မွေးနေ့ ဧည့်ခံပွဲ
Vol. 12 Ch. 124
ချောင်မိသားစုခေါင်းဆောင်၏ အသက်တစ်ရာပြည့် မွေးနေ့ဧည့်ခံပွဲကို ဗီလာဝန်းထဲတွင် ကျင်းပခဲ့သည်။
ယနေ့တွင် ဇိမ်ခံကားအမျိုးအစားမျိုးစုံကို ဗီလာဝန်းတစ်ခုလုံး၏ နံဘေးပတ်လည်တွင် ရပ်နားထားကြ၏။
ဝတ်စုံပြည့်များနှင့်ဂါဝန်များကို သပ်ရပ်လှပစွာ ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီး အမြောက်အများက ကားများကြားတွင် ဝင်ထွက်သွားလာနေကြသည်။
"ဟေး... အကိုကြီးလျှူ... အကိုကြီးက ဒီရက်ပိုင်း ရေချိုကန် စီမံကိန်းကို တာဝန်ယူထားတယ်လို့ ကြားတယ်... ကျွန်တော် စိတ်ကူးကောင်းလေး တစ်ခု ရထားတယ်... အဲ့ဒီဘေးက ရေပြင်ပေါ်မှာ အနောက်တိုင်း စားသောက်ဆိုင် ဖွင့်ပြီး ပိုက်ဆံရှာဖို့လေ..."
အသက် ၃၀အောက် အမျိုးသားတစ်ဦးက ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောဆိုသည်။
ထိုစကားကိုပြောဆိုရင်း သူသည် ကတ်တစ်ကတ်ကို အကိုကြီးလျှူဆိုသူ၏ အိတ်ကပ်ထဲသို့ တိတ်တဆိတ် ထိုးထည့်ပေးလိုက်၏။
အကိုကြီးလျှူဟုခေါ်သော လူသည် အသက်လေးဆယ်ဝန်းကျင် ရှိပုံရပြီး သူ့ထံ၌ အရာရှိတစ်ယောက်၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
"ရေပေါ် စားသောက်ဆိုင်... ဒီစီမံကိန်းက နားထောင်လို့တော့ ကောင်းသားပဲ... ဒါပေမဲ့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်... ရှောင်ဟူ... မင်းလည်း သိတဲ့အတိုင်းပဲ... ဒီစားသောက်ဆိုင် ဆောက်ပြီးသွားရင် ရေချိုကန်ကို နည်းနည်းပါးပါးတော့ ညစ်ညမ်းစေမှာပဲလေ..."
ထိုသို့ ပြောလိုက်ချိန်တွင် သူ၏ဘယ်ဘက်လက်မှ လက်ချောင်းသုံးချောင်းကို မတော်တဆ ပုံစံဖြင့် ထောင်ပြလိုက်သည်။
"ညစ်ညမ်းမှုလေးပဲ မဟုတ်လား... ဒါက ဖြေရှင်းဖို့ လွယ်တယ်မဟုတ်လား... ကန်ထဲမှာ ငါးတွေ မွေးထားရမယ်လေ... အချိန်တန်ရင် စားကြွင်းစားကျန်တွေနဲ့ ထမင်းတွေကို ကန်ထဲ လောင်းထည့်လိုက်ရုံပဲ... ဒါက ငါးစာကျွေးသလို ဖြစ်ပြီး အထဲက ငါးတွေကို ဝဖြိုးလှပလာမှာ သေချာတာပေါ့... ဒါကို အရင်းအမြစ်တွေကို ပြီးပြည့်စုံအောင် အသုံးပြုခြင်းလို့ ခေါ်တယ်..."
ရှောင်ဟူဟုခေါ်သော လူငယ်က ထပ်မံ၍ ပြောဆိုသည်။ သူသည် စကားပြောဆိုလိုက်ချိန်တွင် နောက်ထပ်ကတ်နှစ်ကတ်ကို ထုတ်ယူလိုက်ပြီး အကိုကြီးလျှူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်၏။
"ရှောင်ဟူ... ဒါက ငါတို့မြို့ကို ပြုပြင်ပြောင်းလဲဖို့နဲ့ စိတ်ကူးသစ်တစ်ခု ပေးဖို့အတွက် နည်းလမ်းကောင်းတစ်ခုပဲ... မပူပါနဲ့... မင်းရဲ့ စီမံကိန်းကို ငါ အတည်ပြုပေးပါ့မယ်... ဒီမွေးနေ့ပွဲ ပြီးရင် မင်းအတွက် စာရွက်စာတမ်းတချို့ ပြင်ဆင်ပေးမယ်..."
