အပြစ်
Vol. 12 Ch. 121
လမ်းကြားလေးထဲတွင် မနက်ခင်းနေရောင်ခြည်သည် အစပြု၍ ဖြာကျလာပြီး လေပြေအေးလေးများ တိုက်ခတ်နေသည်။
သို့သော် ဤလမ်းကြား၏ အလယ်တည့်တည့်ရှိ ရှေးဟောင်းရေတွင်း၏နံဘေးတွင်မူ အခြေအနေသည် ကွဲပြားခြားနားနေပေ၏။
"ဟူး... ဟူး..."
အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်သုံးဆယ်ခန့်သည် မျက်နှာများ ပြာနှမ်းနေကာ အေးစက်စက်လေထုကို ရှူရှိုက်နေကြသည်။ သူတို့၏မျက်လုံးများအားလုံးသည် ယဲ့ပိုင်ဆီသို့ စူးစိုက်ကြည့်နေကြပြီး ချောင်ကူယွင်သာ စကားတစ်ခွန်း ပြောဆိုလိုက်ပါက ရှေ့သို့ ပြေးဝင်ကာ သူ့အား အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲရန် ဝန်လေးမည့်ပုံ မပေါ်ချေ။
သို့သော် ချောင်ကူယွင်သည် အသက်ရှူမြန်လာပြီး သူ၏မျက်လုံးများတွင် သွေးကြောမျှင်များ ယှက်သန်းလာပေ၏။
အချိန်တခဏကြာပြီးနောက် သူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူ၏အကြည့်များက ပို၍နက်ရှိုင်းလာပြီး သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည့်အချိန်၌ အေးစက်မှုအငွေ့အသက်များက ဆက်တိုက်ဆိုသလိုပင် ထွက်ပေါ်လာတော့သည်။
"ကောင်လေး... မင်း ခုဏက ဘာပြောလိုက်တာလဲ... ငါ သိပ်မကြားလိုက်ရဘူး... ထပ်ပြောစမ်းပါအုံး..."
ထိုသို့ပြောဆိုလိုက်ချိန်တွင် ချောင်ကူယွင်သည် ဘောင်းဘီအိတ်ကပ်ထဲမှ ကျန်လက်တစ်ဖက်ကို ဆွဲထုတ်လိုက်ပြီး လက်သန်းကိုဆန့်ကာ သူ၏နားကို ဖြည်းညင်းစွာ ကလော်လိုက်၏။
ချောင်ကူယွင်၏နံဘေးရှိ ဟန်ကျစ်သည် ထိုအပြုအမူကို မြင်လိုက်ရသည့်အချိန်၌ သူ၏ခြေထောက်များ တုန်ရီသွားသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက သူ၏စိတ်ထဲတွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ထိုနေ့က ကောင်းကင်ကြီး အုံ့မှိုင်းနေပြီး မိုးသည်းထန်စွာ ရွာသွန်းတော့မည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဘိလပ်မြေဖျော်စက်များ၏လည်ပတ်သံများဖြင့် ဆူညံနေပေ၏။
ခေါင်းတွင် သွေးများစွန်းထင်းနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လက်မောင်းကြွက်သားများနှင့် ခြေသလုံးကြောများ ဖြတ်တောက်ခံထားရပြီး သွေးအိုင်ထဲတွင် လဲလျောင်းနေသည်။ သေခါနီး တောခွေးရိုင်းတစ်ကောင်ကဲ့သို့ မြေကြီးပေါ်တွင် တွားသွားနေသော ထိုလူသည် တစ်ချိန်က ဤမြို့တော်၏ မြေအောက်လောက ဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးကြောင်း မည်သူမျှ ထင်မှတ်ကြမည် မဟုတ်ပေ။ သူသည် သေလုမြောပါးဖြစ်နေပြီး တောင်းပန်နေခဲ့သည်။
"သခင်လေးချောင်... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့... မသေရဘူးဆိုရင် ကျွန်တော် ဘာမဆို လုပ်ပါ့မယ်..."
