← Chapters

အရူးလုပ်ခံရခြင်း

Vol. 12 Ch. 130

အရူးလုပ်ခံရခြင်း

Vol. 12 Ch. 130

"ဒီတစ်ခါ ငါ တကယ်ပဲ အမှားလုပ်လိုက်မိတာလား... အီဂျစ်က လူတွေက ငါ့ကို အရူးလုပ်နေတာလား..."

ချောင်မိသားစုဗီလာဝန်း၏ ဝင်ပေါက်တွင် ချောင်မြောင်ရွှန်း၏မျက်နှာပေါ်ရှိ ကြွက်သားများသည် ပို၍တွန့်လိမ်လာပြီး တီးတိုးရေရွတ်လိုက်မိသည်။

သူ၏ရှေ့တွင် ယဲ့ပိုင်သည် သူ့ထံသို့ ပို၍နီးကပ်စွာ လျှောက်လှမ်းလာပေ၏။

ယဲ့ပိုင်ကို တိုက်ခိုက်ရန် ကြိုးပမ်းသော လုံခြုံရေး ဝန်ထမ်းများအားလုံးသည် မည်မျှပင် စွမ်းအားကြီးပါစေ အနည်းငယ်မျှ ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းဆိုသလိုပင် ဆိုးရွားစွာ သေဆုံးသွားကြသည်။

"သူက အရမ်းသန်မာလွန်းတယ်... သူက လူသား အမျိုးအစားထဲမှာ လုံးဝမပါဘူး..."

ချောင်မြောင်ရွှန်း၏အသံ ဆက်လက်၍ ထွက်ပေါ်လာသည်။

သူ၏ရှေ့တွင် သွေးရောင်အရည်များဖြင့် ပြည့်နှက်နေပေ၏။

"ဝုန်း..."

"ရွှီ... ရွှီ..."

လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဆုတ်ဖြဲသံများ ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

အချိန်စက္ကန့်များကုန်ဆုံးလာသည်နှင့်အမျှ သွေးညှီနံ့များ ပို၍ပြင်းထန်လာသည်။

ချောင်မြောင်ရွှန်း၏သွားများ ပြင်းထန်စွာတုန်ရီလာပြီး သူ၏လက်ထဲတွင် ကိုင်ထားသော ရွှေသော့သည် သူ၏အသားထဲသို့ တိတ်တဆိတ် စူးနစ်ဝင်နေသည်။ သူ၏လက်မှ သွေးများ ချက်ချင်းယိုစီးကျလာသော်လည်း သူ သတိပင် မထားမိချေ။

ချောင်မြောင်ရွှန်းမှလွဲ၍ ဗီလာထဲတွင် ရှိနေကြသော ချောင်မိသားစု၏ တိုက်ရိုက်သွေးသားရင်းများသည်လည်း အပြင်ဘက်မှ အခြေအနေကို မြင်လိုက်ရသည့်အချိန်၌ မတည်ငြိမ်နိုင်ကြတော့ပေ။

"အား..."

အမျိုးသမီးတစ်ဦးက သူမ၏ပါးစပ်ကိုအုပ်ကာ အော်ဟစ်လိုက်သည်။

"အဲ့ဒီလူက ဘာလို့ ငါတို့ ချောင်မိသားစုကို ပြဿနာ လာရှာနေတာလဲ... တောက်... သေချာပေါက် အဲ့ဒီအရူးကောင် ချောင်ကူယွင်ကြောင့်ပဲနေမှာ... နေ့တိုင်း ပြဿနာရှာတာကလွဲပြီး သူ ဘာလုပ်တတ်သေးလို့လဲ..."

