လက်ဆောင်
Vol. 12 Ch. 123
လမ်းကြားလေးထဲတွင် နေရောင်ခြည်သည် ပျံ့လွင့်နေပြီး ရွှေလိမ္မော်ရောင် နေရောင်ခြည်တန်းတစ်တန်းသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပေ၏။
နံနက်ခင်းနေရောင်ခြည်သည် အလွန်နူးညံ့နွေးထွေးလှသည်။
ဤရှေးဟောင်းအဆောက်အဦးများကြားတွင် နေရောင်ခြည် ကျရောက်နေသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ယဲ့ပိုင်သည် ကျောက်ခင်းလမ်းမအတိုင်း တည်ငြိမ်အေးဆေးစွာ လျှောက်လှမ်းနေပြီး အလယ်လမ်းမနေရာသည် သန့်ရှင်းသပ်ရပ်နေဆဲပင်။ နံဘေးဘက်ရှိ ပေါင်းပင်များကမူ အနင်းခံထားရသဖြင့် အစိမ်းရောင်အရည်တချို့ စီးကျနေပေ၏။ လေထုထဲတွင် ခပ်သဲ့သဲ့ရနေသော သွေးညှီနံ့အပြင် လတ်ဆတ်သော မြက်နံ့သင်းသင်းလေးလည်း ရောနှောနေသည်။
ချောင်ကူယွင်နှင့်ဟန်ကျစ်တို့သည် အနောက်မှ လိုက်ပါလာကြသော်လည်း သူတို့၏ခြေလှမ်းတိုင်းသည် ကျောပေါ်တွင် တောင်ကြီးတစ်လုံး ပိုးထားရသကဲ့သို့ အလွန်လေးလံနေကြသည်။
သူတို့နှစ်ဦးလုံး၏မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အားနည်းနေကာ မည်သည့်အချိန်တွင်မဆို လဲကျသွားတော့မည့်ပုံ ပေါက်နေပေ၏။
"သခင်လေးချောင်ရဲ့ သက်တော်စောင့်တွေအားလုံး သူ့ရဲ့လက်ချက်နဲ့ သေသွားပြီလား... သူက ဘယ်သူလဲ... သူ ဘယ်လို လုပ်လိုက်တာလဲ..."
အထူးသဖြင့် အနောက်မှ လိုက်ပါလာသော ဟန်ကျစ်သည် ယခင်က ဤလူကို သူ လှောင်ပြောင်ခဲ့ဖူးသည်ဟု တွေးတောမိတိုင်း ကြောက်လန့်နေမိသည်။ သူ၏မျက်လုံးများသည် ငါးသေတစ်ကောင်ကဲ့သို့ ကြောင်တောင်တောင်ဖြစ်နေပြီး ထိုအသံများသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။
"သက်တော်စောင့်တွေအားလုံး သေသွားပြီ... အဲ့ဒီလူတွေအားလုံးက မိသားစုခေါင်းဆောင် ငါ့ကို သီးသန့်ရွေးပေးထားတဲ့ ထိပ်တန်းလက်ရွေးစင်တွေလေ... ဒီတစ်ခါ ပြန်ရောက်ရင် ငါက အပြစ်ကို ဘယ်လို ဝန်ခံရမလဲ... ကြောက်စရာအကောင်းဆုံးက ငါက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို ရန်စမိခဲ့တာပဲ..."
