← Chapters

ရွံ့စရာကောင်းတဲ့ အဘိုးကြီး ... ။

Vol. 75 Ch. 889

ရွံ့စရာကောင်းတဲ့ အဘိုးကြီး ... ။

Vol. 75 Ch. 889

စုရီက တိတ်ဆိတ်သွားသည်။ ချင်းတန်မေးခွန်း၏ စကားအဓိပ္ပာယ်ကို သူ နားလည်လိုက်ပြီဖြစ်၏။

ချင်းတန်သည် ရှန့်ထျန်းချွယ်တို့ကို သတ်ဖြတ်ရန် အသုံးပြုခဲ့သော ဓားရေးအရာမှာ လူသားနန်းတော်သခင်နှင့် တူညီနေသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ချင်းတန်သည် ကြယ်ဗဟိုဒေသမှလာသူဖြစ်ပြီး လောကသခင်နှင့် ပတ်သက်မှု ရှိနေချေ၏။

သူမသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က လောကသခင်သဲလွန်စ နောက်သို့လိုက်ကာ ဤကမ္ဘာကြီးသို့ ရောက်ရှိလာခြင်းဖြစ်ပေမည်။

ဆိုလိုသည်မှာ သူမသည် စုရွှမ်ကြွယ်ကိုလောကသခင် ဝင်စားခဲ့ကြောင်း ကြာမြင့်စွာတည်းက သိရှိထားချေ၏။

ထို့ကြောင့် သူလူဝင်စားချိန်တွင် သစ္စာဖောက်ဟူသော အမည်ဆိုးကြီးခံယူကာ ကြေးခေါင်းတလား ဖွင့်လှစ်ပြီး ငရဲဘုံကိုးပါး ဓားကို ရှာဖွေခဲ့ခြင်းပေပင်။

ထိုစဉ် ချင်းတန်မှ ပြုံးလျက် စကားဆိုလာပြန်၏။

“ ဆရာ ... ဒါက မလုံလောက်သေးရင် ပဉ္စမမြောက် အံ့သြဖွယ်ရာလက်ဆောင်လည်း ဆက်ကြည့်နိုင်ပါသေးတယ်။ ”

လူအုပ်ကြီးမှာ မယုံနိုင်အောင် ဖြစ်သွားကြသည်။ နောက်ထပ် အခြားအရာများ ရှိနေသေးသည်လော။ ယနေ့အတွက် မည်မျှ များပြားသော လက်ဆောင်များကို ချင်းတန်မှ ပြင်ဆင်ထားသနည်း။

“ ဝှစ် ... ။ ”

လူတိုင်းအတွေးများနေစဉ် ချင်းတန်သည် မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ရွှမ်နင်ရှေ့တွင် ပေါ်လာ၏။

“ သတ္တမအစ်ကို ... ငါ့ကိုခွင့်လွှတ်ပါ။ ”

စကားဆုံးပြောလျက်ဖြင့် သူမလက်ကို ဆန့်ထုတ်ကာ ရွှမ်နင်ဦးခေါင်းပေါ်သို့ အုပ်မိုးပစ် လိုက်လေသည်။

“ ဟမ့် ... ။ ”

“ ရပ်လိုက် ... ။ ”

ကျင်းခွိုက်နှင့် ဝမ်ချွယ်တို့က ချက်ချင်းတားဆီးရန် ဓားစွမ်းအင်များဖြင့် ပစ်ခတ်လိုက်တော့၏။

သို့သော် သူတို့၏ ဓားအလင်းများသည် ချင်းတန်၏ခန္ဓာကိုယ်ပေါ်သို့ ရောက်သောအခါ ပျော်ဝင်ပျောက်ကွယ်သွားချေပြီ။

တစ်ဖက်တွင် ချင်းတန်သည် ရွှမ်နင်၏ ခန္ဓာကိုယ်ထဲမှ နက်မှောင်သောအမျှင်တစ်ခုကို အတင်းအဓမ္မ ဆွဲထုတ်ယူနေခဲ့၏။