သို့သော် ချောင်ကူယွင်သည် ယခုကဲ့သို့ပင် သူ၏လက်သန်းကို ဆန့်ထုတ်ကာ နားကိုကလော်ရင်း သူ၏မျက်လုံးများကို ကျဉ်းမြောင်းထားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အေးစက်မှုအရှိန်အဝါများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏အဆုံးသတ်ကို ဟန်ကျစ် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။ ထိုလူသည် အပိုင်းပိုင်း ခုတ်ထစ်ခံခဲ့ရပြီး သူ၏အရိုးများအားလုံးကို ဘိလပ်မြေဖျော်စက်ထဲသို့ ထည့်ကာ အဆောက်အဦး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အသားများကိုမူ ချက်ပြုတ်၍ မူကြိုကျောင်းသို့ ပို့ဆောင်ခဲ့ပြီး ထိုလူ၏ သားဖြစ်သူ စားသောက်ရန်အတွက် နှစ်လကျော်ကြာအောင် ပြုလုပ်ခဲ့ကြသည်။
နောက်ဆုံးတွင် ထိုလူ၏ဆွေမျိုးများနှင့် မိသားစုဝင်များ အားလုံးသည်လည်း ကောင်းမွန်သော အဆုံးသတ်ကို မရရှိခဲ့ကြပေ။
ယခုချိန်တွင် ချောင်ကူယွင်သည် ထိုကဲ့သို့ အပြုအမူကို ထပ်မံ၍ ပြုလုပ်နေလေပြီ။ ဤကိစ္စအတွက် အကြောင်းပြချက် တစ်ခုတည်းသာရှိပြီး သူ ဒေါသထွက်နေခြင်းဖြစ်ကာ အလွန်အမင်း ဒေါသထွက်နေခြင်းပင်။
"ဒီကောင်လေးတော့ သွားပြီ... သူ ဘယ်လောက်ထိ သန်မာအားကောင်းပါစေ.... ချောင်ကူယွင်နဲ့ ချောင်မိသားစုကို ပြစ်မှားလိုက်မိပဲ... သူက တကယ်ပဲ နတ်ဘုရား ဖြစ်နေရင်တောင် အသတ်ခံရမှာ သေချာတယ်..."
ဟန်ကျစ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး တီးတိုးရေရွတ်လိုက်မိသည်။
ယဲ့ပိုင်ကမူ ချောင်ကူယွင်၏အပြုအမူများကို မြင်ပြီးနောက်တွင်လည်း အလွန်တည်ငြိမ်နေဆဲပင်။ သူက ပါးစပ်ကိုဖွင့်ဟကာ အမှန်တရားတစ်ခုကို ပြောပြနေသည့်အလား အရေးမစိုက်သော လေသံဖြင့် ပြောဆိုလိုက်၏။
"ငါ ပြန်ပြောလိုက်မယ်... ဒီနေ့ ချောင်မြောင်ရွှန်း သေရမယ်... ဒါ့ပြင် ချောင်မိသားစုလည်း အဆုံးသတ်ရလိမ့်မယ်..."
"သွားပြီ... သွားပြီ... ဒီတစ်ခေါက်တော့ တကယ် သွားပြီ..."
ဟန်ကျစ်သည် ယဲ့ပိုင်၏စကားကို ထပ်မံ၍ ကြားလိုက်ရသည့်အချိန်၌ သူ၏မျက်လုံးများပင် ပြာဝေသွားသည်။
လမ်းကြားထဲတွင် ရပ်နေကြသော အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်များသည်လည်း ဗိုက်ပေါ်တွင် ယှက်တင်ထားသော လက်ဝါးများကို ရုတ်သိမ်းကာ လက်သီးဆုပ်လိုက်ကြ၏။ သူတို့သည် ယဲ့ပိုင်ကို ကြည့်လိုက်ကြသည့်အချိန်၌ လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေတော့သည်။
"ဟား ဟား ဟား..."
