လေထုအခြေအနေ
Vol. 12 Ch. 125
ချောင်မိသားစုဗီလာဝန်း၏ ဝင်ပေါက်အနီးတွင်....
အနည်းဆုံး လူပေါင်းသုံးရာခန့် ဤနေရာတွင် စုဝေးနေကြ၏။
ဤနေရာရှိ လူများအားလုံးသည် ကိုယ်ပိုင်အဆင့်အတန်းနှင့်ဂုဏ်သိက္ခာများ ရှိကြသည်။ သူတို့သည် ယခင်က သီးခြားစီ ဆွေးနွေးနေခဲ့ကြသော်လည်း အသံများမှာ အလွန်တိုးညင်းပြီး လေသံသဲ့သဲ့မျှသာ ကြားရသည်။
ထိုအမျိုးသမီး၏အသံ ထွက်ပေါ်လာချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
ထို့နောက် ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော လူများ၏မျက်လုံးများသည် အသံလာရာ လားရာဆီသို့ ကျရောက်လာကြ၏။
"မထူးဆန်းပါဘူး... ငါက သူနဲ့ ထပ်တွေ့ရပြန်ပြီ... ကံတရားဆိုတာက တကယ်ကြီး ဆန်းကြယ်တာပဲ..."
ယဲ့ပိုင်သည် ကားပေါ်မှ ဆင်းပြီးနောက် သူ လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ထိုအနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို မြင်တွေ့လိုက်ရသည်။
ဟန်ကျစ်နှင့်ချောင်ကူယွင်တို့သည် ကားပေါ်မှ ဆင်းလာပြီးနောက်တွင် လူအုပ်ထဲသို့ ဝင်ရောက်ကာ ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေနေကြ၏။
ထိုအမျိုးသမီးကမူ မရေမတွက်နိုင်သော မျက်လုံးအကြည့်များ သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို မြင်လိုက်ရပြီးနောက် သူမ၏မျက်နှာ ပူထူလာသည်။ သို့သော် အချိန်တခဏကြာပြီးနောက် သူမသည် ခါးထောက်ကာ တခြားလက်တစ်ဖက်ဖြင့် ယဲ့ပိုင်ကို ညွှန်ပြပြီး သူမ၏နံဘေးရှိ အမျိုးသမီးသုံးဦးအား တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"ရှေးဟောင်းလမ်းကြားထဲမှာ တွေ့ခဲ့တယ်လို့ ငါ ပြောခဲ့တဲ့ လူက သူပဲ..."
"အမ်... နင် မှားနေတာ မဟုတ်ဘူးလား..."
"အဲ့ဒီလူက သခင်လေးချောင်နဲ့အတူ ကားပေါ်က ဆင်းလာတာလေ... သခင်လေးချောင်နဲ့ အတူစီးလာနိုင်မှတော့ သူက ပိုက်ဆံမရှိတဲ့လူ မဖြစ်နိုင်ဘူး..."
"သူ့ရဲ့အဝတ်အစားတွေက အရမ်းထူးဆန်းနေပေမဲ့ သူ့ကို ကြည့်ရတာ ပြီးပြည့်စုံလွန်းတယ်လို့ ထင်ရတယ်..."
ထိုအမျိုးသမီးသုံးဦးသည် တုံးအခြင်းမရှိချေ။ သူမတို့သည် မျက်မှောင်ကြုတ်ကာ အသံကို တတ်နိုင်သမျှတိုး၍ ပြောလိုက်ကြသည်။ ထိုသို့ပြောဆိုလိုက်ချိန်တွင် သူမတို့သည် နံဘေးသို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် အကွာအဝေးတစ်ခု ခြားထားရန် ကြိုးစားလိုက်ကြ၏။
နံဘေးရှိ ဧည့်သည်များကမူ အလွန်လျှင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။
ယဲ့ပိုင်သည် ချောင်ကူယွင်နှင့်အတူ ကားပေါ်မှ ဆင်းလာသည်ကို တွေ့ရှိပြီးနောက် သူတို့သည် ထိုအမျိုးသမီးကို ချက်ချင်းပင် ပြစ်တင်ဝေဖန်ကြတော့သည်။
"ဟေး... မိန်းကလေး... စကားပြောရင် တာဝန်ယူမှု ရှိရမယ်လေ... မင်း လက်ညှိုးထိုးနေတဲ့သူက သခင်လေးချောင်ရဲ့ ဧည့်သည်တော်နော်... မင်းခုဏက ဆဲဆိုနေတဲ့လူက သူဆိုတာ သေချာရဲ့လား..."