ချောင်မိသားစုမှ လူငယ်တစ်ဦး၏မျက်လုံးထဲတွင် ဒေါသနှင့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ ချောင်ကူယွင်ရှိရာဘက်သို့ ဒေါသတကြီး ကြည့်လိုက်သည်။

"လုံခြုံရေးတွေက လုံးဝအသုံးမကျဘူး... အစကနေ အဆုံးထိ အဲ့ဒီမိစ္ဆာက ဘာမှမလုပ်ရသေးဘူး... ပြီးတော့ သူ့ရဲ့ခြေလှမ်းတွေကလည်း နည်းနည်းတောင် နှေးမသွားဘူး... ဒီကမ္ဘာကြီးမှာ သဘာဝလွန်ဖြစ်ရပ်တွေ ရှိလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ရင်း ပြောဆိုလိုက်သည်။

သာမန်နေ့ရက်များတွင် ဤချောင်မိသားစု မျိုးဆက်များသည် အမြဲတစေ မောက်မာနေတတ်ကြသည်။ သို့သော် ယခုချိန်၌ သူတို့ ဤစကားများကို ပြောလိုက်ချိန်တွင် သူတို့၏အသံများထဲ၌ ကြောက်ရွံ့မှုသာ ကျန်ရှိတော့သည်။

ချောင်မိသားစုတစ်စုလုံး၏ ပြစ်တင်ဝေဖန်သံများကို ဗီလာဝန်း၏အပြင်ဘက်တွင် ပုန်းအောင်းနေသည့် ချောင်ကူယွင်သည်လည်း ကြားလိုက်ရပေ၏။

ဤအချိန်တွင် သူ၏မျက်လုံးများအတွင်း၌ မျှော်လင့်ချက် ကင်းမဲ့နေပြီး သူ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူသည် အလွန်ကြောက်လန့်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကာ မြေပြင်ပေါ်တွင် ကွေးကောက်နေသည်။ သူ၏ပါးစပ်မှအသံများ ထွက်ပေါ်နေဆဲ ဖြစ်သော်လည်း အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုများ ပါဝင်နေပေ၏။

"မြန်မြန်... သူ့ကို သတ်... သူ့ကို သတ်ပစ်ရမယ်..."

"ဘုန်း... ဘုန်း... ဘုန်း..."

"ဝုန်း..."

ဗီလာဝန်း၏ရှေ့တွင် ယဲ့ပိုင်သည် ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းနေဆဲပင်။

သူ၏ခြေလှမ်းများသည် မမြန်ဆန်သော်လည်း နှေးကွေးခြင်းလည်း မရှိချေ။

သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏နံဘေးပတ်လည်ရှိ လုံခြုံရေးဝန်ထမ်းများ ဆယ်နှင့်ချီ၍ သေဆုံးသွားကြသည်။ သူ ရှေ့သို့တိုးလာသော စက္ကန့်တိုင်းတွင် ချောင်မိသားစုဝင်များ၏ကြောက်ရွံ့မှုသည် အဆများစွာ တိုးပွားလာတော့သည်။

"အားလုံး... အတူတူ တက်ကြစို့..."

"သေစမ်း... မင်းက ငါ့ရဲ့ညီအစ်ကိုတွေ အများကြီးကို သတ်ခဲ့တယ်... ဒီနေ့ မင်းကို ငါ သတ်မယ်..."

"သူ့ရဲ့အနားကို မကပ်နဲ့... လက်နက်တွေကိုပဲ သုံးကြ..."

"အား..."

သို့သော် ထိုသတ်ဖြတ်ခြင်းသည် လုံခြုံရေး ဝန်ထမ်းများကို ယခုလောလောဆယ်တွင် နောက်ဆုတ်သွားစေခြင်းနှင့် ကြောက်ရွံ့သွားစေခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို ပို၍ရူးသွပ်လာစေသည်။ သူတို့အားလုံး၏ မျက်လုံးများ နီမြန်းနေပြီး သူတို့၏ပါးစပ်များမှ ထွက်ပေါ်လာသော အော်ဟစ်သံများသည် နားကွဲလုမတတ်ပင်။

သို့သော် ပုရွက်ဆိတ်များသည် ပုရွက်ဆိတ်များသာ ဖြစ်ပေ၏။

ယဲ့ပိုင်ကို တိုက်ခိုက်ရန် ကြိုးပမ်းနေသော ဤလူများသည် မီတာဆယ်ပေါင်းများစွာအကွာသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ဆိုးဆိုးရွားရွား သေဆုံးသွားကြသည်။

ထိုသို့မဟုတ်လျှင် သူတို့သည် နေရာမှာပင် သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားပြီး မည်သည့်အရာမျှ မကျန်ရစ်တော့ချေ။

သေဆုံးမှုများ တိုးပွားလာကာ....

