အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း ၁၆၃: တပည့်လက်ခံခြင်း
"သခင်ကြီး... ကျွန်တော်တို့အားလုံးက တာ့ယန်ရွာကပါ... ဓားပြအုပ်စုတစ်စုက ရုတ်တရက် ဝင်လာပြီးတော့ ရွာတစ်ရွာလုံးကို သတ်ဖြတ်ခဲ့ပါတယ်... ကျွန်တော်တို့ကို ဓားပြတွေက ဖမ်းဆီးပြီးတော့ ဒီနေရာမှာ ချုပ်နှောင်ထားတာပါ..."
ကြည်လင်သောမျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ယောက်က ချင်းမင်ကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
သူ စကားပြောဆိုနေစဉ်မှာပင် လက်ရှိနေရာတွင် ရှိနေသော လူများအားလုံး၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်လာကြ၏။
သူတို့၏ ရှုပ်ထွေးသော စကားများကို နားထောင်ပြီးနောက် ချင်းမင်သည် သူတို့၏ ဇစ်မြစ်ကို အကြမ်းဖျင်းနားလည်လိုက်ပြီး စီးမာမိသားစုက သူတို့ကို မည်သည်ကြောင့် ဖမ်းဆီးထားသည်ကို ခန့်မှန်းမိလိုက်သည်။
ဤလူငယ်များအားလုံးသည် ဓားပြများအဖြစ် အယောင်ဆောင်ထားသော လူကုန်ကူးသူများ၏တိုက်ခိုက်ခြင်းကို ခံလိုက်ရသော ဝေးလံခေါင်သီသည့် ရွာတစ်ရွာမှ ဖြစ်နေပေ၏။
သူတို့အားလုံးကို လူကုန်ကူးသူများက ဖမ်းဆီးပြီး စီးမာမိသားစုဆီသို့ ခေါ်လာကြခြင်းဖြစ်သည်။
စီးမာမိသားစုမှ ဤလူငယ်များကို ဖမ်းဆီးထားရသော အကြောင်းအရင်းကမူ သူ၏ခန့်မှန်းချက်သာ မှန်မည်ဆိုလျှင် သူတို့ကို အသေခံ စစ်သည်များအဖြစ် လေ့ကျင့်ပေးချင်သောကြောင့် ဖြစ်ပေမည်။
အမုန်းတရား နာကျင်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှု....
ထိုအရာများသည် စီးမာမိသားစုမှ လေ့ကျင့်ပေးမည့် နည်းလမ်းများပင်။
ချင်းမင်သည် ယခင်ဘဝက ထိုကဲ့သို့ အရာများကို မြင်တွေ့ခဲ့ဖူးသဖြင့် စီးမာမိသားစု မည်သည့်အရာအား လုပ်ဆောင်နေသည်ကို ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။
"သူတို့က တကယ့်ကို သေသင့်တာပဲ..."
