← Chapters

အခန်း (၁၂၉၂-၁၂၉၄)

Vol. 88 Ch. 1292-1294

အခန်း (၁၂၉၂-၁၂၉၄)

Vol. 88 Ch. 1292-1294

အခန်း (၁၂၉၂) စမတ်ဖုန်း

ပြိုင်ပွဲများ ပြီးဆုံးသွားသည့်တိုင်အောင် ဖုန်းယွီသည် တရုတ်ပြည်သို့ ချက်ချင်း ပြန်ရန် စိတ်ကူးထားသော်လည်း ကိစ္စရပ်တစ်ခုကြောင့် နယူးယောက်တွင် ဆက်လက်၍ သောင်တင်နေခဲ့ရပြန်သည်။

ထိုအကြောင်းမှာ ဖုန်းယွီဖုန်းကုမ္ပဏီသည် ထုတ်ကုန်အသစ်တစ်ခုကို မိတ်ဆက်တော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထိုထုတ်ကုန်အသစ်မှာလည်း အခြားအရာ မဟုတ်ဘဲ အားလုံးနှင့် မတူဘဲ ကွဲပြားခြားနားလှသော စမတ်ဖုန်းတစ်မျိုး ဖြစ်နေခဲ့သည်။

စမတ်ဖုန်းဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် ကိုယ်ပိုင်ကွန်ပျူတာများကဲ့သို့ပင် သီးခြားစနစ်မောင်းနှင်မှု ဆော့ဖ်ဝဲလ်ရှိခြင်း၊ သီးခြား လည်ပတ်နိုင်သည့် နေရာလပ်ရှိခြင်းတို့အပြင် ပြင်ပဝန်ဆောင်မှုပေးသူများက ထုတ်လုပ်ထားသော ပရိုဂရမ်များကိုလည်း ထည့်သွင်း အသုံးပြုနိုင်သည်။ ထို့ထက် ပို၍ အရေးကြီးသော အချက်မှာ အင်တာနက် အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။

ထို့ပြင် ဤစမတ်ဖုန်းမှာ Touch Screen ပုံစံပင် ဖြစ်သည်။ ဖုန်းယွီ အီလက်ထရွန်နစ် ကုမ္ပဏီသည် နောက်ဆုံးတွင်မူ ဤထိတွေ့မျက်နှာပြင် နည်းပညာကို ကမ္ဘာ့အဆင့်မီ အခြေအနေအထိ မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိတွေ့မျက်နှာပြင်မှာ တုံ့ပြန်မှု နှေးကွေးခြင်း သို့မဟုတ် အလွန်အမင်း တုံ့ပြန်လွယ်လွန်းခြင်း စသည့် ပြဿနာများမှာလည်း မရှိတော့ပါချေ။

ဤစမတ်ဖုန်းမှာ ဒေါင်လိုက်ဒီဇိုင်း ဖြစ်သော်လည်း အပေါ်မှ ဖုံးအုပ်ထားသည့် ဖောက်ထွင်းမြင်ရသော အဖုံးတစ်ခု ပါဝင်နေခဲ့သည်။ မတတ်နိုင်ပါချေ၊ ယခုခေတ်ကာလတွင် ဖုန်းမျက်နှာပြင်များမှာ အလွန်ပင် ကြွပ်ဆတ်လှသလို အထူးသဖြင့် ထိတွေ့မျက်နှာပြင်များမှာ ပို၍ပင် ထိခိုက်လွယ်သောကြောင့် ဖြစ်သည်။

မျက်နှာပြင်ကို ကာကွယ်ရန်အတွက် ဤကဲ့သို့သော နည်းလမ်းကို မဖြစ်မနေ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် ဤထိတွေ့မျက်နှာပြင်ဖုန်းတွင် Keypad များလည်း ပါဝင်နေသေးသဖြင့် ဖုန်းမှာ တကယ့်ကို ကြီးမားနေကာ ကြည့်ရသည်မှာ အနည်းငယ် လေးလံထိုင်းမှိုင်းသည့်ဟန် ပေါ်နေခဲ့သည်။

အမှန်စင်စစ် ၁၉၉၃ ခုနှစ်ကတည်းက IBM ကုမ္ပဏီသည် စမတ်ဖုန်းကို သုတေသနပြု ဖန်တီးခဲ့ဖူးသော်လည်း ထိုစဉ်က စမတ်ဖုန်းဟူသည်မှာ အယူအဆတစ်ခုမျှသာ ဖြစ်ခဲ့ပြီး လက်တွေ့တွင်မူ အသုံးပြုရသည်မှာ အလွန်ပင် အဆင်မပြေခဲ့ပါချေ။

နောက်ပိုင်းတွင် စမတ်ဖုန်းများသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် ကာလသို့ ရောက်ရှိလာခဲ့ရာ BlackBerry၊ Ericsson၊ Motorola၊ Nokia နှင့် Dopodစသည့် ကုမ္ပဏီများမှာ ရှေ့တန်းမှ ထွက်ပေါ်လာခဲ့ကြသည်။

သို့သော် ယခုခေတ်ကာလရှိ စမတ်ဖုန်းများ၏ လုပ်ဆောင်ချက်မှာ ဖုန်းယွီ အရင်ဘဝက မသေဆုံးမီ မြင်တွေ့ခဲ့ရသော ဖုန်းများနှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ ဖုန်းယွီ အရင်ဘဝက ဖုန်းများ၏ လုပ်ဆောင်ချက်မှာ လက်ရှိ အသုံးပြုနေသော ကွန်ပျူတာများကိုပင် မှီလုနီးပါး ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

ထို့ပြင် BlackBerry ဖြစ်စေ၊ Dopodဖြစ်စေ၊ သို့မဟုတ် Nokia၊ Motorola နှင့် Ericsson တို့ဖြစ်စေ ၎င်းတို့၏ စနစ်မောင်းနှင်မှုမှာ အားနည်းချက်များစွာ ရှိနေခဲ့သည်။ တစ်ကိုယ်ရေသုံး အပလီကေးရှင်းများမှာလည်း အလွန်ပင် နည်းပါးလှပြီး အဓိကအားဖြင့် အင်တာနက် သုံးစွဲခြင်း၊ အီးမေးလ် ပေးပို့ခြင်းနှင့် လက်ခံခြင်း၊ စတော့ဈေးကွက် ကြည့်ရှုခြင်း စသည်တို့မှလွဲ၍ ကျန်ရှိသော လုပ်ဆောင်ချက်များမှာ များစွာ မရှိလှပါချေ။

ဖုန်းယွီသည် ရှုလိဟွာနှင့် အခြားသူများကို တောင်းဆိုချက်များစွာ ပြုလုပ်ခဲ့သည်။ ဤတောင်းဆိုချက်များကို လုပ်ဆောင်နိုင်မှသာ စစ်မှန်သော စမတ်ဖုန်းဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ စက်ပိုင်းဆိုင်ရာကို မဆိုထားနှင့်၊ ဤစနစ်မောင်းနှင်မှုဆော့ဖ်ဝဲလ်ကို ဖန်တီးရခြင်းမှာ Lianxiang Yinshanဆော့ဖ်ဝဲလ်ကုမ္ပဏီအတွက် တကယ့်ကို ခက်ခဲသော အလုပ်တစ်ခု ဖြစ်ခဲ့သည်။

ကံကောင်းသည်မှာ သူတို့သည် ဖုန်းယွီ၏ တောင်းဆိုချက်များအတိုင်း ကြိုတင်ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သလို ရုရှားဘက်မှ ကျွမ်းကျင်သူများနှင့်လည်း ပူးပေါင်းလုပ်ဆောင်ခဲ့သဖြင့် ၎င်းတို့ ဖန်တီးလိုက်သော စနစ်မှာ မဆိုးလှပါချေ။

ကွန်ပျူတာ စနစ်မောင်းနှင်မှု ဆော့ဖ်ဝဲလ်မှာမူ အလွန်ဆုံး နောက်ထပ် တစ်နှစ်အတွင်း ပြီးစီးပေလိမ့်မည်။ ဖုန်းစနစ်မှာမူ ၎င်းတို့၏ စမ်းသပ်ချက်များအရ အလွန်ပင် တည်ငြိမ်နေပြီဖြစ်သဖြင့် ဖုန်းယွီဖုန်းကုမ္ပဏီသည် ဤစမတ်ဖုန်းကို ချက်ချင်းပင် လွှင့်တင်လိုက်ကာ စမတ်ဖုန်းဈေးကွက်သို့ တရားဝင် စတင် ခြေချလိုက်တော့သည်။

ရိုးရိုးဖုန်းဈေးကွက်တွင်မူ ဖုန်းယွီဖုန်းသည် Nokia၊ Motorolaတို့နှင့်အတူ ကမ္ဘာ့ဈေးကွက်ကို သုံးပုံတစ်ပုံစီ ခွဲဝေယူနိုင်ပြီ ဖြစ်သည်။ Nokia၏ ဈေးကွက်ဝေစုမှာ နံပါတ်တစ်နေရာတွင် ရှိနေဆဲဖြစ်သော်လည်း ဖုန်းယွီဖုန်းနှင့် Motorolaတို့၏ ဈေးကွက်ဝေစုမှာမူ များစွာ ကွာခြားခြင်း မရှိတော့ပါချေ။