ချောင်ကူယွင်က ဒေါသတကြီးဖြင့် ယဲ့ပိုင်ကို ပြန်လှည့်ကြည့်ကာ အော်ဟစ်ရယ်မောလိုက်သည်။
"တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ တွေ့ခဲ့တဲ့ ဗေဒင်ဆရာကလည်း ပြောခဲ့တယ်... အတွေးတစ်ချက်က ဘုရား အတွေးတစ်ချက်က မိစ္ဆာတဲ့... ငါ တွေ့ရမယ့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က ငါ့ကို သတ်မယ့် မိစ္ဆာလည်း ဖြစ်နိုင်တယ်တဲ့... ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါက အဲ့ဒါကို မယုံဘူး..."
ချောင်ကူယွင်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ဆက်လက်၍ ပြောဆိုသည်။
"အဲ့ဒီ ဗေဒင်ဆရာ နောက်ဆုံး ဘာဖြစ်သွားလဲဆိုတာ မင်း ခန့်မှန်းကြည့်စမ်း..."
ယဲ့ပိုင်သည် တိတ်ဆိတ်နေပေ၏။
ဤချောင်ကူယွင်သည် ရူးသွပ်နေပုံရပြီး အလွန်မောက်မာနေသော်လည်း ယဲ့ပိုင်၏မျက်လုံးထဲတွင်မူ ဤအချိန်၌ သူသည် အထက်အောက် ခုန်ပေါက်နေသော လူပြက်တစ်ယောက်နှင့် တူညီနေသည်။
ချောင်ကူယွင်သည် သူ၏အပြုအမူ မည်မျှထိ ရယ်စရာကောင်းနေသည်ကို လုံးဝသတိမထားမိခြင်းမှာ နှမြောစရာပင်။ ယဲ့ပိုင်၏တိတ်ဆိတ်နေမှုကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာထက်ရှိ အမူအယာ ပို၍အရှက်မဲ့လာတော့သည်။
"ကောင်လေး... မကြောက်ပါနဲ့... ဟုတ်ပြီလား... ငါ မင်းကို ပြောပြမယ်... နောက်ပိုင်းမှာ အဲ့ဒီဗေဒင်ဆရာက ရှစ်ပိုင်းခုတ်ထစ်ခံရပြီးတော့ လမ်းဘေးက တောခွေးရိုင်းတွေကို ကျွေးခံလိုက်ရတယ်..."
"မင်း ပြောလို့ ပြီးပြီလား..."
ယဲ့ပိုင်သည် မျက်နှာအမူအယာ မပြောင်းလဲဘဲ တိုးညှင်းစွာ ပြောဆိုလိုက်၏။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်လည်း ချောင်မိသားစုမှ လူများသည် ယခင်အတိုင်းရူးသွပ်ကြကာ အရှက်မဲ့ပြီး အပြစ်များဖြင့် ပြည့်နှက်နေကြဆဲပင်။ သို့သော် ချောင်မြောင်ရွှန်းသည် သူ့ရှေ့မှ ချောင်ကူယွင်ထက် အဆပေါင်း မရေမတွက်နိုင်အောင် ပို၍ဉာဏ်ကောင်းသည်။ အနည်းဆုံးအနေဖြင့် သူသည် မည်ကဲ့သို့ လူမျိုးကို ပြစ်မှားနိုင်ပြီး မည်ကဲ့သို့ လူမျိုးကို လုံးဝပြစ်မှား၍ မရကြောင်း သိရှိထားပေ၏။
ဤကဲ့သို့ ရိုးရှင်းသော တုံ့ပြန်မှုက ချောင်ကူယွင်အား အကြီးအကျယ် အရှက်ရစေသည်ဟု ခံစားရစေပြီး တစ်ချိန်တည်းမှာပင် သူ့ကို အလွန်အမင်း ရွံရှာသွားစေသည်။
တစ်ချိန်က သူ ဆက်ဆံခဲ့ဖူးသော လူများသည် ဤကဲ့သို့ အခြေအနေနှင့် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင် အလွန်အမင်း ကြောက်လန့်နေခဲ့ကြသည် မဟုတ်လော။
"ဒီကောင်ရဲ့ သတ္တိကတော့ တကယ်လေးစားစရာပဲ... ဒါပေမဲ့ သူက သိပ်ပြီးနုံအလွန်းတယ်... သူ့မှာ ထူးခြားတဲ့ စွမ်းအားတချို့ ရှိရင်တောင်မှ ချောင်မိသားစုရဲ့ ရှေ့မှောက်မှာတော့ သူက ထိခိုက်လွယ်နေတုန်းပဲ..."