ချင်းမင်၏စိတ်ထဲ၌ နက်ရှိုင်းသော အမုန်းတရားတစ်ခု ပေါက်ဖွားလာသည်။ သူသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း ဝန်ခံထားသော်လည်း ကိုယ်ကျိုးအတွက် သူတစ်ပါးကို ဒုက္ခပေးသော သူများကိုမူ ရွံရှာမုန်းတီးမိသည်။
"မင်းတို့ ခံစားခဲ့ရတာတွေ လုံလောက်ပါပြီ... ဒီနေ့ကစပြီး မင်းတို့ လွတ်လပ်ပြီ"
ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး အချုပ်ခန်းတံခါးများအားလုံးကို ရိုက်ခတ်ကာ ပွင့်ထွက်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် လူငယ်များအားလုံး လွတ်မြောက်သွားကြသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ချင်းမင်သည် နောက်သို့လှည့်ထွက်ခဲ့ပေ၏။ ဤလူငယ်များတွင် ခြေလက်အစုံအလင် ရှိကြသဖြင့် သူတို့ဘာသာ ထွက်သွားနိုင်ကြသည်။ သူ့အနေဖြင့် စီးမာမိသားစု၏စည်းစိမ်ဥစ္စာများကို လုယူရန် ကျန်ရှိနေသေးသဖြင့် ဤလူငယ်များကို ဂရုစိုက်ရန် အချိန်မရှိချေ။
ချင်းမင် ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ လူငယ်များအားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ ကြည်လင်သော မျက်လုံးများ ပိုင်ဆိုင်ထားသည့် လူငယ်လေးသည် ပြတ်သားသော မျက်နှာထားဖြင့် ချင်းမင်၏အနားသို့ ဒယိမ်းဒယိုင်လျှောက်သွားပြီး ဒူးထောက်ကာ အသနားခံလိုက်သည်။
"သခင်ကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ... ကျွန်တော် ဘာမဆို လုပ်ပါ့မယ်"
အခြားလူငယ်များသည်လည်း ရှေ့သို့ ပြေးထွက်လာကြပြီး ဒူးထောက်ကာ အသနားခံကြတော့သည်။
"သခင်ကြီး... ကျွန်တော်တို့မှာ အိမ်မရှိတော့ဘူး... သခင်ကြီးက ကျွန်တော်တို့ကို လက်ခံပေးမယ်လို့ မျှော်လင့်မိတယ်"
"သခင်ကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို သိုင်းပညာ သင်ပေးပါ... ကျွန်တော်က မိဘတွေအတွက် လက်စားချေချင်တယ်"
လူငယ်များ၏ ပြတ်သားသောမျက်လုံးများကို မြင်တွေ့ချိန်၌ ချင်းမင်၏စိတ်နှလုံးသား တုန်ခါသွားသည်။
သူနှင့်ဤလူငယ်များသည် မည်မျှထိ အဖြစ်ချင်း တူလိုက်သနည်း...
ယခင်ဘဝတွင် သူ၏မိသားစုတစ်စုလုံး အသတ်ခံခဲ့ရပြီး သူသည် လက်စားချေရန် ရည်ရွယ်ချက်ဖြင့် အမုန်းတရားများကို ရင်ဝယ်ပိုက်ကာ ကြိုးစားကျင့်ကြံခဲ့ရသည်။
အကယ်၍ သူ့ဆရာ အကြီးအကဲချင်းသာ ပေါ်မလာခဲ့လျှင် သူသည် အမုန်းတရားများဖြင့်သာ ဘဝတစ်ခုလုံး နေထိုင်သွားရပေမည်။ ထိုသို့ဖြစ်လာပါက သူသည်နာမည်ကျော်ကြားသော 'ဧကရာဇ်မင်' ဖြစ်လာလိမ့်မည် မဟုတ်သည့်အပြင် ယခုကဲ့သို့ ဆေးနတ်ဘုရားတစ်ပါးလည်း ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ထိုအရာကိုတွေးတောရင်း ချင်းမင်၏ စိတ်နှလုံးသား ပျော့ပျောင်းသွားကာ ပြောဆိုလိုက်သည်။