ချောင်ကူယွင်သည်လည်း တွေးတောနေပြီး သူ၏မျက်နှာပေါ်ရှိ ကြွက်သားများ တွန့်လိမ်ပုံပျက်နေသည်။
သူ အလွန်အမင်း ကြောက်လန့်နေပြီး ထိုကြောက်ရွံ့မှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။ အထူးသဖြင့် ယဲ့ပိုင် ယခင်က ပြောဆိုခဲ့သော စကားလုံးများသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ဤသည်မှာ ချောင်မြောင်ရွှန်း သေရမည် ဖြစ်ပြီး ချောင်မိသားစုတစ်ခုလုံး ယနေ့ လုံးလုံးလျားလျား အဆုံးသတ်သွားရမည်ဆိုသည့် စကားပင်။
ဤအသံသည် သူ၏စိတ်ကို မည်သည့်အချိန်တွင်မဆို မူးမေ့သွားစေနိုင်လောက်အောင် မွန်းကြပ်နေစေသည်။
သူတို့နှစ်ဦး၏ကြောက်ရွံ့မှုနှင့် နှိုင်းယှဉ်လျှင် ယဲ့ပိုင်သည် အလွန်အမင်း တည်ငြိမ်နေပေ၏။ သူသည် ရှေ့မှ လျှောက်လှမ်းသွားရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းရန် ရေရွတ်လိုက်သည်။
"ဒီလမ်းကြားထဲက ရှုခင်းက တကယ့်ကို ကောင်းမွန်တာပဲ... တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေတဲ့ အချိန်ကာလတစ်ခု ရပ်တန့်သွားသလိုပဲ.. ဗိသုကာလက်ရာတွေကလည်း ကောင်းမွန်ပြီးတော့ လူလည်း သိပ်မရှုပ်ဘူး...ဒီအရာတွေရဲ့ အစစ်အမှန်ရှေးဟောင်းအဆောက်အဦးတွေရဲ့ တင့်တယ်လှပမှုမျိုး မရှိပေမဲ့ နေထိုင်ဖို့တော့ သင့်တော်တယ်..."
နံဘေးရှိ ဟန်ကျစ်သည် ဤစကားကို ကြားလိုက်ရသည့်အချိန်၌ သူ့ကိုယ်သူ ပို၍တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူသည် အံ့တင်းတင်းကြိတ်ကာ မြှောက်ပင့်ဖားယားသော လေသံဖြင့် ပြောဆိုလိုက်၏။
"ဟုတ်တယ်... ဒီနေရာက တကယ့်ကို လှပပြီးတော့ နေထိုင်ဖို့ သင့်တော်တယ်... အဲ့ဒီလူတွေက ကျွန်တော့်ကို ဒီနေရာကို အတင်းအကြပ် ဖြိုဖျက်ခိုင်းတုန်းက တကယ်တော့ ကျွန်တော် ငြင်းခဲ့ပါတယ်... အဲ့ဒီလူတွေရဲ့ စိတ်ဓာတ်က ပိုက်ဆံအတွက်နဲ့ ခွေးစားသွားတာကို ခံလိုက်ရပြီ.."
ထိုသို့ ပြောဆိုလိုက်ချိန်တွင် သူ၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များ ပေါ်လာပြီး သရုပ်ဆောင်စွမ်းရည်များက အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။
ချောင်ကူယွင်သည် ထိုစကားကို ကြားလိုက်ချိန်၌ ဟန်ကျစ်ကို စူးစိုက်ကြည့်လိုက်ပြီး မျှော်လင့်ချက် အနည်းငယ် ပါဝင်သော လေသံဖြင့် ပြောဆိုလိုက်၏။
"လူ... လူကြီးမင်း... ဒီမြေနေရာကို ကျွန်တော်တို့ ချောင်မိသားစုက လေလံဆွဲပြီး အနိုင်ရထားတာပါ... လူကြီးမင်းသာ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ဒီနေရာက ရှေးဟောင်းခြံဝင်းတွေ အကုန်လုံး လူကြီးမင်းကို ပေးပါ့မယ်..."
သူတို့နှစ်ဦး၏ တုန်ရီပြီး ကြောက်ရွံ့နေသော အသံများ လမ်းကြားထဲတွင် ပဲ့တင်ထပ်နေသည်။
ယဲ့ပိုင်သည် ပြန်မဖြေဘဲ ဤစကားများကို မကြားလိုက်သည့်အလားပင်။ ထာဝရအသကိ၏ လျှို့ဝှက်ချက်နှင့် သံသရာစက်ဝန်းထဲမှ သေဆုံးသူများမှလွဲ၍ ဤကမ္ဘာပေါ်တွင် သူလိုချင်သည့်အရာ ရှိခဲ့လျှင် မည်သည်ကြောင့် သူကိုယ်တိုင် မယူဘဲ တခြားသူများ လာပေးသည်ကို စောင့်နေရမည်နည်း။
တစ်မိနစ်ခန့် ကြာပြီးနောက်..
