ဆရာနှင့် တပည့် ... ။
Vol. 75 Ch. 891
ကောင်းကင်နှင့်မြေကြီးသည် ပြင်းထန်စွာတုန်ခါသွားပြီး လေဟာနယ်သည် ဖရိုဖရဲဖြစ်နေ၏။
ချင်းတန်တစ်ယောက် ရပ်ခြေငြိမ်လာသောအခါ လှပသောမျက်နှာ၌ သေမင်းတမန်ကဲ့သို့ ဖြူဖျော့နေသည်။
ရှည်လျားသောဆံပင်များသည် ဖရိုဖရဲဖြစ်နေကာ ခန္ဓာကိုယ်အနှံ့သွေးများစွာ ပေကျံလျက် နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ် စီးကျနေသည်။
သူမသည် ကောင်းကင်လှိုဏ်ဂူ၏ တစ်ဦးတည်းသောအုပ်စိုးရှင်ဖြစ်ပြီး အရိုင်းမြေ၌ လေးစားမှုကို ရရှိထား၏။ ယနေ့တွင် သူမသည် အပ်ချုပ်သမားရှေ့၌ ကလေးတစ်ယောက်လို ဖြစ်နေသည်။
၎င်းသည် အပ်ချုပ်သမားမည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ရှင်းရှင်း လင်းလင်း ပြသနေချေပြီ။
“ ချင်းတန်၊ မင်းအသက်ကိုစွန့်ပြီး တိုက်ခိုက်ရင်တောင် မင်းနဲ့အတူငါ့ကိုခေါ်သွား နိုင်တော့မှာမဟုတ်ဘူး ဟားဟားဟား။ ”
မိန်းကလေးရိုရှမှ လှောင်ပြောင် အော်ဟစ်လာ၏။ သူမအမြင်၌ ချင်းတန်သည် သေလူဖြစ်သည်။ သူမကို ပါးစပ်ပိတ်ထားရန် ခြိမ်းခြောက်ခြင်းအပေါ် လက်စားချေလို၏။
“ အခုမင်းမြင်ပြီလား ... မင်းက ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကနေလာပြီး သူလျှိုတစ်ယောက်လို ကောင်းက်ငလှိုဏ်ဂူကို ခိုးဝင်ခဲ့တယ် ဒါကြောင့် ဒီနေ့မင်းကို ဘယ်သူမှကူညီပေးမှာမဟုတ်ဘူး။ ”
ထိုစကားကြားသောအခါ ပေ့ကျန်း၊ ယွဲ့ရင်နှင့်အခြားသော သက်ရှိရုပ်ကြွင်းကြီးများ အားလုံး မသက်မသာဖြစ်လာကြ၏။
အမှန်အတိုင်းဝန်ခံရပါမူ သူတို့သည် ချင်းတန်အပေါ် နားလည်ပေးနိုင်သော်လည်း သူမ၏ရှုပ်ထွေးသောနောက်ခံကြောင့် ကူညီရန် မည်သူမျှ ရှေ့မတိုးဝံ့သေးချေ။
ကျင်းခွိုက်၊ ဝမ်ချွယ်နှင့် တပည့်များသည် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်သောအကြည့်ဖြင့် စုရီထံကြည့်နေကြသည်။
သူတို့သည် ချင်းတန်ကို တဖြည်းဖြည်း ပြန်လည်လက်ခံလာခဲ့ကြသော်လည်း ဆရာ၏ ခွင့်ပြုချက်မရှိဘဲ အလျင်စလိုမကူညီဝံ့ချေ။
အပ်ချုပ်သမားသည် အဝေးတွင် တည်ငြိမ်စွာရပ်နေခဲ့ပြီး ချင်းတန်နောက်သို့ ဆက်မလိုက်ဘဲ အကဲခတ်နေ၏။ ချင်းတန်သည် ကြာကြာ မခံနိုင်တော့ကြောင်း သူ မြင်နိုင်သည်။
သို့သော် ဤအချိန်တွင် ချင်းတန်သည် အရဲစွန့်၍လောင်းကစားလုပ်လာက သူ့အတွက် အန္တရာယ်အရှိဆုံး အခြေအနေ ဖြစ်နိုင်မည်။