အနောက်တွင် ပုန်းနေသော ဟန်ကျစ်က တီးတိုးရေရွတ်လိုက်သည်။ ယဲ့ပိုင်သည် အလွန် ဆန်းကြယ်သည်ဟု သူ ထင်မြင်သော်လည်း ချောင်ကူယွင်ကို အနိုင်ရမည်ဟု သူ တွေးထင်မထားချေ။
"တောက်... မင်းရဲ့အချိုးက ဘာလဲ..."
သက်တော်စောင့်တချို့သည် သည်းမခံနိုင်ကြတော့ချေ။ သူတို့သည် နံဘေးတွင် ရပ်နေရင်း ချောင်ကူယွင်အတွက် အရှက်ရသည်ဟု ခံစားနေကြရသည်။ သူတို့သည် ယဲ့ပိုင်ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်ကြသည်။
"ငါ ထင်တာတော့ ဒီကောင်က သေလမ်းရှာနေတာပဲ..."
"ဒီလို အဝတ်အစားမျိုး ဝတ်ထားရအောင် မင်းကိုယ်မင်း ဘယ်ခေတ်ကလို့ ထင်နေတာလဲ... ဟန်ကျစ်... မင်း အရင်က နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား... ငါ ထင်တာတော့ ဒီကောင်က အရူးပဲ..."
"သခင်လေးချောင်... သူ့ကို သတ်လိုက်ရအောင်..."
သက်တော်စောင့်တစ်ယောက်က ဦးဆောင်လိုက်ပြီးနောက် တခြားသက်တော်စောင့်များသည် တိတ်ဆိတ်မှုကို ဖြိုခွင်းရန် သူတို့၏လက်ဆစ်များကိုချိုးပြီး ပြောဆိုလိုက်ကြတော့သည်။
ချောင်ကူယွင်သည်လည်း အလွန်ဒေါသထွက်နေသဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူ၏ပါးစပ်မှ စကားတစ်ခွန်း ထွက်ပေါ်လာပေ၏။
"လှုပ်ရှားလိုက်ကြစမ်း... ဒီကောင်လေး အမှားအမှန်ကို နည်းနည်းလောက် သိသွားအောင် လုပ်ပေးလိုက်... သူ ဘယ်လောက်ထိကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
"ဝှစ်..."
စိတ်မရှည်စွာ စောင့်ဆိုင်းနေကြသော သက်တော်စောင့်များသည် စတင်၍ လှုပ်ရှားကြပြီး ချက်ချင်းဆိုသလိုပင် ယဲ့ပိုင်အား ဝိုင်းရံလိုက်ကြသည်။
ယဲ့ပိုင်သည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ မျက်နှာထက်တွင် တည်ငြိမ်သော အမူအယာရှိပြီး ရှေးဟောင်းရေတွင်းကို ကြည့်နေသည်။
သူ၏နံဘေးပတ်ဝန်းကျင်ကို အနက်ရောင် ဝတ်စုံဝတ် သက်တော်စောင့်များ ဝိုင်းရံထားချိန်တွင် သူ၏ပါးစပ်မှ တိုးညင်းစွာ ပြောဆိုလိုက်သည်။
"မသိနားမလည်တဲ့သူတွေက... ကြောက်ရွံ့မှု မရှိကြဘူးပဲ..."
