← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄) ရေခဲသလင်းချီနဂါး။ မူလချီစွမ်းအင်။ (၂)

စူးချန်ခုန်း တွေဝေမနေတော့ဘဲ သူ၏လက်ဝါးမှ စွမ်းအင်များကို ထုတ်လွှတ်ကာ မူလချီစွမ်းအင်ကို မိမိထံသို့ ဆွဲယူရန် စုပ်အားပြင်းသော ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်သည်။

ဝူး

မူလချီစွမ်းအင်သည် ဆွဲငင်ခြင်းခံရပြီး စူးချန်ခုန်းရှိရာသို့ ပျံသန်းလာရာ သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်သွားလေ၏။

သူသည် ဤနေရာသို့ မူလချီစွမ်းအင်အတွက် လာခြင်းဖြစ်ပြီး တစ်မျှင်မျှ ရရုံဖြင့်ပင် မူလနယ်ပယ်သို့ ရောက်ရှိရန် မျှော်လင့်ချက် ရှိလာမည်ဖြစ်သည်။ ဖုန်းရိယွဲ့နှင့် အခြားသူများ ရူးသွပ်မတတ် လိုချင်နေကြသော နတ်ဘုရားမျိုးစေ့ကိုမူ သူ၏ လက်ရှိခွန်အားဖြင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။ မူလချီစွမ်းအင်တစ်မျှင် ရရှိရုံဖြင့်ပင် သူ ကျေနပ်ပေသည်။

၎င်းကို တိုက်ရိုက်စုပ်ယူကျင့်ကြံသည်ဖြစ်စေ သို့မဟုတ် ၎င်း၏နက်ရှိုင်းသော လျှို့ဝှက်ချက်များကို လေ့လာသည်ဖြစ်စေ လမ်းကြောင်းနှစ်ခုလုံးမှာ သူ့ကို မူလနယ်ပယ်သို့ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

သို့သော်လည်း မူလချီစွမ်းအင်သည် လမ်းတစ်ဝက်သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားပြီး ကြီးမားသော လက်တစ်ဖက် ပေါ်လာကာ ၎င်းကို ဆုပ်ကိုင်ဖမ်းဆီးလိုက်သည်။

ဂျောက် ဂျောက် ဂျောက်

စူးချန်ခုန်းသည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ မြေပြင်ပေါ်ရှိ ကြေမွနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် မမြင်ရသော စွမ်းအားတစ်ခုဖြင့် ပြန်လည်ပေါင်းစည်းနေပြီး မူလချီစွမ်းအင်ကို ဖမ်းဆီးလိုက်သော လက်မှာလည်း ထိုအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။

ထိုအပိုင်းအစများသည် အသားလုံးကြီးတစ်ခုကဲ့သို့ လုံးပတ်ဖိုင့်ဖိုင့် ခန္ဓာကိုယ်တစ်ခုအဖြစ် ပေါင်းစည်းသွားရာ ၎င်းက အခြားသူမဟုတ်ဘဲ ကျုံးယွဲ့ပင် ဖြစ်သည်။

ယခင်က ကျုံးယွဲ့သည် နတ်ဘုရားမျိုးစေ့ကို ပထမဆုံး ထိတွေ့ခဲ့သူဖြစ်သဖြင့် ချက်ချင်း အေးခဲသွားပြီး ချီနဂါး၏ ရိုက်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။ သာမန်လူတစ်ဦးအတွက် ထိုဒဏ်ရာမှာ သေလောက်သည်ဟု ဆိုရမည်ဖြစ်သည်။

သို့သော် ကျုံးယွဲ့သည် တစ်ကိုယ်လုံး တုန်ခါသွားပြီး ကွဲအက်နေသော မျက်နှာဖုံးအောက်မှ ပြည့်ဖောင်းသော မျက်နှာကြီး ပေါ်လာသည်။ သူက သတိကြီးစွာဖြင့် “နတ်ဘုရားမျိုးစေ့၏ စွမ်းအားက ထင်ထားတဲ့အတိုင်းပဲ။ တစ်ကြိမ်တည်းနဲ့တောင် ဒဏ်ရာရတာကို ပြန်ကုဖို့အတွက် ငါ့မှာရှိတဲ့ မိစ္ဆာစွမ်းအင်တွေ အများကြီး သုံးလိုက်ရတယ်” ဟု ဆိုလိုက်သည်။

ကျုံးယွဲ့မှာ သိုင်းပညာရှင်တစ်ဦးမဟုတ်ဘဲ နတ်ဆိုးအမြုတေနှင့် ပေါင်းစည်းထားသော မိစ္ဆာလူသားတစ်ဦး ဖြစ်သည်။

သာမန်အခြေအနေတွင် သူ၏ခန္ဓာကိုယ်မှာ ဓားဒဏ်ရာများ သို့မဟုတ် ကိုယ်လက်အင်္ဂါ ပြတ်တောက်မှုများမှ ခဏချင်း ပြန်လည်သက်သာနိုင်သော်လည်း နတ်ဘုရားမျိုးစေ့၏ တိုက်ခိုက်မှုမှာမူ အဆင့်ချင်း ကွာခြားလှသဖြင့် ပျက်စီးမှု ပိုမိုပြင်းထန်လှသည်။ ကျုံးယွဲ့၏ မသေမျိုးခန္ဓာကိုယ်ဖြင့်ပင် ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာယူခဲ့ရပြီး မိစ္ဆာစွမ်းအင် အမြောက်အမြား သုံးစွဲခဲ့ရသည်။

သို့သော် သူ၏လက်ထဲမှ သဘာဝစွမ်းအင်ကို ကြည့်ရင်း ကျုံးယွဲ့က တဟဲဟဲ ရယ်မောကာ “မူလချီစွမ်းအင်ပဲ။ ငါကိုယ်တိုင် မသုံးနိုင်ရင်တောင် တခြားလိုအပ်တဲ့ အရာတွေနဲ့ လဲလှယ်လို့ရတယ်။” ဟု ဆိုသည်။