“ အား ... ။ ”

ရွှမ်နင်မှ နာကျင်စွာ အော်ဟစ်လိုက်သည်။ အနက်ရောင်အမျှင်သည် သုံးပေခန့်ရှည်လျားပြီး မြွေတစ်ကောင်ကဲ့သို့ ချင်းတန်လက်ထဲတွင် လူးလွန့်နေတော့၏။

“ ဘာကြီးလဲ ... ။ ”

လူအုပ်ကြီးမှ မျက်ခုံးပင့်လိုက်ကြသည်။ မည်သူမဆို ဤအရာသည် ကောင်းမွန်သော တစ်စုံတစ်ရာ မဟုတ်ကြောင်း ပြောနိုင်၏။

၎င်းတွင် ထူးဆန်းပြီး မကောင်းသော အငွေ့အသက်များပြည့်နှက်နေသည့် တာအို သင်္ကေတများပါရှိနေသည်။

စုရီသည်လည်း ထိုမြင်ကွင်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ ရွှမ်နင်တစ်ယောက် အနောက်ဘက်သုခဘုံမှ ထွက်ခွာစဉ် မှတ်ဉာဏ် အချို့ပျောက်ဆုံးနေသည်ကို သူ သိထားသည်။

ထို့ကြောင့်စစ်ဆေးကြည့်ရာမှ တံဆိပ်တစ်ခုကြောင့် ဖြစ်မှန်းသိရှိထားကာ ရပ်တန့်လိုက်ရပြီး နောင်တွင် အနောက်ဘက် သုခဘုံသို့ ခရီးထွက်ရန်ဆုံးဖြတ်ခဲ့၏။ ယခုမူ ချင်းတန်မှ ဖြေရှင်းပေးလိုက်ပုံရချေပြီ။

“ ဒါက ကောင်းကင်ခိုးယူခြင်းနိယာမရဲ့ စွမ်းအားကြိုးမျှည်ပါ ... သူ့ကို ကောင်းကင်ခိုး ကြိုးလို့ ခေါ်နိုင်တယ်။ ”

ချင်းတန်က ရှင်းပြပြီးနောက် လက်ဖြင့် ပွတ်သပ်လိုက်ရာ အနက်ရောင်အမျှင်တန်းသည် မီးလောင်ပြာကျသွားတော့၏။ ဤမတိုင်မီ ရွှမ်နင်သည် နာကျင်မှုကြောင့် ချွေးများသီးနေခဲ့ သော်လည်း ထိုအရာထွက်သွားသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး ပေါ့ပါးသွားသည်။

“ ကျေးဇူးတင်ပါတယ် ဂျူနီယာညီမလေး။ ”

ရွှမ်နင်က ချက်ချင်း ဦးညွှတ်လိုက်သည်။ ချင်းတန်မှပြုံးလျက် လက်ဝှေ့ရမ်းကာ မူလသို့ ပြန်လည်ရောက်ရှိသွား၏။

ယခုအချိန်အထိ ချင်းတန်တင်ဆက် ပြသခဲ့သော အံ့ဖွယ်လက်ဆောင်(၅)ပါးသည် စုရီအပေါ် ထိခိုက်နစ်နာမှုမရှိသေးချေ။

လူအများ၏ စိတ်နှလုံးတွင် မှန်းဆချက်များရှုပ်ထွေးလာပြီး သစ္စာဖောက်ဟု ယုံကြည်ခဲ့သူများပင် ဝေခွဲမရ ဖြစ်လာနေကုန်ကြ၏။

တစ်ဖက်တွင် စုရီသည် အချစ်ရဆုံး တပည့်မသည် သစ္စာဖောက်မဟုတ်ကြောင်း သိရှိလိုက်ရသဖြင့် ဝန်ထုတ်ဝန်ပိုးကြီး ကျသွား သကဲ့သို့ ခံစားလာရသည်။