သူတို့သုံးယောက်သား လမ်းကြား၏ထွက်ပေါက်နေရာသို့ ရောက်ရှိလာကြသည်။
လန်ရိုဗာကား ၁၁ စီးကို ကွင်းပြင်ထဲတွင် သပ်ရပ်စွာ ရပ်နားထားကြ၏။ ထိုအရှိန်အဝါမှာ အလွန်အားကောင်းပုံရသည်။ လမ်းဘေးမှ ဖြတ်သွားသော မြို့သူမြို့သား အမြောက်အများသည် ဤကားများကို မြင်တွေ့သည့်အချိန်၌ ရပ်တန့်သွားကြပြီး ဓာတ်ပုံရိုက်ရန် ဖုန်းများကို ထုတ်လိုက်ကြသည်။ ဤနေရာသည် လူအများဖြင့် အလွန်စည်ကားနေပေ၏။
"ဒါက ချောင်မိသားစုရဲ့ ကားတွေနဲ့ တူတယ်..."
ဓာတ်ပုံရိုက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
သူ၏နံဘေးရှိ အမျိုးသမီးငယ်တစ်ဦးက တုံ့ပြန်ပြောဆိုလိုက်သည်။
"ဟုတ်တယ်... ချောင်မိသားစုက တကယ့်ကို ချမ်းသာတာပဲ... ကားတွေအကုန်လုံးက တံဆိပ်တူတွေချည်းပဲ... ကားနံပါတ်တွေကအစ အစဉ်လိုက်ပဲနော်... ချောင်မိသားစုဝင်တစ်ယောက်နဲ့များ ဆုံစည်းခွင့်ရရင် တစ်ဘဝလုံးစာ အေးအေးဆေးဆေးဖြစ်သွားပဲ..."
"နောက်မနေစမ်းပါနဲ့... ချောင်မိသားစုရဲ့ မာန်မာနက မိုးပေါ်ရောက်နေတာ... ငါတို့လို သာမန်လူတွေက ဘယ်လိုလုပ်ပြီးတော့ သူတို့ရဲ့မျက်လုံးထဲကို ဝင်မှာလဲ..."
တစ်စုံတစ်ယောက်က အထင်အမြင်သေးသောလေသံဖြင့် ချက်ချင်းလှောင်ပြောင်လိုက်သည်။
ချောင်ကူယွင် လမ်းကြားအထွက်သို့ အလျင်အမြန် လျှောက်သွားလိုက်ချိန်၌ မြို့သူမြို့သားများက သတိထားမိသွားပေ၏။
"ကြည့်စမ်း... ဒါက ချောင်မိသားစုကလူနဲ့ တူတယ်..."
"ဟုတ်တယ်... ငါ အရင်က တီဗီမှာ မြင်ဖူးတယ်... သူက ချောင်မိသားစုရဲ့ သခင်လေးလေ..."
"မြန်မြန် သွားကြစို့... သူက ပြစ်မှားလို့ လွယ်တဲ့လူ မဟုတ်ဘူး..."
"သခင်လေးချောင်ရဲ့မျက်နှာက သိပ်မကောင်းဘူးနော်... ဒါပေမဲ့ သူ့ရှေ့က လျှောက်လာတဲ့ ဝတ်စုံဖြူဝတ်လူငယ်လေးက အရမ်းချောတာပဲ..."
"နည်းနည်းတော့ ထူးဆန်းနေသလိုပဲ... ဒီနေရာမှာ ကား ၁၁ စီး ရှိတယ်... ဒါပေမဲ့ သူတို့က ၃ ယောက်တည်းရယ်... ဒီကားတွေက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာ ရောက်နေတာလဲ..."
