအလား ခန့်ညားထည်ဝါစွာ မတ်တတ်ရပ်နေသော စီးမာမိသားစုခေါင်းဆောင်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြ၏။

သို့သော် သူတို့ အတွေးလွန်သွားပုံ ရသည်။ စီးမာမိသားစုခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ရေခဲတုံး အရည်ပျော်ကျသည့်အလား ဖြည်းညှင်းစွာ အရည်ပျော်ကျလာပြီး လျှင်မြန်စွာပင် လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။

"ပြေးကြတော့..."

စူးရှသော အော်ဟစ်သံတစ်သံက လူအများကို ထိတ်လန့်သွားစေပြီး သူတို့အားလုံး သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကြတော့သည်။

သူတို့၏ အဓိကထောက်တိုင်ကြီးဖြစ်သော မိသားစုခေါင်းဆောင် သေဆုံးသွားပြီ ဖြစ်ရာ သူတို့အနေဖြင့် မည်သည့်အရာကို အသုံးပြုပြီး ခုခံနိုင်မည်နည်း။ ယခုချိန်၌ သူတို့ ထွက်မပြေးလျှင် မည်သည့်အချိန်၌ ပြေးမည်နည်း။

ထိုအချိန်တွင် မိုးကောင်းကင်ပေါ်သို့ ပျံသန်းသွားသော နတ်ဆိုးသားရဲသည် အောက်သို့ ပြန်လည်၍ဆင်းသက်လာပြီး သူ၏ပုံသဏ္ဌာန်သည် ယခင်ကထက် ပို၍ကြီးမားလာသည်။

"အား..."

ကျင့်ကြံသူအမြောက်အများသည် ကြောက်လန့်တကြား အော်ဟစ်ပြီး အသက်လုကာ ထွက်ပြေးကြသော်လည်း နတ်ဆိုးသားရဲ၏ ခုန်အုပ်မှုမှ မလွတ်မြောက်နိုင်ကြဘဲ ရေခဲများအလား အရည်ပျော်ကျသွားကြသည်။

ထိုအချိန်တွင် လမ်းသွားလမ်းလာများသည်လည်း နတ်ဆိုးသားရဲ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်း၌ ရောက်ရှိနေသည်။ သို့ရာတွင် သူတို့သည် နတ်ဆိုးသားရဲ၏ခန္ဓာကိုယ်နှင့် ထိတွေ့မိချိန်၌ နတ်ဆိုးသားရဲသည် ပုံရိပ်ယောင် တစ်ခုကဲ့သို့ ဖြစ်နေပြီး သူတို့ထံ၌ မည်သည့်ထိခိုက်မှုမျိုးမျှ ဖြစ်မလာသည်ကို တွေ့ရှိလိုက်ရသည်။

ထိတ်လန့်နေသော သူတို့၏စိတ်နှလုံးသားများသည် ချက်ချင်းတည်ငြိမ်သွားကြပြီး စီးမာမိသားစုမှ ကျင့်ကြံသူများ အသတ်ခံနေရသည်ကို စိတ်လက်ပေါ့ပါးစွာ ကြည့်ရှုနေကြတော့သည်။

သူတို့သည် မာနကြီးပြီး မောက်မာရိုင်းစိုင်းလေ့ရှိသော စီးမာမိသားစုဝင်များကို ယခင်ကတည်းက နာကြည်းမုန်းတီးနေခဲ့ကြသဖြင့် ယခုကဲ့သို့ ဘေးဒုက္ခ ကြုံတွေ့ရသည်ကို မြင်တွေ့ချိန်၌ ဝမ်းသာနေကြသည်။

လူအိုကြီးသည် ထွက်ပြေးနေသော လူအုပ်ကြီးကို ကြည့်လိုက်ပြီး စီးမာမိသားစုမှ မဟာသိုင်းဆရာကြီးများကို လိုက်လံ၍ သတ်ဖြတ်တော့သည်။

လူအိုကြီးသည် မဟာသိုင်းဆရာကြီးအဆင့်အောက်ရှိ ကျင့်ကြံသူလေးများကိုမူ စိတ်ဝင်စားပုံ မရပေ။

သို့သော် ဤကျင့်ကြံသူလေးများအနက်မှ အနည်းငယ်သာ လွတ်မြောက်သွားကြပြီး အများစုသည် နဂါးပုံသဏ္ဌာန် နတ်ဆိုးသားရဲ၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။

"နဂါးရိုင်းနည်းစနစ်က ကောင်းကင်အဆင့် စိတ်ဝိညာဉ်နည်းစနစ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို လိုက်ဖက်တယ်... ဒါက တကယ့်ကို စွမ်းအားကြီးတာပဲ"