"ထကြတော့... ငါက မင်းတို့ကို တပည့်အဖြစ် လက်ခံမယ်... ဒီနေ့ကစပြီးတော့ ငါက မင်းတို့ကို စောင့်ရှောက်မယ်... ကျင့်ကြံနည်းစနစ်တွေ သင်ပေးမယ်... ပြီးတော့ မင်းတို့ကိုယ်တိုင် လက်စားချေခွင့် ပေးမယ်"
"ဆရာသခင်... ကျွန်တော်တို့ကို အရိုအသေပြုခွင့်ပေးပါ ဆရာ"
ပထမဆုံး ဒူးထောက်ခဲ့သော လူငယ်လေးက ချက်ချင်းဆိုသလိုပင် ဦးညွှတ်အရိုအသေပြုရင်း ပြောဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် တခြားလူငယ်များလည်း သတိဝင်လာပြီး အလားတူလုပ်ဆောင်ကြတော့သည်။
"ကောင်းပြီလေ... ဒီနေ့ကစပြီးတော့ မင်းတို့အချင်းချင်း ဂိုဏ်းတူမောင်နှမတွေလို ဆက်ဆံကြရမယ်... ကဲ... အခု အရင်ဆုံး စီးမာမိသားစုရဲ့ စည်းစိမ်ဥစ္စာတွေအားလုံးကို သိမ်းဆည်းလိုက်ကြတော့"
"အနာဂတ်မှာ ဒီစည်းစိမ်ဥစ္စာတွေက မင်းတို့ရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဖြစ်လာလိမ့်မယ်"
ချင်းမင်က ညွှန်ကြားလိုက်သည်။
"အော်... ဟုတ်သားပဲ... စီးမာမိသားစုကို ငါ အမြစ်ပြတ်သုတ်သင်လိုက်ပြီ... အသက်ရှင်တဲ့လူ တစ်ယောက်မှ မကျန်တော့ဘူး... ဒါကြောင့် မင်းတို့က လွတ်လွတ်လပ်လပ် လုယူနိုင်တယ်"
ထိုလူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။
သူတို့ကို လက်ခံလိုက်သော ဆရာသခင်သည် မည်သူဖြစ်သနည်း...
ချန်ယန်မြို့၏ အဓိကအင်အားစုကြီးသုံးခုအနက်မှ တစ်ခုသည် ဤအတိုင်း ပျက်စီးသွားခဲ့သလော...
တစ်ချိန်တည်းမှာပင် သူတို့၏မျက်နှာများပေါ်၌ ဝမ်းသာမှုများ ထင်ဟပ်လာကြသည်။ စီးမာမိသားစုသည် သူတို့၏ရန်သူလည်းဖြစ်ပြီး ယခုချိန်၌ အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရပြီဖြစ်ရာ သူတို့၏ဆရာသခင်က သူတို့အတွက် လက်စားချေပေးပြီးလေပြီ။
"ကျေးဇူးတင်ပါတယ် ဆရာ... ကျွန်တော်တို့အတွက် လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ်"
လူငယ်များအားလုံးသည် ကျေးဇူးတင်စွာဖြင့် ထပ်မံ၍ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"ကဲပါ... ထကြတော့... မင်းတို့အားလုံး ဒဏ်ရာရနေကြတာဆိုတော့ ဒီလောက်ထိ ကိန်းကြီးခမ်းကြီးနိုင်တာတွေ လုပ်နေဖို့ မလိုပါဘူး"
ချင်းမင်က လက်ကာပြရင်း ပြောဆိုလိုက်သည်။
အခန်း ၁၆၄: လုယူခြင်း
"ငါ့ဆီမှာ မင်းတို့ရဲ့ဒဏ်ရာတွေကို ကုသနိုင်တဲ့ ဆေးလုံးတချို့ ရှိတယ်"
ချင်းမင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း အကြီးတစ်လုံးကို ထုတ်ယူပြီး ပထမဆုံး ဒူးထောက်ခဲ့သော ကောင်လေးကိုပေးကာ မေးမြန်းလိုက်သည်။
"မင်းရဲ့နာမည်က ဘယ်သူလဲ"
"ဆရာ့ကို ပြန်ဖြေပါတယ်... ကျွန်တော့်ရဲ့နာမည်က ယန်ရှုပါ"
ကောင်လေးက ကျောက်စိမ်းပုလင်းကို ဂရုတစိုက်ယူလိုက်ပြီး ရိုသေလေးစားစွာ ပြန်ဖြေလိုက်၏။
ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ဒီနေ့ကစပြီး ယန်ရှုက မင်းတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ဖြစ်သွားပြီ"
"ဟုတ်ကဲ့..."