စူးချန်ခုန်း၏ မျက်နှာမှာ တင်းမာသွားလေ၏။ ဒီမိစ္ဆာလူသား ကျုံးယွဲ့က မူလချီစွမ်းအင်ကို လုယူသွားတယ်ပေါ့။ သူ၏ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်းပင် တဖွားဖွား ပေါ်လာသည်။

“အလောတကြီး မလုပ်နဲ့။ ဒီချီနဂါးခန်းမထဲမှာ တခြားမူလချီစွမ်းအင်တွေလည်း ရှိနေနိုင်သေးတယ်” စူးချန်ခုန်းက မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်လိုက်သည်။ ကျုံးယွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ မိုက်မဲရာကျကြောင်း သူသိသည်။ ကျုံးယွဲ့၏ သန်မာမှုတင်မကဘဲ မသေမျိုးခန္ဓာကိုယ်ပါ ရှိနေသဖြင့် သူ့ကို သတ်ရန်မှာ မလွယ်ကူပေ။

ထို့ပြင် သူနှင့်အတူပါလာသော အဖော်နှစ်ဦးမှာ ရေခဲသလင်းချီနဂါးနှင့် တိုက်ခိုက်နေသော်လည်း အချိန်မရွေး ကူညီပေးနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ဤသည်မှာ ချီနဂါးခန်းမ ဖြစ်သလို မူလချီစွမ်းအင်တစ်မျှင် ကျန်ရှိနေသည်ဆိုလျှင် ဒုတိယတစ်မျှင်လည်း ရှိနေနိုင်ပေသည်။

စူးချန်ခုန်းက စိတ်ကို ထိန်းချုပ်နေစဉ်မှာပင် ကျုံးယွဲ့က သူ၏မျက်လုံးများကို လှန်ကြည့်ကာ စူးချန်ခုန်းကို လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။ “ကောင်လေး။ မင်း ဒီမူလချီစွမ်းအင်ကို လိုချင်ရင် လာလုကြည့်လေ။”

ကျုံးယွဲ့သည် အပျင်းပြေ ရန်စနေခြင်းမဟုတ်ဘဲ ရေခဲသလင်းချီနဂါးနှင့် မတိုက်ခိုက်ချင်သောကြောင့် ဖြစ်သည်။

စူးချန်ခုန်းကို တိုက်ခိုက်လာအောင် ဆွပေးနိုင်ပါက ထိုနဂါးကို ရင်ဆိုင်ရမည့်အစား စူးချန်ခုန်းနှင့်သာ တိုက်ခိုက်နေ၍ ရမည်ဖြစ်သည်။ ရေခဲသလင်းချီနဂါးတွင် နတ်ဘုရားမျိုးစေ့၏ စွမ်းအား ရှိနေသဖြင့် အင်အားချင်း အလွန်ကွာခြားလှသည်။ သူ၏မသေမျိုးခန္ဓာကိုယ် ရှိနေသော်လည်း ချီနဂါး၏ ရိုက်ချက်အချို့ကို ထပ်မံခံရပါက အသက်အန္တရာယ် ရှိနိုင်သည်။ လူသားသိုင်းပညာရှင်တစ်ဦးနှင့် တိုက်ခိုက်ရခြင်းက ပို၍ ပျော်စရာကောင်းပြီး သက်သောင့်သက်သာ ရှိပေလိမ့်မည်။

ထို့ကြောင့် ကျုံးယွဲ့သည် မူလချီစွမ်းအင်ကို လုယူရုံတင်မကဘဲ စူးချန်ခုန်းကိုပါ အားပါးတရ ရန်စလိုက်ခြင်း ဖြစ်သည်။

စူးချန်ခုန်း၏ မျက်ဝန်းများမှာ အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ဝေစီလာ၏။ သို့သော်လည်း ခန်းမအတွင်း၌ အခြားသော မူလချီစွမ်းအင်များ ရှိနေနိုင်သေးသည်ကို ထည့်သွင်းစဉ်းစားကာ ကျုံးယွဲ့နှင့် တိုက်ဖို့ ခေတ္တအောင့်ထားလိုက်သည်။

အခြားတစ်ဖက်တွင် ချီနဂါးနှင့် တိုက်ခိုက်နေသော ဟုန်ရှန့်သည် ဤဘက်မှ အခြေအနေကို သတိပြုမိသွားပြီး ဒေါသတကြီး ဟောက်လိုက်သည်။ “ကျုံးယွဲ့။ ပြဿနာရှာမနေဘဲ ဒီကို လာကူ။”

ထိုစကားကို ကြားသောအခါ ကျုံးယွဲ့၏ စိတ်ထဲ တင်းသွားသည်။ သူသည် ချီနဂါးနှင့် မရင်ဆိုင်ချင်သဖြင့် လူသားသိုင်းပညာရှင်ကို တမင်ရန်စခဲ့ခြင်း ဖြစ်သည်။

ကျုံးယွဲ့က ပြန်အော်လိုက်သည်။ “ငါအခုလေးတင် နတ်ဘုရားမျိုးစေ့ရဲ့ စွမ်းအားကြောင့် ဒဏ်ရာရထားတာ။ ငါ့ရဲ့ မိစ္ဆာစွမ်းအင်တွေလည်း အတော်လေး နည်းသွားပြီ။ ငါ့အားအင်တွေ ပြန်ဖြည့်ဖို့ အသားနည်းနည်း စားဖို့ လိုတယ်။”

တုံ့ဆိုင်းမနေတော့ဘဲ ကျုံးယွဲ့သည် သူ၏လက်ထဲမှ မူလချီစွမ်းအင်ကို ပါးစပ်ထဲသို့ ထည့်ကာ မျိုချလိုက်သည်။

ထို့နောက် သူ၏ဝဖိုင့်သော ခန္ဓာကိုယ်ကြီးမှာ စူးချန်ခုန်းဆီသို့ ပြေးဝင်သွားပြီး ဧရာမ လက်ဝါးကြီးဖြင့် စူးချန်ခုန်း၏ မျက်နှာကို လှမ်းရိုက်လိုက်သည်။