လူအိုကြီးက ပျောက်ကွယ်သွားသော နတ်ဆိုးသားရဲပုံရိပ်ယောင်ကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

နဂါးရိုင်းနည်းစနစ်ကို ကျင့်ကြံရန် အလွန်ခက်ခဲသော်လည်း ဤကျင့်ကြံနည်းစနစ်၏စွမ်းရည်သည် အလွန်အားကောင်းပေ၏။

"ဒါပေမဲ့ ငါ့ရဲ့လက်ရှိအဆင့်က ဆေးနတ်ဘုရား ခန္ဓာကိုယ်က ပေးထားတာဆိုတော့ နဂါးရိုင်း နည်းစနစ်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သေးဘူး... တကယ်လို့သာ ငါသာ ဒီစွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်မယ် ဆိုရင်... သိုင်းဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် တစ်ချက်တည်း ခုန်အုပ်လိုက်ရုံနဲ့ သေဆုံးသွားစေနိုင်လောက်တယ်"

ထွက်ပြေးနေသော စီးမာမိသားစုမှ ကျင့်ကြံသူများကို ကြည့်ရင်း လူအိုကြီးအဖြစ် ရုပ်ဖျက်ထားသော ချင်းမင်က တွေးတောလိုက်သည်။

ဤ နဂါးရိုင်းနည်းစနစ်မှ ဖြစ်ပေါ်လာသော နတ်ဆိုးသားရဲသည် ခမ်းနားထည်ဝါနေသော်လည်း ဤသည်မှာ သိုင်းဝိညာဉ်အဆင့် အောက်တွင်ရှိသော ကျင့်ကြံသူများအတွက်သာ ဖြစ်ပြီး အပေါ်ယံမျှသာ ဖြစ်သည်။

အစစ်အမှန် ကျွမ်းကျင်ပိုင်နိုင်ထားသော ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခုသည် အဆင့်တူကျွမ်းကျင်သူများကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသင့်ပြီး ယခုကဲ့သို့ အားနည်းသူများကို အနိုင်ကျင့်ရုံသက်သက် မဖြစ်သင့်ချေ။

"ကဲ... အခု စီးမာမိသားစုတစ်ခုလုံးရဲ့ အလှည့်ပဲ"

အဝေးရှိ ချန်ယန်မြို့ကို လှမ်းကြည့်ရင်း ချင်းမင်က ပျံသန်း၍ ထွက်ခွာသွားတော့သည်။

သူသည် စီးမာမိသားစုကို အမြစ်ပြတ် ချေမှုန်းရပေမည်။ သူတို့သည် သူ၏ညီမလေးကို ပြန်ပေးဆွဲရဲပြီး သူ၏ဖခင်ကို ပိန်လှီစေကာ သူ၏မိခင်ကို စိတ်နှလုံးသား ကြေကွဲစေခဲ့သည်။

ထိုကဲ့သို့ ရန်သူများကို လောကကြီးတွင် သူ မည်သည်ကြောင့် ဆက်လက်၍ ရှိနေစေမည်နည်း။

ချန်ယန်မြို့ရှိ စီးမာမိသားစုတစ်ခုလုံးသည် မိသားစု၏အာဏာအောက်တွင် သာယာယစ်မူးနေကြပြီး အန္တရာယ်က တိတ်တဆိတ် ရောက်ရှိလာပြီဖြစ်ကြောင်း လုံးဝမသိရှိကြသေးချေ။

ချင်းမင်သည် ဆေးနတ်ဘုရား ခန္ဓာကိုယ်ကို အသုံးပြုပြီးနောက် သူ၏စွမ်းအားသည် သိုင်းဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီး သူ၏ အမြန်နှုန်းသည် ပြိုင်ဘက်ကင်း ဖြစ်သွားပေ၏။ စီးမာမိသားစုမှ ကျင့်ကြံသူများသည် ချင်းမင်၏ အမြန်နှုန်းကို ယှဉ်ပြိုင်နိုင်ခြင်း မရှိကြချေ။

ထို့ကြောင့် စီးမာမိသားစုတစ်ခုလုံးသည် မကြာသေးမီကမှ ထွက်ခွာသွားသော သူတို့၏မိသားစုခေါင်းဆောင်အပါအဝင် ကျင့်ကြံသူတပ်ဖွဲ့ကြီးသည် ကံဆိုးမိုးမှောင် ကျရောက်သွားပြီ ဖြစ်ကြောင်း လုံးဝမသိရှိကြသေးပေ။

"ရပ်လိုက်... ဒါ စီးမာအိမ်တော်... မဆိုင်တဲ့သူတွေ မလာရဘူး"

အစောင့်တစ်ယောက်သည် စီးမာအိမ်တော်သို့ လျှောက်လှမ်းလာသော ချင်းမင်ကို မြင်တွေ့သဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အခန်း ၁၆၂: မြေတိုက်ခန်း

"အင်း..."

