အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အခန်း (၄၆၀) မိစ္ဆာဆင်ရိုင်းစစ်ခန္ဓာ။ အတုအယောင် မူလနယ်ပယ်။ (၂)
ဖုန်းရိယွဲ့သည် အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသူဖြစ်ရာ အသက်ခြွေအဖွဲ့အစည်းအရုံးအတွင်း မြင့်မားသော အဆင့်အတန်းရှိသူ တစ်ဦးဖြစ်သည်။ သို့ပါလျက် လက်အောက်ငယ်သား တစ်ဦး၏ မြေပြင်ပေါ်သို့ ဖိချခြင်းကို ခံလိုက်ရသည်မှာ သူ့အတွက် အကြီးမားဆုံးသော အရှက်ရမှုပင် ဖြစ်သည်။
“ဘုန်း”
ရုတ်တရက်ဆိုသလို ဒေါသအလိပ်လိပ်တက်လာပြီး နေမိစ္ဆာခန္ဓာ၏ မိစ္ဆာစွမ်းအားများမှာ ပြင်းထန်စွာ ဆူပွက်လာကာ ရဲရဲတောက် မိစ္ဆာအရှိန်အဝါ မီးလျှံများသည် ပေါက်ကွဲထွက်လာသည့် မီးတောင်တစ်ခုကဲ့သို့ သူ့ပတ်ဝန်းကျင်တွင် ဟုန်းဟုန်းတောက်လောင်စေသည်။
နေမိစ္ဆာခန္ဓာကို အစောပိုင်းက ဖိနှိပ်ထားသော ဟုန်ကျန်းရှန့်သည် ထိုပေါက်ကွဲထွက်လာသည့် မီးလျှံများ၏ ဒဏ်ကြောင့် လွင့်စင်သွားရပြီး ခြေလှမ်းအနည်းငယ် ခိုင်အောင်နင်းလိုက်ရမှသာ တည်ငြိမ်သွားခဲ့သည်။ သူ၏ လက်မောင်းနှစ်ဖက်မှာမူ ထိုတောက်လောင်နေသော မီးလျှံများအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။
ပြာဖြစ်သွားသော ဟုန်ကျန်းရှန့်၏ လက်မောင်းများသည် မျက်မြင်ကိုယ်တွေ့ ပြန်လည် ဖြစ်ပေါ်လာနေသော်လည်း သူ၏ စိတ်ထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေ၏။ “ဖုန်းရိယွဲ့က အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ထားတာပဲ... သူ့ရဲ့ စွမ်းအားက ငါ့ထက် အများကြီး သာလွန်နေတယ်။ ပြီးတော့ သူ့မီးလျှံတွေကြောင့် ဖြစ်လာတဲ့ ဒဏ်ရာက ပြန်ကုသဖို့ တကယ်ကို ခက်ခဲလွန်းတယ်။”
ဟုန်ကျန်းရှန့်သည် အဆင့်နိမ့် နတ်ဆိုးအမြုတေနှင့်သာ ပေါင်းစပ်ထားသူ ဖြစ်သည်။ ဖုန်းရိယွဲ့၏ မိစ္ဆာစွမ်းအားမှာ ပိုမို အားကောင်းပြီး သန့်စင်နေ၏။ သူနှင့်ပင်ဖြစ်စေ အခြား အဆင့်နိမ့် မိစ္ဆာစစ်သည်တော်များနှင့်ဖြစ်စေ နှိုင်းယှဉ်ပါက စွမ်းအားချင်း အလွန်ကွာခြားနေသကဲ့သို့ ခံစားနေရပြီး သူ၏ မသေမျိုးခန္ဓာမှာပင် ထိခိုက်လွယ်နေပုံရသည်။
...
ဟုန်ကျန်းရှန့်သည် ဖုန်းရိယွဲ့ကို အသက်တစ်ရှူ၊ နှစ်ရှူစာမျှသာ ဖိနှိပ်ထားနိုင်ခဲ့ပြီးနောက် လွင့်စင်သွားကာ လက်မောင်းများပါ ပြာကျသွားခဲ့ရသည်။
နေမိစ္ဆာခန္ဓာသည် မြေပြင်မှ ထရပ်လိုက်ရာ သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းသော မီးလျှံများ တောက်လောင်နေပြီး ဆံပင်များမှာလည်း မီးစွဲနေသကဲ့သို့ ရှိနေသည်။ သူသည် ဟုန်ကျန်းရှန့်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ဟုန်ရှန့်... မင်း ဘာသဘောလဲ။ မင်း ပုန်ကန်ဖို့ ကြိုးစားနေတာလား” ဟု မေးလိုက်သည်။
ကျုံးယွဲ့သည်လည်း 'ဟုန်ရှန့်' ၏ ဖုန်းရိယွဲ့ကို ပြန်လည်တိုက်ခိုက်ရဲသည့် သတ္တိကြောင့် အံ့အားသင့်နေသည်။ ဤသည်မှာ အထက်လူကြီးကို ဖီဆန်ခြင်းဖြစ်ပြီး သေတွင်းတူးသည့် လုပ်ရပ်ပင် ဖြစ်သည်။
“သူက ဒီလူငယ်လေးအတွက် လုပ်နေတာလား။ သူတို့ အချင်းချင်း သိနေကြတာလား” တစ်ချိန်တည်းမှာပင် ကျုံးယွဲ့သည်လည်း လူအ မဟုတ်ပေ။ ဟုန်ကျန့်ရှန့်သည် နေမိစ္ဆာခန္ဓာကို တိုက်ခိုက်စဉ် စူးချန်ခုန်းကို ထွက်ပြေးရန် ပြောခဲ့သည်။ ထိုအနက်ရောင်ဝတ်စုံနှင့် လူသားကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်မှာ သိသာလှပြီး သူတို့ အချင်းချင်း သိကျွမ်းနေကြပုံရသည်။
“ဒီလူငယ်က တကယ်တော့ ဘယ်သူလဲဟ။ မူလနယ်ပယ်အဆင့်ကို မရောက်ခင်မှာပဲ ဒီလောက် အစွမ်းထက်နေရုံတင်မကဘဲ ဟုန်ရှန့်ကတောင် ကူညီပေးနေတယ်ပေါ့။”
ထိုအနက်ရောင်ဝတ်စုံနှင့် လူလေး၏ သရုပ်မှန်ကို ကျုံးယွဲ့သည် အလွန်ပင် စိတ်ဝင်စားသွားခဲ့သည်။
“သူက တကယ်ပဲ ဟုန်ကျန်းရှန့်လား။ အရင်ကတည်းက ရင်းနှီးနေသလို ခံစားရတာ မဆန်းတော့ပါဘူး...”