ကျုံးယွဲ့၏ တိုက်ခိုက်မှုမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။ သူ၏ရှေ့မှ လူသားသိုင်းပညာရှင်မှာ မူလနယ်ပယ်သို့ပင် မရောက်သေးကြောင်း သူသိထားသည်။ သူ၏ ရည်ရွယ်ချက်မှာ တိုက်ပွဲတစ်ခု ဖန်တီးကာ နတ်ဘုရားမျိုးစေ့၏ စွမ်းအားရှိသော ရေခဲသလင်းချီနဂါးကို ရင်ဆိုင်ရခြင်းမှ ရှောင်လွှဲရန်သာ ဖြစ်သည်။

တိုက်ပွဲထဲသို့ ပါဝင်ခြင်းမှာ အသက်အန္တရာယ် ရှိနိုင်သလို သူ အနိုင်ရခဲ့လျှင်ပင် နတ်ဘုရားမျိုးစေ့မှာ ဖုန်းရိယွဲ့၏ လက်ထဲသို့သာ ရောက်သွားမည် ဖြစ်သည်။ သူကိုယ်တိုင်မှာမူ အကျိုးအမြတ် များများစားစား ရမည်မဟုတ်သဖြင့် အစွမ်းကုန် တိုက်ခိုက်လိုစိတ် မရှိပေ။

“မင်း သေချင်နေတာပဲ”

စူးချန်ခုန်း၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ အထွတ်အထိပ်သို့ ရောက်သွားလေ၏။ ကျုံးယွဲ့က ပိုင်ရှင်မဲ့ မူလချီစွမ်းအင်ကို လုယူသွားတာကို သူသည်းခံနိုင်သော်လည်း ယခုအခါ မူလချီစွမ်းအင်ကို မျိုချပြီးနောက် သူ့ကိုပါ လာရောက်တိုက်ခိုက်နေပြီ ဖြစ်သည်။

သူသည် ကျုံးယွဲ့ကို သတ်ဖြတ်ပြီး သူမျိုချထားသော မူလချီစွမ်းအင်ကို ပြန်လည်ရယူကာ ဤအန္တရာယ်ရှိသော နေရာမှ အမြန်ဆုံး ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

ဧရာမ ဝေလငါးနည်းပညာ။ အဆုံးမဲ့ ဒေါသပင်လယ်။

စူးချန်ခုန်းသည် ရှေ့သို့ ချက်ချင်း တိုးလိုက်ပြီး သူ၏ သိပ်သည်းလှသော ဧရာမ ဝေလငါး ချီစွမ်းအင်များကို လက်သီးတွင် စုစည်းကာ ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

“ဟင်”

ကျုံးယွဲ့၏ မျက်ခွံများ လှုပ်ခတ်သွားသည်။ သူသည် စူးချန်ခုန်းကို သာမန်ချီသွေးနယ်ပယ် သိုင်းပညာရှင်တစ်ဦးဟု ထင်ကာ အထင်သေးခဲ့ခြင်း ဖြစ်သည်။ အားပြင်းလွန်းသော တိုက်ခိုက်မှုကြောင့် စူးချန်ခုန်း ချက်ချင်း သေသွားပြီး အချိန်ဆွဲ၍ပင် မရတော့မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် စူးချန်ခုန်း လှုပ်ရှားလိုက်သည်နှင့် ထွက်ပေါ်လာသော ချီစွမ်းအားမှာ မူလနယ်ပယ်ရှိ သိုင်းပညာရှင်များထက်ပင် မနိမ့်ကျဘဲ အဆင့်မြင့် သိုင်းပညာရှင်များကိုပင် ကျော်လွန်နေကြောင်း သိလိုက်ရသည်။

အခန်း (၄၅၅) ရေခဲသလင်းချီနဂါး။ မူလချီစွမ်းအင်။ (၃)

သို့သော် ထိုအချိန်တွင် ရှောင်တိမ်းရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ စူးချန်ခုန်း၏ လက်သီးချက်သည် ဟိန်းဟောက်နေသော ပင်လယ်နက် ဝဲဂယက်တစ်ခုကဲ့သို့ နောက်မှထွက်သော်လည်း အရင်ရောက်ရှိသွားကာ ဝဲကတော့သဏ္ဍာန် လေပွေလှိုင်းများနှင့်အတူ ကျုံးယွဲ့၏ ရင်ဘတ်တည့်တည့်သို့ ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

"ဘုန်း"

လေးလံသော အသံတစ်ခုနှင့်အတူ ကျုံးယွဲ့သည် အမြောက်ဆန်တစ်ခုကဲ့သို့ လာရာလမ်းအတိုင်း နောက်သို့ လွင့်ထွက်သွားသည်။ လက်သီးချက် ထိမှန်ခဲ့သော သူ၏ရင်ဘတ်အလယ်ရှိ အရိုးများမှာ ကြေမွသွားပြီး ရင်ဘတ်တစ်ခုလုံးမှာလည်း ဝဲကတော့ပုံစံ ချိုင့်ဝင်သွားခဲ့သည်။

သူသည် ရေခဲပြင်ပေါ်တွင် ရှည်လျားသော မျဉ်းကြောင်းကြီးတစ်ခု ထင်ကျန်အောင် လျှောတိုက်ပါသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားရာ အလွန်ပင် အခြေအနေဆိုးလှသည်။

"ကောင်းတယ်…အရမ်းကို ကောင်းတယ်"

ကျုံးယွဲ့သည် မြေပြင်ပေါ်မှ ခက်ခဲစွာ ပြန်ထလာပြီး ချိုင့်ဝင်သွားသော သူ၏ရင်ဘတ်မှာ တဖြည်းဖြည်း မူလပုံစံအတိုင်း ပြန်ဖြစ်လာသည်။ သူ၏မျက်လုံးများမှာ စူးချန်ခုန်းထံသို့ စိုက်ကြည့်နေပြီး ထိုမျက်ဝန်းများထဲတွင် အံ့သြမှုနှင့်အတူ သတ်ဖြတ်လိုစိတ်များ အပြည့်။