တခြားလူများက တုံ့ပြန်လိုက်ကြသည်။
ယန်ရှုသည် ကျောက်စိမ်းပုလင်းကို တည်ငြိမ်စွာ ဖွင့်လိုက်ပြီး ဆေးလုံးတစ်လုံးကို သူ၏လက်ဝါးပေါ်သို့ သွန်ထည့်လိုက်သည်။ ဆေးလုံးပေါ်ရှိ အကွက်ကိုးကွက်ကို မြင်တွေ့ချိန်၌ သူ၏မျက်နှာထား ပြောင်းလဲသွားပေ၏။ သူသည် ခေါင်းမော့ပြီး ချင်းမင်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"ဆရာ... ဒီဆေးလုံးက အရမ်းတန်ဖိုးကြီးတယ်... ကျေးဇူးပြုပြီး ပြန်ယူပါ... ကျွန်တော်တို့ရဲ့ ဒဏ်ရာအသေးအမွှားလေးတွေက ဒီလိုဆေးလုံးမျိုးကို အသုံးပြုဖို့ မတန်ပါဘူး"
"အမ်.."
ချင်းမင်က ယန်ရှုကို စိတ်ဝင်စားစွာကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းက တော်တော်လေး နားလည်ထားတာပဲ"
ဤကောင်လေးသည် တခြားလူငယ်များထက် ပို၍ဉာဏ်ကောင်းသည်။ ထို့ကြောင့်လည်း ချင်းမင်သည် သူ့ကို ဂိုဏ်းတူအစ်ကိုကြီး ဖြစ်စေချင်ခဲ့ခြင်းပင်။
ကြည့်ရသည်မှာ ဤကောင်လေးသည် ဗဟုသုတလည်း ရှိပုံရပေ၏။ သူသည် ဆေးလုံးကို စူးစမ်းလိုစိတ်နှင့် ကြည့်နေပြီး ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံး၏ တန်ဖိုးအစစ်အမှန်ကို လုံးဝမသိနားမလည်ကြသော တခြားလူငယ်များနှင့် မတူညီချေ။
ယန်ရှုက ခေါင်းငုံ့လိုက်ပြီး ကျောက်စိမ်းပုလင်းကိုမြှောက်ကာ ချင်းမင်အား ပြန်ပေးရန် ပြင်လိုက်သည်။
ဤပုလင်းထဲရှိ ဆေးလုံးတစ်လုံးတည်းသည်ပင် သူတို့၏အသက်များထက် ပို၍တန်ဖိုးရှိသော်လည်း ဆရာသခင်က သူတို့အား တွေဝေခြင်းမရှိဘဲ ပေးအပ်ခဲ့သည်။
သူ၏မိဘများမှလွဲ၍ မည်သူမျှ သူ့အပေါ် ဤမျှထိ ကြင်နာခြင်း မရှိခဲ့ဖူးချေ။ အချိန်တခဏအတွင်းတွင် သူ၏မျက်လုံးများ၌ မျက်ရည်များ ပြည့်လျှံလာခဲ့သည်။
ချင်းမင်က လက်ကာပြလိုက်ပြီး အမိန့်ပေးလိုက်၏။
"ဒီဆေးလုံးတွေကို ယူလိုက်... တစ်ယောက်ကို တစ်လုံးစီ... ဒီဆေးလုံးတွေက တန်ဖိုးရှိပေမယ့် မင်းတို့နဲ့ ယှဉ်ရင် ဘာမှ အရေးမပါဘူး"
"ဟုတ်ကဲ့..."