ဆိုလိုသည်မှာ အချိန်ဆွဲနိုင်လေလေ ချင်းတန်တွင် ပို၍အားနည်းချက်များရှိလာလေ ဖြစ်သည်။ ထို့ကြောင့် ရိုရှကို စကားပြောခွင့် ပေးထားခြင်းပေပင်။
“ ကြည့်ပါဦး ... မင်းရဲ့လေးစားရတဲ့ မင်းဆရာသခင်တောကင် မင်းကိုအေးစက်စက် မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ ”
ဤတစ်ကြိမ်တွင် သူမစကားကြောင့် လူတိုင်း၏အကြည့်များ စုရီထံ လှည့်သွား၏။ တစ်ဖက်တွင်စုရီသည် မလှုပ်မယှက်ရပ်နေပြီး မျက်နှာအမူအရာ လုံးဝတည်ငြိမ်နေသည်။
ယနေ့ ချင်းတန်ထုတ်ပြခဲ့သော လက်ဆောင်များအရ သူမသည်သစ္စာဖောက် တစ်ယောက်အဖြစ်မှသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်၏။
သို့သော် ချင်းတန်၏ ဆရာအနေဖြင့် စုရီသည်အလွန်အေးစက်ပြီး ရပ်ကြည့်နေသည့် အပေါ် နားမလည်နိုင်ဖြစ်လာကြသည်။
ချင်းတန်မှ လူတိုင်းထံ လှည့်ကြည့်၏။ မည်သူမဆို သူမအကြည့်ကို လက်မခံဝံ့ကြဘဲ ရှောင်တိမ်းသွားသည်။ သို့သော် သူမ မျက်နှာ၌ ကျေနပ်သော အပြုံးတစ်ပွင့်ပေါ်လာ၏။
အဘယ့်ကြောင့်ဆိုသော် ကျင်းခွိုက်နှင့် ဝမ်ချွယ်ကဲ့သို့ ဆရာတူမောင်နှစ်မများအားလုံး မျက်ဝန်းတွင် နာကျင်မှုကို မြင်လိုက်ရ သောကြောင့်ဖြစ်သည်။
“ ဆရာရော ... ။ ”
ရုတ်တရက် သတိရလာပြီး စုရီထံ လှမ်းကြည့်မိ၏။ စုရီ၏ အေးစက်သောအသွင်က သူမကို အနည်းငယ် မျက်နှာပြောင်းစေသော်မှ စကားမဆိုတော့ဘဲ ရိုရှထံပြန်ကြည့်၏။
“ ဒီနေ့ တစ်ယောက်ယောက်က ငါ့ရှေ့မှာရပ်ပေးရလိမ့်မယ်လို့ ဘယ်တုန်းကမှ ငါ မမျှော်လင့်ထားဘူး ဒါပေမယ့် ...
... မင်းကို စကားထပ်မပြောဖို့ ငါသတိပေးထားခဲ့တာကို မင်းအလေးအနက် ထားသင့်တယ် ... ။ ”
ချင်းတန်၏ စကားကြောင့် ရိုရှတစ်ယောက် ချက်ချင်း ခြေတစ်လှမ်းဆုတ်လိုက်၏။ ဤမိန်းမ မုန်းစရာကောင်းပေသည်။ သူမ၏အပြုအမူကို ပြန်သတိရလာကာ အံကြိတ်လိုက်၏။
( ဘာကို ကြောက်နေရမှာလဲ။)
ချင်းတန်မှ လှောင်ပြုံးဖြင့် သူမကို စိုက်ကြည့်လာသဖြင့် ပို၍နာကျည်းလာခဲ့သည်။ ထိုစဉ် အပ်ချုပ်သမားက လေဟာနယ်အတွင်း ခြေတစ်လှမ်း လှမ်းတက်လိုက်၏။
ကျောက်တုံးနှလုံးသား ဗုဒ္ဓပုံရိပ်ကြီး ပေါ်လာပြီး အိုမင်းနေသော သူ့မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခု လင်းလက်လာတော့သည်။
“ ချင်းတန် မင်းမှာဝှက်ဖဲတွေရှိသေးရင် အခုသုံးပါ။ ”