"အကိုကြီးလျှူ... နောက်နေ့ကျမှ ညစာ လိုက်ကျွေးပါမယ်..."
"ဒုက္ခမရှာပါနဲ့... ရပါတယ်... မင်းက နိုင်ငံတော်အတွက် အကျိုးပြုပြီး အခွန်အခတွေ ဖန်တီးပေးနေတာပဲလေ.."
အစမှ အဆုံးအထိ သူတို့နှစ်ဦးသည် အလွန် ယဉ်ကျေးသိမ်မွေ့သော စကားများကို ပြောဆိုခဲ့ကြသည်။ ဤကိစ္စနှင့် ဆင်တူသော စီးပွားရေး လုပ်ငန်းများသည် ဆက်တိုက်ဆိုသလိုပင် ဖြစ်ပျက်နေကြ၏။ မွေးနေ့ပွဲ တရားဝင် မစတင်သေးသည့်တိုင် သီးသန့်ဆွေးနွေးပွဲ မည်မျှထိများများ သဘောတူညီမှု ရရှိခဲ့သည်ကို မသိနိုင်ချေ။
သို့သော် ဤကဲ့သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် ရှုပ်ထွေးပွေလီသော ကိစ္စရပ်များလည်း ရှိနေသည်။
ဥပမာအနေဖြင့် မနေ့က လမ်းကြားထဲသို့ သွားပြီး ပြဿနာရှာခဲ့သော အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ထိုကိစ္စတစ်ခုအတွင်းတွင် ပါဝင်နေပေ၏။
ယခုအချိန်၌ သူမသည် အမျိုးသမီး သုံးဦးကို ဆွဲခေါ်ပြီး အတင်းအဖျင်း ပြောဆိုနေသည်။
"မနေ့က ငါ ရှေးဟောင်းလမ်းကြားထဲကို ရောက်တော့ စိတ်ဖောက်ပြန်နေတဲ့ ကောင်တစ်ကောင်နဲ့ တွေ့ခဲ့တယ်... အဲ့ဒီလူက အသက်တစ်ရာကျော် အဘွားကြီးတစ်ယောက်နဲ့တောင် ပတ်သက်နေတာ... ရွံစရာကောင်းလိုက်တာဟယ်... ပြီးတော့ သူ့ကို ကြည့်ရတာ ၁၇ နှစ် ၁၈ နှစ်လောက်ပဲ ရှိသေးတယ်... ပိုက်ဆံရရင် ဘာမဆိုလုပ်တယ် ဆိုတာ ဒါမျိုးကို ပြောတာနေမှာ..."
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ထိုစကားများကို ပြောဆိုလိုက်ချိန်တွင် ဒေါသထွက်နေပုံ ပေါက်နေသည်။
သူမ၏နံဘေးနားရှိ မျောက်သားမွှေးဝတ်စုံကို ဝတ်ဆင်ထားသော ကျက်သရေရှိပြီး ချမ်းသာကြွယ်ဝပုံရသည့် အမျိုးသမီးတစ်ဦးက အံ့အားတသင့် ပြောဆိုသည်။
"တကယ်လား... အဲ့ဒီလို လူမျိုးတွေ ရှိသေးတာလား..."
"တကယ်ပေါ့ဟဲ့... အဲ့ဒီခြံဝန်းအဟောင်းက ဖျက်သိမ်းခံရတော့မှာလေ... ပြီးတော့ သားသမီးမရှိ ဆွေမျိုးမရှိတဲ့ အဲ့ဒီအဘွားကြီးရဲ့ ခြံဝန်းက အစက ငါတို့အဖွဲ့အစည်းရဲ့ပိုင်ဆိုင်မှုအဖြစ် တိုက်ရိုက်သိမ်းဆည်းခံရမှာ... ဒါပေမဲ့ အဲ့ဒီအဘွားကြီးက သဘောမတူဘူးလေ... ဒါကြောင့် သူ့ရဲ့နောက်က အဲ့ဒီကောင်လေးက ပိုက်ဆံလိုချင်ရုံသက်သက် သူ့ကိုကပ်နေတာပဲလို့ ငါ ထင်တယ်..."
