သွေးလမင်းအတွင်းမှ ပုံရိပ်ရှင်။
Vol. 75 Ch. 900
ညဉ့်ဦးယံသည် နက်ရှိုင်းလွန်းလှ၏။ တောင်နှင့်မြစ်များသည် အမှောင်ထုအောက်၌ တိတ်ဆိတ်ငြိမ်သက်နေသည်။
“ တစ်နှစ်တောင် မပြည့်သေးဘူး ... ဒီမိုးပြာတိုက်ကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက ပိုပိုပြီးတော့ သိပ်သည်းလာတာပဲ ...
... လင်ရွယ်နဲ့ ချင်းဝမ်တို့ရဲ့ ကျင့်ကြံမှုအဆင့်တွေရော တိုးတက်လာရဲ့လား တွေးမိပါတယ် ... ။ ”
စုရီက လက်နှစ်ဖက်နောက်ပို့ကာ ကျင့်ကြံမှုကိုဖိနှိမ်လျက် မိုးပြာတိုက်ကြီးအတွင်း လှမ်းဝင်လိုက်တော့၏။ သူသည် ဤဘဝတွင် မိုးပြာတိုက်ကြီး၌ အစပြုခဲ့သဖြင့် သူ၏ အမြစ်ဟုလည်း ပြောနိုင်သည်။
“ ဟမ့် ... ။ ”
မိုးပြာတိုက်ကြီး၏ ဥပဒေများက သူ့ထံစူးစမ်းစစ်ဆေးရန် ဝင်ရောက်လာစဉ် စုရီမှ တစ်ခုခုကို သတိပြုမိသွားကာ မိုးကုပ်စက်ဝိုင်း ထံသို့ မော့ကြည့်လိုက်၏။
“ ဒါဘာလဲ ... ။ ”
မှောင်မည်းနေသော ကောင်းကင်၌ သွေးလမင်းတစ်စင်းထူးဆန်းသည့် မျက်လုံးကြီး တစ်လုံးသဖွယ် ဖြစ်ပေါ်နေသည်။
၎င်းသွေးလမင်းထံမှ ရောင်ဝါသည် ထူးဆန်းပြီး ဖိနှိမ်လွန်းကာ ဤကမ္ဘာကြီးနှင့် မသက်ဆိုင်ကြောင်း ပြသနေ၏။
စုရီတစ်ယောက် မျက်မှောင်ကြုတ်လျက် လက်ဝါးဖြန့်လိုက်ရာ ကျောက်စိမ်းဆွဲသီးတစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ ချင်းဝမ်မွေးဖွားရာ ဝိညာဉ်ကျောက်စိမ်းဖြစ်၏။ ကျောက်စိမ်းပေါ်ရှိ ထူးဆန်းသောမျက်ဝန်းပုံစံနှင့် ကောင်းကင်ရှိ သွေးလသည် တစ်ထပ်တည်း တူညီနေသည်။
“ ချင်းဝမ် တစ်ခုခု ဖြစ်နေတာလား။ ”
ချက်ချင်းပင် ချင်းဝမ်းကို သတိရလာပြီး ဥက္ကာခဲတွင်းနက်ကြီးထံသို့ လျှပ်စီးများအလား ရုတ်ချည်းပျံသန်းသွားတော့၏။
ထိုအရပ်တွင် ချင်းဝမ်သည် သွေးရောင်ဝတ်စုံဆင်မြန်းကာ ခြေလှမ်းတိုင်း ကြာပန်းများ ပွင့်စေလျက် ကောင်းကင်သို့ တက်လှမ်းနေသည်။
သူမ၏ မျက်လုံးများ ဗလာကျင်းနေပြီး အသွင်အပြင်သည် လနတ်ဘုရားမတစ်ပါးကဲ့သို့ ထင်မှားစေသည်။
“ ချင်းဝမ် ... ရပ်လိုက်။ ”
နင်စစ်ဟွာနှင့် အခြားသူများသည် စိုးရိမ်တကြီးဖြင့် အော်ဟစ်ကာတားဆီးကာ နောက်ပါးမှ လိုက်လာခဲ့သည်။
သို့သော်လည်း ချင်းဝမ်၏ အနားသို့ မကပ်နိုင်ခဲ့ဘဲ ပြင်းထန်သော စွမ်းအားတစ်ခု၏ တွန်းထုတ်ခြင်းခံရကာ လွင့်စင်သွားရ၏။
“ ဒါ ... ဘာတွေဖြစ်နေတာလဲ။ ”
“ အဟွတ် ... အဟွတ် ... ဝေါ့။ ”