ယခုတစ်ကြိမ်တွင်မူ ဖုန်းယွီဖုန်း၏ ပန်းတိုင်မှာ Motorolaကို ကျော်တက်ကာ ဈေးကွက်၏ ဒုတိယနေရာသို့ တက်လှမ်းရန်ပင် ဖြစ်သည်။

"လောင်ရှု... ဒီဖုန်းရဲ့ လုပ်ဆောင်ချက်တွေက တော်တော်လေး ကောင်းမွန်တာပဲ။ မင်းတို့ ဒီဖုန်းကို S1 လို့ အမည်ပေးထားတာလား"

"ဟုတ်ကဲ့... S ဆိုတာက SUPER ဆိုတဲ့ စကားလုံးရဲ့ ပထမဆုံး စာလုံးကို ယူထားတာပါ။ တစ်ပြိုင်နက်တည်းမှာပဲ လျန်ရှန့် ရင်ရှန်း က ဖန်တီးထားတဲ့ ဒီစနစ်မောင်းနှင်မှု ဆော့ဖ်ဝဲလ်ရဲ့ နောက်ဆုံး စာလုံးလည်း ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အမည်က HOS လို့ ခေါ်ပြီး 'ဟွာရှစနစ်'လို့ အဓိပ္ပာယ်ရပါတယ်။ ၁ ဆိုတာကတော့ ပထမမျိုးဆက်ကို ကိုယ်စားပြုတာပါ။ ကျွန်တော်တို့က နှစ်စဉ် မျိုးဆက်သစ်တွေ ထုတ်လုပ်သွားဖို့ စီစဉ်ထားပြီး လုပ်ဆောင်ချက် အားလုံးကို အဆင့်မြှင့်တင်သွားမှာပါ။ သုံးနှစ်အတွင်းမှာ စမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ်တစ်နေရာကို ရယူနိုင်ဖို့ ရည်မှန်းထားပါတယ်"

"လက်ရှိ စမတ်ဖုန်း စနစ်တွေထဲမှာ BlackBerry၊ Symbian နဲ့ မိုက်ခရိုဆော့ဖ် တို့က အဓိက ဖြစ်နေတယ်လို့ ငါ မှတ်မိတယ်။ မင်းတို့တွေ နှိုင်းယှဉ် စမ်းသပ်ကြည့်ပြီးပြီလား၊ ငါတို့ရဲ့ HOS စနစ်က သိသာထင်ရှားတဲ့ အားသာချက်တွေ ရှိရဲ့လား"

"သိသာထင်ရှားတဲ့ အားသာချက်လို့တော့ မဆိုနိုင်ပေမဲ့ ကျွန်တော်တို့ စနစ်ရဲ့ လုပ်ဆောင်ချက် အမြောက်အမြားကတော့ ရှေ့တန်းမှာ ရှိနေပါတယ်။ ဥပမာ ကျွန်တော်တို့ဆီမှာ PS ဆော့ဖ်ဝဲလ် ပါဝင်တဲ့အတွက် လူတွေဟာ ဖုန်းပေါ်မှာတင် ဓာတ်ပုံတွေကို ပြုပြင်နိုင်မှာပါ။ ပြီးတော့ စာရွက်စာတမ်းတွေကိုလည်း ဖတ်ရှုတာရော ရေးသားတာပါ ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ WPS ဖြစ်စေ၊ မိုက်ခရိုဆော့ဖ်ရဲ့ WORD ဖြစ်စေ အကုန်လုံး အဆင်ပြေပါတယ်။ အီးမေးလ် ပေးပို့ခြင်း၊ တည်းဖြတ်ခြင်း စတာတွေကိုလည်း အပြည့်အဝ လုပ်ဆောင်နိုင်သလို ဘရောက်ဇာ သုံးမျိုးကိုလည်း ပံ့ပိုးထားတဲ့အတွက် လူတွေဟာ ဖုန်းနဲ့ အင်တာနက် အသုံးပြုရာမှာ ပိုပြီးတော့ အဆင်ပြေမှာပါ..."

ပြောရမည်ဆိုပါက ဤလုပ်ဆောင်ချက်များမှာ တကယ်ပင် ပြည့်စုံလှပေသည်။ လက်ရှိ ဖုန်းအင်တာနက်မှာ 2G ကွန်ရက်သာ ဖြစ်သဖြင့် အရှိန်မှာ အနည်းငယ် နှေးကွေးနေစေကာမူ မရှိသည်ထက်စာလျှင် များစွာ ပိုမိုကောင်းမွန်လှသည်။ အချို့သော ဆက်သွယ်ရေး စနစ် ဖွံ့ဖြိုးသည့် နိုင်ငံများတွင်မူ 2.5G ကွန်ရက်များပင် ရှိနေပြီ ဖြစ်သည်။

အနာဂတ်တွင် ကွန်ရက်အရှိန်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြန်ဆန်လာမည်ဖြစ်ရာ ဖုန်းယွီသည် လျန်ရှန့် ရင်ရှန်း ကုမ္ပဏီကို အင်တာနက် အသုံးပြုနိုင်မှု လုပ်ဆောင်ချက်ကို အဓိကထားရန် မှာကြားခဲ့သည်။ နောက်ထပ်အရေးကြီးသောအချက်မှာ ဓာတ်ပုံတည်းဖြတ်သည့် လုပ်ဆောင်ချက်ပင် ဖြစ်သည်။ ဤသည်မှာ ဓာတ်ပုံရိုက်သည့် လုပ်ဆောင်ချက်နှင့် အမြဲတမ်း ဒွန်တွဲနေခြင်းကြောင့် ဖြစ်သည်။

ထိုစဉ်က ဖုန်းယွီသည် ဓာတ်ပုံတည်းဖြတ်ခြင်းအကြောင်း ပြောဆိုသည့်အခါ လီတာ့ကျွင်းမှာ ဇဝေဇဝါ ဖြစ်နေခဲ့သေးသည်။ မည်သူက ဖုန်းပေါ်တွင် ဓာတ်ပုံများကို တည်းဖြတ်နေမည်နည်းဟု သူက တွေးနေခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီသည် စိတ်ထဲမှ ကြိတ်၍ ရယ်မောလိုက်မိသည်။ အနာဂတ်တွင် Selfie များမှာ မည်မျှအထိ ရေပန်းစားလာမည်ကို လီတာ့ကျွင်း သိရှိခြင်း မရှိသောကြောင့် ဖြစ်သည်။

ကျားမ မရွေး၊ လူကြီးလူငယ်မရွေး အားလုံးမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကိုယ်တိုင်ရိုက်ဓာတ်ပုံများကို ရိုက်ကူးဖူးကြပေလိမ့်မည်။ အချို့ဆိုလျှင် ထိုအရာကို စွဲလန်းနေကြသော သူများပင် ရှိနေသေးသည်။ ထိုအချိန်ကျလျှင် ချောမောလှပသော မိန်းကလေးများနှင့် ယောကျာ်းလေးများ၏ ဖုန်းထဲမှ ပုံရိပ်များကို အင်တာနက် အသုံးပြုသူများက "ဤပုံမှာ ကိုးကားရန်အတွက်သာ ဖြစ်သည်" ဟုပင် နောက်ပြောင် ခေါ်ဆိုကြပေလိမ့်မည်။

ဤအချက်မှာ တရုတ်ပြည်တွင်သာမက ဥရောပနှင့် အမေရိကန် စသည့် နိုင်ငံများတွင်လည်း အတူတူပင် ဖြစ်သည်။ လူတိုင်းသည် ကိုယ့်၏ဓာတ်ပုံကို ပိုလှပနေသည်ကိုသာ မြင်တွေ့လိုကြသည် မဟုတ်ပါလား။

လီတာ့ကျွင်း၏အမြင်အရမူ စမတ်ဖုန်းများသည် BlackBerryကဲ့သို့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုသာ ပိုအာရုံစိုက်သင့်သည်ဟု ယူဆထားသည်။ BlackBerryသည် စီးပွားရေးသမားများ၏ ပထမဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်။ အမေရိကန်တွင် လွန်ခဲ့သော နှစ်နှစ်က ထိုအဖြစ်အပျက်ကြီး ဖြစ်ပွားခဲ့စဉ်က အမေရိကန်၏ ဆက်သွယ်ရေး အများစု ပြတ်တောက်သွားခဲ့သော်လည်း BlackBerryတွင်မူ ကြိုးမဲ့ အင်တာနက်စနစ် ရှိနေသဖြင့် မည်သည့်အချိန်တွင်မဆို ဘေးအန္တရာယ်ဖြစ်ပွားရာနေရာမှ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို လက်ခံရရှိနိုင်ခဲ့သည်။