စူးချန်ခုန်း၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။ ဟုန်ကျန်းရှန့်သည် လွန်ခဲ့သော နှစ်နှစ်က ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဗဟိုပြည်နယ်တွင် ပြန်လည်ဆုံတွေ့ရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အထူးသဖြင့် ဖုန်းရိယွဲ့၊ ကျုံးယွဲ့တို့ကဲ့သို့ လူများနှင့် အုပ်စုတစ်ခုတည်း ဖြစ်နေသည့် အခြေအနေမျိုးတွင် ဖြစ်သည်။
သို့သော် ယခုအချိန်မှာ အတိတ်ဟောင်းများကို ပြန်လည်ပြောဆိုနေရမည့် အချိန်မဟုတ်ကြောင်း သူ နားလည်သည်။
နေမိစ္ဆာခန္ဓာသည် သူ၏ အေးစက်သော မျက်လုံးများဖြင့် ဟုန်ကျန်းရှန့်ကို စိုက်ကြည့်လျက် “ဟုန်ရှန့်... မင်း အသက်ခြွေအဖွဲ့အစည်းကို ဝင်တာ နှစ်နှစ်တောင် မပြည့်သေးပေမဲ့ မင်းရဲ့ တိုးတက်မှုက သိသာလွန်းတယ်။ အဖွဲ့ခေါင်းဆောင်ကတောင် မင်းကို အထင်ကြီးနေတာ။ အနာဂတ်မှာ မင်းဟာ ထိပ်တန်းမိစ္ဆာနတ်ဆိုး အမြုတေကို ရရပြီး ငါ့ထက် မနိမ့်ကျတဲ့ အဆင့်အတန်းနဲ့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ။ အခုတော့ မင်းဟာ မင်းရဲ့ လမ်းကြောင်းကို မင်းကိုယ်တိုင် ဖြတ်တောက်လိုက်ပြီပဲ။”
မည်သည့်အဖွဲ့အစည်းမဆို အတွင်းပဋိပက္ခကို တားမြစ်ထားပြီး အသက်ခြွေအဖွဲ့အစည်းသည်လည်း ချွင်းချက်မဟုတ်ပေ။ မိမိ၏ အထက်လူကြီးကို စတင်တိုက်ခိုက်ခြင်းဖြင့် ဟုန်ကျန်းရှန့်သည် အဖွဲ့အစည်းအပေါ် သစ္စာဖောက်သည့် လုပ်ရပ်ကို ကျူးလွန်လိုက်ခြင်းဖြစ်ရာ နေရာမှာတင် အရှင်လတ်လတ် အရေခွံဆုတ်ခံရမည်သာ။
ပြာကျသွားသော ဟုန်ကျန့်ရှန့်၏ လက်မောင်းများသည် မသေမျိုးခန္ဓာကြောင့် ပြန်လည်ပေါက်ဖွားလာခဲ့သည်။ ယခုအချိန်တွင် သူ ဘာပြောပြော အရေးမပါတော့သည်ကို သူ နားလည်သည်။ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးကတည်းက သူ့မှာ နောင်တရစရာ ဘာမျှမရှိတော့ပေ။
နေမိစ္ဆာခန္ဓာသည် ဟုန်ကျန်းရှန့်ကို သွေးဆာနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေပြီး “ကျုံးယွဲ့... အဲဒီကလေးကို တားထားစမ်း။ အကယ်လို့ မင်း သူ့ကို လွတ်ပေးလိုက်ရင် ငါ မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်။ ဒီသစ္စာဖောက်ကိုတော့... ငါကိုယ်တိုင် ကိုင်တွယ်မယ်။”
“ဟုတ်ကဲ့။ ဒီကလေးကို မလွတ်စေရပါဘူး။”
ကျုံးယွဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အချင်း နှစ်မီတာခန့်ရှိသော အသားတောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး မိစ္ဆာအရှိန်အဝါများဖြင့် တုန်ခါနေလျက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
စူးချန်ခုန်းထံမှ အကြီးအကျယ် ရှုံးနိမ့်မှုကို ခံစားခဲ့ရဖူးသဖြင့် ကျုံးယွဲ့သည် သူ့ကို လွတ်ပေးရန် အစီအစဉ်မရှိပေ။ ဟုန်ရှန့်၏ ကြားဖြတ်နှောင့်ယှက်မှု ရှိနေသော်လည်း ထိုကောင်လေး ထွက်ပြေးနိုင်မည်ဟု ထင်နေပါက အရူးတစ်ယောက်၏ အိပ်မက်သာ ဖြစ်လိမ့်မည်။
“မိစ္ဆာဆင်ရိုင်းစစ်ခန္ဓာကိုယ်”
နေမိစ္ဆာခန္ဓာကို ရင်ဆိုင်ရချိန်တွင် ဟုန်ကျန်းရှန့်သည် မပေါ့ဆရဲပေ။ သူ၏ မိစ္ဆာစွမ်းအားများမှာ စတင်ဆူပွက်လာခဲ့သည်။
“ဂျွတ် ဂျွတ် ဂျွတ်”
မင်ရည်ကဲ့သို့ ပျစ်ခဲသော မိစ္ဆာအရှိန်အဝါများက သူ့ကို ရစ်ပတ်လိုက်သည်။ ဟုန်ကျန်းရှန့်၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ ပိုမို လျင်မြန်စွာ ကြီးထွားလာပြီး သူ၏ ဝတ်စုံနက်ကြီးမှာ ဆုတ်ပြဲသွားကာ အကြေးခွံကဲ့သို့ ထူထပ်မာကျောသော အသားအရေများ ပေါ်ထွက်လာသည်။ သူ၏ မျက်နှာဖုံးမှာလည်း ကွဲအက်သွားပြီး ကြမ်းတမ်းသော မျက်နှာသွင်ပြင် ပေါ်လာခဲ့သည်။
ခဏချင်းအတွင်းမှာပင် ဟုန်ကျန်းရှန့်၏ အရပ်မှာ သုံးမီတာကျော်သွားပြီး ဆယ်ပေနီးပါးအထိ ရောက်ရှိသွားသည်။ သူ၏ ကြွက်သားများမှာ ဖောင်းကြွနေပြီး လက်ချောင်းများကဲ့သို့ ထူထဲသော အကြောများ ယှက်နွယ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် အစွမ်းထက်သော ခံစားချက်များ ပြည့်နှက်နေသည်။
နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ပြီးကတည်းက ဟုန်ကျန်းရှန့်သည် မိစ္ဆာနတ်ဆိုးတို့၏ မသေမျိုးခန္ဓာကို ရရှိခဲ့ပြီး မိစ္ဆာအတတ်များကို တတ်မြောက်ခဲ့သည်။ သူ၏ တိုးတက်မှုမှာ အလွန်လျင်မြန်ပြီး နှစ်နှစ်အတွင်းမှာပင် ယခင်က စိတ်ကူးပင် မယဉ်နိုင်သော အဆင့်များသို့ လုံးဝ အသွင်ပြောင်းလဲ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“သွားတော့။ ငါ သူ့ကို တားထားမယ်။”
မိစ္ဆာနတ်ဆိုး၏ အလင်းရောင်များ တောက်ပနေသော ဟုန်ကျန်းရှန့်၏ မျက်လုံးများသည် ဖုန်းရိယွဲ့ကို စိုက်ကြည့်လျက် မလှမ်းမကမ်းတွင် ရှိနေသော စူးချန်ခုန်းကို အော်ပြောလိုက်သည်။
“သစ္စာဖောက်၊ မင်းရဲ့ လုပ်ရပ်အတွက် နောင်တရပြီး အသနားခံ ငိုကြွေးစေရမယ်။”
ထိုအချိန်တွင် နေမိစ္ဆာခန္ဓာသည် ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ သူ့ကို စိန်ခေါ်ရဲသော ဤမိုက်မဲသည့် ပုရွက်ဆိတ်အား သူတို့အကြားက ကွာခြားချက်ကို ပြသရန်နှင့် ဖီဆန်မှုအတွက် နောင်တရစေရန် သူ ဆုံးဖြတ်ထားသည်။
“ဘုန်း”
နေမိစ္ဆာခန္ဓာသည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် ပေပေါင်းများစွာကို ကျော်ဖြတ်ကာ မီးလျှံရိပ်များကို ချန်ရစ်ခဲ့ပြီး သူ၏ ညာလက်သီးမှာ ဥက္ကာခဲတစ်ခုကဲ့သို့ ကျဆင်းလာသည်။ ပြင်းထန်သော မိစ္ဆာမီးလျှံများမှာ လက်သီးပတ်လည်တွင် ဝဲဂယက်ထနေပြီး ထိတွေ့မိသည်နှင့် ရန်သူကို ပြာဖြစ်စေနိုင်သည်။
“အား”
ဆယ်ပေနီးပါး မြင့်သော ဟုန်ကျန်းရှန့်က အော်ဟစ်လိုက်သည်။ သူ၏ ကြီးမားသော လက်မောင်းမှာ ထူထဲသော သားရဲအရှိန်အဝါများ ရစ်ပတ်လျက် ဝှေ့ယမ်းလိုက်ရာ သူ၏ နောက်ကျောတွင် ဧရာမဆင်ကြီးတစ်ကောင်က နှာမောင်းဖြင့် လမ်းတွင်ရှိသမျှ အရာအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်နေသကဲ့သို့ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာသည်။
“ဂျိန်း”
သူတို့၏ လက်သီးချင်း ထိမိချိန်တွင် မီးပွားများ လွင့်စင်သွားလေ၏။ နေမိစ္ဆာခန္ဓာထက် နှစ်ဆနီးပါး ကြီးမားသော်လည်း ဟုန်ကျန့်ရှန့်မှာ နောက်သို့ ယိုင်သွားခဲ့ပြီး သူ၏ လက်မောင်းမှာ လောင်ကျွမ်းကာ အသားများမှာလည်း မည်းတူးသွားခဲ့သည်။
သူ၏ ‘မိစ္ဆာဆင်ရိုင်းစစ်ခန္ဓာကိုယ်’ မှာ ဓား၊ လှံတို့ဖြင့် မဖောက်ထွင်းနိုင်သော်လည်း နေမိစ္ဆာခန္ဓာ၏ မီးလျှံများကိုမူ ခက်ခဲစွာ တောင့်ခံနေရသည်။ သူသည် အံကြိတ်ကာ မိစ္ဆာစွမ်းအားများကို အစွမ်းကုန် ထုတ်သုံးလျက် သူ၏ မသေမျိုးခန္ဓာဖြင့် ဒဏ်ရာများကို ပြန်လည်ကုသလိုက်လေသည်။
အခန်း (၄၆၁) မိစ္ဆာဆင်ရိုင်းစစ်ခန္ဓာ။ အတုအယောင် မူလနယ်ပယ်။ (၃)
“ဘုန်း ဘုန်း ဘုန်း”
နေမိစ္ဆာခန္ဓာသည် အလွန်ပင် လွယ်ကူသက်သာစွာ တိုက်ခိုက်နေပြီး သူ၏ လက်သီးချက်များမှာ မီးတောင်ပေါက်ကွဲမှုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် လေးလံလှသည်။ လက်သီးတစ်ချက်ချင်းစီတိုင်းက ဟုန်ကျန်းရှန့်ကို နောက်သို့ ဆုတ်သွားစေသည်။ သူတို့နှစ်ဦးစလုံးမှာ မသေမျိုးခန္ဓာပိုင်ဆိုင်သည့် မိစ္ဆာစစ်သည်တော်များ မဟုတ်ကြပါက ဟုန်ကျန်းရှန့်သည် နေမိစ္ဆာခန္ဓာ၏ ရှေ့တွင် ဆယ်ချီအတွင်းမှာပင် အရေးနိမ့်သွားမည်မှာ သေချာသလောက်ရှိသည်။ ဤသည်မှာ ဟုန်ကျန်းရှန့် အားနည်းခြင်းကြောင့် မဟုတ်ဘဲ ဖုန်းရိယွဲ့က အလွန်အမင်း အစွမ်းထက်လွန်းခြင်းကြောင့်သာ ဖြစ်သည်။
“ကောင်လေး... ထွက်ပြေးဖို့ မစဉ်းစားနဲ့။”
ကျုံးယွဲ့သည် ဘာမျှမလုပ်ဘဲ စူးချန်ခုန်းကို ကြည့်ကာ လှောင်ပြုံးပြုံးနေသည်။ သူ၏ ရည်ရွယ်ချက်မှာ စူးချန်ခုန်းကို စောင့်ကြည့်ထားရန်ဖြစ်ပြီး နေမိစ္ဆာခန္ဓာက ဟုန်ကျန်းရှန့်ကို ကိုင်တွယ်ပြီးသည်နှင့် စူးချန်ခုန်းကို ဆက်လက်တိုက်ခိုက်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
“ထွက်ပြေးရမလား”
ထိုအတွေးသည် စူးချန်ခုန်း၏ စိတ်ထဲသို့ ဖြတ်ပြေးသွားလေ၏။ ဟုန်ကျန်းရှန့်က နေမိစ္ဆာခန္ဓာကို ခေတ္တတားဆီးပေးထားသဖြင့် သူ၏အတွက် ထွက်ပြေးရန် အခွင့်အရေးရှိနေဆဲဖြစ်သည်။
...
