← Chapters

ကံကြမ္မာ

Vol. 12 Ch. 127

ကံကြမ္မာ

Vol. 12 Ch. 127

အီဂျစ်နိုင်ငံ... လျှို့ဝှက်ဆန်းကြယ်သော ခြံဝန်းကြီးတစ်ခုထဲတွင်....

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် ပန်းများ ဝေဆာနေသော ကွင်းပြင်တစ်ခု၌ တပြိုင်နက်တည်း မတ်တတ်ရပ်နေကြ၏။

အမျိုးသားတစ်ယောက်က ငွေဖြူတောင်ဝှေးကို ကိုင်ဆောင်ထားပြီး နောက်တစ်ယောက်က ရွှေတောင်ဝှေးကို ကိုင်ဆောင်ထားသည်။

နေရောင်ခြည်သည် ဖြာကျနေကာ...

အမျိုးအစားစုံလင်သော ပန်းများသည် ပို၍တောက်ပသော အရောင်အသွေးများဖြင့် ဖူးပွင့်နေကြပြီး ဤခြံဝန်းထဲမှ ရှုခင်းကို လှပပြီး ရင်သပ်ရှုမောဖွယ် ဖြစ်နေစေသည်။

လေထဲတွင် သင်းပျံ့သော ရနံ့များပင် ရှိနေလေ၏။

လူအများသည် ဤနေရာကို ကြည့်မည်ဆိုပါက အီဂျစ်နိုင်ငံ၏ သဲကန္တာရထဲတွင် တည်ဆောက်ထားကြောင်း မည်သူမျှ ထင်မှတ်ထားကြမည် မဟုတ်ပေ။

"ဘိုးဘေး... မနေ့ညက ကျွန်တော်တို့ရဲ့ အင်အားစုတွေအားလုံး စပြီးလှုပ်ရှားနေပါပြီ... ဒါပေမဲ့ ကျွန်တော်တို့ လှုပ်ရှားပြီးတာနဲ့ တစ်ကမ္ဘာလုံးက မြေအောက်အင်အားစုတွေဆီမှာ ထူးဆန်းတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတယ်... ပြီးတော့ ပိုပြီးကြောက်ဖို့ကောင်းတဲ့ အင်အားစုတွေ နိုးထလာနေတယ်လို့တောင် ကျွန်တော် ခံစားမိနေတယ်..."

ထိုလူနှစ်ယောက်အနက် ငွေဖြူတောင်ဝှေး ကိုင်ဆောင်ထားသော အမျိုးသားက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။ သူ၏အသံသည် အက်ရှပြီး အေးစက်တင်းမာနေပေ၏။

"သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့တာလေ... ဒါကြောင့် သူက စိတ်ကူးလို့ မရနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ သဘာဝကျပါတယ်..."

ရွှေတောင်ဝှေး ကိုင်ဆောင်ထားသော အမျိုးသားက ပြောဆိုသည်။ သူ၏အသံသည် အလွန်ပြေပြစ်သော်လည်း ထိုအသံထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ပါဝင်နေပေ၏။

"ဘိုးဘေး... သူက တကယ်ပဲ အဲ့ဒီလောက်ထိ စွမ်းအားကြီးတာလား..."

"ငါတို့ ထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းတယ်..."

"ဒါဆိုရင်... ဘိုးဘေး... တကယ်လို့ ဘိုးဘေးသာဆိုရင် အနိုင်ရနိုင်ခြေ ဘယ်လောက် ရှိမလဲ..."

"တစ်သောင်းပုံ တစ်ပုံတောင် မရှိဘူး..."

ဟူး... ဟူး...

အေးစက်သော လေတစ်ချက်သည် တိုက်ဆိုင်စွာဖြင့် တိုက်ခတ်လာသည်။

ငွေဖြူတောင်ဝှေး ကိုင်ဆောင်ထားသော အမျိုးသားသည် သူ၏ခန္ဓာကိုယ်မှ အပူချိန်များ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးအဖြေသည် သူ ကြားချင်သော အဖြေ မဟုတ်သည်မှာ ထင်ရှားသော်လည်း ဘိုးဘေး ပြောသမျှ အရာအားလုံးသည် အမြဲတစေ မှန်ကန်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

ထိုခြံဝန်းထဲတွင် ဤအချိန်၌ အလွန်တိတ်ဆိတ်သွားတော့သည်။

...

ချောင်မိသားစုဗီလာ၏ ဝင်ပေါက်တွင်....