အပ်ချုပ်သမားက ပြောကြားလိုက်သည်။ ခြေလှမ်းသည် တစ်လှမ်းတည်းဖြစ်သော်လည်း အနားရောက်ရှိလာသကဲ့သို့ ချင်းတန်အပေါ် ရောင်ဝါများပြိုကျသွားစေသည်။
ထို့ကြောင့် ချင်းတန်မှ ဓားရောင်ဝါကို ချက်ချင်းမြင့်တင်ပြီး ဖိအားအပေါ်ထိုးဖောက် ပစ်လိုက်ရ၏။ ဤသည်မှာ လျှို့ဝှက် နည်းစနစ် တစ်ခုပေပင်။
ထိုမြင်ကွင်းကြောင့် အပ်ချုပ်သမား၏ မျက်ဝန်းများမှေးစင်းသွားပြီး ခေါင်းအနည်းငယ် ခါယမ်းကာ၊
“ မင်း မလုပ်နိုင်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ ခရစ် ... ။ ”
တစ်ဆက်တည်းမှာပင် တံဆိပ်တစ်ခု ဖန်တီးလျက် ချက်ချင်းထိုးထုတ်ပစ်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး မှန်ချပ်တစ်ချပ်ကဲ့သို့ ကွဲအက်သွားချေပြီ။
“ ဝုန်း ... ။ ”
ထိုလက်ဖဝါသည် အံ့မခန်းပြင်းထန်သော စွမ်းအားကိုသယ်ဆောင်လာပြီး ကောင်းကင်၏ ဆန္ဒတစ်ခုလိုပေပင်။
လက်ဖဝါးမရောက်မီကပင် ချင်းတန် ဝတ်လုံသည်လှုပ်ခါနေပြီး သူမ၏ခန္ဓာကိုယ်ခမျာ ရွှံ့နွံထဲပိတ်မိနေသည့်အလား အင်အားမဲ့သွား၏။
လွတ်မြောက်နိုင်စွမ်းမရှိသလို၊ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေများမှလည်း ဖယ်ကျဉ်ခံထားရသည်။ သူမတစ်ယောက်တည်း အထီးကျန်သေးသိမ်ပြီး အကူအညီမဲ့နေ၏။
သို့သော် သူမ၏ဖြူဖျော့နေသော နှုတ်ခမ်းများသည် တင်းတင်းစေ့ထားနေခဲ့ပြီး ဆုံးဖြတ်ချက်ချထားသည့်အလား ငြိမ်သက်နေတော့၏။
ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်ချောင်းဖြင့် ဓားတစ်လက်အသွင်ယူကာ တာအိုအုတ်မြစ်အား လောင်မြိုက်စေသည်။
သူမခန္ဓာကိုယ်တစ်ခုလုံးသည် တောက်လောင်ကျွမ်းနေခဲ့သော ဓားကြီးကဲ့သို့ ရည်ရွယ်ချက်များဖြင့် လှိုဏ်သံထွက်လာ၏။ ယင်းသည် ပေါက်ကွဲမှုထံ ဦးတည်နေသည်။
ကမ္ဘာကြီးသည် သူမကို စွန့်ပစ်လိုသည်လော။ သိမ်ငယ်စိတ်ဖြင့် သူမကို စိတ်ပျက်အားငယ်လိုသည်လော။ နောက်ထပ် အချိန်အနည်းငယ်မျှ ဆက်၍စုစည်းထားရုံဖြင့် ထိုကမ္ဘာကြီး ပျက်သွားရပေမည်။
“ ကလန် ... ။ ”
သို့သော် ထိုမျှအရေးကြီးသော အချိန်တွင်စူးရှကြည်လင်သည့် ဓားတစ်လက် အော်မြည်သံ ရုတ်တရက်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် တောက်ပသော အလင်းတန်းတစ်ခုသည် အပ်ချုပ်သမားထံမှ ကောင်းကင်ခိုးယူခြင်း လက်ဖဝါးရိပ်ကြီးကို ပိုင်းဖြတ်သွားတော့သည်။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စုရီတစ်ယောက် နောက်ပြန်လွင့်စင်သွားသည်။ သူ့ရပ်ခြေငြိမ်သွားချိန်တွင် ချင်းတန်နှင့် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့၏။