“ငါ ထွက်ပြေးလို့ မဖြစ်ဘူး။” သို့သော် ထိုအတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။ ဟုန်ကျန်းရှန့်သည် သူ့အတွက်ကြောင့် တိုက်ပွဲထဲသို့ ဝင်ရောက်လာခြင်းဖြစ်ရာ သူသာ ထွက်ပြေးသွားပါက ဟုန်ကျန်းရှန့်အတွက် သေဘေးမှာ သေချာသလောက် ရှိနေသည်။
သူ အမှန်တကယ် လွတ်မြောက်သွားနိုင်လျှင်ပင် ဟုန်ကျန်းရှန့်၏ သေဆုံးမှုကို စူးချန်ခုန်း လက်မခံနိုင်ပေ။
“ဒါဆိုရင်... ငါ အသက်ပေးပြီး တိုက်ရမှာပဲ။”
စူးချန်ခုန်း၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ခိုင်မာလာသည်။ တိုက်ပွဲထဲသို့ ဝင်ရောက်ခြင်းက မိမိကိုယ်ကို သေတွင်းထဲ ပို့ခြင်းဖြစ်နိုင်သည်ကို သိလျက်နှင့်ပင် ဟုန်ကျန်းရှန့်က ဘာမှစဉ်းစားဘဲ ကူညီခဲ့သည်။ ထိုသို့သောသူကို အန္တရာယ်ကြားတွင် ပစ်ထားခဲ့ရန် စူးချန်ခုန်း ဘယ်လိုလုပ် တွေးနိုင်မည်နည်း။ ထို့အပြင် သူ့တွင် အားကိုးစရာ လျှို့ဝှက်ချက်တစ်ခု ရှိနေသေးရာ တိုက်ခိုက်ရန် အစွမ်း လုံးဝမရှိသည်တော့ မဟုတ်ပေ။
“ဝုန်း”
စူးချန်ခုန်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ‘ဝိညာဉ်အနှစ်သာရ’ သည် သဘာဝတရား၏ စွမ်းအင်များကို ဆွဲယူလိုက်ပြီး သူ၏ ချီသွေးအရှိန်အဝါများကို ပူပြင်းသော မီးဖိုတစ်ခုအဖြစ် ဆူပွက်လာစေသည်။ အောက်ဘက်ရှိ ရေခဲနန်းတော်ထဲမှ ဧရာမ စွမ်းအင်လှိုင်းကြီးများမှာ ဝဲဂယက်တစ်ခုအဖြစ် စုစည်းသွားကာ ထိုချီသွေးမီးပြင်းဖိုထဲသို့ စီးဝင်သွားပြီး ထိုမှတစ်ဆင့် စူးချန်ခုန်း၏ ဦးခေါင်းထိပ်မှ ခြေဖျားတိုင်အောင် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
သူ့အတွက် တစ်မျိုးဆန်းသစ်သလို ရှိသော်လည်း ရင်းနှီးနေသည့် စွမ်းအားတစ်ရပ်က တစ်ကိုယ်လုံးကို လွှမ်းမိုးသွားသည်။ ပြည့်လျှံနေသော သဘာဝဝိညာဉ်စွမ်းအင်များက သူ၏ ခြေလက်နှင့် အရိုးအဆစ်များထဲသို့ စီးဝင်သွားကာ သူ၏ အာရုံခံစားမှုများကို ပိုမိုထက်မြက်စေပြီး အရှိန်အဟုန်နှင့် ခွန်အားများကိုလည်း လျှပ်တစ်ပြက်အတွင်း ဧရာမသစ်ပင်ကြီးတစ်ပင်ကဲ့သို့ ကြီးမားထွားကျိုင်းလာစေသည်။
ဝှူး
စူးချန်ခုန်း၏ ဦးခေါင်းထိပ်ရှိ ချီသွေးမီးပြင်းဖိုမှာ စတင်သိပ်သည်းလာပြီး ငုံဖူးနေသော ပန်းတစ်ပွင့်အဖြစ်သို့ ပြောင်းလဲသွားကာ တဖြည်းဖြည်း ပွင့်အာလာလျက် လူသားတို့၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော ရနံ့များကို ထုတ်လွှတ်လိုက်လေသည်။
“ဟင်..သူက... မူလနယ်ပယ်ကို အဆင့်တက်နေတာလား”
ဤမြင်ကွင်းကြောင့် ကျုံးယွဲ့မှာ ဆွံ့အသွားရသည်။ စူးချန်ခုန်းတွင် မူလချီစွမ်းအင်ရှိနေလျှင်ပင် ထိုစွမ်းအင်ကို အသုံးချပြီး ခန္ဓာကိုယ်ကို မူလနယ်ပယ်ခန္ဓာအဖြစ် ပြောင်းလဲရန် အချိန်လိုအပ်သည်။ ချက်ချင်းဆိုသလို မူလနယ်ပယ်သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သောအရာပင်။
“သတ်ပစ်”
သို့သော် ကျုံးယွဲ့က ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စူးချန်ခုန်းကို အောင်မြင်ခွင့်ပေး၍ မဖြစ်မှန်း နားလည်လိုက်သည်။ သူ၏ ပြူးထွက်နေသော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားကာ စူးချန်ခုန်းထံသို့ ဘာမှမစဉ်းစားဘဲ ပြေးဝင်သွားသည်။ သူ၏ လှည်းဘီးကဲ့သို့ ကျယ်ပြန့်လှသော ကြွက်သားပုံ လက်ဝါးကြီးများမှာ တောင်တန်းများကိုပင် ဖြိုခွဲနိုင်သည့် အရှိန်အဟုန်ဖြင့် စူးချန်ခုန်းထံသို့ ဝှေ့ယမ်းကျဆင်းလာသည်။
“ဖယ်စမ်း”
သဘာဝတရား၏ စွမ်းအင်ရိုင်းများက စူးချန်ခုန်း၏ ခြေလက်နှင့် အကြောများအတွင်း စီးဆင်းနေသဖြင့် သူသည် ထိုစွမ်းအင်များကို ထုတ်လွှတ်ရန် အရေးပေါ် လိုအပ်နေသည်။ ကျုံးယွဲ့၏ လက်ဝါးချက်ကို ရင်ဆိုင်ရင်း စူးချန်ခုန်းသည် သူ၏ လည်ချောင်းထဲမှ မိုးကြိုးကဲ့သို့ ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ဧရာမဝေလငါး ချီစွမ်းအင်များမှာ သူ၏ ညာလက်သီးတွင် စုစည်းသွားကာ မသန့်စင်သေးသော သဘာဝစွမ်းအင်များနှင့် ပေါင်းစပ်လျက် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