ကျုံးယွဲ့သည် စူးချန်ခုန်း၏ စောစောက တိုက်ခိုက်မှုမှာ မူလနယ်ပယ်ရှိ သိုင်းပညာရှင်တစ်ဦး၏ ဖျက်ဆီးအားမျိုး ရှိနေသော်လည်း ၎င်းကို ချီသွေးအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးက ထုတ်ဖော်လိုက်ခြင်းဖြစ်ကြောင်း အသေအချာ သိလိုက်သည်။

ဤလူသားမျိုးနွယ်မှ အမည်မသိ လူငယ်လေးသည် သူနှင့် အဆင့်တူများထဲတွင် ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ဦး ဖြစ်ရမည်ဟု ယူဆလိုက်သည်။

ကျုံးယွဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ရူးသွပ်စွာ ရယ်မောလိုက်ကာ " အခုတော့ ဒါက… စိတ်ဝင်စားဖို့ ကောင်းလာပြီ" ဟု ဆိုသည်။

ဂျောက် ဂျောက် ဂျောက်

သူ၏ အရူးအမူး ရယ်မောသံများကြားတွင် ကျုံးယွဲ့၏ ခန္ဓာကိုယ်မှာ ထူးဆန်းစွာ တွန့်လိမ်လာပြီး အရှိန်အဟုန်ဖြင့် ဖောင်းကြွလာသည်။ သူ၏ ပုဖိုင့်ဖိုင့် ခန္ဓာကိုယ်မှာ ဧရာမ အသားလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ မျက်နှာပြင်မှာလည်း ရွံရှာဖွယ်ကောင်းလောက်အောင် လှုပ်ရှားနေသည်။

" မိစ္ဆာလူသားလား..ဒီသုံးယောက်လုံးက မိစ္ဆာလူသားတွေလား"

အဝေးမှ ပိုင်ယွင်ဟယ်နှင့် အခြားသူများသည် ပြန်လည်အသက်ရှင်လာသော ကျုံးယွဲ့နှင့် သူ၏ ရွံရှာဖွယ်ကောင်းသော ပုံသဏ္ဍာန်ကို လှမ်းမြင်လိုက်ရရာ ၎င်းမှာ သာမန်သိုင်းပညာကျင့်ကြံမှုမှ ရရှိလာသော ရလဒ်မဟုတ်ဘဲ နတ်ဆိုးအမြုတေနှင့် ပေါင်းစည်းထားသော မိစ္ဆာလူသားတစ်ဦး ဖြစ်ကြောင်း သိလိုက်ကြသည်။

"ငါတို့ သွားကူပေးသင့်သလား " မီးခိုးရောင်ဝတ်စုံနှင့် လူက တိုးတိုးလေး မေးလိုက်သည်။

" နတ်ဘုရားမျိုးစေ့က အရေးကြီးဆုံးပဲ…တခြားဟာတွေကို ဂရုစိုက်မနေနဲ့"

သို့သော် ဓားတစ်လက်ကို ကိုင်ထားသော အေးစက်သည့် လူကမူ အဝေးမှ ဟုန်ရှန့်၊ ဖုန်းရိယွဲ့နှင့် ရေခဲသလင်းချီနဂါးတို့၏ ပြင်းထန်သော တိုက်ပွဲကိုသာ အာရုံစိုက်ကြည့်နေ၏။

ပိုင်ယွင်ဟယ်က ဘာမျှမပြောသော်လည်း ၎င်းကို သဘောတူပေသည်။ တကယ်တော့ သူတို့က စူးချန်ခုန်းမှာ မည်သူမှန်းပင် မသိကြပေ။ နတ်ဘုရားမျိုးစေ့ကသာ အရေးကြီးဆုံးဖြစ်သည်။

သူတို့သည် နတ်ဘုရားမျိုးစေ့ကို ရရန် အခွင့်အရေးကိုသာ စောင့်ကြည့်နေကြသည်။

" ကောင်လေး….ငါ မင်းကို အရှင်လတ်လတ် စားပစ်မယ်"

ဧရာမ အသားတောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသော ကျုံးယွဲ့က ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ၏ လုံးဝန်းသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်တွင် ခုန်ပေါက်နေပြီး လေးလံလှသော အလေးချိန်ဖြင့် မြေပြင်ကို ကြိတ်ခြေကာ စူးချန်ခုန်းဆီသို့ ပြင်းထန်စွာ ပြေးဝင်လာ၏။

" အဆုံးမဲ့ ဒေါသပင်လယ်၊ ဒေါသတကြီး လှိုင်းလုံးများ ကမ်းကို ရိုက်ခတ်ခြင်း"

စူးချန်ခုန်းသည် ပေါ့ဆ၍ မဖြစ်ကြောင်း သိသည်။ အဘယ်ကြောင့်ဆိုသော် ကျုံးယွဲ့မှာ ယခင်က ရှန်းဝေကျောက်ထက် များစွာ ပိုမိုသန်မာသောကြောင့် ဖြစ်သည်။ စူးချန်ခုန်းသည် လက်နှစ်ဖက်လုံးကို တစ်ပြိုင်နက် လှုပ်ရှားလိုက်သည်။ သူ၏ ညာလက်ကို လက်သီးဆုပ်ကာ အဆုံးမဲ့ ဒေါသပင်လယ်ကို ပစ်လွှတ်လိုက်ရာ ဟိန်းဟောက်နေသော လက်သီးစွမ်းအားများသည် ဝဲဂယက်များအဖြစ် ပြောင်းလဲသွားပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်သည်။ သူ၏ ဘယ်လက်ကိုမူ လက်ဝါးအဖြစ် ပြောင်းလဲကာ ဧရာမ ဝေလငါး ချီစွမ်းအားများဖြင့် ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရိုက်ချလိုက်သည်။

“ဘုန်း ဘုန်း”