“ ဆရာ ... ။ ”
ချင်းတန်သည် ဆရာသခင်အပေါ် ပြင်းထန်သောသက်ရောက်မှု ဖိအားကြီးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
သို့တိုင် ကောင်းကင်ကြီးမှ ငြင်းပယ်နေခဲ့လျှင်ပင် သူမရှေ့မားမားမတ်မတ် ရပ်တည်ပေးမည့် ကျောက်ဆောင်တစ်ခုကဲ့သို့ ခံစားလာရစေ၏။
ချက်ချင်းပင် ကြည်လင်သော မျက်ရည်စီးကြောင်းနှစ်ကြောင်း ပါးပြင်အပေါ် စီးကျလာပြီး ခေါင်းငုံ့လိုက်တော့၏။
သူမ ငိုချေပြီ။ ပို၍ လှိုက်လှိုက်လှဲလှဲ နက်နက်ရှိုင်းရှိုင်းငို၏။ အဆုံး၌ နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသော အချိန်အခါသို့ ရောက်ရှိလာချေပြီ။
မာနထောင်လွှားခြင်း၊ လွှမ်းမိုးလိုခြင်း၊ ဒဏ်ရာရခြင်း၊ အကူအညီမဲ့ခြင်း၊ နာကျင်ခြင်း၊ ဖယ်ရှားခံရခြင်းစသည်တို့အားလုံး ကြာရွက်ပေါ် ရေမတင်ကဲ့သို့ ပျောက်ကွယ်ကုန်သည်။
ငိုရှိုက်သံကို ထိန်းထားသော်မှ နှုတ်ခမ်းများတုန်ခါလျက် အနည်းငယ်မျှသော ရှိုက်သံများ ထုတ်ပေးနေမိသေး၏။
“ အရင်က ငါဘာမှမလုပ်ခဲ့တာက မင်းကိုဘယ်လိုဆက်ဆံရမလဲဆိုတာ မသေချာ သေးလို့ပါ အခုတော့ ငါနားလည်ပြီ။ ”
စုရီက လှည့်မကြည့်ဘဲ သူ့တပည့်မကို နှစ်သိမ့်လိုက်သည်။ ဤတပည့်ကိုကောင်းကင်မှ ငြင်းပယ်လိုသည်လော။ သူနှင့် သူ့ဓားရှိနေသ၍ ကောင်းကင်နှင့်မြေကြီး ဖြစ်နိုင်ပေသည်။
ချင်းတန်တစ်ယောက် မျက်ရည်များ ခမ်းခြောက်သွားကာ အပြုံးများ ထွက်ပေါ်လာ တော့၏။ ဤလူသည် သူမ၏ဆရာ။ သူမ၏ ဖခင်ပေပင်။ ယနေ့ သူမ သေသွားလျှင်ပင် နောင်တရတော့မည် မဟုတ်ချေ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး စုရီ၏ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုကြောင့် အံ့အားသင့်သွားကြသည်။
မြေခွေးအိုကြီးအချို့က သက်ပြင်းချ၏။ သူတို့အားလုံး၏အသိဉာဏ်အရ ချင်းတန်သည် သစ္စာဖောက်ဖြစ်နေလျှင်ပင် အခြားသူများ၏ ဖျက်ဆီးခြင်းကို အဖိုးကြီးစုမှ ကြည့်နေမည် မဟုတ်ချေ။
ကျင်းခွိုက်တို့အဖွဲ့မှာမူ စိတ်သက်သာရာ ရသွားတော့၏။ ချင်းတန်၏ ရိုးသားလွန်းသော မျက်ရည်များကိုမြင်ချိန်တွင် သူတို့နှလုံးသားများ ကွဲကြေရချေပြီ။