သူ၏ ပထမဆုံး ‘အတုအယောင် မူလနယ်ပယ်’ သို့ ခြေလှမ်းစတင်စဉ်ကနှင့် နှိုင်းယှဉ်ပါက ယခု စူးချန်ခုန်း၏ သဘာဝစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းမှာ အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်။ ယခင်က စူးချန်ခုန်းသည် လောကကြီး၏ စွမ်းအင်များကို ထိန်းချုပ်ရန် သူ၏ စိတ်ဆန္ဒနှင့် ဝိညာဉ်ကိုသာ အားကိုးခဲ့ရသည်။ ယခုမူ သူ၏ ခန္ဓာကိုယ်ကိုယ်တိုင်က သွေးကြောတစ်ခုအဖြစ် ဆောင်ရွက်ကာ တိုက်ကွက်များကို ထုတ်လွှတ်နေခြင်းဖြစ်သည်။ ဤနည်းလမ်းနှစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသော်လည်း စူးချန်ခုန်း၏ ခန္ဓာကိုယ်ကိုမူ ပြင်းထန်သော ဒဏ်ရာများ ရရှိစေနိုင်ပါသည်။
“ဝုန်း”
ဧရာမဝေလငါး ချီစွမ်းအင်နှင့် သဘာဝဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ထားသည့် ဤလက်သီးချက်ကြောင့် ဒြပ်စင်နှစ်ခုစလုံးမှာ ရောယှက်သွားပြီး စူးချန်ခုန်း၏ လက်သီးပတ်လည်တွင် ကြီးမားလှသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲဂယက်အတွင်း၌ နတ်ဘုရားပင်လယ်ဝေလငါးကြီး တစ်ကောင်မှာ ပင်လယ်နှင့် ကောင်းကင်ကို တုန်လှုပ်စေလျက် ရုန်းထွက်လာသကဲ့သို့ ထင်ရသည်။
“ဖတ်”
စူးချန်ခုန်း၏ လက်သီးမှာ ကျုံးယွဲ့၏ အဆမတန် ကြီးမားလှသော လက်ဝါးနှင့် ထိမိသွားရာ ကျုံးယွဲ့၏ မျက်ဆန်များ ပြင်းထန်စွာ ကျုံ့သွားခဲ့သည်။
ထိတွေ့မိသည့် ခဏ၌ ကျုံးယွဲ့သည် မိမိရှေ့တွင် ရှိနေသည်မှာ အသွေးအသားဖြင့် တည်ဆောက်ထားသော ခန္ဓာကိုယ်တစ်ခု မဟုတ်ဘဲ သောင်းကျန်းနေသော ပင်လယ်ကြီးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
“ဂျောက် ဂျောက် ဂျောက်”
အသားကြိတ်စက်ကဲ့သို့ လည်ပတ်နေသော အားအင်များက ကျုံးယွဲ့၏ ဧရာမလက်ဖဝါးနှင့် လက်မောင်းကို ဆွဲယူကာ ရက်စက်စွာ ကြိတ်ခြေပစ်လိုက်သည်။ သူ၏ လက်မောင်းတစ်ခုလုံး ပြင်းထန်စွာ လိမ်သွားပြီး အရိုးများမှာ ကြေမွကာ အသားများမှာလည်း ပျော့ဖတ်ဖြစ်သွားခဲ့သည်။
“ဘုန်း”
ကျုံးယွဲ့၏ ညာလက်မောင်းမှာ အဆုံးမဲ့ဒေါသပင်လယ်လက်သီး၏ ဒဏ်ကြောင့် လုံးဝ ပျောက်ကွယ်သွားပြီး သွေးစက်များအဖြစ် လွင့်စင်သွားသည်။ ထိုအားအင်ကြောင့် ကျုံးယွဲ့၏ နှစ်မီတာခန့်ရှိသော လုံးဝန်းလှသည့် ခန္ဓာကိုယ်ကြီးမှာ ရော်ဘာဘောလုံးတစ်ခုကဲ့သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးမှ ဖရိုဖရဲနှင့် ရပ်တန့်သွားတော့သည်။
“ဘယ်လိုဖြစ်လို့... ဒီလောက်ကြီးတဲ့ ကွာခြားချက်ရှိနေရတာလဲ။ ငါတို့နှစ်ယောက်လုံးက မူလနယ်ပယ်အဆင့်တွေပဲလေ... ပြီးတော့ ငါက မိစ္ဆာလူသား တစ်ယောက်ပဲ။”
ကျုံးယွဲ့သည် သူ၏ လက်မောင်းမှာ အသားဖတ်များအဖြစ် ကြိတ်ခြေခံလိုက်ရသည့် နာကျင်မှုကို ပြင်းထန်စွာ ခံစားနေရပြီး ချွေးစေးများ ထွက်လာသည်။ ဤအခြေအနေကို လက်ခံနိုင်ရန် ကြိုးစားနေရသည်။
မိစ္ဆာလူသား မဖြစ်လာမီကပင် ကျုံးယွဲ့မှာ ကောင်းကင်သွေးကြောမကြီး သုံးခု ပွင့်ထားသည့် မူလနယ်ပယ်အဆင့် သိုင်းပညာရှင် တစ်ဦးဖြစ်သည်။ နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ပြီးနောက် သူသည် တူညီသောအဆင့်ရှိသူများထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာခဲ့သည်။ သူသည် ကောင်းကင်သွေးကြော ငါးခုပွင့်သည့် ပန်းနှစ်ပွင့်အဆင့်သို့ မရောက်သေးသော်လည်း တူညီသောအဆင့်ရှိ လူသားသိုင်းပညာရှင်များကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု ယုံကြည်ထားသူ ဖြစ်သည်။
သို့သော်လည်း စူးချန်ခုန်းမှာ မည်သည့် လျှို့ဝှက်နည်းလမ်းကို သုံးလိုက်သည်မသိဘဲ သဘာဝစွမ်းအင်များကို အတင်းအဓမ္မ ဆွဲယူကာ လူသားပန်းပွင့်ကို သိမ်းဆည်းလျက် မူလနယ်ပယ်သို့ ခြေလှမ်းလှမ်းလိုက်ပြီး ကျုံးယွဲ့ကို လက်သီးတစ်ချက်တည်းနှင့်ပင် ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့သည်။
အကယ်၍ ရန်သူသာ မူလနယ်ပယ်အဆင့်သို့ အမှန်တကယ် တက်လှမ်းသွားပါက ကျုံးယွဲ့ကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည် မဟုတ်ပါလား။ ထို့အပြင် စူးချန်ခုန်းသာ နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ရန် ရွေးချယ်ခဲ့ပါက သူ့ကို သတ်ရန် လက်တစ်ဖက်တည်းနှင့်ပင် လုံလောက်ပေလိမ့်မည်။
ဤအချက်က လူသားသိုင်းပညာရှင် တစ်ဦးမှာ မိစ္ဆာနတ်ဆိုးထက်ပင် ပိုမို ကြောက်စရာကောင်းသော အခြေအနေသို့ ရောက်ရှိနိုင်သည်ကို ကျုံးယွဲ့အား ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