ယန်ရှုသည် ဝမ်းနည်းမှုကို မြိုသိပ်ရင်း သူ၏မျက်လုံးများကို မှိတ်ကာ ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
တခြားသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ယန်ရှု ဝေပေးသော ဆေးလုံးများကို ယူကာ သောက်သုံးလိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုသည် သူတို့၏ဒန်တျန်မှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ကြာပွတ်ရာများသည် တမဟုတ်ချင်း ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့ခံစားနေရသော အားနည်းမှုများလည်း ပျောက်ကွယ်သွားပေ၏။
သူတို့ထံ၌ ဗဟုသုတ မရှိလျှင်ပင် ဤဆေးလုံး၏ တန်ဖိုးကြီးမားပုံကို သိရှိလိုက်ကြပြီး ချက်ချင်းဆိုသလိုပင် ဒူးထောက်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် ဆရာ... "
"ကဲ... စီးမာမိသားစုရဲ့စည်းစိမ်ဥစ္စာတွေကို အမြန်သွားပြီး သိမ်းပိုက်ကြတော့... ဒါတွေက အနာဂတ်မှာ မင်းတို့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ဖြစ်လာလိမ့်မယ်"
ချင်းမင်က ပြောဆိုသည်။
"ဟုတ်ကဲ့..."
လူငယ်များသည် တက်ကြွသောအသံများဖြင့် တုံ့ပြန်လိုက်ကြပြီး သူတို့ထံ၌ အားနည်းနေခြင်းများ မရှိကြတော့ချေ။
"ယန်ရှု... မင်း နေခဲ့အုံး"
ချင်းမင်က ပြောဆိုသည်။
"ဟုတ်ကဲ့..."
ယန်ရှုသည် နေရာတွင် ရိုသေစွာ မတ်တတ်ရပ်နေပြီး တခြားလူများကမူ လူစုခွဲ၍ ထွက်ခွာသွားကြသည်။
"ယန်ရှု... မင်းတို့ရဲ့အခြေအနေကို အသေးစိတ်ပြောပြစမ်း"
ချင်းမင်က မေးမြန်းလိုက်သည်။
"ကျွန်တော်တို့ အားလုံးက တာ့ယန်ရွာကပါ..."
ယန်ရှုက အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ဆက်လက်၍ ပြောဆိုလိုက်၏။
"ရွာမှာ အစကတော့ လူဦးရေသုံးထောင်ကျော်ရှိတယ်... ဒါပေမဲ့ တခြားလူတွေက ဓားပြတွေရဲ့လက်ချက်နဲ့ သေသွားကြပါပြီ... ကျွန်တော်တို့ နှစ်ရာ့နှစ်ဆယ့်တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်တယ်"
"ကျွန်တော့်ရဲ့အဖေက ရွာလူကြီး ဖြစ်တာကြောင့် ကျွန်တော် ဒီအကြောင်းတွေကို တော်တော်များများ သိထားတာပါ"
ယန်ရှုက အချိန်တခဏကြာ စဉ်းစားပြီးနောက် ဖြည့်စွက်၍ ပြောဆိုလိုက်သည်။
'ဒါကြောင့် ဒီကောင်လေးက တခြားသူတွေထက် ပိုပြီး ဉာဏ်ကောင်းနေတာကိုး... သူ့ရဲ့အဖေက ရွာလူကြီး ဖြစ်နေလို့ပဲ...'
ချင်းမင် ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ အပြင်သို့ထွက်လာခဲ့ရာ ယန်ရှုလည်း အနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာသည်။
လူနှစ်ရာကျော်မှ ပစ္စည်းများသိမ်းပိုက်မှု၏ စွမ်းဆောင်ရည်သည် ချင်းမင် တစ်ယောက်တည်းဖြင့် ယှဉ်နိုင်မည့် အရာမျိုး မဟုတ်ပေ။ သူတို့သည် လျှင်မြန်စွာပင် အလုပ်ပြီးမြောက်သွားကြသည်။
စိတ်ဝိညာဉ်ကျောက်တုံးများ စိတ်ဝိညာဉ်ဆေးပင်များ လက်နက်များ အိုးခွက်ပန်းကန်များနှင့် တခြားပစ္စည်းများကို တောင်ကုန်းငယ်လေး တစ်ခုအလား မြေပြင်ပေါ်တွင် ပုံထားလိုက်ကြသည်။
"ဆရာ... စီးမာမိသားစုရဲ့ စည်းစိမ်ဥစ္စာတွေ အကုန်လုံး ဒီမှာပါ... ကျွန်တော်တို့ သုံးခေါက်လောက် ရှာပြီးပါပြီ... တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မကျန်တော့ပါဘူး"
ယန်ရှုက ပြောဆိုသည်။
"အင်း..."