ဤအချက်ကပင် BlackBerryကို တကယ်တမ်း တိုးတက်လာစေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မြောက်အမေရိကရှိ စီးပွားရေးသမား အားလုံးနီးပါးမှာ BlackBerry ဖုန်းတစ်လုံးစီကို ကိုင်ဆောင်ထားကြသည်။ ရဲလ်ဖ်တို့ အဖွဲ့သည်ပင် ဖုန်းယွီဖုန်း တစ်လုံးနှင့် BlackBerryဖုန်း တစ်လုံးဟူ၍ နှစ်လုံးစီ ကိုင်ဆောင်ထားကြရာ ဖုန်းယွီမှာမူ ထိုအချက်အပေါ် မကျေမနပ် ဖြစ်နေခဲ့မိသည်။

သို့သော်လည်း မတတ်နိုင်ပါချေ။ BlackBerry၏ လုပ်ဆောင်ချက် အမြောက်အမြားကို ထိုစဉ်က ဖုန်းယွီဖုန်းများတွင် မထည့်သွင်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ယခုအခါတွင်မူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းယွီဖုန်းတွင် စမတ်ဖုန်း လုပ်ဆောင်ချက်များ ပါဝင်လာပြီဖြစ်သလို အခြားသော အချက်များတွင်လည်း BlackBerryကို အပြည့်အဝ ကျော်တက်နိုင်ပြီဖြစ်ရာ လူအများအပြားမှာ ဖုန်းနှစ်လုံး ကိုင်မည့်အစား ဖုန်းယွီဖုန်း တစ်လုံးတည်းကိုသာ ရွေးချယ်လာကြလိမ့်မည်ဟု သူက ယုံကြည်ထားသည်။

အရင်ဘဝတွင် BlackBerry အထွတ်အထိပ် ရောက်ရှိစဉ်က ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်၏ သုံးပုံတစ်ပုံထက်မကကို စိုးမိုးထားနိုင်ခဲ့သလို မြောက်အမေရိကတွင်မူ ၆၀ ရာခိုင်နှုန်းအထိပင် ရောက်ရှိခဲ့ရာ စမတ်ဖုန်းများ၏ ပြယုဂ်ဟုပင် ခေါ်ဆိုနိုင်ခဲ့သည်။

စမတ်ဖုန်းဟု ပြောလိုက်သည်နှင့် လူအများစုမှာ ပထမဆုံး BlackBerryကိုသာ ပြေးမြင်ကြလေ့ ရှိသည်။

သို့သော် အရင်ဘဝတွင် Android စနစ် ပေါ်ထွက်လာပြီးနောက်တွင် စမတ်ဖုန်းဈေးကွက်မှာ ပန်းပေါင်းစုံ ပွင့်လန်းသကဲ့သို့ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် စနစ်မောင်းနှင်မှု ဆော့ဖ်ဝဲလ်အလိုက် ခွဲခြားခဲ့ကြရာ Androidစနစ်မှာ ဈေးကွက်၏ ၈၀ ရာခိုင်နှုန်းထက်မကကို စိုးမိုးထားနိုင်ခဲ့သဖြင့် လုံးဝဥဿုံ ဘုရင်တစ်ပါး ဖြစ်ခဲ့သည်။

ဖုန်းယွီသည် လီတာ့ကျွင်းကို မှာကြားလိုက်သည်မှာ စမတ်ဖုန်းများသည် စီးပွားရေးသမားများကိုသာ ဦးတည်ရန် မလိုအပ်ဘဲ လူတိုင်းသည် အလားအလာရှိသော ဝယ်ယူသူများ ဖြစ်ကြောင်းပင် ဖြစ်သည်။ အနာဂတ်တွင် စမတ်ဖုန်းများသည် ဖုန်းဝယ်ယူမည့်သူ အားလုံး၏ ပထမဆုံး ရွေးချယ်မှု ဖြစ်လာပေလိမ့်မည်။

လီတာ့ကျွင်းမှာမူ ထိုအချက်ကို အပြည့်အဝ မယုံကြည်နိုင်သေးစေကာမူ လက်တွေ့ အကောင်အထည်ဖော်ရန်သာ ဆုံးဖြတ်ခဲ့သည်။ ဤသို့ဖြင့် လျန်ရှန့် ရင်ရှန်း ကုမ္ပဏီ၏ အလုပ်ပမာဏမှာလည်း များစွာ တိုးလာခဲ့ရသည်။ သို့သော် ၎င်းတို့သည်လည်း အကယ်၍ ဈေးကွက်ဝေစု သုံးပုံတစ်ပုံခန့်ကို စိုးမိုးနိုင်မည်ဆိုပါက ဤစနစ်သည် ကုမ္ပဏီအတွက် မကုန်ခန်းနိုင်သော အမြတ်အစွန်းများကို သယ်ဆောင်လာပေးလိမ့်မည်ဟု ယူဆထားကြသည်။

ဖုန်းယွီသည် အချက်သုံးချက်ကိုသာ အလေးပေး မှာကြားခဲ့သည်။ ၎င်းမှာ "လူသားဗဟိုပြုမှု" သို့မဟုတ် "သုံးစွဲသူအတွက် လွယ်ကူချောမွေ့သော" ပုံစံပင် ဖြစ်သည်။ ဤသည်မှာ အရင်ဘဝက Androidစနစ်၏ အကျော်ကြားဆုံးသော အားသာချက်ပင် ဖြစ်သည် မဟုတ်ပါလား။

ဖုန်း၏ လုပ်ဆောင်ချက်များမှာ ပိုမိုရိုးရှင်းရမည်ဖြစ်သလို သုံးစွဲသူ၏အလေ့အထများနှင့် ကိုက်ညီရမည် ဖြစ်သည်။ သုံးစွဲသူကို သူ၏ အလေ့အထအတိုင်း လိုက်နာရန် အတင်းအကျပ် ဖိအားပေးခြင်းမျိုး မဖြစ်စေရပါချေ။ စနစ်ကို ဖန်တီးရာတွင် သုံးစွဲသူ၏ ရှုထောင့်မှနေ၍ စဉ်းစားတွေးတောရမည် ဖြစ်သည်။ ဤသို့ဖြင့်သာ ဤဖုန်းစနစ်ကို သုံးစွဲသူများက ပိုမို၍ နှစ်သက်စွဲလန်းလာကြမည် ဖြစ်သည်။

******

အခန်း (၁၂၉၃) အဈေးအကြီးဆုံးနှင့် အဈေးအသက်သာဆုံး

ဤဖုန်းယွီ S1 အမျိုးအစားမှာ လက်ရှိ ဖုန်းယွီဖုန်းကုမ္ပဏီမှ ထုတ်လုပ်သမျှထဲတွင် အဈေးအကြီးဆုံး ထုတ်ကုန်ဖြစ်ပြီး ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၁၄၉၉ အထိ ရှိပေလိမ့်မည်။ ဖုန်းတစ်လုံးလျှင် ဒေါ်လာ ရာဂဏန်းမျှသာ ရှိကြသော ယခုခေတ်ကာလတွင်မူ ဤဈေးနှုန်းမှာ ထိပ်ဆုံးမှ ပြိုင်ဘက်ကင်းနေသည့် အနေအထားပင် ဖြစ်သည်။

သေချာပေါက်ပင် ၎င်း၏ လုပ်ဆောင်ချက်များမှာလည်း အလွန်တရာ အစွမ်းထက်လှပေသည်။ ရှုလိဟွာက ထုတ်ကုန်သစ် မိတ်ဆက်ပွဲတွင် လက်တွေ့ ပြသလိုက်သည့်အခါ စင်အောက်ရှိ ပရိသတ်များထံမှ အံ့သြတုန်လှုပ်သံများမှာ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာခဲ့ရသည်။

ဤဖုန်း၏ လုပ်ဆောင်ချက်များသည် BlackBerry၊ Nokia၊ Dopodစသည့် ဖုန်းများထက် များစွာ သာလွန်နေရုံသာမက သာမန်ဖုန်းများတွင် ရှိတတ်သော ထိပ်တန်း လုပ်ဆောင်ချက် အမြောက်အမြားလည်း ပါဝင်နေခဲ့သည်။

မျက်နှာပြင်တွင် အရောင်အသွေး ၂၆၀,၀၀၀ အထိ ဖော်ပြနိုင်သော ရောင်စုံမျက်နှာပြင်ကို ဖန်တီးထားရုံသာမက Touch Screen ပုံစံလည်း ဖြစ်သည်။ ထို့ပြင် ကင်မရာကိုလည်း အဆင့်မြှင့်တင်ထားခဲ့သည်။ ရှုလိဟွာက ထို PS (Photoshop) ကဲ့သို့သော ပြုပြင်နိုင်သည့် လုပ်ဆောင်ချက်များကို ပြသလိုက်သည့်အခါ လူအများအပြားမှာ အလွန်အမင်း အံ့အားသင့်သွားကြရပြန်သည်။

ဖုန်းတစ်လုံးသည် ယခုအချိန်တွင် ဤမျှအထိ စွမ်းဆောင်နိုင်နေပြီဆိုသည်ကို သူတို့ လုံးဝ မသိရှိထားကြသေးပါချေ။

