သော့
Vol. 12 Ch. 126
ချောင်မြောင်ရွှန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ပါးစပ် ပွင့်ဟသွားပေ၏။ မူလက ခန့်ညားထည်ဝါသော သူ၏ခန္ဓာကိုယ်သည် ပုံမှန်အဘိုးအိုတစ်ဦးကဲ့သို့ ပြောင်းလဲသွားတော့သည်။
သူ၏ရှေ့တွင် ဝတ်စုံပြည့်ဝတ်အမျိုးသားသည် မတ်တတ်ရပ်နေဆဲဖြစ်သော်လည်း ထိုအမျိုးသား၏မျက်နှာအမူအယာက ပို၍ပင် ဇဝေဇဝါ ဖြစ်နေသည်။
"မိသားစုခေါင်းဆောင်... ခင်ဗျား..."
ချောင်မြောင်ရွှန်း၏ မျက်နှာအမူအယာ ပို၍ဆိုးရွားလာသည်ကို မြင်လိုက်ရသဖြင့် ဝတ်စုံပြည့်ဝတ်အမျိုးသားက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"မင်း... ဒီဗီဒီယိုထဲက အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို ဘယ်လိုထင်လဲ..."
ချောင်မြောင်ရွှန်း၏ခန္ဓာကိုယ်သည် မသိစိတ်မှနေ၍ ဆိုဖာဘေးသို့ ဆုတ်သွားပြီးနောက် အားအင်ချည့်နဲ့စွာဖြင့် ထိုင်ချလိုက်သည်။
ဝတ်စုံပြည့်ဝတ်အမျိုးသားသည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပရိုဂျက်တာကို စက္ကန့်အနည်းငယ်ကြာခန့် စိုက်ကြည့်လိုက်၏။
"ကျွန်တော် သူ့ကို စတွေ့တုန်းကတော့ သာမန် ဆယ်ကျော်သက်တစ်ယောက်လို့ ထင်ရပေမဲ့ သေချာကြည့်မယ်ဆိုရင် သူက ကွဲပြားခြားနားနေတာကိုတွေ့ရတယ်..."
ဤနေရာတွင် သူ၏စကားသံ အနည်းငယ် ရပ်တန့်သွားသည်။
"ဆက်ပြောစမ်း..."
ချောင်မြောင်ရွှန်း၏အသံမှာ အနည်းငယ် အားနည်းနေပြီး သူသည် ယခင်ထက်ပို၍ အိုစာသွားသည့်အလားပင်။
ထိုအမျိုးသားက အသက်တစ်ချက် ရှူသွင်းပြီး ပြောဆိုသည်။
"သူက အရမ်းတည်ငြိမ်လွန်းတယ်... ကားပေါ်ကနေ ဆင်းလာကတည်းက သူက အရမ်းတည်ငြိမ်နေတာ... ဘေးပတ်လည်က ဧည့်သည်တွေရဲ့ အတင်းအဖျင်း စကားတွေပဲဖြစ်ဖြစ် လုံခြုံရေးတွေကြောင့်ပဲဖြစ်ဖြစ် သူက ဘာမှ မတုံ့ပြန်ဘူး... အထူးသဖြင့် သူ့ရဲ့ မျက်လုံးတွေက... ဒီပရိုဂျက်တာကနေတဆင့် ကြည့်တာတောင် နက်ရှိုင်းမှုတစ်ခုကို ကျွန်တော် ခံစားမိနေတယ်..."
"ဘာရှိသေးလဲ..."
ချောင်မြောင်ရွှန်း၏အသံ တဖြည်းဖြည်း တိုးညှင်းလာသည်။
ထိုအမျိုးသားက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။
"ကြည့်ရတာတော့ အစကတည်းက ဒီအရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေသလိုပဲ... ဒီလိုလူမျိုးက အရူးအစစ် ဖြစ်ရင်ဖြစ်... မဟုတ်ရင်... သူက အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထားတာပဲ... သူရဲ့မျက်လုံးထဲမှာ လူတွေအားလုံးက ပုရွက်ဆိတ်တွေလို ဖြစ်နေတာပဲ..."