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး ထိုအရာများ အားလုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် စီးမာမိသားစုတွင် သိုလှောင်လက်စွပ်အနည်းငယ် ရှိနေပြီး ထိုအရာများသည် ချင်းမင်၏မူလလက်စွပ်ထက် ပို၍ကြီးမားနေသည်။ ထိုသို့မဟုတ်ပါက ဤမျှများပြားသော ပစ္စည်းများ ဝင်ဆံ့လိမ့်မည် မဟုတ်ချေ။
အခန်း ၁၆၅: ရွှေခန္ဓာကိုယ် ငှက်မွှေးပြောင်းလဲခြင်း နည်းစနစ်
"သွားကြစို့..."
ချင်းမင်က လက်ဝှေ့ယမ်းလိုက်ပြီး လူအုပ်ကြီးကို ဦးဆောင်ကာ ထွက်ခွာလာခဲ့သည်။
မကြာမီ သူတို့သည် ရွှံနွံတောတစ်ခုသို့ ရောက်ရှိလာကြသည်။
"ဆရာ... ကျွန်တော်တို့က နောက်ပိုင်းကျရင် ဒီနေရာမှာ နေရမှာလား..."
ယန်ရှုက ချင်းမင်၏နံဘေးမှ လျှောက်လှမ်းသွားရင်း မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
သူတို့၏ရှေ့တွင် အဆိပ်ရှိသော အင်းဆက်ပိုးမွှားများ တဝီဝီပျံသန်းနေသည့် ရွှံနွံတောတစ်ခု ရှိနေပြီး ထိုမြင်ကွင်းသည် သူတို့၏စိတ်နှလုံးသားများကို ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေသည်။
"ငါတို့ နေမယ့်နေရာက ဒီရွှံနွံတောကို ကျော်သွားမှ ရောက်မှာ... အဲ့ဒီနေရာက ပတ်ဝန်းကျင်က တော်တော်ကောင်းတယ်... ဘာမှ စိတ်မပူကြနဲ့"
ချင်းမင်က ပြုံးလိုက်သည်။
"ဒါဆိုရင် တော်ပါသေးရဲ့..."
ယန်ရှုသည် သူ၏တဒုန်းဒုန်းခုန်နေသော ရင်ဘတ်ကိုဖိရင်း ပြောဆိုလိုက်၏။
"ဒီဆေးလုံးတွေကို ဝေပေးလိုက်... ဒါဆိုရင် အဲ့ဒီ အဆိပ်ပိုးမွှားတွေက မင်းတို့ကို ကိုက်မှာ မဟုတ်တော့ဘူး... ပြီးရင် ငါ မင်းတို့ကို တစ်ဖက်ကမ်း ပို့ပေးမယ်"
ချင်းမင်က ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူရင်း ပြောဆိုလိုက်သည်။
ယန်ရှုက ချင်းမင်ပေးသော ကျောက်စိမ်းပုလင်းကို ယူလိုက်ပြီး ဆေးလုံးများကို စတင်၍ ဝေငှပေးလိုက်သည်။
သူတို့အားလုံး ဆေးလုံးများကို သောက်သုံးပြီးနောက် ချင်းမင်က ပြောဆိုသည်။
"ငါ ပြေးလို့ ပြောတာနဲ့ ငါ့ရဲ့နောက်ကနေ လိုက်ပြေးကြတော့... ဘာမှစိတ်မပူနဲ့... မင်းတို့ နစ်မြုပ်သွားမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့..."
လူငယ်များက တုံ့ပြန်အဖြေပေးလိုက်သည်။
ချင်းမင်သည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။
"ဆေးနတ်ဘုရား ခန္ဓာကိုယ်... အသက်ဝင်စမ်း..."