သို့သော်လည်း လူအများအပြားက ဤဖုန်း၏ ရောင်းဈေးမှာ မြင့်မားလွန်းလှသည်ဟု ဝေဖန်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း မတတ်နိုင်ပါချေ။ ဤဖုန်းတွင် ဖုန်းယွီ အီလက်ထရွန်နစ်နှင့် အခြားသော ကုမ္ပဏီများ၏ နောက်ဆုံးပေါ် နည်းပညာများ အားလုံးကို အသုံးချထားသဖြင့် ထုတ်လုပ်မှုစရိတ်မှာပင် ဒေါ်လာ တစ်ထောင်ခန့် ရှိနေသောကြောင့် ဖြစ်သည်။ စနစ်မောင်းနှင်မှု ဆော့ဖ်ဝဲလ်တစ်ခုတည်း၏ ကုန်ကျစရိတ်မှာပင် အခြားသော ဖုန်းအားလုံးထက် မြင့်မားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤစနစ်ကို ဖုန်းယွီဖုန်းနှင့် Aiwa ဖုန်းနှစ်မျိုးတွင်သာ အသုံးပြုထားသောကြောင့်ပင် ဖြစ်သည်။

သို့သော် ရှုလိဟွာကမူ ခြောက်လမပြည့်မီ အချိန်အတွင်းမှာပင် မျက်နှာပြင်နှင့် အခြားသော အစိတ်အပိုင်းများ၏ ကုန်ကျစရိတ်များ ကျဆင်းလာသည်နှင့်အမျှ၊ စနစ်မောင်းနှင်မှု ဆော့ဖ်ဝဲလ်၏ ကုန်ကျစရိတ်လည်း ကျဆင်းလာမည်ဖြစ်ရာ ဖုန်း၏ ရောင်းဈေးကို ပြန်လည် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ရှုလိဟွာတို့ အဖွဲ့သည် ဤကဲ့သို့သော ဖုန်းမျိုးကို အဆင့်မြင့်လမ်းစဉ်အဖြစ်သာ သွားသင့်ပြီး ရောင်းဈေးကို ဒေါ်လာ တစ်ထောင်အထက်တွင်သာ ထိန်းသိမ်းထားသင့်သည်ဟု ယူဆထားကြသည်။ သို့သော် လက်ရှိတွင် အောင်မြင်နေသော BlackBerry၏ ရောင်းဈေးမှာပင် ဤမျှအထိ မြင့်မားခြင်း မရှိပါချေ။

၎င်းတို့သည် ဈေးကွက်စစ်တမ်းများ ကောက်ယူပြီးနောက်တွင် ဖုန်းဈေးကွက်၏ အဆင့်မြင့်ပိုင်းမှာ လွတ်လပ်နေသေးသည်ဟု ယူဆထားကြသဖြင့် ထိုနေရာကို အရင်ဦးဆုံး သိမ်းပိုက်လိုကြခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ အလုပ်ဖြစ်နိုင်မည်လားဆိုသည်ကို ဖုန်းယွီလည်း အသေအချာ မသိရှိသော်လည်း သူကမူ ဖုန်းရောင်းဈေးကို အမြန်ဆုံး လျှော့ချနိုင်မည့် နည်းလမ်းကို ရှာဖွေရန် အကြံပြုထားသည်။ ဖုန်းဟူသည်မှာ သာမန်မိသားစုများအတွက် ထုတ်ကုန်တစ်ခု ဖြစ်သင့်ပြီး အနာဂတ်တွင် အသုံးအများဆုံး အီလက်ထရွန်နစ် ပစ္စည်းတစ်ခု ဖြစ်လာရမည် မဟုတ်ပါလား။

ထိုအချိန်တွင် ရှုလိဟွာက ပြန်လည် မေးခွန်းထုတ်လိုက်သည်။ "ဖုန်းတွေကို နှစ်ဖက်အစွန်းဆီကို ဦးတည်ပြီး ထုတ်လုပ်ရမယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်လား။ လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်ပြီး ဈေးကြီးတဲ့ ဖုန်းနဲ့ အခြေခံ လုပ်ဆောင်ချက်တွေပဲ ပါဝင်ပြီး ဈေးသက်သာတဲ့ ဖုန်းဆိုပြီး လမ်းကြောင်းနှစ်ခုပေါ့"

ဖုန်းယွီမှာ ဘာပြောရမှန်းပင် မသိတော့ပါချေ။ သူတို့သည် သူထင်ထားသည်ထက်ပင် ပို၍ အစွန်းရောက်နေကြသည်ကို မထင်မှတ်ထားခဲ့မိပေ။

"လောင်ရှု... မင်း စဉ်းစားကြည့်ဦးလေ၊ ဒီဖုန်းရဲ့ ရောင်းဈေးက PC တစ်လုံးထက်တောင် ပိုပြီးတော့ ဈေးကြီးနေပြီ။ အခုအချိန်မှာ PC တစ်လုံးက ဘယ်လောက်ပဲ ရှိသလဲ။ လက်ပ်တော့ပ် တစ်လုံးဆိုရင်တောင် တစ်ထောင်ကျော်လောက်ပဲ ရှိတာလေ။ အဲဒါကို ဝယ်သူတွေက ဈေးကြီးတယ်လို့ မခံစားရဘူးလို့ မင်း ထင်နေတာလား"

"ဒါကြောင့် ဒီ S1 ဖုန်းကို အခုလောလောဆယ် ဖွံ့ဖြိုးပြီး နိုင်ငံတွေကိုပဲ ဦးတည်ပြီး ရောင်းမှာပေါ့။ အဲဒီမှာက ချမ်းသာတဲ့သူတွေ များတယ်လေ။ နောက်ထပ် ထွက်လာမယ့် မျိုးဆက်ကျရင်တော့ ဈေးနှုန်းကို ဒေါ်လာ တစ်ထောင်ဝန်းကျင်အထိ လျှော့ချနိုင်ပါပြီ။ အဲဒီအချိန်ကျရင် ငါတို့က အဆင့်မြင့်ဖုန်း အမှတ်တံဆိပ်ဆိုတဲ့ ပုံရိပ်က လူတွေရဲ့ စိတ်ထဲမှာ စွဲမြဲသွားလောက်ပြီလေ။ အဲဒီအချိန်ကျမှ စမတ်ဖုန်း နယ်ပယ်မှာ ဈေးကွက်ဝေစုကို ချဲ့ထွင်ဖို့က အကောင်းဆုံး အခွင့်အရေးပဲ မဟုတ်လား"

ဟင်… ဖုန်းယွီ သေချာစဉ်းစားကြည့်လိုက်သည်။ ဤသည်မှာလည်း နည်းလမ်းကောင်းတစ်ခုပင် ဖြစ်သည်။

သို့သော်လည်း ပြဿနာတစ်ခု ရှိနေသည်မှာ အခြားသူများက ဖုန်းယွီဖုန်း၏အစောပိုင်း အမြတ်အစွန်းမှာ အလွန်မြင့်မားနေသည်ဟု ထင်မြင်သွားနိုင်ခြင်းပင် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် နောက်ပိုင်းတွင် ဤမျှအထိ ဈေးနှုန်းများကို အဘယ်ကြောင့် အဆမတန် လျှော့ချနိုင်ရသနည်းဟု မေးခွန်းထုတ်လာနိုင်ပေသည်။

"အဲဒါကလည်း... ဖြစ်နိုင်ပါတယ်လေ။ မင်းတို့ သုတေသန လုပ်ပြီးနောက်မှာ ဖြစ်နိုင်တယ်လို့ ယူဆရင်လည်း လုပ်ကြည့်ကြတာပေါ့။ ဒါပေမဲ့ ဒီအတိုင်းဆိုရင် ငါတို့ တရုတ်ပြည် ဈေးကွက်မှာတော့ ငွေသိပ်ပြီး ရှာနိုင်မှာ မဟုတ်ဘူး ထင်တယ်နော်"

"တရုတ်ပြည် ဈေးကွက်မှာတော့ လက်လီဈေးကို ယွမ်တစ်သောင်းဝန်းကျင်လောက် သတ်မှတ်ထားပါတယ်။ အဲဒါလည်း အမြတ်ရှိတာပါပဲ၊ ဦးတည်ထားတာကလည်း အဆင့်မြင့် ဈေးကွက်ကိုပါပဲ။ ဒီဖုန်းကို စမ်းသပ်ထုတ်ကုန်တစ်ခုလို့ပဲ သဘောထားလိုက်ပါ။ လူတွေက ငါတို့ ထုတ်ကုန်တွေရဲ့ အားသာချက်ကို သတိထားမိသွားအောင် လုပ်ပြီး ကြော်ငြာတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ငါတို့ရဲ့ အစီအစဉ်အရ သုံးမျိုးဆက်လောက် ကြာတဲ့အခါ စမတ်ဖုန်းဈေးကွက်ရဲ့ အဓိက ရေစီးကြောင်း ဖြစ်လာပါလိမ့်မယ်"