သို့သော်လည်း စူးချန်ခုန်း၏ ပြင်းထန်သော လက်သီးနှင့် လက်ဝါးချက်များမှာ ကျုံးယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါ လွင့်ထွက်သွားခြင်း သို့မဟုတ် ကြေမွသွားခြင်းမျိုး မရှိပေ။ သူ၏ လက်သီးနှင့် လက်ဖဝါးများသည် ဂွမ်းပုံကြီးတစ်ခုထဲသို့ နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ လက်မောင်းတစ်ဝက်ခန့်မှာ အသားများထဲသို့ နစ်ဝင်သွားပြီး အားအင်များမှာလည်း ပျော့အိနေသော အဆီများကြောင့် လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။

တစ်ခုခု မှားနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် စူးချန်ခုန်းသည် လက်ကို ပြန်လည်ရုပ်သိမ်းရန် ကြိုးစားသော်လည်း ထိုအဆီများမှာ ချက်ချင်းပင် တင်းကျပ်သွားပြီး သူ၏လက်မောင်းများကို မြဲမြံစွာ ဖမ်းဆီးထားလိုက်သည်။ ပြင်းထန်သော ဖိအားများကြောင့် သူ၏လက်မောင်းများမှာ နာကျင်လာပြီး ပြန်လည်ဆွဲထုတ်၍ မရတော့ပေ။

"ဟားဟားဟား.. သေစမ်း.. ပိုးကောင်လေး …ငါ မင်းရဲ့ခေါင်းကို လိမ်ချိုးပစ်မယ်"

အသားပုံကြီးထဲတွင် နစ်ဝင်နေသော ကျုံးယွဲ့သည် မလိုတမာ ပြုံးလိုက်သည်။ သူ၏ရှေ့မှ လူသားသိုင်းပညာရှင်လေးမှာ အတော်လေး အထင်ကြီးစရာကောင်းသည်။ ချီသွေးနယ်ပယ်မှာတင် မူလနယ်ပယ်နှင့် ညီမျှသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ခြင်းမှာ ချီးကျူးစရာဖြစ်သော်လည်း သူ့အတွက်တော့ အသေးမွှားပင်။ သူသည် ဤကဲ့သို့ ပါရမီရှိသော သိုင်းပညာရှင်များကို သတ်ဖြတ်ပြီး မျှော်လင့်ချက်မဲ့အောင်လုပ်ရတာ အနှစ်သက်ဆုံး ဖြစ်သည်။

ကျုံးယွဲ့၏ ကြီးမားသော လက်နှစ်ဖက်မှာ စူးချန်ခုန်း၏ ခေါင်းကို ဆုပ်ကိုင်ရန် လှမ်းလာသည်။ စူးချန်ခုန်း၏ လက်မောင်းများမှာ အဖမ်းခံထားရသဖြင့် ရှောင်တိမ်းရန် နေရာမရှိတော့ပေ။

"ဝူချင်းရှီ၊ စိတ်ဆန္ဒကို ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲခြင်း"

သို့သော် စူးချန်ခုန်းက ထိတ်လန့်သွားခြင်း မရှိပေ။ သူ၏ စိတ်အာရုံကို စုစည်းလိုက်ပြီး သဘာဝဝိညာဉ်စွမ်းအင်များကို ဆွဲယူလိုက်သည်။

ဝူး

မျက်တောင်တစ်ခတ်အတွင်းမှာပင် စူးချန်ခုန်း၏ နောက်ကွယ်ရှိ လေဟာပြင်မှာ တွန့်လိမ်သွားပြီး ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်များ ပေါင်းစည်းကာ ဧရာမ ရွှေရောင်မျောက်ဝံကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုမျောက်ဝံကြီးမှာ ဆယ်ပေကျော် မြင့်မားပြီး သူ၏ ရွှေရောင်အမွှေးအမျှင်များမှာ အသက်ဝင်လှသည်။ ၎င်းသည် လက်မောင်းများကို ဆန့်ထုတ်လိုက်ပြီး စူးချန်ခုန်း၏ ခေါင်းကို လှမ်းကိုင်နေသော ကျုံးယွဲ့၏ လက်ကောက်ဝတ်များကို ဖမ်းဆီးလိုက်ရာ ပြင်းထန်သော အားကြောင့် ကျုံးယွဲ့၏ လက်ကောက်ဝတ်မှာ နာကျင်သွားလေ၏။

" ဟင်"

ကျုံးယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားပြီး စူးချန်ခုန်းတွင် ဤကဲ့သို့သော လှည့်ကွက်များ ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

" ဧရာမဝေလငါး နည်းပညာ၊ ဧရာမဝေလငါး ရေစုပ်ယူခြင်း"

စူးချန်ခုန်းသည် လေကို ပြင်းထန်စွာ ရှူသွင်းလိုက်ရာ လေအမြောက်အမြားမှာ သူ၏ ဝမ်းဗိုက်ထဲသို့ ရောက်သွားပြီး အတွင်းရှိ လည်ပတ်နေသော ချီစွမ်းအားများနှင့် ပေါင်းစည်းသွားသည်။ ပြင်းထန်သော အားအင်များ ထွက်ပေါ်လာပြီး သူ၏ အရိုးနှင့် ကြွက်သားများမှာ တုန်ခါသွားကာ ခန္ဓာကိုယ်မှာလည်း သိသိသာသာ ကြီးမားလာသည်။ သူ၏ သွေးနှင့် စွမ်းအင်များမှာ တောက်လောင်နေသော လှိုင်းလုံးများကဲ့သို့ အပူရှိန်များကို ထုတ်လွှတ်နေ၏။

ဝေလငါးကြီး ရေကို စုပ်ယူခြင်း အခြေအနေတွင် စူးချန်ခုန်း၏ ခန္ဓာကိုယ်မှာ အကန့်အသတ်ကို ကျော်လွန်ကာ အားအင်နှင့် အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူသည် သူ၏လက်မောင်းများကို ပြင်းထန်စွာ ဆွဲထုတ်လိုက်ရာ တင်းကျပ်နေသော အသားပုံကြီးထဲမှ လွတ်မြောက်သွားခဲ့သည်။