ဧကရာဇ်တစ်ပါးအတွက် နှလုံးသားသည် လှိုင်းနှင့်လေကိုဖြတ်ကျော်ကာ တာအိုအဖြစ်သို့ သန့်စင်ထားရ၏။ မည်သို့သော စိတ်လှုပ်ရှားမှု၊ ဝမ်းမြောက်မှုမျိုးမဆို ဖြတ်ကျော်နိုင်သည်။
ယခုကဲ့သို့ လူရှေ့တွင် ချင်းတန်ထံမှ မျက်ရည်များစီးကျလာရအောင် ခံစားချက် မည်မျှနက်ရှိုင်းမည်ကို မြင်နိုင်၏။
“ အဲဒီတုန်းက လောကသခင်က မင်းကိုမသတ်ခဲ့ပေမယ့် အခုငါမင်းကိုသတ်မယ်။ ”
စုရီမှ အပ်ချုပ်သမားကို ကြည့်ကာ ပြောကြားလိုက်သည်။ ထိုစကားကြောင့် အပ်ချုပ်သမားက မျက်ခုံးပင့်သွား၏။
“ ဟားဟားဟား ... ဒါဆိုမင်းမှာ ... လောကသခင်ရဲ့မှတ်ဉာဏ် မနိုးထသေးဘူးပေါ့။ ”
ယင်းသည် လျှို့ဝှက်ချက်ကို တွေ့ရှိသွားသည့်အလား အော်ဟစ်ရယ်မော လိုက်တော့၏။ ဤစကားဝိုင်းသည် လူတိုင်းကို ရှုပ်ထွေးမှုများဖြစ်လာစေသည်။
တစ်ဖက်တွင် ရိုရှတစ်ယောက် မျက်လုံးများပြူးလျက် မိုးကြိုးပစ်ခံလိုက်ရသလို တုန်ယင်လာတော့၏။
“ ဆရာ ... သူ ... သူက။ ”
အပ်ချုပ်သမားက ခေါင်းရမ်းလျက်၊
“ မဟုတ်ဘူး ... သူ့ကို စုရွှမ်ကြွယ်အဖြစ် ဆက်ဆံလို့သေးတယ် ... ။ ”
-ဟု ပြောကြားလိုက်၏။
စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်မှ မီးတောင်တစ်လုံး ပေါက်ကွဲသွားသည့်အလား ရောင်ဝါများ ရုတ်တရက်မြင့်တက်လာသည်။
ထူးဆန်းပြီး အေးစက်လွန်းသော အလင်းရောင်တစ်ခုသည် ကမ္ဘာကြီးအပေါ် ချက်ချင်းဖုံးလွှမ်းလာတော့၏။ ချင်းတန်နှင့် တိုက်ပွဲတွင် တလျှောက်လုံး ထိန်းထားခဲ့ပုံပေပင်။
“ ဟားဟားဟား ... ကောင်းကင်ဘုံက ကြီးမားကျယ်ပြန့်တယ် ကောင်းကင်အောက်မှာ ဘဘ်သူမှ မလွတ်မြောက်နိုင်ပါဘူး ... ။ ”
စကားဆုံးသည်နှင့် အပ်ချုပ်သမား၏ ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားသည်။ ယင်းသည် အလင်းများပျောက်ဆုံးလျက် ထာဝရအမှောင်ည ကျဆင်းလာသလိုပေပင်။
မြင်ကွင်းတစ်ခုလုံး လုံးဝမှောင်မိုက်ပြီး အာရုံခြောက်ပါးသည်လည်း ပိတ်ဆို့ခံလိုက်ရ၏။ နတ်အာရုံသည်ပင် အချည်းနှီးပေပင်။
ထိုဖြစ်စဉ်သည် စုရီနှလုံးသားကို တောင့်တင်းလာစေကာ ကျောရိုးတစ်လျှောက် အေးစက်စက် အရိပ်အမြွက်များဝင်လာ၏။
“ ဟမ့် ... ။ ”
ထို့ကြောင့် တွန့်ဆုတ်ခြင်းမရှိဘဲ ငရဲဘုံကိုးပါးဓားကို အပြည့်အဝနိုးထစေလိုက်ပြီး နတ်အာရုံဖြင့် ပေါင်းစပ်လိုက်စဉ် ထူးခြားသော ဓားမြည်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
***