ထိုစကားကို ကြားပြီးနောက် ဆိုဖာပေါ်တွင် ပျော့ခွေနေသော ချောင်မြောင်ရွှန်းက သူ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။
ခန်းမတစ်ခုလုံး၏အခြေအနေသည် တိတ်ဆိတ်သွားပေ၏။
နံဘေးရှိ အမျိုးသားသည် ပရိုဂျက်တာကို တွေဝေမိန်းမောစွာ ကြည့်နေပြီး အပိုစကားများ မပြောရဲချေ။
ဆိုဖာပေါ်တွင် ထိုင်နေသော ချောင်မြောင်ရွှန်းကမူ သူ၏မျက်လုံးထောင့်ရှိ ကြွက်သားများ ဆက်တိုက်လှုပ်ရှားနေသည်။
တစ်ခါတစ်ရံ သူ့ထံ၌ အပြုံးများဖြင့် ပြည့်နှက်နေကာ....
တစ်ခါတစ်ရံ ဒေါသများဖြင့် ပြည့်နှက်နေပြီး....
တစ်ခါတစ်ရံ သူ မျက်မှောင်ကြုတ်ထားပေ၏။
တစ်ခါတစ်ရံ သူ၏မျက်နှာအမူအယာ အနည်းငယ် ပြေလျော့သွားသည်။
တစ်ခါတစ်ရံ သူ၏ခန္ဓာကိုယ်က တုန်ရီနေသည်။
ထို့နောက် အရာအားလုံး တဖြည်းဖြည်း ငြိမ်သက်သွားကာ....
သုံးမိနစ်ခန့် ကြာပြီးနောက် နာမကျန်းဖြစ်နေသော အဘိုးအိုတစ်ဦးကဲ့သို့ ဖြစ်နေသည့် ချောင်မြောင်ရွှန်းသည် ချက်ချင်းထထိုင်ပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
သို့သော် ဤအချိန်တွင် သူသည် ယခင်နှင့် လုံးဝမတူတော့ချေ။ သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အချိန်၌ သူ့ထံတွင် ကြောက်ရွံ့မှုများ မရှိတော့ချေ။ထိုအစား သူ၏မျက်လုံးများသည် အလွန်အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကာ ယခင်က ပျောက်ကွယ်သွားခဲ့သော သူ၏အရှိန်အဝါများအားလုံး ပြန်လည်ရောက်ရှိလာတော့သည်။
"ရှောင်ထုန်... မင်း ငါ့ဆီမှာ အလုပ်လုပ်နေတာ ဘယ်နှစ်နှစ် ရှိပြီလဲ..."
ချောင်မြောင်ရွှန်းက အေးစက်စက်အသံဖြင့် မေးမြန်းလိုက်၏။
ဝတ်စုံပြည့်ဝတ်အမျိုးသားသည် တုန်လှုပ်သွားပြီး နောက်ထပ်ပြောမည့် စကားများသည် အလွန်အရေးကြီးမှန်း သိသောကြောင့် သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
"မိသားစုခေါင်းဆောင်... ကျွန်တော် ချောင်မိသားစုနဲ့အတူ ရှိနေတာ ၂၃ နှစ် ရှိပါပြီ..."
"ကောင်းပြီ... ငါ့မှာ မင်း လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်... မင်း လုပ်မှာလား..."
ချောင်မြောင်ရွှန်းက မေးမြန်းလိုက်၏။
ထိုအမျိုးသား အနည်းငယ် ထိတ်လန့်သွားပုံရသည်။
"မိသားစုခေါင်းဆောင်... ကျေးဇူးပြုပြီး အဲ့ဒီလို မပြောပါနဲ့... ကျွန်တော် ကျိုးထုန်ရဲ့ အသက်ကို မိသားစုခေါင်းဆောင်က ပေးခဲ့တာပါ... ဒါကြောင့် ကျွန်တော့်ရဲ့အသက်ကို ပေးရမယ် ဆိုရင်တောင် တာဝန်ကို လုပ်ဆောင်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး..."