“ မြန်မြန် သူ့ကိုတား ... ။ ”
ဝမ်လင်ရွယ်၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့နေ၏။ ယွမ်ဟမ့်နှင့် နင်စစ်ဟွာသည် သွေးအန်သည်အထိ ဒဏ်ရာရ ခဲ့သော်လည်း လက်မလျော့သေးချေ။
ချင်းဝမ်ကို တားဆီးရန် ထပ်မံ ကြိုးစားလိုက်ပြန်သည်။ ထိုစဉ်ကောင်းကင်ရှိ သွေးလမင်းသည် ပိုမိုတောက်ပထင်ရှားလာပြီး ထိုလအတွင်းမှ လူရိပ်တစ်ရိပ်ပေါ်လာ၏။
ဤသည်မှာ အစိမ်းနုရောင်ဝတ်လုံ ဆင်မြန်းထားသော ရွှေသရဖူဖြင့် အမျိုးသမီး တစ်ဦးပေပင်။
သူမလက်ထဲတွင် နက်မှောင်သော ကျောက်စိမ်းလှံတစ်စင်းကို ကိုင်ဆောင်လျက် ကျော့ရှင်းသည့် အသွင်ဖြင့် ရပ်နေ၏။ သူမ ဘေးတွင် ရွှေရောင်ရှေးဟောင်း မြေအိုးကြီး တစ်လုံးရှိနေသည်။
“ သူ ... သူက ... ။ ”
တားဆီးပြေးဝင်နေသော နင်စစ်ဟွာနှင့် ယွမ်ဟမ်တို့သည် ထိုအမျိုးသမီး၏မျက်နှာကို မြင်လိုက်ရချိန်၌ အံ့အားသင့်သွားတော့၏။
ဤသည်မှာ ချင်းဝမ်နှင့် တစ်ပုံစံတည်း တူသော အမျိုးသမီးပေပင်။ ကွာခြားချက်ဟူ၍ သူမရောင်ဝါသည် နတ်ဘုရားမတစ်ပါးကဲ့သို့ ခန့်ညားနေခြင်းပေပင်။
“ ဒီလောကမှာ နောက်ထပ် ချင်းဝမ်တစ်ယောက် ရှိနေတာလား ဒါမှမဟုတ် သူတို့က အမြွှာတွေလား။ ”
အဝေးမှ ဝမ်လင်ရွယ်က မျက်လုံးပြူးလျက် ရေရွတ်သည်။ ချင်းဝမ်သည် ထိုသွေးလအတွင်း ရောက်လုနီးပါး ဖြစ်နေပြီဖြစ်၏။
“ ချင်းဝမ် မသွားနဲ့ ... ရပ်။ ”
“ ချင်းဝမ် မြန်မြန်နိုးထပါ ... ။ ”
တစ်ဖက်အမျိုးသမီး ပေါ်လာချိန်တွင် ဟွမ်ဟမ်နှင့် နင်စစ်ဟွာသည် အနားကပ်နိုင်ခြင်း မရှိတော့ချေ။ ဆိုလိုသည်မှာ အဝေးမှပင် အော်ဟစ်နေရုံသာ တတ်နိုင်မည်။
ထိုချိန်တွင် ရုတ်တရက် ဓားအလင်းတစ်လက် မှောင်မိုက်နေသော ညကောင်းကင်ယံကို ဖြတ်တောက်ကာ ဝင်ရောက်လာသည်။
“ ရွှပ် ... ။ ”
ယင်းသည် ချင်းဝမ်ကို ဖြတ်ကျော်ကာ ထိုသွေးလမင်းထံသို့ တိုက်ရိုက်ဦးတည်နေ၏။
“ ဘုန်း ... ။ ”
ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး သွေးလမင်းတုန်ခါသွားသည်။ ၎င်းမှချင်းဝမ်အပေါ် ဖြာကျဆွဲငင်ထားသော ကြက်သွေးရောင် အလင်းများသည်လည်း ပြတ်တောက်သွားတော့၏။
“ ဟမ့် ... ။ ”
ထိုခဏ၌ စုရီသည် လေဟာနယ်အတွင်း ထွက်ပေါ်လာကာ ချင်းဝမ်၏ခါးကိုဖက်လျက် နောက်သို့ ဆုတ်ခွာလိုက်သည်။
“ တာအိုစု ... ။ ”
“ သခင် ... ။ ”
အားချန်၊ နင်စစ်ဟွာ၊ ယွမ်ဟမ်နှင့် ဝမ်လင်ရွယ်တို့သည်းလည်း ဝမ်းသာအားရ ဖြစ်သွားကြသည်။