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို စူးစိုက်ကြည့်ပြီး ဒေါသအနည်းငယ်ပါသောလေသံဖြင့် ပြောဆိုသည်။
"ဟုတ်ပါတယ်..."
"မိန်းကလေး...မင်း ရှင်းပြချက်တစ်ခု ပေးရလိမ့်မယ်... ဒါက လူတွေအများကြီးရှိနေတဲ့ နေရာနော်..."
"ဒီနေရာမျိုးမှာ မင်းက သခင်လေးချောင်ရဲ့ လူကိုတောင် ဆဲဆိုရဲတယ်လား... မင်း အသက်မရှင်ချင်တော့ဘူးလား..."
တစ်စုံတစ်ယောက်က ဦးဆောင်ပြီးနောက် နံဘေးပတ်လည်မှ စွပ်စွဲသံများ ပို၍ကျယ်လောင်လာကာ အခြေအနေမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကမူ ယခုမှသာ ပြန်လည်၍ အသိဝင်ပုံရသည်။ ချောင်ကူယွင်ကို မြင်တွေ့လိုက်ရပြီးနောက် သူမ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမ၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီလာပေ၏။ မူလက ဒေါသထွက်နေသော သူမ၏အကြည့်များသည် ချက်ချင်းပျောက်ကွယ်သွားပြီး ထိတ်လန့်ကြောက်ရွံ့မှုဖြင့် အစားထိုး ဝင်ရောက်လာသည်။
"ကျွန်... ကျွန်မ..."
သူမ ပါးစပ်ဟကာ ရှင်းပြချင်သော်လည်း စကားသံ ထွက်မလာချေ။
သို့သော် ယခုလေးတင် ကားပေါ်မှ ဆင်းလာသော ချောင်ကူယွင်သည် မရေမတွက်နိုင်သော အကြည့်များ ဤနေရာသို့ စုဝေးရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူ၏စိတ်ထဲတွင် ရူးသွပ်သော တွက်ချက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
'ဒါက ချောင်မိသားစုရဲ့ အိမ်ဖြစ်ပြီးတော့ လုံခြုံရေးဝန်ထမ်းတွေ အများကြီးလည်း ဒီနေရာမှာ ရှိနေတယ်... ဟိုလူက ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းပါစေ.... ငါသာ လူအုပ်ထဲ ဝင်ပုန်းနေရင် သူက ဒီမှာရှိတဲ့ လူတိုင်းကို သတ်ပစ်မှာတော့ မဟုတ်ဘူးလေ...'
ဤသို့ တွေးတောပြီးနောက် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ချောင်ကူယွင်သည် ရုတ်တရက် သတ္တိမွေးလိုက်ပြီး လူအုပ်ကြီးဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူက အော်ဟစ်လိုက်၏။
"ဒီလူက အရူးပဲ... ငါ့ကို ပြန်ပေးဆွဲလာတာ... သူက ငါ့ကို သတ်ချင်နေတာ... မြန်မြန်လေး... လုံခြုံရေးတွေခေါ်ပြီး ငါ့ကို ကယ်ကြပါ..."
ထိုအော်ဟစ်သံသည် ဝက်တစ်ကောင်၏ အော်သံကဲ့သို့ အလွန်ကျယ်လောင်လှသည်။ သူ၏အသံသည် ချောင်မိသားစုဗီလာဝန်း၏ အပြင်ဘက်တွင် ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော လူများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရပြီး ချောင်ကူယွင်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးကြက်သေသေသွားကြ၏။ သူတို့ထံမှ နောက်ထပ်စကားလုံးများ ထွက်မလာနိုင်အောင် ဖြစ်သွားကြပြီး သူတို့၏မျက်နှာပေါ်ရှိ ကြွက်သားများမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
နံဘေးပတ်လည်ရှိ လေထုပင်လျှင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သုံးစက္ကန့်ခန့် ကြာပြီးနောက် အခြေအနေသည် ပြန်လည်၍ ပေါက်ကွဲသွားပေ၏။
ပထမဆုံး တုံ့ပြန်လာသူမှာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးပင်။ သူမ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားကာ သူမ၏မျက်နှာထားက ပို၍ရက်စက်ကြမ်းကြုတ်လာပြီး အော်ဟစ်လိုက်သည်။
"သူက လူကောင်း မဟုတ်ဘူးလို့ ကျွန်မ ပြောသားပဲ... လုံခြုံရေးကို ချက်ချင်း ခေါ်လိုက်ကြ..."