တစ်နှစ်လျှင် တစ်မျိုးဆက်ဟူသော အစီအစဉ်အရဆိုလျှင် သုံးမျိုးဆက်ဆိုသည်မှာ နောက်ထပ် သုံးနှစ်အကြာပင် ဖြစ်သည်။ ဖုန်းယွီ စဉ်းစားကြည့်လိုက်ရာ သုံးနှစ်အကြာတွင် စမတ်ဖုန်းများသည် ရိုးရိုးဖုန်းများကို အပြည့်အဝ အစားထိုးနိုင်ဦးမည် မဟုတ်သေးသည်မှာ အမှန်ပင် ဖြစ်သည်။

"ဒါပေမဲ့ ဒီဖုန်းတစ်မျိုးတည်းနဲ့ပဲ Motorolaကို ကျော်တက်နိုင်မယ်လို့ မင်းတို့ တွေးနေတာလား"

ဤဖုန်း၏ အရောင်းပမာဏမှာ အလွန်အမင်း မြင့်မားလာနိုင်ခြေ မရှိပါချေ။ ထိုသို့ဆိုလျှင် Motorolaကို မည်သို့ ကျော်တက်နိုင်မည်နည်း။ Motorolaသည် အမေရိက ဈေးကွက်၏ ဘုရင် မဟုတ်ပါလား။ Nokiaပင်လျှင် အမေရိက ဈေးကွက်တွင် Motorolaကို အနိုင်မရနိုင်ပါချေ။

ရှုလိဟွာက ပြုံးလိုက်ကာ ဆိုလိုက်သည်။ "မန်နေဂျာဖုန်း... မင်း ငါတို့ကို ပြောခဲ့ဖူးတာ မှတ်မိသေးလား၊ အဈေးအသက်သာဆုံး ဖုန်းတစ်မျိုးကို ထုတ်လုပ်ရမယ်ဆိုတာလေ။ အဲဒီဖုန်းရဲ့ ထုတ်လုပ်မှုကလည်း တော်တော်လေး ခရီးရောက်နေပါပြီ၊ ဒီနှစ်ကုန်ပိုင်းလောက်ဆိုရင် မိတ်ဆက်နိုင်တော့မှာပါ"

ဖုန်းယွီက မျက်ခုံးတစ်ချက် ပင့်လိုက်ကာ မေးမြန်းလိုက်သည်။ "မင်း ပြောတာ အခြေခံ လုပ်ဆောင်ချက်တွေပဲ ပါတဲ့ ဖုန်းကိုလား။ ထုတ်လုပ်မှုစရိတ်ကို ဘယ်လောက်အထိ ထိန်းထားနိုင်သလဲ"

"၄၅ ဒေါ်လာ ဝန်းကျင်လောက်မှာ ရှိနေပါတယ်။ ငါတို့ကတော့ ဒေါ်လာ ၅၀ နဲ့ ရောင်းဖို့ စီစဉ်ထားတယ်"

ဒေါ်လာ ၅၀ ဟူသော ရောင်းဈေးမှာ အမှန်စင်စစ် ဖုန်းယွီ အရင်ဘဝက Nokia၏ ဒဏ္ဍာရီလာဖုန်း (၁၁၁၀) ထက် အနည်းငယ် ပို၍ ဈေးကြီးနေသေးသည်။ အနာဂတ်တွင် ဤကဲ့သို့သော ဈေးပေါသည့် ဖုန်းများသည် တစ်ခေတ်ဆန်းခဲ့ဖူးသည်။ တရုတ်ပြည်တွင်သာမက ဖွံ့ဖြိုးပြီး နိုင်ငံအမြောက်အမြားတွင်လည်း အလွန်ပင် ရောင်းကောင်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် အရောင်းရဆုံး ဖုန်းအမျိုးအစားမှာ Nokia ၁၁၁၀ ဖြစ်ပြီး အလုံးရေ သန်းပေါင်း နှစ်ရာ့ငါးဆယ်အထိ ရောင်းချခဲ့ရကာ မည်သူမျှ မကျော်တက်နိုင်သော စံချိန်တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။

ဖုန်းတစ်လုံးလျှင် အမြတ် တစ်ဒေါ်လာမျှသာ ရရှိမည်ဆိုပါကပင် ဒေါ်လာ သန်းပေါင်း နှစ်ရာ့ငါးဆယ်မျှသော အမြတ်အစွန်းကို ရရှိနိုင်သည် မဟုတ်ပါလား။

"ဒီနှစ်ကုန်ပိုင်းမှာ သေချာပေါက် ထွက်လာနိုင်မှာလား"

"ပြဿနာ မရှိပါဘူး။ အခုလောလောဆယ် နောက်ဆုံးအဆင့် ပစ္စည်းကိရိယာတွေ စမ်းသပ်မှု လုပ်နေတာပါ။ ငါတို့က ဒီဖုန်းရဲ့ သက်တမ်းကို သုံးနှစ်အထိ အသုံးခံအောင် စီစဉ်ထားတယ်"

"သုံးနှစ်ပဲ အသုံးခံမှာလား" ဖုန်းယွီ မှတ်မိနေခဲ့သည်မှာ အရင်ဘဝက Nokia၏ ဒဏ္ဍာရီလာဖုန်းများသည် ငါးနှစ်၊ ခြောက်နှစ်အထိ အသုံးပြုလျှင်ပင် ပြဿနာ မရှိနိုင်ပါချေ။

"မန်နေဂျာဖုန်း... ဒါကလည်း မင်းပဲ ပြောခဲ့တာ မဟုတ်လား။ ဖုန်းရဲ့ သက်တမ်းကို သုံးနှစ်ဝန်းကျင်လောက်မှာပဲ ထိန်းထားသင့်တယ်လို့လေ။ အဲဒီလိုမဟုတ်ဘဲ သုံးစွဲသူတွေက ဖုန်းအသစ် မလဲကြဘူးဆိုရင် ငါတို့ရဲ့ ဈေးကွက်က ကျဉ်းမြောင်းသွားမှာပေါ့။ ငါတို့ဖုန်းက သက်တမ်း သုံးနှစ်ဆိုပေမဲ့ အတင်းအကျပ် သုံးမယ်ဆိုရင်တော့ လေးနှစ်လောက်အထိလည်း ပြဿနာ မရှိနိုင်ပါဘူး"

အင်း... ဟုတ်ပါပြီ။ ဒါကလည်း အကျိုးအကြောင်း ရှိတာပါပဲ။

အရင်ဘဝက ၁၁၁၀ ကို အသုံးပြုသောသူများမှာ အများအားဖြင့် ကျောင်းသားများနှင့် လူကြီးပိုင်းများသာ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ခလုတ်များ ပိုကြီးကာ စာလုံးများ ပိုကြီးသော လူကြီးသုံးဖုန်းများ ပေါ်ထွက်လာခဲ့သည်။ ဤဝင်ငွေနည်းပါးသူများကို ဦးတည်ထားသော ဈေးပေါသည့်ဖုန်းများကို သုံးနှစ်ခန့် အသုံးပြုရခြင်းမှာလည်း တန်ဖိုးရှိလှပါသည်။ ပျမ်းမျှအားဖြင့် သုံးရက်လျှင် တရုတ်ငွေ တစ်ယွမ်ခန့်သာ ကျသင့်မည်ဖြစ်ရာ ဖုန်းပြောခထက်ပင် ပို၍သက်သာနေဦးမည် ဖြစ်သည်။

"ဒီဖုန်းသာ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်မယ်ဆိုရင် ငါတို့ ဖုန်းယွီဖုန်းဟာ ဖုန်းသမိုင်းမှာ အမြဲတမ်း မှတ်တမ်းတင်ခံရလိမ့်မယ်။ မင်းရဲ့ အထင်အရဆိုရင် ဒီဖုန်းက အလုံးရေ ဘယ်လောက်အထိ ရောင်းရမယ်လို့ ထင်သလဲ"

"တစ်နှစ်ကို အလုံးရေ ၁၀ သန်းလောက်ကတော့ ပြဿနာ မရှိပါဘူး။ အနည်းဆုံး သုံးနှစ်လောက်တော့ ရောင်းရမှာပေါ့"

သန်း ၃၀ လား။

ဖုန်းယွီသည် ရှုလိဟွာကို တစ်ချက် ကြည့်လိုက်ပြီး ဆိုလိုက်သည်။ "အိပ်မက်ကို ဒီထက် ပိုကြီးအောင် မက်ပါ"

"ပိုကြီးအောင်လား။ ဒါဆို သန်း ၅၀ လောက် ရောင်းရမယ်လို့ မင်း ထင်နေတာလား"

"ငါတို့ တရုတ်ပြည် တစ်နိုင်ငံတည်းမှာတင် သန်း ၅၀ လောက် ရောင်းရနိုင်တယ်" ဖုန်းယွီက အခိုင်အမာ ပြောကြားလိုက်သည်။

"ဘာ... တရုတ်ပြည် တစ်နိုင်ငံတည်းမှာတင် သန်း ၅၀ လား။ ဒါဆို မင်းရဲ့ဆိုလိုရင်းက တစ်ကမ္ဘာလုံးမှာ သန်းတစ်ရာကျော် ရောင်းရမယ်လို့ ပြောတာလား"