စုရီ ပေါ်လာခြင်းသည် ပြဿနာများ ပြီးဆုံးသွားပြီဟု အဓိပ္ပါယ်ရချေပြီ။ စုရီသည် သူတို့ထံ မကြည့်အားသေးဘဲ ရုန်းကန်နေသော ချင်းဝမ်၏ ကျင့်ကြံမှုကို တံဆိပ်ခတ်ကာ၊
“ သူ့ကို အရင် စောင့်ကြည့်ထား။ ”
-ဟု ပြောပြီး ပစ်ပေးလိုက်ရသည်။
ထို့နောက်တွင် ကောင်းကင်ရှိ သွေးလမင်းထံသို့ ပြန်လည်မော့ကြည့်လိုက်၏။ သွေးလအတွင်း အစိမ်းရောင်ဝတ်အမျိုးသမီးက ဒေါသထွက်သွားကာ သူမကျောက်စိမ်းလှံဖြင့် ထိုးညွှန်လာတော့သည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
ရုတ်တရက် ကောင်းကင်မှ အဖြူရောင်လျှပ်စီးများက နဂါးငွေ့တန်းသဖွယ် စုရီထံသို့ ပြိုကျလာတော့သည်။
“ ဒါကောင်းကင်ဆန္ဒ ဥပဒေလား။ ”
စုရီတစ်ယောက် မျက်ခုံးပင့်လိုက်၏။ တစ်ဖက်အမျိုးသမီး၏ ဥပဒေစည်းမျဉ်းသည် ကောင်းကင်ကိုးပါးနန်းတော်နှင့် ဆက်စပ်နေချေပြီ။
“ ချွင် ... ။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
ထို့ကြောင့် တုန့်ဆိုင်းခြင်းမရှိ စကြာဝဠာနှလုံးသားကိုထုတ်ကာ ငရဲဘုံကိုးပါး ဓားရောင်ဝါ အသုံးချပြီး ခုတ်ပိုင်းချလိုက်၏။ ထိုလျှပ်စီးတန်းခမျာ နှစ်ပိုင်းကွဲသွားပြီး ပျောက်ကွယ်သွားတော့သည်။
“ မင်းနဲ့ ကောင်းကင်ကိုးပါးနန်းတော် ဘယ်လိုပတ်သက်နေလဲ။ ”
စုရီက မေးမြန်း၏။ အမျိုးသမီးမှ အံ့သြသွားပြီး အေးစက်စွာ ပြန်ပြောသည်။
“ မသေချင်ရင် ငါလမ်းကဖယ်။ ”
လေသံသည် ဘုရင်တစ်ပါးကဲ့သို့ ကြီးစိုးနေတော့၏။ စုရီမှထပ်မမေးတော့ဘဲ ဓားဖြင့် တိုက်ရိုက်ခုတ်ပိုင်းပစ်လိုက်သည်။
“ ဟမ့် သေချင်နေတာပဲ။ ”
အမျိုးသမီးသည်လည်း သူမ၏ လှံတံကိုဝှေ့ယမ်းကာ ပြန်၍တိုက်ခိုက်လာ၏။ သို့သော် စုရီ၏ဓားချက်သည် အလွန်ပြင်းထန် လှသဖြင့် ကောင်းကင်ဆန္ဒဥပဒေများသည် တစ်ချက်တည်း ပျက်စီးသွားသည်။
“ ဝုန်း ... ။ ”
ယင်းသည် အကုန်မဟုတ်ချေ။ ဓားအလင်းသည် သွေးလမင်းပေါ် ပြုတ်ကျသွား တော့၏။ ချက်ချင်းပင် သွေးလတွင် ပြတ်ရှရာ ထင်သွားပြီး အမျိုးသမီးကို ယိမ်းယိုင် သွားစေခဲ့သည်။
“ မင်းဘယ်သူလဲ ... ။ ”
အမျိုးသမီးက အနည်းငယ် အံ့အားသင့်သွား၏။ အစောပိုင်းတွင် စုရီသည် သူမကို စကားပြောရန်ကြိုးစားစဉ်ငြင်းခဲ့၏။ ယခုမူ စုရီနှင့် စကားပြောချင်လာသည်။
“ မင်း ... ။ ”
“ ဝှစ် ... ။ ”
သို့သော် စုရီသည် ဆန္ဒမရှိတော့ဘဲ သူမထံသို့ဓားဖြင့် အားကုန်ထိုးနှက်တိုက်ခိုက် လိုက်တော့၏။