‘အတုအယောင် မူလနယ်ပယ်’ သို့ ရောက်ရှိပြီးနောက် စူးချန်ခုန်းသည် လက်သီးတစ်ချက်တည်းနှင့်ပင် ကျုံးယွဲ့အပေါ် အသာစီးရခဲ့သည်။ ဟုန်ကျန်းရှန့်က နေမိစ္ဆာခန္ဓာကို ခေတ္တတားဆီးပေးထားသဖြင့် စူးချန်ခုန်းအတွက် ယခု ထွက်ပြေးရန် လွယ်ကူလှသည်။ သို့သော် သူသည် ထွက်ပေါက်ဘက်သို့ လှည့်မကြည့်ဘဲ နေမိစ္ဆာခန္ဓာရှိရာသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်ကို ပစ်ထားခဲ့၍ မရပေ။ ဟုန်ကျန့်ရှန့်သည် ဘေးတွင် ရပ်ကြည့်နေနိုင်ပါလျက်နှင့် အသက်အန္တရာယ်ကို ရင်းကာ ကြားဝင်ကူညီခဲ့သည်။ စူးချန်ခုန်းမှာ အသေမခံလိုသကဲ့သို့ ဟုန်ကျန့်ရှန့်ကိုလည်း အသေမခံနိုင်ပေ။ ထို့ကြောင့် သေရမည့်သူမှ ထိုယုတ်မာသည့် မိစ္ဆာလူသားသာ ဖြစ်ရပေလိမ့်မည်။
အခန်း (၄၆၂) မိစ္ဆာဆင်ရိုင်းစစ်ခန္ဓာ။ အတုအယောင် မူလနယ်ပယ်။ (၄)
“ရှူး”
သောင်းကျန်းလှသော သဘာဝဝိညာဉ်စွမ်းအင်များသည် သူ၏ ခြေလက်နှင့် အရိုးအဆစ်များအတွင်း ပြည့်လျှံသွားပြီး ခန္ဓာကိုယ်အတွင်းရှိ အကြောအခြင်တိုင်းမှာ တုန်ခါနေ၏။ စူးချန်ခုန်း၏ ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး သံဖြတ်ဓားကို ဆုပ်ကိုင်ထားသော သူ၏လက်မှ ဓားအရှိန်အဝါနှင့် ဓားစွမ်းအားများမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ ဤဓားခုတ်ချက်မှာ အလွန်သေးငယ်သော အပ်ချည်မျှင်တစ်ခုကဲ့သို့ စွမ်းအင်များကို အမှတ်တစ်ခုတည်းတွင် စုစည်းထားပြီး နေမိစ္ဆာခန္ဓာ၏ ဂုတ်ပိုးကို တိုက်ရိုက် ဦးတည်တိုက်ခိုက်လိုက်သည်။
နေမိစ္ဆာခန္ဓာသည် မိမိနောက်ကျောမှ လေထုကို ခွဲခြမ်းလိုက်သည့် အသံကို အာရုံခံမိလိုက်သည်။ သူ၏ မီးတောက်နေသော ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ဓားသွားကို တိုက်ရိုက်ပင် လှမ်းဖမ်းလိုက်သည်။
“ရွှီး”
ဓားဖြင့် ခုတ်ဖြတ်လိုက်သည့် ပြတ်သားသော အသံနှင့်အတူ နေမိစ္ဆာခန္ဓာသည် စူးချန်ခုန်း၏ ဓားချက်ကို လက်ဝါးဖြင့် တားဆီးလိုက်ရာ သူ၏ လက်ချောင်းငါးချောင်းစလုံး အရင်းမှ ပြတ်တောက်သွားခဲ့သည်။ မီးလျှံများ ရစ်ပတ်နေသော မိစ္ဆာသွေးများမှာ အောက်သို့ စီးကျလာသော်လည်း ခဏချင်းအတွင်းမှာပင် ပြန်လည်စုပ်ယူသွားပြီး လက်ချောင်းများမှာလည်း ပြန်လည်ဆက်သွားခဲ့သည်။
မိစ္ဆာနတ်ဆိုးတို့၏ မသေမျိုးခန္ဓာတွင်လည်း အဆင့်အတန်းများ ရှိကြသည်။ အဆင့်နိမ့် မိစ္ဆာသားရဲများ၏ မသေမျိုးခန္ဓာမှာ အခြေခံအဆင့်သာ ရှိသဖြင့် လူအင်အား အမြောက်အမြားဖြင့် တိုက်ခိုက်ပါက အနိုင်ယူနိုင်သည်။
...
အလယ်အလတ်အဆင့် မိစ္ဆာနတ်ဆိုးများ၏ မသေမျိုးခန္ဓာမှာမူ ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။ အဆင့်နိမ့်များထက် အဆပေါင်းများစွာ၊ ဆယ်ဆမက ပိုမို အစွမ်းထက်လှသည်။
အဆင့်မြင့်မိစ္ဆာများနှင့် ဒဏ္ဍာရီလာ ဘုရင်အဆင့် မိစ္ဆာနတ်ဆိုးများမှာမူ သာမန်လူသားများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာပင် မရနိုင်ဘဲ သတ်ဖြတ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော ဖုန်းရိယွဲ့အတွက်မူ သူသည် ငြိမ်သက်စွာ ရပ်နေပြီး အခြားသူများကို တိုက်ခိုက်ခွင့်ပေးလျှင်ပင် တူညီသောအဆင့်ရှိ သိုင်းပညာရှင်များမှာ သူ့ကို သတ်ရန် အလွန်တရာ အားထုတ်ရပေလိမ့်မည်။ လက်ချောင်းတစ်ချောင်း ပြတ်သွားခြင်းမှာ သူ့အတွက် အသေးအဖွဲ့ပင်။
“ပြိုင်ဘက်ကင်း ဘုရင်လက်သီး”
သို့သော် စူးချန်ခုန်း ကြားဝင်တိုက်ခိုက်လိုက်သောကြောင့် ဟုန်ကျန်းရှန့်မှာ ပြန်လည်တိုက်စစ်ဆင်ရန် အခွင့်အရေး ရသွားခဲ့သည်။ ဆယ်ပေနီးပါး မြင့်သော သူ၏ ခန္ဓာကိုယ်မှာ မိစ္ဆာအရှိန်အဝါများ ရစ်ပတ်လျက် ဧရာမ ညာလက်သီးဖြင့် လေထုကို ခွဲခြမ်းလိုက်ရာ လေနှင့်ပွတ်တိုက်မှုကြောင့် မီးပွားများ ထွက်ပေါ်လာပြီး မီးခိုးဖြူများကြားမှ နေမိစ္ဆာခန္ဓာ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
“ဘုန်း”
တောင်တန်းတစ်ခု ပြိုလဲသွားသကဲ့သို့ အားအင်များ ပေါက်ကွဲထွက်လာသည်။ နေမိစ္ဆာခန္ဓာ၏ ခြေထောက်များမှာ မြေကြီးထဲသို့ ကျွံဝင်သွားသော်လည်း သူ၏ သန်မာလှသော ခန္ဓာကိုယ်ကို ယုံကြည်သဖြင့် ထိုလက်သီးချက်ကို တောင့်ခံရန် ရွေးချယ်လိုက်သည်။ ပြင်းထန်သော ထိုးနှက်ချက်ကြောင့် မြေပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းကြီးနှစ်ခု ဖြစ်ပေါ်သွားပြီး နေမိစ္ဆာခန္ဓာ၏ အရိုးများပင် အက်ကွဲသံ သဲ့သဲ့ထွက်လာသည်။ သို့သော် သူ့အတွက်မူ ဤသည်မှာ ဒဏ်ရာတစ်ခုဟုပင် မသတ်မှတ်နိုင်ပေ။
“ညီလေးစူး...”