ထိုစကားသံ ထွက်ပေါ်လာသည့်အချိန်၌ နံဘေးပတ်ဝန်းကျင်ရှိ လူများအားလုံး တုံ့ပြန်လိုက်ကြသည်။
"ဒီနေ့က ချောင်မိသားစုရဲ့ ထူးခြားတဲ့ နေ့လေ... ဒီအရူးက ဝတ်စုံဖြူကြီးဝတ်ပြီး ဒီကို လာရဲတယ်... သူ ပြဿနာ လာရှာတာဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်... ဒါပေမဲ့ သူက တကယ့်ကို တုံးအလွန်းတယ်... သူက ချောင်မိသားစုတစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ကြိုးစားနေတာလား..."
ဤလူမှာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို ဒေါသတကြီး စွပ်စွဲခဲ့သော အမျိုးသားပင်။ ယခုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း မြင်လိုက်ရသဖြင့် သူသည် ချက်ချင်းဆိုသလိုပင် လေသံပြောင်းလိုက်၏။
"အဲ့ဒီကောင်လေးက ရူးနေတာလား..."
"သခင်လေးချောင်ရဲ့ မျက်နှာ ဘာလို့ မကောင်းတာလဲလို့ ငါ စဉ်းစားနေတာ... အဲ့ဒီကောင်က ပြန်ပေးဆွဲလာတာကိုး... ဒါပေမဲ့ ပြန်ပေးဆွဲခံရတာ ဟုတ်ဟုတ် မဟုတ်ဟုတ် သူက သခင်လေးချောင်ကို ပြစ်မှားမိလိုက်ပြီဆိုတော့ ဒီနေ့ သူ သွားပြီပဲ..."
"ဟုတ်တယ်... ဒီကို လာရဲတာက သူက သတ္တိ အရမ်းကောင်းနေတာပဲ..."
ကျယ်လောင်သော ဆွေးနွေးသံများ နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည်။
ယဲ့ပိုင်ကို ကြည့်လိုက်တိုင်း သူတို့သည် လူသေကောင်ကို ကြည့်နေသည့်အလားပင်။
ဤအချိန်တွင် ချောင်ကူယွင်သည် လူအုပ်ထဲတွင် ပုန်းအောင်းနေပြီးဖြစ်သည်။ ချောင်မိသားစု၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အလွန်လျှင်မြန်စွာ တုံ့ပြန်ခဲ့ကြပြီး သူ၏နံဘေးသို့ ချက်ချင်းရောက်ရှိလာကာ ကာကွယ်ပေးလိုက်ကြသည်။ အဖြစ်အပျက်ကို မေးမြန်းနေရင်း သူတို့သည် ယဲ့ပိုင်ကို သတိထားသော အမူအယာဖြင့် ကြည့်နေကြ၏။
ယဲ့ပိုင်၏နံဘေးတွင် ရပ်နေသော လူတချို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။ မကြာမီမှာပင် သူ၏နံဘေးပတ်လည်တွင် ငါးမီတာခန့် အချင်းရှိသော နေရာလွတ်တစ်ခု ဖြစ်ပေါ်လာတော့သည်။
"ဟုတ်တယ်... ဟုတ်တယ်... သူပဲ... သူက သိုင်းကွက်နည်းနည်းတတ်တယ်... မကြာသေးခင်ကပဲ သခင်လေးချောင်ရဲ့ သက်တော်စောင့်တွေ အကုန်လုံးကို သူ သတ်ပစ်လိုက်တာ... ဒါကြောင့် မင်းတို့ သတိထားကြအုံး.. ဒီကောင်က တကယ့်ကို မိစ္ဆာကောင်ပဲ..."
ဟန်ကျစ်သည်လည်း လူအုပ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။ အခြေအနေ ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီးနောက် သူ၏သတ္တိ အနည်းငယ် တိုးလာကာ ယဲ့ပိုင်ကိုကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများသည် တွန့်လိမ်နေပြီး သူ၏ပါးစပ်အော်ဟစ်နေသော်လည်း ကြောက်ရွံ့မှုများ ရှိနေဆဲပင်။
သို့သော်...
သူ၏စကားများမှ ထွက်ပေါ်လာသော သက်ရောက်မှုက အလွန်ကြီးမားလှသည်။
"သခင်လေးချောင်ရဲ့ သက်တော်စောင့်တွေ အကုန် အသတ်ခံလိုက်ရတယ်..... ဟုတ်လား... မင်း နောက်နေတာလား..."