"အဲဒီထက်တောင် ပိုဦးမှာပါ။ မင်း စဉ်းစားကြည့်လေ၊ အခုဆိုရင် ဘီပီစက်တွေ ကွယ်ပျောက်သွားပြီ။ လူတွေ အသုံးပြုနေတဲ့ လက်ကိုင် ဆက်သွယ်ရေး ကိရိယာဆိုလို့ ဖုန်းပဲ ရှိတော့တာ။ အရင်က ဘီပီစက်တွေ တိုးတက်လာတဲ့ အရှိန်နဲ့ အခု ဖုန်းတွေ တိုးတက်လာတဲ့ အရှိန်ကို နှိုင်းယှဉ်ကြည့်လိုက်လေ။ အရင်က ဖုန်းဈေးတွေက အရမ်းကြီးနေတော့ လူအတော်များများက ဈေးကြီးတယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ ဖုန်းမရှိတဲ့သူတွေက ဖုန်းရှိတဲ့သူတွေကို အားကျနေကြမယ်ဆိုတာ မင်း ယုံလား။ အခုလို ဈေးနှုန်းချိုသာတဲ့ ဖုန်းတစ်မျိုး ပေါ်လာပြီဆိုရင် မြို့ပေါ်မှာ လာရောက် အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ အိမ်ကနေ သူတို့ကို အချိန်မရွေး ဆက်သွယ်နိုင်အောင် သေချာပေါက် တစ်လုံးစီ ဝယ်ကြလိမ့်မယ်"

"ပြီးတော့ အခုခေတ် ကျောင်းသားတွေကို ကြည့်ဦး၊ သူတို့ရော ဖုန်းမကိုင်ချင်ကြဘူးလား။ ကျောင်းလစာတွေကလည်း ကြီးတော့ သာမန်မိသားစုတွေအတွက် ကလေးကို ကျောင်းထားဖို့တောင် မနည်း ရုန်းကန်နေရတာ၊ အဆင့်မြင့် အီလက်ထရွန်နစ် ပစ္စည်းတွေကို မဝယ်ပေးနိုင်ကြဘူး။ ဒါပေမဲ့ ဒီဖုန်းက ယွမ် ၄၀၀ ဝန်းကျင်ပဲ ရှိမယ်ဆိုရင်တော့ မိဘတွေက ဝယ်ပေးဖို့ ဝန်လေးကြမှာ မဟုတ်တော့ဘူး။ နောက်ပြီး ဖုန်းသုံးဖို့ နှမြောနေကြတဲ့ လူကြီးတွေလည်း ရှိသေးတယ်၊ သူတို့က မသုံးချင်တာ မဟုတ်ဘူး၊ နှမြောနေကြတာ"

"ဒါကြောင့် ဒီဖုန်းဟာ ဈေးပေါတဲ့ ဖုန်းတွေရဲ့ လှိုင်းလုံးကြီးကို ဦးဆောင်သွားလိမ့်မယ်။ နောက်ထပ် နှစ်နှစ်လောက် ကြာရင် ဒေါ်လာ ၄၀ အောက်အထိ ပိုပြီး ဈေးပေါတဲ့ ဖုန်းတွေလည်း ထွက်လာနိုင်ခြေ ရှိသေးတယ်။ ဒါကြောင့် ဖုန်းရဲ့ ကုန်ကျစရိတ်ကို ထပ်မံ လျှော့ချနိုင်အောင် ကြိုးစားရမယ်၊ အခြေခံ လုပ်ဆောင်ချက်တွေမှာတော့ လုံးဝ ပြဿနာ မရှိစေရဘူး၊ အဲဒီလိုဆိုရင် ငါတို့ဟာ ဈေးကွက်အနိမ့်ပိုင်းရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်"

******

အခန်း (၁၂၉၄) စမတ်ဖုန်းဆိုင်ရာ ပြိုင်ဆိုင်မှု

ဖုန်းယွီဖုန်းကုမ္ပဏီက S1 ကို မိတ်ဆက်လိုက်ပြီးနောက်တွင် ကမ္ဘာ့ထိပ်တန်း ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီကြီးများအားလုံးသည် သတင်းကို ချက်ချင်းဆိုသလို ရရှိခဲ့ကြပြီး၊ အချို့မှာ ထုတ်ကုန်မိတ်ဆက်ပွဲသို့ ကိုယ်စားလှယ်များပင် စေလွှတ်၍ လျှို့ဝှက်စုံစမ်းခိုင်းခဲ့ကြသည်။ ဖုန်းယွီဖုန်း၏ အစွမ်းထက်လှသော လုပ်ဆောင်ချက်များကို မြင်တွေ့လိုက်ရသည့်အခါ ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီအသီးသီး၏ သဘောထားများမှာ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားနေခဲ့သည်။

Nokia ၏ အမှုဆောင်အရာရှိချုပ် (CEO) မှာမူ ဤအပေါ်၌ အထင်အမြင်သေးစွာဖြင့်ပင် ဂရုမစိုက်သလို နေခဲ့သည်။ ဖုန်းယွီဖုန်းက တကယ်ပင် ဈေးနှုန်းကြီးမြင့်သည့် လမ်းစဉ်ကို သွားချင်နေခြင်းလော။ သို့ဆိုလျှင် "မင်းမျိုးမင်းနွယ်သုံးဖုန်း" ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သူတို့ သိအောင် ပြပေးရတာပေါ့ ဟု သူက တွေးတောနေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် Nokia သည်လည်း အဆင့်မြင့် ဖုန်းအမှတ်တံဆိပ်တစ်ခုကို ထုတ်လုပ်ရန် စီစဉ်နေခဲ့သည်။ ထိုအမှတ်တံဆိပ်တွင် အဈေးအသက်သာဆုံး ဖုန်းမှာပင် ဒေါ်လာ ၂၅၀၀ အထက်၌ ရှိမည်ဖြစ်သလို၊ စိတ်ကြိုက်အော်ဒါမှာယူသည့် ဖုန်းများဆိုလျှင် ဒေါ်လာ တစ်သိန်းကျော်အထိ ဈေးနှုန်းရှိနိုင်ပါသည်။

ဖုန်းကိုယ်ထည်ကို အာကာသယာဉ်သုံး ပစ္စည်းများဖြင့် တည်ဆောက်မည်ဖြစ်ပြီး၊ ခလုတ်ခုံကို ရွှေစင်ဖြင့် သွန်းလုပ်ကာ အပေါ်၌လည်း စိန်နှင့် အခြားသော အဖိုးတန် ကျောက်မျက်ရတနာများကို စီခြယ်ထားမည်ဖြစ်သည်။ ၎င်းအပြင် အလွန်ကောင်းမွန်သော ဆက်သွယ်ရေး လိုင်းဆွဲအားကိုလည်း ပံ့ပိုးပေးထားမည်ဖြစ်ရာ ဤဖုန်းမှာ သူဌေးကြီးများကိုသာ သီးသန့် ဦးတည်ထားခြင်း ဖြစ်သည်။ အဆင့်မြင့် ဖုန်းဈေးကွက်မှာ သေချာပေါက် Nokia ၏ လက်ထဲ၌သာ ရှိနေရမည် ဖြစ်သည်။

စမတ်ဖုန်းများနှင့် ပတ်သက်၍မူ တခြားကုမ္ပဏီများနှင့် ဆွေးနွေးရန် လိုအပ်လာပြီဖြစ်သည်။ Symbianစနစ်ကို ပေါင်းစည်းရန် လိုအပ်နေခြင်းဖြစ်သည်။ လက်ရှိ Symbianစနစ်တွင် ပုံစံသုံးမျိုး ရှိနေခဲ့သည်။ Nokiaက တစ်မျိုး၊ Motorolaက တစ်မျိုးနှင့် Sony Ericssonက တစ်မျိုး ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အချင်းချင်း Symbianစနစ်ကို ပူးပေါင်းဖန်တီးခဲ့ကြစဉ်ကတည်းက သတ်မှတ်ထားခဲ့ကြသည့် ပုံစံများ ဖြစ်သည်။ အဓိက အနှစ်သာရမှာ တူညီကြသော်လည်း အသေးစိတ် အချက်အလက်များတွင်မူ အနည်းငယ်စီ ကွဲပြားနေကြသည်။