စူးချန်ခုန်းမှာ ထွက်မပြေးဘဲ မိမိနှင့်အတူ နေမိစ္ဆာခန္ဓာကို သတ်ဖြတ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ဟုန်ကျန်းရှန့်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ သူ လူကဲခတ် မမှားခဲ့ကြောင်း သိလိုက်သည်။
သို့သော် ယခုအချိန်မှာ ထိုခံစားချက်များအကြောင်း ပြောနေရမည့် အချိန်မဟုတ်ပေ။ သူတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ နေမိစ္ဆာခန္ဓာကို သတ်ပစ်ရန်သာ ဖြစ်သည်။
“ငါ မင်းတို့ကို တကယ့် စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲဆိုတာ ပြပေးမယ်။”
ဟုန်ကျန်းရှန့်နှင့် စူးချန်ခုန်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရင်း နေမိစ္ဆာခန္ဓာ၏ မျက်လုံးများမှာ အေးစက်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
နေမိစ္ဆာခန္ဓာသည် စူးချန်ခုန်း၏ တိုက်ကွက်များကို လျစ်လျူရှုထားပြီး ဟုန်ကျန်းရှန့်ကိုသာ အရင်ဆုံး ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။ မိမိနောက်မှ နှောင့်ယှက်နေသော ပိုးကောင်လေးကို မကိုင်တွယ်မီ ဤရန်သူကို အရင်ဆုံး ရှင်းပစ်လိုခြင်းဖြစ်သည်။
“နေနှင့်လချိပ်စည်း။ နေဝန်းစက်ဝိုင်း”
နေမိစ္ဆာခန္ဓာမှာ ရှောင်တိမ်းခြင်း မပြုဘဲ စူးချန်ခုန်းနှင့် ဟုန်ကျန်းရှန့်တို့၏ တိုက်ခိုက်မှုများကို အစွမ်းကုန် ခံယူလိုက်သည်။ သူ၏ ညာလက်ကို လက်သီးအဖြစ် ဆုပ်ထားပြီး ဘယ်ဘက်လက်ကို လက်ဝါးအဖြစ် ဖြန့်ကာ နှစ်ဖက်စလုံးဖြင့် တိုက်ခိုက်လိုက်ရာ တိုက်ကွက်တိုင်းမှာ မွန်းတည့်နေမင်းကဲ့သို့ တောက်ပပြီး အားကောင်းလှသည်။
“ဘုန်း၊ ဘုန်း”
ဟုန်ကျန်းရှန့်၏ ဧရာမခန္ဓာကိုယ်မှာ ပြင်းထန်လှသော မီးလျှံအားအင်များကြောင့် ပေါက်ပြဲသွားပြီး သွေးသံရဲရဲ အပေါက်ကြီးနှစ်ခု ဖြစ်ပေါ်သွားသည်။ မိစ္ဆာမီးလျှံများမှာ ဒဏ်ရာများတွင် ကပ်ညှိနေပြီး ပြင်းထန်စွာ လောင်ကျွမ်းနေသဖြင့် သူ၏ မိစ္ဆာစွမ်းအားများကို အဆမတန် ကုန်ဆုံးစေကာ သူ၏ မသေမျိုးခန္ဓာကိုပင် အလုပ်မလုပ်နိုင်အောင် ခြိမ်းခြောက်နေသည်။
“ရွှမ်း ရွှမ်း ရွှမ်း”
စူးချန်ခုန်း၏ ဓားသွားမှာ အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားနေပြီး အလျားလိုက်၊ ဒေါင်လိုက် ခုတ်ဖြတ်နေသည်။ ခုတ်ချက်တိုင်းမှာ နေမိစ္ဆာခန္ဓာ၏ ဂုတ်ပိုး၊ ကျောရိုးနှင့် ခြေထောက်များပေါ်သို့ ကျရောက်ပြီး အသားနှင့် အရိုးများကို ပြတ်လုနီးပါး ဖြစ်စေသည်။ သို့သော်လည်း နေမိစ္ဆာခန္ဓာ၏ မသေမျိုးစွမ်းအားမှာ စူးချန်ခုန်း ယခင်က တွေ့ကြုံဖူးသမျှ မိစ္ဆာနတ်ဆိုး သို့မဟုတ် မိစ္ဆာလူသားများထက် အဆပေါင်းများစွာ၊ ဆယ်ဆမက ပိုမို ကြောက်မက်ဖွယ်ကောင်းနေသည်။
စူးချန်ခုန်း၏ သံဖြတ်ဓားကြောင့် ရရှိသော ဒဏ်ရာများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည်ပျောက်ကင်းသွားခဲ့သည်။
နေမိစ္ဆာခန္ဓာမှာ မိမိနောက်မှ စူးချန်ခုန်း၏ တိုက်ခိုက်မှုများကို ဂရုပင်မစိုက်တော့ပေ။ သူသည် ဤ မျက်နှာပြောင်တိုက်တတ်သော လူငယ်နှစ်ဦးအား အစစ်အမှန် စိတ်ပျက်အားငယ်မှုနှင့် အတိုင်းအဆမရှိသော စွမ်းအားဆိုသည်မှာ မည်သို့ရှိကြောင်းကို ပြသလိုသည်။
“အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေက ဒီလောက်တောင် အစွမ်းထက်တာလား... ငါသာ တစ်ခုနဲ့ ပေါင်းစပ်နိုင်ရင် ဒီအဆင့်ကို ရောက်နိုင်မလားပဲ။”
မိမိ၏ လက်ကျန်မိစ္ဆာစွမ်းအားဖြင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နေရပြီး တိုက်ပွဲထဲသို့ မဝင်နိုင်သေးသော ကျုံးယွဲ့သည် တိုက်ခိုက်နေသူ သုံးဦးကို မနာလိုစွာ ကြည့်နေမိသည်။
စူးချန်ခုန်းနှင့် ဟုန်ကျန်းရှန့်တို့ နှစ်ဦးစလုံးမှာ အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ တစ်ဦးမှာ ချီသွေးနယ်ပယ်အဆင့်ဖြင့် မူလနယ်ပယ်အဆင့်ကို အနိုင်ယူနိုင်သော လူသားပါရမီရှင်ဖြစ်ပြီး နောက်တစ်ဦးမှာ မိစ္ဆာစစ်သည်တော်များကြားတွင် အလားအလာရှိသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ သို့သော် သူတို့နှစ်ဦး ပေါင်းလျှင်ပင် နေမိစ္ဆာခန္ဓာကို အနှောင့်အယှက်ပင် မပေးနိုင်ကြပေ။