တစ်စုံတစ်ယောက်၏ အက်ရှရှအသံ ထွက်ပေါ်လာသည်။
လူတစ်ယောက်ကမူ ခြေထောက်များ ပျော့ခွေသွားပေ၏။
"မင်းတို့လည်း သိကြသားပဲ... ချောင်ကူယွင်က အဘိုးချောင်ရဲ့ အားအထားရဆုံး အမွေဆက်ခံသူလေ... သူ ဘယ်သွားသွား သူ့ရဲ့ဘေးမှာ အနည်းဆုံး သက်တော်စောင့်တွေ ဒါဇင်နဲ့ချီပြီး ရှိနေတာ... အဲ့ဒီလူ ပြောတာ အဓိပ္ပာယ်မရှိဘူး မဟုတ်လား..."
"တကယ်တော့ ဒီနေ့ တစ်ခုခု မှားနေတယ်... သခင်လေးချောင်ရဲ့ဘေးနားမှာ သက်တော်စောင့် တစ်ယောက်မှ မရှိဘူး... ဒါပေမဲ့ လူတစ်ယောက်တည်းနဲ့ သက်တော်စောင့်တွေ အများကြီးကို သတ်နိုင်တယ် ဆိုတာတော့ ငါ မယုံဘူး...ဒါက အဓိပ္ပါယ်မရှိဘူး..."
တစ်စုံတစ်ယောက်က ခေါင်းခါယမ်းလိုက်သည်။
"နေပါအုံး... သူက တစ်ယောက်တည်း မဟုတ်ရင်ရော..."
ဉာဏ်ကောင်းပုံရသော အဘိုးအိုတစ်ဦးက ပြောဆိုလိုက်၏။
"ဟူး..."
ထိုစကားလုံးများ ထွက်ပေါ်လာသည့်အချိန်၌ နေရာတစ်ခုလုံး၏ လေထုအခြေအနေသည် ထပ်မံ၍ပြောင်းလဲသွားပြီး ထူးဆန်းစွာ တိတ်ဆိတ်သွားတော့သည်။
ထိုချမ်းသာပြီး အာဏာရှိသော လူများသည် သူတို့၏ပါးစပ်များကို ပိတ်ထားလိုက်ကြ၏။ သူတို့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ထင်ဟပ်နေသည်။
လုံခြုံရေး ဝန်ထမ်းများ၏နဖူးပေါ်တွင်မူ ချွေးစက်များ ထွက်ပေါ်လာပြီး ခြုံခိုတိုက်ခိုက်မှုများ ရှိမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို သတိထားကာ ကြည့်ရှုလိုက်ကြသည်။ ယနေ့သည် ချောင်မိသားစုဘိုးဘေး၏ မွေးနေ့ပင်။ တစ်စုံတစ်ခု မှားယွင်းသွားပါက သူတို့အနက်မှ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သို့သော် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် သူတို့၏အနီးအနားတွင် မည်သည့် ပုံမှန်မဟုတ်သော အရာကိုမျှ မတွေ့ရှိရချေ။
လေထုက တင်းမာနေချိန်တွင် အခြေအနေက အလွန်ထူးဆန်းလာတော့သည်။
ချောင်မိသားစုဗီလာ၏ တံခါးဝတွင် မတ်တတ်ရပ်နေသော ယဲ့ပိုင်သည် သူ၏လက်များကို နောက်ပစ်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"ချောင်မြောင်ရွှန်း... မင်း ထွက်လာပြီး ငါ့ကို လာတွေ့လို့ ရပြီ..."
...
ချောင်မိသားစု နေအိမ်.... ဗီလာအမှတ်ရှစ်တွင်....
အမှန်အားဖြင့် တံခါးဝတွင် တစ်စုံတစ်ခု မှားယွင်းနေချိန်၌ ချောင်မြောင်ရွှန်း၏ဗီလာဧည့်ခန်းမရှိ ပရိုဂျက်တာသည် အခြေအနေကို ချက်ချင်းတုံ့ပြန်ပြသခဲ့ပြီး ဖြစ်သည်။
သို့သော် ပရိုဂျက်တာမြင်ကွင်းထဲတွင် ထွက်ပေါ်လာသော အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးကို မြင်လိုက်ရသည့်အချိန်၌ ခန်းမထဲတွင် မတ်တတ်ရပ်နေသော ချောင်မြောင်ရွှန်း၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီလာပြီး သူ၏နဖူးပေါ်မှ ချွေးစေးများ ဆက်တိုက်ယိုစီးကျလာတော့သည်။
ယခင်က စဉ်းစား၍မရနိုင်ခဲ့သည့် ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှုများသည် သူ၏စိတ်ထဲတွင် စတင်၍ပျံ့နှံ့လာခဲ့သည်။