ရုတ်ချည်းဆိုသလိုပင် ချင်းမင်၏စွမ်းအားသည် သိုင်းဆရာကြီးနယ်ပယ် တတိယအဆင့်မှ သိုင်းဝိညာဉ်နယ်ပယ် ပထမအဆင့်သို့ ပြောင်းလဲသွားသည်။
"ပြေး..."
ချင်းမင်က အော်ဟစ်လိုက်ရာ သူ၏စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး တပည့်တစ်ယောက်ချင်းစီကို လွှမ်းခြုံသွားသည်။
သူတို့သည် တစ်စုံတစ်ခုက ပင့်မထားသကဲ့သို့ သူတို့၏ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ဆရာဖြစ်သူက ရွှံနွံတောပေါ်သို့ ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် သူတို့သည်လည်း တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းဆိုသလိုပင် သူ၏နောက်သို့ လိုက်ပါ၍ ပြေးလွှားကြတော့သည်။
မကြာမီ လူများအားလုံးသည် ရွှံနွံတော၏တစ်ဖက်ကမ်းသို့ ရောက်ရှိသွားကြသည်။
"မင်းတို့ သိုင်းစစ်သည်တော်အဆင့်ကို ရောက်သွားရင် ငါ့ရဲ့အကူအညီကို မလိုတော့ဘူး"
ချင်းမင်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်၍ရုတ်သိမ်းပြီး ရယ်မောလိုက်သည်။
ဤတပည့်များသည် ယခုလောလောဆယ်တွင် ကျင့်ကြံခြင်းအခြေခံ မရှိသေးသဖြင့် ရွှံနွံတောကိုဖြတ်သန်းရန် သူ၏အကူအညီ လိုအပ်နေခြင်းဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးနောက် သူ၏ဆေးလုံးများ အကူအညီဖြင့် ဤတပည့်များသည် မကြာမီ သူတို့ကိုယ်တိုင် အသွားအလာ ပြုလုပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
ဆေးနတ်ဘုရားတစ်ပါးက သူတို့ကို အစွမ်းကုန် ကူညီပံ့ပိုးပေးနေသည်မှာ မည်မျှထိ အံ့အားသင့်ဖွယ် ကောင်းသနည်း။ ချင်းမင်သည် သူတို့၏အနာဂတ်ကို စတင်၍ မျှော်လင့်နေမိသည်။
ချင်းမင်၏ဦးဆောင်မှုဖြင့် သူတို့သည် ချိုင့်ဝှမ်းတစ်ခုသို့ လျှင်မြန်စွာ ရောက်ရှိလာကြသည်။
"ဝါး..."
မိန်းကလေးများထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။ လူသူကင်းမဲ့သော တောအုပ်အတွင်း၌ လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များရှိသည့် ဤမျှ လှပသော ချိုင့်ဝှမ်းတစ်ခု ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။ ဤနေရာမှ ရှုခင်းသည် အမှန်တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းအောင် လှပပေ၏။
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"မင်းတို့ ဒီနေ့ကစပြီး ဒီနေရာမှာ နေရမယ်"
လူငယ်များအားလုံး ဝမ်းသာသွားကြသည်။ ဤနေရာသည် သာယာသော ပတ်ဝန်းကျင်နှင့် မြေသြဇာ ကောင်းမွန်သော မြေများ ရှိပြီး နေထိုင်ရန် အလွန်အမင်း သင့်တော်သည်။