မြို့သူမြို့သားများက အချင်းချင်း ပြောဆိုနေကြသည်။
အထူးသဖြင့် နောက်ဆုံးစကားတစ်ခွန်းသည် ချောင်ကူယွင်နှင့်ဟန်ကျစ်တို့၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပြီး သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်များကို အနည်းငယ် တုန်ရီသွားစေသည်။ အမှန်အားဖြင့် ဤကားများ ရှိနေခြင်းကြောင့် ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အိပ်မက်မဟုတ်ဘဲ လက်တွေ့ထက် ပို၍လက်တွေ့ကျကြောင်း ထပ်မံ၍ အတည်ပြုလိုက်သည့်အလားပင်။
သူတို့သုံးဦး ကားများဆီသို့ လျှောက်လှမ်းသွားလိုက်သည့်အချိန်တွင် နံဘေးမှ ကြည့်ရှုနေသူများ အားလုံးသည် ချောင်ကူယွင် ပြဿနာရှာမည်ကို ကြောက်ရွံ့သဖြင့် အမြန်ဆုံးအရှိန်ဖြင့် လူစုခွဲသွားကြတော့သည်။
ဤအချက်တစ်ချက်တည်းနှင့်ပင် ဤမြို့၌ ချောင်မိသားစု၏အခွင့်အာဏာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့မြင်နိုင်သည်။
"လူ... လူကြီးမင်း... ဒါတွေက ချောင်မိသားစုရဲ့ ကားတွေပါ... ချောင်အိမ်တော်ရဲ့ တည်နေရာကိုလည်း ကျွန်တော် သိပါတယ်... ချောင်အိမ်တော်ကို ဘေးကင်းကင်း ရောက်ဖို့ ကျွန်တော့်ကို မောင်းခွင့်ပြုပါ..."
လူများအားလုံး လူစုခွဲလုနီးပါး ဖြစ်သွားသည့်အချိန်၌ ဟန်ကျစ်၏ခြေထောက်များ ပြန်လည်၍ တုန်ရီလာသည်။
ဤအချိန်တွင် ချောင်ကူယွင်သည်လည်း အသက်ရှင်သန်ရေးအတွက် ချောင်မိသားစု၏ အကျိုးစီးပွားကို ဘေးဖယ်ထားလိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြောဆိုလိုက်၏။
"ကျွန်တော့်ဆီမှာ ကားသော့ ရှိပါတယ်... ကျွန်တော်သာ ကားမောင်းမယ်ဆိုရင် ချောင်မိသားစုက လူတွေက ဘယ်တော့မှ တားမှာ မဟုတ်ပါဘူး... အဲ့ဒီအချိန်ကျရင် အတားအဆီး မရှိ ဝင်လို့ရမှာပါ... လူကြီးမင်းက ကျွန်တော့်ကို ကားမောင်းခွင့်ပေးပါ..."
သူ၏အသံတွင် တောင်းပန်တိုးလျှိုးမှုများ ပါဝင်နေသော်လည်း သူ၏မျက်လုံးများထဲတွင်မူ အေးစက်မှုအနည်းငယ် ရှိနေသည်။
ချောင်မိသားစုဗီလာဝန်း၏ ခံစစ်အင်အားကြောင့် ပြိုင်ဘက်က မသေမျိုး ဖြစ်နေလျှင်ပင် သွေးထွက်သံယို ဖြစ်ရပေလိမ့်မည်။ ယနေ့သည် ချောင်မိသားစုခေါင်းဆောင်၏မွေးနေ့ပွဲပင်။ သူ အကူအညီတောင်းရန် အခွင့်အရေး ရှာတွေ့သည်နှင့် တပြိုင်နက် အသက်ရှင်ရန် မျှော်လင့်ချက် ရှိနေပေမည်။ ထိုအချိန်ကျလျှင် ဤကောင်စုတ်သည် သူတို့ ဖမ်းဆီးရန်အတွက် ပလိုင်းထဲမှငါးကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ချောင်ကူယွင်၏စိတ်ထဲတွင် ထိုကဲ့သို့ တွက်ချက်မှုမျိုး တိတ်တဆိတ် ဖြစ်ပေါ်လာပေ၏။
ယဲ့ပိုင်သည် သူ၏ရှေ့မှ လူနှစ်ယောက်၏ အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သော်လည်း သူ လုံးဝဂရုမစိုက်ချေ။ သူ၏မျက်လုံးထဲတွင် ဤလူနှစ်ယောက်သည် ယင်ကောင်များကဲ့သို့သာ ဖြစ်ပြီး ခူးဖူနှင့်သူ ကစားနေသော ကစားပွဲထဲမှ ဒုတိယမြောက် နယ်ရုပ်များသာဖြစ်သည်။
"ကောင်းပြီလေ..."