နောက်ပိုင်းမှ ပါဝင်လာကြသည့် Samsung၊ LGနှင့် Panasonic တို့ကလည်း ဤစနစ် သုံးမျိုးထဲမှ တစ်ခုကိုသာ အသုံးပြုနေကြခြင်းဖြစ်သည်။ စနစ် သုံးမျိုးသည် သီးခြားစီ တိုးတက်ပြောင်းလဲနေကြသောကြောင့် စနစ်ကြီးတစ်ခုလုံး တိုးတက်ရန်အတွက် ကြီးမားသော အဟန့်အတား ဖြစ်နေခဲ့သည်။ ယခု ဖုန်းယွီဖုန်း၏ အစွမ်းထက်လှသော စနစ်လုပ်ဆောင်ချက်များကို မြင်လိုက်ရသည့်အခါ သူသည် Motorola နှင့် Sony Ericsson တို့ကို ဆွေးနွေးရန် လိုပြီဟု ယူဆလိုက်သည်။ ထိုကုမ္ပဏီနှစ်ခုကို ၎င်းတို့၏ ကိုယ်ပိုင်စနစ် အဆင့်မြှင့်တင်မှုများကို စွန့်လွှတ်ခိုင်းပြီး Nokia၏ Symbianစနစ်ကိုသာ အဓိက ရေစီးကြောင်း ဖြစ်လာအောင် ပြုလုပ်ရန် တိုက်တွန်းမည်ဖြစ်သည်။ သို့မှသာ စနစ်ပိုင်းတွင် ဖုန်းယွီဖုန်း၏ HOS ကို အနိုင်ယူနိုင်မည် မဟုတ်ပါသလော။

Motorola မှာမူ မူလကတည်းက မြောက်အမေရိက၏ ဘုရင်ဖြစ်သလို၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ဆိုလျှင်လည်း အမေရိက ဈေးကွက်တစ်ခုလုံး၏ အရှင်သခင်ဖြစ်သည်။ ဖုန်းယွီဖုန်းက နယူးယောက်တွင် ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ပြုလုပ်သည့်အခါ Motorolaသည် ပထမဆုံး တက်ရောက်ခဲ့သူ ဖြစ်သလို၊ ဖုန်းယွီဖုန်း၏ အားသာချက်များကိုလည်း ကောင်းစွာ သိရှိသွားခဲ့သည်။

ရှင်းရှင်းပြောရလျှင် စမတ်ဖုန်းများအတွက် စက်ပိုင်းဆိုင်ရာနှင့် ဆော့ဖ်ဝဲလ်စနစ်မှာ နှစ်ခုလုံး အရေးကြီးပါသည်။ စက်ပိုင်းဆိုင်ရာတွင် Motorolaသည် လုံးဝ စိုးရိမ်ခြင်း မရှိချေ။ သို့သော် ၎င်းတို့ အလွန်အမင်း ယုံကြည်ထားသော ဆော့ဖ်ဝဲလ်စနစ်က ဖုန်းယွီဖုန်း၏ခြေလှမ်းကို မတားဆီးနိုင်ခဲ့ဘဲ၊ ဖုန်းယွီဖုန်းက ကိုယ်ပိုင်စနစ်တစ်ခုကိုပင် ဖန်တီးနိုင်ခဲ့သလို လုပ်ဆောင်ချက်များမှာလည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ကြချေ။

ထိုစဉ်က Symbianစနစ်ကို သုတေသနပြု ဖန်တီးခဲ့ကြခြင်းမှာ စမတ်ဖုန်းစနစ်ကို လက်ဝါးကြီးအုပ်နိုင်ရန်နှင့် အခြားသော ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီများကို ဈေးကွက်ပြင်ပသို့ မောင်းထုတ်ရန် ရည်ရွယ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် Motorola၊ Sony Ericsson နှင့် Nokia တို့တွင်လည်း ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများ ရှိနေကြရာ၊ မည်သူက ဖုန်းဈေးကွက်၏ ဘုရင် မဖြစ်ချင်ဘဲ နေမည်နည်း။

အရင်နှစ်များက Motorola နှင့် Ericsson တို့သည် ပို၍ အစွမ်းထက်ခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ Nokia မှာ နံပါတ်တစ် ဖြစ်နေပြီဖြစ်သည်။ Motorolaက ဒုတိယနေရာသို့ ရောက်ရှိသွားသလို၊ Sony Ericsson မှာမူ စတုတ္ထနေရာသို့ ရောက်ရှိသွားခဲ့ရသည်။ ဤသည်မှာလည်း Ericsson နှင့် Sonyတို့ ပူးပေါင်းလိုက်ကြသည့် ရလဒ်ပင် ဖြစ်သည်။ ကြည့်ရသည်မှာ Sony Ericsson၏ စတုတ္ထနေရာမှာပင် ဆက်လက် တည်မြဲရန် မသေချာတော့ပါချေ။ အနောက်မှ လိုက်လာသော Samsung၏ အရှိန်အဟုန်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် ၎င်းတို့၏ အဆင့်မှာ အချိန်မရွေး ထပ်မံ ကျဆင်းသွားနိုင်ခြေ ရှိနေသည်။

အကယ်၍ Ericsson တွင် ဆက်သွယ်ရေးဆိုင်ရာ မူပိုင်ခွင့်များ အမြောက်အမြား ရှိမနေခဲ့လျှင် ၎င်းတို့၏ ဖုန်းလုပ်ငန်းမှာ ငွေရှုံးနေလောက်ပြီ ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေကြောင့်သာလျှင် ၎င်းတို့သည် Sonyနှင့် ပူးပေါင်းခဲ့ကြခြင်း ဖြစ်ပြီး၊ ထိုသို့မဟုတ်ပါက အရှုံးပေါ်နေပြီ ဖြစ်သည်။

Sony Ericsson သည် စမတ်ဖုန်းများကို Motorola နှင့် Nokia တို့ထက် ပိုမိုစောစီးစွာ စတင်ခဲ့သလို BlackBerry ထက်ပင် ပို၍စောခဲ့ပါသေးသည်။ သို့သော် ယခုအခါတွင်မူ စမတ်ဖုန်းဈေးကွက်၏ ဘုရင်များမှာ BlackBerry နှင့် Nokia တို့သာ ဖြစ်နေကြပြီး၊ ထို့နောက်မှ Motorola နှင့် Sony Ericsson တို့ လိုက်ပါလာခဲ့ကာ နောက်ဆုံးမှ Dopod စသည့် ကုမ္ပဏီများ ရှိနေခဲ့ခြင်း ဖြစ်သည်။

ယခု ဖုန်းယွီဖုန်းက စမတ်ဖုန်းဈေးကွက်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည့်အတွက် Sony Ericsson မှာ ပိုမို၍ ဒေါသထွက်နေခဲ့မိသည်။ ဖုန်းယွီဖုန်းကပင် ၎င်းတို့အား တတိယနေရာမှ စတုတ္ထနေရာသို့ ဆွဲချခဲ့ခြင်း ဖြစ်သလို၊ ယခုအခါ၌လည်း ၎င်းတို့၏ စမတ်ဖုန်းဈေးကွက်ကို ထပ်မံကျူးကျော်လာပြန်ပြီ မဟုတ်ပါလား။

အကယ်၍ ဤနယ်ပယ်ကိုပါ ဖုန်းယွီဖုန်းက ထပ်မံ သိမ်းပိုက်သွားမည်ဆိုပါက Sony Ericsson အနေဖြင့် ၎င်းတို့၏ ဖုန်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်မလား၊ သို့မဟုတ် မူပိုင်ခွင့် နည်းပညာများအပေါ်၌သာ အာရုံစိုက်တော့မလားဆိုသည်ကို သေသေချာချာ စဉ်းစားရတော့မည် ဖြစ်သည်။ အမှန်စင်စစ် မူပိုင်ခွင့် နည်းပညာများကို သုတေသနပြုခြင်းမှာ Sonyနှင့် Ericsson တို့အတွက် အလွန်ပင် အားသာချက် ရှိနေခဲ့သည်။ မူပိုင်ခွင့် ရောင်းရခြင်းက ငွေရလွယ်သလို စိတ်လည်း ပိုအေးရသည်။ ထို့ပြင် မလိုအပ်သော အသုံးစရိတ်များကို လျှော့ချနိုင်သဖြင့် အမြတ်ကိုလည်း ပိုမို မြင့်တက်စေသည်။

ဖုန်းယွီဖုန်း၏ ကျူးကျော်မှုကို ဟန့်တားရန်အတွက် အလွယ်ကူဆုံးသော နည်းလမ်းမှာ ၎င်းတို့၏ စမတ်ဖုန်းများကို ဖုန်းယွီဖုန်းထက် ပိုမို ကောင်းမွန်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။ ယခုအချိန်တွင် အမှတ်တံဆိပ် အရှိန်အဝါဖြင့် ဖုန်းယွီဖုန်းကို ဖိနှိပ်ရန်ဆိုသည်မှာ Nokia ပင်လျှင် မလုပ်ဆောင်နိုင်တော့ပါချေ။ ဖုန်းယွီဖုန်း၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တိုးတက်မှုနှုန်းမှာ အလွန်ပင် လျင်မြန်လှသည်။ ပြင်ပ ဒီဇိုင်းပိုင်း၌ ဖြစ်စေ၊ စွမ်းဆောင်ရည်ပိုင်း၌ ဖြစ်စေ ကမ္ဘာ့ထိပ်တန်း အဆင့်တွင် ရှိနေခဲ့သည်။ ဥပမာ- ဓာတ်ပုံရိုက်ဖုန်း၊ ရောင်စုံမျက်နှာပြင်ဖုန်း၊ MP3 ဖုန်း စသည်တို့မှာ ဖုန်းယွီဖုန်းက ဦးဆောင်ခဲ့သော ရေစီးကြောင်းများပင် ဖြစ်သည်။

