ဉာဏ်ကောင်းခြင်း
Vol. 12 Ch. 128
ဟူး... ဟူး... ဟူး...
နေ့လယ်ခင်းအချိန်ဖြစ်ပြီး နေရောင်ခြည်သည် ထွန်းလင်းတောက်ပနေပေ၏။
သို့သော် ချောင်မိသားစုဗီလာဝန်း၏ အပြင်ဘက်တွင် အေးစက်သော လေပြင်းတစ်ချက် မညှာမတာ တိုက်ခတ်နေသည်။
စိုက်ပျိုးထားသော သစ်ပင်များမှ သစ်ရွက်များတစ်ရွက်ပြီးတစ်ရွက် ကြွေကျလာသည်။
မွေးနေ့ပွဲကိုလာသော လူကြီးလူကောင်းဧည့်သည်များသည် အခင်းဖြစ်ပွားရာ နေရာရှိ အခြေအနေ အလွန်တင်းမာနေသည်ကို သိသာထင်ရှားစွာ ခံစားနေကြရသည်။ သူတို့၏နဖူးပေါ်တွင် ချွေးများ ထွက်နေသော်လည်း သူတို့၏ခန္ဓာကိုယ်များအေးစက်နေသကဲ့သို့ ခံစားမိပေ၏။
"ကောင်စုတ်... မင်း သေပြီ... ငါ မင်းရဲ့ဒရိုင်ဘာလုပ်ပြီး ဒီကို ပို့ပေးလိုက်တာက မင်းကို ကြောက်လို့များ ထင်နေလား... ငါ မင်းကို ဒီနေရာကို ပို့လိုက်တာက ဒီရည်ရွယ်ချက်ပဲကွ... ဟား ဟားဟား..."
ချောင်မြောင်ရွှန်း၏ အသံကို ကြားပြီးနောက် ချောင်ကူယွင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"အဘိုးချောင် ရောက်လာပြီ..."
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ပြုံးလိုက်ပြီးနောက် သူမ၏မျက်နှာတွင် လှောင်ပြောင်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပေ၏။
"အဲ့ဒီအရူး... ဒီတစ်ခါတော့ လုံးဝ သေပြီ... သူ ချောင်မိသားစုအိမ်ကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ်လို့ ငါ မယုံဘူး...ဟူး..."
ဟန်ကျစ်က အသက်ရှူသွင်းလိုက်ပြီး သူ၏နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။
"နောက်ဆုံးတော့ ဘေးကင်းသွားပြီ..."
"မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း... နောက်ဆက်တွဲ ဖြစ်လာမယ့်အရာကို မင်းတို့ မမြင်တာ ပိုကောင်းလိမ့်မယ်..."
ချောင်မြောင်ရွှန်း၏အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျိုးထုန်သည် ရုတ်တရက် တုံ့ပြန်လိုက်ပြီး သူ၏နံဘေးရှိ လူများကို ချက်ချင်းအော်ဟစ်လိုက်သည်။
သူ၏စကားများသည် အလွန်ထိရောက်မှုရှိသဖြင့် နံဘေးပတ်လည်ရှိ လူများသည် အမြန်ဆုံးအရှိန်ဖြင့် လူစုခွဲသွားကြ၏။
သူတို့သည် စိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်ရှုချင်ကြသော်လည်း တုံးအခြင်း မရှိကြပေ။ ဤအချိန်တွင် မည်သူမျှ မလိုလားအပ်သော ပြဿနာများကို ထပ်မံ၍ မဖြစ်ပေါ်စေချင်ကြပေ။
ထိုလူများ နောက်ဆုတ်သွားသည်နှင့်အမျှ ချောင်မိသားစုမှ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ထားသော လုံခြုံရေးအင်အားစုများသည် နောက်ဆုံးတွင် ရှေ့ထွက်လာကြတော့သည်။
"ရှပ်... ရှပ်.. ရှပ်..."