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက အသေးစိတ် ပြောပြလိုက်သည်။
အမျိုးသမီးသုံးဦးသည် သူမ၏စကားကို အမှန်တကယ် ယုံကြည်သွားကြ၏။
"ဒီရက်ပိုင်းတွေမှာ တချို့လူတွေက ပိုက်ဆံရဖို့အတွက်ဆို ဘာမဆို လုပ်နေကြတာပဲ..."
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။
အမျိုးသမီးတစ်ယောက်က ဒေါသထွက်ပြီး မုန်းတီးနေပုံရသည်။
"ငါကတော့ အဲ့ဒီလို လူမျိုးကို နားမလည်နိုင်ဘူး... နောင်ကျရင် ငါ့ကို လာမပြောပြနဲ့... မဟုတ်ရင် သူ့ကိုတွေ့ရင် ငါ သတ်မိလိမ့်မယ်.."
"ရွံစရာ ကောင်းလွန်းတယ်... ဒီကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ..."
တစ်စုံတစ်ယောက်က လောကကြီးကို စိတ်ပျက်သွားသည့်အလား သက်ပြင်းချလိုက်သည်။
လူသားဆန်မှု ကိုယ်ကျင့်တရားနှင့် အကျိုးစီးပွားများသည် မွေးနေ့ပွဲ မစတင်မီမှာပင် အပြည့်အဝ ပေါ်လွင်နေတော့သည်။
...
တခြားတစ်ဖက်တွင်မူ ချောင်မိသားစုဗီလာဝန်းဆီသို့ ဦးတည်နေသော ကတ္တရာလမ်းမပေါ်၌ လန်ရိုဗာကားတစ်စီး ဒုန်းစိုင်း၍မောင်းနှင်လာ၏။
ထိုကားသည် ဤမြို့တွင် နာမည်ကြီးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်ပုံရကာ လမ်းတလျှောက်၌ မီးနီများကို ဖြတ်မောင်းလာခဲ့သည်။
လမ်းမပေါ်တွင် တခြားကိုယ်ပိုင်ကား မောင်းနှင်သူများသည် မကျေမနပ် မဖြစ်ကြသည့်အပြင် ထိုကားကို မြင်လိုက်ရပြီးနောက် အလိုအလျောက် ရှောင်ဖယ်ပေးကြသည်။
ချောင်ကူယွင်က ကားမောင်းသူ ဖြစ်ပြီး ဟန်ကျစ်ကမူ ဘေးခုံတွင် ထိုင်နေပေ၏။
သူတို့နှစ်ဦး၏မျက်နှာအမူအယာများမှာ အလွန်အမင်း ရှုံမဲ့နေသည်။
နောက်ခန်းတွင် ထိုင်နေသော ယဲ့ပိုင်သည် ကားပြတင်းပေါက်ကို ဖွင့်လိုက်ပြီး သူ့ဆီသို့ တိုးဝင်လာသော လေအေးများကို လျစ်လျူရှုကာ အပြင်ဘက်မှ ရှုခင်းများကို တည်ငြိမ်အေးဆေးစွာ ကြည့်ရှုနေသည်။ ကားတစ်စီးလုံးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
သို့သော် လန်ရိုဗာကား အရှိန်ပြင်းပြင်း မောင်းနှင်နေစဉ်တွင် ယဲ့ပိုင်က ရံဖန်ရံခါ၌ စကားတချို့ကို ရေရွတ်လိုက်သည်။
"ထိုက်ဟယ်ဆေးရုံလား... ပြောင်းလဲမှုက တကယ်ကြီးမားတာပဲ... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ဒါက နှိပ်စက်ညှဉ်းပန်းရေး ကွင်းပြင် ဖြစ်ခဲ့ပြီးတော့ လူတွေအများကြီး သေဆုံးခဲ့တယ်... အခုတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကူညီပေးတဲ့ ဆေးရုံအဖြစ် ပြောင်းလဲသွားပြီပဲ..."
"ပင့်ကူဘုရင် ဖိနပ်မြို့တော်... ငါ မမှားဘူးဆိုရင် အစတုန်းက ဒါက မည်းမှောင်နေတဲ့ အပေါင်ဆိုင် ဖြစ်ခဲ့သင့်တာ..."