ထိုသက်တော်စောင့်များ အားလုံးသည် ယဲ့ပိုင်၏စကားကို ကြားချိန်၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိကြသည်။
သို့သော်...
သူတို့၏ခန္ဓာကိုယ်များကမူ လှုပ်ရှားရန် ဝန်မလေးကြချေ။
"သတ်..."
"ချောင်မိသားစုကိုတောင် အရှက်ခွဲရဲတယ်လား... သူ့ကို သတ်ကြ..."
"သွားစို့..."
လူတစ်စုသည် ဒေါသတကြီး ဟိန်းဟောက်ကာ လက်သီးများကိုဆုပ်ပြီး ယဲ့ပိုင်ရှိရာသို့ ဦးတည်၍ ညှာတာမှုကင်းမဲ့စွာ ထိုးနှက်ရန် ကြိုးပမ်းလိုက်ကြသည်။
အနောက်ဘက်ရှိ ချောင်ကူယွင်သည် သူ၏လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
"ဟန်ကျစ်..."
"သခင်လေးချောင်..."
ဟန်ကျစ်က ကပျာကယာ ရှေ့သို့ တိုးလာသည်။
ချောင်ကူယွင်၏အသံမှာ အေးစက်ပြီး အထင်အမြင်သေးသောလေသံ ပေါက်နေသည်။
"မင်း ငါ့ကို ပြောတဲ့ ထူးဆန်းတဲ့လူဆိုတာ ဒါလား..."
ယဲ့ပိုင်ကို သက်တော်စောင့် အယောက်သုံးဆယ်က ဝိုင်းရံထားသည်ကို မြင်လိုက်ရပြီးနောက် ယဲ့ပိုင် သေချာပေါက် သေသွားလိမ့်မည်ဟု သူ တွေးတောလိုက်သည်။
"သခင်လေးချောင်... သူ အဆုံးသတ်သွားလောက်ပါပြီ... သူက ဒီလောက်ထိ မသိနားမလည်တဲ့ကောင် ဖြစ်နေမယ်လို့ ကျွန်တော် ထင်ထားခဲ့ဘူး..."
ဟန်ကျစ်၏နဖူးပေါ်တွင် ချွေးစေးများ ထွက်နေသည်။
ချောင်ကူယွင်က ပြောဆိုလိုက်၏။
"ဟမ့်... ထားလိုက်တော့... တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဒီနေ့ ငါ့ရဲ့ဒေါသအရှိန်က အရမ်းများနေတာနဲ့ အတော်ပဲ... ငါ့ရဲ့စိတ်ကို ငြိမ်သွားအောင် သူ့ကို သတ်လိုက်တာ အကောင်းဆုံးပဲ..."
ဟန်ကျစ်က သူ၏ပါးစပ်ကို ဖွင့်ဟကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်...
သို့သော် သူ ပါးစပ်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အရည်တချို့က သူ၏ပါးစပ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ညှီစို့စို့နှင့် စေးကပ်ကပ် ဖြစ်နေပြီး တစ်ချိန်တည်းမှာပင် သူ အသက်ရှုလိုက်ချိန်၌ ပျို့အန်ချင်စရာကောင်းသော သွေးညှီနံ့က သူ၏နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။
နောက်ထပ်အချိန်တခဏတွင် သူ သတိဝင်လာခဲ့သည်...
"ဘုန်း.."
ရှေ့မှအခြေအနေကို မြင်လိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး ခြေထောက်များသည် ရွှံ့ကဲ့သို့ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ အားအင်ချည့်နဲ့စွာ လဲကျသွားတော့သည်။