ခြေသံများသည် ဗီလာဝန်းထဲမှ ထွက်ပေါ်လာပေ၏။
ထိုလူများ၏အရေအတွက်သည် အလွန်များပြားပြီး သူတို့အားလုံးသည် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြကာ သူတို့၏ မျက်နှာများမှ ပြင်းထန်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။
တချို့လူများသည် သူတို့လက်ထဲတွင် တစ်မီတာကျော် ရှည်သော နံပါတ်တုတ်များကို ကိုင်ဆောင်ထားကြ၏။
တချို့လူများ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
တချို့လူများကမူ လက်သီးများကို ဆုပ်ထားကြသည်။
ဤလူများ အတူတကွ ပြေးထွက်လာချိန်တွင် နောက်ဆုတ်သွားသော ဂုဏ်သရေရှိ လူကြီးလူကောင်းများပင်လျှင် တံတွေးမြိုမချဘဲ မနေနိုင်ကြတော့ချေ။ သူတို့၏ နဖူးပေါ်တွင် ချွေးစေးများ မရပ်မနား ထွက်လာတော့သည်။
"အဲ့ဒီလူထွားကြီးက အရင်တုန်းက လူတွေကို လူမြင်ကွင်းမှာ ရိုက်သတ်ခဲ့တဲ့ ဆန်ဒါလက်ဝှေ့ချန်ပီယံနဲ့ တူတယ်... သူက ထောင်မကျဘဲ ချောင်မိသားစုဆီမှာ လုံခြုံရေး လာလုပ်နေတာပါလား..."
"သူက ဘာအရေးပါလို့လဲ... သူ့ရဲ့ဘေးက လူမည်းကောင်ကို မမြင်ဘူးလား... သူက နိုင်ငံခြားမှာ ဖောက်ခွဲမှုတွေအများကြီး လုပ်ခဲ့တဲ့ လူသတ်သမား ဖြစ်လောက်တယ်... သူ့ကို တစ်ကမ္ဘာလုံးက အလိုရှိနေတာ... မထင်မှတ်ဘဲ သူလည်း ချောင်မိသားစုဆီမှာ ရောက်နေတာပဲ..."
"ကြောက်စရာကောင်းတဲ့ လူတွေ အများကြီးပဲ..."
အခင်းဖြစ်ပွားရာ နေရာတွင် အသံများ တဝုန်းဝုန်း ဆူညံနေပေ၏။
ဗဟုသုတ ကြွယ်ဝသော ထိုဧည့်သည်များသည် ချောင်မိသားစု အလွန်အာဏာရှိကြောင်းကိုသာ သိထားကြသော်လည်း ယနေ့တွင်မူ 'အာဏာရှိခြင်း' ဆိုသော စကားလုံးအပေါ် နားလည်မှုအသစ် ရရှိသွားကြသည်။ ထိုစကားများကို ပြောဆိုလိုက်ချိန်တွင် သူတို့အားလုံး၏စိတ်ထဲ၌ သူတို့ကိုယ်သူတို့ အလွန်ကျေးဇူးတင်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် ချောင်မိသားစုကို မပြစ်မှားခဲ့ကြချေ။
လုံခြုံရေးဝန်ထမ်းများ ပြေးထွက်လာသည်နှင့်အမျှ လူအင်အားကို အားကိုးပြီး အနောက်မှ လိုက်ပါလာသော ချောင်မြောင်ရွှန်းသည် ပို၍ယုံကြည်မှု ရှိလာသည်။
ထိုလုံခြုံရေးအဖွဲ့သည် တစ်မီတာကျော် ကျယ်သော လမ်းကြောင်းတစ်ခု ဖယ်ပေးထားသည်ကို လူအများမှ မြင်တွေ့မိပေ၏။
ချောင်မြောင်ရွှန်းသည် ထိုလမ်းကြောင်း၏ အဆုံးတွင် မတ်တတ်ရပ်နေပြီး သူ၏လက်များကို နောက်ပစ်ထားကာ သူ၏ အေးစက်ပြီး အိုမင်းသောမျက်နှာပေါ်တွင် ရူးသွပ်မှုများကို ထုတ်ဖော်ပြသနေသည်။
သို့သော် ယဲ့ပိုင်ကို ရင်ဆိုင်လိုက်ရသည့်အချိန်၌ သူ၏ခန္ဓာကိုယ်တုန်ရီသွားမှုကို မထိန်းချုပ်နိုင်သေးပေ။
သူ၏စိတ်ထဲတွင် ပို၍ပင် ယောက်ယပ်ခတ်နေသည်။
သူ၏ရှေ့မှ ယဲ့ပိုင်သည် အမှန်တကယ်ပင် အလွန်ထူးဆန်းပေ၏။
အချိန်ကာလ နှစ်ပေါင်း ၈၀ ကုန်ဆုံးသွားခဲ့လေပြီ။
နှစ်ကာလများသည် လူငယ်ပုံပေါက်နေသော ထိုအမျိုးသား၏မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်ခဲ့ချေ။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများပင်လျှင် ချောင်မြောင်ရွှန်း၏မှတ်ဥာဏ်ထဲမှ အတိုင်းသာ ဖြစ်နေသည်။ ပတ်ဝန်းကျင် ရှုခင်းများနှင့်လူများ မတူညီခြင်းသာ မရှိပါက ဤအချိန်တွင် သူ ဒဏ်ရာရခဲ့သည့် အချိန်ကာလသို့ ပြန်ရောက်သွားသည်ဟု ချောင်မြောင်ရွှန်း ထင်မှတ်မိပေလိမ့်မည်။
"လူကြီးမင်း... မတွေ့တာ ကြာပြီပဲ..."