“ ဆရာ ... အမှန်တရားအချို့ကို ဆရာသိသွားပြီလို့ ဒီတပည့်ယုံကြည်နေပါတယ် ဒါပေမဲ့ ... ဒီနေ့ကိစ္စတွေက အခုမှစတာပါ။ ”

ချင်းတန်က ပြုံးလျက်ပြော၏။

“ အခုမှစတာလား။ ”

လူအုပ်ကြီးခမျာ တစ်ချိန်လုံး အံ့အားသင့်မှင်သပ်နေခဲ့ရ၏။ ချင်းတန်သည် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည်။

“ ဒီတပည့်က ဆရာ့ကို ကောင်းကင်လှိုဏ်ဂူဆီမဖိတ်ခေါ်ဘဲ အပြင်မှာ ဘာလို့ ဒီလက်ဆောင်တွေကို ပေးနေရတာလဲ ရှင်းပြပါမယ် ... ဆရာ့ရဲ့အကျင့်စရိုက်အရ ...

... ကောင်းကင်လှိုဏ်ဂူဟာ ဆရာ့အိမ်ကလေးပါ ဒီအိမ်ဟာစုရွှမ်ကြွယ်ရဲ့ အမြစ်ဖြစ်တာမို့ မထိခိုက်စေချင်ဘူး မဟုတ်လား ...

... တကယ်တော့ တကယ့် ကပ်ဘေးကြီးသာကျလာရင် ဆရာ့အိမ်လေး ပျက်စီးသွားနိုင်ပါတယ် ... ဒါပေမယ့် စိတ်ချပါ ဒီတပည့်က ဘယ်သူ့ကိုမှ ... ဒီလိုခွင့်ပြုမှာ မဟုတ်ပါဘူး။ ”

ဤတစ်ကြိမ်တွင် စုရီက နားလည်သွားပြီး၊

“ မင်းပြောနေတဲ့ အဲဒီကပ်ဘေးက ... အနောက်ဘက်သုခဘုံနဲ့ ပတ်သက်နေတာလား။ ”

-ဟု ပြန်လည်မေးမြန်းလိုက်သည်။ ချင်းတန်မှ ခေါင်းညိတ်ပြ၏။

“ မှန်ပါတယ် ... အဲဒီဘုန်းကြီးက လွန်ခဲ့တဲ့နှစ်တွေတည်းက ကြယ်ဗဟိုဒေသက လာတဲ့ အဲဒီရွံ့စရာအဖိုးကြီးတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ခံထားရပါတယ် ... ။ ”

ဤစကားသည် မိုးကြိုးပစ်လိုက် သကဲ့သို့ပေပင်။ လောကတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသော ပုဂ္ဂိုလ်တစ်ဦးသည် မည်သို့ အခြားသူ၏ ရုပ်သေးဖြစ်လာရသနည်း။ ချင်းတန်မှ ဆက်ပြော၏။

“ အဲဒီအဖိုးကြီးက ဒီလောကထဲမှာ ပုန်းအောင်းပြီး တစ်စုံတစ်ဦးကိုသတ်ဖို့အတွက် အခွင့်အရေး ချောင်းမြောင်းနေပါတယ် ...

... ဒီကနေ့ တပည့်ရဲ့ ဆရာ့အပေါ် ပြသခဲ့တဲ့ပုံစံကိုကြည့်ပြီး. .. သူ စောင့်စားနေတဲ့ လူကိုတွေ့သွားနိုင်ပါတယ် ဒါကြောင့် မကြာခင် သူ ဒီကိုရောက်လာပါလိမ့်မယ်။ ”

ချင်းတန်၏ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းသည် လူတိုင်း၏ကျောရိုးများကို အေးစက်သွားစေသည်။

ကျောက်တုံးနှလုံးသားနေရာတွင် အစားထိုးဝင်ရောက်နေသော ထိုပုဂ္ဂိုလ်သည် မည်မျှ သန်မာလွန်းသနည်း။ ဤနေရာတွင် ထိုသူ ရောက်ရှိနေသည်လော။