"ဒီမိစ္ဆာလူသားကို လက်သီးတွေ ခြေထောက်တွေလိုမျိုး လက်နက်မဟုတ်တဲ့ အရာတွေနဲ့ တိုက်ခိုက်လို့ မရဘူး " စူးချန်ခုန်းက တွေးတောလိုက်သည်။

ကျုံးယွဲ့၏ မိစ္ဆာအတတ်မှာ သူ၏ခန္ဓာကိုယ်ကို အသားတောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားသဖြင့် လက်သီးနှင့် ထိုးနှက်ချက်များမှာ အချည်းနှီးသာ ဖြစ်သည်။ သူ့ကို ပိုင်းဖြတ်နိုင်မည့် ထက်မြက်သော လက်နက်တစ်ခု လိုအပ်သည်။

" သံဖြတ်ဓားပညာ၊ အလျားလိုက် ပိုင်းဖြတ်ခြင်း"

စူးချန်ခုန်း၏ လက်ဝါးမှာ သူ၏ ခါးရှိ ဓားအိမ်ပေါ်သို့ ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဓားစွမ်းအားများကို စုစည်းကာ လက်မောင်းမှတစ်ဆင့် ဓားဆီသို့ ပို့လွှတ်လိုက်သည်။ သံဖြတ်ဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်ရာ ဓားသွားမှာ အေးစက်သော မျဉ်းကြောင်းလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် အလျားလိုက် ပိုင်းဖြတ်လိုက်သည်။

" ရွှီး "

ကျုံးယွဲ့၏ မာကျောလှသော ဝမ်းဗိုက်မှာ ပွင့်ထွက်သွားပြီး တစ်လံကျော် ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနေရာမှ မိစ္ဆာသွေးများသည် ဆူပွက်နေသော ရေနွေးများကဲ့သို့ ပန်းထွက်လာ၏။

" အထက်သို့ ပင့်ပိုင်းခြင်း"

မျောက်ဝံကြီးသည် ကျုံးယွဲ့၏ လက်မောင်းများကို ဖမ်းဆီးထားစဉ်မှာပင် စူးချန်ခုန်းက ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အထက်သို့ ပင့်ပိုင်းလိုက်သည်။ ဓားစွမ်းအားသည် တားဆီး၍မရသော အဟုန်ဖြင့် ကျုံးယွဲ့၏ ဝမ်းဗိုက်တွင် ဒေါင်လိုက် အက်ကြောင်းတစ်ခု ထပ်မံဖြစ်ပေါ်စေကာ ကြက်ခြေခတ်ပုံစံ ဒဏ်ရာကြီး ဖြစ်သွားခဲ့သည်။

"သေစမ်း"

ကျုံးယွဲ့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ ရဲရဲနီနေလျက်။ သူသည် အသက်ခြွေအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မိစ္ဆာစစ်သည်တော်များထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။ သို့သော်လည်း မူလနယ်ပယ်သို့ပင် မရောက်သေးသည့် သိုင်းပညာရှင်တစ်ဦး၏ အကြိမ်ကြိမ် အနိုင်ယူခြင်းကို ခံနေရသဖြင့် သူ၏ ဒေါသမှာ ငယ်ထိပ်တက်နေလေပြီ။

" ဘုန်း "

သိပ်သည်းလှသော မိစ္ဆာအငွေ့အသက်များသည် တိမ်တိုက်မည်းများကဲ့သို့ ထွက်ပေါ်လာသည်။ ကျုံးယွဲ့၏ လုံးဝန်းသော ခန္ဓာကိုယ်ကြီးနှင့် ပျော့အိနေသော အသားများသည် ယခုအခါ တင်းကျပ်ကာ မာကျောသွားသည်။ ခဏချင်းအတွင်းမှာပင် ဂွမ်းကဲ့သို့ ပျော့အိနေသော အဆီများသည် မာကျောသော ကြွက်သားများအဖြစ် ပြောင်းလဲသွားပြီး လက်မတိုင်းက သတ္တုကဲ့သို့ တောက်ပနေလျက်။

အခန်း (၄၅၆) နေနှင့်လ မိစ္ဆာခန္ဓာကိုယ်၊ ဆင်ပြောင်ကြီး ဟုန်ရှန့်။ (၁)

“ရွတ်”

စူးချန်ခုန်း၏ တတိယမြောက် တိုက်ခိုက်မှုမှာ အောက်သို့ အရှိန်ဖြင့် ကျဆင်းသွားသော်လည်း မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ထွာခန့်သာနက်သော ဒဏ်ရာကိုသာ ပေးနိုင်ခဲ့သည်။ ထိုမိစ္ဆာနတ်ဆိုး၏ မသေမျိုးခန္ဓာကိုယ် စွမ်းရည်အောက်တွင် ထိုကဲ့သို့သော ဒဏ်ရာမျိုးမှာ အလွန်လျင်မြန်စွာ ပြန်လည်ပျောက်ကင်းသွားပေလိမ့်မည်။

“အား”

ကျုံးယွဲ့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ပျော့အိနေသော အသားဆိုင်များကို ကြွက်သားများအဖြစ် ပြောင်းလဲကာ ခွန်အားများ တိုးမြင့်လာစေသည်။ သူ၏ လက်မောင်းကြွက်သားများကို ရုန်းကြွလိုက်ရာ ပုံရိပ်ယောင်မျောက်ဝံကြီး၏ ဖမ်းဆုပ်မှုအတွင်းမှ ရုန်းထွက်နိုင်ခဲ့သည်။ သူ၏ ကြီးမားသော လက်ဝါးကြီးမှာ စူးချန်ခုန်းထံသို့ ရက်စက်စွာ ကျဆင်းလာတော့သည်။

မြွေများကဲ့သို့ ဖောင်းကြွနေသော သွေးကြောများနှင့် တောင့်တင်းသော ကြွက်သားများရှိသည့် ထိုလက်ဝါးကြီးမှာ လှည်းဘီးထက်ပင် ပိုမိုကြီးမားပြီး ပြင်းထန်သော လေဖိအားများကို ဖြစ်ပေါ်စေလျက် ရိုက်ချလိုက်ခြင်းဖြစ်သည်။