“ ဝုန်း ... ။ ”
ဓားအလင်းသည် ကောင်းကင်သို့ ပျံတက်လာပြီး သွေးလပေါ်သို့ ကျရောက်သွား လေသည်။ သွေးလမင်းခမျာ တုန်ခါလျက် သွေးအလင်းမှုန်များ ကောင်းကင်အပြည့် ပြန့်ကားသွားတော့၏။
အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာသည် အေးစက်သွားကာ သူမလက်ထဲရှိ ကျောက်စိမ်းလှံကိုဝှေ့ယမ်းလျက် ပြန်လည် တိုက်ခိုက်လိုက်၏။
“ သွား ... ။ ”
ရွှေလျှပ်စီးများ ပေါက်ကွဲထွက်လာပြီး ရွှေရောင်နဂါးများပမာ လျင်မြန်စွာ ကျဆင်းလာ တော့သည်။
၎င်းလျှပ်စီးများတွင် ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ ထူးခြားသော ဥပဒေနှစ်ရပ်တို့ ပေါင်းစည်းပါရှိနေ၏။
ယင်းသည် ကောင်းကင်ဆန္ဒ ဥပဒေနှင့် ရှုပ်ထွေးထူးခြားလွန်းသော ဥပဒေတစ်ခုပေပင်။ ထို့ကြောင့် လှံချက်တွင် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ပုံရိပ်များ လိုက်ပါလာသည်။
“ ဂျိန်း ... ။ ”
ထိုမြင်ကွင်းသည် ကောင်းကင်စစ်သား ထောင်ပေါင်းများစွာ မိုးကြိုးနဂါးများကိုစီးနင်း၍ တိုက်ခိုက်လာသကဲ့သို့ပေပင်။
“ ဒါက ဘယ်လိုဥပဒေမျိုးလဲ ... ကောင်းကင်ဆန္ဒဥပဒေလို နက်နဲလွန်းလှတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာပဲ။ ”
ထိုမြင်ကွင်းသည် စုရီကို အလွန် အံ့အားသင့်သွားစေ၏။ ဤမတိုင်မီ ထျန်းချီ၊ စန်းကျိနှင့် နျွဲ့လင်တို့ကဲ့သို့ ကြယ်အဆင့် ဥပဒေများကို မြင်ထားဖူးသည်။
( ကောင်းကင်ဆန္ဒ၊ ကြယ်ဆိတ်သုဉ်းခြင်းနှင့် ဝိညာဉ်နိုးထခြင်းခေါ် နိဗ္ဗာန်ဝိညာဉ်။)
သို့သော် တစ်စုံတစ်ယောက်သည် ထိုအဆင့်ဥပဒေနှစ်ရပ်ကို ထိန်းချုပ်နိုင်နေလိမ့် မည်ဟု လုံးဝမထင်ထားခဲ့ချေ။
ယင်းသည် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်များနှင့် တစ်နည်းနည်းဆင်တူ၏။ ပြန်လည်ဝင်စားခြင်း ဥပဒေတွင် အခွဲဥပဒေ ငါးရပ်ပါရှိသည်။
၎င်းတို့မှာ အသက်နှင့် သေခြင်းသံသရာ၊ အမှောင်၊တရားစီရင်ခြင်း၊အပြစ်သန့်စင်ခြင်း၊ အဆုံးသတ် စသည်တို့ဖြစ်သည်။
အသက်နှင့်သေခြင်းဟူသည် မွေးဖွားခြင်းနှင့်သေဆုံးခြင်း ဥပဒေစည်းမျဉ်း အပေါ် ဆိုလိုသည်။
အမှောင်ဥပဒေသည် မရဏကမ္ဘာ အခြေခံရင်းမြစ်စွမ်းအားဖြစ်ပြီး အရာအားလုံးကို ထိန်းချုပ်ဖုံးလွှမ်းပစ်နိုင်၏။
တရားစီရင်ခြင်း၌ပဒေသည် ကောင်းမှု၊ မကောင်းမှုအပေါ် ခွဲခြားနိုင်ပြီး အပြစ်ပေးခြင်း အာဏာစက်တစ်မျိုးပေပင်။