အကယ်၍ Nokia နှင့် Motorola တို့သည် ဥရောပနှင့် အမေရိကန် ဈေးကွက်များတွင် အခြေခိုင်မနေခဲ့လျှင် လက်ရှိ ကမ္ဘာ့ဖုန်းလောက၏ ဘုရင်မှာ မည်သူဖြစ်နေမည်ကိုပင် ခန့်မှန်းရန် ခက်ခဲလှပေသည်။ မူလက Symbianစနစ်မှာ BlackBerry ကို ဖိနှိပ်ထားနိုင်ခဲ့ရာ၊ အနာဂတ်တွင် Symbianစနစ်သည် စမတ်ဖုန်းလောက၏ အစွမ်းအထက်ဆုံး စနစ် ဖြစ်လာလိမ့်မည်ဟု ၎င်းတို့ ယူဆထားခဲ့ကြသည်။ သို့သော် မထင်မှတ်ဘဲ HOS စနစ် ထွက်ပေါ်လာခဲ့ရာ၊ ၎င်းသည် Symbian ပုံစံသုံးမျိုးလုံးထက် ပိုမိုအသုံးပြုရ လွယ်ကူသလို BlackBerry ထက်လည်း ပိုမို၍ သုံးစွဲသူအတွက် အဆင်ပြေချောမွေ့နေခဲ့သည်။

စမတ်စနစ် တစ်ခုတွင် လုပ်ဆောင်ချက်များ ပိုရိုးရှင်းပြီး ပိုအစွမ်းထက်လေလေ၊ အားသာချက် ပိုကြီးလေလေပင် ဖြစ်သည်။ ကွန်ပျူတာ စနစ်များကဲ့သို့ပင် မောက်စ်တစ်လုံးတည်းဖြင့် လုပ်ဆောင်ချက် အများစုကို လုပ်ဆောင်နိုင်ခြင်းမှာ မိုက်ခရိုဆော့ဖ်၏ အကြီးမားဆုံးသော အားသာချက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

Sony Ericsson ၏ အတွေးမှာလည်း Nokia နှင့် အတူတူပင် ဖြစ်သည်။ ၎င်းမှာ ဖုန်းစနစ်ကို အဆင့်မြှင့်တင်ပြီး ဖုန်းယွီဖုန်းကို ကျော်တက်ရန်နှင့်၊ ဤစနစ်ကို ထောက်ခံထားကြသည့် အမှတ်တံဆိပ် အမြောက်အမြားကို အသုံးချကာ သုံးစွဲသူများ၏ အလေ့အထဖြင့် ဖုန်းယွီဖုန်းကို ဖိနှိပ်ရန်ပင် ဖြစ်သည်။ သေချာပေါက် ၎င်းတို့တွင်လည်း Nokia လိုပင် နောက်ထပ် အတွေးတစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ Symbianစနစ်ကို အဆင့်မြှင့်တင်ရာတွင် ၎င်းတို့၏ ပုံစံကိုသာ အခြေခံထားရန် ဖြစ်ပြီး၊ ထိုသို့ဆိုလျှင် စမတ်ဖုန်းလောကတွင် ၎င်းတို့သည် အသာစီး ရနိုင်မည် မဟုတ်ပါသလော။

Nokia နှင့် Sony Ericsson တို့၏ အမှုဆောင်အရာရှိချုပ်များ ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာပင် Motorola၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌတို့က သူတို့အား ဆက်သွယ်လာခဲ့ပြီး Symbianစနစ် အဆင့်မြှင့်တင်ရေး ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ဤအချက်အပေါ်တွင်မူ သူတို့သည် သဘာဝကျကျပင် ကန့်ကွက်ခြင်း မရှိကြပါချေ။ သို့သော် Motorola က သူတို့ကိုယ်တိုင် ဦးဆောင်လိုနေသည့်အတွက် သူတို့က သဘောမတူခဲ့ကြပါချေ။

ဤကုမ္ပဏီ သုံးခုလုံးမှာ Symbianစနစ်ကို အစောဆုံး စတင်ခဲ့ကြသူများဖြစ်ရာ၊ Symbianကို ဤသုံးခု ပေါင်းစည်းပြီး ဖန်တီးခဲ့ကြခြင်းဟု ဆိုနိုင်သည်။ ပထမဆုံးသော Symbianဖုန်းမှာ Ericsson ၏ ဖုန်းဖြစ်သလို၊ ယခု အကျော်ကြားဆုံးမှာလည်း Nokia ဖြစ်နေခဲ့ရာ Motorola မှာ ဦးဆောင်ရန် အရည်အချင်း မပြည့်မီဟု သူတို့က ယူဆထားကြသည်။ ဤသို့ဖြင့် ကုမ္ပဏီ သုံးခု ဆွေးနွေးခဲ့ကြသော်လည်း တစ်ဦးက တစ်ဦးကို နှိမ်နင်းလိုနေကြသည်ဟု အသီးသီး ခံစားနေရသဖြင့် ဆွေးနွေးမှုမှာ အဆင်မပြေဘဲ လမ်းခွဲခဲ့ကြရသည်။

သို့သော် ယခုအခါ ဖုန်းယွီဖုန်းက ဈေးကွက်ကို လာရောက်လုယူနေပြီဖြစ်သဖြင့် သူတို့အနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ရန် လိုအပ်နေသည်။ ထိုအချိန်တွင် Motorola အတွက် အခွင့်အလမ်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ မိုက်ခရိုဆော့ဖ်က Motorola ထံသို့ ရောက်ရှိလာခဲ့ပြီး အောက်ပါအတိုင်း ဆွေးနွေးခဲ့သည်။

"မင်းတို့ Motorolaအနေနဲ့ Symbianစနစ်ကို မသုံးပါနဲ့တော့၊ ငါတို့ မိုက်ခရိုဆော့ဖ်စနစ်ကိုပဲ သုံးပါ"

"ကြည့်ပါဦး... ဒိုပတ်ဟာ ငါတို့ မိုက်ခရိုဆော့ဖ်စနစ်ကို အသုံးပြုပြီး အာရှဈေးကွက်မှာ တော်တော်လေး ရောင်းကောင်းနေတာ မဟုတ်လား"

"ဒါ့ပြင် တောင်ကိုရီးယားရဲ့ Samsung အုပ်စုဟာလည်း ငါတို့စနစ်ကို သုံးနေတာပဲ၊ အဆင်ပြေနေတာ မဟုတ်လား။ ငါတို့အနေနဲ့ ဒီနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးဖို့ ပြင်ဆင်နေတဲ့အတွက် ပိုမို ကောင်းမွန်တဲ့ စနစ်တစ်ခုကို သေချာပေါက် ဖန်တီးနိုင်မှာပါ"

"အဲဒီအချိန်ကျရင် BlackBerry ဖြစ်စေ၊ Symbian ဖြစ်စေ၊ ဒါမှမဟုတ် HOS စနစ် ဖြစ်စေ အားလုံးဟာ ငါတို့ရဲ့ လက်အောက်မှာပဲ ရှိနေရမှာပါ။ ဘာလို့လဲဆိုတော့ ငါတို့က မိုက်ခရိုဆော့ဖ် ဖြစ်လို့ပဲ!"

ဖြစ်နိုင်သည်မှာ မိုက်ခရိုဆော့ဖ်၏ အားကောင်းလှသော အမှတ်တံဆိပ် အရှိန်အဝါကြောင့် ဖြစ်စေ၊ သို့မဟုတ် မိုက်ခရိုဆော့ဖ်၏ နည်းပညာအပေါ် ပိုမိုယုံကြည်မှု ရှိသောကြောင့် ဖြစ်စေ၊ ကုမ္ပဏီသုံးခု၏ ဆွေးနွေးမှု အကျပ်အတည်း ဖြစ်နေချိန်မှာပင် Motorola က Symbianစနစ်မှ နှုတ်ထွက်ကြောင်းနှင့် အနာဂတ်တွင် မိုက်ခရိုဆော့ဖ်၏ စမတ်စနစ်ကိုသာ အသုံးပြုတော့မည်ဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

Motorola သည် မိုက်ခရိုဆော့ဖ်၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ BlackBerry သည်လည်း အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့ရသည်။ ဤသို့ဖြင့် မြောက်အမေရိကတွင် ၎င်းတို့ ရင်ဆိုင်ရမည့် ပြိုင်ဆိုင်မှုဖိအားမှာ ပိုမိုကြီးမားလာတော့မည် ဖြစ်သဖြင့် ပိုမိုကောင်းမွန်သော စနစ်တစ်ခုကို မဖြစ်မနေ ဖန်တီးရန် လိုအပ်လာခဲ့သည်။

မသိလိုက်မသိဘာသာဖြင့်ပင် ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီများ အားလုံးသည် စမတ်ဖုန်းဆိုင်ရာ ပြိုင်ဆိုင်မှု ပြိုင်ပွဲကြီးအတွင်းသို့ ရောက်ရှိသွားကြလေတော့သည်။

All Chapters