ယဲ့ပိုင်သည် ရိုးရှင်းစွာ မတ်တတ်ရပ်နေသော်လည်း သူ၏အရှိန်အဝါသည် နှိုင်းယှဥ်စရာမရှိလောက်အောင် သာလွန်ထူးကဲနေပေ၏။

နံဘေးပတ်လည်ရှိ လူများသည် သူ့ကို ကြည့်လိုက်မိချိန်၌ သူတို့၏နှလုံးသားထဲတွင် အလွန် ထူးဆန်းသော ခံစားချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုလူငယ်လေးနှင့် သူတို့ကိုယ်သူတို့ နှိုင်းယှဉ်ကြည့်လိုက်ချိန်၌ သူတို့အားလုံး အလွန်နိမ့်ကျသည်ဟု ခံစားလိုက်ကြရသည်။

သို့သော်...

ချောင်မိသားစု၏ လုံခြုံရေးဝန်ထမ်းများ ရောက်ရှိလာပြီးနောက်တွင်ပင် ရှေ့သို့မတိုးရဲကြချေ။

သူတို့သည် ယဲ့ပိုင်ကို တစ်ယောက်ပြီးတစ်ယောက် စိုက်ကြည့်နေကြပြီး လေထုထဲတွင် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေစေသည်။

ချောင်ကူယွင်သည် အနောက်တွင် ပုန်းအောင်းနေပေ၏။ ကြောက်ရွံ့မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ၏ပုံစံသည် ရူးသွပ်နေသကဲ့သို့ ဖြစ်နေကာ သူ၏ပါးစပ်မှ အက်ရှရှအော်ဟစ်သံသည် အချိန်တခဏမျှပင် ရပ်တန့်မသွားချေ။

"သတ်... သူ့ကို အမြန် သတ်လိုက်..."

သူသည် နံဘေးရှိ လုံခြုံရေးဝန်ထမ်းများကိုကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ အက်ရှရှအသံသည် ဤတိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသည်။

လုံခြုံရေးဝန်ထမ်းများသည် ယဲ့ပိုင် ပုံမှန် မဟုတ်ကြောင်း ခံစားမိသော်လည်း ချောင်ကူယွင်၏ ဒေါသအောက်တွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကာ သူတို့၏မျက်နှာများပေါ်တွင် သတ်ဖြတ်လိုစိတ် အနည်းငယ် ထင်ဟပ်နေပြီး ယဲ့ပိုင်ထံသို့ တဖြည်းဖြည်း ချဥ်းကပ်သွားကြသည်။

သို့သော် ထိုအချိန်မှာပင် ဗီလာဝန်းထဲမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ကောင်လေး... မင်းက ချောင်မိသားစု ခေါင်းဆောင်ကို ရှာနေတာလို့ ငါ ကြားတယ်..."

ထိုအသံသည် အနည်းငယ် ဒေါသထွက်နေပုံ ရပေ၏။

"ဖြောက်... ဖြောက်..."

ထိုလူ လက်သီးဆုပ်လိုက်သည့်အချိန်၌ အဆစ်များမြည်သံကိုပင် လူအများမှ ကြားလိုက်ရသည်။

လုံခြုံရေးဝန်ထမ်းများသည် ထိုအသံကို ကြားလိုက်ရသည့်အချိန်၌ သူတို့အားလုံး ချက်ချင်းရပ်တန့်သွားကြပြီး ဗီလာဝန်းဘက်သို့ ရိုသေလေးစားစွာ ကြည့်လိုက်ကြ၏။

စိတ်ဖောက်ပြန်နေသော ချောင်ကူယွင်ပင်လျှင် ဤအသံကို ကြားလိုက်ရသည့်အချိန်၌ ငြိမ်သက်သွားပြီးနောက် သူ၏မျက်လုံးများ တောက်ပလာကာ ဝမ်းသာသော အသံဖြင့် ပြောဆိုလိုက်သည်။

"ဦးလေးကျိုး... ဒီလူက အရူးပဲ... သူက ကျွန်တော့်ရဲ့ သက်တော်စောင့်တွေအားလုံးကို သတ်ပစ်လိုက်တာ... ခင်ဗျား ကျွန်တော့်အတွက် လက်စားချေပေးရမယ်..."