အပြစ်သန့်စင်ခြင်းဥပဒေသည် ဝိညာဉ်၏မကောင်းသော အညစ်အကြေးများထံ ဆေးကြောသန့်စင်ပေးခြင်းဖြစ်၏။
အဆုံးသတ်ဥပဒေအတွက်မူ အရေးအကြီးဆုံးသော နောက်ဆုံးဥပဒေတစ်ခု ဖြစ်သည်။ အထက်ပါ ဥပဒေလေးခုအတွက် သော့ချက်လည်းဖြစ်၏။
ဆိုလိုသည်မှာ မည်မျှပင် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်ကြီးဖြစ်စေ၊ တစ်စုံတစ်ရာဖြစ်စေ အဆုံး၌ပြီးဆုံးမည် ဖြစ်သည်။
ထိုစွမ်းအားသည် ဝင်စားခြင်းသို့ ဦးတည်နေကာ ဝင်စားခြင်းသံသရာအတွက် အဓိက မောင်းနှင်အားပေပင်။
( ပြန်လည် မွေးဖွားခြင်း၊ ပျက်စီးယိုယွင်းခြင်းနှင့် ကြွယ်ဝဖွံ့ဖြိုးခြင်း၊ သေလွန်ခြင်း၊ အပြစ်ခံယူခြင်းနှင့် အဆုံးသတ်။ )
ယခုအကြိမ် ဤအမျိုးသမီး ထုတ်ဖော်လာသော စွမ်းအားများသည်လည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ ကောင်းကင်ဆန္ဒဥပဒေနှင့် ထူးဆန်းသော ထိုအမည်မသိဥပဒေများသည် အခွဲဥပဒေများဖြစ်၏။ မြင်သလောက် အရိုးရှင်းနိုင်မည် မဟုတ်ချေ။
“ သွား ... ။ ”
ထို့ကြောင့် စုရီတစ်ယောက် တုန့်ဆိုင်းခြင်းမရှိ ဓားဝှေ့ယမ်းကာ ပြန်လည် ခုခံလိုက်တော့၏။
ဓားရောင်ဝါများ ကောင်းကင်ပေါ် ပျံတက်သွားပြီး လျှပ်စီးစစ်သည်တော်များနှင့် လျှပ်စီးနဂါးများသည် အပိုင်းပိုင်း ဖြတ်တောက် သွားချေပြီ။
အဆိုပါမြင်ကွင်းသည် ဝါးအစည်းကို ဓားဖြင့်ခွဲချလိုက်သကဲ့သို့ အတားအဆီး လုံးဝ မရှိခဲ့ချေ။ ဝင်စားခြင်းဥပဒေသည် ကြယ်အဆင့် ဥပဒေများကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး၊ ငရဲဘုံကိုးပါး ဓားရောင်ဝါမှာမူ ဖိနှိပ်နိုင်ခြင်းရှိ၏။
ထို့ကြောင့် တစ်ဖက်အမျိုးသမီး၏ တာအိုအနှစ်သာရသည် မည်မျှပင် အစွမ်းထက် နေပါစေ စုရီရှေ့တွင် အားနည်းသွားရသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”
သွေးလမင်းအတွင်းမှ အမျိုးသမီးသည် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွား၏။ သို့သော် သွေးလသည် ပြိုကွဲလုနီးပါးဖြစ်နေပြီ ဖြစ်သောကြောင့် သူမတွင် စဉ်းစားရန် အချိန်မရှိတော့ဘဲ၊
“ သွားစမ်း ... ။ ”
-ဟု ဆိုကာ လက်ဝဲဘက်လက်ကို လှန်လျက်တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာပြီး စုရီထံ ပစ်သွင်းလိုက်ချေပြီ။
“ ဝမ် ... ။ ”
ထိုတံဆိပ်ပြားသည် လေဟာနယ်ကို ဖြတ်သန်းနေစဉ် ပေ(၃၀)မြင့်သောကြေးနီရောင် ချပ်ဝတ်ဖြင့် ငွေလှံကိုင်ထားသည့် လူရိပ်ကြီး အဖြစ် ပြောင်းလဲသွားလေသည်။