“ ဟား ဟား ဟား ... ။ ”

လူတိုင်း သံသယဖြစ်နေစဉ်မှာပင် အမျိုးသမီးတစ်ယောက်၏ ရယ်မောသံအချို့ ထွက်ပေါ်လာ၏။

“ မဆိုးဘူး ... လွန်ခဲ့တဲ့နှစ်တွေမှာ မင်း ဘယ်သူလဲဆိုတာ ငါအမြဲတမ်းသိချင်နေခဲ့တာ အခုတော့ ငါမှန်းဆနိုင်ပါပြီ။ ”

စကားဆုံးသည်နှင့် သွယ်လျသော အမျိုးသမီးတစ်ယောက် လေထုအလယ် ပျံတက်လာကာ ချင်းတန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ဤသည်မှာ နှလုံးသားပြခန်းမှ မိန်းကလေးအဖြစ် အလေးထားခေါ်ဆိုခဲ့သည့် စုရီ၏ပြင်ပတပည့် စုန့်ချိုင်ပေပင်။

ထျန်းရီတောင်တိုက်ပွဲ၌ စုရီကြောင့် ဆုတ်ခွာထွက်ပြေးသွားကာ ယနေ့လူအုပ်ထဲ ရောနှောနေခဲ့ခြင်းဖြစ်သည်။

“ တိုက်ပွဲဖြစ်ရင် ငါ့တပည့်တွေကို စောင့်ကြည့်ပေးပါ။ ”

စုရီက မျက်မှောင်ကြုတ်လျက် သူ့ဘေးနားရှိကောင်းကင်နတ်ဆိုး ဧကရာဇ်ထံ တိုးတိုးလေး မှာကြားလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် စုန့်ချိုင် ပြန်ပေါ်လာခြင်းသည် ယနေ့သူမနောက်တွင် တစ်စုံတစ်ယောက် ရှိနေသည်ဟူသော အဓိပ္ပါယ်ပေပင်။

“ ငါ့ရဲ့နောက်ခံကို ... မင်းလို ကောင်မလေးတစ်ယောက်က ခန့်မှန်းနိုင်လား ဟာသပဲ ... အပ်ချုပ်သမားနဲ့ ...

... မင်း ပူးပေါင်းလိုက်နိုင်ရုံနဲ့ ဒီနေ့အခြေအနေတွေကို ပြောင်းလဲနိုင်မယ်လို့ ထင်နေရင် စိတ်မကောင်းပါဘူး။ ”

ချင်းတန်က သူ့ရှေ့မှ မိန်းကလေးကို တစ်ချက်ကြည့်ကာ အထင်အမြင်သေးစွာဖြင့် စကားဆိုလိုက်တော့၏။

( အပ်ချုပ်သမား။ )

စုရီတစ်ယောက် ထိုအမည်ကြောင့် စိတ်နှလုံးတုန်လှုပ်သွား၏။ ချင်းတန်ပြောသည့် အမည်ကို သူရင်းနှီးနေချေပြီ။ ဤသည်မှာ ကြယ်ဗဟိုဒေသကြီးတွင် အန္တရာယ်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦး၏အမည်ဖြစ်သည်။

လောကသခင် သတိပေးခဲ့သော ပုဂ္ဂိုလ်သုံးဦးအနက် တစ်ဦးဖြစ်၏။ တံငါသည်၊ ပန်ချီဆရာနှင့် အပ်ချုပ်သမားပေပင်။

အပ်ချုပ်သမားသည် အိပ်မက်စားသူမျိုးနွယ်စုမှ ဆင်းသက်သူ ဖြစ်သည်။ လျှို့ဝှက်သော အဖွဲ့အစည်းတစ်ခု အတွက် အလုပ်လုပ်ပေးနေကြောင်း မှန်းဆချက်အချို့ရှိ၏။