ချင်းမင်သည် ချိုင့်ဝှမ်းအတွင်းရှိ ရေအရင်းအမြစ်အနီးမှ မြင့်မားသော မြေနေရာ တစ်ခုကို ရှာဖွေလိုက်ပြီး သစ်သားအိမ်များကို စတင်၍ ဆောက်လုပ်ခဲ့သည်။
ချိုင့်ဝှမ်းအတွင်း၌ သစ်ပင်များစွာ ရှိနေသဖြင့် သူတို့သည် ဒေသထွက်ပစ္စည်းများကို အသုံးပြုပြီး အားတက်သရော စတင်၍ ဆောက်လုပ်ကြသည်။
ဤတပည့်များသည် ငယ်စဉ်ကတည်းက ဆင်းရဲနွမ်းပါးသော ရွာသူရွာသားများ ဖြစ်ကြသဖြင့် အိမ်မှုကိစ္စများကို မည်သို့ ကိုင်တွယ်ရမည်အား သိရှိထားကြသည်။ ချင်းမင်၏ပူးပေါင်းလုပ်ဆောင်မှုကြောင့် အိမ်များကို တစ်လုံးပြီးတစ်လုံး လျှင်မြန်စွာ တည်ဆောက်ပြီးစီးခဲ့သည်။
ညနေခင်းတွင် ချင်းမင်သည် အသစ်ဆောက်လုပ်ထားသော လေ့ကျင့်ရေးကွင်းပြင်၌ သူတို့ကို စုဝေးစေပြီး ကျင့်ကြံနည်းစနစ်အား သင်ကြားပေးရန် စတင်လိုက်သည်။
"ရွှေခန္ဓာကိုယ် ငှက်မွှေးပြောင်းလဲခြင်း နည်းစနစ်က အမြန်နှုန်းကို အထူးပြုတဲ့ ကျင့်ကြံနည်းစနစ် တစ်ခုပဲ... ဒီနည်းစနစ်ကို သင်ယူပြီးရင် မင်းတို့ရဲ့ အမြန်နှုန်းက အဆင့်တူ သိုင်းပညာရှင်တွေထက် ပိုမြန်လာလိမ့်မယ်"
"ဒီကျင့်ကြံနည်းစနစ်ကို လေ့ကျင့်တဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကို ဂရုစိုက်ရမယ်... ကောင်းမွန်တဲ့ ရုပ်ခန္ဓာကိုယ် အနေအထားရှိမှဒီနည်းစနစ်ရဲ့စွမ်းအားကို အမြင့်ဆုံး ထုတ်သုံးနိုင်မှာ..."
မြင့်မားသော စင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေသော ချင်းမင်သည် အောက်မှ ကြောင်အမ်းအမ်း ဖြစ်နေသော တပည့်များကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
ဤတပည့်များအနက် ယန်ရှု တစ်ယောက်သာ အနည်းငယ် နားလည်ပုံရသည်။ တခြားသူများသည် ကျင့်ကြံနည်းစနစ်များနှင့် တစ်ကြိမ်တစ်ခါမျှ မထိတွေ့ဖူးသဖြင့် သူ မည်သည့်အရာအား ပြောနေသည်ကို လုံးဝနားမလည်ကြချေ။
"လူစုခွဲလိုက်ကြတော့...မင်းတို့ အရင်ဆုံး ထမင်းဟင်းသွားချက်ကြ... မနက်ဖြန်ကျမှ ငါ သင်ပေးမယ်"
ချင်းမင်သည် လည်ချောင်းခြောက်သကဲ့သို့ ခံစားလိုက်ရသဖြင့် လက်ကာပြရင်း ပြောဆိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လူငယ်များသည် ရှက်ရွံ့သော မျက်နှာများဖြင့် ညစာကို စတင်၍ ပြင်ဆင်ကြတော့သည်။ အစားအသောက် အိုးခွက်ပန်းကန်များနှင့် တခြားပစ္စည်းများ အားလုံးသည် စီးမာမိသားစုထံမှ သိမ်းဆည်းရမိသော ပစ္စည်းများပင်။ စီးမာမိသားစု စားသုံးသော အစားအစာများသည် ကောင်းမွန်သော အရာများဖြစ်ကြပြီး တပည့်များ၏ကြိုးစားမှုကြောင့် မကြာမီမှာပင် မွှေးပျံ့သောရနံ့များက လေထုထဲတွင် ပျံ့လွင့်လာခဲ့သည်။
Thank For Reading.