ချောင်မြောင်ရွှန်းက ထိုစကားကို ပြောဆိုလိုက်ချိန်တွင် သူ၏မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
ဤအချိန်တွင် အမိန့်ကို ကြားလိုက်ရသော ကျိုးထုန်၏လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာသည်။ ယဲ့ပိုင်သည် ချောင်မြောင်ရွှန်းဘက်သို့ ကြည့်နေသည်ကို မြင်လိုက်ရသည့်အချိန်၌ သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ယဲ့ပိုင်၏သေကွင်းသေကွက်နေရာကို ချိန်ရွယ်တိုက်ခိုက်လိုက်တော့သည်။
"သူ သေပြီ..."
"မစ္စတာကျိုး လှုပ်ရှားလိုက်ပြီ..."
"တကယ်တော့ မစ္စတာကျိုး လှုပ်ရှားမှတော့ ငါတို့ လာစရာတောင် မလိုပါဘူး..."
"အဲ့ဒီကောင်က သူ သေတော့မယ်ဆိုတာ လုံးဝ သတိမထားမိဘူး..."
ကျိုးထုန်သည် ဓားမြှောင်ဖြင့် ယဲ့ပိုင်ကို တိုက်ခိုက်လိုက်ချိန်၌ နံဘေးပတ်လည်မှ ကြည့်ရှုနေသူများအားလုံး တီးတိုးပြောဆိုနေကြသည်။
လမ်းကြောင်း၏အဆုံးတွင် မတ်တတ်ရပ်နေသော ချောင်မြောင်ရွှန်းပင်လျှင် မျှော်လင့်ချက် တချို့ဖြင့် သူ၏မျက်လုံးများ ပြူးကျယ်မသွားဘဲ မနေနိုင်တော့ချေ။
"သေစမ်း..."
ဓားမြှောင်သည် ယဲ့ပိုင်နှင့် ဆယ်စင်တီမီတာအကွာသို့ ရောက်သွားချိန်တွင် သူ့ထံ၌ ရှောင်တိမ်းရန် ရည်ရွယ်ချက် မရှိသေးသည်ကို ကျိုးထုန် မြင်တွေ့မိသည်။ ထိုကြောင့် ကျိုးထုန်၏မျက်လုံးများ စူးရှတောက်ပလာပြီး သူ၏ပါးစပ်မှ ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
ပတ်ဝန်းကျင်ရှိလူများအနက် လူတချို့က မျက်လုံးဖွင့်ကြည့်နေကြပြီး လူတချို့ကမူ သူတို့၏မျက်လုံးများကို အုပ်ထားကြသည်။
ချောင်ကူယွင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်သီးများကို ဆုပ်ထားလေ၏။
ဟန်ကျစ်၏သဘောထားမှာလည်း ထိုလူများနှင့် ထပ်တူထပ်မျှပင်။
ကျိုးထုန်သည် ဤဓားချက်ဖြင့် ရန်သူကို သေချာပေါက် သတ်နိုင်မည်ဟု ခံစားမိကာ သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူ၏လက်ထဲမှ ဓားမြှောင်နှင့် သူ၏လက်ပင်လျှင် ယဲ့ပိုင်၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထွင်းဖောက်သွားသည်အား သူ ရှင်းလင်းစွာ မြင်တွေ့မိပေ၏။
သို့သော် ယဲ့ပိုင်သည် နေရာ၌ပင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ် အနည်းငယ်မျှ မလှုပ်ရှားချေ။
"ဒါ..."
သူတို့၏မျက်လုံးများ ဖွင့်ကာ စောင့်ဆိုင်းနေကြသော နံဘေးပတ်လည်ရှိ ဧည့်သည်များအားလုံး ဤမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။ သူတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး သူတို့၏မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ကြကာ သူတို့ အမြင်မှားသည်ဟု ထင်မှတ်လိုက်ကြ၏။
"သူ ဓားနဲ့ အထိုးခံလိုက်ရတာ သိသာတယ်... ဘာလို့... သူ့မှာ ဒဏ်ရာတစ်ခုမှ မရှိတာလဲ..."