ဝူချင်းရှီ၊ ပျံဝဲကြိုးကြာ။

စူးချန်ခုန်းသည် သူ၏ လှုပ်ရှားမှုပညာရပ်ကို ထုတ်ဖော်လိုက်ရာ ပျံသန်းနေသော ကြိုးကြာငှက်တစ်ကောင်ကဲ့သို့ ကျုံးယွဲ့၏ တိုက်ခိုက်မှုကို လုံးဝလွဲချော်သွားစေသည်။

“ဝုန်း”

ကြီးမားသော လက်ဝါးကြီးသည် မြေပြင်ကို ဒေါသတကြီး ရိုက်ချလိုက်ရာ မီတာများစွာအတွင်းရှိ ရေခဲဖုံးလွှမ်းနေသော မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ အုတ်ခဲများနှင့် ရေခဲစများမှာ လေထဲသို့ လွင့်စင်သွားကြသည်။

“ရွှမ်း”

စူးချန်ခုန်းသည် ကျုံးယွဲ့၏ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းကာ သူ၏ ဓားဖြင့် ခါးတစ်ဝိုက်တွင် ကြီးမားသော ဒဏ်ရာတစ်ခုကို ပေးလိုက်နိုင်သည်။

ကျုံးယွဲ့သည် ထပ်တလဲလဲ ဟိန်းဟောက်ရင်း စူးချန်ခုန်းကို ဖမ်းဆီးရန် ကြိုးစားသော်လည်း ပုံရိပ်ယောင် မျောက်ဝံကြီးက ရှေ့သို့ တိုးဝင်တိုက်ခိုက်လာသဖြင့် နောက်သို့ ယိုင်သွားရပြန်သည်။

“ဒီလူက ဘယ်သူလဲ။ တကယ်ပဲ မူလနယ်ပယ် သိုင်းပညာရှင် မဟုတ်တာ သေချာရဲ့လား။”

အရှေ့တိမ်တိုက်ဂိုဏ်းမှ မူလနယ်ပယ် သိုင်းပညာရှင် လေးဦးသည် အဝေးမှ ဖုန်းရိယွဲ့နှင့် ဟုန်ရှန့်တို့ ရေခဲနဂါးနှင့် တိုက်ခိုက်နေမှုကို အာရုံစိုက်နေသော်လည်း စူးချန်ခုန်းနှင့် ကျုံးယွဲ့တို့၏ ပြင်းထန်သော တိုက်ပွဲကိုလည်း မကြည့်ဘဲ မနေနိုင်ကြပေ။

ဤအခြေအနေက သူတို့ကို အလွန်အမင်း တုန်လှုပ်စေခဲ့သည်။ ကျုံးယွဲ့ကိုယ်တိုင်က မိစ္ဆာနတ်ဆိုး၏ အမြုတေကို စုပ်ယူထားသော မူလနယ်ပယ် သိုင်းပညာရှင် တစ်ဦးဖြစ်သည်။ သူ၏ ခွန်အားမှာ မူလနယ်ပယ် အဆင့်အတွင်း၌ပင် သိသာထင်ရှားလှသည်။

သို့သော် ချီသွေးနယ်ပယ်၌သာ ရှိသေးသော စူးချန်ခုန်းသည် ကျုံးယွဲ့ကို မည်သို့ ရင်ဆိုင်နိုင်နေသနည်း။

“ဝိညာဉ်စွမ်းအင်... ဒီလူက တကယ်ပဲ ဝိညာဉ်စွမ်းအင်တွေကို ထိန်းချုပ်နိုင်တာလား။”

အရှေ့တိမ်တိုက်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ပိုင်ယွင်ဟယ်သည်လည်း ဝိညာဉ်စွမ်းအင်များ စုစည်းပြီး မျောက်ဝံကြီးအဖြစ် ပေါ်ထွက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။

ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ တိုက်ခိုက်ခြင်းမှာ ပိုင်ယွင်ဟယ်ကဲ့သို့ ကောင်းကင်သွေးကြော ငါးခုဖွင့်ထားပြီး လူသားပန်းနှင့် မြေကမ္ဘာပန်းတို့ကို စုစည်းထားသူမှသာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

သို့သော် မူလနယ်ပယ်သို့ပင် မရောက်သေးသော ဤလူငယ်လေးက ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်ခြင်းမှာ အရှေ့တိမ်တိုက်ဂိုဏ်းအတွင်း၌ တစ်ခါမျှ မကြားဖူးသော ထူးခြားဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။

“ငါ သူ့ကို အမြန်သတ်မှဖြစ်မယ်။”

မျောက်ဝံကြီးက ကျူံးယွဲ့ကို အာရုံလွှဲထားစဉ် စူးချန်ခုန်းက ဘေးမှနေ၍ အဆက်မပြတ် တိုက်ခိုက်နေသည်။ သို့သော် ကျူံးယွဲ့၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြောင့် စူးချန်ခုန်းအနေဖြင့် အသက်အန္တရာယ်ရှိသော ဒဏ်ရာပေးရန် ခက်ခဲနေသည်။

စူးချန်ခုန်းသည် တိုက်ပွဲကြာရှည်လေ အခြေအနေဆိုးရွားလေဖြစ်မည်ကို နားလည်ထားသည်။ သူသည် ကျူံးယွဲ့ကို သတ်ဖြတ်ပြီး မူလချီစွမ်းအင်ကို အရယူရန် လိုအပ်သည်။

“ဝှစ်”

စူးချန်ခုန်းသည် သူ၏ ကျောတွင် လွယ်ထားသော ကြယ်ပုံစံရွှေလေးကို လွှဲယမ်းကာ ပစ်လွှတ်လိုက်သည်။ မျောက်ဝံကြီးက ထိုလေးကို ဖမ်းယူလိုက်ပြီး စူးချန်ခုန်းသည် သူ၏ ချီစွမ်းအင်များကို မြားများအတွင်းသို့ ထည့်သွင်းလိုက်သည်။