ဤသည်မှာ ဖုန်းရိယွဲ့၏ မိစ္ဆာခန္ဓာနှစ်ခုအနက် တစ်ခုသာ ဖြစ်သည်။ လမိစ္ဆာခန္ဓာမှာ ရေခဲချီနဂါးနှင့် တိုက်ပွဲဖြစ်နေဆဲ ဖြစ်သည်။
အကယ်၍ ဖုန်းရိယွဲ့သာ နတ်ဘုရားမျိုးစေ့ကို ရရှိပြီး အသက်ခြွေအဖွဲ့အစည်းသို့ ဆက်သနိုင်ပါက သူသည် အဆင့်မြင့် နတ်ဆိုးအမြုတေကိုပင် ဆုလာဘ်အဖြစ် ရကောင်း ရနိုင်သည်။ အနာဂတ်တွင် သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး သို့မဟုတ် မိစ္ဆာသတ် နတ်ဘုရားလက်နက်တစ်ခုနှင့် မတွေ့ဆုံသရွေ့ မည်သူမျှ သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“ငါ့ရဲ့ မိစ္ဆာစွမ်းအားတွေ... ကုန်တော့မယ်။” ဟုန်ကျန်းရှန့်၏ စိတ်ထဲတွင် လေးလံသွားလေ၏။ သူ၏ ဆယ်ပေမြင့်သော ခန္ဓာကိုယ်တွင် အပေါက်များစွာ ဖြစ်ပေါ်နေပြီး အသားများမှာလည်း ဖရိုဖရဲ ဖြစ်နေကာ ပြန်လည်ကုသနိုင်စွမ်းမှာ တဖြည်းဖြည်း နှေးကွေးလာသည်။
စူးချန်ခုန်းသည်လည်း သူတတ်သမျှ ပညာရပ်အားလုံးကို အသုံးချခဲ့သော်လည်း နေမိစ္ဆာခန္ဓာ၏ အသားကို ခုတ်ဖြတ်နိုင်ရုံသာ တတ်နိုင်ခဲ့သည်။ ကျုံးယွဲ့ကို ချေမှုန်းနိုင်ခဲ့သကဲ့သို့ မရပ်မနား တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သူ၏ ‘အတုအယောင် မူလနယ်ပယ်’ မှာလည်း ကြာရှည်မခံနိုင်တော့ဘဲ သူ၏ အကြောအခြင်များနှင့် ခန္ဓာကိုယ်မှာ အဆုံးစွန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားနေရသည်။
“ဒီခရီးစဉ်ရဲ့ဆုလာဘ်က မသေးဘူးပဲ... နတ်ဘုရားမျိုးစေ့က ငါ့ကို တစ်ကျော့ပြန် မွေးဖွားခွင့် ပေးနိုင်မလားပဲ။”
အခြားတစ်ဖက်တွင်မူ မိစ္ဆာမီးလျှံ အရှိန်အဝါများ ရစ်ပတ်နေသော နေမိစ္ဆာခန္ဓာမှာ အားနည်းသွားသည့် အရိပ်အယောင် လုံးဝမရှိပေ။ သူသည် နတ်ဘုရားမျိုးစေ့ကို ရရှိပြီးနောက် ရရှိမည့် အကျိုးကျေးဇူးများကိုပင် အေးအေးဆေးဆေး တွေးတောနေနိုင်သေးသည်။
ဖုန်းရိယွဲ့၏ ကြောက်မက်ဖွယ်အစွမ်းမှာ စူးချန်ခုန်းနှင့် ဟုန်ကျန်းရှန့်တို့၏ တတ်နိုင်စွမ်းထက် အမှန်တကယ်ပင် ကျော်လွန်နေသည်။
“သတိထား”
ထိုအချိန်တွင် အဝေးမှနေ၍ ထိတ်လန့်တုန်လှုပ်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ အရှေ့တိမ်တိုက်ဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
လမိစ္ဆာခန္ဓာနှင့်အတူ ပိုင်ယွင်ဟယ်နှင့် အခြား အရှေ့တိမ်တိုက်ဂိုဏ်းသား သုံးဦးစလုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ရေခဲချီနဂါးကို ဝိုင်းရံတိုက်ခိုက်ကာ နတ်ဘုရားမျိုးစေ့၏ စွမ်းအားများကို ကုန်ဆုံးစေခဲ့ကြသည်။ သို့သော် ယခုအခါ အက်ကွဲကြောင်းများ ပြည့်နှက်နေသော နဂါး၏ ခန္ဓာကိုယ်မှာ ပုံပျက်လာပြီး ဖောင်းပွလာခဲ့သည်။
“မင်းတို့လို နိမ့်ကျတဲ့ သတ္တဝါတွေဟာ... ငါ့ရဲ့ ဟန်ချီနတ်ဘုရားမျိုးစေ့ကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး။”
ရေခဲချီနဂါး၏ ခန္ဓာကိုယ်ထဲမှ ခန့်ညားထည်ဝါသော အသံတစ်ခု သဲ့သဲ့ ထွက်ပေါ်လာသည်။ ဤသည်မှာ ချီနဂါးခန်းမခေါင်းဆောင်က နတ်ဘုရားမျိုးစေ့ထဲတွင် ချန်ထားရစ်ခဲ့သော စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသည်။ သူသည် နတ်ဘုရားမျိုးစေ့ကို ဤလူများ၏ လက်ထဲသို့ ကျရောက်သွားမည်ကို မလိုလားပုံရသည်။
“ဖယ်ကြ..မြန်မြန်ဖယ်ကြ..” ဆံပင်ဖြူဖြူနှင့် အကြီးအကဲ ပိုင်ယွင်ဟယ်မှာ အလွန်အမင်း အန္တရာယ်ရှိနေသည်ကို အာရုံခံမိသဖြင့် ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။
“ဂျောက်”
နောက်တစ်စက္ကန့်တွင် ရေခဲချီနဂါးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အေးစက်လှသော လေလှိုင်းများမှာ မြားများကဲ့သို့ အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်လာတော့သည်။