အချိန်တခဏအတွင်းမှာပင် ချောင်မိသားစုမှ ငွေအမြောက်အမြား အကုန်အကျခံ၍လေ့ကျင့်ပေးထားသော လုံခြုံရေးဝန်ထမ်းများအနက် ထက်ဝက်နီးပါး သေဆုံးသွားခဲ့သည်။ အေးစက်သော လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သေဆုံးခြင်းအငွေ့အသက်များ ဆက်တိုက်ထွက်ပေါ်နေပေ၏။ ဗီလာဝန်းတစ်ခုလုံး၏ဝင်ပေါက်တွင် တောက်ပသော အနီရောင် သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဤမြင်ကွင်းသည် ရှေးဟောင်းအလယ်ခေတ်မှ စစ်မြေပြင်တစ်ခုသို့ ပြန်ရောက်သွားသည့်အလားပင်။

ဤစစ်မြေပြင်သည် လူတစ်ယောက်မှ အဆုံးမဲ့ သတ်ဖြတ်ရန်အတွက် နယ်မြေတစ်ခု ဖြစ်လာခဲ့သည်သာ ကွာခြားပေ၏။

ချောင်မိသားစုဗီလာဝန်း၏ အပြင်ဘက်တွင် မီတာဆယ်ပေါင်းများစွာအကွာသို့ နောက်ဆုတ်သွားကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းများရှိနေသည်။ ထိုကဲ့သို့ သွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်၌ တချို့လူများသည် ပျို့အန်နေကြပြီး တချို့လူများကမူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ သူတို့၏ပါးစပ်မှ အော်ဟစ်ခြင်းမပြုဘဲ မနေနိုင်ကြတော့ချေ။

"လူတစ်ယောက်ကို သတ်ရင် ရာဇဝတ်မှု... လူတစ်သောင်းကို သတ်ရင် သူရဲကောင်း... လူတစ်သန်းကိုသတ်ရင် သူရဲကောင်းတွေထဲက သူရဲကောင်းတဲ့... ဒါပေမဲ့ ဒီလူက အစကနေ အဆုံးထိ လက်ချောင်းတစ်ချောင်းတောင် မလှုပ်ခဲ့ဘူး... သူ့ကို ဦးဆောင်တိုက်ခိုက်တဲ့ လူတွေက သူ့ရဲ့ရှေ့မှာ ပုရွက်ဆိတ်တွေလို ဖြစ်နေတာ... ဒါဆိုရင် သူက ဘာလဲ..."

ဝတ်စုံပြည့်ဝတ်ဆင်ပြီး ဆံပင်ကိုဆီလိမ်းကာ သပ်ရပ်စွာ ဖီးသင်ထားသည့် အမျိုးသားတစ်ဦးက ကြောက်ရွံ့စွာဖြင့် မေးမြန်းလိုက်သည်။ သို့ရာတွင် သူ၏မျက်လုံးများမှ နက်ရှိုင်းသော နေရာတွင်မူ အဆုံးမဲ့သည့် စိတ်အားထက်သန်မှုနှင့်အားကျမှုများ ရှိနေပြီး ယခုချိန်၌ သူသည် ယဲ့ပိုင် ဖြစ်ချင်နေမိသည်။

သို့သော် သူ ဤစကားများကို ပြောဆိုပြီးနောက် သူ၏ဘေးတွင် ရပ်နေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသမီးက စူးရှသောအသံဖြင့် ပြောဆိုလေ၏။

"ဘာတွေ လာပြောနေတာလဲ... သူက လူတွေ အများကြီးကို သတ်... သတ်ခဲ့တာလေ... လူတိုင်း ကြည့်နေကြတာပဲ... သူ ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းကောင်း နိုင်ငံတော်က သူလို ရာဇဝတ်ကောင်မျိုးကို ပြစ်ဒဏ်ကနေ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး..."