ချင်းမင်သည် တံခါးပေါက်အထက်ရှိ 'စီးမာအိမ်တော်' ဟူသော စာလုံးကြီးများကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"ငါ လာရှာတာကလည်း စီးမာမိသားစုကိုပဲ"

ထို့နောက် သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး အော်ဟစ်လိုက်သည်။

"စီးမာမိသားစုက ကျင့်ကြံသူတွေ... မင်းတို့က ဒီလူအိုကြီးကို နင်းခြေရဲတယ်ပေါ့... ဒီနေ့ ငါက စီးမာမိသားစုတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်မယ်... မဆိုင်တဲ့သူတွေအားလုံး ချက်ချင်းထွက်သွားကြစမ်း"

သူ၏အသံသည် ဒီရေလှိုင်းများပမာ တလိမ့်လိမ့်တက်သွားပြီး ချန်ယန်မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားပေ၏။

သိုင်းဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူ...

မြို့တစ်မြို့လုံး ဆူညံပွက်လောရိုက်သွားသည်။ ဗဟုသုတကြွယ်ဝသော ကျင့်ကြံသူများက ထိုစကားကိုပြောဆိုသူမှာ သိုင်းဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ချက်ချင်းသိရှိသွားကြသည်။

စီးမာမိသားစုက သိုင်းဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ပြစ်မှားလိုက်သလော...

မကြာသေးမီကမှ ချီတက်သွားသော မာန်မာနကြီးပြီး ဘဝင်မြင့်နေသည့် စီးမာမိသားစုဝင်များကို ပြန်လည်၍အမှတ်ရမိပြီး လူများအားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။

မာန်မာနကြီးမားခြင်းတွင် အမှန်တကယ်ကို ပေးဆပ်ရမည့် တန်ဖိုးများ ရှိနေသည်။ စီးမာမိသားစုသည် ဟန်ရေးမပြရသေးမီမှာပဲ သံချွန်နဲ့ ဝင်တိုးမိခြင်း ဖြစ်ပေမည်။

သူတို့သည် သိုင်းဝိညာဉ်အဆင့် ထိပ်သီးကျင့်ကြံသူဖြစ်သည့်အပြင် ဒေါသကြီးသူ တစ်ယောက်ကို ပြစ်မှားခဲ့ပေ၏။ စီးမာမိသားစု ဒုက္ခရောက်တော့ပေမည်။

ချန်ယန်မြို့သူမြို့သားတိုင်း ထိုအသံကို ကြားလိုက်ရသည်။ လူအိုကြီးနှင့် ပို၍နီးကပ်စွာ ရှိနေသော စီးမာအိမ်တော်မှ အစောင့်များသည် ထိုစကားလုံးတိုင်းကို ကြားလိုက်ရပြီးနောက် အလွန်ကြောက်လန့်သွားသဖြင့် သူတို့၏မျက်နှာများ ဖြူဖျော့သွားကြသည်။

ချင်းမင်သည် သူတို့၏တုံ့ပြန်မှုကို လျစ်လျူရှုပြီး သတ်ဖြတ်ခြင်းကို စတင်လိုက်တော့သည်။

"နဂါးရိုင်း နည်းစနစ်..."

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲတစ်ကောင်၏ပုံရိပ်ယောင်သည် သူ၏ခန္ဓာကိုယ်ထဲမှ ပျံသန်းလာပြီး စီးမာအိမ်တော်မှအစောင့်များအပေါ်သို့ ခုန်အုပ်လိုက်သည်။

အစစ်အမှန် သိုင်းဝိညာဉ်နယ်ပယ် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် ချင်းမင် တုန်လှုပ်ကောင်း တုန်လှုပ်မိပေမည်။ သို့သော် သိုင်းဘိုးဘေး အဆင့်ပင် မရှိသော ဤပါမွှားလေးများနှင့် ရင်ဆိုင်ရသည်မှာ သူ့အတွက် အလွန်လွယ်ကူလွန်းသည်။

ဤနည်းစနစ်၏တိုက်ခိုက်မှုနယ်ပယ်သည် အလွန်ကြီးမားသဖြင့် နတ်ဆိုးသားရဲမှ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အစောင့် အမြောက်အများ သေဆုံးသွားကြသည်။

"ပြေးကြတော့..."