"လန်ကျိုးခေါက်ဆွဲဆိုင်က အရင်တုန်းက သင်္ချိုင်းကုန်း ဖြစ်ခဲ့ဖူးတယ်... အခုတော့ ခေါက်ဆွဲ ရောင်းနေပါလား..."
"လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်းမှာ ကမ္ဘာကြီးတစ်ခုလုံး လုံးဝပြောင်းလဲသွားပုံ ရတယ်... ဘဝရဲ့ အသွင်ကူးပြောင်းမှုတွေ ပြောင်းလဲသွားပြီ... ဒီကိစ္စ ဖြေရှင်းပြီးသွားရင် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ တွေ့တာပဲဖြစ်ဖြစ် မတွေ့တာပဲဖြစ်ဖြစ် ဒီကမ္ဘာသစ်ကြီးမှာ ငါ လှည့်ပတ်သွားလာရအုံးမယ်..."
ယဲ့ပိုင်သည် ရံဖန်ရံခါ၌ ပေါ့ပေါ့ပါးပါးစကားများကို ဆက်လက်၍ ရေရွတ်နေသည်။
သူ၏စကားများက ဟန်ကျစ်နှင့်ချောင်ကူယွင်တို့၏နားထဲတွင်မူ လုံးလုံးလျားလျား ကွဲပြားခြားနားနေ၏။
သူတို့နှစ်ယောက်လုံး၏စိတ်နှလုံးသားများထဲတွင် တုန်လှုပ်ချောက်ချားနေကြသည်။
ချောင်ကူယွင်က တွေးတောနေသည်။
'ဒီကောင်က တကယ်ကြီး အရူးလား... သူက ၁၇ နှစ် ၁၈ နှစ်လောက်ပဲ ရှိသေးတာ... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက သူ မမွေးသေးဘူးလေ... သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အများကြီး သိနေရတာလဲ... တောက်... ဒီနေ့ ငါ ဘယ်လို ကောင်စားမျိုးကို သွားပြီးရန်စမိတာလဲ...'
ဟန်ကျစ်သည်လည်း အတွေးလွန်နေခဲ့သည်။
'လူက ပိုထူးဆန်းလေလေ သူ့ရဲ့ ခွန်အားက ပိုပြီးသန်မာလေလေပဲ... သူက ကျိုးကြောင်းဆီလျော်မှု မရှိလောက်အောင် ထူးဆန်းတယ်... သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ဘက်ခြမ်းကို ငါ မမြင်ဖူးဘူးဆိုရင် ပုံမှန်လူတိုင်းက သူ့ကို အရူးထောင်က ထွက်ပြေးလာတဲ့ အရူးလို့ ထင်ကြမှာပဲ မဟုတ်လား...'
သူတို့နှစ်ဦး၏စိတ်ထဲတွင် ပို၍တွေးတောမိလေလေ ကားထဲမှ လေထုသည် ပို၍အေးစက်လာလေလေပင်။ ဤထူးဆန်းသော ခံစားချက်သည် သူတို့ကို ပို၍နှိပ်စက်ညှဉ်းပန်းနေသည့်အလားပင်။
ယဲ့ပိုင်ကမူ ဤလူနှစ်ယောက်၏တုံ့ပြန်မှုများကို ဂရုမစိုက်ချေ။
သူသည် ကားထဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး လမ်းဘေးတစ်လျှောက်မှ လုံးဝကွဲပြားခြားနားသွားသော ရှုခင်းများကို ကြည့်နေပေ၏။ ထိုရှုခင်းများနှင့် သူ၏စိတ်ထဲမှ အတိတ်က အမှတ်တရများသည် တစ်ခုနှင့်တစ်ခု ထပ်ဆင့်နေပြီး နှစ်ကာလများ ကုန်ဆုံးသွားခြင်း၏ အလွန်ထူးခြားသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။