ထိုလူနှစ်ယောက်၏စကားကို ကြားပြီးနောက် ယဲ့ပိုင်က သဘောတူလိုက်ပြီး လန်ရိုဗာကား တစ်စီးပေါ်သို့ တင့်တယ်လှပစွာ တက်လိုက်တော့သည်။
...
လန်ရိုဗာကားသည် ကတ္တရာလမ်းမပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနှင်နေချိန်၌ ချောင်မိသားစုဗီလာဝန်းထဲရှိ ဗီလာအမှတ်ရှစ်တွင် ချောင်မြောင်ရွှန်းသည် ဆိုဖာပေါ်မှ မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်လုံးများသည် တည်ငြိမ်အေးချမ်းနေပေ၏။
"မိသားစုခေါင်းဆောင်... ဧည့်ခံပွဲက စတော့မယ်... ချောင်မိသားစုရဲ့ မျိုးဆက်တွေ အကုန်လုံး လွန်ခဲ့တဲ့ တစ်နာရီကတည်းက စုဝေးရောက်ရှိနေကြပြီ... တစ်ယောက်ပဲ ကျန်ပါတော့တယ်..."
ဝတ်စုံပြည့်ဝတ်အမျိုးသားသည် ခန်းမထဲတွင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး ရိုသေလေးစားသော အသံဖြင့် ပြောဆိုသည်။
ထိုစကားကို ကြားလိုက်ရပြီးနောက် ချောင်မြောင်ရွှန်းက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
"အော်... ဘယ်သူ ကျန်တာလဲ..."
"ချောင်ကူယွင်ပါ..."
ထိုအမျိုးသားက အချိန်တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားသည်။ ထိုသို့ ပြောဆိုလိုက်ချိန်တွင် ချောင်မြောင်ရွှန်း ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် သတိထားကာ ကြည့်လိုက်၏။
သို့သော် ချောင်မြောင်ရွှန်း၏ နောက်ထပ် တုံ့ပြန်မှုသည် သူ၏မျှော်လင့်ချက်နှင့် လွဲချော်နေခဲ့သည်။
သူက မျက်ခုံးများကို ဖြေလျော့လိုက်ပြီး အပြုံးနှင့် ပြောဆိုသည်။
"အော် ကူယွင်လား... သူက မနက်အစောကြီး ငါ့ဆီလာပြီးတော့ မမျှော်လင့်ထားတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပေးမယ်လို့ ပြောခဲ့တယ်... သူ့ရဲ့ စရိုက်က မဆိုးပါဘူး... အလုပ်လုပ်ရင် ရက်စက်ပြတ်သားပြီး သိတတ်မှုရှိတဲ့ကောင်လေးပဲ..."
ထိုစကားကို နားထောင်ပြီးနောက် ဝတ်စုံပြည့်ဝတ်အမျိုးသားက ခေါင်းညိတ်ပြကာ ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ... မိသားစုခေါင်းဆောင်... သခင်လေး ကူယွင်က တကယ်တော်ပါတယ်... အမှန်အတိုင်းပြောရရင် ဒီနေ့ သူ ဘယ်လို လက်ဆောင်မျိုးကို ပြင်ဆင်လာမလဲ ဆိုတာ ကျွန်တော်လည်း အရမ်းသိချင်နေမိတယ်... ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပဲ..."