ကြွင်းကျန်သော အစောင့်များသည် အချိန်တဏအတွင်း၌ တုန်လှုပ်ချောက်ချားသွားကြပြီး ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။

ချင်းမင်သည် သူတို့ကို လစ်လျူရှုပြီး လူအများဆုံးနေရာသို့ တိုးဝင်သွားကာ မြင်တွေ့သမျှ လူတိုင်းကို သတ်ဖြတ်တော့သည်။

"ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့... မင်းတို့ကိုယ်မင်းတို့ စီးမာမိသားစုကို အလုပ်အကျွေး ပြုမိတဲ့အတွက်သာ အပြစ်တင်လိုက်ကြတော့"

သူသည် လူအမြောက်အများကို သတ်ဖြတ်ပြီးနောက် မတ်တတ်ရပ်နေသော အစောင့်တစ်ယောက်ကိုမျှ ရှာမတွေ့တော့ချေ။

အစောင့်အများစုသည် သေဆုံးသွားကြပြီး ကျန်ရှိသူများကမူ စီးမာအိမ်တော်မှ ထွက်ပြေးလွတ်မြောက်သွားကြသည်။

ချင်းမင်သည် လိုက်လံသတ်ဖြတ်ခြင်း မပြုတော့ဘဲ စီးမာမိသားစု၏စည်းစိမ်ဥစ္စာများကို စတင်၍ ယူဆောင်လိုက်တော့သည်။

သူသည် ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်တော့မည်ဖြစ်သဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်နေသည်။ ချင်းမိသားစု၏ သေးငယ်သော ပိုင်ဆိုင်မှုသည် သူ့အတွက် မလုံလောက်ချေ။

စီးမာမိသားစု ပျက်စီးသွားပြီ ဖြစ်ရာ ဤနေရာရှိ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များသည် သူ အလကား ရယူနိုင်သော အရာများ သာဖြစ်သည်။ အကယ်၍ သူ မယူလျှင် သူ ထွက်ခွာသွားသည်နှင့် တခြားအင်အားစုတစ်ခုခုက လာရောက်၍ လုယူသွားကြပေလိမ့်မည်။

သူသည် လမ်းလျှောက်သွားရင်း တန်ဖိုးရှိသော အရာမှန်သမျှကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။ ရုတ်တရက် သူသည်မြေအောက်ခန်းတစ်ခန်းကို တွေ့ရှိမိပေ၏။

"တန်ဖိုးကြီးတဲ့ ရတနာတွေကို ဒီနေရာမှာ သိမ်းထားပုံရတယ်"

ချင်းမင်က ထိုနေရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။

ထိုမြေအောက်ခန်းသည် မှိန်ဖျော့နေသော်လည်း လေဝင်လေထွက် ကောင်းမွန်သည်။ ပုံမှန်အားဖြင့် အစောင့်များ ရှိနေတတ်သော်လည်း သူတို့အားလုံး ထွက်ပြေးသွားကြပြီ ဖြစ်ရာ သူသည် အတားအဆီးမရှိ ဝင်ရောက်သွားနိုင်ခဲ့ပေ၏။

"အမ်... ဒါက ဘဏ္ဍာတိုက်နဲ့ မတူပါလား"

အချုပ်ခန်းများကို အတန်းလိုက် မြင်လိုက်ရသည့်အချိန်၌ ဤနေရာသည် စီးမာမိသားစုက လူများကို ဖမ်းဆီးချုပ်နှောင်ထားသော နေရာဖြစ်ကြောင်း သူ နားလည်သဘောပေါက်လိုက်သည်။

"ကယ်ကြပါ..."

အဝေးရှိ အချုပ်ခန်းများမှ အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် ချင်းမင်က စိတ်ဝင်စားစွာဖြင့် ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုအချုပ်ခန်းများထဲတွင် ယောက်ျားလေးများနှင့် မိန်းကလေးများသည် ရှိနေကြကာ သူတို့၏ခန္ဓာကိုယ်များတွင် ကြာပွတ်ရာ ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သူတို့က ကယ်တင်ပေးရန်အတွက် အသနားခံနေကြသည်။

"မင်းတို့က ဘယ်သူတွေလဲ... ဘာလို့ ဒီနေရာမှာ အဖမ်းခံထားရတာလဲ"

ထိုသို့မေးမြန်းရင်း သူသည် အချုပ်ခန်းတံခါးကို လက်ဝါးဖြင့်ရိုက်ချလိုက်ရာ သံတိုင်များကွေးကောက်ပြီး ပွင့်ထွက်သွားသည်"

"ကျေးဇူးတင်ပါတယ် သခင်ကြီး... ကျေးဇူးတင်ပါတယ်..."

အကျဉ်းသားများသည် ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်း ပြောဆိုကာ ဦးညွှတ်အရိုအသေပြုကြတော့သည်။

All Chapters