"အရမ်းကောင်းတယ် ရှောင်ထုန်... ငါ ဒီနှစ်တွေအတွင်းမှာ လုံခြုံရေးအတွက် ပိုက်ဆံအများကြီး သုံးခဲ့တာ ဘာကြောင့်လဲဆိုတာ မင်း သိလား... တကယ်တော့ ဗီဒီယိုထဲက ကောင်လေး ဒီကို လာလိမ့်မယ်ဆိုတာ ငါ ကြိုသိနေခဲ့တာ ကြာပြီ... သူက သာမန်လူ မဟုတ်ဘူး... သူက အရမ်းစွမ်းအားကြီးတယ်... မင်း လူတချို့ ခေါ်သွားပြီး သူ့ကို သတ်ပစ်လိုက်စမ်း..."
ချောင်မြောင်ရွှန်း၏နှာခေါင်း အနည်းငယ် လှုပ်ရှားသွားပြီး သူ၏မျက်လုံးထောင့်ရှိ အရေးအကြောင်းများ တွန့်ချိုးသွားကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း အငွေ့အသက်များ သူ၏မျက်လုံးထဲမှ ထွက်ပေါ်လာသည်။
ကျိုးထုန်က ချက်ချင်းခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့... မိသားစုခေါင်းဆောင်..."
သို့သော် သူ၏စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ ပရိုဂျက်တာထဲမှ ကောင်လေးသည် အသက် ၂၀ ထက် မပိုချေ။ မိသားစုခေါင်းဆောင်သည် ယနေ့တစ်ရက်တည်းအတွက် ဆယ်စုနှစ်များစွာကြာအောင် လုံခြုံရေး တပ်ဖွဲ့များကို ဖြန့်ကျက်ထားခဲ့သည် ဆိုခြင်းမှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ချောင်မြောင်ရွှန်း၏ နောက်လိုက်အဖြစ် ၂၃ နှစ်ကြာ နေထိုင်ပြီးနောက် အဘိုးအိုထံတွင် မပြောချင်သော အရာတချို့ ရှိကြောင်း ကျိုးထုန်က ကောင်းစွာ နားလည်သဖြင့် သူ မမေးခြင်းက အကောင်းဆုံးပင်။
ကျိုးထုန်သည် နောက်သို့လှည့်ထွက်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အေးစက်မှု ထင်ဟပ်နေကာ ချောင်မိသားစုဗီလာ၏အပြင်ဘက်သို့ အလျင်အမြန် လျှောက်လှမ်းသွားတော့သည်။
ကျိုးထုန် ထွက်ခွာသွားချိန်၌....
ချောင်မြောင်ရွှန်းသည် သူ၏လက်တစ်ဖက်ကို နောက်ပစ်လိုက်ရာ ရွှေသော့တစ်ချောင်းသည် တခြားလက်တစ်ဖက်တွင် မသိမသာ ထွက်ပေါ်လာပြီး သူ၏လက်ချောင်းများကြားတွင် ဖြည်းညင်းစွာ ဆော့ကစားနေလိုက်၏။
သို့သော် ပရိုဂျက်တာထဲမှ ယဲ့ပိုင်ကို စိုက်ကြည့်နေသော သူ၏အေးစက်စက်မျက်လုံးများတွင် ခေါင်းမာမှုများနှင့် ပြည့်နှက်နေသည်။
"နှစ်ပေါင်း ၈၀... နှစ်ပေါင်း ၈၀ တိတိ... ငါ့ရဲ့မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ဘူးဆိုရင် မင်း တကယ် ကြီး ပြန်ပေါ်လာလိမ့်မယ်လို့ ငါ ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး... ဒီလောကကြီးထဲမှာ ထာဝရအသက်ရှင်နေတဲ့သူဆိုတာ တကယ် ရှိလို့လား..."