အစောပိုင်းက စကားပြောဆိုလိုက်သူမှာ ကျိုးထုန်ပင်။

သူသည် ချောင်မိသားစုဗီလာဝန်း၏ အိမ်တော်ထိန်း ဖြစ်ရုံသာမက လုံခြုံရေးတပ်ဖွဲ့အားလုံး၏ ခေါင်းဆောင်လည်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ ငယ်စဉ်ကတည်းက ချောင်မြောင်ရွှန်းသည် သူ့အား တိုက်ခိုက်ရေးစွမ်းရည် အမျိုးမျိုးကို သင်ယူနိုင်ရန် ငွေအမြောက်အမြား အကုန်အကျ ခံခဲ့သည်။

လက်ဗလာဖြင့် လူတစ်ရာကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်းသည် သူ့အတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။

ထို့ကြောင့် ချောင်ကူယွင်သည် သူ့ကိုမြင်လျှင်ပင် ဦးလေးကျိုးဟု ရိုသေစွာ ခေါ်ဆိုရသည်။ လုံခြုံရေးဝန်ထမ်းများလည်း စိတ်သက်သာရာ ရသွားကြ၏။

လူအုပ်ထဲတွင် ပုန်းအောင်းနေပြီဖြစ်သော ဟန်ကျစ်ပင်လျှင် ကျိုးထုန် ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ သူ၏ကြောက်ရွံ့မှုများ များစွာလျော့ပါးသွားပြီး တီးတိုးရေရွတ်လိုက်သည်။

"တော်ပါသေးရဲ့... မစ္စတာကျိုးကိုယ်တိုင် ထွက်လာပြီ... ပြီးတော့ အခု လူတွေ ဒီလောက်ထိ အများကြီး ရှိနေမှတော့ နောက်ဆုံးမှာ အဆင်ပြေသွားပါပြီ... သူ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး အဲ့ဒီအရူးက လူတွေ ဒီလောက်ထိအများကြီးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး... ခုဏက သူက ချောင်မိသားစု ခေါင်းဆောင်ရဲ့ နာမည်ကိုတောင် မောက်မောက်မာမာ ခေါ်လိုက်သေးတယ်... ဒီအရူးကတော့ လုံးဝသေပြီပဲ..."

"သူ သေပြီ..."

အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

"မစ္စတာကျိုး ထွက်လာပြီပဲ... အရင်တုန်းကလည်း မျက်စိမပါတဲ့ လူတချို့က ချောင်မိသားစုအိမ်ကိုလာပြီး ပြဿနာရှာဖူးတယ်... အကျော်ကြားဆုံး ကိစ္စတစ်ခုကတော့ အဲ့ဒီအချိန်တုန်းက အလျင်မြန်ဆုံး မြင့်တက်လာနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်က ချောင်မိသားစုအိမ်ကို ဝင်စီးခဲ့တာပဲ... ချောင်မိသားစုကို နည်းနည်းထိခိုက်အောင် လုပ်ပြီးတဲ့နောက်မှာ အဲ့ဒီခေါင်းဆောင်က မစ္စတာကျိုးရဲ့ လက်ဗလာနဲ့တင် နှစ်ခြမ်းဆွဲဖြဲခံလိုက်ရတာ... အဲ့ဒီမြင်ကွင်းက တီဗီထဲကထက်တောင် ပိုပြီးချဲ့ကားထားသလိုပဲ..."

အသက် ၃၀ အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦးက အသံတိုးတိုးဖြင့် ပြောဆိုသည်။

"အင်း... လွန်ခဲ့တဲ့ သုံးနှစ်လောက်က အရမ်းမောက်မာပြီးတော့ ပွဲ ၂၀ ဆက်တိုက် အနိုင်ရထားတဲ့ နိုင်ငံတကာ သိုင်းချန်ပီယံ တစ်ယောက် ရှိခဲ့တာ မှတ်မိကြလား... သူ့ရဲ့နာမည်က ဘာလဲ ဆိုတာတော့ ငါ မေ့နေပြီ... ဒါပေမဲ့ သူက ချောင်မိသားစုကို ပြစ်မှားမိတယ်လို့ ကြားတယ်... ပြိုင်ပွဲတစ်ခုမှာ ချောင်မိသားစုက အဆက်အသွယ်တချို့သုံးပြီး မစ္စတာကျိုးကို ကြိုးဝိုင်းပေါ် တက်ခိုင်းလိုက်တယ်... အဲ့ဒီအချိန်တုန်းက ဘယ်သူမှ မစ္စတာကျိုးကို အကောင်းမမြင်ခဲ့ကြဘူး... ဒါပေမဲ့ ရလဒ်ကတော့ မရေမတွက်နိုင်တဲ့ ချန်ပီယံတွေက မစ္စတာကျိုးက သူတို့ရဲ့ခေါင်းတွေကိုရိုက်သတ်တာ ခံလိုက်ရတယ်... အဲ့ဒီ ရှုံးနိမ့်သွားတဲ့ လူတွေရဲ့ ခေါင်းပေါ်မှာ အမာရွတ်တစ်ခုမှ မကျန်ခဲ့ဘူး... နောက်ပိုင်း သူတို့ရဲ့အလောင်းတွေကို ရင်ခွဲစစ်ဆေးကြည့်မှ ခေါင်းထဲက ဦးနှောက်တွေက အနှစ်တွေလို ဖြစ်သွားတာ တွေ့ရတယ်တဲ့..."