သူမက ရူးသွပ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သော်လည်း ကြောက်ရွံ့မှုများစွာ ပါဝင်နေပြီး သူမ၏ခန္ဓာကိုယ်က နောက်သို့ ဆက်တိုက်ဆုတ်ခွာနေသည်။

"နိုင်ငံတော်..."

တစ်စုံတစ်ယောက်သည် ထိုစကားကို ကြားလိုက်ရသည့်အချိန်၌ သူ၏မျက်လုံးများ တောက်ပလာပြီး သူ၏ပါးစပ်မှ ချက်ချင်း အော်ဟစ်လိုက်သည်။

"ရဲခေါ်... ရဲခေါ်လိုက်... ရဲတွေဆီမှာ သေနတ်တွေ ရှိတယ်... သူတို့ ရောက်လာတာနဲ့ ဒီလူက ဘယ်လောက်ပဲ သန်မာပါစေ သေရမှာပဲ... ဘာလို့လဲဆိုတော့ သူက ကျည်ဆံတွေကို ရှောင်နိုင်မယ်လို့ ငါ မယုံဘူး..."

သို့သော် သူ၏အပေါင်းအသင်းများက သူ့ကို ချက်ချင်းကြားဖြတ်ပြောဆိုလိုက်ကြသည်။

"မင်းက အရူးလား... ဒီနေ့က ချောင်မိသားစု ခေါင်းဆောင်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့လေ... အရာရှိခေါင်းဆောင်တွေ အကုန်လုံးနီးပါး ဒီကိုရောက်နေကြတာ... သူတို့က ငါတို့ရဲ့ ဘေးနားမှာပဲ ရှိနေတာ... မင်းက သူတို့ကို အဲ့ဒီမိစ္ဆာနဲ့ ထိပ်တိုက်တွေ့ခိုင်းနေတာလား..."

လူအုပ်ထဲမှ လူအများစုသည် ဤစကားကို ကြားလိုက်ရပြီး နေရာမှာပင် သွေးအန်လုမတတ် ဖြစ်သွားကြသည်။

ထိုလူများအနက် အရာရှိတစ်ယောက် ဖြစ်ပုံရသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်သည်။ ထိုစကားကိုကြားလိုက်ရပြီးနောက် သူ၏မျက်လုံးထောင့်ရှိ ကြွက်သားများ ပြင်းပြင်းထန်ထန် တွန့်လိမ်သွားပြီး သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေပေ၏။ အထူးသဖြင့် သူ၏ရှေ့တွင် ဖြစ်ပျက်နေသည့် အရာများကို မြင်တွေ့ရသော အချိန်၌ဖြစ်သည်။ ချောင်မိသားစုမှ လုံခြုံရေး ဝန်ထမ်းများ သေဆုံးသွားခြင်းက သူ၏လည်ပင်းကို အေးစက်သွားစေသည်။ သူသည် ရှေ့သို့မတိုးရုံသာမက သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

နံဘေးပတ်လည်မှအသံများ ပို၍ဆူညံကာ ရှုပ်ထွေးလာသည်။

အပြင်ဘက်တွင် မတ်တတ်ရပ်နေသော လူတချို့သည် ရူးသွပ်စွာ ထွက်ပြေးသွားကြ၏။

အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသော လုံခြုံရေးဝန်ထမ်း အရေအတွက် တိုးလာခြင်းနှင့်အတူ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တဖြည်းဖြည်း တိတ်ဆိတ်လာသည်။

ဟူး... ဟူး...