ချောင်မြောင်ရွှန်းသည် ဤစကားကို ပြောလိုက်ချိန်တွင် သူ၏မျက်လုံးများ၌ အစစ်အမှန်စိတ်ဝေဒနာရှင်များတွင်သာ တွေ့ရလေ့ရှိသည့် ရူးသွပ်မှုမျိုးကို ထုတ်ဖော်ပြသနေသည်။
"ငါ အိုနေပြီ... ငါ အသက် ၁၀၀ တောင် ရှိနေပြီ... အစတုန်းက ဖာရိုဘုရင် ပြောခဲ့တာတွေအားလုံးက အမှန်တရား ဖြစ်ပုံရတယ်... ရှေးဟောင်းလမ်းကြားထဲမှာ သဲလွန်စတွေ ရှိနေရမယ်... လမ်းကြားကို ဝယ်ယူဖို့အတွက် ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရပေမဲ့ ငါက ကောင်းကင်ကို အနိုင်ယူမယ့်သူ ဖြစ်တဲ့အတွက် ဒါက ထိုက်တန်ပါတယ်..."
"ဒီရွှေသော့က လျှို့ဝှက်ချက်တွေ အားလုံးကို တကယ်ကြီး ဖွင့်ပေးနိုင်မလား..."
ချောင်မြောင်ရွှန်း၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။ ထိုသို့ပြောဆိုလိုက်ချိန်တွင် သူက နောက်သို့ပစ်ထားသော လက်ကို ရုတ်သိမ်းလိုက်ပြီး သော့ကို သူ၏မျက်လုံးရှေ့သို့ ယူလာလိုက်၏။
သူ၏အကြည့်သည် ရွှေသော့ဆီသို့ ရောက်နေသော်လည်း...
သူ၏အတွေးများကမူ အတိတ်က ဖြစ်ရပ်တစ်ခုဆီသို့ လွင့်မျောသွားတော့သည်။
...
"ကျွန်တော့်ကို ကယ်ပါ..."
လွန်ခဲ့သော နှစ်ပေါင်း ၈၀ က လမ်းကြားတစ်ခုထဲတွင် သွေးများဖြင့် ဖုံးလွှမ်းနေသော လူငယ်တစ်ဦးသည် ခြံဝန်းအမှတ် ၉၉ ထဲသို့ လမ်းမှား ရောက်ရှိသွားခဲ့သည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် ခြံဝန်းထဲတွင် ရပ်ကာ စုတ်တံဖြင့် စာရေးနေသည်အား သူ မြင်တွေ့မိပေ၏။
ထိုလူငယ်၏မျက်လုံးများမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ၏အသံမှာ အက်ရှရှဖြစ်နေသည်။
ကောင်လေးက စာရေးခြင်းကို ရပ်လိုက်ရာ ခြံဝန်းအမှတ် ၉၉ ၏တံခါး အလိုအလျောက် ပိတ်သွားတော့သည်။
လူငယ်ကို လိုက်လံ သတ်ဖြတ်နေသူများသည် တံခါးကိုပင် မခေါက်ကြဘဲ ဖြတ်ကျော်သွားကြ၏။
"မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ..."
ကောင်လေး၏အသံမှာ အလွန် တိုးညှင်းလှသည်။
"ချောင်စန်း..."
လူငယ်က ဖျော့တော့တော့အသံဖြင့် ပြန်ဖြေလိုက်သည်။
ကောင်လေးက အချိန်တစ်စက္ကန့်ကြာမျှ စဉ်းစားလိုက်သည်။
"ဒီနေ့ကစပြီး မင်း နာမည်က ချောင်မြောင်ရွှန်း ဖြစ်သွားပြီ... ဒီနေ့ မင်း မသေနိုင်ဘူး... အနာဂတ်မှာ မြို့တစ်မြို့ရဲ့ ဧကရာဇ် ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ မင်း လုပ်ပေးရမယ့် ကိစ္စတစ်ခု ရှိတယ်..."
"ကျွန်တော့်ကို ကယ်တင်နိုင်သရွေ့ ဘာမဆို သဘောတူပါတယ်..."
လူငယ်သည် များစွာမစဉ်းစားတော့ချေ။
ကောင်လေးက လက်ရာမြောက်သော သော့ပုံစံ ရေးဆွဲထားသည့် စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။
"ဒီသော့ကို ရှာ... နောက်ထပ် နှစ် ၈၀ ကြာရင် ငါ လာယူမယ်... အဲ့ဒီအချိန်ကျရင် မင်းရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်နေလိမ့်မယ်... မှတ်ထားပါ... မင်းမှာ ဘယ်လောက်ပဲ အာဏာရှိရှိ အဲ့ဒီနေ့ကို ငြိမ်းငြိမ်းချမ်းချမ်း စောင့်ဆိုင်းတာက အကောင်းဆုံးပဲ... မဟုတ်ရင် ကပ်ဘေး ကျရောက်လိမ့်မယ်..."