မျောက်ဝံကြီးက လေးကို ဆွဲထားစဉ် စူးချန်ခုန်းက ရှေ့သို့ ခုန်ဝင်ကာ ကျူံးယွဲ့၏ လက်ဝါးကို ဓားဖြင့် အင်တိုက်အားတိုက် ခုတ်ချလိုက်သဖြင့် လက်ဝါးကြီးမှာ ကွဲအက်သွားပြီး တိုက်စစ်တန့်သွားသည်။

“ဝှစ် ဝှစ် ဝှစ်”

မျောက်ဝံကြီးက လေးကို အားကုန်ဆွဲလိုက်ရာ လေးကြိုးမှာ လပြည့်ဝန်းကဲ့သို့ ဝိုင်းစက်သွားလေ၏။ မြားသုံးစင်းမှာ မျောက်ဝံကြီး၏ လက်မှ တစ်စင်းပြီးတစ်စင်း အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။

“ဟင်”

ကျူံးယွဲ့ အံ့အားသင့်သွားရသည်။ အကြောင်းမှာ ထိုမြားသုံးစင်းသည် သူ့ကို တိုက်ရိုက်ပစ်မှတ်ထားခြင်း မဟုတ်ဘဲ သူ၏ ဘယ်ဘက် အဝေးတစ်နေရာသို့သာ ဦးတည်သွားသောကြောင့် ဖြစ်သည်။

ထူးဆန်းသည်မှာ ထိုမြားများသည် ပျံသန်းနေစဉ်အတွင်း ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ခြင်းပင် ဖြစ်သည်။ ဤအချက်ကြောင့် မြားများ၏ အရှိန်မှာ အဆပေါင်းများစွာ မြင့်တက်လာပြီး အလင်းတန်း သုံးခုအဖြစ် ပြောင်းလဲသွားကာ လေထုနှင့် ပွတ်တိုက်မှုကြောင့် မီးပွားများ ထွက်ပေါ်လာသည်။ မီတာ ရာနှင့်ချီ ပျံသန်းသွားပြီးနောက် ၎င်းတို့သည် လမ်းကြောင်းကွေ့ကာ ကျုံးယွဲ့၏ နောက်ကျောဘက်မှနေ၍ ပြန်လည်ဝင်ရောက် တိုက်ခိုက်တော့သည်။

စူးချန်ခုန်း၏ လေမိုးကြိုးမြားအတတ်မှာ ကမ္ဘာ့ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မြားများအတွင်းသို့ အနှစ်သာရများ ထည့်သွင်းနိုင်သည်။ ထိုမြားများသည် ပျံသန်းနေစဉ် ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူသဖြင့် ဝေးဝေးရောက်လေ အစွမ်းထက်လေဖြစ်သည်။ ထို့ကြောင့် စူးချန်ခုန်းသည် မျောက်ဝံကြီးကို အဝေးသို့ ဦးတည်ပစ်ခတ်စေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဝိညာဉ်လိုက်မြားအတတ်မှ သင်ယူထားသော ရန်သူ၏ အငွေ့အသက်ကို ခြေရာခံသည့် နည်းစနစ်ကို အသုံးပြုကာ မြားများကို လမ်းကြောင်းပြောင်းစေပြီး ပစ်မှတ်ကို တိကျစွာ ထိမှန်စေခဲ့သည်။

“မကောင်းတော့ဘူး။”

ကျူံးယွဲ့သည် နောက်ဘက်မှ လေကိုခွဲထွက်လာသော အသံကို ကြားလိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သို့သော် ဝိညာဉ်စွမ်းအင်များကို စုပ်ယူထားသော ထိုမြားများသည် သက်တန့်ရောင် အလင်းတန်းများကဲ့သို့ မြန်ဆန်လွန်းလှသဖြင့် သူ သတိထားမိသည့်တိုင် ရှောင်တိမ်းရန် အချိန်မရတော့ပေ။

“ဝုန်း ဝုန်း ဝုန်း”

မြားသုံးစင်းသည် ကျုံးယွဲ့၏ နောက်ကျော၊ ကျောရိုးနှင့် ဦးခေါင်းတို့ကို တစ်ပြိုင်နက်တည်း ပြင်းထန်စွာ ထိမှန်သွားသည်။ မိုင်ဝက်ခန့် ခရီးနှင်လာသော ထိုမြားများသည် ဝိညာဉ်စွမ်းအင်များစွာကို သယ်ဆောင်လာပြီး ထိမှန်သည့် ခဏ၌ပင် လေဆင်နှာမောင်းများ၊ မိုးကြိုးများနှင့်အတူ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်စေခဲ့သည်။

ကျူံးယွဲ့၏ ဦးခေါင်းမှာ ပွင့်ထွက်သွားပြီး ကျောရိုးမှာလည်း ပျက်ဆီးသွားကာ သူ၏ နောက်ကျောတွင် မီတာအနည်းငယ်ကျယ်သော အပေါက်ကြီး ပေါ်လာသည်။

“ဒါက... ဝိညာဉ်စွမ်းအင်နဲ့ တိုက်ခိုက်တာပဲ။” ကျူံးယွဲ့သည် စိတ်ထဲ၌ ထိတ်လန့်သွားရသည်။ မိစ္ဆာနတ်ဆိုး၏ မသေမျိုးခန္ဓာကိုယ်မှာ တကယ်တမ်း၌ မသေနိုင်တာ မဟုတ်ပေ။ ခန္ဓာကိုယ် ပျက်စီးမှု များလေလေ ပြန်လည်ကုသရန် ခက်ခဲလေလေဖြစ်သည်။

စူးချန်ခုန်း၏ လေမိုးကြိုး မြှားအတတ်မှာ ဝိညာဉ်စွမ်းအင်ကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်ရာ ကျုံးယွဲ့ကို ဓားဖြင့် အကြိမ်ပေါင်းများစွာ ခုတ်သည်ထက် ပိုမိုပြင်းထန်သော ထိခိုက်မှုကို ပေးနိုင်ခဲ့သည်။

All Chapters