“ ခရစ် ... ။ ”
အဆိုပါ ပုံရိပ်ပေါ်ထွက်လာသည်နှင့် မိုးပြာတိုက်ကြီး၏ ဥပဒေစည်းမျဉ်းများသည် သည်းမခံနိုင်တော့ဘဲ ပြိုကွဲသွားရ၏။
နတ်ဘုရားတစ်ပါး လောကကြီးသို့ ဆင်းသက်လာသည့်အလား တောက်ပသော နတ်မီးတောက်များ ထွက်ပေါ်လာပြီး တောင်နှင့်မြစ်များ အက်ကွဲကုန်သည်။
“ ဟမ့် ... ဆန္ဒဝိညာဉ်စွမ်းအားလေး တစ်ခုလား။ ”
စုရီက မျက်မှောင်များ ကြုတ်သွားသည်။ ဤပုံရိပ်၏ အရှိန်အဝါသည် ကြယ်မြစ်ဂိုဏ်းချုပ် တံငါသည်ကိုယ်ပွားထက် မနိမ့်ကျချေ။
“ ငါ့နာမည် ကျိယောင် ... ငါ့လှံညွှန်ရာအရပ်မှာ ဘယ်သူမှ အသက် မရှင်စေရဘူး ... ။ ”
ပုံရိပ်ရှင်က ဝင့်ကြွားအေးစက်စွာ အော်ဟစ်လိုက်ပြီး ငွေလှံဝှေ့ယမ်းကာ စုရီထံသို့ ထိုးသွင်းလိုက်လေသည်။
“ ဝူး ... ။ ”
ငွေရောင်မီးတောက်များသည် ဟင်းလင်းပြင်ကိုခွဲလျက် လှံဖြတ်သန်းသွားရာ လမ်းတစ်လျှောက် အရာအားလုံး လောင်ကျွမ်းပြာကျသွားတော့၏။
ဤသည်မှာ လှံနတ်ဘုရား၏ ဒေါသနှင့် မခြားချေ။ စုရီမျက်ဝန်းအိမ်တွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“ ဖြတ်တောက်စမ်း ... ။ ”
သူသည် ကျင့်ကြံမှုအဆင့်ကို ဆက်လက်ဖိနှိပ်မထားတော့ဘဲ ရွှမ်ယုအဆင့် အထွတ်အထိပ်သို့ မြှင့်တင်ကာ ငရဲဘုံကိုးပါး ဓားရောင်ဝါဖြင့် အစွမ်းကုန် ပြန်လည် တိုက်ခိုက် လိုက်တော့သည်။
“ ဝုန်း ... ။ ”
ဦးစွာပင် လေဟာနယ်ပြိုကျပြီး မိုးပြာတိုက်ကြီး၏ တာအိုဥပဒေစည်းမျဉ်းများ ပေါက်ကွဲကုန်၏။ အချိန်များ ရပ်တန့်သွားကာ အပိုင်းအစများ ချက်ချင်းမျောသွားသည်။
ကျိယောင်သည် ဧကရာဇ်နယ်ပယ်ထက် ကျော်လွန်နေသော အံ့မခန်းစွမ်းအားရောင်ဝါကို ပိုင်ဆိုင်ထားချေပြီ။
သူ့စိတ်စွမ်းအား အနည်းငယ်သည် စုရီပေါ်သို့ ကြီးမားသောဖိအားကို ပေးစွမ်း၏။ ယင်းကြောင့် ခွန်အားကို ထိန်ချန်ထားခြင်း မရှိဘဲ ပြန်လည်တိုက်ခိုက်လိုက်ခြင်းပေပင်။
ပေတစ်ရာရှိသော ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်ကျော်သွားပြီးနောက် အလင်းရောင်များသည် လောကတစ်ခွင် တောက်ပသွားချေပြီ။
“ ဒါ ... ။ ”
သွေးလမင်းထံမှ အရှေ့သို့ တဟုန်ထိုး ပြေးဝင်လာနေခဲ့သော ကျိယောင်တစ်ယောက် ထိုမြင်ကွင်းကြောင့် မျက်လုံးများပြူးလျက် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ချက်ချင်း တုန်လှုပ်သွားတော့၏။
***