အေးစက်သော လေတိုက်ခတ်သံကိုသာ ကြားနေရသည်။

ဤအချိန်တွင် အထိတ်လန့်ဆုံးလူမှာ ချောင်မြောင်ရွှန်းသာဖြစ်မည်ကို သံသယဖြစ်ဖွယ်မရှိချေ။

သူသည် ကြောက်ရွံ့ခြင်းထက် ပိုနေပြီး သူ၏စိတ်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများလည်း ရှိနေပေ၏။

ယနေ့ကို စောင့်ဆိုင်းရန်အတွက် သူသည် ဆယ်စုနှစ်များစွာကြာအောင် လုံခြုံရေးအင်အားစုများကို စုဆောင်းထားခဲ့သည်။ ဤနှစ်များအတွင်း၌ ယဲ့ပိုင်၏ခွန်အား မည်မျှထိကြီးမားကြောင်း သူ စိတ်ကူးယဉ်တွေးတောခဲ့ဖူးသော်လည်း ယခု မြင်တွေ့လိုက်ရသည့်အချိန်၌ သူ မည်မျှထိ နုံအခဲ့ကြောင်း နားလည်သဘောပေါက်လိုက်သည်။

"ရှပ်..."

ယဲ့ပိုင်သည် လုံခြုံရေးဝန်ထမ်းများနှင့် နံဘေးပတ်လည်မှ အသံများကို လျစ်လျူရှုကာ ချောင်မြောင်ရွှန်း၏ရှေ့သို့ ရောက်ရှိလာသည်။

ချောင်မြောင်ရွှန်း တောင့်မခံနိုင်တော့ချေ။ သူ၏မျက်လုံးထဲမှ ရူးသွပ်မှုများသည် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

သူသည် ယဲ့ပိုင်၏ရှေ့တွင် ဘုန်းခနဲ ဒူးထောက်လိုက်သည်။

"လူကြီးမင်း... ကျွန်တော် စိတ်တွေရှုပ်ထွေးနေလို့ပါ... ကျွန်တော်က အီဂျစ်က ကောင်စုတ်တွေရဲ့ အရူးလုပ်တာကို ခံလိုက်ရတာပါ... သူတို့က လူကြီးမင်းကို သတ်ခိုင်းလို့ပါ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို လွှတ်ပေးပါ... လူကြီးမင်း ကျွန်တော့်ကို မသတ်သရွေ့ ချောင်မိသားစုက အရာအားလုံးက လူကြီးမင်းရဲ့အပိုင်ပါပဲ... ပြီးတော့ ကျွန်တော်က ရွှေသော့ကိုလည်း ရှာတွေ့ထားပါတယ်..."

ထိုသို့ ပြောဆိုလိုက်ချိန်တွင် သူ၏လက်တစ်ဖက်သည် အိတ်ကပ်ထဲသို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။

ယဲ့ပိုင်ထံတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်လိုက်ရသည့်အချိန်၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ရပ်သည် ချောင်မြောင်ရွှန်း၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားပြီး သူ၏မျက်နှာအမူအယာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သွားတော့သည်။

"အရူးကောင်... မင်းက ငါ့ရဲ့ အရူးလုပ်တာကို ခံလိုက်ရပြီ... သေလိုက်တော့..."

ဤအချိန်တွင် သူ၏အသံသည် သားရဲတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ စူးရှနေပြီး သူ၏အိတ်ကပ်ထဲမှလက်ကို ထုတ်လိုက်သည့်အချိန်၌ သေနတ်အသေးစားလေးတစ်လက် ထွက်ပေါ်လာကာ ယဲ့ပိုင်ကို ချိန်ရွယ်လိုက်သည်။

"ဘုန်း..."

မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ ချောင်မြောင်ရွှန်းက မောင်းဖြုတ်လိုက်၏။

ကြည်လင်ပြတ်သားသော ပေါက်ကွဲသံတစ်သံသည် ဤဗီလာဝန်း၏တံခါးဝတွင် ဆက်တိုက်ပဲ့တင်ထပ်နေတော့သည်။

Thank For Reading.

All Chapters