သူ၏နံဘေးနား အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက မနာလိုသော မျက်လုံးများဖြင့် ဝင်ရောက်ပြောဆိုသည်။

ကျိုးထုန် ထွက်ပေါ်လာခြင်းနှင့်အတူ နံဘေးပတ်လည်မှအသံများ ပြန်လည်၍ဆူညံလာတော့သည်။

ယဲ့ပိုင်ကမူ...

သူသည် ဤအသံများ အားလုံးကို ကြားနေရသော်လည်း သူ့အား အနည်းငယ်မျှ အနှောင့်အယှက် မဖြစ်စေနိုင်ချေ။

သူ၏ နူးညံ့သောအကြည့်သည် ကျိုးထုန်ဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိသွားပေ၏။

အစောပိုင်းက စကားပြောဆိုလိုက်သော ကျိုးထုန်သည် ယဲ့ပိုင်၏အကြည့်ကို ခံစားလိုက်ရပြီး အချိန်တခဏကြာမျှ သူ၏ခန္ဓာကိုယ် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သေမင်း၏စိုက်ကြည့်ခြင်းကို ခံရသည့်အလားပင်။ သို့သော် အပြင်ပန်းတွင်မူ သူသည် အလွန်သန်မာဟန်ဆောင်နေဆဲ ဖြစ်ပေ၏။

သူ ပါးစပ်ဟကာ နံဘေးရှိ လုံခြုံရေးဝန်ထမ်းများကို ယဲ့ပိုင်အား အရေးယူရန် ပြောလိုသည်။

သို့သော် သူ ပါးစပ်ဖွင့်လိုက်သည့်အချိန်၌ စကားတစ်ခွန်းမျှ ထွက်မလာချေ။

ယဲ့ပိုင်၏အကြည့်သည် ကျိုးထုန်ဆီမှ ရွေ့လျားသွားပြီး ဗီလာဝန်း၏ဝင်ပေါက်ထံသို့ တိတ်ဆိတ်စွာ ကြည့်လိုက်၏။

"ကံကြမ္မာဆိုတာ အမြဲတမ်း ကိုယ့်ရဲ့လက်ထဲမှာပဲ ရှိတယ်... ဒါပေမဲ့ ဟူး... တချို့လူတွေက လမ်းပြပေးရင်တောင် သူ့ရဲ့ ကံကြမ္မာက ပြောင်းလဲမှာ မဟုတ်ဘူး..."

နံဘေးပတ်လည်မှ အဆက်မပြတ် ဝေဖန်နေကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းများသည် ယဲ့ပိုင်၏စကားများကို ကြားလိုက်ရသည့်အချိန်၌ ဇဝေဇဝါ ဖြစ်သွားကြသည်။

သို့သော် ဗီလာဝန်း၏အထွက်သို့ လျှောက်လှမ်းလာသော ချောင်မြောင်ရွှန်းသည် ဤစကားကို ကြားလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားသည်။ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ် ထင်ဟပ်နေသည်။ သို့ရာတွင် မကြာမီမှာပင် သူ၏မျက်လုံးများတွင် ရူးသွပ်မှုအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာပေ၏။

'ငါ့ကို အပြစ်မတင်ပါနဲ့... ငါက အသက်ရှည်ရှည် နေချင်ရုံပါ... နောက်ဆုံး ဘယ်သူ သေမလဲဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး...'

သူ၏စိတ်ထဲတွင် တွေးတောလိုက်သည်။

ချောင်မြောင်ရွှန်းသည် လူအုပ်ကြီး၏အနောက်တွင် မတ်တတ်ရပ်နေပြီး ရွှေသော့ကို သူ၏လက်ထဲတွင် ကိုင်ထားသော်လည်း သူ၏ပါးစပ်မှ ညှာတာမှုကင်းမဲ့စွာ အော်ဟစ်လိုက်သည်။

"ရှောင်ထုန်...မင်း ဘာလုပ်ဖို့ စောင့်နေတာလဲ... သူ့ကို ချက်ချင်း သတ်စမ်း..."

အခင်းဖြစ်ပွားရာနေရာရှိ အခြေအနေသည် ရုတ်တရက် သက်ဝင်လှုပ်ရှားလာတော့သည်။

All Chapters