ထိုပုဂ္ဂိုလ်သည် ကျောက်တုံးနှလုံးသား အသွင်ယူကာ အချိန်အတော်ကြာသည်အထိ ပုန်းအောင်းနေခဲ့ခြင်းပေပင်။ ထိုစဉ် ချင်းတန်မှ စုရီကို ဦးညွှတ်ဂါရဝပြုကာ၊

“ ဆရာ ... ဒီကပ်ဘေးက ဆရာ့ကို ဦးတည်နေပေမယ့် ဒီတပည့်ရဲ့သဲလွန်စကြောင့် ဖြစ်လာရတာပါ ... ဒါကြောင့် ဆရာ့အတွက် နောက်ဆုံးလက်ဆောင်ကို တပည့်ကပဲ တင်ဆက်ပေးပါတော့မယ်။ ”

-ဟု ပြောကြားလိုက်သည်။

စကားဆုံးသည်နှင့် သူမ၏ခန္ဓာကိုယ်မှ ကောင်းကင်တိုင်အောင် ထိုးတက်သွားသော ဓားရောင်ဝါကြီး ထွက်ပေါ်လာ၏။

ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး ကြည်လင်နေသော ကောင်းကင်ယံသည်လည်း ထိုရောင်ဝါအောက်တွင် အမှောင်အတိ ကျသွားတော့သည်။

ယင်းသည် စုရီ၏ အတိတ်ဘဝ အထွတ်အထိပ်အချိန်ထက်ပင် ပြင်းထန်နေ၏။ ယင်းသည် ဧကရာဇ်အဆင့်ထက် ကျော်လွန် နေသည်ဟု အဓိပ္ပါယ်ရချေပြီ။

ချင်းတန်၏ စစ်မှန်သောကျင့်ကြံမှုသည် နယ်ပယ်ဘုရင်အဆင့်၌ ရှိနေနိုင်သည်။ သို့သော် ရွှမ်ဟွမ်ကြယ်စု၏ ကောင်းကင်တာအိုသည် ထိုအဆင့်ကျွမ်းကျင်သူများကို တားမြစ်ထား သဖြင့် ကျင့်ကြံမှုချိုးနှိမ်ထားပုံပေပင်။

“ လာခဲ့ ... ။ ”

ချင်းတန်သည် ခြေတစ်လှမ်း လှမ်းတက်လိုက်ကာ မိန်းကလေးထံပါးသို့ ဦးတည်သွားတော့သည်။

သူမ သွားရာလမ်းတစ်လျှောက်တွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖြာကျနေပြီး ဓားရည်ရွယ်ချက်မှာ ဟင်းလင်းပြင်ကို ကန့်သတ်လိုက်တော့၏။

“ ဟမ့် ... နင်သတ္တိရှိလား ... ။ ”

နှလုံးသားပြခန်းမှ မိန်းကလေးသည် စုတ်တံတစ်ချောင်းဆွဲထုတ်ကာ ချင်းတန်ကို ပြန်လည်တိုက်ခိုက်လိုက်သည်။

“ ဘောင်း ... ။ ”

ချင်းတန်၏ လက်ဖဝါးက လေထဲ ပျက်ပြယ်သွား၏။ စုတ်တံမှ ဖြစ်ပေါ်လာသော နိဗ္ဗာန်ဝိညာဉ်ဥပဒေ စည်းမျဉ်းများသည်လည်း တဖွဲဖွဲကြွေလွင့်သွားစေတော့သည်။

“ ငါ့ဓားကိုလည်း မြည်းစမ်းကြည့်ပါဦး။ ”

ချင်းတန်ကလှောင်ပြုံးဖြင့် ဓားအလင်းတစ်လက် တောက်ထုတ်လိုက်၏။ လေဟာနယ်အက်ကွဲလျက် ဓားစွမ်းအင်များက မိန်းကလေးတဝိုက် ကန့်သတ်ကာ ပျံသန်းသွားလေသည်။