လုံခြုံရေးဝန်ထမ်းများသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူတို့၏စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို သူတို့၏မျက်လုံးများမှတဆင့် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ သူတို့သည် အံ့အားတသင့်ရေရွတ်ခြင်းမပြုဘဲ မနေနိုင်ကြတော့ချေ။ ထူးဆန်းသော ခံစားချက်တစ်ခုသည် သူတို့၏စိတ်ထဲတွင် ရူးသွပ်စွာ လှိုင်းထလာပေ၏။
ချောင်ကူယွင်နှင့်ဟန်ကျစ်တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လမ်းကြားလေးထဲမှ ဖြစ်ရပ်ကို သူတို့၏စိတ်ထဲတွင် ရုတ်တရက် ရှင်းလင်းစွာ ပြန်သတိရသွားကြသည်။
မျက်တောင်တစ်ခတ်အတွင်း သက်တော်စောင့် အယောက် ၃၀ လုံး သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားသည်ကို သူတို့ မှတ်မိသွားကြသည်။
စိတ်သက်သာရာ ရသွားခဲ့ကြသော လူနှစ်ယောက်၏မျက်နှာများသည် တဖန်ပြန်၍ ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။
ချောင်မိသားစုဗီလာဝန်း၏ဝင်ပေါက်ရှိ လေထုအခြေအနေမှာ အစွန်းရောက်သည်အထိ ထူးဆန်းနေတော့သည်။ ပထမအကြိမ် တိုက်ခိုက်မှုကို လွဲချော်သွားသော ကျိုးထုန်သည် ဤနေရာတွင် ကြက်သေသေနေဆုံးလူ ဖြစ်နေသည်။ သူသည်လည်း အချိန်အတော်ကြာသည်အထိ သတိပြန်ဝင်မလာခဲ့ချေ။ ဓားမြှောင်ကို ကိုင်ထားသော သူ၏လက်ပင် တုန်ရီလာသည်။
ယဲ့ပိုင်၏ပုံပန်းသွင်ပြင်မှာ ရိုးရှင်းနေဆဲပင်။ သူ၏အကြည့်သည် လမ်းကြောင်းကို ထွင်းဖောက်ပြီး ချောင်မြောင်ရွှန်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး တိတ်ဆိတ်သွားချိန်၌ သူက တိုးညင်းစွာ ပြောဆိုလိုက်၏။
"ချောင်မြောင်ရွှန်း... အရင်တုန်းက မင်းကို ငါ ရှာခိုင်းခဲ့တဲ့ ပစ္စည်း... ဒီကို ယူလာခဲ့..."
ဤစကားကို ပြောဆိုလိုက်သည့်အချိန်၌ ချောင်မြောင်ရွှန်း၏ရူးသွပ်နေသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။
သူသည် တုံးအခြင်းမရှိချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဤဒေသ၏ ဧကရာဇ် ဖြစ်လာပြီး အဆုံးမဲ့ ပိုင်ဆိုင်မှုများကို ပိုင်ဆိုင်ထားနိုင်ခြင်းက သူသည် လူအများစုထက် ပို၍ဉာဏ်ကောင်းကြောင်း သက်သေပြနေသည်။
လွန်ခဲ့သော နှစ် ၈၀ အတွင်း၌ သူသည် ယဲ့ပိုင်၏ ကြောက်မက်ဖွယ်စွမ်းအားကို တဖြည်းဖြည်း မေ့လျော့သွားခဲ့သည်။ ထိုသို့မဟုတ်ပါက ယနေ့တွင် သူ့ထံ၌ သတ်ဖြတ်လိုစိတ် ရှိနေမည် မဟုတ်ပေ။ အစောပိုင်းက ကျိုးထုန်၏ တိုက်ခိုက်မှုက ချောင်မြောင်ရွှန်း၏ နက်ရှိုင်းစွာ မြှုပ်နှံထားသော ကြောက်ရွံ့မှုကို တဖြည်းဖြည်း မိုးထိအောင် မြင့်တက်လာစေခဲ့သည်။
ကံမကောင်းစွာဖြင့် ဤကြောက်ရွံ့မှုက ချောင်မြောင်ရွှန်းကို နောက်ဆုတ်သွားစေခြင်း မရှိဘဲ သူ့ကို ပို၍ရူးသွပ်လာစေခဲ့သည်။
"ကျိုးထုန်... မင်း ဘာတွေ ကြောင်နေတာလဲ... ပြီးတော့ မင်းတို့ကောင်တွေ... အတူတူ ဝင်ပြီးတော့ သူ့ကို သတ်လိုက်ကြစမ်း..."
ချောင်မြောင်ရွှန်းသည် ယဲ့ပိုင်၏ စကားကို လျစ်လျူရှုကာ ကျိုးထုန်နှင့် နံဘေးရှိ လုံခြုံရေး ဝန်ထမ်းများကို ထပ်မံ၍ အော်ဟစ်လိုက်တော့သည်။