သူ ယဲ့ပိုင်သည် ခေတ်ကာလပေါင်းများစွာ ရှင်သန်ခဲ့သော်လည်း ဤကမ္ဘာသို့ ပြန်လာတိုင်း ဤကဲ့သို့ ခံစားရပြီး သူ၏စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်တုန်လှုပ်နေဆဲပင်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ လန်ရိုဗာကားသည် ချောင်မိသားစုဗီလာဝန်းနှင့် ပို၍နီးကပ်လာကာ ကားအရှိန်မှာ များစွာ လျော့ကျသွားသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသော ချမ်းသာကြွယ်ဝသည့် လူအုပ်ကြီးမှာ တဖြည်းဖြည်း များပြားလာပေ၏။
လန်ရိုဗာကား ဆက်မောင်းသွားသည့်အချိန်၌ လမ်းများပေါ်တွင် လူများနှင့် ပြည့်နှက်နေတော့သည်။
ထိုလူများသည် ချောင်ကူယွင်၏ကားကို မြင်ပြီးနောက် ရှောင်ပေးကြသော်လည်း လမ်းလျှောက်သည်ထက် ပို၍နှေးကွေးစွာ ရွေ့လျားနေကြသည်။
ကားမောင်းသူနေရာမှ ချောင်ကူယွင်၏ နဖူးပေါ်တွင် ချွေးများ ထွက်နေပြီး ဟွန်းကို အစွမ်းကုန်ဖိတီးရင်း ယဲ့ပိုင်ကို ပြောဆိုလိုက်၏။
"လူကြီးမင်း... ကျွန်တော်တို့ မကြာခင် ရောက်တော့မှာပါ... ကျွန်တော့်ရဲ့ကားကို ဗီလာဝန်းထဲ တိုက်ရိုက်မောင်းဝင်လို့ ရပါတယ်... ကျွန်တော်ကို မေးခွင့်ပြုပါ...ကျွန်တော်တို့ တိုက်ရိုက် ဝင်သွားမလား... ဒါမှမဟုတ် ကားပေါ်ကနေဆင်းပြီး လမ်းလျှောက်သွားမလား..."
"ကားမောင်းရတာ နှေးလွန်းတယ်... ဒီနေ့ မွေးနေ့ပွဲက လူတွေနဲ့ ပြည့်ကျပ်နေတာပဲ..."
ဟန်ကျစ်ကလည်း အသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
ထိုသို့ ပြောဆိုလိုက်ချိန်တွင် ဟန်ကျစ်သည် သူ၏စိတ်ထဲ၌ အလျင်အမြန် တွက်ချက်လိုက်၏။
'အပြင်မှာ လူတွေ အများကြီး ရှိနေပြီ...'
'ငါ ကားပေါ်ကနေ ဆင်းလိုက်တာနဲ့ လူအုပ်ထဲကို ဝင်ပြီးပုန်းအောင်းဖို့ အခွင့်အရေး ရှာပြီး ထွက်ပြေးလို့ ရနိုင်တယ်... ပြီးရင် ဒီမြို့ကို ဘယ်တော့မှ ပြန်မလာတော့ဘူး...'
ယဲ့ပိုင်ကမူ ထိုလူနှစ်ယောက်၏အတွေးများကို အကြည့်တစ်ချက်တည်းနှင့် မြင်နေရသော်လည်း သူ၏မျက်နှာအမူအယာမှာ အလွန် တည်ငြိမ်နေသည်။
"ဒါဆိုရင် ကားရပ်လိုက်တော့..."
"ကျွီ..."
ချောင်ကူယွင်က ဘရိတ်ကို ဆောင့်နင်းလိုက်၏။
လန်ရိုဗာကား ရပ်တန့်သွားပြီး ကတ္တရာလမ်းမပေါ်တွင် ရှည်လျားသော ခြစ်ရာတစ်ခု ဖြစ်ပေါ်သွားသည်။
"ကလစ်..."
ယဲ့ပိုင်သည် ဟန်ကျစ် လာဖွင့်ပေးသည်ကို မစောင့်ဘဲ တံခါးကို တွန်းဖွင့်ကာ ကားပေါ်မှ ဆင်းလိုက်သည်။
သို့သော် သူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် တပြိုင်နက် စူးရှသော အသံတစ်သံသည် အဝေးမှနေ၍ ဒေါသများရောယှက်နေကာ ထွက်ပေါ်လာတော့သည်။
"သူ... သူပဲ... ခုဏ က ငါ ပြောတဲ့ စိတ်ဖောက်ပြန်နေတဲ့ ကောင်က သူပဲ..."