“ ဟမ့် ... ။ ”

မိန်းကလေးခမျာ ထိတ်လန့်တကြား အော်ဟစ်လျက် ရှောင်တိမ်းရန် ပြင်လိုက်ရ၏။ သို့သော် မအောင်မြင်ချေ။ ဓားအလင်းက နေရာတိုင်းတွင်ရှိနေပြီဖြစ်၏။

“ မိန်းကလေးရိုရှ ... မင်းသူ့ကို မယှဉ်နိုင်ဘူးလို့ ငါပြောခဲ့တာ ... အခုမင်းယုံပြီ မဟုတ်လား။ ”

ထိုစဉ်မှာပင် ခြောက်သွေ့အက်ကွဲနေသော အဖိုးအိုကြီးအသံ ထွက်ပေါ်လာ၏။ ထိုအသံတွင် ကောင်းကင်အမိန့်ကဲ့သို့ ဖိအားမျာ ပါရှိနေသည်။

ကြားလိုက်ရသူတိုင်းအတွက် နားထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား တုန်ဟည်းသွား စေတော့၏။

“ ခရစ် ... ။ ”

တစ်ချိန်တည်းမှာပင် ချင်းတန် ဖန်တီးထားသော ဓားစွမ်းအင်လှောင်အိမ်သည် လေပွေတိုက်ခတ်သွားသည့်အလား လွင့်ပြယ် ပျောက်ကွယ်သွားပြီး ရိုရှကိုအသက်ဘေးမှ လွတ်မြောက်သွားစေခဲ့သည်။

ချင်းတန်မှ ထိုမိန်းကလေးနောက်သို့ ဆက်မလိုက်သေးဘဲ လှောင်ပြုံးဖြင့် မော့ကြည့် လိုက်သည်။

“ ရွံ့စရာကောင်းတဲ့အဖိုးကြီး ... နောက်ဆုံးတော့ မင်းထွက်လာဝံ့ပြီ။ ”

လူတိုင်းက ချင်းတန်ကြည့်ရာသို့ မော့ကြည့်လိုက်သောအခါ လေထုအလယ်တွင် အနက်ရောင်မြူများ ရစ်သိုင်းလာပြီး ရဟန်းအိုကြီးတစ်ပါး ပေါ်လာ၏။

ထိုနေရာတွင် သူရပ်နေရုံမျှဖြင့် ထွက်ပေါ်လာသောရောင်ဝါသည် လူအများကို မျှော်လင့်ချက်ကင်းမဲ့သွားစေသည်။

ကောင်းကင်နတ်ဘုရားတစ်ပါး ကမ္ဘာကြီးကိုသန့်စင်ရန် ဆင်းသက်လာသည်နှင့် တူချေ၏။

“ ရွံ့စရာကောင်းတဲ့ အဖိုးကြီးတဲ့လား ... မင်းရဲ့ဆရာ အသက်ရှိစဉ်ကတောင် ငါ့ကိုဒီလို ရိုင်းရိုင်းစိုင်းစိုင်း မခေါ်ဝံ့ဘူး။ ”

ရဟန်းအိုကြီးက ချင်းတန်ကို နှာခေါင်းရှုံ့လျက် စုရီထံ လှည့်ကြည့်လေသည်။ ထိုအကြည့်သည့် ဝိညာဉ်ကို စုပ်ယူနိုင်သော အမှောင်တွင်းနက်ကြီးအလား စုရီအပေါ် သက်ဆင်းသွားတော့၏။

စုရီတစ်ယောက် တစ်ကိုယ်လုံး တုန်ခါသွားပြီး စိတ်ဝိညာဉ်တွင် ပိုးကောင်ငယ် များစွာ အကိုက်ခံနေရသကဲ့သို့ ပြင်းစွာသော နာကျင်မှုကို ခံစားလိုက်ရလေသည်။

***

All Chapters