"ဟုတ်ကဲ့..."
လူငယ်က ခေါင်းညိတ်ပြပြီး စာရွက်ကို ယူလိုက်သည်။
စာရွက်ကို လက်ခံရရှိလိုက်သည့် အချိန်၌ သူ ရရှိထားသော ဒဏ်ရာများသည် မယုံနိုင်စရာကောင်းသော အမြန်နှုန်းဖြင့် အလိုအလျောက် ပျောက်ကင်းသွားတော့သည်။
သုံးမိနစ် ကြာပြီးနောက်.....
လူငယ်သည် ခြံဝန်းထဲတွင် ထိတ်လန့်တကြား မတ်တတ်ရပ်နေပြီး ထိုကောင်လေးက ထူးဆန်းသော လူတစ်ယောက် ဖြစ်ကြောင်း ခံစားလိုက်ရသည်။
ကောင်လေး၏စားပွဲပေါ်ရှိ ပန်းချီကားချပ်ကို မြင်လိုက်ရသည့်အချိန်၌ သူက သတ္တိမွေးပြီး မေးမြန်းလိုက်၏။
"လူကြီးမင်း... ဒီပန်းချီကားချပ်ကို ကျွန်တော့်ကို ပေးလို့ ရမလား..."
"အင်း..."
ကောင်လေးက ပြန်ဖြေလိုက်သည်။
လူငယ်သည် ပန်းချီကားချပ်ကို ယူလိုက်ရာ ထိုအရာပေါ်တွင် စာလုံးတချို့ ရေးသားထားသည်ကို မြင်တွေ့မိပေ၏။
'ကောင်းကင်က လူကို အနိုင်ယူမည်... လူက ကောင်းကင်ကို အနိုင်ယူမည်...'
ဗီလာထဲတွင် ချောင်မြောင်ရွှန်း၏ အတွေးများ တဖြည်းဖြည်း လက်ရှိကာလသို့ ပြန်လည်ရောက်ရှိလာသည်။ လွန်ခဲ့သော နှစ် ၈၀ က ဖြစ်ခဲ့သော်လည်း ထိုအမှတ်တရကို သူ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။ သို့သော် ထိုနှစ်က ကျေးဇူးတရားများသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။
ဤအချိန်တွင် သူ၏မျက်လုံးများ၌ ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"မင်း လိုချင်တဲ့အရာက ငါ့ရဲ့လက်ထဲမှာ ရှိတယ်... ငါက ကတိတည်ခဲ့တယ်... ဒါပေမဲ့ မင်း ရနိုင် မရနိုင် ဆိုတာကတော့ မင်းရဲ့ အရည်အချင်းအပေါ်မှာ မူတည်တယ်... လူက ကောင်းကင်ကို အနိုင်ယူမယ်ဆိုတဲ့ စကားကို ငါ အမြဲတမ်း မှတ်ထားတယ်... ငါ ချောင်စန်းက တစ်ဘဝလုံး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးထဲမှာ နေခဲ့တယ်... သစ္စာတရားက အမြဲတမ်း ပထမ ဖြစ်ပေမဲ့ ငါက မင်းလိုပဲ ရှင်သန်ချင်တယ်... ဒါကြောင့် ဒီတစ်ကြိမ်မှာ ငါ့ကို အပြစ်မတင်ပါနဲ့..."
ထိုသို့ ပြောဆိုပြီးနောက် ချောင်မြောင်ရွှန်းသည် မတ်တတ်ရပ်ကာ ဗီလာဝန်း၏အပြင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ပရိုဂျက်တာမြင်ကွင်းထဲတွင် ကျိုးထုန်သည် ဗီလာဝန်း၏တံခါးဝသို့ ရောက်ရှိနေလေပြီ။